သုံးရက်ကြာပြီးသည့်နောက် ပိုင်ရှောင်ချန်းက သွေးသမုဒ္ဒရာပတ်လည်တွင် ပျံသန်းနေဆဲဖြစ်သည်။ သူက ကမ္ဘာ၏စိတ်ဆန္ဒတည်ရှိရာ နေရာမှ လာနေသည့် ထူးဆန်းသော အငွေ့အသက်များကို ထိုတစ်ဝိုက်တွင် အာရုံခံရလေသည်။
“ဒီရက်ပိုင်း ကျားလဲ့တစ်ယောက် ဘယ်ပျောက်နေပါလိမ့် ” ပိုင်ရှောင်ချန်းမှာ သူ့အား လွမ်းပင်လွမ်းလာလေသည်။ သူပေါ်လာသည့်အချိန်တိုင်းက သူ့ကို ထိုကမ္ဘာက မည်သို့ကာကွယ်ပေးသည်ကို တွေ့နိုင်သည့်အခွင့်အရေးဖြစ်လေသည်။
သူ၏စိတ်ဂနာမငြိမ်ဖြစ်နေမှုကြောင့် ပုံမှန်ထက်ပို၍ နှေးကွေးစွာ ပျံသန်းနေလိုက်သည်။ သုံးရက်မြောက်နေ့ညနေတွင် သွေးရောင်ကောင်းကင်ကြီးက တဖြေးဖြေးနှင့် မှောင်မိုက်လာသောအခါ ပိုင်ရှောင်ချန်းအောက်ရှိ ပင်လယ်ရေမှာ ရုတ်တရက် ကြောက်မက်ဖွယ် အသံကြီးဖြင့် ပေါက်ကွဲသွားသည်။ ရေများက လေထဲသို့ သတ်ဖြတ်လိုသည့်စွမ်းအင်များနှင့်တကွ ထိတ်လန့်ဖွယ် ဟိန်းဟောက်သံကြီးဖြင့် ပန်းထွက်လာလေသည်။
“သေဖို့ပြင်ထားစမ်း..ညမုဆိုး” ထိုအသံမှာ မယုံကြည်နိုင်ဖွယ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေပြီး မဟူရာချပ်ဝတ်တန်ဆာဖြင့် ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ၄င်းမှာ ခန္ဓာကိုယ်နှင့်ပုံရိပ်ကြား၌ တဖျတ်ဖျတ်လှုပ်နေသော ကျားလဲ့ဖြစ်သည်။ သူက ရေထဲမှ ပျံထွက်လာသည်နှင့်ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ်ဦးတည်၍ အလျင်အမြန် အရှိန်မြှင့်လိုက်လိုက်သည်။
ကျားလဲ့၏ နှောင်းပိုင်းအခြေခိုင်မာခြင်းကျင့်ကြံခြင်းအခြေခံမှ ရှိရှိသမျှသော စွမ်းအားတို့က ပေါ်ထွက်လာသည်။ ထိုအရာက ဝိညာဥ်ကိုယ်ချပ်ဝတ်တန်ဆာဖြင့် အရှိန်နှစ်ဆမြှင့်ပြီး သူ့ကို နှိုင်းယှဥ်မရသည့် အခြေခိုင်မာခြင်းအဆင့်၏ အမြင့်ဆုံးစက်ဝန်းသို့ရောက်လုနီးပါးဖြစ်သွားစေကာ အလွန်ကြီးမားသော စွမ်းအားတို့က အရပ်မျက်နှာတစ်ခွင်သို့ သက်ရောက်လာသည်။
ပိုင်ရှောင်ချန်းက ဝမ်းသာသွားပြီး ကျားလဲ့အနီးသို့ရောက်လာသဖြင့် သူက မေးမော့လိုက်ပြီး အင်္ကျီလက်ကို ခါလိုက်သည်။ ထို့နောက် ကျားလဲ့ကို လက်ညှိုးထိုးလိုက်ပြီး သူကပြော၏။
” နောက်ဆုတ် ”
ထိုကဲ့သို့ ပိုင်ရှောင်ချန်း ပြုမူလိုက်သည်က ကျားလဲ့ကို ပို၍ ဒေါသထွက်သွားစေကာ သူ့က ထပ်၍ပင် အရှိန်မြှင့်လိုက်သည်။ ထိုအခိုက်တွင် သူက ပိုင်ရှောင်ချန်းနှင့် ကိုးမီတာအခန့်အကွာတွင် ရှိပြီး မိုးကြိုးတစ်ခုမှ သူ့ကို ကြားဝင်မနှောင့်ယှက်နိုင်တော့ပေ။ သူက ညမုဆိုးသေတော့မည်ဟူ၍ တထစ်ချ တွေးလိုက်သည်။
ကြောက်စရာကောင်းစွာ ပြုံးလိုက်ပြီး သူက အော်လိုက်သည်။
“ငရဲလို…ငါ…….. ”
သို့သော်လည်း သူ့စကားပင် မဆုံးမီ သွေးရောင်လက်ကြီးက အောက်ဖက်သမုဒ္ဒရာမှ ရုတ်တရက် ထွက်လာလေသည်။ ၄င်းက အံ့သြဖွယ်ကောင်းလောက်အောင် မြန်မြန်လှုပ်ရှားနေပြီး လက်ဝါးကြီးတစ်ခုပေါ်လာကာ ကျားလဲ့ကို ခြင်ရိုက်လိုက်သကဲ့သို့ ရိုက်ချလိုက်လေသည်။
ဖြန်းခနဲအသံကိုပင် ကြားနိုင်သည်။ ကျားလဲ့၏ မဟူရာချပ်ဝတ်တန်ဆာမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး သူ၏ ပါးစပ်မှ သွေးများပန်းထွက်သွားလေသည်။ သူ၏နာနာကျည်းကျည်းအော်သံကြီးမှာ ကြားလိုက်ရသူမှန်သမျှ၏ စိတ်နှလုံး တုန်လှုပ်သွားစေနိုင်သည်။
“မဟုတ်ဘူး” မျှော်လင့်ချက်များပျက်သုဥ်းသွားလျက် ကျားလဲ့က အဝေးသို့ လွင့်စင်သွားပြီး သွေးတစ်ပွက်အန်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲလုနီးပါးဖြစ်နေပြီး မကြာသေးမီကမှ ပြန်ကောင်းလာသည့် သူ၏ ကျင့်ကြံအခြေခံစွမ်းအားမှာ ချက်ချင်း ပျက်စီးသွားလေပြီ။ သူက ယခင်ကထက်ပင် ပို၍ အားနည်းသွားလေသည်။
ပိုင်ရှောင်ချန်းက မှင်သက်သွားပြီး ဧရာမသွေးလက်ကြီးရေထဲ ပြန်နစ်မြုပ်သွားသည်ကို ကြည့်ကာ မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်သည်။ ကျားလဲ့မှာ တခြားနေရာသို့ လွင့်စင်သွားသောကြောင့် ပိုင်ရှောင်ချန်း၏ အမူအရာမှာ လေးစားမှုအသွင်ပြောင်းသွားသည်။
“ခင်ဗျားက အတော်လေး ဇွဲကောင်းတာပဲ..ဟုတ်တယ်မလား” သက်ပြင်းချလျက် သူက ကျားလဲ့နောက်တစ်ကြိမ်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေလျက် ဆက်သွားလိုက်သည်။
တခြားတစ်ဖက်တွင် ကျားလဲ့က သမုဒ္ဒရာပေါ်တွင် မျော နေပြီး စိတ်ရှုပ်နေသည့်ပုံပေါ်နေကာ ခံပြင်းမှုမျက်ရည်များက သူ့မျက်လုံးများထဲမှ စီးကျလာသည်။ သူ၏ ကျင့်ကြံခြင်းကာလတစ်လျှောက်လုံး သွေးများသာပေးဆပ်ခဲ့ပြီး ဘယ်သောအခါမှ မျက်ရည်မကျခဲ့ဖူးချေ။ သို့ထိတိုင်အောင် ဤနေရာတွင် သူငိုနေရပြီ။
သူ၏ အမြင်တွင် ဤကမ္ဘာသည် လုံးလုံးလျားလျား ကြမ်းကြုတ်ရက်စက်ကာ မိစ္ဆာဆန်လေသည်။ သူလုပ်ချင်သောအရာမှာ ညမုဆိုးကို သတ်ရန်တစ်ခုသာဖြစ်သည်။ အကျိုးဆက်အနေဖြင့် မိုးကြိုးပစ်ခံရသည်။ လေပွေစုပ်ခံရသည်။ ထို့နောက် အလွန်ကြောက်မက်ဖွယ်သွေးသားရဲ၏ ရိုက်နှက်ခြင်းကို ခံရပြန်လေသည်။
ထို့ကြောင့် သူ့အတွက်တော့ ဤနေရာမှ အသက်ရှင်လျက်လွတ်မြောက်နိုင်ခြင်းသည် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်မည်ဟုပင် တွေးလာလေသည်။
“သူ့ထက် ငါရဲ့ ကျင့်ကြံခြင်းအခြေခံက မြင့်တာပဲ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ နေတာလဲ ကြာပေါ့ ။ ဘာကြောင့် ဒီကမ္ဘာက ငါ့ကို ဒီလို ဆက်ဆံရတာလဲ”
မျက်ရည်များမှာ သူ၏ ပါးပြင်ပေါ်မှ အဆက်မပြတ်စီးကျနေသည်။ ဤကမ္ဘာထဲ သူရောက်သည့်အချိန်မှစပြီး သူ့မှာ အိပ်မက်ဆိုး မက်နေသည့်အလား ခံစားလာရလေသည်။
ထို့ကြောင့် သူက ညမုဆိုးကို သေမတတ်ကြောက်သွားပြီး သူ့ကိုနောက်ထပ်ရန်စရန် မည်သူမျှ မသိမ်းသွင်းနိုင်လေပြီ။ ထို့ပြင် သူက နွံအိုင်တောင်ထိပ်၏ သွေးသခင်နှင့်အတူ ရွှယ်မေ့ကိုပါ ခါးခါးသီးသီး မုန်းတီးလာသည်။ ဤနေရာကို ရောက်နေရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ရွှယ်မေ့ကြောင့်ပင်ဖြစ်သည်။ ထိုသို့မဟုတ်ခဲ့လျှင် ညမုဆိုးနှင့် တိုက်ခိုက်ရန် ဘယ်အခါမှ တိုက်တွန်းခြင်းခံရမည်မဟုတ်ချေ။ သို့တည်းမဟုတ် နွံအိုင်တောင်ထိပ်သွေးသခင်ထံမှ တာဝန်ကို လက်ခံခဲ့မည် မဟုတ်ပေ။သူက ညမုဆိုးကို သတ်ရန် အကြိမ်ဖန်များစွာ မကြိုးပမ်းခဲ့လျှင် ယခုကဲ့သို့ တစ်ကမ္ဘာလုံး သူ့ကို ပစ်မှတ်ထားနေသည့် အခြေအနေနှင့် အဆုံးသတ်မည်မဟုတ်ချေ။
“တရားမမျှတလိုက်တာ…” ကျင်းလဲ့က တောင်ထိပ်နှင့်ကမ္ဘာ၏စိတ်ဆန္ဒသို့ အမှန်တကယ်ပင် နီးစပ်နေပြီဖြစ်သည်။ သို့သော်လည်း တောင်ထိပ်ပေါ်၌ သွေးသားရဲများစွာရှိနေသဖြင့် ထိုအနားသို့ ကပ်ရန် မျှော်လင့်ချက်ပင် မရှိပေ။
ကျားလဲ့က စိတ်ပျက်လက်ပျက်ဖြစ်နေစဥ် အတန်ငယ်ဝေးသောနေရာတွင် ပိုင်ရှောင်ချန်းက လေကို ဖြတ်၍ ပျံသန်းလာလေသည်။ သူ့ရှေ့ရှိ တောင်ကိုကြည့်ပြီး သူလုပ်ရမည့်အရာမှာ ထိုတောင်၏ ထိပ်သို့ သွားရန်ဖြစ်ကြောင်း ပြင်းထန်စွာ ခံစားလိုက်ရသည်။ ထို့နောက် သွေးမီးလျှံစမ်းသပ်ပွဲ၏ ပထမအဆင့်ကို အောင်နိုင်မည်ဖြစ်သည်။
သို့စေကာမူ သူနီးကပ်သွားသည်နှင့် ယခင်က ဧရာမနဂါးကြီးမှာ တောင်နောက်မှ ခေါင်းထွက်လာပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေသည်။ တချိန်တည်းမှာပင် မရေမတွက်နိုင်သော ထိတ်လန့်ဖွယ် အငွေ့အသက်များက တောင်ကြီးထံမှ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းထံသို့ စူးစိုက်နေကြသည်။ သူခြေတစ်လှမ်းရွေ့လိုက်သည်နှင့် သွေးသားရဲများက တိုက်ခိုက်လိမ့်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက တုန့်ခနဲ ရပ်သွား၏။ အစောပိုင်း၌ သူက ဧရာမလက်ကြီးကို ရိပ်ခနဲသာ မြင်လိုက်လေသည်။ သို့သော် ယခုတွင်မူ သူက သွေးသားရဲများကို မျက်နှာချင်းဆိုင်တွေ့လိုက်ရသဖြင့် အပြင်ဘက်ကမ္ဘာရှိ တောရိုင်းသားရဲအမျိုးအစားနှင့် အတော်လေး ဆင်တူသည်ကို သဘောပေါက်သွား၏။ တစ်ခုတည်းသော ခြားနားချက်မှာ သူတို့က သွေးရောင်အတိဖြစ်နေခြင်းပင်ဖြစ်သည်။ အမှန်မှာ သူတို့က ပြဿနာသားရဲကောင်များနှင့် တူပုံရလေသည်။
ကံမကောင်းစွာပင် သွေးသားရဲများက ပိုင်ရှောင်ချန်းကို မလိုမုန်းထားမှုဖြင့် စိုက်ကြည့်နေသဖြင့် စိက်ပျက်နေသော ကျားလဲ့ကို ရုတ်တရက် ပျော်ရွှင် အူမြူးသွားစေသည်။ ရင်ခုန်နေလျက် သူ့မျက်လုံးများက ပြူးကျယ်လာပြီး ထိုနေရာတွင် မျှော်လင့်ချက်ရောင်ခြည်များသန်းလာလေသည်။
“သူလဲ တောင်ပေါ်ကို သွားမရဘူးကွ” ကျားလဲ့က စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်သည်။ နောက်ဆုံးတွင် သူ၏ အခွင့်အရေးရောက်ရှိလာလေပြီ။ အလျင်အမြန်ပင် သူက ပုန်းလိုက်ကာ ပိုင်ရှောင်ချန်းကို တည့်မတ်မတ်ကြည့်လိုက်ပြီး အလစ်ဝင်တိုက်ရန် ချောင်းနေလေသည်။
ပိုင်ရှောင်ချန်းမှာ တောင်လုံးပြည့် သွေးသားရဲများကိုကြည့်လိုက်ပြီး ခေါင်းကိုက်လာသည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်ပြီးသော် သူက ဆောင်ရွက်ရန် အကောင်းဆုံးအရာမှာ သူ့ကို ဤကမ္ဘာက မည်မျှကာကွယ်ပေးနိုင်ကြောင်းကို စမ်းသပ်ရန်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက သတိကြီးစွာ ရှေ့သို့တိုးလိုက်လေသည်။ အကယ်၍ သွေးသားရဲများက ပြင်းပြင်းထန်ထန် ပြုမူလျှင် သူနောက်ပြန်ပြေးနိုင်လေသည်။
တောင်ထိပ်ပေါ် အမှန်တကယ်ခြေချနိုင်သည်အထိ သူက တစ်လှမ်းချင်း ဖြေးဖြေးချင်း အနီးကပ်သွားလိုက်သည်။ ထိုသို့ ခြေချလိုက်သည်နှင့် သူက ပို၍ပင် နှလုံးတုန်လာ၏။ သို့သော်လည်း သွေးသားရဲများက သူ့ကို ကြည့်ရုံသာကြည့်ပြီး တစ်ကောင်မှ သူ့လမ်းကို တားဆီးရန် လှုပ်ရှားမည့်ပုံမပေါ်သဖြင့် ထိတ်လန့်ရင်တုန်မှုများမှာ အလျင်အမြန်ပျောက်ကွယ်သွားလေသည်။
အားရကျေနပ်သွားပြီး အဟန့်အတားမဲ့စွာဖြင့် သူက အေးအေးလူလူပင် ရှေ့ဆက်လမ်းလျှောက်သွားလေသည်။ ထိုအချိန်အတောအတွင်း သမုဒ္ဒရာပေါ်တွင် ရပ်နေသည့် ကျားလဲ၏ မျက်လုံးမှာ အံ့သြမှုနှင့်အတူ ပြူးထွက်လာတော့သည်။
“ငါသိပြီ….၊ ဒီမှာ သွေးသားရဲ အများကြီးရှိပေမယ့် သတ်ဖြတ်လိုစိတ်မရှိသရွေ့ သွေးသားရဲတွေက နှောင့်ယှက်လိမ့်မှာ မဟုတ်ဘူး.. ။ အဲ့လို သေချာလုပ်ရမှာပါလား”
” ဥပမာဆိုရင် ငါက တောင်ဘေးက ဒီ သမုဒ္ဒရာရဲ့ ရေပြင်ပေါ်မှာ ရပ်နေတာပဲ.. ခုထိ ရေအောက်က သွေးသားရဲတစ်ကောင်မှ ငါ့ကို မတိုက်သေးဘူး။ ဒါက ငါ့မှာ သတ်ဖြတ်လိုစိတ်မရှိတာမလို့ဆိုတာ အသေအချာပဲ ”
ကျားလဲက အနည်းငယ်တွန့်ဆုတ်နေပြီး သိပ်မယုံကြည်နေဆဲပင်ဖြစ်သည်။ သို့သော်လည်း ထိုအချက်ကို လက်လျှော့လိုက်ပါက သူ၏ မျှော်လင့်ချက်များ ပျက်စီးသွားမည်ဖြစ်သည်။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်လိုက်ပြီး အခိုင်အမာဆုံးဖြတ်ထားသည့် အမူအရာဖြင့် လေထဲသို့ ပျံတက်လိုက်သည်။ သူ့မှာ သတ်ဖြတ်လိုစိတ်မရှိစေရန် အသေအချာပြုလုပ်လိုက်ပြီး တတ်စွမ်းနိုင်သမျှ သတိတရားဖြင့် သူက ရှေ့သို့ လှမ်းလိုက်လေသည်။
မကြာမီ သူက တောင်အနီးသို့ရောက်လာသဖြင့် များပြားလှစွာသော သွေးသားရဲတို့၏ အကြည့်က သူ့ထံ သက်ရောက်လာသည်။ ကျားလဲ့ကခေါင်းကြိမ်းလာကာ နံရိုးများပင် တုန်ခါလာသဖြင့် ရုတ်ခြည်း ရပ်လိုက်လေသည်။ သို့သော်လည်း သူက ပြုံးမြဲ ပြုံးထားဆဲပင်ဖြစ်သည်။
“ဘာမှမဖြစ်ဘူး…အေးဆေး.. အေးဆေး” သူကပြောသည်။ ” ငါက ဒီတိုင်းဖြတ်သွားရုံလေးပဲကို….”
သို့သော် သူပါးစပ်ဖွင့်လိုက်သည့် အခိုက်တွင် ဧရာမသွေးရောင်လွှမ်းနဂါးကြီးက ရုတ်တရက် မာန်ဖီလိုက်ပြီး လေထဲသို့ ပျံတက်လာပြီး ကျားလဲ့ထံ ထိုးဆင်းလာသည်။ တချိန်တည်းမှာပင် မရေမတွက်နိုင်သော သွေးသားရဲများက သတ်ဖြတ်လိုစိတ်အခိုးအငွေ့များ ထုတ်လွှတ်လျက် ကျားလဲ့ထံ ဦးတည် ပျံသန်းလာနေသည်။
သမုဒ္ဒရာရေအောက်ရှိ မျက်လုံးများပွင့်သွားပြီး မရေမတွက်နိုင်သော သွေးဘီလူးကြီးများက ခုန်တက်လာကာ ကျားလဲ့ကို ပတ်ပတ်လည် ဝန်းရံလျက် ဟိန်းဟောက်နေကြသည်။
ကျားလဲ့က အသည်းခိုက်စွာအော်လိုက်ပြီး မျက်ရည်များကျလာသည်။
” မတရားဘူးးးး.မင်း… နောက်နေတာလား” သူ့ပတ်လည်ရှိ ကမ္ဘာကြီးက သူ့ကို မည်သို့မည်ဖုံကစားခဲ့ကြောင်း ငိုကြွေးနေသည်။ သွေးသားရဲများက သူ့ကို ခုန်အုပ်လိုက်သောကြောင့် သူ၏ သွေးပျက်ဖွယ်အော်သံမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ ကြောက်ဒူးတုန်နေလေသည်။ သွေးသားရဲများ၏ရုတ်တရက်အော်သံက သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသဖြင့် တိုက်ခိုက်ရန်ပြင်ဆင်လုနီးပါးဖြစ်သွားသည်။ သို့သော် သွေးသားရဲများက ကျားလဲ့ကိုသာ တိုက်ခိုက်နေကြောင်း နားလည်သွားလေသည်။
သူက အစတွင် ကျားလဲ့ကို စိုးရိမ်သွားသော်လည်း သူပတ်လည်ရှိ ကမ္ဘာတွင် သူ၏ ကိုယ်ပိုင်အရေးပါမှူကို သဘောပေါက်သွားပြီးနောက် သူ့ကို အလွန်အာရုံစိုက်နေခြင်းကို ရပ်လိုက်သည်။ သို့စေကာမူ ယခုအချိန်တွင် သူက အတော်စိတ်မကောင်းဖြစ်နေလေသည်။
သူ့ကို ကျားလဲ့က လှည့်စားသည်ဟု စွပ်စွဲနေခြင်းအား ကြားလိုက်ရသောအခါ သူက ခြောက်ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်သော်လည်း အထွေအထူးရှင်းပြစရာမလိုချေ။ ဤကမ္ဘာကို ရောက်လာပြီးနောက် သူ့မှာ လျှောက်ပျံနေသည်က လွဲ၍ ဘာတစ်ခုမှပင် မလုပ်ရသေးပေ။
တောင်ပေါ်တွင်ပင်လျှင် သွေးသားရဲများက အလွယ်တကူ ဖြတ်သွားစေလေသည်။
ဤကမ္ဘာက သူ့ကို ကောင်းမွန်စွာ ဆက်ဆံသည်ဟု ပိုင်ရှောင်ချန်း အမှန်တကယ် ခံစားရသည်။ သူက သွေးသားရဲများ အလယ်မှ ကျားလဲ့ကို ပြန်ကြည့်လိုက်ပြီး ကာမအားတိုးဆေးလုံးကို အောက်သို့ ပစ်ချရန် စဥ်းစားလိုက်သည်။
“အာ…မလုပ်သင့်ဘူး..။ ငါက လူကောင်းတစ်ယောက်ပဲဟာ…” သက်ပြင်းချလိုက်ပြီး တောင်၏ ထိပ်သို့ ဆက်သွားလိုက်သည်။ ထိုနေရာတွင် သူက တဖျပ်ဖျပ်တောက်ပနေသော အလင်းများ ထုတ်လွှတ်နေသည့် သူ့ကို လှမ်းခေါ်နေပုံရသော ကျောက်ပြားတစ်ခုကို တွေ့လိုက်ရသည်။
တွေးတောပြီးနောက် သူက ကျောက်ပြားနား တိုးကပ်သွားပြီး ၄င်း၏ မျက်နှာပြင်တွင် သူ့လက်ကို တင်လိုက်သည်။ ရုတ်ခြည်း သူ၏ နတ်စွမ်းအင်မှာ တစ်ကမ္ဘာလုံးသို့ ပြည့်နှက်ပျံ့နှံသွားပုံပေါ်လေသည်။
ဤကမ္ဘာမှာ တစ်နည်းနည်းဖြင့် သူ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသကဲ့သို့ပင်ဖြစ်သည်။
ထိုအချိန်တွင် သွေးသမုဒ္ဒရာကြီးက အမြှုပ်တစီစီဆူပွက်လာသည်။ ကန္တာရသဲပွင့်များသည်လည်း လေထဲသို့ မြောက်တက်လာသည်။ မိုးကောင်းကင်သည် တုန်ခါသွားပြီး ကုန်းမြေသည် တုန်လှုပ်လာသည်။ အပင်နှင့်တကွ ကမ္ဘာထဲရှိ အရာခပ်သိမ်းမှာ သဘောကျလက်ခံမှု၊ ကြည်ညိုလေးစားမှု၊ ပျော်ရွှင်မှုတို့ဖြင့် စတင်လှုပ်ခါလာသည်။
သွေးသားရဲများသည်လည်း တောင်ပေါ်တွင် ရပ်နေသည့် ပိုင်ရှောင်ချန်းကို အသိအမှတ်ပြု သစ္စာခံလိုက်သဖြင့် ဟိန်းဟောက်ကြပြီး ကျိုးနွံစွာ အရိုအသေပေးကြလေသည်။
အသက်ချမ်းသာရာရသွားသဖြင့် ကျားလဲ့မှာ တသိမ့်သိမ့်တုန်ရီကာ ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်ပြီးနောက် သူက ယခုအတွေ့အကြုံ သို့တည်းမဟုတ် တစ်ကမ္ဘာလုံး၏ ဧကရာဇ်သဖွယ် ရပ်နေသည့် ညမုဆိုးကို ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ချေ။