Switch Mode

အခန်း ( ၂၄၄ )

နာနာကျည်းကျည်း မုန်းတီးသွားခြင်း

ပိုင်ရှောင်ချန်း၏မျက်လုံးများ ပြူးကျယ်သွား၏။ အစောပိုင်းက ရွှယ်မေ့၏ ဓမ္မအစောင့်ရှောက်သူများအကြားတွင် ကျားလဲ့က ထင်ပေါ်နေသောကြောင့် သူသတိထားမိခဲ့ခြင်းဖြစ်သည်။ သူ၏တိုက်ကွက်မှာ အင်အားကြီးစွမ်းအင်နှင့်အတူ ပေါ်ထွက်လာသဖြင့် ပိုင်ရှောင်ချန်းက ဖြုံစရာကောင်းသော ပြိုင်ဘက်တစ်ယောက်ဟု တမုတ်ဟုတ်ချင်း သိလိုက်လေသည်။

” မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ငါ့ထက်သာပေမယ့်.. ငါ့ကို ချုံခိုတိုက်ဖို့ စောင့်ပုန်းနေတယ်တဲ့လား ” သူက ကျယ်ကျယ်လောင်လောင် အံ့အားသင့်စွာပြောလိုက်သည်။
” ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ..။ ရွံစရာကောင်းလိုက်တာ..။ငါ မင်းရဲ့အကျင့်ကို မုန်းတယ်ကွ ။ မင်းလိုကောင်မျိုးကလေ မိုးကြိုးပစ်ခံထိသင့်တာ ” ပိုင်ရှောင်ချန်းက လွန်စွာဒေါသထွက်နေပြီး တိုက်ကွက်ထုတ်ရန်ပြင်လိုက်စဥ် ရုတ်တရက် မယုံကြည်နိုင်မှုနှင့်အတူ မျက်လုံးတို့ ပြူးသွားလေသည်။ ကျားလဲ့သည်လည်း နောက်ဖြစ်လာသည့်အရာကြောင့် လုံးဝအံသြသွားလေသည်။

ပိုင်ရှောင်ချန်းပါးစပ်မှ စကားလုံးတို့ထွက်သွားချင်း ကျားလဲ့က လှောင်ရယ်လိုက်ပြီး သူ၏သွေးရောင်လွှမ်းလက်ကြီးကို ရှေ့သို့ပို့လွှတ်လိုက်သည်။

သို့သော်လည်း မည်သည့်သတိပေးချက်မျှမပါပဲ နားကွဲလုမတတ် အုန်းခနဲ မြည်သံကြီးက ကောင်းကင်တွင် ထစ်ခြုန်းသွားပြီး ရေပုံးမျှထူသည့်လျှပ်စီးကြောင်းတစ်ခုပေါ်လာလေသည်။ ကျားလဲမှာ မတုံပြန့်နိုင်လိုက်မီ ၄င်းက သူ့ကို ရိုက်ချလိုက်လေသည်။

ဝုန်းခနဲမြည်သံကြီးပဲ့တင်ထပ်သွားသဖြင့် ပိုင်ရှောင်ချန်းမှ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ကျားလဲ့က စူးစူးဝါးဝါးအော်လိုက်ပြီး သွေးရောင်လွှမ်းလက်ကြီးမှာ ပျက်စီးသွား၏။ ပိုင်ရှောင်ချန်းဘာမှမလိုက်နိုင်ခင် ဒုတိယ လျှပ်စီး မိုးကြိုးတစ်ခုက ပေါ်လာပြီးနောက် တတိယမြောက် ပြီးလျှင် စတုတ္ထမြောက် ။ ထိုမိုးကြိုးအားလုံးမှာ ကျားလဲ့ထံတစ်ရှိန်ထိုးပြေးသွားလေသည်။

ကျားလဲမှာ မိုးကြိုးပစ်ခံလိုက်သည်နှင့် အာခေါင်ခြစ်အော်လိုက်ပြီး သူ့ပါးစပ်မှ သွေးတို့ပန်းထွက်လာလေသည်။ တချိန်တည်းမှာပင် သူ့မျက်နှာတွင် လုံးဝ မယုံကြည်နိုင်သော အကြည့်ကို မြင်လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ” သူက နောက်သို့ တတ်နိုင်သမျှ မြန်မြန်ဆုတ်ရင်း ပြင်းပြင်းထန်ထန်အော်ပြောလိုက်သည်။
” ဒီဟာက ဘာနတ်ဘုရားစွမ်းရည်လဲ.. ညမုဆိုး” ထို့နောက်သူက ကောင်းကင်ကို ကြည့်လိုက်ရာ မိုးကြိုးလျှပ်စီးကြောင်းတစ်ရာကျော်ပေါ်လာပြီး သူ့ထံ နိမ့်ဆင်းလာသည်တွေ့ရသောအခါ ထိတ်လန့်မှုကြောင့် သူ၏ဦးခေါင်းမှာ ပေါက်ကွဲထွက်လုမတတ်ပင်ခံစားလိုက်ရလေသည်။

” မဖြစ်ဘူး ” ကျားလဲ့က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းနှင့် ဆက်နွှယ်နေသည့်အတွေးတို့ ပျောက်သွားလေသည်။ သူက သူ့ခေါင်းထိပ်ကိုရိုက်လိုက်ပြီး အသင့်အတင့် ကာကွယ်ပေးနိုင်သော ရှေးဟောင်းဒိုင်းငယ်အပျက်အစီးတစ်ခုကို သူ့ပါးစပ်မှ ထုတ်ကာ ပျံပြေးသွားလေသည်။

သို့သော်လည်း ဒိုင်းငယ်က သူ့တို့ကိုခုခံရန်ကြိုးစားသော်ငြား လျှပ်စီးမိုးကြိုးတစ်ရာကျော်က ဆက်တိုက်ပစ်နေသဖြင့် ကျားလဲ့မှာ သွေးတို့ထပ်အန်နေလေသည်။ နောက်ဆုံးဒါဇင် သို့မဟုတ်ထို့ထက်ပိုသည့် လျှပ်စီးမိုးကြိုးတို့ကို ဒိုင်းငယ်မှာ မခံနိုင်တော့သည့်နောက်ဆုံးအစိတ်စိတ်အမြွှာအမြွှာကွဲကြေသွားလေသည်။ ထိုအခိုက်တွင် သူက စက္ကူအဆောင်လက်ဖွဲ့အားထုတ်ပြီး မီးရှို့လိုက်သဖြင့် သူ၏အရှိန်မှာ အလွန်မြန်သွား၏။ ထို့နောက် တင်ပါးနှင့်ဖနောင့်တစ်သားတည်းကျအောင် သုတ်ခြေတင်တော့သည်။

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်ကာ လေထဲတွင်ရပ်နေ၏။ သူ့မှာ တိုက်ကွက်ထုတ်ရန်ပင် အခွင့်မသာလိုက်ချေ။ သူလုပ်ခဲ့သည်မှာ စကားအချို့ပြောလိုက်ခြင်းသာဖြစ်သည်။

၄င်းက လုံးဝအံ့သြစရာဖြစ်ပြီး မတွေးတတ်အောင် ခက်ခဲနက်နဲသော မြင်ကွင်းတစ်ခုပင်။ သူ့နားသို့ ကျားလဲ့နီးလာသည့်တခဏမျှအချိန်လေးအတွင်း သူ့မှာလျှပ်စီးမိုးကြိုးတစ်ရာကျော်၏ ပစ်ချခံလိုက်ရပြီးနောက် အမြီးကုပ်၍ပြေးသွားလေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက သတိကြီးကြီးထားလိုက်ပြီး သူ့ကိုထွက်ပြေးစေလိုက်သည်။

သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း သူကကောင်းကင်မော့ကြည့်လိုက်ပြီး တစ်ဖန် ကျားလဲ့ပျံပြေးသွားသည်ကို ကြည့်လိုက်သည်။ မျက်တောင်ခတ်လျက် သူက ရုတ်တရက် စိတ်လှုပ်ရှားလာသည်။

“မဟုတ်မှ လွဲရော… ..ငါကိုယ်တိုင်တောင်မသိလိုက်ပဲ.ငါ့ကျင့်ကြံခြင်းအခြေခံက စကားတစ်ခွန်းပြောလိုက်တာနဲ့ တစ်ယောက်ယောက်ကို သတ်နိုင်တဲ့အဆင့်ထိရောက်သွားတာလား”

ထိုအတွေးကြောင့်စိတ်လှုပ်ရှားလာပြီး ထိုအကြောင်းတွေးလေလေ မဖြစ်နိုင်မှန်းသိလာ၏။ နောက်ထပ်တွေးပြီးနောက် သူက တိုက်ဆိုင်မှုတစ်ခုမဟုတ်လျှင် ထာဝရအသက်ရှည်နည်း ပညာရပ်ကြောင့်ဖြစ်မည်ဟု မှတ်ချက်ချလိုက်သည်။ အမှန်တွင် သူက ကျားလဲ့ထပ်ပေါ်လာစေရန် မျှော်လင့်နေပြီး သို့မှသာလျှင် ထိုကိစ္စကို တော်တော်ဝေးဝေး ခွဲခြမ်းစိတ်ဖြာနိုင်လေမည်။

သိချင်စိတ်ပြင်းပြခြင်းနှင့်မျှော်လင့်စောင့်စားမှုတို့ဖြင့်ပြည့်နေလျက် သူက သွေးသမုဒ္ဒရာကြီးပေါ်မှ နှေးကွေးစွာ ပျံသွားလေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းနှင့် အလှမ်းဝေးသည့်တစ်နေရါတွင် ကျားလဲ့မှာ နောက်ဆုံးတွင် သမုဒ္ဒရာနှင့်နီးသည့်ပတ်ဝန်းကျင်ကိုရောက်လာပြီးရပ်လိုက်သည်။ သွေးတို့က မေးစေ့မှ စီးကျနေပြီး သူ၏မျက်လုံးတို့မှာ အမျက်ဒေါသဖြင့်တောက်လောင်နေသည်။ သို့သော်လည်း ထိုဒေါသအတွင်းတွင် စိုးရိမ်ပူပန်မှုနှင့်အတူ ထိတ်လန့်ကြောက်ရွံ့မှုကိုပါ တွေ့နိုင်လေသည်။ ယခုအခိုက်အတန့်တွင် သူကိုပစ်ချသည့်မိုးကြိုးက ညမုဆိုး၏နတ်ဘုရားစွမ်းရည်ထဲကတစ်ခုမဟုတ်ကြောင်း အခိုင်အမာယုံကြည်လေသည်။

“သူဘယ်လိုများလုပ်လိုက်တာလဲ..။ချီးပဲ…..။ တကယ်ကြီး ဘယ်လိုလုပ်လိုက်တာလဲဟ။ ငါ့ကို မိုးကြိုးအများကြီးပစ်ချအောင် ဘယ်လိုတောင် လုပ်နိုင်တာတုံး”

“နေဦး…သိပြီ။ ညမုဆိုးကို ဝမ်းလျှောမိစ္ဆာလို့လဲ ခေါ်တယ်လေ။ သူက ရက်ရက်စက်စက်အကြင်နာတရားကင်းမဲ့ပြီး ဉာဏ်နီဉာဏ်နက်သမားဆိုပဲ။ ငါချုံခိုတိုက်မှာသိလို့ အနားရောက်လာတဲ့သူမှန်သမျှကို မိုးကြိုးပစ်ခံရအောင်လုပ်ထားတာပဲဖြစ်မယ်”
အတွေးတချို့တွေးပြီးနောက်တွင် သူက ထိုတစ်ခုသာလျှင်အဓိပ္ပါယ်ရှိသည့် ဖြစ်နိုင်သောအယူအဆဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။ သူကအလုံးစုံမယုံကြည်သော်လည်း အခြားအကြံဉာဏ်တို့မှာ ခေါင်းထဲမှထွက်မလာချေ။

“အဲဒီအိုအေစစ်က တစ်ခုခုတော့တစ်ခုခုပဲ။ သဲကန္တာရကိုနယ်နိမိတ်သတ်မှတ်ထားတဲ့နေရာမှာ မတည်ငြိမ်တဲ့ အငွေ့အသက်တွေရှိတယ်။ ငါရုတ်တရက်ပေါ်လာပြီး ကျင့်ကြံခြင်းအခြေခံကိုဖော်ထုတ်တာက သဘာဝတရားကို နှောင့်ယှက်မိသွားကြောင့်များလား။ ဆေးဖော်တဲ့သူတစ်ယောက်အနေနဲ့ ညမုဆိုးက ငါ့ထက် အဲ့အကြောင်းတွေအများကြီးသိမှာပဲ။ အဲ့တာကိုအခွင့်ကောင်းယူပြီး မိုးကြိုးဖြစ်စေတာပဲဖြစ်မယ်” ကျားလဲ့က အံတင်းတင်းကြိတ်လိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်များမှာ ယခင်ထက်ပို၍မြင့်တက်လာလေသည်။

“ငါကောင်းကောင်းပြင်ဆင်ပြီးတိုက်ရင် ဒီကောင် ငါ့နောက်တိုက်ကွက်ကို သေချာပေါက်မလွတ်စေရဘူး။ မင်းကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်။ သေချင်းဆိုးနဲ့သေရမယ်ကွ” ကျားလဲ့က ထိုကဲ့သို့သော ကံမကောင်းမှုမျိုးကို မကြုံဖူးသဖြင့် စိတ်တည်ငြိမ်ရန် အချိန်တော်တော်ယူလိုက်ရလေသည်။

” ငါ့ရဲ့ ကျင်ကြံခြင်းအခြေခံ တော်တော်များများထုတ်ပြီး သက်စောင့်အားနဲ့ အငွေ့အသက်တွေကို ဖုံးထားရမယ်။ ဒီဖုံးကွယ်မှုအဆင့်မျိုးနဲ့ဆိုရင် အခြေခိုင်မာခြင်းအဆင့်ကဘယ်သူမှ ငါနဲ့ပေသုံးရာအတွင်းမရှိမချင်း ငါ့ကို သတိထားမိမှာမဟုတ်ဘူး။ ” သူက အံကြိတ်လိုက်ပြီး ရုတ်တရက် သူ့မျက်နှာမှာနီသွားပြီး သူ့တစ်ကိုယ်လုံး နုံးခွေသွားလေသည်။ ထို့နောက် သူက ခုံးကြောင်ခိုးဝှက်ဖြင့် ရှေ့သို့ ကုပ်ချောင်းကုပ်ချောင်းသွားလိုက်သည်။

သမုဒ္ဒရာတွင် လတ်တလော ပျံသန်းနေသော ပိုင်ရှောင်ချန်းကိုခြေရာခံရန် သူ့အတွက် သုံးရက်ခန့်ကြာလေသည်။ သူကပျံနေသောကြောင့် လှိုင်းငယ်တို့ပေါ်လာပြီး သို့တိုင်အောင် သွေးသားရဲတစ်ကောင်မှကို ဘယ်နေရာတွင်မှ မတွေ့ရချေ။ ပိုင်ရှောင်ချန်းသည် သွေးသားရဲတို့က မည်သည့်ပုံစံရှိသည်ကို အလွန်စိတ်ဝင်တစားရှိသော်လည်း ယခုထက်ထိသူ့မှာ တစ်ကောင်မှ မမြင်ရသေးပေ။

သူက ပျင်းပျင်းရိရိပျံသန်းနေချိန်တွင် ရုတ်တရက် သူ့ဘယ်ဖက်ရှိ ပေသုံးရာခန့်တွင် လေထုကြီး တွန့်လိမ်ရှုံ့တွလာသည်ကို သတိထားမိလိုက်လေသည်။ သူ့ခေါင်းလှည့်ကြည့်လိုက်ရာ ကျားလဲ့ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။

ကျားလဲ့က ခေါင်းနောက်လှန်ပြီး ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်သည်။ မျက်လုံးတို့ရဲရဲနီလျက် သူ့တစ်ကိုယ်လုံးဖုံးလွှမ်းသွားသည့် သွေးမြူတိမ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီးနောက် ကြောက်ခမန်းလိလိ ဧရာမခေါင်းကြီးအသွင်ပြောင်းသွားကာ ပိုင်ရှောင်ချန်းထံ ဝါးစားလုမတတ် ပြေးလာလေသည်။

“သေဖို့အချိန်ကျပြီ.. ညမုဆိုး” သူနှင့်ဘယ်လောက်နီးနေသည်ကို စဥ်းစားလိုက်သောအခါ ထိုသွေးမြူခေါင်းကြီးက ပိုင်ရှောင်ချန်းရှေ့ရောက်ရန် တခဏသာကြာလိုက်လေသည်။

ပိုင်ရှောင်ချန်းမတုံ့ပြန်နိုင်မီ နှင့် သွေးမြူခေါင်းကြီးသူ့ထံတကယ်မရောက်လာခင် ကောင်းကင်နှင့်မြေပြင်ကိုဖြတ်၍ အလင်းတန်းကြီးတစ်ခုလက်သွားပြီး လေတဝေါဝေါတိုက်ကာ မိုးသီးမိုးပေါက်တို့ကျလာလေသည်။ ထို့နောက် မှန်းဆရန် ခဲယဥ်းသည့် အင်အားကြီးလေပြင်းမုန်တိုင်းတစ်ခုက ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ထွက်ပေါ်လာ၏။

လေပြင်းကြောင့် သမုဒ္ဒရာရေတွင် တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးတို့ မြင့်တက်လာသည်။ ၄င်းက သွေးမြူခေါင်းကြီးကို ရိုက်ခတ်သွားသဖြင့်် ထိုခေါင်းကြီးမှာ ပေါက်ကွဲသွားပြီး တခိုက်ခိုက်တုန်ကာ အော်ဟစ်နေသော ကျားလဲ့ပေါ်ထွက်လာလေသည်။

“မဖြစ်နိုင်ဘူး..။ မင်းဒါကိုဘယ်လိုလုပ်များလုပ်နေတာလဲ ညမုဆိုး”

သူ့ကို လေပြင်းမုန်တိုင်းက ဝါးမြိုသွားသဖြင့် အဝတ်အစားတို့မွစာကြဲသွားကာ သွေးများစီးကျလာရသည်အထိ အရေပြားတို့စုတ်ပြတ်သွားပြီး ကူရာမဲ့ဖြစ်သွားလေသည်။ ထိုအဆိုးရွားဆုံးအခိုက်အတန့်တွင် ကျားလဲ့က သူ၏ အသက်ကယ်မှော်ပစ္စည်းကိုဆွဲထုတ်လိုက်ပြီး တည်နေရာရွှေ့ပြောင်းလိုက်လေသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှုလိုက်၏။ လွန်ခဲ့သော တခဏက သူ့မှာ ကျားလဲ့ထံမှ မီတာခြောက်ဆယ်ခန့်သာ ဝေးသည့်တိုင်အောင် လေပြင်းမုန်တိုင်းနှင့် သမုဒ္ဒရာလှိုင်းလုံးကြီးတို့ကြောင့် သူ၏ဆံခြည်မျှင်တစ်မွှေးမှပင် မလှုပ်လိုက်ပေ။

ထိုမီတာခြောက်ဆယ်က မိုးနှင့်မြေကြီးကွာဟမှုကဲ့သိုပင်။

ပိုင်ရှောင်ချန်းက ကြောက်ကြောက်လန့်လန့်ပျံပြေးသွားသော ကျားလဲ့ကို နှုတ်ဆိတ်စွာ စောင့်ကြည့်လိုက်သည်။ ယခုဖြစ်သွားသည့်အရာကိုသဘောမပေါက်ပါက ပိုင်ရှောင်ချန်းမဟုတ်တော့ပေ။

“ဒီကမ္ဘာက ငါ့ကို ကာကွယ်ပေးနေတာလား။ ထာဝရအသက်ရှည်နည်း ပညာရပ်ကြောင့် ငါတို့ဆက်နွယ်သွားတာမလို့ ဒါက ငါ့ကို ကူညီနေတာလား”

စိတ်လှုပ်ရှားပြီး သူက ကမ္ဘာကြီးကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ထိုအကြောင်းထက်ခိုင်လုံသည့်အချက်မရှိတော့ပေ။ ရင်ခုန်လျက် သူက မေးကိုပင့်လိုက်ပြီးနောက် သူ့အကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

“လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့..ကျုပ်ပိုင်ရှောင်ချန်းက အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေကို ချက်ချင်းပြာအဖြစ်ပြောင်းပစ်မယ် ”

ဂုဏ်ယူမာန်တက်ခြင်းကြောင့် သူ၏စိတ်လှုပ်ရှားမှုတို့ ပြောင်စင်သွားသည်။ ထို့နောက် သူက သက်ပြင်းချရင်း ကြီးကျယ်ခမ်းနားသောဟန်ဖြင့် လေထဲပျံတက်သွားလေသည်။ ထိုအချိန်တွင် အတော်လှမ်းလှမ်းနေရာ၌ ကျားလဲ့မှာ ပါးစပ်အပြည့်သွေးတို့အန်နေလေသည်။ ထို့ပြင် သူ့မှာ သွပ်သွပ်ခါရူးလုနီးပါးဖြစ်နေ၏။

” ချီးး.ချီး.. ချီးပဲ” တဆတ်ဆတ်တုန်ယင်နေပြီး သူ့မှာ ထိုအခြေအနေကို လွယ်လင့်တကူ လက်မခံနိုင်ပေ။

“ပထမ..မိုးကြိုး နောက် ဒီမုန်တိုင်း။ ဘယ်လိုများ ဒီကောင် ညမုဆိုးတစ်ယောက်တည်း လုပ်နေတာလဲ။ ဒီကမ္ဘာက သူ့ကို ဂရုစိုက်နေတာလို့တော့ မပြောနဲ့…။ ငါမယုံနိုင်ဘူး..။ လက်မခံနိူင်ဘူးဟေ့” ထို့နောက် သူက နောက်သွေးတစ်ပွက်အန်လိုက်လေသည်။ မျက်လုံးတို့က သွေးချင်းနီလျက် သူ၏ အနာတရပျက်စီးနေသောကိုယ်ကို ငုံ့ကြည့်လိုက်ပြီး သူ့ညာလက်တွင် ထည့်စရာအိတ်ခပ်တင်းတင်းဆုပ်ကိုင်ထားသေးကြောင်း မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွား၏။

သူက သတ်ဖြတ်လိုစိတ်များတောက်လောင်နေလျက် အဝတ်လဲလိုက်လေသည်။ သူ၏ ပိုင်ရှောင်ချန်းကို မုန်းတီးခြင်းမှာ တစ်မိုးအောက်တွင် အတူတူမနေနိုင်သည့် အခြေအနေထိ ရောက်သွားလေသည်။ သူက အံတင်းတင်းကြိတ်ပြီး ထည့်စရာအိတ်ထဲမှ ရုပ်ထုတစ်ခုအားဆွဲထုတ်လိုက်သည်။

ထိုရုပ်ထုမှာ မိစ္ဆာဝိညာဥ်တစ်ကောင်ဖြစ်ပြီး ပုံပန်းသွင်ပြင်မှာ လုံးဝရက်စက်ကြမ်းကြုတ်ပုံရှိလေသည်။တခဏမျှ ချီတုံချတုံဖြစ်ပြီးနောက် ကျားလဲ့က သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး ရုပ်ထုပေါ်သို့ သွေးအချို့ထွေးချလိုက်သည်။ ရုပ်ထုမှာ မည်းညစ်ညစ်အရည်အသွင်ပြောင်းကာ ချက်ချင်းပျော်ဝင်သွားပြီးနောက် မှော်သင်္ကတတစ်ခုပုံဖြစ်လာကာ ပျံတက်ပြီး ကျားလဲ့၏နဖူးတွင် ကပ်သွား၏။

ကျားလဲ့မှာ တဆတ်ဆတ်တုန်သွားပြီးနောက် မှော်သင်္ကတက သူ့နဖူးတွင် ပျံ့သွားပြီး မဟူရာသံချပ်ကာဝတ်စုံပြောင်းသွားသဖြင့် စူးစူးဝါးဝါးအော်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သံချပ်ကာက ဒဏ်ရာတို့ကို ကုသပေးလျက် သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သူ၏ပိန်ညှောင်ညှေါင်ကိုယ်တွင် ကြွက်သားအစိုင်အထစ်တို့က ရုတ်တရက်ဖုထွက်လာ၏။ အနီးကပ်ကြည့်ပါက ထိုအသွင်းပြောင်းခြင်းမှာ တစ်ဝက်က အကောင်အထည်ရှိ ဒြပ်ထုဖြစ် ပြီး တစ်ပိုင်းက ပုံရိပ်ယောင်သာဖြစ်လေသည်။

“နွံအိုင်တောင်ထိပ်သွေးသခင်က ငါ့ကို ဒီဝိညာဥ်ကိုယ်ပေးလိုက်တယ်.။ ဒါကငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ယာယီ နဂိုတိုင်းပြန်ဖြစ်လာစေလိမ့်မယ်…ပိုတောင် ထပ်စွမ်းလာနိုင်သေးတယ်။ ညမုဆိုးရဲ့ခပ်ကြောင်ကြောင်စွမ်းရည်တွေက ဒီဝိညာဥ်ကိုယ်ကို ဘာမှထိခိုက်အောင်လုပ်ရမှာမဟုတ်ဘူး။ သူရဲ့မိုးကြိုးကို နားလည်ပြီးပြီ။ ဟိုမုန်တိုင်းကိုတော့ သေချာနားမလည်ပေမယ့် ငါသူ့ကို ရေအောက်ကနေတိုက်လို့ရတာပဲ ။ ဒါ့အပြင် ဝိညာဥ်ကိုယ်က လေပြင်းကို ခံနိုင်ရည်ရှိတယ်”

“ညမုဆိုး..။ ဒီကမ္ဘာက မင်းကို ဂရုစိုက်နေတယ်ဆိုတာကို ငါမယုံဘူးကွာ။ အဲ့လိုဖြစ်နေရင်တောင်မှ ဘုရားကို အာခံပြီး မင်းကို သတ်မယ်ကွ” သူက အံကြိတ်လျက် ကျင့်ကြံခြင်းအခြေခံကိုလည်ပတ်စေလိုက်ပြီးနောက် ရေထဲသို့ တဟုန်ထိုး ငုံ့ဆင်းသွားလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset