ကောင်းကင်ကြီးနှင့် မြေကြီးအပါအဝင် တစ်ကမ္ဘာလုံးမှာ သွေးရောင်သန်းနေတော့သည်။ အပင်များ၊ သစ်ပင်များ၊ တောင်တန်းများနှင့် မျက်စိတစ်ဆုံးရှိ အရာအားလုံးမှာ ကြက်သွေးရောင် ဖြစ်နေတော့၏။
ခပ်လှမ်းလှမ်းတွင် သွေးရောင် ကန္တာရတစ်ခုရှိပြီး ထိုအဆုံးတွင် သမုဒ္ဒရာတစ်ခုထဲသို့ စီးဝင်သွားသည့် သွေးရောင် အိုအေစစ်တစ်ခုကို မြင်ရပေသည်။
ထိုသမုဒ္ဒရာကြီး၏ အလယ်တွင် တောင်တစ်လုံးရှိပြီး ထိုတောင်၏ထိပ်မှာ တိမ်တိုက်များကိုပင် ထိုးဖောက်နေတော့သည်။
ထိုတောင်သည် ကမ္ဘာကြီး၏ စိတ်ဆန္ဒတည်ရှိသည့် နေရာဖြစ်ပြီး တောင်ထိပ်သို့ အရင်တက်နိုင်မည့် ကျင့်ကြံသူမှာ ကမ္ဘာကြီး၏ ကောင်းချီးပေးမှုကို ရရှိမည်ဖြစ်သည်။ ထိုကျင့်ကြံသူမှာ ထွက်ခွာခွင့်ရရှိမည်ဖြစ်ပြီး သွေးဘိုးအေကြီး၏ ထောက်ခံမှုဖြင့် ဒုတိယအဆင့်သို့ တက်လှမ်းခွင့်ရမည်ဖြစ်သည်။
သွေးဘိုးကြီး၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ကမ္ဘာများစွာရှိသည်။ သို့သော်လည်း ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့က ဓမ္မ စောင့်ရှောက်သူ အယောက်နှစ်ဆယ်စီ ခေါ်ဆောင်လာသည်ဖြစ်သည်။ စုစုပေါင်း ဓမ္မ စောင့်ရှောက်သူ အယောက်လေးဆယ်ထဲမှ အဆုံးတွင် အယောက်နှစ်ဆယ်သာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည် ဖြစ်သည်။
ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့ ရရှိမည့် ဓမ္မ စောင့်ရှောက်သူ အရေအတွက်က ဒုတိယအဆင့်တွင် မည်သူက အသာစီးရမည်ကို ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။
ရွှယ်မေ့၏ ဓမ္မ စောင့်ရှောက်သူများက အက်ကြောင်းကြီးထဲသို့ အရင်ဝင်ခဲ့သည်ဖြစ်ပြီး ယခု ကမ္ဘာထဲသို့ဝင်ရန် ရွေးချယ်ခဲ့သူမှာ အေးစက်စက်မျက်ဝန်းများရှိသည့် သက်လတ်ပိုင်းအရွယ် ပိန်ပါးပါးလူတစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များအရ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့် သို့ရောက်နေကြောင်း သိနိုင်ပြီး သူ၏ အသွင်အပြင်မှာ မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အဆင်သင့်ရှိနေသည့် မြွေဟောက်တစ်ကောင်အလားပင်။ သူ၏ မြင်ကွင်းထဲသို့ ဝင်လာမိသူတိုင်း သေဆုံးသွားရမည့် ပုံစံပင်။
ထိုလူ၏ အမည်မှာ ကျားလဲ့ ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းရည်အရဆိုလျှင် ရွှယ်မေ့၏ ဓမ္မ စောင့်ရှောက်သူ အုပ်စုထဲတွင် သူက ထိပ်ဆုံး သုံးယောက်ထဲတွင် ပါဝင်လေ၏။ စုန့်ကျင်းဝမ်၏ ဓမ္မ စောင့်ရှောက်သူ အုပ်စုထဲမှ တစ်ယောက် နှစ်ယောက်လောက်က လွဲ၍ ကျန်သောသူများကို သူက အေးအေးဆေးဆေးပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်နေတော့သည်။
သူ၏ အသွင်အပြင်မှာ သက်လတ်ပိုင်းဟု ထင်ရသော်လည်း သူ၏ အသက်အမှန်မှာ နှစ်တစ်ရာကျော်နေပြီဖြစ်သည်။ သို့သော်လည်း သူကျင့်ကြံသော ပညာရပ်များ၏ ထူးခြားမှုကြောင့် သူ၏ အပြင်အားမှာ ထိပ်ဆုံးအဆင့်သို့ ရောက်နေသည်။ ထို့အပြင် သူ၏ အခြေခိုင်မာခြင်းအဆင့် နတ်မီးလျှံစမ်းသပ်ပွဲတွင် သူက နှစ်ခြောက်ဆယ်စက်ဝန်း အပြည့်တစ်ခုကို သူ၏ သက်တမ်းထဲသို့ ထည့်သွင်းနိုင်ခဲ့သေးသည်။ သူက ဒီရေစီးကြောင်း ငါးခုအထိရောက်ရှိခဲ့ပြီး ထိပ်တန်းအဆင့် လူသတ်သမားတစ်ယောက်အလားစွမ်းအားကြီးသည့် ကျင့်ကြံခြင်းအခြေခံတစ်ခုကို ပိုင်ဆိုင်လေသည်။
” ဒီကမ္ဘာကြီးက ငါ့အတွက်တော့ မွန်မြတ်ကောင်းမြတ်တဲ့ နယ်မြေကြီး တစ်ခုပဲဟေ့။ ”
သူက ခပ်လှမ်းလှမ်းကိုကြည့်ရင်း တွေးတောကာ ကျေနပ်နေတော့သည်။ သူက သွေးရောင်ရှိသည့် ပင်လယ်မြွေတစ်ကောင်၏ ခေါင်းကို ညှစ်ထားနေလေ၏။ ထိုမြွေက အပြင်းအထန် ရုန်းကန်နေပါသော်လည်း မလွတ်မြောက်နိုင်ပေ။ ကျားလဲ့ သာ ဆန္ဒရှိပါက သူက ထိုမြွေ၏ ဦးခေါင်းကို ချေမွကာ တစ်ခဏအတွင်း သတ်ပစ်နိုင်လေသည်။
သူက ခပ်လှမ်းလှမ်းရှိ မိုးထိုးနေသည့် တောင်ကြီးကိုလှမ်းကြည့်ရင်း ထိုမြွေကို ဂရုပင်မစိုက်ချေ။ ဤသွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲ၏ ပထမအဆင့်ကို သူက ပျော်မွေ့နေသည်။ ဤကမ္ဘာကြီးထဲသို့ သူက ယခုမှရောက်လာသည်ဖြစ်ပါသော်လည်း ကမ္ဘာကြီး၏ စိတ်ဆန္ဒရှိသောနေရာနှင့် သူက အလွန်နီးကပ်နေပြီဖြစ်သည်။
သူ၏ မျက်ဝန်းထဲတွင် ကျယ်ပြန့်လှသော သမုဒ္ဒရာကြီးနှင့် မိုးထိုးနေသည့် တောင်ကြီးအပြင် ထိုတောင်မှ တရိပ်ရိပ် ထွက်ပေါ်နေသည့် အငွေ့အသက်များ၏ ပုံရိပ်မှာ ရောင်ပြန်ဟပ်နေလေ၏။
” စုန့်ကျင်းဝမ်ရဲ့ ဓမ္မ စောင့်ရှောက်သူကံကောင်းရင်တောင် ငါ့လောက်ထိ အရမ်းနီးအောင် မရောက်လောက်ဘူး။ အခုပဲ ဒီကမ္ဘာကြီးရဲ့ စိတ်ဆန္ဒကို အပိုင်သိမ်းလိုက်တာ ကောင်းပါတယ်ကွာ။ တခြား ဓမ္မ စောင့်ရှောက်သူကို သတ်နေစရာတောင် မလိုတော့ဘူးပေါ့။ သူက ဘယ်သူများလဲတော့ သိချင်သား။ ညမုဆိုးများ ဖြစ်နေမလား….”
သူက အေးစက်စက် ရယ်မောလိုက်လေသည်။ အစက သူသည် စုန့်ကျင်းဝမ်၏ ဓမ္မ စောင့်ရှောက်သူကို သတ်ပြီးမှ ကမ္ဘာကြီး၏ ထောက်ခံမှုကို ရယူရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ သို့သော်ယခုတွင် ထိုသို့ သတ်ဖြတ်ရန် မလိုတော့သည့် ပုံပင်။
သူက ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး သွေးရောင် သမုဒ္ဒရာပေါ်တွင် ဖြတ်ပြေးကာ တိမ်တိုက်များနှင့် ဖုံးလွှမ်းနေသည့် တောင်ကြီးနားသို့ လျင်မြန်စွာပင် ရောက်သွားတော့သည်။ သူက သတိကြီးကြီးထား၍ သွားနေသည်ဖြစ်ရာ ထိုနေရာတွင် ကျယ်လောင်သည့် ဟိန်းဟောက်သံကြီးတစ်သံ ရုတ်တရုတ်ပေါ်လာသည့်အခါ အံ့သြမသွားပေ။ အနည်းငယ်ကြာသောအခါ ဧရာမ သွေးရောင်နဂါးကြီးတစ်ကောင်က တောင်၏ အခြားတစ်ဖက်မှ ပေါ်ထွက်လာပြီး ကျားလဲ့ ကိုစိုက်ကြည့်ကာ သူ့ဆီသို့ ပြေးလာနေတော့သည်။
ထိုနဂါးကြီးမှာ မီတာသုံးဆယ်ကျော်ရှည်လျားပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်နေတော့သည်။
ကျားလဲ့ မှာ အလွန်တရာပင် ထိတ်လန့်သွားပြီး နဖူးတွင် ချွေးသီးများပင် ထွက်လာတော့သည်။ မျက်လုံးပြူးကြီးများဖြင့် သူက အလန့်တကြား အော်ဟစ်လိုက်လေသည်။
” မဖြစ်နိုင်ဘူး။ ဒီလိုမျိုး သွေးသားရဲကြီးက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတွေက အဲ့ကောင်ကြီးကို ဘယ်လိုလုပ် ယှဥ်ချနိုင်မှာလဲ။”
သူက ထိုသို့ မှင်တက်နေစဥ်မှာပင် နောက်ထပ် ဟိန်းဟောက်သံများ ထပ်ထွက်လာပြီး အခြားသွေးသားရဲများ၏ အငွေ့အသက်များက တောင်ပတ်လည်တွင် ထွက်ပေါ်လာတော့သည်။ ထို့နောက် လေပြင်းတစ်ခုကဲ့သို့ အရာတစ်ခု တိုက်ခတ်သွားသောအခါ သွေးသမုဒ္ဒရာကြီးမှာ ဝဲဂယက်များထလာပြီး ဆူပွက်လာတော့သည်။ အနည်းငယ်ကြာသောအခါ ရေပြင်၏အောက်တွင် သတ်ဖြတ်လိုသော အမူအရာရှိသည့် မျက်လုံးများစွာ ပေါ်ထွက်လာသည်။ ထို အရေအတွက်မှာ များပြားလွန်းလှ၍ မြင်လိုက်ရသူတိုင်း တုန်လှုပ်နေမည်သာ ဖြစ်သည်။
ကျားလဲ့ မှာ ရှေ့သို့မဆက်နိုင်ခင်တွင် ရေပြင်အောက်ရှိ သွေးသားရဲများက တောင်နားမှ သွေးသားရဲများနှင့် ပေါင်းစည်းကာ သူ့ကို ဝိုင်း၍ တိုက်ခိုက်ကြတော့လေသည်။
သွေးသားရဲကောင်များ၏ အရေအတွက်မှာ များပြားလှသဖြင့် ကျားလဲ့ မှာ ကြောက်ကြောက်လန့်လန့်နှင့် ဦးရေခွံများပင် ထုန်ကျဥ်လာတော့သည်။ ရှေ့သို့ဆက်မတိုးရဲတော့ပဲ သူက နောက်ဆုတ်လိုက်ရလေသည်။သူက မီတာသုံးထောင်ခန့် နောက်ဆုတ်ပြီးသွားသောအခါ ဧရာမနဂါးကြီးက တဖြည်းဖြည်း နောက်ပြန်လှည့်သွားပြီး သွေးသားရဲများ၏ အငွေ့အသက်များမှာလည်း မှေးမှိန်ပျောက်ကွယ်သွားကာ ရေပြင်အောက်ရှိ သတ္တဝါများပင်လျှင် ပျောက်ကွယ်သွားတော့သည်။
ကျားလဲ့ ၏ မျက်နှာမှာ ချွေးများစိုရွှဲနေပြီး အသက်ရှူသံများပင် မမှန်တော့ချေ။ သူ၏ ကျင့်ကြံခြင်းအခြေခံကို သူက အကြွင်းမဲ့ယုံကြည်ပါသော်လည်း သွေးသားရဲများစွာ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အတွက် သူ ကယောင်ခြောက်ခြားဖြစ်နေတော့သည်။ အချိန်အနည်းငယ်ကြာသောအခါ သူက စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်လိုက်တော့သည်။
” ဒီလောက် သွေးသားရဲတွေ အများကြီးရှိတာ ရှေ့ဆက်သွားဖို့ မလွယ်ဘူးဟေ့။ ကြည့်ရတာ ရှေ့ဆက်သွားဖို့ အချိန်အခါကောင်းကို စောင့်ရမဲ့ပုံပဲ။ ”
သူက အံကြိတ်ကာ နောက်သို့ အနည်းငယ်ထပ်ဆုတ်လိုက်ပြီးနောက် ပုန်းကွယ်၍ရမည့်နေရာတစ်ခုကို ရှာတွေ့လိုက်သဖြင့် ထိုနေရာတွင် အချိန်များကို ကုန်ဆုံးစေလိုက်တော့သည်။
ခုနစ်ရက်တိတိတိုင်အောင် သူက စောင့်နေပါသော်လည်း သွေးသားရဲကြီးများ သွားလာနေသည်ကို မြင်နေရသေးသည်။ အဆုံးတွင် သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်လာတော့သည်။
” တော်လိုက်တော့။ ဆက်စောင့်နေလည်း ဘာမှ ထူးမှာမဟုတ်ဘူး။ စောင့်နေမဲ့အစား စုန့်ကျင်းဝမ်ရဲ့ ဓမ္မ စောင့်ရှောက်သူကိုသွားရှာပြီး သတ်လိုက်တာကမှ ပိုကောင်းသေးတယ်။ သတ်ပြီးမှ အေးဆေးစောင့်ရုံပဲ။ ငါသာကံကောင်းပြီး ပြိုင်ဘက်က ညမုဆိုးဖြစ်နေရင် အခုချက်ချင်း သတ်လိုက်ရင် ပိုလို့တောင် သက်သာဦးမယ်။”
သူ၏ နောက်ဖက်ရှိ ကျယ်ပြန့်လှသော သွေး သမုဒ္ဒရာကြီးကိုကြည့်ရင်း သူက အေးစက်စွာရယ်မောလိုက်တော့သည်။
သူက သတ်ဖြတ်ရာတွင် ကျွမ်းကျင်သူဖြစ်သည့်အလျှောက် အမဲလိုက်ရာတွင်လည်း အတော်အသင့် ကျွမ်းကျင်သည်။ သူ၏ အာရုံခံနိုင်စွမ်းများမှာ တိကျသဖြင့် သူရောက်နေသည့် ကမ္ဘာကြီးမှာ ကြီးမားလှသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကြောင့် အခြား ဓမ္မ စောင့်ရှောက်သူများကို နောက်ယောင်ခံလိုက်ရန်မှာ သူ့အတွက် ခက်ခဲမည်မဟုတ်ကြောင်း ယုံကြည်ထားလေသည်။
သူက ရိပ်ခနဲလှုပ်ရှားလိုက်ပြီး ရှာဖွေမှုကို စတင်ရန် လေပေါ်သို့ ပျံတက်သွားတော့သည်။
ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် အောက်ဖက်ရှိ ပင်လယ်ကြီးက ဆူပွက်လာပြီး ရေအောက်မှ ဧရာမသွေးသားရဲကြီးတစ်ကောင် ဘွားခနဲ ထွက်လာလေသည်။ ၎င်းတွင် လူခန္ဓာကိုယ်နှင့် ငါးအမြီးရှိပြီး ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ၎င်းက ကျားလဲ့ ကို သွေးဆာနေသည့်အလား ခက်ထန်စွာ တိုက်ခိုက်လေတော့သည်။
တိုက်ပွဲမှာ ခဏမျှပင်ကြာလိုက်ပြီး ကျားလဲ့ က ထိုသားရဲကိုသတ်ကာ ရှေ့သို့ဆက်သွားလိုက်တော့သည်။ သို့သော်လည်း ခပ်ဝေးဝေးကိုပင် မသွားရသေးပေ။ ရေထဲမှ သွေးသားရဲနှစ်ကောင် ထပ်ထွက်လာကာ သူ့ကို တိုက်ခိုက်ပြန်တော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ လေပေါ်တွင် ပျံဝဲနေပြီး ဤကမ္ဘာကြီး၏ ထူးဆန်းမှုနှင့် ငြိမ်သက်မှုများထဲတွင် နစ်မြောနေသည်။ ရက်အနည်းငယ်ကြာအောင် သူက ပျံသန်းနေပါသော်လည်း သွေးသားရဲတစ်ကောင်မျှ မတွေ့ရသေးချေ။ သူ၏ ဘေးနားရှိ အရာအားလုံးမှာ အခွံလွတ်ကြီးကဲ့သို့ပင် ဖြစ်နေ၏။
သူ၏ ကျင့်ကြံခြင်းအခြေခံကိုပင် သုံးစရာမလိုဘဲ လေက သူ့ကို သယ်ဆောင်ပေးနေသည်။ ဤကဲ့သို့ ထူးဆန်နေမှုကြီးကြောင့် သူက ပို၍ပင် သတိရှိနေတော့သည်။
” ဒီနေရာမှာ တစ်ခုခုတော့ တော်တော်ထူးဆန်းနေပြီ။ ပြီးတော့ ရွှယ်မေ့ရဲ့ ဓမ္မ စောင့်ရှောက်သူရော။ သူက ဒီကိုအရင်ရောက်တာဆိုတော့ ငါ့ကို ချုံခိုများတိုက်ခိုက်ဖို့ ကြံနေမလားပဲ။” သူက တွေးတောနေသည်။ သူက ဘေးဘီဝဲယာကို သတိရှိရှိကြည့်ရင်း ရှေ့သို့ဆက်လာတော့သည်။ အဆုံးတွင် ကန္တာရဆီသို့ ရောက်သွားလေသည်။
ထိုအချိန်တွင်မူ ကျားလဲ့ က ထိတ်ထိတ်လန့်လန့်နှင့် သွေး သမုဒ္ဒရာကိုဖြတ်၍ ထွက်ပြေးလာနေပြီး သူ၏နောက်တွင် ရူးသွပ်နေသည့် သွေးသားရဲ ထောင်ပေါင်းများစွာက ပြေးလိုက်လာနေသည်။ သူ၏မျက်နှာမှာ သွေးဆုတ် ဖြူဆုတ်နေပြီး သူ၏အမူအရာမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေတော့သည်။
” သောက်ကျိုးနည်းဟေ့။ ဘာလို့ သွေးသားရဲတွေ အဲ့လောက်အများကြီး ရှိနေရတာတုံးဟ။ ငါ သူတို့ကို ရန်လည်းမစပဲနဲ့ သူတို့က တစ်ကောင်ပြီးတစ်ကောင် ပေါ်ပေါ်လာနေတာ ပင်လယ်လှိုင်းလုံးတွေ အတိုင်းပဲ။”
မကြာမီတွင် ဆယ်ရက်မြောက်နေ့ ကုန်ဆုံးသွားသည်။ အချိန်များ ပိုကုန်လာလေ၊ ပိုင်ရှောင်ချန်းမှာ ပို၍ ထူးဆန်းစွာခံစားရ လာလေပင်ဖြစ်သည်။ သူက သွေးသားရဲတစ်ကောင်၏ အရိပ်ကလေးကိုပင် မမြင်ရသေးသော်လည်း ဤနေရာတွင် သွေးဆာနေသည့် သတ္တဝါများစွာရှိသည်ဟူသည့် စုန့်ကျင်းဝမ်၏ စကားကို ပြန်လည်အမှတ်ရနေတော့သည်။ ထိုအချိန်တွင် သူက ဖြစ်ပျက်နေသည်များကို သံသယဝင်စပြုလာတော့သည်။
အဆုံးတွင် သူက ကန္တာရ၏ အဆုံးကိုမြင်လိုက်ရပြီး သွေးရောင် အိုအေစစ်နှင့် သွေးရောင် သမုဒ္ဒရာကြီးကို မြင်လိုက်ရလေသည်။ သူက အံ့အားသင့်သွားသလို သတိလည်း ပိုကြီးလာတော့သည်။
ယခုအချိန်တွင် ကျားလဲ့ ၏ ဆံပင်များမှာ ရှုပ်ထွေးနေပြီး သူ၏ အသားအရေမှာ ဖြူဖတ်ဖြူရော်နှင့် မျက်ဝန်းများမှာ နီရဲနေတော့သည်။ အဆုံးတွင် သူက သမုဒ္ဒရာထဲမှထွက်လာနိုင်ခဲ့ပြီး အိုအေစစ်ဆီသို့ ရောက်သွားတော့သည်။ အန္တရာယ်ကြီးမားလှသည့် ဖြစ်ရပ်များစွာနှင့်ကြုံတွေ့ရပြီးနောက် သူက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။
သမုဒ္ဒရာထဲတွင် ဖြစ်ပျက်ခဲ့သည်များကို သူက ပြန်တွေးလိုက်သောအခါ သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးမှာ ကြောက်မက်ဖွယ် အန္တရာယ်များဖြင့် ပြည့်နှက်နေကြောင်း သိသွားတော့သည်။
” တော်သေးတာပေါ့ ငါ့မှာ အသက်ကယ်မှော်ပစ္စည်းတွေနဲ့ မှော်အတတ်တွေရှိလို့။ မဟုတ်ရင် ငါသေနေလောက်ပြီ။ ဒါပေမဲ့ ငါ့အတွက်တောင် ဒီလောက်ခက်ခဲနေတာ။ စုန့်ကျင်းဝမ်ရဲ့ ဓမ္မ စောင့်ရှောက်သူလည်း တူတူပဲနေမှာ။ ဒါမှမဟုတ်။ သွေးသားရဲတစ်ကောင်ကောင်ရဲ့ အစားတောင် ခံလိုက်ရပြီနေမှာပဲ။”
သူက သမုဒ္ဒရာကြီးကို ကြောက်ရွံမှုများကြောင့် တဒုန်းဒုန်း ခုန်နေသည့် ရင်ဘတ်ကြီးဖြင့် ပြန်လှည့်ကြည့်လိုက်တော့သည်။ သူက ထိုင်ချလိုက်ပြီး အနားယူရန်ပြင်လိုက်စဥ်မှာပင် သူ၏ နှလုံးသားမှာ တုန်ရီသွားတော့သည်။ ခပ်လှမ်းလှမ်းကို ကြည့်လိုက်သောအခါ လေထဲတွင် ပျင်းရိပျင်းတွဲနှင့် ဝဲပျံနေသည့် အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
” ဟမ်။”
ကျားလဲ့ ၏ မျက်ဝန်းများက အေးစက်စွာတောက်ပသွားသည်။ ထို့နောက် သူက သူ့ ကျင့်ကြံခြင်းအခြေခံ စွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်လိုက်လေသည်။ တချိန်ထဲမှာပင် သူက သူ၏အငွေ့အသက်ကို ဖုံးကွယ်ပေးနိုင်သည့် နွေးထွေးသော အလင်းရောင်ဖျော့ဖျော့တစ်ခုကို ထုတ်လွှတ်ပေးသည့် ပုလဲလုံးတစ်လုံးကိုထုတ်လိုက်လေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအင်ကို ရုတ်တရက် ထုတ်မသုံးသ၍ ထိုပုလဲလုံးကြောင့် သူ့ကို ထောက်လှမ်းရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုပုလဲလုံးမှာ သူ့ကို သွေး သမုဒ္ဒရာထဲမှ အသက်ရှင်လျက်ပြန်ထွက်လာနိုင်အောင် ကူညီပေးခဲ့သည့် အသက်ကယ် ပစ္စည်းများထဲက တစ်ခုဖြစ်သည်။ သူက ထိုပုလဲလုံးကို ဖွင့်လိုက်ပြီးနောက် မလှုပ်မယှက်ရပ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်နေလိုက်တော့သည်။
” ညမုဆိုးပါလားဟ။ ဟားဟားဟား။ တကယျကို သူပဲကိုး။”
သတ်ဖြတ်လိုစိတ်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ရယ်မောနေတော့သည်။ ညမုဆိုးက အလွန်နာမည်ကြီးပါသော်လည်း ကျားလဲ့ ကမူ သူ့ကို စက်ဆုပ်ရွံရှာလေသည်။
” မင်းက ဆေးအချို့ကို ဖော်စပ်နိုင်ပြီး ခေါင်းဆောင်ကြီးတွေကို အကြိုက်တွေ့စေတော့ ဘာဖြစ်တုံး။ မင်းကိုယ်မင်း လက်ရွေးစင်လို့ တကယ်ကြီးထင်နေတာလား။ မင်းမှာ သွေးပြောင်းပြန်ဘိုးဘေး နိုးထခြင်းရှိရင်တောင် မင်းက လူသားတာအို အခြေခိုင်မာခြင်းအဆင့် မှာပဲ ရှိသေးတာပါကွာ။ ငါ့လက်ကို ဟိုဖက်ဒီဖက် လှန်သလိုမျိုး မင်းကို အလွယ်လေးသတ်လို့ရတယ်။ မင်းကိုသတ်နိုင်ပြီဆိုရင် နွံအိုင်တောင်ထိပ်ရဲ့ သွေးသခင်က ငါ့ကိုပေးထားတဲ့ တာဝန်ကျေပြီပဲ ”
သူက ယုံကြည်မှု အပြည့်ဖြင့် တည်ငြိမ်စွာနှင့် သတ်ဖြတ်လိုသော အခိုးအငွေ့များကို စုစည်းကာ တိုက်ခိုက်ရမည့် အချိန်ကောင်းကို စောင့်နေလိုက်တော့သည်။
ပိုင်ရှောင်ချန်းကမူ သတိကြီးကြီးနှင့် ရှေ့ဆက်နေလေသည်။ သူက အမြန်ကြီး မလှုပ်ရှားပဲ သူ၏ နတ်ဘုရားအာရုံကို အရပ်မျက်နှာ ပေါင်းစုံသို့ ဖြန့်ကျက်ထားလေတော့သည်။ သူက သွေးရောင် အိုအေစစ်နားရောက်သောအခါ ဖြတ်၍ပျံသန်းသွားရန် ပြင်လိုက်ပါသော်လည်း အောက်သို့ အရင် တစ်ချက်ငုံ့ကြည့်လိုက်လေသည်။ သူ၏ တတိယမျက်လုံးကို မဖွင့်ရသေးပါသော်လည်း သူ့ အသိစိတ်က ဤနေရာတွင် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးနေလေ၏။ အနည်းငယ်မျှ တုံ့ဆိုင်းမနေပဲ သူက နောက်ဆုတ်လိုက်တော့သည်။
” ဟမ်။” ညမုဆိုး၏ ဖျတ်လတ်လှသော အာရုံခံနိုင်စွမ်းကို ကျားလဲ့ က အံ့သြနေတော့သည်။ ထို့နောက် သူက အေးတိအေးစက် ရယ်မောလိုက်လေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားကြီးမားမှုကြောင့် သူက ပုံးကွယ်နေရန် မလိုကြောင်း ဆုံးဖြတ်လိုက်သည်။ သူက လေပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ဘေးပတ်ပတ်လည်ရှိ သတ်ဖြတ်လိုသော အခိုးအငွေ့များ ညမုဆိုးဆီသို့ လွင့်ပျံလာတော့သည်။
” ညမုဆိုးရေ။ ငါကတော့ ကျားလဲ့ ပဲကွ။ မင်းတော့ အသေပဲဟေ့။ ”
သူက ကျယ်လောင်စွာရယ်မောရင်း ရှေ့သို့ ပျံထွက်သွားသောအခါ မိုးခြိမ်းသံများကဲ့သို့ တဂျုန်းဂျုန်းမြည်သံများ ထွက်လာတော့သည်။ ထို့နောက် သူ၏ ညာလက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ ဧရာမ သွေးရောင်လက်ကြီးထွက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုး ပြေးသွားတော့လေသည်။