ကျားလဲ့က သွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ဓမ္မစောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်သည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ဤစမ်းသပ်ပွဲတွင် ပါဝင်သည့် အခြားလူများက သူတို့ဝင်ရောက်သွားသည့် ကမ္ဘာများထဲတွင် မည်သည့်အရာများနှင့် ကြုံတွေ့နေရမည်ကို သူက မသိချေ။
သို့သော်လည်း သူ၏အတွေ့အကြုံသည်ကား ထိုအခြား လူများနှင့် ကွဲပြားနေမည်ဟု သူက ယုံကြည်လေသည်။ ထို့အပြင် ရှေးယခင်ထဲက ယခုအထိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ကျင်းပခဲ့သည့် နတ်မီးလျှံစမ်းသပ်ပွဲများတွင် ညမုဆိုး ယခုလုပ်နေသည် အရာကဲ့သို့ မည်သူမှ လုပ်ခဲ့ဖူးမည်မဟုတ်ကြောင်း သူက ယူဆနေတော့သည်။
သူ၏ ယူဆချက် မှန်၊ မမှန်ကို မဆုံးဖြတ်နိုင်ပါသော်လည်း သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးက တုန်ရီနေသည်နှင့် သက်ရှိအားလုံးက ပြားပြားဝပ်ကာ ပိုင်ရှောင်ချန်းကို အရိုအသေပေးနေသည်ကို မြင်လိုက်ရသောအခါ သူကိုယ်တိုင်ပင် အလိုအလျောက် အရိုအသေ ပေးလိုက်မိတော့သည်။
ပိုင်ရှောင်ချန်းကမူ တောင်ထိပ်ပေါ်တွင်ရပ်နေရင်း တစ်ချက်တွေးလိုက်ရုံမျှဖြင့် ဤကမ္ဘာကြီးကို ဖျက်စီးပစ်နိုင်ကြောင်း ထူးဆန်းစွာ ခံစားလိုက်ရတော့သည်။
ထိုအချိန်တွင် သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်မှာ အပြည့်အဝ အလုပ်လုပ်နေပြီး အနည်းငယ်ကြာသောအခါ သူ၏ နားထဲတွင် ခပ်တိုးတိုးစကားသံတစ်သံကို ကြားလိုက်ရလေသည်။
“လာ…လာ….လာ…”
ထိုအသံကိုကြားလိုက်ရသောအခါ သူက စိတ်ကူးယဥ်နေခြင်းမှ ပြန်သတိလည်လာပြီး တောက်ပနေသည့် မျက်ဝန်းများဖြင့် အသက်ပြင်းပြင်းရှူလိုက်လေသည်။ ထို့နောက် သူ၏ လက်ကို ကျောက်တိုင်မှ ပြန်ခွာလိုက်သည်။ ထိုအခါ ထိုကမ္ဘာကြီးထဲရှိ အရာအားလုံးမှ တောက်ပသည့် သွေးရောင်အလင်းတန်းများထွက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ စုသွားကာ သူ့ကို ဝန်းရံလိုက်တော့သည်။
ကြက်သွေးရောင် အလင်းတန်းကြီးမှာ တံခါးပေါက် တစ်ပေါက်အသွင်ပြောင်းလဲသွားပြီး သူ၏ရှေ့တည့်တည့်တွင် ဖြည်းညင်းစွာ ပွင့်သွားတော့သည်။
သူက ထိုတံခါးကို တစ်ခဏမျှ ချီတုံချတုံနှင့် ကြည့်လိုက်လေသည်။ ထိုတံခါးထဲသို့ဝင်လိုက်ပါက ဒုတိယအဆင့်သို့ရောက်သွားမည်ဖြစ်ကြောင်း သူက သိလေသည်။ ကမ္ဘာကြီး၏ ဘေးဘီဝဲယာကို နောက်ဆုံးတစ်ခေါက်ထပ်ကြည့်လိုက်ပြီး သူကရှေ့သို့ ခြေလှမ်းလှမ်းလိုက်သောအခါ သွေးရောင်အလင်းတန်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲရှိ အမည်မသိသော နေရာတစ်ခုတွင် သေခြင်းတရားကဲ့သို့ ဆိတ်ငြိမ်လှပြီး အဆုံးအစမရှိသော အပေါက်ကြီးတစ်ခုပေါ်ထွက်လာလေသည်။ ကတော့ပုံရှိသော တိုင်ကြီးများစွာက ထိုအောက်ဖက်ရှိ အမှောင်ထုထဲမှ ထိုးထွက်နေသည်ကိုသာ မြင်နိုင်ပေသည်။
ထိုတိုင် တစ်တိုင်ချင်းစီ၏ ထိပ်တွင် စင်မြင့်တစ်ခုစီရှိပေသည်။
ထိုထဲမှ စင်မြင့်နှစ်ခုမှာ အခြားစင်မြင့်များထက် ပို၍ မြင့်မားပြီး တစ်ခုနှင့်တစ်ခု ကြားထဲတွင် အဝေးကြီးမဟုတ်ချေ။ ရွှယ်မေ့မှာ စင်မြင့်တစ်ခုပေါ်တွင်ရှိပြီး အခြားစင်မြင့်ပေါ်တွင် စုန့်ကျင်းဝမ်ရှိပေသည်။ သူတို့နှစ်ယောက်စလုံးမှာ တင်ပျဥ်ခွေထိုင်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။
သူတို့ထိုနေရာတွင် ထိုင်နေသည်မှာ နှစ်နာရီပင် မပြည့်သေးပေ။ သူတို့တစ်ယောက်ချင်းစီတွင် ပိုင်ဆိုင်ထားသည့် အမိန့်ပေးဆွဲ ပြားများကြောင့် ဓမ္မစောင့်ရှောက်သူများကဲ့သို့ သွေးဘိုးဘေးကြီး၏ ထောက်ခံမှုကို ယူစရာမလိုပေ။ ဤနေရာသို့ တိုက်ရိုက်လာ၍ စောင့်နေရုံပင်ဖြစ်သည်။
အဆုံးမဲ့သွေးကမ္ဘာကြီးထဲတွင် အချိန်များက မတူညီစွာ ကုန်ဆုံးကြသည်။ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်းတို့အတွက် နှစ်နာရီသာ ကုန်ဆုံးသေးသော် ငြားလည်း အတွင်းတွင်မူ တစ်လတိတိ ကုန်သွားပြီဖြစ်သည်။
ထိုအမျိုးသမီးနှစ်ယောက်၏ ခွဲခြမ်းစိတ်ဖြာချက်များအရ ဓမ္မစောင့်ရှောက်သူများ ထွက်လာရန် နောက်ထပ် နာရီများစွာ ထပ်စောင့်ရဦးမည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအမျိုးသမီးနှစ်ယောက်က သူတို့၏ အမိန့်ပေးဆွဲပြားများကို မသုံးသ၍ နတ်မီးလျှံစမ်းသပ်ပွဲ၏ ဒုတိယ အဆင့်ကို စတင်၍ ရမည်မဟုတ်ပေ။ သူတို့၏ ဓမ္မစောင့်ရှောက်သူများ ထွက်မလာသေးသ၍ သူတိို့ကလည်း ထိုသို့ လုပ်မည်မဟုတ်ပေ။
သူတို့နှစ်ယောက်မှာ တစ်ချိန်လုံး တစ်ယောက်ကိုတစ်ယောက် စကားနာထိုးနေပြီး အချိန်အနည်းငယ် ရပ်သွားပြီးနောက် ရွှယ်မေ့က စကား ပြန်စလိုက်လေသည်။ သူမက အေးစက်စက် ရယ်မောရင်း ဆိုလိုက်လေသည်။
” စုန့်ကျင်းဝမ်။ ဘာလို့ ငါနဲ့ သွေးသခင်ရာထူးကို ပြိုင်လုနေရတာတုံး။ နင့်အသက်ကဖြင့် ကြီးနေပြီကို။ စုန့်မျိုးနွယ်စုက လူတော်တွေမရှိတော့လို့ အဘွားကြီးတစ်ယောက်ကို ကိုယ်စားပြုအနေနဲ့ စေလွှတ်ရတယ်ဆိုတာ အမှန်ပဲလားဟင်။”
စုန့်ကျင်းဝမ်က မျက်မှောင်ကြုတ်သွားပြီး ပြန်ပြောရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက်ဆိုသလို သူမ၏ အမူအရာက ပြောင်းလဲသွားပြီး လေထဲသို့ မော့ကြည့်လိုက်လေသည်။ ရွှယ်မေ့၏ မျက်လုံးအိမ်မှာလည်း ကျဥ်းမြောင်းသွားပြီး မော့ကြည့်လိုက်တော့သည်။
တဂျုန်းဂျုန်းမြည်သံများ ထွက်ပေါ်လာပြီးနောက် ဧရာမတံခါးပေါက်ကြီးတစ်ပေါက်က တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာလေသည်။
” ဒီကမ္ဘာကြီးရဲ့ ထောက်ခံချက်ကို တစ်ယောက်ယောက်ကတော့ တော်တော်မြန်မြန်ကို ရသွားတာပါလားဟ။ နှစ်နာရီပဲရှိသေးတာလေ။ အဲ့တာဆို အဆုံးမဲ့သွေးကမ္ဘာထဲမှာဆို တစ်လလောက်ပဲ ရှိဦးမှာ။”
ရွှယ်မေ့မှာ မျက်လုံးပြူးသွားပြီး အံ့သြသဖြင့် ရင်တုန်နေတော့သည်။ သွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲ၏ အလုပ်လုပ်ပုံကို သူမက ကောင်းစွာသိလေသည်။ အရင်တုံးက ဤကမ္ဘာကြီး၏ ထောက်ခံချက်ကို အမြန်ဆုံးရရှိခဲ့ဖူးသည့် ဓမ္မစောင့်ရှောက်သူ၏ ကြာချိန်မှာ သုံးနာရီဖြစ်ပြီး ကမ္ဘာကြီးထဲတွင် တစ်လခွဲတိတိ ဖြစ်သည်။
” ဘယ်သူများတုံး။ အဆုံးမဲ့သွေးကမ္ဘာထဲမှာ အခြား ဓမ္မစောင့်ရှောက်သူကို အနိုင်ယူ၊ မရေမတွက်နိုင်တဲ့ သွေးသားရဲတွေကို အနိုင်တိုက်ပြီး ကမ္ဘာကြီးရဲ့ စိတ်ဆန္ဒကို အရယူနိုင်ခဲ့တာ ဘယ်သူများတုံး။ ဒီလောက်မြန်မြန်ပြီးခဲ့ပုံထောက်ရင် သူတိုက်ခဲ့တဲ့တိုက်ပွဲက တော်တော်ကို ပြင်းထန်ရမယ်။”
စုန့်ကျင်းဝမ်မှာလည်း အံ့အားသင့်နေတော့သည်။ ထိုသူမှာ မည်သူပင်ဖြစ်စေ သူမ၏ ဓမ္မစောင့်ရှောက်သူထဲကဆိုပါက သူမမှာ အလွန်တရာပင် မှင်တက်နေတော့မည်ဖြစ်သည်။ သို့သော်လည်း ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများထဲက တစ်ယောက်ဖြစ်နေပါက သူမ၏ သွေးသခင်ရာထူးအတွက် ယှဥ်ပြိုင်ပွဲတွင် ကြီးမားသော ဆူးငြောင့်ခလုတ်တစ်ခုကြီး ဖြစ်နေတော့မည်ဖြစ်သည်။
သူမ၏ ဓမ္မစောင့်ရှောက်သူများကို ပြန်တွေးလိုက်သောအခါ ထိုသို့ စွမ်းဆောင်နိုင်မည့်လူမရှိကြောင်း သူမက ရိပ်မိလိုက်လေသည်။ ထို့ကြောင့် သူမ၏ အမူအရာမှာ ညှိုးငယ်သွားတော့သည်။
သို့သော်လည်း ရွှယ်မေ့မှာလည်း ထိုနည်းတူပင်။ သူမ၏ ဓမ္မစောင့်ရှောက်သူများစာရင်းကို ပြန်တွေးကြည့်လိုက်သောအခါ ဤကဲ့သို့အချင်းအရာကို လုပ်နိုင်မည့်လူမရှိကြောင်း ယုံကြည်နေလေ၏။ ထို့ကြောင့် သူမသည် စုန့်ကျင်းဝမ်နှင့်အတူ တရိပ်ရိပ်ပေါ်လာသည့် တံခါးပုံရိပ်ကြီးကိုသာ မော့ကြည့်နေလေတော့သည်။
အနည်းငယ်ကြာသောအခါ တံခါးအတွင်းမှ ဝါးတားတားပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ အသက်ရှူကြိမ်အနည်းငယ်အကြာတွင် ထိုလူမှာ မည်သူမှန်း သိသွားတော့သဖြင့် ထိုအမျိုးသမီးနှစ်ယောက်စလုံးမှာ တအံ့တသြ ထအော်လိုက်ကြတော့သည်။
” ညမုဆိုးဟ။”
“ညမုဆိုးတဲ့လား……”
ရွှယ်မေ့၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေပြီး အံ့အားသင့်လွန်းလှသဖြင့် နှလုံးသားပင် တဆတ်ဆတ်တုန်နေတော့သည်။ ညမုဆ်ိုးက ဤကမ္ဘာကြီး၏ ထောက်ခံချက်ကို မည်သို့မည်ဖုံ လျင်မြန်စွာ ရသွားသည်ကို သူမက မတွေးနိုင်လောက်အောင် ဖြစ်နေလေ၏။
စုန့်ကျင်းဝမ်ကမူ စစချင်းတွင် အံ့အားသင့်သွားပြီးနောက် စိတ်နှလုံးချမ်းမြေ့ကျေနပ်သွားကာ ပိုင်ရှောင်ချန်းကို သူမ၏လှပသော မျက်ဝန်းများဖြင့် မခွာတန်း ကြည့်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ တံခါးထဲက ထွက်လာချင်း သူ၏ အမြင်အာရုံမှာ ဝေဝါးနေသဖြင့် မည်သည်ကိုမှ ရှင်းရှင်းလင်းလင်း မမြင်န်ိုင်ပေ။ အနည်းငယ်ကြာသောအခါတွင်မှ သူ၏ဘေးပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော စင်မြင့်များအပြင် ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်ကို မြင်လိုက်ရတော့သည်။
” ဂိုဏ်းတူမောင်လေး ညမုဆိုးရေ။ ဒီဖက်ကိုလာခဲ့။ ” စုန့်ကျင််းဝမ်က ပျော်ရွှင်ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည့် နူးညံ့ညင်သာသော လေသံဖြင့် ပြုံးရင်း ဆိုလိုက်လေသည်။
ရွှယ်မေ့ကမူ အေးစက်စက်နှာမှုတ်ကာ လက်သီးဆုပ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းကမူ မျက်တောင် တဖျတ်ဖျတ် ခတ်ကာ စုန့်ကျင်းဝမ်ဆီသို့ သွားလိုက်သည်။ စင်မြင့်ပေါ်သို့ရောက်သွားသောအခါ သူမ၏ဘေးသို့ လျှောက်သွားလိုက်လေသည်။
” အမ်….ကျွန်တော်က ပထမဆုံးလားဗျ ” သူက ကြောင်အန်းအန်းနှင့် မေးလိုက်လေသည်။
” ဟုတ်တာပေါ့ မောင်လေးရဲ့။ မောင်လေး ဘယ်လိုများလုပ်ခဲ့တာတုံး။ မောင်လေး ပြိုင်ဘက်ကရော ဘယ်သူတုံး။”
စုန့်ကျင်းဝမ်က ချိုသာစွာ ပြုံးရင်း မေးလိုက်လေသည်။
ပိုင်ရှောင်ချန်းအတွက်မူ သူမ၏အပြုံးမှာ သူမ၏ သရုပ်မှန် မာယာများသည့်မိန်းမကို ဖော်ပြသလိုသာဖြစ်နေတော့သည်။ သို့သော်လည်း သူ၏ ခံစားချက်အစစ်အမှန်များကို သူက ထုတ်မပြပေ။ သူက မေးငေါ့ကာ လက်နှစ်ဖက်ကို နောက်တွင်ဆုပ်ကာ မာနကြီးပြီး သတ်ဖြတ်လိုသည့် အမူအရာဖမ်းလိုက်လေသည်။
” သြော်။ ရိုးရိုးလေးပါဗျာ။ အဲ့ကမ္ဘာကြီးထဲက ဒီတိုင်းပဲ လမ်းလျှောက်ပြီးထွက်လာတာ။ ကျုပ်ပြိုင်ဘက်ကိုတော့လား။ နာမည်တောင် မမေးလိုက်ရပါဘူးဗျာ။”
သူ၏ စကားလုံး အသုံးအနှုန်းနှင့် ကိုယ်ဟန်အမူအရာအရ သူ၏ပုံစံမှာ မာနထောင်လွှားလှပေသည်။ သူက အဆုံးမဲ့သွေးကမ္ဘာကို ‘ရိုးရိုးလေး’ ဟု ခေါ်လိုက်သောအခါ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်နှစ်ယောက်စလုံးမှာ သူ၏ သွေးဓားကြီးကိုထုတ်ကာ ထိုကမ္ဘာကြီးကို ထိုးခွင်းခဲ့ပုံကို မျက်လုံးထဲတွင် မြင်ယောင်လာတော့သည်။
သူကို့ တိုက်ခိုက်ခဲ့သည့် မရေမတွက်နိုင်သော သွေးသားရဲများကို သူကလျစ်လျူရှုကာ ဘေးဘီဝဲယာကိုပင် တစ်ချက်မကြည့်ပဲ ကမ္ဘာကြီး၏ ထောက်ခံမှုကိုရအောင် တစ်လမ်းလုံး သတ်ဖြတ်လာခဲ့သည့် ပုံစံပင်။
စုန့်ကျင်းဝမ်၏ မျက်ဝန်းများမှာ ပိုင်ရှောင်ချန်းကို မကြည့်မိခင်ကထက်ပင် ပို၍ တောက်ပနေပြီး ရွှယ်မေ့ကမူ သူ့ကို ငေးကြည့်နေမိတော့သည်။ အနည်းငယ်ကြာသောအခါ သူ့တွင် ထိခိုက်ဒဏ်ရာတစ်ခုမှ မရှိသည်ကို မြင်လိုက်ရသောအခါ သူတို့အမူအရာမှာ ပြောင်းလဲသွားတော့သည်။
စုန့်ကျင်းဝမ်က ထိုအကြောင်းကိုမေးရန် ပြင်လိုက်စဥ်မှာပဲ ပိုင်ရှောင်ချန်းက အင်္ကျီလက်ကိုခါယမ်းကာ တည်ကြည်စွာပြောလိုက်လေသည်။
” ကျုပ် ပင်ပန်းနေပြီ။ ဒုတိယအဆင့် စတော့မယ်ဆို အသိပေးလိုက်။”
ထိုသို့ ဆိုကာ သူက ဘေးဘက်သို့ထွက်သွားပြီး တောင်ထိပ်ပေါ်ရှိ ဝက်သစ်ချပင်အိုကြီးတစ်ပင်အလား စိတ်ကြီးဝင်နေ သည့် အမူအရာဖြင့် တင်ပျဥ်ခွေထိုင်ချလိုက်လေသည်။ သူ၏ မျက်လုံးများကို မှိတ်လိုက်သောအခါ သူ၏အေးစက်စက် ကြမ်းကြုတ်လှသည့် မျက်နှာနှင့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် စုန့်ကျင်းဝမ်းမှာ ဘာမှ ဆက်၍မမေးနိုင်လောက်အောင် ဖြစ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ကြိတ်ရယ်ကာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေတော့သည်။ သူ၏ အမြင်တွင် သူက လူတိုင်းထက် သာလွန်ကာ ထက်မြက်နေတော့သည်။
” ခဏနေဦး။ ပိုပြီး သဘာဝဆန်အောင်လို့ တစ်ခုခုထပ်လုပ်မှရမယ်။”
ထိုသို့တွေးကာ သူက သူ၏ဦးခေါင်းကို ဖြေးညင်းစွာမော့ကာ မိမိကိုယ်ကိုပြန်ဆန်းစစ်နေသည့်အလား မှိုင်းညှို့နေသော မျက်ဝန်းများဖြင့် အဝေးသို့ မျှော်ကြည့်လိုက်တော့သည်။
ထိုမြင်ကွင်းကို နားမလည်သော်လည်း စုန့်ကျင်းဝမ်းနှင့် ရွှယ်မေ့မှာ ပို၍ပင် တုန်လှုပ်သွားကြတော့သည်။
အချိန်များက ကုန်ဆုံးသွားသည်။ နှစ်နာရီကြာသောအခါ အထက်ရှိ လေထုကြီးက တွန့်လိမ်ကာ တံခါးကြီးမှာ ထပ်၍ ပေါ်ထွက်လာပြန်သည်။ ကြမ်းကြုတ်သည့်အမူအရာရှိသည့် ဗလကြီးတစ်ယောက်မှာ အမောတကောနှင့် တံခါးထဲမှ ထွက်လာတော့သည်။ ရွှယ်မေ့က သူ့ကိုမြင်လိုက်သောအခါ သူမက ပြုံးသွားတော့သည်။ ထို ဗလကြီးက လက်ဆုပ်ကာ သူမကို အရိုအသေးပေးလိုက်ပြီး စင်မြင့်ဆီသို့သွားကာ သူမ၏ဘေးတွင် ထိုင်လိုက်လေသည်။ သူက တခြားစင်မြင့်ပေါ်ရှိ ပိုင်ရှောင်ချန်းကို လှမ်းမြင်လိုက်သောအခါ အံ့အားသင့်ကာ ရင်တုန်သွားတော့သည်။
သူက သူ့ကိုယ်သူ ပထမဆုံးထွက်လာနိုင်မည့်လူဟု ထင်မှတ်ထားပြီး ညမုဆိုးမှာ သူ့ထက်မြန်နေလိမ့်မည်ဟု မတွေးမိပေ။
နာရီများစွာ ထပ်ကုန်သွားသောအခါ ဓမ္မစောင့်ရှောက်သူများက ထပ်၍ ပေါ်ထွက်လာတော့သည်။ စုန့်ချွဲမှာ ထိုပေါ်ထွက်လာသူများထဲတွင်ပါသော်လည်း သူက ပင်ပန်းနွမ်းနယ်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ထိခိုက်ဒဏ်ရာအပြည့်နှင့် ဖြစ်နေတော့သည်။ ကမ္ဘာကြီး၏ ထောက်ခံမှုကို ရယူရသည့် တာဝန်မှာ သူ့အတွက် ခက်ခဲလှသည်မှာ အသေအချာပင်။
နောက်ဆယ်နာရီကြာသောအခါ နောက်ဆုံး ဓမ္မစောင့်ရှောက်သူ ပေါ်ထွက်လာပြီး ပထမအဆင့်မှာ တရားဝင်ပြီးစီးသွားတော့သည်။
စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့တို့မှာ သူတို့၏ ဓမ္မစောင့်ရှောက်သူများကို သေချာရွေးချယ်ထားသည်ဖြစ်ရာ သူတို့အားလုံးမှာလည်း တစ်နည်းနည်းနှင့် တမူထူးခြားကြသည်သာ ဖြစ်သည်။ သို့သော်လည်း ထိုအုပ်စုနှစ်ခုမှာ လက်ရည်တူနေပြီး တစ်ဖက်စီတွင် ဆယ်ယောက်စီ ရှိနေတော့သည်။
အမျိုးသမီးနှစ်ယောက်မှာ အပြန်အလှန် အေးစက်စက်ကြည့်လိုက်ကြပြီးနောက် အေးစက်စက်နှာမှုတ်လိုက်လေတော့သည်။ သူတို့၏ ဓမ္မစောင့်ရှောက်သူများဘက်သို့ လှည့်ကာ ဒုတိယအဆင့်အကြောင်း ရှင်းပြလိုက်လေတော့သည်။
” ပထမအဆင့်မှာတုံးက မင်းတို့ ဓမ္မစောင့်ရှောက်သူတွေက ကမ္ဘာကြီးရဲ့ ထောက်ခံမှုရအောင် တိုက်ပွဲဝင်ခဲ့ရတယ်။ ဒုတိယအဆင့်မှာ တိုက်ပွဲကပိုကြမ်းမယ်။ ပြီးတော့ ငါကိုယ်တိုင်လည်း ပါမှာ။”
စုန့်ကျင်းဝမ်က ပထမဆုံး ရှင်းပြလိုက်သည်။
” ဒုတိယအဆင့်ကို သွေးမြေရိုင်းလို့ခေါ်တယ်။ အဲ့နေရာက အဆုံးမရှိတဲ့ လမ်းမကြီး။ပြီးတော့ သေမင်းလေပြေက ဆယ့်လေးနာရီတစ်ခါတိုက်တယ်။ အဲ့လေတိုက်ပြီဆိုတာနဲ့ သွေးမြေရိုင်းထဲမှာရှိတဲ့ သက်ရှိတိုင်းက သေသွားမှာဖြစ်ပြီး အရိုးစုတွေပဲ ကျန်ခဲ့မှာ”
“အဲ့လမ်းက နှလုံးခန်းထဲ ရောက်တဲ့လမ်းပဲ။ ရှင်းရှင်းလေးပြောရမယ်ဆို နှလုံးခန်းထဲသွားဖို့ လိုတဲ့ သော့ချောင်းတွေကို သွေးမြေရိုင်းထဲမှာရှာဖို့ အချိန် ဆယ့်လေးနာရီတိတိ ရှိတယ်။”
ခပ်လှမ်းလှမ်းတွင် ရွှယ်မေ့မှာလည်း သူမ၏ ဓမ္မစောင့်ရှောက်သူများကို ထိုနည်းတူ ရှင်းပြနေတော့သည်။
” နှစ်နာရီခြားတစ်ခါ မြေရိုင်းထဲက ကြုံရာ နေရာတွေမှာ သောတစ်ချောင်းပေါ်တယ်။ အဲ့သော့ကိုရတဲ့လူက ဆယ့်လေးနာရီကုန်သွားတဲ့အထိ သော့ကိုထိန်းသိမ်းထားနိုင်ရင် နှလုံးခန်းထဲကို ရောက်တဲ့ ရှေးဟောင်းသွေးလမ်းပေါ်ဆီကို တည်နေရာရွှေ့ပြောင်းသွားမှာ။ ငါနဲ့ ရွှယ်မေ့ကတော့ အဲ့ ရှေးဟောင်းသွေးလမ်းဆီရောက်ဖို့ သော့မလိုဘူး။
” သော့က စုစုပေါင်း ခုနစ်ချောင်းရှိတယ်။ အဲ့တာမလို့ ဓမ္မစောင့်ရှောက်သူခုနစ်ယောက်ပဲ။ ရွှယ်မေ့ရယ် ၊ငါရယ်နဲ့ အတူ ရှေးဟောင်းသွေးလမ်းထဲကို ဝင်နိုင်မှာ။”
ထိုအခါ စုန့်ချွဲမှလွဲ၍ ပိုင်ရှောင်ချန်းနှင့် အခြားလူများ၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူတို့ထဲမှ သက်လတ်ပိုင်း ကျင့်ကြံသူတစ်ယောက်က လေသံနှိမ့်ကာ မေးလိုက်လေသည်။
” သော့မရတဲ့လူတွေက ဘာဖြစ်မှာလဲ။”
စုန့်ကျင်းဝမ်က ထိုလူကို တစ်ခဏမျှ ကြည့်ကာ ပြန်ဖြေလိုက်လေသည်။
” ငါတို့က အသင်းအဖွဲ့အနေနဲ့ တိုက်ခိုက်နေတာ။ သော့အများဆုံးရတဲ့ အဖွဲ့က အနိုင်ပဲ။ အနိုင်ရတဲ့အဖွဲ့မှာ သော့မရှိတဲ့လူတွေက ရှေးဟောင်းသွေးလမ်းပေါ်ကို မရောက်သလို သေလည်းသေမှာ မဟုတ်ဘူး။ ဒီတိုင်း အပြင်ကို ပြန်ရောက်သွားမှာ။”
” ရှုံးတဲ့အသင်းထဲက သော့မရတဲ့လူတွေကတော့ ဆယ့်လေးနာရီပြီးရင် သေမှာ။ အဲ့တာ စည်းကမ်းပဲ။ ခေါင်းဆောင်ကြီးတွေတောင် လာပြီး ကယ်လို့မရဘူး ”
” အဲ့တာမလို့ အခုက အချင်းချင်း ရန်ဖြစ်ရမဲ့ အချိန်မဟုတ်ဘူး။ ရွှယ်မေ့ရဲ့ ဓမ္မစောင့်ရှောက်သူတွေလက်ထဲကို သော့ရောက်သွားရင် ချသာချ။ မင်းတို့ အဖွဲ့ဝင်တစ်ယောက်က ရပြီဆိုရင်တော့ အချင်းချင်း ပြန်မတိုက်ဖို့ တားမြစ်ထားတယ်။”
” အချင်းချင်း ရန်ဖြစ်နေရင် ရှုံးဖို့ အခွင့်အလမ်းများရုံတင်မကဘူး။ မင်းတို့ရဲ့ အသက်တွေပါ ပျောက်နိုင်တယ်…”
” အခုဒီမှာရှိတဲ့ မင်းတို့တွေက စုန့်မျိုးနွယ်စုကလူတွေရယ်၊ ငါပေးခဲ့တဲ့ ကတိအချို့ကြောင့် ရောက်လာတဲ့ လူတွေရယ်ပဲ။ ငါက သွေးသခင်ဖြစ်ရင် မင်းတို့အနာဂတ်မှာ အဆုံးအစမရှိအောင် အကျိုးခံစားရမယ်။ ငါကတိပေးခဲ့သမျှအရာအားလုံး တကယ်ပေးမယ်။ ငါရှုံးပြီး ရွှယ်မေ့ကနိုင်သွားရင်တော့ ငါတို့အားလုံး ကံကြမ္မာဆိုးနဲ့ တွေ့မှာပဲ။”
ထို့သို့ဆိုကာ စုန့်ကျင်းဝမ်က လက်နှစ်ဖက်ဆုပ်ကာ ပိုင်ရှောင်ချန်းနှင့် အခြားကျင့်ကြံသူများကို လေးစားစွာ ဦးညွှတ်လိုက်တော့သည်။