လူအုပ်ကြီးမှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပြီး မည်သူကမှ မြည်းလေးအား လူသိရှင်ကြား စွပ်စွဲတော့မည်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က သိသွား၏။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ စိတ်ကျေနပ်သွားပြီး မြည်းလေးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ကန်ကျောက်ရန် ဟန်ပြင်မိလိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့၏ စကားကို ကြားလိုက်ရသောကြောင့် ၎င်းအား ထပ်၍ မကန်ရက်တော့ပေ။
သူသည် ဧရာမ စပါးအုံးမြွေကြီးအား အလွန်အင်မတန်မှ ကြောက်ရွံ့နေရ၏။ ထို့ကြောင့် သူ၏ ကန်ချက်တစ်ချက်ကြောင့် မြည်းလေး မတော်တဆ အသွင်ပြောင်းလဲသွားမည်ကို စိုးရိမ်နေရတော့သည်။ ထိုသို့ ဖြစ်သွားပါက သူသည် ဘာမှလုပ်နိုင်တော့မည်မဟုတ်ပေ….
ထို့နောက် သူသည် မြည်းလေး၏ သခင်ဖြစ်နေသောကြောင့် အကြင်နာမဲ့စွာ မပြုမူသင့်ဘဲ တိရစ္ဆာန်ငယ်လေးများအား ဂရုစိုက်သင့်ကြောင်း တွေးလိုက်၏။ ထို့ကြောင့် သူသည် သူ၏ခြေထောက်ကို ပြန်လည်ရုပ်သိမ်းကာ မြည်းလေး၏ ဦးခေါင်းကို ကြင်နာယုယစွာ ပွတ်သပ်ပေးလိုက်၏။
သူ၏ နူးညံ့သိမ်မွေ့သောအပြုမှုများကြောင့် မြည်းလေးမှာ ထိတ်လန့်သွားရ၏။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ လူများ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များကို ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သောကြောင့် စိတ်သက်သာရာ ရသွားခဲ့ရ၏။ သို့သော် ဝမ်ပေါင်လဲ့၏ နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာကြီးကို မြင်လိုက်ရသောအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်ဝန်းထဲ၌ ကြောက်စိတ်များ ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့် ကြံရာမရဖြစ်သွားရပြီး ၎င်းအား ထပ်၍ ကန်ကျောက်မိလိုက်တော့သည်။ ထို့ကြောင့် ၎င်းမှာ အဝေးသို့လွင့်ထွက်ကာ မြေပြင်ပေါ်၌ လူးလိမ့်သွားပြီးနောက် ပြန်ထလာ၏။ ထိုအခါမှသာ ၎င်းမှာ စိတ်သက်သာရာရသွားပြီး ပို၍ ပျော်ရွှင်နေသည့်ပုံ ပေါက်သွားတော့သည်။
” ဒီကောင်က ဘာဖြစ်နေတာလဲဟ ” ဝမ်ပေါင်လဲ့မှာ ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ ထိုအချိန်တွင် သူသည် လီဝမ်အာဆီမှ အသံလွှင့်အကြောင်းကြားစာတစ်စောင် လက်ခံရရှိလိုက်၏။ ဖန်ကျင့်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲ၌ ပေါ်ပေါက်လာသည့် လှိုဏ်ခေါင်းကြီးကို ထိန်းချုပ်ပြီးသွားပြီဖြစ်သည်။ မြို့တော်အသစ်အား အငိုက်မိသွားစေခဲ့သည့် ပြဿနာကြီး၏ တစ်စိတ်တစ်ပိုင်းမှာ ချုပ်ငြိမ်းသွားပြီဖြစ်သည်။
ဤတိုက်ခိုက်မှုကြီး၏ နောက်ကွယ်မှ ကြိုးကိုင်ရှင်ကို ရှာမတွေ့သေးသောကြောင့် ပြဿနာကြီးတစ်ခုလုံး ပြေလည်သွားပြီဟု မဆိုနိုင်သေးပေ။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေသော ကျင့်ကြံသူများမှာ မြည်းလေးအပေါ် ဒေါသထွက်မနေတော့ပါသော်လည်း လက်တုံ့ပြန်လိုစိတ်များ ပြင်းထန်နေကြဆဲပင်။ သူတို့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြပြီး သူတို့၏ ဒေါသများကို ဖြေဖျောက်ရန် လိုအပ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုအချက်ကိုသိထားသလို သူ၏ ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာလည်း ကောင်းကောင်းကြီး နားလည်ထားကြ၏။
သို့သော် ကြိုးကိုင်ရှင်မှာ နောက်ကွယ်၌ ပုန်းရှောင်နေသည့်ဖြစ်ရာ သူ့အား ရှာတွေ့နိုင်ရန် ခက်ခဲနေမည် ဖြစ်သည်။ ဝမ်ပေါင်လဲ့ ယခင်တုန်းက သူ၏ မန္တန်အစီအရင်ကြီးကို အသုံးပြုခဲ့သည့်တိုင်အောင် သူ့အား ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် ယခုအကြိမ်တွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။
” လစ်လိုက်တော့။ ဒီကို လာခဲ့စမ်း ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး မြည်းလေးဘက်သို့ လှည့်ကြည့်ကာ လှမ်းခေါ်လိုက်၏။
မြည်းလေးမှာ စိတ်ထဲတွင်မူ သတိကြီးကြီး ထားနေပါသော်လည်း အပေါ်ယံတွင်မူ ပျော်ရွှင်မြူးထူးကာ အမိန့်နာခံသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့ဆီသို့ အလောတကြီးနှင့် ပြေးသွားလိုက်၏။ ထို့နောက် ၎င်းမှာ သူသည် ခိုင်းသည့်အတိုင်း လုပ်နေသောကြောင့် သူ့အား အသက်ချမ်းသာပေးရန် တောင်းဆိုနေသည့်ပုံဖြင့် အမြီးယမ်းပြလိုက်၏။
” မင်း ဘယ်နေရာမှာ ပြဿနာတက်လာတာလဲ။ မင်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့လူကို ပြန်ရှာပေးနိုင်လား ”
ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ခေါင်းကို ပုတ်ကာ မေးလိုက်၏။ ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများမှာလည်း မြည်းလေးအား စိုက်ကြည့်နေကြသည်။ ထို့ကြောင့် မြည်းလေးမှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ စကားများကို နားလည်နေသည့်ပုံဖြင့် အာရုံစူးစိုက်ကာ ၎င်း၏ အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ၎င်းမှာ နှာခေါင်းကို တရှုပ်ရှုပ် လုပ်နေသဖြင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။ မြည်းလေး၏ မိဘများမှာ ခွေးနှင့်တူသည့် ဧရာမသတ္တဝါကြီးများ ဖြစ်နိုင်ပေသည်ဟု သူ၏ စိတ်ထဲ၌ တွေးတောနေမိတော့သည်။
သူတို့မှာ အကြာကြီး မစောင့်လိုက်ရပေ။ ခဏအကြာတွင် မြည်းလေးမှာ မျက်လုံးများအရောင်လက်သွားပြီး ဝမ်ပေါင်လဲ့၏ ရှေ့၌ အော်ဟစ်ကာ အရပ်မျက်နှာတစ်ဖက်သို့ ပြေးထွက်သွားလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်သွားပြီး သူ၏ မျက်နှာပေါ်၌ သတ်ဖြတ်လိုစိတ်များ အထင်းသား ပေါ်ပေါက်လာတော့သည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မြည်းလေး၏နောက်သို့ ချက်ချင်းပင် လိုက်သွားလိုက်၏။
ကျင့်သိုမင်မှာလည်း ထိုနည်းတူပင်။ မကြာသေးမီတုန်းက သေဆုံးသွားခဲ့ရသည့် အမြုတေအဆင့်ကျင့်ကြံသူမှာ သူ၏ ကိုယ်ရံတော် ဖြစ်နေသည်မဟုတ်ပါလော။ ထိုလူကြီးမှာ သူ့အား အမြဲတမ်း ဂရုစိုက်ပေးခဲ့သည့် လူတစ်ယောက် ဖြစ်သည်။ ကျင့်သိုမင်မှာ အပေါ်ယံတွင် ဟန်အမူအရာမပျက် ရှိနေပါသော်လည်း စိတ်နှလုံးထဲတွင်မူ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ နောက်မှ ချက်ချင်းပင်လိုက်သွားလိုက်၏။
ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာလည်း ထိုနည်းတူပင်။ သူတို့မှာ ကြိုးကိုင်ရှင်အား မျက်မုန်းကျိုးနေကြပြီဖြစ်သည်။ ထို့အပြင် သူတို့မှာ သူတို့၏ လက်အောက်ငယ်သားများကို ဆုံးရှုံးလိုက်ရသည်ဖြစ်ပြီး နောက်ဆုံးဝှက်ဖဲအဖြစ်အသုံးပြုရန် ကြံရွယ်ထားသည့် အဖိုးတန်တိုက်ကွက်များကိုလည်း ထုတ်သုံးခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဤကိစ္စကြီးအား လွယ်လွယ်ကူကူနှင့် မေ့ပျောက်ပစ်နိုင်ကြမည် မဟုတ်ပေ။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် အခြေတည်အဆင့်ကျင့်ကြံသူများသာမက အဆင့်မြင့်ကျင့်ကြံသူအားလုံးမှာ ဝမ်ပေါင်လဲ့၏နောက်မှ လိုက်လာကြပြီး စစ်တပ်ကြီးတစ်တပ်ကဲ့သို့ ချီတက်လာကြတော့သည်။
မြည်းလေးမှာ အလွန်အင်မတန်မှ လျင်မြန်နေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်း၏နောက်မှ လိုက်လာရင်း အသက်ရှူနှုန်းများ မြန်ဆန်လာရတော့သည်။ ထိုမြည်းလေးမှာ ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဆီသို့ ဦးတည်သွားနေသည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ၏ဒေါသများကို ထိန်းချုပ်နိုင်စွမ်း မရှိလောက်အောင် ဖြစ်သွားရတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုအချက်ကို သတိထားမိလိုက်သည် မဟုတ်ပေ။ လင်းတျန်ဟောက်၊ ခုန်းတောက်နှင့် ကျင့်သိုမင်တို့ အားလုံးမှာလည်း အခြေအနေများကို ရိပ်စားမိသွား၏။ သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူတို့ဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင်အားကောင်းလာတော့သည်။
ထိုစစ်တပ်ကြီးမှာ သွေးဆာနေသော အသွားထက် ဓားတစ်လက်ကဲ့သို့ပင်။ သူတို့မှာ မြို့တော်အသစ်ထဲ၌ ပြေးလွှားရင်း ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲသို့ ပြေးဝင်သွားကြ၏။ ထိုနယ်မြေထဲတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများ ရှိနေကြဆဲဖြစ်ပါသော်လည်း သူတို့၏ အရေအတွက်မှာ သိသိသာသာ လျော့နည်းနေပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် သူ၏စစ်တပ်ကြီးကို မြင်လိုက်ရသောအခါ သူတို့ရောက်ရှိလာရသည့် အကြောင်းအရင်းကို နားမလည်ကြပါသော်လည်း မြို့တော်အသစ်ကြီးမှာ အန္တရာယ်နှင့် ကြုံနေရသည်ဖြစ်ကြောင်းကို ကြားသိထားကြပြီဖြစ်သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများဆီမှ ထွက်ပေါ်နေသည့် တုန်လှုပ်ချောက်ချားဖွယ် အငွေ့အသက်ကြီးကို အာရုံခံမိလိုက်ကြသောအခါ အထိတ်တလန့်ဖြစ်သွားရ၏။ ထို့ကြောင့် သူတို့မှာ ချက်ချင်းပင် နောက်သို့ဆုတ်သွားကြပြီး သူတို့အား မတားဆီးရဲကြတော့ပေ။
သို့သော် သူတို့အကုန်လုံး ထိုသို့ပြုမူနေကြသည်တော့ မဟုတ်ချေ။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ကျင့်ကြံသူအချို့မှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားကြပြီး သူတို့အား တားဆီးရန် ပြင််လိုက်ကြ၏။
” ရပ်စမ်း။ ငါတို့ရဲ့သခင်လေးက ဒီနယ်မြေထဲ ဘယ်သူမှဝင်ခွင့်မရှိဘူးလို့ ပြောထားတာ ”
သူတို့ ထိုသို့ ဆိုလိုက်ကြသောအခါ ဝမ်ပေါင်လဲ့တစ်ယောက် ဘာမှမပြောနိုင်ခင်မှာပင် ကျင့်သိုမင်မှာ အော်ဟစ်လိုက်၏။
” မင်းတို့ရဲ့ သခင်လေးကိုလည်း ဂရုမစိုက်ဘူးကွာ ” သူသည် ဓမ္မလက်နက်ကြီးအား လက်ထဲ၌ကိုင်၍ ရှေ့သို့ပြေးထွက်သွား၏။ ထိုအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ကြောက်လန့်တကြားအော်ဟစ်ကာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားကြတော့သည်။
” ချန်းမု။ ဒီကိစ္စကြီးရဲ့ တရားခံက တကယ်ပဲ မင်ဖြစ်နေတယ်ဆိုရင် ကျင့်သိုမင်ဆိုတဲ့ ငါကိုယ်တိုင် မင်းကို အရှင်လက်လက် အရေဆုတ်ပစ်မယ် ” ကျင့်သိုမင်မှာ မျက်လုံးကြီးများ နီမြန်းနေပြီဖြစ်သည်။ ဘေးပတ်ပတ်လည်ရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်များမှာမူ သူ့အား စိုက်ကြည့်ကာ ချီတုံချတုံ ဖြစ်နေကြ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ဩဇာအာဏာ အပြည့်ရှိပြီးသော အေးစက်စက် အမိန့်ပေးသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
” ဒီမှာရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို အမိန့်ပေးလိုက်တယ်။ ဥပဒေကို ဖီဆန်တဲ့ လူမှန်သမျှ နေရာမှာတင် သတ်ပစ်ကြ ”
ကျင့်သိုမင်၏ တဇွတ်ထိုး တိုက်ခိုက်မှုကြီးကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ရပ်တန့်သွားကြပါသော်လည်း သူတို့၏ ပြန်လည်တုံ့ပြန်လိုစိတ်များကို တားဆီးနိုင်ခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာမူ မတိုက်ခိုက်ခဲ့ပါသော်လည်း သူ၏ ရာထူးအဆင့်အတန်းကြောင့် သူ၏ အမိန့်ပေးသံကြီးမှာ ရေခဲတမျှ အေးစက်နေရ၏။ ထို့ကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများအားလုံးမှာ တွေဝေတုံ့ဆိုင်းသွားကြပြီး နောက်သို့ဆုတ်ခွာသွားရတော့သည်။
သူတို့မှာ ကျင့်သိုမင်နှင့် အခြားသူများကို ကြောက်ရွံ့ခြင်းမရှိပါသော်လည်း ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု လပေါ်၌ ကြုံခဲ့ရသော ကိစ္စရပ်ကြီးကြောင့် ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်မှု အကြောင်းများမှာ မျိုးနွယ်စုထဲ၌ ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင်ပင် သတိမထားမိပါဘဲ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုဝင်များ၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာ လူတစ်ယောက် ဖြစ်လာခဲ့၏။
သူ၏ အမိန့်ပေးသံကြီး လေထဲ၌ ပဲ့တင်ထပ်သွားသောအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူအားလုံးမှာ နှုတ်ဆိတ်သွားကြပြီး မတားဆီးရဲကြတော့ပေ။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား ရှေ့ဆုံးမှ ပြေးထွက်သွားသည့် မြည်းလေး၏နောက်သို့ လိုက်သွားခွင့်ပေးလိုက်ရ၏။ ထိုသို့ဖြင့် သူတို့မှာ ချန်းမု တံခါးပိတ်ကျင့်ကြံနေသည့် နေရာသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာတော့သည်။
သူတို့မှာ ထိုနေရာနားသို့ ရောက်လာသောအခါ သတိလစ်သွားခဲ့သည့် ချန်းမုမှာ အန္တရာယ်များ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည့်ပုံပင်။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာပြီး ခါးမတ်မတ် ထိုင်နိုင်ရန် ကြိုးပမ်းလိုက်ရ၏။ သူ၏ မျက်ဝန်းများမှာမူ အသက်မဲ့နေဆဲပင်။ တစ်ခဏမျှ ကြာပြီးသွားသောအခါမှသာ သူသည် သူ သတိလစ်မသွားခင် ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်၍အမှတ်ရသွားသဖြင့် အသက်ရှူသံများ လေးလံလာရတော့သည်။
” ဝမ်ပေါင်လဲ့ ” သူသည် အသံကုန် အော်ဟစ်လိုက်၏။ သူသည် မြည်းလေးအား မုန်းတီးနေပါသော်လည်း ဝမ်ပေါင်လဲ့ကို ပို၍ မျက်မုန်းကျိုးနေ၏။ ထိုမြည်းလေး၏ သခင်မှာ ဝမ်ပေါင်လဲ့ ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် သူ၏ နှလုံးသားထဲ၌ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူသည် သူ၏လုပ်ရပ်များ၏ နောက်ဆက်တွဲအကျိုးဆက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ အကယ်၍ သူသာ အောင်မြင်သွားခဲ့မည်ဆိုပါက ပြဿနာမရှိပါသော်လည်း ယခုတွင်မူ သူသည် ကျရှုံးသွားခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဤကိစ္စကြီးတစ်ခုလုံးအား နောက်ကွယ်မှ ကြိုးကိုင်နေသည်သူမှာ သူဖြစ်ကြောင်း သိရှိသွားကြမည်ဆိုပါက သူ၏ ကံကြမ္မာမှာ အဆုံးသတ်သွားမည်ဖြစ်ကြောင်း သူက နားလည်ထား၏။
” မဖြစ်နိုင်ပါဘူး။ တရားခံက ငါဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး ” ချန်းမုမှာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရ၏။ သူခံစားခဲ့ရသည့် ဘေးထွက်ဆိုးကျိုးမှာ အားပြင်းလွန်းလှသောကြောင့် သူသည် သတိပြန်ရလာသည့်တိုင်အောင် အမြင်အာရုံများ မှုန်ဝါးဝါး ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူသည် လေးလံနေသော အသက်ရှူသံများဖြင့် ဆေးလုံးတစ်လုံးကိုထုတ်ကာ မျိုချလိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး လိုအပ်သောပြင်ဆင်မှုများပြုလုပ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ဦးခေါင်းအထက်၌ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
၎င်းမှာ မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်နေသောကြောင့် ချန်းမုမှာ နားစည်များ ကွဲထွက်လုမတတ် ဖြစ်သွားရ၏။ ထို့နောက် သူ၏ မျက်နှာပေါ်၌ အထိတ်တလန့်ဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီး သူသည် ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားလိုက်ရ၏။ သူ၏ ဦးခေါင်းအထက်ရှိ မျက်နှာကြက်မှာလည်း တစ်စစီ ကွဲအက်သွားပြီး သူ ရှိနေသည့် လျှို့ဝှက်အချန်းမှာလည်း ထိုအခိုက်အတန့်တွင် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားတော့သည်။ ထို့နောက် နံရံများနှင့် မျက်နှာကြက်ကြီးတစ်ခုလုံး ပြိုကျလာသောကြောင့် သူသည် အပြင်ဘက်၌ ပေါ်ပေါက်လာတော့သည်။
ထိုပေါက်ကွဲမှုကြီးနှင့်အတူ ကျင့်သိုမင်၏ အရိပ်မှာ ပထမဆုံး ပေါ်ပေါက်လာ၏။ သူသည် သူ၏ဓားကြီးကိုသုံးကာ ချန်းမု၏ အိမ်ကို တစ်စစီ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။ ကျောက်တုံးများ အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားပြီး အောက်သို့ပြန်ကျလာစဉ်တွင် ဝမ်ပေါင်လဲ့၊ ခုန်းတောက်၊ လင်းတျန်ဟောက်နှင့် အသက်ရှင်ကျန်ရစ်ခဲ့သည့် အမြုတေအဆင့်ကျင့်ကြံသူများမှာ ကျောက်တုံးပုံကြီးကြား၌ ရောက်နေသော လျှို့ဝှက်အခန်း၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာကြတော့သည်။
” ကျင့်သိုမင်။ မင်း ဘာလုပ်နေတာလဲ။ လသုံးစင်း မဟာမိတ်အဖွဲ့နဲ့ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကြားမှာ စစ်ပွဲတစ်ခုဖြစ်လာအောင် ဖန်တီးနေတာလား “ချန်းမုမှာ ချက်ချင်းပင် ဘေးသို့ရှောင်တိမ်းလိုက်ပါသော်လည်း အားအင်ချည့်နဲ့နေသောကြောင့် သူ၏တိုက်ကွက်ကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်စွမ်းမရှိလိုက်ဘဲ သွေးတစ်ပွက် အန်ထွက်လာရ၏။ ထို့နောက် သူသည် တစ်စစီကြေမွနေသော ကျောက်ပြားတစ်ပြားကို မှီရင်း စိတ်ထဲ၌ တုန်လှုပ်ချောက်ချားသွားရ၏။ သို့သော် သူသည် အကောင်းဆုံးကြိုးစား၍ ကြောက်ရွံ့နေခြင်း အလျင်းမရှိသည့်ပုံစံ ဟန်ဆောင်လိုက်ပြီး ချက်ချင်းပင် အမိန့်ပေးလိုက်၏။
” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဝင်တွေ။ ငါ့အမိန့်ကို နာခံကြစမ်း ”
သူ ထိုသို့ဆိုလိုက်သည်နှင့် မကြာသေးမီတုန်းက ရပ်တန့်သွားခဲ့ကြသည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့နှင့် သူ၏စစ်တပ်ကြီးကို ကြောက်ရွံ့နေကြသည့်တိုင်အောင် ပေါ်ပေါက်လာကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား ဝိုင်းထားကြပြီဖြစ်သည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အမြုတေအဆင့် ကျင့်ကြံသူများမှာလည်း ချက်ချင်းပင် ရောက်ရှိလာကြသည်။
” ချန်းမု။ မင်းက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကို ကိုယ်စားပြုချင်နေသေးတယ်ပေါ့။ မင်းက ရုပ်သေးရုပ်တစ်ရုပ်ကို ထိန်းချုပ်ခဲ့ပြီးတော့ ပြည်ထောင်စုကြီးကို ပုန်ကန်ခဲ့တာလေ။ ပြည်ထောင်စုကြီးက ဒီကိစ္စကို အဖြေပေါ်တဲ့အထိ စုံစမ်းမှာနော် ” ကျင့်သိုမင်မှာ မျက်လုံးများမှေးကာ ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြောဆိုလိုက်၏။ သူ၏ စကားသံကြီးမှာ အေးစက်နေပါသော်လည်း စိတ်ထဲတွင်မူ သူသည် အနည်းငယ်ခန့် တွေဝေတုံ့တိုင်းနေရဆဲပင်။ သူ့ဆီတွင် သက်သေအထောက်အထား တစ်ခုတလေပင် ရှိမနေသည် မဟုတ်ပါလော။ မြည်းလေးက သူတို့အား ခေါ်လာခဲ့သောကြောင့်သာ သူတို့မှာ ထိုနေရာသို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့နှင့် ချန်းမုတို့မှာ ပဋိပက္ခဖြစ်နေကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဤအခွင့်အရေးကို အကြောင်းပြကာ ချန်းမုအား သတ်ဖြတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ပေသည်။
” အဓိပ္ပါယ်မရှိတဲ့ သွားပုပ်လေလွင့် စကားတွေ ” ချန်းမုမှာ ထိုစကားကိုကြားလိုက်ရသောအခါ အမျက်ချောင်းချောင်းထွက်သွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် မျက်လုံးနီကြီးများဖြင့် ကျင့်သိုမင်အား စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး သူ့အား စိုက်ကြည့်နေလိုက်တော့သည်။
မြင်းလေးရဲ့နာမည်ကိုပြန်ပြောင်းသင့်တယ်လို့ထင်တယ် eng transမှာ နာမည်ကိုဘာသာပြန်ထားပေမယ့် တရုတ်နာမည်ကိုပြန်ပြောင်းသင့်တယခ