ချန်းမုမှာ သွေးများထွေးထုတ်ရင်း အမြင်အာရုံများဝေဝါးသွားရ၏။ ထိုကဲ့သို့ သွေးများ ထွေးထုတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးမှာ ကြီးမားပြင်းထန်လွန်းနေ၏။ နောက်ဆုံးတွင် သူ၏ ဒေါသစိတ်များကြောင့် နှလုံးဖောက်သွားကာ ဘေးဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရပြီး သတိမေ့မြောသွားတော့သည်။
ချန်းမုတစ်ယောက် သတိလစ်နေစဉ် မြို့တော်အသစ်ထဲရှိ စစ်မြေတွင်ပေါ်တွင် ဝမ်ပေါင်လဲ့အပါအဝင် လူတိုင်းမှာ ဧရာမ စပါးအုံးမြွေကြီးအား ပါးစပ်အဟောင်းသားနှင့် မျက်လုံးများပြူးကာ စိုက်ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့၏ မြည်းလေးမှာ ထိုရုပ်သေးရုပ်ကြီးအား ထိန်းချုပ်နိုင်စွမ်း ရှိသွားသည်ကို သူတို့က အာရုံခံမိနေပါသော်လည်း သူတို့၏ စိတ်ထဲတွင် အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သော ဧရာမစပါးအုံးမြွေကြီးအား ထိပ်လန့်နေကြဆဲပင်။
လူအုပ်ကြီးတစ်ခုလုံး ထိုကဲ့သို့ သတိအပြည့်ထား၍ စောင့်ကြည့်နေကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် အသက်ရှူနှုန်းများ တည်ငြိမ်သွားစဉ် မြည်းလေး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသော စပါးအုံးမြွေကြီးမှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် ၎င်း၏ အရွယ်အစားမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားသဖြင့် စပါးအုံးမြွေကြီး၏ အပြင်ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားရတော့သည်။
နောက်ဆုံးတွင် ခြေထောက်လေးချောင်း ထွက်ပေါ်လာ၏။ ဧရာမစပါးအုံးမြွေကြီး၏ ဦးခေါင်းမှာလည်း အရွယ်အစား ကျုံ့ဝင်သွားပြီး ရှည်လျားလာ၏။ ထိုပြောင်းလဲမှုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်ခန့် ကြာမြင့်သွား၏။ ထို့နောက် ဧရာမစပါးအုံးမြွေကြီးမှာ လုံးဝပျောက်ကွယ်သွားပြီး လူတိုင်း၏ရှေ့တွင် မြည်းလေးတစ်ကောင် ပြန်လည်ပေါ်ပေါက်လာတော့သည်။
ထိုမြည်းလေးမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ခါယမ်းလိုက်ပြီးနောက် ၎င်း၏ မျက်ဝန်းများထဲ၌ အသိစိတ်များ ပြန်ဝင်လာ၏။ ထို့နောက် ၎င်းမှာ ခေါင်းငုံ့ကာ သူ၏ ခန္ဓာကိုယ်အား ပြန်လည်စစ်ဆေးကြည့်ရှုလိုက်သည်။ ၎င်း၏ မျက်ဝန်းများထဲတွင်မူ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ မကြာသေးမီတုန်းက ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးမှာ အိပ်မက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ၎င်းမှာ ထိုအိပ်မက်ထဲမှ နိုးထလာသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် ၎င်းမှာ လက်ရှိအခြေအနေကြီးကို နားမလည်နိုင်ပဲ ဖြစ်နေရသည်။ ထို့နောက် ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ လူများက သူ့အား အထူးတဆန်း ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများပြူးသွားပြီး ကဆုန်ပေါက်ကာ ဝမ်ပေါင်လဲ့၏ဘေးသို့ ရောက်ရှိလာတော့သည်။ ၎င်းမှာ သတိအပြည့်ရှိနေသည့်ပုံ ပေါက်နေသလို အပြစ်ကင်းသည့် ပုံစံပေါက်အောင်လည်း ဟန်ဆောင်နေ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သူ၏ခြေသလုံးအား ခေါင်းဖြင့်ပွတ်သပ်ရင်း ဝမ်ပေါင်လဲ့အား ဖားယားနေတော့သည်။
၎င်းမှာ ရိုသေကျိုးနွံမှုအပြည့်ရှိကာ ဝမ်ပေါင်လဲ့အား သူ့ကိုမစားရန် တောင်းဆိုနေသည့်ပုံ ပေါက်နေ၏။
ဝမ်ပေါင်လဲ့မှာမူ သူ၏ခြေထောက်ဖြင့် လှမ်းကန်ရန် ချက်ချင်းပင် ပြင်လိုက်၏။ ထို့နောက် သူသည် ဧရာမစပါးအုံးမြွေကြီးမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းခဲ့သည်ကို သတိပြန်ရသွားသောကြောင့် တွေဝေတုံ့ဆိုင်းသွားရ၏… သူ၏ ကန်ချက်ကြောင့် မြည်းလေးမှာ ပုံစံပြောင်းလဲသွားမည်ကို သူက စိုးရိမ်နေခြင်းဖြစ်သည်။
” မြည်းလေးက ဘယ်ဆိုးလို့လဲ။ ငါ သူ့ကို အမြဲတမ်း ရိုက်နှက်ကန်ကျောက်နေတာ မဖြစ်သင့်ဘူး။ ငါက သူ့ကို ကြောက်နေတာတော့ မဟုတ်ပါဘူး… ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ သို့သော် သူ၏နှလုံးသားထဲ၌ ခံစားနေရသည့် ရှက်စိတ်များကြောင့် သူသည် မလုံမလဲ ဖြစ်နေရတော့သည်။ မြည်းလေးမှာ ရိုးရိုးသေနတ်တစ်လက်အဆင့်မှ အမြောက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည် ဖြစ်ရာ ယခင်တုန်းကနှင့် မတူတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသာ ၎င်းအား ထပ်၍ နှိပ်စက်ညှဥ်းပန်းနေမည်ဆိုပါက ၎င်းမှာ သူ့အား သစ္စာဖောက်ကာ ပြန်၍ နှိပ်စက်ညှဉ်းပန်းနေမည်ကို စိုးရိမ်နေရတော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်ထိပ်ဆုံးအဆင့်တွင်သာ ရှိသေးပါသော်လည်း စပါးအုံးမြွေကြီးမှာ အမြုတေထိပ်ဆုံးအဆင့်သို့ ရောက်နေသည်မဟုတ်ပါလော။ သူတို့၏ကြားမှ ခြားနားချက်မှာ ကြီးမားလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ သားတစ်ယောက် ဖြစ်နေသကဲ့သို့ ခံစားနေရ၏…
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ တွေးတောကာ မျက်နှာသုန်မှုန်နေစဉ် ဘေးပတ်ပတ်လည်ရှိ အခြားလူများမှာမူ သတိကြီးကြီးထားနေကြဆဲပင်။ ဧရာမစပါးအုံးမြွေကြီးကြောင့် ရဲဘော်များဆုံးရှုံးလိုက်ရသည့် ကျင့်ကြံသူများမှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာကြ၏။ မြည်းလေးမှာလည်း သူတို့နည်းတူ စိုးထိတ်နေရပြီဖြစ်သည်။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ လူအချို့၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ကို အာရုံခံမိနေသည့်အပြင် သူ၏သခင်ဖြစ်သူမှာလည်း သူ့အား ယခုအထိ ကန်ကျောက်ခြင်း မရှိသေးသောကြောင့် အထူးတဆန်း ဖြစ်နေရတော့သည်။
ထို့ကြောင့် ၎င်း၏ နုနယ်သော နှလုံးသားလေးမှာ တဆတ်ဆတ် တုန်ရီလာရ၏။ ၎င်းမှာ အန္တရာယ်များကို အာရုံခံမိနေသောကြောင့် မျက်ဝန်းများထဲ၌ ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့က ၎င်းအား သတ်စားပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် အခိုက်အတန့်များကို ပြန်တွေးမိလိုက်သောအခါ စိုးရိမ်တကြီးဖြစ်သွားရ၏။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့အား စိတ်ကျေနပ်အောင် လုပ်ပေးရန် အစွမ်းကုန်ကြိုးစားလိုက်ပြီး လျှာကိုပင်ထုတ်၍ သူ၏လက်အား လျှက်နေလိုက်တော့သည်…
မြည်းလေး၏ လုပ်ရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်သွားရပါသော်လည်း မြည်းလေးမှာ အကြောက်လွန်နေပြီဖြစ်သည်။ ထို့အပြင် ၎င်းမှာ သွားရည်များ အဆက်မပြတ် ထွက်နေသောကြောင့် ဝမ်ပေါင်လဲ့၏ လက်မှာလည်း စိုရွှဲနေရ၏။ ဝမ်ပေါင်လဲ့မှာမူ ၎င်းအား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မြည်းလေးအား ကန်ကျောက်မိလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ခြေထောက်ကို မြှောက်မိလိုက်သည်နှင့် တစ်ပြိုင်နက် သတိပြန်ကပ်သွား၏။ ထို့ကြောင့် သူသည် သူ၏ခြေထောက်အား ပြန်ရုပ်ရန် ကြိုပမ်းလိုက်ပါသော်လည်း မြည်းလေးမှာ မျက်လုံးများအရောင်လက်သွားသည်။ ထို့နောက် ၎င်းမှာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး သူ၏ကန်ချက်အား မရှောင်တိမ်းဘဲ တည့်တည့်ဝင်တိုးလိုက်၏။ ထို့ကြောင့် ၎င်းမှာ ခပ်လှမ်းလှမ်းသို့ လွင့်ထွက်သွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွား၏။ မြည်းလေးကမူ စိတ်အေးသွားရသည်ပုံပင်။ ၎င်းမှာ ရိုက်နှက်ကန်ကျောက်ခံရလျှင် အရာအားလုံးမှာ အဆင်ပြေသွားလိမ့်မည်ဟု မှတ်ယူထား၏။ ထို့ကြောင့် ၎င်းမှာ ပျော်ရွှင်မြူးထူးစွာ ကဆုန်ပေါက်ရင်း အော်ဟစ်မြည်တမ်းနေလိုက်တော့သည်။
” သား၊ သား ”
ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ အော်သံကို ကြားလိုက်ရသောအခါမှ စိတ်မကောင်းဖြစ်သွားရ၏။ သို့သော် သူ၏ အချို့သောကျင့်ကြံသူများ၏ မျက်ဝန်းများထဲရှိ အဓိပ္ပါယ်ရှုပ်ထွေးနေသော အကြည့်များနှင့် သူတို့ဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များကို သတိထားမိလိုက်သည်။ မြည်းလေးမှာ ဤကိစ္စထဲတွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် လူအများစုမှာ ၎င်းအား ဒေါသထွက်နေကြမည်ဖြစ်ကြောင်း သူက သိရှိထားသည်။ ဤကိစ္စကြီးတစ်ခုလုံးမှာ မြည်းလေးနှင့် လုံးဝမဆိုင်ပါသော်လည်း ယခုကဲ့သို့ ဒေါသထွက်နေသော လူအုပ်ကြီးကို ချော့မော့ဖျောင်းဖျနိုင်ရန်မှာ မလွယ်ကူပေ။
ထို့အပြင် ဧရာမစပါးအုံးမြွေကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်နေခဲ့သည်မဟုတ်ပါလော။ ယခုတွင် ထိုမြည်းလေးမှာ ရုတ်တရက်ဆိုသလို အမိန့်နာခံသည့်ပုံစံ ဟန်ဆောင်နေသည်ဖြစ်ရာ လူအများစုမှာ သူတို့၏ဒေါသများကို ၎င်းအပေါ် ပုံချချင်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ မြည်းလေး၏ရှေ့၌ ရပ်လိုက်ပြီး ၎င်းအား ထပ်၍ကန်ကျောက်ကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်တော့သည်။
” မင်းက အော်နေသေးတယ်ပေါ့ ဟုတ်လား ”
မြည်းလေးမှာ အကန်ခံလိုက်ရသောကြောင့် အော်ဟစ်မြည်တမ်းလိုက်ရ၏။ ၎င်းမှာ အသားမနာပါသော်လည်း ထိုသို့အော်ဟစ်ရသည်မှာ အကျင့်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။ သို့သော် ၎င်းဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ၎င်း၏ နားရွက်ရှည်ကြီးကို ဆုပ်ကိုင်ကာ ၎င်းအား ရိုက်နှက်ကန်ကျောက်လိုက်ပြန်သည်။
ထို့ကြောင့် မြည်းလေးမှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သတိထားမိသွား၏။ သို့သော် ၎င်းမှာ ရုန်းကန်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ၎င်းအား မကျေမနပ်ဖြစ်နေသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
” မင်းက အပြစ်မရှိတဲ့အပြင် စပါးအုံးမြွေကြီးက မင်းကို မျိုချခဲ့လို့ မတရားခံရခဲ့ရတာ မှန်ပေမဲ့ တခြားလူတွေ အကုန်လုံးက အခု စိတ်မကောင်းဖြစ်နေရတာလေ။ အဲ့တာကို မင်းက ဆက်ပြီးတော့ အော်ရဲနေတုန်းလားကွ ” ဝမ်ပေါင်လဲ့မှာ မြည်းလေးအား ဆူပူကြိမ်းမောင်းကာ ရိုက်နှက်ကန်ကျောက်နေတော့သည်။ သူသည် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ မြည်းလေးအား အမှန်တကယ် ဆုံမနေခြင်းဖြစ်၏။
ထို့ကြောင့် မြည်းလေးမှာ မတရားခံနေရသလို ခံစားလိုက်ရ၏။ သို့သော် ထိုအချိန်တွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အကြည့်ကို သတိထားမိလိုက်သဖြင့် အခြေအနေများကို ရိပ်စားမိသွားသည့်ပုံ ပေါက်သွားပြီး အသံကုန် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထို့အပြင် ၎င်းမှာ မျက်ရည်လည်ရွဲနှင့် သူ့ကို အသက်ချမ်းသာပေးရန် ဝမ်ပေါင်လဲ့အား တောင်းဆိုနေလိုက်တော့သည်။
” ဘာမှ လာပြီးတော့ ငိုပြမနေနဲ့။ မင်းက ငါတို့အကုန်လုံးကို ကယ်တင်ပေးခဲ့တာမလို့ မင်းမရှိရင် ငါတို့တွေလည်း သေနေလောက်ပြီဆိုတာ မှန်ပေမဲ့ ငါကတော့ မင်းကို ရိုက်ရဦးမှာပဲ ”
” ပြီးတော့ မင်းက ရုပ်သေးရုပ်ကြီးကို ထိန်းချုပ်နိုင်ခဲ့ပြီးတော့ မြို့တော်အသစ်ကို အန္တရာယ်နဲ့ မကြံရအောင် ကူညီပေးနိုင်ခဲ့တဲ့အပြင် ငါတို့အကုန်လုံးရဲ့ အသက်တွေကို ကယ်တင်ခဲ့တာဆိုပေမယ့် ငါကတော့ မင်းကို သင်ခန်းစာကောင်းကောင်း ပေးရဦးမှာပဲ ” ဝမ်ပေါင်လဲ့မှာ မြည်းလေးအား ရိုက်နှက်ကန်ကျောက်နေရင်း အခြားသူများအား အကဲခတ်နေလိုက်၏။ မြည်းလေးမှာလည်း အခြေအနေများကို ရိပ်စားမိသွားသောကြောင့် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်နေလိုက်တော့သည်။ ထို့ကြောင့် ၎င်း၏ ပုံစံမှာ အလွန်အင်မတန်မှ သနားစရာကောင်းနေ၏။
ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်မှ လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားရပြီး သူတို့၏မျက်နှာများပေါ်တွင် အထူးတဆန်းဖြစ်နေသည့် အမူအရာများ ပေါက်လာရတော့သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်အား သဘောပေါက်သွားကြ၏။ သူသည် ဤကိစ္စကြီးတစ်ခုလုံးမှာ မြည်းလေးနှင့် လုံးဝမဆိုင်ကြောင်း တစ်ဖက်လှည့်နည်းဖြင့် သူတို့အား အသိပေးနေခြင်းဖြစ်သည်။ အမှန်တွင် ထိုမြည်းလေးမှာ သူတို့အားလုံးကိုပင် ကယ်တင်ပေးခဲ့သည်မဟုတ်ပါလော။
ထို့အပြင် ယခုတွင် သူသည် ထိုမြည်းလေးအား ဆုံးမနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အကြောင်းအရင်းမရှိဘဲ သူတို့၏ အမျက်ဒေါသများကို ထိုမြည်းလေးပေါ်သို့ မပုံချသင့်ပေ… ဝမ်ပေါင်လဲ့၏ လုပ်ရပ်များမှာ အရိပ်အမြွက် ပြနေခြင်းပင် မဟုတ်တော့ဘဲ အတိအလင်း ကြေညာနေခြင်းနှင့်ပင် ပို၍ တူနေတော့သည်။ ထို့ကြောင့် တိုက်ပွဲထဲ၌ ရဲဘော်ရဲဘက်များ ဆုံးရှုံးလိုက်ရသည့် လူများမှာ နှုတ်ဆိတ်သွားကြပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းများ ချနေရတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့၏ မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါမှ စိတ်အေးသွားရ၏။ သို့သော် သူသည် အဆုံးအထိ ဟန်ဆောင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် မြည်းလေးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ကန်ကျောက်လိုက်ပြီးနောက် ၎င်းအား စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်လိုက်သဖြင့် သူ၏လက်ထဲ၌ သူ၏ ဓမ္မလက်နက်ဓား ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် သူသည် လက်တစ်ဖက်ဖြင့် မြည်းလေး၏ခေါင်းကိုကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏ဓားကို ကိုင်ထားရင်း အော်ပြောလိုက်၏။
” တာအိုရောင်းရင်းတို့။ ဒီမြည်းလေးက ငါတို့ရဲ့ အသက်တွေကို ကယ်တင်ခဲ့တာမလို့ ငါတို့တွေက သူ့အပေါ် ကျေးဇူးကြွေးတွေ အများကြီးတင်နေတာဆိုပေမယ့် ဧရာမစပါးအုံးမြွေကြီးက ကျင့်ကြံသူတွေအများကြီးကို သတ်ဖြတ်ခဲ့တာ။ အဲ့တာမလို့ ငါ ဒီအပြစ်မရှိတဲ့ မြည်းလေးကိုသတ်ပြီးတော့ သူတို့အတွက် လက်စားချေမှဖြစ်မယ် ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် လင်းတျန်ဟောက်မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူမရာဖြင့် ချက်ချင်းပင် ရှေ့သို့လှမ်းလာ၏။ ထို့နောက် သူသည် အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏ ” မြို့တော်သခင် အဲလိုလုပ်လို့ မဖြစ်ပါဘူး။ ဒီမြည်းလေးမှာ အပြစ်မှမရှိတာ။ အဲ့တာမလို့ ကျနော်တို့ရဲ့ ဒေါသတွေကို သူအပေါ် မပုံချသင့်ဘူး ”
တာအိုကျောင်းလေးကျောင်းမှ လူများမှာလည်း အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် ရှေ့သို့ အလောတကြီး ရောက်ရှိလာကြပြီး ဝမ်ပေါင်လဲ့အား တားလိုက်ကြ၏။ ခုန်းတောက်မှာလည်း သက်ပြင်းချကာ စကားအချို့ ဝင်ပြောလိုက်ရသည်။ ၎င်းမှာ ဟန်ဆောင်မှုကြီးတစ်ခုသာဖြစ်ကြောင်း လူတိုင်းက သိရှိထားကြပါသော်လည်း သူတို့မှာ ဝမ်ပေါင်လဲ့၏ အကြံအစည်ကိုလည်း နားလည်ထားကြ၏။
ကျင့်သိုမင်မှာလည်း ရှုံ့မဲ့မဲ့နှင့် ပြုံးလိုက်ရ၏။ ဝမ်ပေါင်လဲ့ ယခုလိုလုပ်နေရသည့် အဓိကအကြောင်းရင်းမှာ သူကြောင့်ဖြစ်ကြောင်း ကျင့်သိုမင်က သိထားပါသော်လည်း သူသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ရ၏ ” ပေါင်လဲ့။ မင်း ဒီမြည်းလေးကို အပြစ်တင်လို့မရဘူးလေ။ သူက အများကြီးကူညီပေးခဲ့တာ ”
ကျင့်သိုမင် ထိုသို့ဆိုလိုက်သည်နှင့် သူ၏ဘေးတွင် ရပ်နေသော အမြုတေအဆင့် ကျင့်ကြံသူကြီးမှာလည်း အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် မြည်းလေးအားကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ဆိုလိုက်၏။
” ဒီမြည်းလေးကို တော်တော်လေးကို တမူထူးခြားတာပဲ။ ရုပ်သေးရုပ်ကြီးနဲ့ ပေါင်းစည်းသွားပြီးတာတောင် သူ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာပြီးတော့ ရုပ်သေးရုပ်ကြီးကို ဝါးမျိုပစ်ပြီး ပြန်ထိန်းချုပ်ပစ်ခဲ့တာ။ သူ့ကြောင့် ကြိုးကိုင်ရှင်ကြီးရဲ့ အစီအစဉ်တွေအားလုံး ပျက်ပြားသွားရပြီး သဲထဲရေသွန်ဖြစ်သွားခဲ့ရတဲ့အပြင် မြည်းလေးကို ကူညီပေးလိုက်သလို ဖြစ်သွားခဲ့ရတာပဲ ”
” ကြည့်ရတာ သူက အခြေတည်အဆင့်မှာပဲ ရှိနေသေးတဲ့ပုံပဲ။ ဒါပေမဲ့ တစ်ရက်ရက်မှာ သူက အမြုတေထိပ်ဆုံးအဆင့်မှာရှိတဲ့ ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်အဖြစ် ပြောင်းမသွားနိုင်ဘူးလို့ ဘယ်သူပြောရဲမလဲ ” အမြုတေအဆင့်ကျင့်ကြံသူကြီးမှာ ထိုသို့ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူသည် သူ၏မျက်ဝန်းထဲမှ မနာလိုစိတ်များကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူတစ်ယောက်တည်းသာ ထိုသို့ဖြစ်နေရသည်လည်းမဟုတ်ပေ။ အခြားသူများအားလုံးမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ကမ္ဘာပေါ်တွင် ရှိနေမည်ဆိုပါက ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်ပင်လျှင် နှလုံးသားထဲ၌ မနာလိုစိတ်များဖြင့် ပြည့်နှက်နေရမည်ဖြစ်သည်။
၎င်းမှာ အမြုတေထိပ်ဆုံးအဆင့် သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ခြေရှိသော တိုက်ပွဲသုံးသားရဲကြီးတစ်ကောင် ဖြစ်နေသည်မဟုတ်ပါလော။
ဤသတင်းများ ပျံ့နှံ့သွားပြီးလျှင် ဝမ်ပေါင်လဲ့၏ မြည်းလေးမှာ အလွန်အင်မတန်မှ အဖိုးတန်သွားမည်ဖြစ်ကြောင်းကို လူတိုင်းက စိတ်ကူးထဲ၌ ခန့်မှန်းထားကြပြီးဖြစ်သည်။ ၎င်းမှာ လက်ရှိတွင်ပင် အတော်အသင့် တန်ကြေးရှိနေပြီ ဖြစ်ပါသော်လည်း ယနေ့ဖြစ်ရပ်ကြီးကြောင့် ၎င်း၏ တန်ဖိုးမှာ မိုးထိုးသွားရတော့မည်မှာ အမှန်ပင်။
” သူက ကျွမ်းကျင်ပညာရှင်အဆင့်မှာ ရှိနေတာပဲ ” လင်းတျန်ဟောက်မှာ အသက်ပြင်းပြင်းရှူ၍ ပင့်သက်ချကာ ဆိုလိုက်၏။
” အံ့ဩဖို့ကောင်းလွန်းပါတယ် ” ကျင့်သိုမင်မှာလည်း အသိစိတ်ပြန်ကပ်လာပြီးနောက် တိုးတိုးလေး ရေရွတ်မိလိုက်ပြီး မျက်လုံးများအရောင်တောက်လာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် နောက်ထပ်တစ်ကြိမ် ထပ်၍ဆွေးနွေးကာ ထို အံ့ဩဖွယ်ရာ မြည်းလေးအား ဝယ်ယူနိုင်ခွင့် ရှိမရှိ မေးမြန်းစုံစမ်းကြည့်ရန် တွေးနေမိတော့သည်။