အခန်း ( ၂၄၁ )

သွေးနတ်ဆိုးက သွေးကိုယ်တော်ပဲ

သူ၏ အင်မော်တယ်ဂူရှေ့သို့ စုန့်ကျင်းဝမ် ရောက်မလာမီရှေ့ရက်များတွင် ပိုင်ရှောင်ချန်းက သူမ၏ တောင်းဆိုမှုကို လက်ခံသင့််၊မခံသင့် တွေးနေခဲ့လေသည်။ သူမက ဂူပိတ်ကျင့်ကြံပြီးလျှင် သူ့ကိုလာရှာကာ သွေးသခင်ရာထူးအတွက် ကျင်းပမည့် နတ်မီးလျှံစမ်းသပ်ပွဲတွင် ကူညီပေးရန် တောင်းဆိုမည်ကို သူက သိထားလေသည်။ သို့သော်လည်း ရက်ပေါင်းများစွာတိုင်အောင် သူမက ရောက်မလာခဲ့ချေ။

သူမကို သွားတွေ့သင့်၊မတွေ့သင့် စဥ်းစားနေစဥ်မှာပင် သူမ၏ အသံကို ကြားလိုက်ရလေသည်။ ထိုအချိန်တွင် သူ၏ မျက်လုံးများက အရည်လဲ့သွားပြီး ချောင်းဟန့်လိုက်လေသည်။ အင်မော်တယ်ဂူ၏တံခါးကို ချက်ချင်းမဖွင့်ပဲ အခွင့်ကောင်းယူကာ သူမကို အပြင်တွင် စောင့်ဆိုင်းနေခိုင်းလိုက်ပြီး သူ၏ ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်လိုက်တော့သည်။

အမှန်တွင် သူက မည်သည့်ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း မသိသေးချေ။ သူမကို မကူညီပါက အလစ်ကို အခွင့်ကောင်းယူ၍ သူမ၏ အင်မော်တယ်ဂူထဲသို့ ခိုးဝင်ကာ ထာဝရတည်မြဲခြင်း အမွေအနှစ်ကို ရယူနိုင်မည် မဟုတ်ပါလော။ သူသာ အောင်မြင်ပါက နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်ရန် လိုတော့မည် မဟုတ်ချေ။

သို့သော်လည်း ထိုအကြံအစည်မှာ အတော်အန္တရာယ်များသဖြင့် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်ရမည်ထက် ပို၍ ကောင်းသည်၊ မကောင်းသည်ကို ဆုံးဖြတ်ရ ခက်နေတော့သည်။

သူက ထိုသို့တွေးတောကာ ထိုင်နေရင်း သူ့အင်မော်တယ်ဂူတံခါးက ကျွိခနဲ မြည်ကာ ပွင့်သွားပြီး စုန့်ကျင်းဝမ် ဝင်လာတော့သည်။

” မင်း…….”

ပိုင်ရှောင်ချန်းမှာ လန့်ဖြန့်သွားသဖြင့် ထခုန်မိကာ နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။ သူ၏ အင်မော်တယ်ဂူကို အကာအကွယ် မန္တန်အစီအရင် တစ်ခုဖြင့် ကာကွယ်ထားသည်ဖြစ်ပါသော်ငြားလည်း စုန့်ကျင်းဝမ်က ဝင်ရောက်လာခဲ့သည်။

သူမက ပဟေဋ္ဌိဆန်ဆန်ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်း၏နှလုံးသားထဲသို့ ထိုးဖောက်နိုင်သည့် အကြည့်များဖြင့် ခေါင်းအစ ခြေအဆုံးကြည့်လိုက်တော့သည်။

” ငါက အလယ်တောင်ရဲ့ မဟာအကြီးအကဲနော်။ ပြီးတော့ အခုလောလောဆယ် သွေးသခင်နေရာ ဝင်ပြိုင်မဲ့လူ။ မြက်ပင်တိုင်းနဲ့ ကျောက်တုံးတိုင်းကိုတောင် ငါထိန်းချုပ်နိုင်တယ်။ အင်မော်တယ်ဂူတစ်လုံးထဲကို ငါဝင်ချင်ရင် ဘယ်သူမှ ငါ့ကို လာတားလို့မရဘူး။”

” ပြီးတော့ ဂိုဏ်းတူမောင်လေး ညမုဆိုးက ဘာလို့များ ငါ့ကို အင်မော်တယ်ဂူထဲ ဝင်ခွင့်မပေးရတာလဲ။ အခုတော့ မင်း ဖွင့်ပေးမှာကို မစောင့်တော့ပဲ ငါ့ဟာငါ ဖွင့်ဝင်လာရရော။ ”

သူမက ထိုသို့ပြောကာ ကျောက်သားကုလားထိုင်ပေါ်တွင်ထိုင်ကာ မေးထောက်နေလိုက်တော့သည်။

သူမ၏ အကြည့်မှာ မြှူဆွယ်နေသည့် အမူအရာ မဟုတ်ပါသော်လည်း တစ်မျိုးတစ်ဖုံနှင့် စွဲမက်ဖွယ်ကောင်းနေပြီး ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ အံ့သြဖွယ်ကောင်လောက်အောင် တုန်ခါနေတော့သည်။ သူက တည်ကြည်သောအမူအရာအဖြစ်သို့ ပြောင်းလဲကာ မေးလိုက်လေသည်။

” သွေးသခင်ဖြစ်ဖို့ အစ်မအတွက် အဲ့လောက်တောင် အရေးကြီးလားဗျာ။”

စုန့်ကျင်းဝမ်က ဘာစကားမှမပြောပဲ သူ့ကို တစ်ခဏမျှကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်လေသည်။

” နှစ်ပေါင်းများစွာတိုင်အောင် စုန့်မျိုးနွယ်စုက အလယ်တောင်ကို အုပ်ချုပ်ခဲ့တာ။ ပြီးတော့ သွေးသခင်မျိုးဆက်ပေါင်းများစွာကိုလည်း အစ်မတို့ မျိုးဆက်ထဲကပဲ ရွေးခဲ့တာ။ ဒါပေမဲ့ အခုကြတော့ မတူတော့ဘူး ”

” အစ်မတို့ရဲ့ ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးအတုမဲ့နဲ့ အပေးယူလုပ်ခဲ့တာလေ။ အဲ့အပေးအယူထဲမှာ မိန်းမပျက်ရွှယ်မေ့ကို သွေးသခင်ပြိုင်ပွဲအတွက် နေရာတစ်ခုပေးရမယ်ဆိုပြီးပါတယ်။ အပြန်အလှန်အနေနဲ့ အစ်မတို့က ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်နဲ့ ပတ်သတ်တဲ့ သတင်းတွေ ရခဲ့တာ ”

“ဒါပေမဲ့လည်း စုန့်ချွဲက အစ်မတို့ မှန်းထားတဲ့အတိုင်း ဖြစ်မလာပဲ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ကို မရောက်လိုက်ဘူးလေ။ ပိုဆိုးတာက အဲ့မိန်းမပျက်ရွှယ်မေ့က မထင်မှတ်ပဲ ဒီရေစီးကြောင်း ကိုးခုအထိ ရောက်သွားတာပဲ။ အခုလောလောဆယ်ဆို ချွဲအာက သူမကို ဘယ်လိုနည်းနဲ့မှ ယှဥ်နိုင်မှာ မဟုတ်ဘူး။ အဲ့တာမလို့ အစ်မပဲ သွေးသခင်နေရာဝင်ပြိုင်ဖို့ ကျန်တော့တာ။”

” အဲ့တာမလို့လည်း အစ်မက မင်းရဲ့ အကူအညီကို လိုတာ။ မောင်လေးသာ အစ်မရဲ့ ဓမ္မ စောင့်ရှောက်သူ အနေနဲ့သာလိုက်ခဲ့ရင် အစ်မမှာ အောင်မြင်ဖို့နှုန်းများသွားမှာ။ ”

ထိုသို့ ရှင်းပြကာ စုန့်ကျင်းဝမ်က ပိုင်ရှောင်ချန်း၏ အဖြေကို စောင့်နေတော့သည်။

စစချင်းတွင် ပိုင်ရှောင်ချန်းက ဘာမှ မပြောချေ။ ရွှယ်မေ့၏ ပါဝင်ပတ်သတ်မှုအကြောင်းကို အသေးစိတ်သိလိုက်ရသောအခါ အရာအားလုံးမှာ ဇာတ်ရည်လည်လာတော့သည်။ သို့သော်လည်း ဤရာထူးအတွက် ပြိုင်ပွဲမှာ အန္တရာယ်အလွန်များကြောင်း သူက ထင်နေသေးပေသည်။ အတော်အတန်ကြာသောအခါ စုန့်ကျင်းဝမ်က ဆက်ပြောလိုက်လေသည်။

” မောင်လေးအတွက် ကောင်းကျိုးမရှိပဲ မောင်လေးကို ပါဖို့ အစ်မက တောင်းဆိုပါ့မလား။ မောင်လေးက အခု သွေးစီးကြောင်းအကြီးအကဲ ဖြစ်နေပြီဆိုတော့ အစ်မသာ အခု ဒီပြိုင်ပွဲမှာ အောင်မြင်ရင် မောင်လေးကို နောက် မဟာအကြီးအကဲဖြစ်စေဖို့ အစ်မ ထောက်ခံပေးမယ်လေ။ ”

မည်သည့်အကြောင်းကြောင့်မသိ သူမမှာ အနည်းငယ် ရှက်သွေးဖြာသွားကာ သူမ၏ မျက်ဝန်းထဲရှိ ချစ်စဖွယ်ကောင်းသောအရိပ်အယောင်လေးမှာ ပို၍ပင် ပြင်းထန်လာတော့သည်။ သူမ၏ မာယာလက်သည်းများဖြင့် ပိုင်ရှောင်ချန်းကို ကုတ်ခြစ်ကာ ဆွဲယူနေသည့် အလားပင်။

ပိုင်ရှောင်ချန်းမှာ ချောင်းအနည်းငယ်ဟန့်လိုက်ကာ အကြည့်လွှဲလိုက်သည်။ စိတ်ထဲတွင်မူ သူက အကောင်းဆုံးအရာကိုသာ စဥ်းစားနေတော့သည်။ နတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်မပါပါက ထာဝရတည်မြဲခြင်း အမွေအနှစ်ကို တိတ်တဆိတ်ယူနိုင်မည့် အခွင့်အရေးကို ရမည်ဖြစ်သည်။ ထိုသို့ ရယူရန်မှာ အလွန်အန္တရာယ်များသည့် အလုပ်ဖြစ်ပါသော်လည်း နတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်ပြိုင်လျှင်လည်း ထိုနည်းတူပင် အန္တရာယ်များမည်သာဖြစ်သည်။

ပထမဖြစ်ရပ်တွင် သူက ဖြစ်လာမည့်အရာများကို ထိန်းချုပ်နိုင်မည်မဟုတ်။ ဒုတိယဖြစ်ရပ်တွင်ကား သူက အနည်းငယ်တော့ ထိန်းချုပ်ခွင့်ရမည်ဖြစ်သည်။ ပထမရွေးချယ်မှုမှာ အန္တရာယ်များသော်လည်း အောင်မြင်နိုင်ခြေများသည်။ နောက်တစ်ခုမှာကား အောင်မြင်နိုင်ခြေမများသော်လည်း ပထမတစ်ချက်လောက်နီးပါးပင် ကောင်းမွန်သည်။

အချိန်အနည်းငယ်ကြာသွားပြီးနောက် သူက ဆုံးဖြတ်ချက်ချလိုက်တော့သည်။ စိတ်ထဲတွင် အံကြိတ်ကာ စုန့်ကျင်းဝမ်ကိုကြည့်ပြီး ဆိုလိုက်လေသည်။

” အစ်မကမှ သွေးသခင်ဖြစ်ချင်နေတော့လည်း ကျုပ် ကူညီပေးရမှာပေါ့။ ဒါပေမဲ့ နတ်မီးလျှံစမ်းသပ်ပွဲအကြောင်းကိုတော့ ကျုပ် ပိုသိချင်တယ်။ သူရဲ့ ပွဲစဥ်အဆင့်ဆင့်က ဘယ်လိုမျိုးလဲ။ သွေးသခင်ကို ဘယ်လိုနည်းနဲ့ ဖြစ်အောင်လုပ်ရတာလဲ။”

သူက စုန့်ကျင်းဝမ်ကို ကူညီရန်ဆုံးဖြတ်လိုက်သော်လည်း သူ၏ လုံခြုံမှုမှာ အဓိက ဖြစ်ကြောင်း ဆုံးဖြတ်ထားပြီးဖြစ်သည်။ သူသာ သတိရှိရှိနေပါက အန္တရာယ်ဖြစ်နိုင်ခြေများကို လျှော့ချနိုင်လောက်မည်ဖြစ်သည်။

စုန့်ကျင်းဝမ်းမှာ စိတ်လှုပ်ရှားနေသဖြင့် မျက်နှာများ ဝင်းပလာတော့သည်။ တောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးစလေးကို လက်ကလေးဖြင့် အုပ်လိုက်လေသည်။ ထို့နောက် သိမ်မွေ့လှသော အမူအရာဖြင့် ဆိုလိုက်လေသည်။

” ဒီ နတ်မီးလျှံစမ်းသပ်ပွဲရဲ့ အသေးစိတ်ကို အများကြီးသိတာမဟုတ်ဘူး။ ဒါပေမဲ့ အစ်မကတော့ မောင်လေးကို ဘာမှ ကွယ်ဝှက်မနေတော့ပါဘူး။ ပထမဆုံး ရှင်းရှင်းပဲပြောမယ်ကွာ။ နတ်မီးလျှံစမ်းသပ်ပွဲတိုင်းမှာ လူသေတယ်ဆိုတာ မဆန်းဘူး။”

ပိုင်ရှောင်ချန်းက ဤကဲ့သို့ အဖြေများအတွက် ပြင်ဆင်ထားပါသော်လည်း သူ၏ နှလုံးသားမှာ ရုတ်တရက် ချက်ချင်းကြီး အခုန်မြန်လာတော့သည်။ ‘ သေခြင်းတရား’ နှင့်ပတ်သတ်သည့် စကားများကို သူကြားမိတိုင်း စိုးရိမ်စိတ်ကြီးကြီးလာစမြဲပင်။

” ဘာလို့လဲဆိုတော့ နတ်မီးလျှံစမ်းသပ်ပွဲကို ပြင်ပကမ္ဘာမှာ မကျင်းပပဲ အစ်မတို့ရဲ့ ခြေထောက်အောက်မှာရှိတဲ့ ကမ္ဘာကြီးထဲမှာ ကျင်းပလို့ပဲ။”

သူမက ခပ်တိုးတိုးလေသံဖြင့် ပြောနေပါသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ မိုးခြိမ်းသံများကဲ့သို့ပင် ဖြစ်နေလေ၏။

” ကျုပ်တို့ရဲ့ ခြေထောက်အောက် ဟုတ်လား…” ပိုင်ရှောင်ချန်းမှာ ကြောင်အန်းအန်းနှင့် မြေကြီးကို ငုံ့ကြည့်လိုက်လေသည်။ တစ်ခဏကြာသောအခါ သူမ ဆိုလိုသည့် အဓိပ္ပါယ်ကို သူက နားလည်သွားသဖြင့် မျက်လုံးများ ပြူးသွားကာ မှင်တက်သွားတော့သည်။

သူ၏ အမူအရာကို စုန့်ကျင်းဝမ်က ပြုံးကာကြည့်နေတော့သည်။
” မောင်လေး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို စရောက်တုံးက ဂိုဏ်းပုံစံကြီးက ဧရာမလက်ကြီးတစ်ဖက်နဲ့ဆင်တူနေတာကို သတိထားမိတယ်မလား။”

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို တကယ်တော့ ဧရာမလက်ကြီးတစ်ဖက်အပေါ်မှာ တည်ဆောက်ထားတာလေ။ အဲ့လက်ကြီးက ကောင်းကင်တံတားမြစ်ရဲ့ အောက်မှာ နစ်မြုပ်နေတဲ့ ဘီလူးကြီးရဲ့ လက်တစ်ဖက်လေ။ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာတိုင်အောင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သိုင်းကွက်အများအပြားကို အဲ့လက်ကြီးကို လေ့လာပြီး ဖန်တီးခဲ့ကြတာ။”

” ပြီးတော့ အဲ့ဘီလူးကြီးကို အစ်မတို့က သွေးဘိုးဘေးကြီးလို့ ခေါ်ကြတော့တာပဲ။”

ကမ္ဘာပေါ် ရှိ အရေးကြီးဆုံးအရာကို ဆွေးနွေးနေသည့်အလား စုန့်ကျင်းဝမ်၏ မျက်ဝန်းထဲတွင် ကြည်ညိုလေးစားနေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။ ဤကိစ္စကို သူမတစ်ယောက်ထဲသာ ထိုသို့ မြင်သည်တော့မဟုတ်ချေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလူတိုင်းက ထိုသို့ မြင်ကြပေသည်။

ပိုင်ရှောင်ချန်းက မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သော်လည်း ဘာမှ ပြန်မပြောချေ။

” သွေးဘိုးအေက ဘီလူးကြီးဆိုပေမဲ့ အစ်မတို့လိုပဲ အသွေးအသားနဲ့ အရိုးတွေပါပြီး ယင် ခန္ဓာကိုယ်အစိတ်အပိုင်း ငါးခုနဲ့ ယန် ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုပါတယ်။”

” သွေးသခင်ဖြစ်ချင်တဲ့လူဆိုရင် သွေးဘိုးအေကြီးရဲ့ ထောက်ခံချက်ကို အရင်ယူရတယ်။ သွေးသခင်ရဲ့ အတွင်းကလီစာတွေထဲမှာရှိတဲ့ သလင်းကျောက်တွေကိုကြည့်ပြီး အဲ့ထောက်ခံချက်ကို ဆုံးဖြတ်တာ။ အလယ်တောင်ရဲ့ သွေးသခင်ဘုံကျောင်းမှာ အလယ်တောင်ရဲ့ အတွင်းပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ဝင်ပေါက်တစ်ခုရှိတယ်။ လက်ချောင်းထဲက သွေးကြောတွေနောက်ကိုလိုက်ရင် သွေးဘိုးအေကြီးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လို့ရတယ်။”

” တောင်ထိပ်တစ်ခုစီက ယင် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုစီနဲ့ ဆက်စပ်နေတာ။ အလယ်တောင်ထိပ်ကတော့ နှလုံးနဲ့ပေါ့။ အဲ့နေရာမှာရှိတဲ့ သွေးသလင်းကျောက်တွေက ပန်းတိုင်ပဲ။ အဲ့သလင်းကျောက်တွေကို အရင်ဆုံးရတဲ့လူက အလယ်တောင်ထိပ်ရဲ့ ခွင့်ပြုချက်ကိုရမှာ ဖြစ်ပြီး တောင်ထိပ်တစ်ခုလုံးက သွေးချီတွေရဲ့ စွမ်းအားကို စုပ်ယူနိုင်မှာလေ။ အဲ့တောင်ထိပ်မှာရှိတဲ့ ကျင့်ကြံသူတိုင်းရဲ့ ကျင့်ကြံခြင်းအခြေခံတွေကို ထိန်းချုပ်နိုင်စွမ်းလည်း ရဦးမှာ။ ပြီးတော့ ပိုပြီး အံ့သြစရာကောင်းတာက ကျင့်ကြံသူအားလုံးရဲ့ တိုက်ပွဲစွမ်းရည်ကိုပါ မြှင့််တင်ပေးနိုင်မှာ။ အဲ့တာ သွေးသခင်တစ်ယောက်ရဲ့ အစွမ်းပဲ။”

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်တော့သည်။ သူ သိလိုက်ရသည့်အရာကြောင့် ယခင်ကထက်ပင် ပို၍ တုန်လှုပ်နေလေ၏။ သွေးသခင်များအကြောင်းကို သူက အနည်းငယ်နားလည်ထားပါသော်လည်း ယခုတွင်မူ သူတို့၏ရာထူးမှာ အင်မတန်မြင့်မားကြောင်း နားလည်သွားတော့သည်။

သွေးသခင်ရှိသော တောင်တစ်လုံးနှင့် မရှိသော တောင်တို့အကြား ကွာခြားချက်ကြီးမှာ ကြီးမားလွန်းလှသဖြင့် စကာလုံးများနှင့် ဖော်ပြ၍မရနိုင်ပေ။

” ကျုပ် ပုံပြင်တစ်ပုဒ်ကြားဖူးတယ်….” ပိုင်ရှောင်ချန်းက ဆိုလိုက်လေသည်။

” မောင်လေးပြောတာ သွေးနတ်ဆိုးရဲ့ ဒဏ္ဍာရီမလား။ ” စုန့်ကျင်းဝမ်က ချက်ချင်းပင် ပြုံးကာ ပြန်ဖြေလိုက်သည်။ ပိုင်ရှောင်ချန်းကမူ ခေါင်းညိတ်လိုက်လေသည်။

” အဲ့ ဒဏ္ဍာရီတွေက ခေါင်းဆောင်ကြီးတွေ မျိုးဆက်အဆင့်ဆင့် လေ့လာစမ်းသပ်ခဲ့ရာကနေရတဲ့ တွေ့ရှိချက်တွေကနေ ဆင်းသက်လာတာ။ သွေးဘိုးအေကြီးရဲ့ ခန္ဓာကိုယ်ထဲက တစ်နေရာရာမှာ အမွေအနှစ် သွေးသလင်းကျောက်တစ်လုံးရှိတယ်လို့ သူတို့က ယုံကြည်ကြတာလေ။”

” အဲ့ အမွေအနစ်ကို ရတဲ့လူက သွေးသခင်မဟုတ်ပဲ သွေးသခင်ထက် အဆင့်အများကြီး ပိုမြင့်တဲ့ သွေးနတ်ဆိုးဖြစ်လာမှာလေ။ အဲ့ရာထူးက ခေါင်းဆောင်ကြီးတွေထက်ကို ပိုမြင့်သေးတယ်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဝိညာဥ်သွေးကျင့်ကြံခြင်းကို လေ့ကျင့်တာဆိုတော့ သွေးနတ်ဆိုးပေါ်လာရင် သူက တစ်ချက်တွေးလိုက်ရုံနဲ့ အပြင်စည်းဂိုဏ်းကနေ ခေါင်းဆောင်ကြီးတွေအဆင့်အထိ တစ်ဂိုဏ်းလုံးရဲ့ ကျင့်ကြံခြင်းအခြေခံကို ငါးဆယ်ရာခိုင်နှုန်းတိတိ လျှော့ချပစ်နိုင်တယ်လို့ လေ့လာချက်တွေကတော့ ပြောတာပဲ။ ”

” တချိန်ထဲမှာပဲ သူတစ်ချက်တွေးလိုက်ရုံနဲ့ တစ်ဂိုဏ်းလုံးရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို သုံးဆယ်ရာခိုင်နှုန်းတိတိ မြှင့်တင်ပေးနိုင်တယ်။ အဲ့လောက်စွမ်းတဲ့လူကို သွေးနတ်ဆိုးလို့ခေါ်တာတောင် မလုံလောက်သေးလို့ အခြားနာမည်တစ်ခု ခေါ်ကြသေးတယ်။ အဲ့နာမည်ကိုတော့ ဂိုဏ်းထဲမှာ လူအနည်းငယ်ပဲ သိကြတာနော်။ အမှန်အတိုင်း ပြောရမယ်ဆို ထိပ်တန်းမျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်ကြီးတွေပဲ သိတာ ”

” အဲ့နာမည်က သွေးကိုယ်တော်တဲ့ ”

သူမကခပ်တိုးတိုးသာပြောလိုက်သော်လည်း ထိုစကားလုံးများမှာ ခွန်အားများစွာ ပါဝင်နေသည့် အလားပင်။

“ဒါပေမဲ့ ဒဏ္ဍာရီတွေက ဒဏ္ဍာရီတွေပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ မျိုးဆက်အမျိုးမျိုးရဲ့ ခေါင်းဆောင်းကြီးတွေ သွေးဘိုးအေကြီးရဲ့ တစ်ကိုယ်လုံးကို ရှာနေခဲ့တာပဲလေ။ နေရာတော်တော်များများရှာပြီးတာတောင်မှ ဘာ အမွေအနှစ်မှ မတွေ့ဘူး။”

” အစ်မ အသက်ရှင်နေတဲ့ကာလ အတွင်းမှာတော့ သွေးကိုယ်တော် နိုးထလာတာကို မြင်ကြည့်စမ်းချင်ရဲ့။ ခေါင်းဆောင်ကြီးတွေပြောတာတော့ သွေးကိုယ်တော်ကြီး ပေါ်လာတာနဲ့ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို တစ်ခါမှမကြားဖူးလောက်အောင် မြင့်မားတဲ့ ဂုဏ်ကျက်သရေတွေ ယူဆောင်လာရင် ယူဆောင်လာ၊ မယူဆောင်လာဘူးဆိုရင်တော့ ဂိုဏ်းကို ပျက်သုဥ်းသွားစေမယ်လို့ ပြောတာပဲ။ အဲ့တာမလို့လည်း တချို့ ခေါင်းဆောင်ကြီးတွေက အဲ့ သွေးကိုယ်တော်ကို ထွက်မလာစေချင်ကြဘူး။ စုန့်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးကတော့ အဲ့လို အဖွဲ့ထဲက မဟုတ်ဘူး။”

စုန့်ကျင်းဝမ်က ပြုံးလိုက်လေသည်။

” ကဲကဲ။ ထားပါတော့ ဒဏ္ဍာရီတွေ။ နတ်မီးလျှံစမ်းသပ်ပွဲအကြောင်း ပြောရအောင်။”

” မောင်လေးရဲ့ အဓိကတာဝန်က အစ်မကို သွေးသလင်းကျောက်ယူတဲ့နေရာမှာ ကူညီပေးဖို့ပဲ။ အဲ့နေရာမှာ အရေးအကြီးဆုံး အရာတွေက တိုက်ပွဲစွမ်းရည်နဲ့ အမြန်နှုန်းပဲ။ အခြား ဓမ္မ စောင့်ရှောက်သူတွေနဲ့ ပေါင်းပြီး မောင်လေးက အစ်မကို ကာကွယ်ပေးပြီး ရွှယ်မေ့ထက်အရင် နှလုံးခန်းထဲရောက်အောင် ကူညီပေးရမယ်”

” နှလုံးခန်းထဲကို အစ်မအရင်ရောက်တာနဲ့ သွေးသလင်းကျောက်က အစ်မအတွက်ပဲ။” စုန့်ကျင်းဝမ်၏ မျက်ဝန်းများမှာ ယုံကြည်မှုများဖြင့် တောက်ပနေတော့သည်။

” ဓမ္မ ကာကွယ်သူ စုစုပေါင်း ဘယ်နှစ်ယောက်ရှိမှာလဲ။” ပိုင်ရှောင်ချန်းက မေးလိုက်လေ၏။

” ရွှယ်မဲ့ရော၊ အစ်မရော၊ ဓမ္မ စောင့်ရှောက်သူ အယောက်နှစ်ဆယ်အထိ ခေါ်လာလို့ရတယ်။”

” အဲ့လောက်အများကြီးလားဗျ။” ပိုင်ရှောင်ချန်းက အနည်းငယ် အံ့အားသင့်သွားတော့သည်။
” တကယ်လို့ ဓမ္မ စောင့်ရှောက်သူတစ်ယောက်က အစ်မထက်အရင် နှလုံးခန်းထဲ ရောက်သွားရင်ရော။”

” စည်းမျဥ်းတွေအရဆိုရင်တော့ ဓမ္မ စောင့်ရှောက်သူတိုင်း သွေးသခင်ဖြစ်ခွင့်ရှိတယ်။ သူတို့က နှလုံးခန်းကို အရင်ဆုံးရောက်အောင်သွားပြီး သွေးသလင်းကျောက်ကိုယူပြီး စုပ်ယူလိုက်ရုံပဲ။ ”

ထိုစကားကိုကြားလိုက်သောအခါ ပိုင်ရှောင်ချန်းက မျက်တောင် တဖြတ်ဖတ် ခတ်လိုက်တော့သည်။ စုန့်ကျင်းဝမ် ပြောသည်သာ မှန်ပါက ထိုသို့ မဖြစ်စေရန် သူမက မည်သည့်နည်းဖြင့် တားဆီးနိုင်ပါ့မည်နည်း။ သူမရွေးချယ်သည့် ဓမ္မ စောင့်ရှောက်သူများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်ခုခု သူမတွင် ရှိနေလိမ့်မည်ဟု ယူဆရပေသည်။

စုန့်ကျင်းဝမ်က တိုးတိုးလေး ရယ်မောလိုက်ပြီး ဆက်၍ မရှင်းပြတော့ချေ။ ပိုင်ရှောင်ချန်း၏အတွေးထဲတွင်မူ သူမရော၊ ရွှယ်မဲ့တွင်ပါ သက်ဆိုင်ရာ ခေါင်းဆောင်ကြီးများက ပေးအပ်ထားသည့် အမိန့်ပေးဆွဲပြားကဲ့သို့ ထိန်းချုပ်နည်းများရှိလိမ့်မည်ဟု တွေးနေတော့သည်။

အမိန့်ပေးဆွဲပြားရှိသူသာလျှင် နှလုံးခန်းထဲသို့ ဝင်နိုင်မည်ဆိုသော အချက်မှာလည်း ဖြစ်နိုင်ပေသည်။

အနည်းငယ် စဥ်းစားဆင်ခြင်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက အံကြိတ်ကာ မြေကြီးကို ငုံ့ကြည့်လိုက်လေသည်။ သွေးသခင်ရာထူးကို ရရန် တိုက်ခိုက်ရမည်ကို သူက စိတ်မဝင်စားချေ။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသား အစစ်ပင် မဟုတ်ေချ။

သူက မဟာအကြီးအကဲ၏ အင်မော်တယ်ဂူထဲသို့သာ ဝင်လိုခြင်းဖြစ်သည်။ ထို့ကြောင့် သူက မဟာအကြီးအကဲဖြစ်လာစေရန် စုန့်ကျင်းဝမ်ကို သွေးသခင်ဖြစ်စေရန် ကူညီပေးရန် လိုအပ်ပေသည်။

ပိုင်ရှောင်ချန်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း အဆုံးတွင်မူ သူ၏ ပန်းတိုင်ကို မြင်လိုက်ရပြီဖြစ်သည်။

ထို့ကြောင့် သူက ခေါင်းမော့ကာ ဖြေလိုက်လေသည်။

” ကျုပ် သွေးသခင်ဘုံကျောင်းကို မနက်ဖန် မနက်လာခဲ့ပါ့မယ်။”

စုန့်ကျင်းဝမ်က အသက်ပြင်းပြင်းရှူကာ အရည်လဲ့နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်လိုက်လေသည်။ မျက်နှာပေါ်ရှိ အပြုံးစလေးကို လက်ဖြင့်အုပ်ကာ ရှေ့သို့လှမ်းလိုက်ပြီး ခါးလေးကိုကိုင်းကာ သူ၏နားရွက်ကို သူမ၏နှုတ်ခမ်းသားလေးများနှင့် ထိတော့မည့်အလား ကပ်ကာ ပြောလိုက်သောအခါ သူမ၏ အာနွေးငွေ့များမှာ သူ၏ မျက်နှာဘေးကို ပွတ်သတ်သွားတော့သည်။

” မောင်လေးသာ မဟာအကြီးအကဲ ဖြစ်လာရင် မောင်လေးနဲ့ မမကြားမှာ ဇာတ်လမ်းတွေ အများကြီး ဖြစ်လာနိုင်တယ်နော်….”

ထိုသို့ဆိုပြီးနောက် သူမမှာ ထိုစကားလုံးများကို အဘယ်အကြောင်းကြောင့် ပြောမိလိုက်မှန်း မသိလိုက်ဘဲ သူမ၏ မျက်နှာမှာ ရုတ်တရက် ရှက်သွေးဖြန်းသွားလေသည်။ ထို့နောက် ပိုင်ရှောင်ချန်းကို စူးရှစွာ နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ရင်း ထွက်ခွာသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset