“မြေခွေးမကတော့ နောက်တစ်ကွက်ရွှေ့ပြန်ပြီ ” သိမ်မွေ့နူးညံ့သည့် ကိုယ်သင်းနံ့က ပိုင်ရှောင်ချန်း၏ နှာခေါင်းထဲ တိုးဝင်လာသဖြင့် ထူးဆန်းသည့်ခံစားချက်ဖြစ်ကာ ရင်ဖိုသွားလေသည်။သူက ပို၍ စိတ်လှုပ်ရှားလာပြီး သတိလက်လွတ်ဖြစ်လျက် စုန့်ကျင်းဝမ်ထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။
“ဒီဟာက အလုပ်မဖြစ်ဘူး” သူက သက်ပြင်းချလျက် တွေးလိုက်၏။ ”တစ်ရက်ရက်တော့ အဲဒီမြေခွေးမက လာသတ်မှာပဲ ။ ငါ့မှာ အင်မတန်ခိုက်မာတဲ့စိတ်ဓာတ်ရှိရမယ်။ အံ့သြစရာကောင်းတဲ့ တိုက်ခိုက်သူတစ်ယောက်ဖြစ်ရမယ်။ ငါ့မှာ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေရှိချင်ရှိလိမ့်မယ် ။ ဒါပေမယ့်. ဒီမြေခွေးမကတော့ သိပ်အန္တရာယ်များလွန်းတယ် ” အချိန်တစ်ခုကြာအထိ စိတ်တည်ငြိမ်ရန် လုပ်လိုက်ပြီးနောက် သူက ထပ်မံသက်ပြင်းချလိုက်ပြန်သည်။
“အာ. ဘာဖြစ်ဖြစ်ကွာ ။ ငါ ထာဝရတည်မြဲခြင်းအမွေအနှစ်ကို ရတာနဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပြန်သွားမယ် ။ ပြီးရင် အကုန်လုံးအဆင်ပြေသွားလိမ့်မယ်.. ။ ဒါနဲ့ ခုတလော ရှောင်မေ့လေးကို လွမ်းလိုက်တာ”
တင်ပျဥ်ခွေထိုင်ချလိုက်ပြီး နောက်တစ်နေ့မနက်အထိ သူတရားကျင့်နေလိုက်သည်။ ထို့နောက်သူ၏မျက်လုံးများက ဖြတ်ခနဲ ပွင့်သွား၏။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီးနောက် အားအင်ပြည့်သွားသဖြင့် သူက အင်မော်တယ်ဂူ၏ အပြင်ဘက်သို့ ထွက်လာလေသည်။
“ဒီလိုပဲ….ဖြစ်ရမယ်လေ..”
မေးကိုမော့ထားလျက် သူက ဂုဏ်ယူမော်ကြွားစွာ ရှေ့ဆက်သွားလိုက်သည်။ သူကထိုသို့ ပြုမူသောကြောင့် ကျင့်ကြံသူအမြောက်အမြားက သူ့ကို မြင်သွားကြကာ ရိုသေလေးစားမှုဖြင့် ခေါင်းညွတ်လိုက်ကြသည်။ ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က နွံအိုင်တောင်ထိပ်မှ လှမ်းပို့လိုက်သည့် သူ၏ သွေးစီးကြောင်း တိုက်ပွဲဝင်ဝတ်ရုံဖြင့် လူရှေ့သို့ ပထမဆုံးအကြိမ်ထွက်ခြင်းဖြစ်သည်။
သွေးစီးကြောင်း အကြီးအကဲများသာ ရွှေအမြုတေအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်ထံမှ တိုက်ခိုက်မှုကို ခုခံနိုင်သည့် မှော်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ထို သွေးစီးကြောင်း တိုက်ပွဲဝင်ဝတ်ရုံကို ဝတ်နိုင်လေသည်။ ထိုကဲ့သို့ဝတ်ရုံများမှာ များပြားသောတန်ဖိုးကုန်ကျမှုဖြင့်သာ ထုတ်လုပ်နိုင်လေသည်။
ညမုဆိုး၏ ချောမောခန့်ညားသည့် မျက်နှာနှင့် သွေးစီးကြောင်း တိုက်ပွဲဝင်ဝတ်ရုံတို့ ပေါင်းစပ်လိုက်သည့်အခါ အတော့်ကို မျက်စိဖမ်းစားသည့် မြင်ကွင်းတစ်ခု ဖြစ်သွားလေသည်။ လူအတော်များများမှာ သူတို့၏ မျက်နှာပေါ်တွင် အံသြလေးစားခြင်းနှင့် ချစ်ကြောက်ရိုသေမှုများဖြင့် လှမ်းကြည့်နေကြ၏။
ပိုင်ရှောင်ချန်းက ထိုကဲ့သို့ ဆက်ဆံခံရသည်ကို ဘဝင်ခိုက်လှသဖြင့် လက်ချောင်းအထက်ဘက်သို့ပျံသွားချိန်တွင် အရှိန်ကိုပင် လျှော့ချကာ ဖြေးဖြေးသွားနေလေသည်။ နောက်ဆုံးတွင်မူ သူက များပြားသော လူထုကြီး စုဝေးနေပြီဖြစ်သည့် သွေးသခင်ဂူရှေ့တွင် ဆင်းသက်လိုက်သည်။
စုန့်ကျင်းဝမ်နှင့် ရွှယ့်မေတို့၏ အဖွဲ့တို့မှာ သိသိသာသာပင် ကွဲထွက်နေပြီး ထိုမိန်းမပျိုနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဝါးစားလုမတတ်ကြည့်နေကြသည်။ ရွှယ့်မေတွင် ကျင့်ကြံသူနောက်လိုက် အယောက်နှစ်ဆယ်ရှိပြီး အကုန်လုံးမှာ ထူးချွန်ပြောင်မြောက်သော အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေစေကာမူ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။
ထိုအဖွဲ့ထဲရှိ တစ်ယောက်မှ ရွေးချယ်ခံရသူမဟုတ်သော်ငြား သူတို့အကုန်လုံးမှာ ဂိုဏ်းပြင်ပတွင်ပင် ကျော်ကြားသည့် လေ့ကျင့်ပြီးသွေးအေးလူသတ်သမားများဖြစ်ကြသည်။ ထိုကဲ့သို့ လူမျိုးများက ရွှယ်မေ့အတွက် ဓမ္မအစောင့်အရှောက်များဖြစ်နေသော အကြောင်းမှာ သူမ၏ ဖခင်က ခေါင်းဆောင်ကြီး အတုမဲ့ ဖြစ်သည့်အချက်နှင့် များစွာ သက်ဆိုင်လေသည်။
စုန့်ကျင်းဝမ်တွင်လည်း စုန့်ချွဲအပါအဝင် သူမနောက်တွင် စုဝေးနေသည့် အထင်ကြီးစရာကောင်းသော အဖွဲ့ရှိ၏။ အများစုမှာ စုန့်မျိုးနွယ်စုမှ တိုက်ရိုက်ဆင်းသက်လာသော အဖွဲ့သားများဖြစ်လေသည်။
အလယ်တောင်ထိပ်၏ သွေးစီးကြောင်း အကြီးအကဲဟူသမျှ စုဝေးလာပြီး သာမန်ကျင့်ကြံသူများလည်း ပါဝင်လေသည်။ နတ်မီးလျှံစမ်းသပ်ပွဲစသည်နှင့် သူတို့က ထွက်ပေါ်လာမည့် သွေးသခင်အသစ်အား စောင့်ကြိုနေလိမ့်မည်။
မှုန်ဝါးဝါး အရိပ်ခုနစ်ခုက လေထဲသို့ မြောက်တက်လာသည်ကို တွေ့နိုင်ပြီး သူတို့ထံမှ ဖိအားများေကြာင့် ဂိုဏ်း ခေါင်းဆောင်ကြီးများဖြစ်သည်မှာ သေချာလေသည်။
ပိုင်ရှောင်ချန်းက ထိုလူထဲမှ လေးယောက်ထဲမှ နှစ်ယောက်ကို မဟာဖုတ်ကောင် ဆင့်ခေါ်ပွဲ၌ တစ်ကြိမ်မြင်ဖူးလေသည်။အခြားနှစ်ယောက်ဖြစ်သည့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးအတုမဲ့ကိုမူ ပို၍ ရင်းနှီးလေသည်။
ပိုင်ရှောင်ချန်း ရောက်သောအခါ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ့ကို မြင်သွားပြီး အကြည့်တစ်ချက်ဖြင့် မျက်ရိပ်ပြလိုက်သည်။ ကြောက်ဒူးတုန်သွားလျက် ပိုင်ရှောင်ချန်းက ဆတ်ခနဲ ခေါင်းငုံ့လိုက်ပြီး စုန့်ကျင်းဝမ်ထံ အလောတကြီးသွားလိုက်၏။
ထိုသို့ပြုလိုက်သောကြောင့် စုန့်ချွဲက သူ့ကို ကြည့်ပြီး ခနဲ့တဲ့တဲ့ရယ်လိုက်သည်။
” မင်း ခုတော့ မတတ်နိုင်တော့ဘူးမလား…။ နတ်မီးလျှံစမ်းသပ်ပွဲနေ့မှာတောင် နောက်ကျပြီးမှ ရောက်လာသေးတာ… သေရမှာကြောက်ရင်လဲ ဘာလို့ အိမ်မှာပဲ မနေလဲ”
သမ်းဝေလိုက်ပြီး ပိုင်ရှောင်ချန်းက မကြာသေးမီကမှ ဆံပင်နှင့် မျက်ခုံးမွှေးများပြန်ပေါက်လာသော စုန့်ချွဲထံသို့ နှေးကွေးစွာ ကြည့်လိုက်သည်။
“ဆိုးမြဲ ဆိုးဆဲပါပဲလား..ချွဲအာ”
“မင်း…. ” စုန့်ချွဲက အံကြိတ်ပြီး အော်လိုက်သည်။ ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်နေလျက် သူထပ်ပြောရန်ပြင်လိုက်စဥ် စုန့်ကျင်းဝမ်က အေးစက်စက် နှာမှုတ်သံတစ်ခုဖြင့် ဟန့်တားလိုက်သည်။
“တော်လောက်ပြီ” သူမက ပြော၏။
” မင်းတို့နှစ်ယောက်လုံးပါးစပ်ပေါက်ပိတ်လိုက် ။ ဆက်ပြီး ရန်ဖြစ်နေဦးမယ်ဆိုရင် နတ်မီးလျှံစမ်းသပ်ပွဲ ပြီးတာနဲ့ ငါကိုယ်တိုင် အဲ့လို ရန်ဖြစ်ဖို့ စီစဥ်ပေးမယ်”
ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ယခုအခိုက်၌ အတော်ကလေး ကသိကအောက်ဖြစ်သွားသည့် အခြေအနေကို စဥ်းစားလျက် သူက ဘာမှ ဆက်မပြောရန် ဆုံးဖြတ်လိုက်၏။
လေထဲတွင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ခေါင်းဆောင်ကြီးအတုမဲ့တို့က နားမလည်နိုင်သောအကြည့်များဖလှယ်နေလေသည်။ ထို့နောက် ခေါင်းဆောင်ကြီးအတုမဲ့က လူထုကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
” အလယ်တောင်ထိပ် သွေးသခင်နေရာအတွက် နတ်မီးလျှံစမ်းသပ်ပွဲ…… စတင်စေ”
ထို့နောက် ခေါင်းဆောင်ကြီးအတုမဲ့က သူ၏ ညာလက်ဖြင့် မန္တန်အစီအရင်တစ်ခုဖော်လိုက်ပြီး သွေးသခင်ဂူသို့ သူ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
သွေးသခင်ဂူမှာ စတင်တုန်ခါလာပြီးနောက် ဂူအပြင်ဘက် လေးထောင့်ကွက်လပ်ထဲတွင်အလွန်တရာကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာလေသည်။ တဒုန်းဒုန်းဖြင့် ပြင်းထန်စွာတုန်ခါလာပြီး အေးစက်မှုများနှင့် မျက်စိပြာသွားစေသော သွေးရောင်အလင်းများနှင့်အတူ စွမ်းအားပြင်းသွေးချီများထွက်ပေါ်လာသည်။
သို့သော် အနီးကပ်စစ်ဆေးခြင်းလျှင် သွေးရောင်အလင်းများက သာမန်ထက် ထူးကဲကြောင်း ဖော်ပြနေသည်။ထိုအလင်းမှ အခြားကမ္ဘာများကို မြင်တွေ့နိုင်လေသည်။ အကယ်၍ သင်အထဲသို့ ခြေချလိုက်ပါက ထိုသွေးရောင်ကမ္ဘာများအနက်မှ တစ်ခုသို့ စုပ်ယူခံရလိမ့်မည်မှာ သိသာသည်။
အက်ကွဲကြောင်းကြီး ပွင့်လာသည့်အခိုက် ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများအနက်မှ တစ်ယောက်က ရှေ့သို့ တိုးသွား၏။ ထိုလူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေကာ ခံစားချက်ကင်းမဲ့နေသည်။ သူက စုန့်ကျင်းဝမ်နောက်ရှိလူများကို သရော်လှောင်ပြောင်စွာ လှမ်းကြည့်လိုက်ပြီး ထိုအက်ကွဲကြောင်းထဲဝင်ကာ ပျောက်ကွယ်သွား၏။
တစ်ယောက်ပြီးတစ်ယောက် ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများက ရှေ့တိုးလာပြီး အက်ကွဲကြောင်းထဲဝင်သွားကြသည်။ နောက်ဆုံးဝင်သွားသည့်လူမှာ ရွှယ်မေ့ဖြစ်သည်။ သူမက မပျောက်ကွယ်ခင် စုန့်ကျင်းဝမ်နှင့် အဖွဲ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်သွားလေသည်။
အခြားသူများက အက်ကွဲကြောင်းထဲ ဝင်နေကြသောကြောင့် စုန့်ကျင်းဝမ်က အသံနှိမ့်ကာ သူမ၏ ဓမ္မစောင့်ရှောက်သူများအား အဆုံးမဲ့သွေးကမ္ဘာနှင့် ပတ်သက်ပြီး အချက်အလက်များ ထပ်ပြောလေသည်။
“သွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲရဲ့ ပထမအဆင့်ကို အဆုံးမဲ့ သွေးကမ္ဘာလို့ ခေါ်တယ်”
“ရွှယ့်မေနဲ့ ငါက ပထမအဆင့်ကို မကျော် ရဘူး။ ဒါက မင်းတို့ ဓမ္မစောင့်ရှောက်သူတွေအတွက်ပဲ ”
“သွေးဘိုးဘေးကြီးရဲ့ ကိုယ်က လူတိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး ။ ပထမအဆင့်မှာ ငါတို့ နှစ်ယောက်ရွေးချယ်ထားတဲ့ ဓမ္မစောင့်ရှောက်သူတွေရဲ့ အရည်အချင်းကို စစ်ဆေးတယ် ။ အဲ့တာကပဲ ဒုတိယအဆင့်ကို ဓမ္မစောင့်ရှောက်သူဘယ်နှစ်ယောက်တက်သွားနိုင်မလဲ အတိအကျ အဆုံးဖြတ်ပေးလိမ့်မယ်”
“သွေးဘိုးဘေးကြီးရဲ့ ကိုယ်ထဲရောက်ဖို့ဆိုရင် မင်းတို့က သူနဲ့ တစ်သားတည်းဖြစ်နေမှရမယ် ။ သူက သေဆုံးပြီးသားဆိုပေမယ့် သက်စောင့်စွမ်းအင်တွေ ပါနေသေးတဲ့ အစိတ်အပိုင်းတွေရှိတယ် ။ မင်းတို့က သူတို့လိုဖြစ်ပါတယ်ဆိုတာကို သွေးဘိုးဘေးကြီးထဲက အသက်ရှင်အဖွဲ့အစည်းေတွကို လက်ခံယုံကြည်လာအောင် လုပ်ရမယ်။ ဒါမှ..မင်းတို့ နှင်ထုတ်မခံရမှာ”
“အထဲရောက်တာနဲ့ မင်းတို့နဲ့ တခြားဓမ္မစောင့်ရှောက်သူတွေက ဒီကမ္ဘာရဲ့ အသိအမှတ်ပြုခံရဖို့အတွက် ယှဥ်ပြိုင်ရမယ် ။ အောင်မြင်တဲ့သူတွေက ဒုတိယအဆင့်ကို ရောက်လိမ့်မယ် ။ ကျဆုံးသူတွေက ထုတ်ပယ်ခံရမယ်။ မင်းတို့. ရွှယ်မေ့ရဲ့ ဓမ္မစောင့်ရှောက်သူတွေကို သတိကြီးကြီးထားရမယ့်အပြင် ကမ္ဘာထဲက သွေးသားရဲတွေကိုလည်း ဂရုတစိုက်ကြည့်ရမယ်။ သူတို့က အသိဉာဏ်မရှိပေမယ့် လုံးဝ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေကြတာ”
“ငါ မင်းတို့ကို ဒုတိယအဆင့်ဝင်ပေါက်မှာ စောင့်မယ်”
ထို့နောက် သူမက ထိုလူအစုအဝေးကို လက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။ စုန့်ချွဲက သူမကို တည်ကြည်သော အမူအရာဖြင့် ပြန်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ညမုဆိုးကို ပြန်ကြည့်လိုက်ပြီး နှာခေါင်းရှုံလိုက်ကာ အက်ကွဲကြောင်းထံ လျှောက်လိုက်၏။ အချိန်ခဏကြာပြီးနောက် သူကပျောက်သွားပြီး ကျန်ရှိသည့်အဖွဲ့ဝင်များက စတင်ဝင်ကြလေသည်။
တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပိုင်ရှောင်ချန်းက အံ့ကြိတ်ကာ အက်ကွဲကြောင်းထဲသို့ ခုန်ဝင်သွားသည်။
ထိုအခိုက်မှာပင် သွေးရောင်အလင်းတန်းတစ်ခုက သူ့အပေါ်လွှမ်းမိုးသွားပြီး ကြီးမားသောအားက ဆွဲငင်လိုက်သည်ကို ခံစားလိုက်ရသည်။ အလင်းထဲသို့ ဆွဲငင်ခြင်းခံလိုက်သဖြင့် သူက သူ့ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ပေ။
ထိုအလင်းက အပြင်မှကြည့်လျှင် အထင်ကြီးစရာပုံမပေါ်သော်လည်း သူ့ဘေးပတ်လည်ကို ရစ်ပတ်လွှမ်းခြုံလိုက်သည့်တချိန်တည်းမှာပင် သူက ပင်လယ်ကြီး ထဲ၌ မျောနေသလို ခံစားလိုက်ရသည်။ တောက်လျှောက် စုပ်ယူခံသွားရသဖြင့် ထိုပင်လယ်၏ အဆုံးသတ်သို့ ရွေ့လာပြီး ထိုနေရာတွင် ဧရာမသွေးလုံးကြီးတစ်လုံးကို မြင်လိုက်ရသည်။
အခြားသော သွေးလုံးကြီးများကိုလည်း တွေ့ရပြီး လူတိုင်း ထိုသွေးလုံးကြီးများထံသို့ မြောနေကြသည်။ လူများက သွေးလုံးကြီးအနီးသို့ ရောက်သွားသည်နှင့် ဝါးမြိုခံလိုက်ရလေသည်။
ပိုင်ရှောင်ချန်းက ကြောက်လန့်သွားသဖြင့် ထိုသွေးလုံးကြီးများဆီမှ အကြည့်လွှဲလိုက်ရသည်။ သို့သော်လည်း ထိုအခိုက်တွင် ထူးဆန်းသောတစ်စုံတစ်ခု ဖြစ်ပွားလေသည်။အားလုံးသော သွေးလုံးကြီးများက တုန်ရီလာကြပြီး သွေးရောင်အလင်းများကို ပို၍ပင်ထုတ်လွှတ်လာကြကာ ထိုအလင်းများက ပိုင်ရှောင်ချန်းကို ဦးတည်ကာ တောက်ပနေလေသည်။
ပိုင်ရှောင်ချန်းမှာ အမြင်မှား၊မမှား မသေချာသော်လည်း ထိုသွေးလုံးကြီးများအားလုံးက သူ့ကို အထူးတလည်ရွေးချယ်လိုချင်နေကြသည်။
ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများ ရွေးချယ်ခြင်းမခံထားရသည့် လွတ်နေသော သွေးလုံးကြီးများပင်လျှင် သိမ့်သိမ့်တုန်ကာ မျှော်လင့်စောင့်စားနေကြသည်။
ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့စိတ်များတိုးလာပြီး သူ မတုံ့ပြန်နိုင်ခင် သူ့ထံရောက်လာသည့် ပထမဆုံးသွေးလုံးကြီးမှာ အလွန်စိတ်အားထက်သန်နေဟန်ရှိသည်။ သူက ၄င်းအနားမသွားနိုင်မီ ထိုသွေးလုံးကြီးက သူထံပျံလာပြီးနောက် ဝမ်းမြောက်နေသည့်ပုံဖြင့် အရှိန်ပြင်းစွာသူ့ကို တိုက်ချလိုက်၏။
ပိုင်ရှောင်ချန်းမှာ မျက်လုံးများပင်ပြာသွားကာ သူ၏ ခန္ဓာကိုယ်မှာ ထိုသွေးလုံးကြီးထဲသို့ စုပ်ယူခံလိုက်ရသည်။ တဖြည်းဖြည်း အမြင်ကြည်လာသောအခါ သူက ထူးဆန်းသော ကမ္ဘာထဲတွင် ရောက်နေကြောင်းသိလိုက်ရလေသည်။
ကောင်းကင်က သွေးရောင်၊ မြေကြီးသည်လည်း သွေးရောင်၊ ရှိရှိသမျှ အရာအားလုံးမှာ သွေးရောင်ဖြစ်နေပြီး တောင်တန်းနှင့် သစ်ပင်များပင် ထိုနည်းတူပင်။
” ဆန်းကြယ်လိုက်တာ” သူက သတိတကြီးနှင့် ဘေးဘီဝဲယာကို ကြည့်လျက် တွေးလိုက်သည်။ သူက ဘာဖြစ်သွားခဲ့သည်ကို စဥ်းစားလေလေ ပို၏ ထူးဆန်းလာလေလေဖြစ်၏။ တွေးတောပြီးနောက် သူက သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်နှင့် တစ်ခုခု သက်ဆိုင်နေမည်ဟု ဆုံးဖြတ်လိုက်လေသည်။
“ငါက ဒီနေရာမှာ နတ်ဘုရားနဲ့တူတာမို့ကြောင့် ဖြစ်နိုင်လား ..ဒါကြောင့် သွေးလုံးကြီးအကုန်လုံးက တမ်းတမ်းစွဲဖြစ်နေတာများလား”
သူက အတွေးထဲမှ ထွက်လိုက်ပြီး လည်ချောင်းရှင်းလိုက်၏။ ထို့နောက် သူက အာရုံခံလိုက်သည်နှင့် သူ့ကို ခေါ်နေသည့် လိုအင်တပ်မက်မှုများနှင့် ပြည့်နှက်နေသည့် စွမ်းအားကြီး တောင့်တမှုတစ်ခု တည်ရှိနေခြင်းကို အာရုံရလိုက်လေသည်။
“ရွှယ်မေ့ရဲ့ ဓမ္မစောင့်ရှောက်သူထဲက တစ်ယောက်လဲ ဒီနေရာမှာရှိတယ်။ သတိတော့ထားရမယ် ။ သူတို့အားလုံးက နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ရပ်ဝန်းထဲမှာ”
သူက ထပ်မံလျှောက်ပတ်ကြည့်လိုက်ပြီး သတိကြီးကြီးထား၍ လေထဲသို့ ပျံတက်သွားလိုက်သည်။
သူဆက်၍ ပျံသန်းနေသည်နှင့်အမျှ ထူးဆန်းသည့်အရာများကို မြင်ရလာလေသည်။ထိုအရာက သူက ပျံသန်းရန်အတွက် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အသုံးပြုရန် မလိုသည့် ပုံပေါ်နေသည်။ လေက သူ့ကို အလွယ်တကူပင် သယ်ဆောင်သွားလေသည်။
သူက သွေးသားရဲ တစ်ကောင်တစ်မြီးမှပင် မတွေ့ရသဖြင့် ဤနေရာတွင် တည်ရှိသည်လားဟုပင် သံသယဝင်စပြုလာလေသည်။