” ငါ ကျင့်ကြံခြင်း လေ့ကျင့်နေတုန်း ဒဏ်ရာရသွားခဲ့တာမလို့ ဒဏ်ရာတွေကို ပြန်ကုနေတာ။ မင်းက ငါ့အမှား မဟုတ်ဟုတ်အောင် လုပ်ကြံပြောဆိုနေတာပဲကွ။ ပြီးတော့ ဝမ်ပေါင်လဲ့… ငါက မင်း ငါ့ရဲ့ ဇနီးလောင်းနဲ့ ဖောက်ပြန်နေတဲ့ သက်သေအထောက်အထားတွေကို ရထားတာမလို့ ငါ့ကို နှုတ်ပိတ်ချင်နေတာလား ”
ချန်းမုမှာ အလွန်အင်မတန်မှ မကျေမချမ်းဖြစ်နေ၏။ ထို့ကြောင့် သူသည် သွေးရူးသွေးတမ်းနှင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ အော်ပြောလိုက်၏။
” အဲ့လိုဆိုရင် အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ မင်းတို့နှစ်ယောက် ဘာတွေလုပ်ထားတာလဲဆိုတာ အကုန်လုံးသိအောင် ငါ ပြလိုက်မယ် ” ချန်းမုမှာ အော်ဟစ်ခြိမ်းခြောက်ကာ ထိုကျောက်စိမ်းပေလွှာအား ဖွင့်ပြရန် ပြင်လိုက်စဉ်တွင် ခပ်လှမ်းလှမ်းမှနေ၍ အဖွဲ့တစ်ဖွဲ့ အပြေးရောက်လာ၏။ ထိုအဖွဲ့ထဲတွင် ပါလာသည့် လူတစ်ယောက်မှာဆိုလျှင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး အောက်သို့လဲကျလုမတတ် ဖြစ်သွားရ၏။ သူမမှာ လီဝမ်အာပင် ဖြစ်သည်။
” ဘာမှ အခြေအမြစ်မရှိတဲ့ စကားတွေ ” ချန်းမုတစ်ယောက် ထိုကျောက်စိမ်းပေလွှာအား ဖွင့်ပြရန် ပြင်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် ချက်ချင်းပင် ရှေ့သို့ လှမ်းလာ၏။ ချန်းမုမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ဝမ်ပေါင်လဲ့ သူ၏ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်အား ရုတ်တရက်ဆိုသလို မြှောက်လိုက်ပြီး လှမ်းရိုက်လိုက်တော့သည်။ ထိုအခါ ၎င်းမှာ ချန်းမု၏ ရင်ဘတ်အား ရိုက်မိသွားပြီး အသံအကျယ်ကြီး မြည်သွား၏။ ချန်းမုမှာလည်း ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားရသည်။ သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာလေးမှာမူ ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြောင့် တုန်ရီသွားရပြီး တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။
” ဝမ်ပေါင်လဲ့။ မင်းက ကြောက်ပြီးတော့ သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ ”
” ပါးစပ်ပိတ်ထားစမ်း ” ဝမ်ပေါင်လဲ့မှာ သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားတော့သည်။ သူသည် သံသယမကင်း ဖြစ်နေသော မျက်ဝန်းများဖြင့် ချန်မုအား အေးစက်စွာ စိုက်ကြည့်နေ၏။ ချန်းမု ထွေးထုတ်လိုက်သော သွေးပမာဏမှာ နည်းပါးလွန်းနေသည် ဖြစ်သည်။ ထို့အပြင် သူ၏ မျက်နှာကြီး ဖြူဖပ်ဖြူရော် ဖြစ်နေရခြင်းမှာ ဒဏ်ရာရထားသောကြောင့် မဟုတ်ဘဲ သွေးအမြောက်အမြား ဆုံးရှုံးထားရသောကြောင့် ဖြစ်နေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာပြီး သူသည် တည်ကြည်စွာ ဆိုလိုက်တော့သည်။
” မင်းက မြို့တော်အသစ်ကို ပုန်ကန်ပြီးတော့ ပြည်ထောင်စုကြီးကို ဆန့်ကျင်ခဲ့တဲ့အပြင် သက်သေအတုတွေ ဖန်တီးပြီးတော့ ကိုယ်လွတ်ရုန်းနိုင်ဖို့ ကြိုးစားနေတာလေ။ ဒီလို သက်သေအတုအယောင်တွေက မျက်စိနောက်စရာတစ်ခုထက် မပိုတာမလို့ ငါက ဖျက်ဆီးပစ်လိုက်ရတာပေါ့ကွ ”
” မင်းက မကောင်းကြံပြီးတော့ အမည်မသိ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခဲ့တာ။ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ပြည်ထောင်စုကြီးထဲက ကျင့်ကြံသူတွေကိုလည်း သတ်ပြီးတော့ လူတွေကို လှည့်စားဖို့ ကြံစည်ခဲ့တာပဲ။ ချန်းမု။ မင်းက အပြစ်ဒဏ်ကနေလွတ်ဖို့ဆိုရင် ဘာမဆို လုပ်မယ့်ကောင်ပဲကွ ”
” ကောင်းပြီလေ။ မင်းက မင်းလုပ်ထားတဲ့ အပြစ်တွေကို ဝန်မခံဘူးပေါ့ ဟုတ်လား ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်ကာ အနီးရှိ ကျောက်တုံးပုံတစ်ပုံရှိရာဘက်သို့ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ပြင်းအားတစ်မျိုး ထွက်ပေါ်လာပြီး ကြေမွနေသော ကျောက်တုံးများကို ဖယ်ရှားလိုက်သဖြင့် ၎င်းတို့၏အောက်တွင် ရှိနေသည့် တစ်စစီကွဲအက်ကာ သွေးများစွန်းထင်းနေသော ဗုံလေးတစ်လုံး ပေါ်ပေါက်လာတော့သည်။
ထိုဗုံလေးဆီမှ သွေးညှီနံ့များနှင့် မိစ္ဆာအငွေ့အသက်တစ်ခု ထွက်ပေါ်နေ၏။ ၎င်းမှာ အားပျော့နေပြီ ဖြစ်ပါသော်လည်း အာရုံခံ၍ ရနေဆဲပင်။ သေသေချာချာ အာရုံခံကြည့်လိုက်မည်ဆိုပါက ၎င်းမှာ ဧရာမ စပါးအုံးမြွေကြီး၏ အငွေ့အသက်နှင့် အတူတူပင် ဖြစ်နေသည်ကို သိလိုက်ရမည်ဖြစ်သည်။
ထို့ကြောင့် လူတိုင်းမှာ အထိတ်တလန့် ဖြစ်သွားရပြီး ချန်းမုအား စိုက်ကြည့်လိုက်ကြ၏။ မကြာသေးမီတုန်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးထဲ၌ ရဲဘော်ရဲဘက်များ ဆုံးရှုံးခဲ့ရသည့် ကျင့်ကြံသူများနှင့် ကျင့်သိုမင်တို့၏ မျက်ဝန်းများထဲတွင်မူ သတ်ဖြတ်လိုစိတ်များ အထင်အရှား ပေါ်ပေါက်လာတော့သည်
” ဒီပစ္စည်းထဲက သွေးတွေက မင်းရဲ့သွေးတွေမလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး ရုတ်တရက်မေးလိုက်၏။ သူ ထိုသို့မေးလိုက်သည်နှင့် ချန်းမု၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားရတော့သည်။ ထို့နောက် သူသည် ဒယိမ်းဒယိုင်ဖြစ်ကာ နောက်သို့ အလိုလိုဆုတ်မိသွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။
သူ၏ အမူအရာများမှာ အသိသာအထင်ရှားဆုံး သက်သေအထောက်အထားများ ဖြစ်နေ၏။
” ငါ… ” ချန်းမုမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရပြီ ဖြစ်သည်။ ထို့နောက် သူသည် ထိတ်လန့််ကြောက်ရွံ့နေသည့် မျက်နှာအမူအရာဖြင့် အော်ဟစ်မြည်တမ်းရင်း ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်တွေ။ ငါ့ကို ကာကွယ်ပေးကြ ” သူသည် နောက်သို့ဆုတ်ခွာသွားပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြံစည်လိုက်၏။ သို့သော် သူထိုသို့အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ခြိမ်းခြောက်လိုက်၏။ သူ၏ စကားသံကြီးမှာ မိုးကောင်းကင်မှ ပစ်ခတ်လိုက်သည့် မိုးခြိမ်းသံများကဲ့သို့ပင်။
” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု။ မင်းတို့တွေ တစ်ချက်လှုပ်တာနဲ့ ပုန်ကန်မှုလို့ သတ်မှတ်လိုက်မှာနော်။ ပြည်ထောင်စုကြီးကို ပုန်ကန်တာက ကြီးမားတဲ့ ရာဇဝတ်မှုကြီးတစ်ခုပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရှေ့သို့ပြေးထွက်သွား၏။ သူသည် ယခင်တုန်းကထက်ပင် ပို၍အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် လျင်မြန်နေ၏။ ထို့ကြောင့် သူသည် မျက်စိတစ်မှိတ်အတွင်းတွင် နောက်သို့ထွက်ပြေးဆုတ်ခွာသွားသည့် ချန်းမု၏ ဘေး၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်ခြေထောက်ကိုမြှောက်ကာ လှမ်းကန်လိုက်တော့သည်။
ထိုအခါ မိုးခြိမ်းသံကဲ့သို့သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ဘေးပတ်ပတ်လည်ရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများ အံ့ဩမှင်တက်ကာ ချီတုံချတုံဖြစ်နေကြစဉ်တွင် ချန်းမု၏ ပါးစပ်ထဲမှ နောက်ထပ်တစ်ကြိမ်ထပ်၍ သွေးများ ပန်းထွက်လာရပြီး သူသည် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ပေါင်ကြားထဲသို့ ထပ်၍ လှမ်းကန်လိုက်ပြန်သည်။ ထို့ကြောင့် သူသည် လေထဲသို့ မြောက်တက်သွားပြီး ကျင့်သိုမင်၏ရှေ့၌ ပြန်၍ပြုတ်ကျလာ၏။ သူသည် နဂိုကတည်းက ဒဏ်ရာအပြင်းအထန် ရထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ကန်ချက်မှာ အားပြင်းလွန်းနေသဖြင့် နောက်ထပ်တစ်ကြိမ်ထပ်၍ သတိလစ်သွားရပြန်သည်။
ထို့နောက် သူ၏ အဝတ်အစားများထဲမှ သွေးများစိမ့်ထွက်လာ၏။ ထို့ကြောင့် ထိုကန်ချက်ကြောင့် ချန်းမုမှာ သင်းကွပ်ခံလိုက်ရသလို ဖြစ်သွားပြီဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာလည်း ချန်းမုကို မျက်မုန်းကျိုးနေသည်ဖြစ်သည်။ ချန်းမုမှာ သူ့အား မကောင်းကြံစည်ခဲ့သည်ဖြစ်ပြီး သူ့ကိုသာမက ကျိုးရိဖန်းကိုပါ ပစ်မှတ်ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ချန်းမုအား သတ်ချင်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ချန်းမုမှာ မြို့တော်အသစ်အား ကမောက်ကမဖြစ်အောင်လုပ်ကာ ဝမ်ပေါင်လဲ့အား သတ်ဖြန်ရန် အားထုတ်ခဲ့ပြီး နောက်ဆုံးအချိန်အထိ မရမက ကြိုးစားနေခဲ့သည်ဖြစ်ရာ သင်းကွပ်ခံရသင့်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူ၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းထားသဖြင့် ယခုလောက်သာ ဖြစ်ပျက်သွားရခြင်း ဖြစ်သည်။ သူသည် အားပါပါ ကန်ကျောက်ခဲ့ပါသော်လည်း ချန်းမုအား သင်းကွပ်လိုက်ရုံမျှသာ လုပ်ခဲ့၏။ ဝမ်ပေါင်လဲ့မှာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသည့် လူမိုက်တစ်ယောက် မဟုတ်သောကြောင့် ချန်းမုအား စောင့်ဆိုင်းနေသည့် ကံကြမ္မာကြီးကို သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ချန်းမုအား အစောကြီး သတ်ပစ်စရာ မလိုပေ။
သူ၏ ဘေးပတ်ပတ်လည်မှ အခြားလူများမှာလည်း ထိုကဲ့သို့ပင် တွေးနေကြ၏။ ကျင့်သိုမင်မှာ မျက်လုံးများမှေးသွားပြီး သူ၏ညာဘက်လက်ထဲမှ ဓမ္မလက်နက်ကြီးကို ဝှေ့ယမ်းကာ ချန်းမု၏ ညာဘက်လက်အား ဖြတ်ပစ်လိုက်တော့သည်။
ထိုအခါ သွေးများပန်းထွက်လာ၏။ ချန်းမုမှာ သူ၏ညာဘက်လက် ဖြတ်ခံလိုက်ရသောကြောင့် ဝေဒနာကြီးမားစွာ ခံစားလိုက်ရသဖြင့် သတိပြန်ဝင်လာပြီး အသံကုန် အော်ဟစ်နေလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ညာဘက်လက်နေရာ၌ ခံစားနေရသည့် နာကျင်မှုကြီးကြောင့် သူသည် ရူးသွပ်လုမတတ် ခံစားနေရပါသော်လည်း နာကျည်းစွာ အော်ဟစ်မြည်တမ်းနေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ မြည်းလေးမှာလည်း အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ မည်သူမှမသိအောင် အနားသို့ချဉ်းကပ်လာပြီး ၎င်း၏ခွာဖြင့် ချန်းမု၏ ဒဏ်ရာရထားပြီးသားဖြစ်သော ပေါင်ကြားထဲသို့ လှမ်းကန်လိုက်တော့သည်။
၎င်း၏ ခွာပေါက်ချက်မှာ တစ်ပူပေါ်နှစ်ပူဆင့်သွားသကဲ့သို့ ဖြစ်သွားသောကြောင့် ချန်းမု၏ အော်ဟစ်သံကြီးမှာ ပို၍ပင် ကျယ်လောင်သွားရ၏။ ထို့နောက် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး ပြန်၍ သတိလစ်သွားရတော့သည်။
အစတွင် ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာလည်း ဝင်ကန်ချင်စိတ်များ ပေါက်နေပါသော်လည်း ထိုမြင်ကွင်းကြောင့် မျက်နှာများ ရှုံ့မဲ့သွားရ၏။ သူတို့မှာ မြည်းလေးအား စိုက်ကြည့်ကာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်ပြီးနောက် ဝင်မပါရန် ဆုံးဖြတ်လိုက်ကြတော့သည်။ လီဝမ်အာကမူ မြည်းလေးအား အဝေးမှနေ၍ လှမ်းကြည့်နေ၏။ သူမသည် ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြည်းလေးအား သဘောကျမြတ်နိုးသည့် အကြည့်ဖြင့် ကြည့်နေခြင်းဖြစ်သည်။ မြည်းလေး၏ နောက်ဆုံးကန်ချက်မှာ သူမအတွက် အလွန်အင်မတန်မှ စိတ်ကျေနပ်စရာ ကောင်းနေခဲ့သည်ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို မကြည့်ရက်ပါသော်လည်း ယခုကိစ္စကြောင့် သူတို့မျိုးနွယ်စုမှာ နောက်ထပ် ပြဿနာကြီးတစ်ခုနှင့် ကြုံရတော့မည်ဖြစ်ကြောင်း သိထားကြ၏။ ထို့ကြောင့် သူတို့အားလုံးမှာ ခေါင်းခဲနေရတော့သည်။ သူတို့အတွက် ကံမကောင်းသည့် အချက်မှာ ပြင်ပကမ္ဘာထဲ၌ သွေးရောင်မြူခိုးများဖြင့် ပြည့်နှက်နေသောကြောင့် ဆက်သွယ်မှုအားလုံး ဖြတ်တောက်ခံထားရခြင်းပင်။ ထို့ကြောင့် သူတို့မှာ သူတို့၏ မိသားစုမျိုးနွယ်စုဆီသို့ လှမ်း၍ မဆက်သွယ်နိုင်ဘဲ ဖြစ်နေရ၏။
” မြို့တော်သခင်လီ ” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်များ စိုးရိမ်ပူပန်နေကြစဉ် ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ နောက်ဆုံးကန်ချက်ကို မမြင်ချင်ယောင်ဆောင်ကာ တည်ကြည်စွာ ဆိုလိုက်၏။
ထိုအခါ လီဝမ်အာမှာ ချက်ချင်းပင်ခေါင်းမော့လာ၏။ ထို့နောက် သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလာပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်ကာ ဦးညွှတ်လိုက်၏။
” မြို့တော်သခင် ”
” အင်္ဂါဂြိုဟ်ပေါ်မှာ လက်ခံကျင့်သုံးတဲ့ ပြည်ထောင်စုကြီးရဲ့ ဥပဒေစည်းမျဥ်းတွေအရဆိုရင် ပြည်ထောင်စုကြီးကို ပုန်ကန်ပြီးတော့ အထက်လူကြီးတွေကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားခဲ့တဲ့ ချန်းမုရဲ့ အပြစ်ဒဏ်က ဘာများဖြစ်နေမလဲ
” သူ့ကို ကွပ်မျက်ပစ်ရပါမယ်။ ဒီကိစ္စကြီးတစ်ခုလုံးကို အဖြေပေါ်အောင် စုံစမ်းစစ်ဆေးသင့်ပါတယ် ” လီဝမ်အာမှာ တွေဝေတုံံံဆိုင်းမနေဘဲ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
သူမ၏ အဖြေကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်သွားရ၏။ ထို့နောက် သူသည် သတိမေ့နေသော ချန်းမုဘက်အား ပို၍ပင်အေးစက်စွာ စိုက်ကြည့်နေလိုက်တော့သည်။ ချန်းမုနှင့် သူ၏ ကျောထောက်နောက်ခံ နိုင်ငံရေးအင်အားစုမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ သူသည် သူ၏အိမ်ထဲသို့ ဧည့်သည်တစ်ယောက် ဖိတ်ခေါ်ကာ စားကောင်းသောက်ကောင်းများ တင်ကျွေးထားပါသော်လည်း ထိုဧည့်သည်မှာ မပြန်တော့ဘဲ အိမ်ထဲ၌ ဆက်နေနေသည့် အဖြစ်နှင့်တူနေ၏။ ထိုမျှလောက်သာဆိုပါက ကိစ္စမရှိပါသော်လည်း ထိုဧည့်သည်မှာ အိမ်ပိုင်ရှင်၏ အမည်ကိုပင် ပြောင်းလဲပြစ်ရန် ကြိုးစားနေသေးသည်ဖြစ်သည်။ ထိုဧည့်သည်မှာ သူ့ကို သတ်ဖြတ်ရန်အထိ ကြိုးစားခဲ့သည်လည်းဖြစ်သည်။
ထိုအခြင်းအရာများအားလုံးမှာ ဓားပြတစ်ယောက်၏ လုပ်ရပ်များနှင့်ပင် ဆင်တူနေတော့သည်။
ထိုကဲ့သို့ ဓားပြမျိုးကို ကောင်းကောင်းဆုံးမရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ကြေညာလိုက်၏ ” ချန်းမုကို ဖမ်းလိုက်။ သွေးရောင်မြူခိုးတွေ ပျောက်သွားတဲ့အချိန်ကျရင် ဘုရင်ခံနဲ့ ပြည်ထောင်စုကြီးဆီိကို ချက်ရှင်းဆက်သွယ်လိုက်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုက ငါ့ မြို့တော်အသစ်ထဲက သန်းပေါင်းများစွာသော ကျင့်ကြံသူတွေအတွက် တာဝန်ယူရမယ်။ ဆုံးရှုံးသွားခဲ့ရတဲ့ အသက်တစ်ချောင်းချင်းစီတိုင်းအတွက် သူတို့ကို တရားဥပဒေနဲ့အညီ တာဝန်ခံခိုင်းရမယ် ”
ချန်းမု၏ ပုန်ကန်မှုကြီး ကျရှုံးသွားခဲ့ပြီး အနက်ရောင်ဝတ်ရုံနှင့်လူကြီး မြည်းလေး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီးနောက် အင်္ဂါဂြိုဟ်တစ်ဝက်ကျော်အထိ ပျံ့နှံ့နေခဲ့သည် သွေးရောင်မြူခိုးများမှာ တဖြည်းဖြည်းနှင့် ပါးလာတော့သည်။ ချန်းမုအား ဖမ်းဆီးပြီး နောက်တစ်ရက်ကြာသောအခါ မြူခိုးများအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။
ဆက်သွယ်မှုများ ပြန်လည်ချိတ်ဆက်မိသွားပြီဖြစ်သောကြောင့် လီဝမ်အာမှာ ဤကိစီစကြီးအကြောင်းကို သူမ၏ဖခင်ဖြစ်သူဆီသို့ ချက်ချင်းပင် သတင်းပို့လိုက်၏။ ထို့အပြင် သူမသည် ချန်းမု၏ ပုန်ကန်မှုအကြောင်းကို ဘုရင်ခံနှင့် ပြည်ထောင်စုကြီးဆီသို့လည်း သတင်းပေးပို့လိုက်သေးသည်။
ခုန်းတောက်၊ လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့မှာလည်း သူတို့၏ လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝအသုံးချခဲ့၏။ ဖန်ကျင့်ပင်လျှင် အသိစိတ်များပြန်ဝင်လာပြီး သူမ၏ နယ်မြေထဲ၌ လှိုဏ်ခေါင်းကြီး ပေါ်ပေါက်လာခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူမသည်လည်း သူမ၏ ဂိုဏ်းဆီသို့ ဒေါသတကြီးနှင့် လှမ်း၍ ဆက်သွယ်လိုက်တော့သည်။
ဝမ်ဟွေ့မှာ အခြေအနေများကို ရိပ်စားမိသောကြောင့် ပြတ်ပြတ်သားသား ရပ်တည်ရန်လိုအပ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် ဤကိစ္စကြီးတစ်ခုလုံးကို သူ၏ဂိုဏ်းဆီသို့ ပြန်လည်တင်ပြလိုက်ပြီး သူတို့အား ဆုံးဖြတ်ခိုင်းလိုက်၏။ ထိုအကြောင်းများ ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် အင်္ဂါဂြိုဟ်နှင့် ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုအသီးသီးမှာ အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ဤကိစ္စကြီးမှာ အင်္ဂါဂြိုဟ်ပေါ်၌ မြူခိုးများ ပေါ်ပေါက်လာမှုနှင့် ဆက်စပ်နေသောကြောင့် ပို၍ပင် ရေးကြီးခွင်ကျယ်ဖြစ်သွားရ၏။
ချန်းမုမှာ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးနှင့် ဆက်နွယ်မှုအချို့ ရှိနေသည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ သူတို့မှာ အတူတကွပူးပေါင်းခဲ့ခြင်း ဖြစ်ရပေမည်။ အင်္ဂါဂြိုဟ်ပေါ်၌ မြူခိုးများ ပေါ်ပေါက်လာရခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ပေ။ အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ချန်းမုအား ဖမ်းဆီးသွားပြီးနောက် ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲ၌ အကျဉ်းချထားလိုက်၏။ ထို့နောက် ပြည်ထောင်စုကြီးနှင့် နိုင်ငံရေးအင်အားစုအသီးသီး စုပေါင်း၍ သူ့အား တရားစီရင်ခဲ့ကြ၏။
ထိုတရားစီရင်မှုကို လူသိရှင်ကြား မလုပ်ခဲ့ဘဲ လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့၏။ နောက်ဆုံးစီရင်ချက်မှာ ချန်းမုအား သေဒဏ်ပေးရန် ဖြစ်သည်။
အစမှအဆုံးအထိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ချန်းမုဘက်မှ တစ်ကြိမ်လေးပင် ကူပြောပေးခဲ့ခြင်း မရှိပေ။ သူတို့မှာ အခြားနိုင်ငံရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့၏။ ချန်းမုမှာလည်း ၎င်းမှာ သူတယောက်တည်း၏ အကြံအစည်သာဖြစ်ပြီး သူ၏ မိသားစုမျိုးနွယ်စုနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း ပြတ်ပြတ်သားသားပြောဆိုခဲ့၏။ သို့သော် လူတိုင်းမှာ အခြေအနေများကို ရိပ်စားမိထားပြီးသားဖြစ်သည်။ ဤကိစ္စကြီးမှာ နိုင်ငံရေးအင်အားစုများစွာအား ထိခိုက်နစ်နာသွားစေခဲ့ပြီး လူပေါင်းမြောက်မြားစွာအား အမျက်ဒေါသ ထွက်သွားစေခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် လူတိုင်း စိတ်ကျေနပ်သွားအောင် လျော်ကြေးပေးကာ ရှင်းပြရန် လိုအပ်ပေသည်။
ထို့ကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ငွေအရင်းအနှီး မြောက်မြားစွာကို လျော်ကြေးပေးလိုက်ရ၏။ မြို့တော်အသစ်မှာလည်း လျော်ကြေးအချို့ကို လက်ခံရရှိလိုက်သည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ထိုဆုံးရှုံးမှုကြီးကြောင့် အထိနာသွားရသဖြင့် သူတို့မှာ ချန်းမု၏ လုပ်ရပ်များကို မကျေမနပ်ဖြစ်နေရတော့သည်။ သူတို့မှာ သူ၏အစီအစဉ်များကို သဘောတူခဲ့သည်ဆိုပါသော်လည်း သူသည် ဝမ်ပေါင်လဲ့နှင့် အရေးမပါသော အခြားသူအချို့ကိုသာ သတ်ဖြတ်ရန် လိုအပ်သည်မဟုတ်ပါလော။ ယခုကဲ့သို့ လူတိုင်းအား ပြဿနာသွားရှာရန် မလိုအပ်ခဲ့ပေ…
သူသည် လူတိုင်းအား ပြဿနာရှာခဲ့လျှင်တောင် အောင်မြင်သွားခဲ့မည်ဆိုပါက ပြဿနာမရှိနိုင်ပေ။ သို့သော် သူသည် ကျရှုံးသွားခဲ့ရသည်ဖြစ်သည်။
ထို့ကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအချက်ကို သိထားသောကြောင့် အင်္ဂါဂြိုဟ်ဘုရင်ခံဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်းပင်ပေးပို့လိုက်၏။
” ဘုရင်ခံ။ ကျနော် ချန်းမုကို ဖမ်းဆီးနိုင်ဖို့အတွက် အဋ္ဌမအဆင့် ဓမ္မလက်နက်ဆယ်ခုကို ဖောက်ခွဲခဲ့ရတာ။ မြို့တော်အသစ်ထဲက ကျင့်ကြံသူတွေအကုန်လုံး သက်သေရှိတယ်။ ကျေးဇူပြုပြီးတော့ ကျနော့်အတွက် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဆီက လျော်ကြေးပြန်တောင်းပေးပါ “