အစပိုင်းတွင်တော့ ပိုင်ရှောင်ချန်းက ချီတုံချတုံ ဖြစ်နေသည်။ သူတို့၏ သွေးပလ္လင်ရှေ့ရှိ ရွေးချယ်ခံရသူများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ရွှယ်မေ့က အောင်မြင်ပြီးကြောင်းတွေ့လိုက်ကာ တခြားသူများမှာတော့ သွေးချီများဖြင့် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
အခြေအနေကို သုံးသပ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက အခြားသူများ၏ ပိုပိုကဲကဲလုပ်ဆောင်နေမှုများကို ဒေါသထွက်စပြုလာ၏။ စုန့်ချွဲနှင့် ဥပမာပြရမည်ဆိုပါစို့။သူ့မှာ ရေစီးကြောင်းရှစ်ခုအခြေခံရှိပြီး ထိုအရာကို ထုတ်သုံးနိုင်လျှင်တောင်မှ ရွှယ်မေ့ထက် နှေးလိမ့်မည်ဖြစ်သော်လည်း ယခုလောက်အထိ နှေးကွေးမနေသင့်ချ။ ထို့အပြင် သူက ခုနစ်ဆယ်ရာခိုင်နှုန်းမျှသာ ပြီးဆုံးသေးသည်။
တခြားသူများလည်း ထိုနည်း၄င်းပင်။ အဖွဲ့ထဲမှ အနှေးဆုံးသူများမှာ သုံးဆယ်ရာခိုင်နှုန်းခန့်သာ ပြီးမြောက်သေးသည်။
“ငါက သိပ်ရိုးသားတာပဲ ” သူက တွေးလိုက်၏။
” ငါဘာလုပ်ရမလဲတွေးနေတုန်းပဲ ရှိသေး. ဟိုအရူးတွေကတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံရှေ့ရောက်ဖို့ သွေးချီတွေကို ကူညီပေးနေပါ့လား..”
ယခင်ကထက်ပို၍ ဖြောင့်မတ်တည်ကြည်သည်ဟု ခံစားရလိုက်လျက် သူက ရွှယ်မေ့ကို လှမ်းကြည့်လိုက်ပြီး အရူးမဟု ကောက်ချက်ချလိုက်လေသည်။ ကြည့်ရသရွေ့သူမ၏ရိုးသားခြင်းသည်လည်း သူနှင့် တန်းတူနီးပါးပင် ဖြစ်သည်။
“အာ.. ဘာဖြစ်ဖြစ်ကွာ.။ အားစိုက်လုပ်မနေတော့ဘူး..။ ဒီမှာ ငါက သူလျှိုဖြစ်နေတာမလို့ အများကြီးလုပ်ပြနေစရာမလိုပါဘူး ။ ဒီတိုင်းလေး အံခွင်ဝင်ကျဖြစ်နေဖို့ပဲလိုတာ.. အီး..ဒါကြီးကို တကယ်မလုပ်ချင်တော့ဘူးကွာ”
သက်ပြင်းခိုးချလိုက်ပြီး သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သွေးချီ ကိုးဆယ်ရာခိုင်နှုန်းခန့်အား စတင် စုပ်ယူလိုက်သည်။
ထိုသို့ သူ၏ရုတ်တရက်လုပ်ဆောင်ချက်ကြောင့် သူ့ခေါင်းထက်ရှိ တစ်ဝက်ပင် ဖြစ်တည်ပြီးသည့် သွေးစက်လုံးကြီးမှာ တဖြေးဖြေးနှင့် လျော့ပါးလွင့်ပျောက်လာသည်။ အောက်ဘက်ရှိတစ်ဦးတစ်ယောက်မှ သတိမထားမိသော်လည်း စုန့်ချွဲနှင့် အခြားသူများက သတိထားမိကြပြီး သူ့ကို ကျိတ်၍ ကျိန်ဆဲနေကြသောကြောင့် သူတို့၏မျက်လုံးမှာ ဝင်းဝင်းတောက်နေတော့သည်။
ခေါင်းဆောင်ကြီး ဟန်ရန်က တခဏမျှ တုံ့ဆိုင်းသွားပြီး ပိုင်ရှောင်ချန်းကို ဂရုတစိုက် အကဲခတ်လိုက်၏။ အခြားခေါင်းဆောင်ကြီးများ၏ အမူအရာသည်လည်း ထူးဆန်းနေလေသည်။ အမှန်မှာ မဟာဖုတ်ကောင် ကို ဆင့်ခေါ်ရန်အတွက် ရွေးချယ်ခံရသူကိုးယောက်ကို ခေါ်ထုတ်ရသည့် အပြင် ခေါင်ဆောင်ကြီးများက ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို အဆင့်မြှင့်ရန်လည်း ရည်ရွယ်ထားခဲ့ပြီးဖြစ်သည်။
အတိအကျဆိုရလျှင် အာရုံစိုက်ခြင်းမခံရပဲ သူတို့၏ ကျင့်ကြံခြင်းအခြေခံကို မည်မျှမြှင့်တင်နိုင်မည်ဆိုသည်မှာ ထိုလူတစ်ယောက်ချင်းစီ ပေါ်တွင် မူတည်လေသည်။
ရွှယ်မေ့က သွေးသခင်ဖြစ်ရန်တွင် အာရုံစူးစိုက်ထားသောကြောင့် ထိုကဲ့သို့ လုပ်ရပ်မျိုးကို စက်ဆုပ်ရွံရှာစေကာမူ ခေါင်းဆောင်ကြီးက ထိုအကြောင်းကို လျစ်လျူရှုထား၏။ သို့သော် ညမုဆိုးမှာမူ တစ်ဝက်ပင် ပေါက်မြောက်ပြီးဖြစ်သော်လည်း ရုတ်ခြည်းဆိုသလို သူ့အတွက် သွေးချီအများစုကို ပြန်စုပ်ယူနေလေသည်။
အကယ်၍ ညမုဆိုးတစ်ယောက်သာ ထိုသို့ လုပ်ပါက မပြောပလောက်ပေ။ သို့သော်လည်း အနည်းငယ်ကြာပြီးနောက် စုန့်ချွဲ၊ ရွှီရှောင်ရှန်းနှင့် အခြားကျင့်ကြံသူအားလုံး နောက်က ထပ်ကြပ်မကွာ ထိုနည်းတူ ပြုမူလာကြသည်။ထို့ကြောင့် ခေါင်းဆောင်ကြီးများက ထိုကဲ့ကိစ္စမျိုးဖြစ်ပွားနေသည်အား လက်ပိုက်ကြည့်မနေနိုင်တော့ပေ။
နောက်ဆုံး၌ မဟာဖုတ်ကောင်၏ မျက်လုံးတစ်ဝိုက်၌ ငရဲမီးလျှံများက စတင်လောင်ကျွမ်းလာ၏။
“အမွှေးတိုင်တစ်တိုင်လောင်ပြီးလို့မှ သွေးစက်လုံးမပြီးမြောက်ပဲ မဟာဖုတ်ကောင်ကို ဆင့်ခေါ်ဖို့ကြန့်ကြာစေသူ ဘယ်သူ့ကိုဖြစ်ဖြစ် ငါကိုယ်တိုင် ဖုတ်ကောင် ပြောင်းပစ်မယ်”
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက အေးစက်စက်နှာမှုတ်လိုက်ပြီး ပိုင်ရှောင်ချန်းနှင့် အခြားသူများသာ ကြားနိုင်သည့် လေသံဖြင့် စကားပြောလိုက်သည်။
ပိုင်ရှောင်ချန်းနှလုံးတုန်သွားလေသည်။ ယခုတင် သူစုပ်ယူလိုက်သည့် သွေးချီများက သိသာထင်ရှားစွာ အထောက်အကူပြုနေပြီဖြစ်၏။ သူ၏ ထာဝရကောင်းကင်ဘုရင်မှာ ဝိညာဥ်ငါးကောင်စွမ်းအားသို့ပင် အဆင့်တက်ပြီးနေလေသည်။
“ကပ်စေးနှဲလိုက်တာ” သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သို့စေကာမူ ခေါင်းဆောင်ကြီးများကိုဆန့်ကျင်ရန် စိတ်မကူးရဲသဖြင့် ချက်ချင်းပင် သူ့ကိုယ်သူအား ချုပ်တည်းလိုက်၏။ တခြားသူများမှာ ခေါင်းငုံ့သွားကြပြီး မကြာမီပင် သတ်မှတ်ထားသော ပြီးဆုံးချိန်သို့ နီးကပ်လာလေသည်။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းနှင့်တခြားသူများ၏ သွေးစက်လုံးအားလုံးမှာ ကိုးဆယ်ရာခိုင်နှုန်းခန့် ပြီးမြောက်နေပြီဖြစ်သည်။ နောက်ဆုံးတစ်စက္ကန့်အချိန်အတွင်း၌ လက်ကျန် ဆယ်ရာခိုင်နှုန်းပြည့်ရန်အတွက် အာရုံစူးစိုက်မှုအပြည့်ရရန် လိုအပ်လေသည်။ တကယ်တော့ မည်သူမျှ သူတို့၏ စက်လုံးများအား အမြန်မပြီးချင်ကြပေ။ အကောင်းဆုံးအရာမှာ နောက်ဆုံးအခိုက်အတန့်အထိစောင့်ပြီး အံသြဖွယ်ရာ အခွင့်အလမ်းကို အသုံးချ အခွင့်ကောင်းယူရန်ဖြစ်သည်။ ထို့အခွင့်အလမ်းမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံး၏ အကူအညီဖြင့် သူတို့၏ ကျင့်ကြံခြင်း ပို၍ မြင့်လာစေရန်ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းသည့် အချိန်တိုလေး၌ ပိုင်ရှောင်ချန်း၏ ထာဝရကောင်းကင်ဘုရင်မှာ နောက်တစ်ဆင့်သို့ပင် တက်သွားနိုင်လေသည်။ သူ၏ အသွေးအသားမှာ ယခုတွင် ဝိညာဥ်ရိုင်းခြောက်ကောင်အားနှင့် ညီလေသည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ရီနေပြီး အပေါ်သို့ မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်ချင်သည့်စိတ်ကို ထိန်းချုပ်နေရလေသည်။
“ဆက်လုပ်လို့ မရတော့ ကံဆိုးတာပဲ ။ အချိန်လဲ ပြည့်ခါနီးပြီ”
သူက မရပ်တန့်ချင်ပါသော်လည်း မတတ်နိုင်ပေ။ သက်ပြင်းချလိုက်ပြီး နောက်ဆုံး တစ်ဒါဇင်မျှ အသက်ရှုချိန်တွင် သွေးစက်လုံးပြီးမြောက်ရန် အသုံးချလိုက်သောအခါ ရုတ်တရက် သူ၏ နှလုံးက တဒိန်းဒိန်းခုန်လာ၏။
” တကယ်လို့ ငါရဲ့ ထာဝရသွေးစက်ကိုသာ ဒီထဲထည့်လိုက်ရင် ဘာများဖြစ်နိုင်မလဲ. ။ မဟာဖုတ်ကောင်ကိုများ ထိန်းချုပ်နိုင်မလား”
ထိုအတွေးကြောင့် သူ စိတ်လှုပ်ရှားသွား၏။ အကယ်၍ အလုပ်ဖြစ်ပါက ထိုအရာကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် မယုံကြည်နိုင်ဖွယ်ရာ အသုံးချခံတစ်ခုဖြစ်လာလိမ့်မည်။ သို့စေကာမူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သူ့ကို ကောင်းမွန်စွာ ဆက်ဆံသည့်အကြောင်းကို တွေးလိုက်သည်နှင့် ထိုအကြံမှာ ဝေဝါးသွား၏။
“စုန့်ကျင်းဝမ်၊ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးရယ်.. အခြားမဟာအကြီးအကဲတွေကောပဲ.. ငါ့ကို တကယ်ကောင်းကောင်းဆက်ဆံခဲ့တာ ။ သူတို့က နည်းနည်းတော့ ရက်စက်ကြမ်းကြုတ်ပေမယ့်လဲ သိပ်လဲ မဆိုးရှာပါဘူး”
တဟင်းဟင်းနှင့် သက်ပြင်းချလျက် သူ၏ကျင့်ကြံခြင်းအခြေခံကိုလည်း ထည့်စဥ်းစားလိုက်သည်။ ယခုလက်ရှိအဆင့်နှင့်ဆိုလျှင် သူက မဟာဖုတ်ကောင်ကို ထိန်းချုပ်နိုင်မည့်ပုံမပေါ်ချေ။ သို့ထိတိုင်အောင် သူ့မှာ ဆုံးဖြတ်ချက်မချနိုင်သေးပေ။
“ကဲဟာ..စမ်းကြည့်တာပေါ့..။ အောင်မြင်တာ မအောင်မြင်တာက ကောင်းကင်အလိုအတိုင်းပဲကွာ”
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တောက်ပသွားပြီး သူက အောက်ကို ငုံကြည့်လိုက်သည်။ လူတိုင်းက ချီများကို သွေးထဲသို့ ကူးပြောင်းနေဆဲဖြစ် ပြီး သူလည်း ထိုနည်းတူပင်။ ထို့နောက် သူက သူ၏ ထာဝရသွေးထဲမှာ သွေးချီအနည်းငယ်ကို ထုတ်ပြီး အခြားသူများ၏ထုတ်လွှတ်နေသည့် သွေးချီများနှင့် ရောနှောပစ်လိုက်လေသည်။
အသက်ရှူကြိမ်တစ်ဒါဇင်ခန့်ကုန်ဆုံးသွားပြီးနောက် ခေါင်းဆောင်ကြီး ဟန်ရန်၏ မျက်လုံးများမှာ လုပ်ငန်းပြီးဆုံးတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သဖြင့် တလက်လက်တောက်ပနေသည်။ ထိုအခိုက်တွင် စုန့်ချွဲ ၊ရွှီရှောင်ရှန်း နှင့် အခြားသူများ ထံမှ သွေးစက်လုံးတစ်ခုက ဝဲပျံလာသည်။ ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ မျက်လုံးဖွင့်လိုက်ပြီး သူ၏ သွေးစက်လုံးကိုလည်း ပျံသွားစေလိုက်သည်။
သူ၏ သွေးစက်လုံးမှာ အခြားလူများနှင့် တစ်ထပ်တည်းပင် ဖြစ်သော်ငြား ထိုထဲတွင် စစ်မှန်သည့် ထာဝရသွေးအချို့ပါဝင်နေ၏။
” သူတို့ သတိမပြုမိလောက်ပါဘူးနော်” သူက တွေးလိုက်သည်။ ” တကယ်တော့ ငါရဲ့ ထာဝရသွေးက အစစ်လေ..။ ထာဝရသွေးရဲ့နောက်တစ်မျိုးက အတုလဲရှိသေးတာပဲ ။ သူတို့ သတိပြုမိရင်တောင်မှ သူများတွေထက် ငါက ပိုကြီး စွမ်းအားကြီးတာကြောင့်လို့ပဲ တွေးမှာပါ ။.. နောက်ဆုံးတော့ သွေးပြောင်းပြန်ဘိုးေဘးနိုးထခြင်းကို ငါလုပ်နိုင်ပြီ”
သွေးစက်လုံးရှစ်ခုက ပျံသန်းလာသည်နှင့် ခေါင်ဆောင်ကြီး ဟန်ရန်က ဂရုတစိုက် စစ်ဆေးပြီးနောက် လက်ဝှေ့ယမ်းလိုက်ကာ မဟာဖုတ်ကောင်၏ မျက်လုံးထံသို့ ပို့လွှတ်လိုက်လေသည်။
သွေးစက်လုံးများက မဟာဖုတ်ကောင်ထဲ မြှပ်ဝင်သွားသောကြောင့် ပိုင်ရှောင်ချန်းက စိတ်သက်သာရာရသွားပြီ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် စွမ်းအားပြင်း သက်စောင့်အားကြီး ထွက်ပေါ်လာကာ မဟာဖုတ်ကောင်၏ မျက်လုံးထဲရှိ ငရဲမီးလျှံများက တဟုန်းဟုန်း တောက်လောင်လာ၏။
ထို့နောက် မဟာဖုတ်ကောင်က တဖြေးဖြေးမြောက်ကြွလာပြီး သူ၏ခေါင်းကို နောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံကြီးက ကောင်းကင်နှင့် မြေကြီး တသိမ့်သိမ့် တုန်ခါသွားစေပြီး ထိတ်လန့်ဖွယ်စွမ်းအားက လွင့်ပျံလာသောကြောင့် အလင်းရောင်ဟူသမျှ မှိန်သွားလေသည်။
လေပြင်းမုန်တိုင်းများလည်း တဝုန်းဝုန်းတိုက်ခိုက်လာကာ ရှိရှိသမျှ အရာအားလုံးအား ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်သွား၏။
ဂါဂိုလီသွေးအေးမွန်းစတားမျက်နှာသန်းပေါင်းများစွာဖြင့် ညှိုးနွမ်းခြောက်သွေ့နေသော အရေပြားများနှင့် မဟာဖုတ်ကောင်နိုးထလာသဖြင့် သွေးဓားအကုန်လုံးမှာ တုန်ခါနေကြသည်။ တချိန်တည်းမှာပင် သူတို့က နိုးထနေသည့်နေရာသို့ ဦးတည်သွားနေကြသည်။
အက်ကွဲသံများက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားပြီး သွေးမျက်လုံးအိမ်တွင် အက်ကွဲကြောင်းစတင် ပြည့်နှက်လာကာ မှော်တံဆိပ်များအားလုံး ပျက်စီးသွားလေသည်။
ပိုင်ရှောင်ချန်းက သူ့အကြံအောင်မြင်သည်လား မစစ်ဆေးနိုင်မီ ခေါင်းဆောင်ကြီး ဟန်ရန်နှင့်တကွ အခြားခေါင်းဆောင်ကြီးများသည် သူတို့၏ အင်္ကျီလက်အား လှုပ်ရမ်းလိုက်ကြသည်။ မျက်လုံးများ တဖိတ်ဖိတ်တောက်ပနေလျက် သွေးမျက်လုံးထံ ပျံသန်းသွားကြ၏။ နောက်ဆုံးရောက်သွားသည့်သူမှာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးဖြစ်သည်။ အောက်ဘက်ရှိလူအားလုံးကို လှည့်ကြည့်လိုက်ပြီး သူကပြောသည်။
“တစ်လအတွင်း အလယ်တောင်ထိပ် သွေးသခင်နေရာရဲ့ နတ်မီးလျှံစမ်းသပ်ပွဲ စမယ်”
သူ၏ မိုးခြိမ်းသံကဲ့သို့ အသံဝါကြီးက ဂိုဏ်းတစ်ခုလုံး၌ ထပ်ခါထပ်ခါ ပဲ့တင်ထပ်သွားပြီး သူက သွေးမျက်လုံးထဲသို့ ဝင်သွားလေသည်။ ထိုအခိုက်တွင် သန်းပေါင်းများစွာသောမျက်နှာတွေဖြင့် ဂါဂိုလီသွေးအေးမွန်းစတားကြီး နိုးထလာသည်။ သူ၏ ညှိုးနွမ်းခြောက်သွေ့နေသည့် အရေပြားကြီးမှာ ရုတ်တရက် သက်စောင့်စွမ်းအင်များကို ထုတ်လွှတ်နေပြီး သွေးဓားပေါ်ရှိ မှင်စာလေး၏မျက်လုံး ပွင့်လာသည်။
တချိန်တည်းမှာပင် ထိုမျက်လုံးအိမ်၌ အက်ကွဲကြောင်းများ ပိုပိုပြီး ပျံ့နှံ့လာပြီး စတင် ပျောက်ကွယ်လာ၏။ ထို့နောက် တံခါးတစ်ခုပွင့်လာသည့်အလား သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးရှစ်ယောက်လုံးက ဝင်သွားလေသည်။
ဝုန်း….
ကောင်းကင်မှာ ကြည်လင်စပြုလာပြီး သွေးမျက်လုံးကြီးမှာ ပျောက်ကွယ်သွား၏။ အောက်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက တရားထိုင်နေရာမှ မော့ကြည့်လိုက်ကြသည်။ ဂိုဏ်းခေါင်းဆောင်နှင့် မဟာအကြီးအကဲများက လူအားလုံးကို ပြန်ခွင့်ပြုလိုက်၏။ သို့သော်လည်း သူတို့၏စိတ်ထဲ၌ လက်ရှိအခြေအနေနှင့်ပတ်သက်၍ မေးခွန်းပေါင်းများစွာ ကျန်ရှိနေလသည်။
ထွက်ပေါ်လာသည့် စွမ်းအားများကို သူတို့အကုန်မြင်လိုက်ရသည့်တိုင်အောင် ဘာကြောင့် ခေါင်းဆောင်ကြီးများက သွေးမျက်လုံးအထဲ ဝင်သွားခဲ့ကြောင်း မသိကြပေ။ ထိုကိစ္စကို မည်မျှပဲ သူတို့ စဥ်းစားစဥ်းစား၊ ထိုအရာမှာ စစ်အတွက်ကြောင့်လုပ်သည်ဟုသာ ယူဆလိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ ပုံမှန်ထက် ပို၍ စိတ်လှုပ်ရှားနေ၏။ နောက်ဆုံး၌ သူ့အကြံအစည် ထမြောက်သည်လားဟုတောင် မဆုံးဖြတ်နိုင်လိုက်ပေ။ သူ၏ အင်မော်တယ်ဂူသို့ ပြန်လာသည့်တစ်ချိန်လုံး ထိုဖြစ်ရပ်ကို တစိမ့်စိမ့် တွေးတောနေကာ သူ၏ အပြင်အားတိုးတက်ခြင်းကိုလည်း ထိန်းညှိနေလေသည်။ မျက်စိတစ်မှိတ်တွင်းမှာပင် တစ်လပင်ကုန်ခါနီးလာ၏။ မကြာမီ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးသတိပေးခဲ့သည့် အလယ်တောင်ထိပ်သွေးသခင်နေရာအတွက် နတ်မီးလျှံစမ်းသပ်ပွဲစမည့် အရေးကြီးရက်သို့ ရောက်ရန် သုံးရက်သာလိုတော့သည်။
ထိုအချိန်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ လူတိုင်းက နတ်မီးလျှံစမ်းသပ်ပွဲအကြောင်းကို တတွတ်တွတ်ပြောနေကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မျိုးဆက် အဆက်ဆက်၌ ဂိုဏ်းစောင့်အကြီးထက် ရာထူးကြီးသည့် သွေးအေးလူသတ်သမားဖြစ်လာမည့် သွေးသခင်လေးယောက်အမြဲရှိလေသည်။
ဤမျိုးဆက်တွင် အလယ်တောင်ထိပ်သွေးသခင်နေရာတစ်ခုသာ နောက်ဆုံးကျန်ရှိနေသည့် ကွက်လပ်ဖြစ်သည်။ ယခုအချိန်တွင် စစ်ပွဲကလည်း လက်တကမ်းသာ လိုတော့သဖြင့် နတ်မီးလျှံစမ်းသပ်ပွဲမှ သွေးသခင်ဖြစ်ရန် လူတစ်ယောက်ကို ရွေးချယ်လိမ့်မည်ဖြစ်သည်။ သွေးသခင်ရွေးချယ်ပြီးနောက် အလယ်တောင်ထိပ်၏ တိုက်ပွဲစွမ်းရည်တစ်ခုလုံး တိုးတက်လာမည်ဖြစ်သည်။
ယခုမျိုးဆက်၏ သွေးသခင်မှာ ရွှယ်မေ့နှင့် စုန့်ကျင်းဝမ်တို့ နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်မည်မှာ သေချာလေသည်။
ဆွေးနွေးငြင်းခုံမှုများမှာ နတ်မီးလျှံစမ်းသပ်ပွဲနီးလာသည်နှင့် အမျှ ပြင်းထန်လာ၏။
” သခင်မလေး ရွှယ်မေ့ဖြစ်မှာ အသေအချာပဲ ။ သူက မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို ဒီရေစီးကြောင်းကိုးခုနဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ သူသာ သွေးသခင်ဖြစ်မလာလို့ကတော့ အလယ်တောင်ထိပ်က ကျုပ်တို့အတွက် နစ်နာမှာဗျ”
“ကျုပ်တော့ မဟာအကြီးအကဲလဲ အောင်မြင်ဖို့ အခွင့်အရေးများတယ်ထင်တာပဲ ။ သူက အခြေခိုင်မာခြင်းအဆင့်ရဲ့ အမြင့်ဆုံးစက်ဝန်းထဲမှာလေ။
ရွှယ်မေ့က မြေစီးကြောင်းခိုင်မာခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိပေမယ့်လဲ အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်ထဲမှာပဲ ရှိသေးတာ ။သူက မဟာအကြီးအကဲရဲ့ ခြေဖျားတောင် မမှီဘူးကွ”
“သွေးသခင်မီးလျှံစမ်းသပ်ပွဲက ကျင့်ကြံခြင်းအခြေခံနဲ့ ဆိုင်တာမှ မဟုတ်တာ ။တခြားအချက်တွေရှိသေးတာပဲ.. ဥပမာကွာ… သူတို့ခေါ်လာမယ့် ဓမ္မစောင့်ေရှာက်သူတွေရဲ့ အစွမ်းနဲ့လည်း ဆိုင်တယ်”
နတ်မီးလျှံစမ်းသပ်ပွဲ မစခင် ညတွင် ပိုင်ရှောင်ချန်းက သူ၏ အင်မော်တယ်ဂူထဲတွင် တရားထိုင်နေစဥ် ရုတ်တရက် မဟာအကြီးအကဲစုန့်ကျင်းဝမ်က အပြင်တွင် ရောက်လာလေသည်။
ဖြာကျနေသောလရောင်က သူမကို လွှမ်းခြုံနေပြီး အပြင်ဘက်တံခါးနား ရပ်၍ ပြုံးလိုက်ရာ သူမက ယခင်ကထက်ပင် ပို၍ လှပနေတော့သည်။
” ဂိုဏ်းတူမောင်လေး ညမုဆိုး..မင်းကောင်းကောင်းအနားယူပြီးပြီလား” သူမက နူးညံ့ညင်သာစွာ မေးလိုက်သည်။