အခန်း ( ၂၃၉ )

ယာယီရပ်တန့်ပစ်ရမယ်

ပိုင်ရှောင်ချန်းက အတော်လေးလန့်သွားသော်လည်း သူ့မျက်နှာကို သုန်မှုန်သည့်ပုံအမြန် ဖမ်းလိုက်ကာ အသတ်အဖြတ်အငွေ့သက်တို့ကို ပေါ်ထွက်စေလိုက်သည်။ ထို့နောက် အခြားရှစ်ဦးနှင့်အတူရှိသည့် ခေါင်းဆောင်ကြီးဟန်ရန်၏ ရှေ့သို့ရောက်ရန် တဟုန်ထိုးသွားလိုက်သည်။

ညမုဆိုးက ထိုအဖွဲ့တွင်ပါသည်ကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ဦးမှ မအံ့သြပေ။ အမှန်တွင် ခေါင်းဆောင်ကြီးဟန်ရန်က သူ့ကို ခေါ်လိုက်သည်မှာ လူအများစုတွေးထင်ထားသည်နှင့်တစ်ထပ်တည်းဖြစ်လေသည်။

လူတစ်ဦးတစ်ယောက်မှ ထိုဖြစ်ရပ်ကို မှတ်ချက်မပြုကြပေ။ သိသာထင်ရှားစွာပင် ဝမ်းလျှောမိစ္ဆာက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျော်ကြားသည့်လူများအနက်မှတစ်ဦးဖြစ်ပြီး လူတိုင်းက သူကို အစွမ်းထက် လက်ရွေးစင်တစ်ယောက်ဖြစ်ကြောင်း သတိထားမိကြသည်။

အလယ်တောင်ထိပ်မှ ကျင့်ကြံသူလူစုသာ ထိုကဲ့သို့ ခံစားရသည်မဟုတ်ပေ။ စုန့်ချွဲနှင့် အခြားလက်ရွေးစင်များ၏ မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ လက်လာသော်လည်း သူ၏အရည်အချင်းကို အငြင်းပွားမနေကြပေ။

ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် နှစ်အနည်းငယ်ကြာ နေခဲ့ပြီးဖြစ်သည်။ သာမန်လူများအတွက် အတော်ကြာသည်ဟုတွေးထင်ရပါသော်ငြား ကျင့်ကြံသူများအတွက်မူ လျှပ်တပြက်အတွင်း ကုန်ဆုံးသွားလေသည်။ သို့တိုင်အောင် အချိန်တိုတိုလေးဟုသတ်မှတ်၍မရပေ။ ပိုင်ရှောင်ချန်းက အပြင်းအထန်ကြိုးစားခဲ့ပြီး တစ်လှမ်းပြီးတစ်လှမ်း အကုန်လုံးအာရုံစိုက်ခံရသည့် ယနေ့ကို ရောက်လာခြင်းဖြစ်သောကြောင့် တစ်ဂိုဏ်းလုံး၏ သဘောကျထောက်ခံမှုကို ရရှိလေသည်။

ပိုင်ရှောင်ချန်းက ထိုအချက်ကိုသိပြီး ယခုလိုနေ့မျိုးရောက်လာရန်အတွက် ပြင်ဆင်ခဲ့သော်လည်း သူရရှိခဲ့သည့် အဆင့်ကိုမူ စိတ်ထဲတွင် အလွန်အံ့သြသွားသည်။ သူ၏နှလုံးအိမ်တွင် ကျေနပ်အားရခြင်း၊ဂုဏ်ယူဝင့်ကြွားခြင်းတို့ဖြင့် ပြည့်သွားလေသည်။

” အဟမ်းး… ကိုယ်တော်ပိုင် ရောက်သွားတဲ့ေနရာတိုင်း နေလိုလလို အရှိန်အဝါကြီးမားလာရတာပဲ။ အီးး ဘယ်သူကများ ငါ့ကိုဒီလောက် တော်အောင်လုပ်လိုက်တာလဲကွာ ”
သူက စိတ်ထဲတွင် နှစ်သက်ပျော်ရွှင်နေသော်လည်း အပြင်ပန်းတွင်တော့ မပြသပေ။ယခင်အတိုင်း သူက အခြားရွေးချယ်ခံသူရှစ်ဦးနှင့် အပြိုင် သတ်ဖြတ်လိုသည့်အငွေ့အသက်တို့ဖြင့် သွေးအေးရက်စက်ကာ အန္တရာယ်ရှိသည့်ပုံပေါ်နေလေသည်။

ခေါင်းဆောင်ကြီးရှစ်ဦးစလုံးမှာ မှုန်ဝါးဝါးဖြစ်နေပြီး ရှင်းရှင်းလင်းလင်းမြင်ရန် ခဲယဥ်းသော်လည်း ညမုဆိုးကိုကြည့်ပြီး အသိအမှတ်ပြုခေါင်းညိတ်နေသည်ကတော့ သိသာလေသည်။ ခေါင်းဆောင်ကြီးတချို့မှာ သူ့ကို အခြားလက်ရွေးစင်များထက် ပို၍နီးနီးကပ်ကပ်စူးစမ်းနေလေသည်။

လူသားတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ညမုဆိုးက ထိုသို့နာမည်ကြီးလာသည့်အချက်မှာ အလွန်ထူးဆန်းသဖြင့် ခေါင်းဆောင်ကြီးအချို့မှာ သံသယတို့ကြီးထွားလာသဖြင့် သူ့ကို တိတ်တဆိတ်စောင့်ကြည့်စုံစမ်းနေခဲ့သည်။ သို့သော်လည်း သူဝတ်ဆင်ထားသည့် မျက်နှာဖုံးမှာ အစစ်အမှန်တန်ဖိုးကြီးရတနာတစ်ပါးဖြစ်သောကြောင့် သူ့လျှို့ဝှက်ချက်ပေါ်သွားစေမည့် သက်သေမြူမှုန်ပင်မရှိပေ။

ထို့အပြင် သူ၏ ဆေးတာအိုပညာရပ်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် အလွန်အရေးကြီးလှသဖြင့် ခေါင်းဆောင်ကြီးတစ်ယောက်မျှပင် သူတို့၏ကိုယ်ပိုင်သံသယတို့ကို လေးလေးနက်နက်မထားတော့ပေ။

” မင်းတို့ကိုးယောက်လုံး ဒီသွေးပလ္လင်တွေရှေ့မှာ တရားထိုင်ရမယ် ” ခေါင်းဆောင်ကြီးဟန်ရန်က ပြော၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်လွှမ်းအလင်းတန်းကိုးသွယ်ကို ထွက်ပေါ်လာပြီး သွေးပလ္လင်ကိုးခုအသွင်ပြောင်းသွားလေသည်။
” ချီတွေကို သွေးအသွင်ပြောင်းပြီး မဟာဖုတ်ကောင်ကို ဆင့်ခေါ်ဖို့ ဝင်ပေါက်ကို ဖွင့်ရာမှာ ငါ့ကို ကူညီကြ ”

ပိုင်ရှောင်ချန်းနှင့် အခြားသူက သူတို့၏ သွေးပလ္လင်အသီးသီးရှေ့တွင် နေရာယူလိုက်ကြသည်။

အမှန်တွင် မဟာဖုတ်ကောင်ကိုဆင့်ခေါ်ရန် ထိုကျင့်ကြံသူကိုးဦးထံမှ အကူအညီကိုထူးပြီး မလိုအပ်ချေ။ သို့သော်လည်း ဆွေးနွေးခြင်းအချို့ပြုလုပ်ပြီးနောက် ခေါင်းဆောင်ကြီးများက လာမည့်စစ်ပွဲတွင် ဂိုဏ်း၏အဖျက်စွမ်းအားကိုကြည့်ရန် လက်ဦးမှု အရယူထားရမည်ဖြစ်သည်။

ခေါင်းဆောင်ကြီးရှစ်ဦးအနက် ခေါင်းဆောင်ကြီး ဟန်ရန်က စစ်ဖြစ်ရန် အတင်းအကြပ်တိုက်တွန်းသည့်လူဖြစ်ပြီး ထို့ကြောင့်ပင် သူက ဂိုဏ်း၏သိုလှောင်စွမ်းအားတို့ကို ဆင့်ခေါ်ရန်နှင့် ထိုဖြစ်စဥ်တွင် စမ်းသပ်ခံရမည့်ကျင့်ကြံသူကိုးဦးကို စောင့်ကြည့်ရန် တာဝန်ယူထားခြင်းဖြစ်သည်။

သူ၏အကြည့်တွင် ဖိအားများပါဝင်သောကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။ သူလိုက်ကြည့်လိုက်သည့်လူတိုင်း၏ လျှို့ဝှက်ချက်များကို မြင်လိုက်ရသည့်အလား ပိုင်ရှောင်ချန်းပတ်လည်ရှိ လူငယ်ရှစ်ဦးမှာ အကြည့်လွှဲသွားကြသည်။

နောက်ဆုံး ခေါင်းဆောင်ကြီးဟန်ရန်က သူတို့ထံမှ မျက်နှာလွှဲလိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ညာလက်ကိုမြှောက်လိုက်ပြီး လေတွင်ဝှေ့ယမ်းလိုက်၏။ တုံ့ပြန်သည့်အနေနှင့် သွေးရောင်လွှမ်းအလင်းတန်းတို့က ထစ်ခြုန်းမြည်ဟည်းလျက် တောင်ထိပ်ငါးလုံးထံမှ တဟုန်ထိုးတက်သွားပြီး ကြီးသထက် ကြီးလာကြသည်။ ချက်ချင်းပင် ကြက်သွေးရောင်ရေဝဲကြီးက ကြီးမားလာပြီး အလယ်တည့်တည့်တွင် သွေးရောင်မျက်လုံးကြီးကို မြင်လိုက်ရလေသည်။

ထိုမျက်လုံးပွင့်သွားသည်နှင့် ကောင်းကင်မှာ မှုန်ဝါးသွားပြီး လေပြင်းမုန်တိုင်းတိုက်ခတ်လာလေသည်။ တစ်လောကလုံး စွမ်းအားပြင်း ဖိအားတို့ ကျရောက်လာပြီး အရပ်မျက်နှာတစ်ခွင်တွင် သွေးမြူတိမ်တို့ ဖုံးလွှမ်းသွား၏။အောက်ဘက်ရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအကုန်လုံးမှာ အံ့သြတုန်လှုပ်သွားကြပြီး မျက်လုံးကြီးကို လှမ်းကြည့်လိုက်ကြသည်။

“မော့ကြည့်လိုက်စမ်းး…. သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အခြားဂိုဏ်းသုံးဂိုဏ်းကို ထိန်းချုပ်မယ့် စွမ်းအားကြီးကို တွေ့လား ” ခေါင်းဆောင်ကြီး ဟန်ရန်၏အသံ၌ ပါဝင်နေသည့် ထူးခြားဆန်းကြယ်သော စွမ်းအားတို့ကြောင့် ကြားလိုက်ရသည့်လူအပေါင်းမှာ ကောင်းကင် ရှိ သွေးမျက်လုံးကြီးအား မော့ကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ အပြင်းအထန်တုန်လှုပ်သွား၏။ သို့သော်လည်း ထိုအခိုက်တွင် သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်မှာ ရှုပ်ထွေးသွားပြီး ထိုသွေးမျက်လုံးထဲတွင် ပဲ့တင်သံတစ်ခုက ဖြည်းဖြည်းချင်းဖြစ်လာပုံပေါ်လေသည်။

စုန့်ချွဲ၊ ရွှယ်မေ့နှင့် အခြားသူများအားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားကြပြီး တစ်ဦးတစ်ယောက်မှ အောက်မငုံ့ရဲကြပေ။ သူတို့မှာ အပေါ်ရှိရေဝဲကြီးထဲမှ သွေးမျက်လုံးကို ကြည့်ရန် အတင်းခေါင်းမော့ထားကြသည်။

လူအမြောက်အမြားမှာ ထိတ်လန့်တကြား အော်ဟစ်ေနကြသည်။ စုန့်ချွဲနှင့် အခြားလက်ရွေးစင်များပင်လျှင် ရာထူးမြင့်ပြီး ဂိုဏ်း၏လျှို့ဝှက်ချက်များကို အတွင်းကျကျနားလည်သော်ငြား အံ့သြတုန်လှုပ်သွားကြသည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး မိုးကြိုးပစ်ချခံလိုက်ရသကဲသို့ ခံစားလိုက်ရ၏။

မျက်လုံးအိမ်အပြင်ဘက်နား သွေးမျက်လုံးအတွင်းမှာ အရိပ်သုံးခုရှိပြီး သူတို့ထဲက တစ်ခုမှာ ဧရာမ ခရမ်းရောင် အရိုးစုကြီးဖြစ်သည်။

အရိုးစုကြီးကို တဖျပ်ဖျပ် လက်နေသောလျှပ်စီးတို့အပြင် သေမင်းငွေ့အသက်တို့က ဖုံးလွှမ်းနေသည်။ ၄င်းက တုပ်တုပ်မှမလှုပ်သော်လည်း မြင်လိုက်သည့်သူအပေါင်းကိုရင်သပ်ရှုမောဖြစ်သွားစေသည့် စွမ်းအားကြီးဖိအားများ ထုတ်လွှတ်နေသည်။

ပိုင်ရှောင်ချန်းက ရုပ်အလောင်းတောင်အကြောင်း အတော်အတန်သိပြီးဖြစ်၍ ထိုအပေါ်အခြေခံ၍ ၄င်းက မဟာဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း အလျင်အမြန်သဘောပေါက်လိုက်သည်။ ရုပ်အလောင်းတောင်ပေါ်တွင် ဖုတ်ကောင်ပျံတို့ထက်ပင် သာလွန်သော မဟာဖုတ်ကောင်ထက် စွမ်းအားကြီးသော အကောင်ဟူ၍ မရှိချေ။

“ဖုတ်ကောင်ပျံတွေက အမြုတေအစီအရင်ကျင့်ကြံသူတွေနဲ့ ယှဥ်နိုင်တယ်..ဒါပေမယ့်.. မဟာဖုတ်ကောင်တွေကတော့..ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးတွေနဲ့ တူတယ်”

မျက်လုံးတွင်းရှိ ဒုတိယမှုန်ဝါးဝါးပုံရိပ်က အမြူအမည်းတစ်ခုဖြစ်ပြီး မျက်နှာတစ်ထောင် ပြည့်နေသယောင်ရှိ၏။ ထိုမျက်နှာအားလုံးက အဘိုးအိုတစ်ယောက်ပုံပေါ်နေပြီး အချိန်၏ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထိုမြူများအတွင်းမှာ ဂါဂိုလီသွေးအေးမွန်းစတားတစ်ကောင်ရှိပြီး ထုတ်လွှတ်နေသောစွမ်းအားကြီးဖိအားများအရ ၄င်းမှာ မဟာဖုတ်ကောင်ကြီးထက် အစွမ်းမလျော့ပုံရလေသည်။

တတိယမြောက် အရိပ်မှာမူ သက်တမ်းကိုပြောရန် မဖြစ်နိုင်လောက်အောင် အိုမင်းနေသည့် ရှံ့တွခြောက်သွေ့နေသော အရေပြားပုံကြီးဖြစ်သည်။ ၄င်းက မဟာဖုတ်ကောင်ကြီး သို့မဟုတ် ဂါဂိုလီသွေးအေးမွန်းစတားထက် ပိုသန်မာသည့် ကြောက်မက်ဖွယ်အငွေ့အသက်များထုတ်လွှတ်နေသည်ကို ကြည့်လိုက်ရုံမျှပင် ခံစားမိနေသည်။ ၄င်းကို မြင်လိုက်သည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း ကျင့်ကြံသူအပေါင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။

ပိုင်ရှောင်ချန်းက တုန်လှုပ်နေကာ ဓားတစ်ချောင်းဖြစ်သည့် စတုတ္ထမြောက် ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။

၄င်းက ကြက်သွေးရောင်ဓားတစ်ချောင်းဖြစ်ပြီး အပေါ်တွင် ကြက်သွေးရောင်မှင်စာတစ်ကောင်ထိုင်နေသည်။ ထိုမှင်စာ၏ ခေါင်း၌ ဆံပင်မွှေးတို့ပြောင်ရှင်းနေပြီး ၄င်းက လူတစ်ယောက်၏လက်တစ်ဝါး အရွယ်သာရှိပြီး အခြားအရိပ်သုံးခုလုံးကို ကျော်လွန်နေသည့် စွမ်းအားပြင်း အသတ်အဖြတ်စွမ်းအားတို့ကို ထုတ်လွှတ်နေ၏။

“ရုပ်အလောင်းတောင်ရဲ့ မဟာဖုတ်ကောင်၊ အမည်မဲ့တောင်ရဲ့ မျက်နှာတစ်ထောင်ဂါဂိုလီ၊ နွံအိုင်တောင်ထိပ်ရဲ့ ထူထျန်ဝတ်ရုံ၊ အလယ်တောင်ထိပ်ရဲ့ ဘိုးဘေးဓား ။ ဒါတွေအကုန်လုံးက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အမွေအနှစ်သင်္ကေတတွေပါလား.။ ပြီးတော့.. သွေးဘိုးဘေးကြီးရဲ့သိုလှောင် စွမ်းအားကြီးအားနောက်တစ်ခုဖြစ်တဲ့ သွေးမျက်လုံးအိမ်က ထွက်လာတဲ့ဟာတွေကို တကယ်ခုခံကာကွယ်နေကြတယ် ”

” ယဇ်သွေးတာအိုအစီအရင်ကို ကြည့်ကြ” ခေါင်းဆောင်ကြီးဟန်ရန်က ညာလက်ကို ဝှေ့ယမ်းလိုက်သည်တွင် သွေးမျက်လုံးထဲရှိ သူငယ်အိမ်မှာ တဖြေးဖြေးကျယ်လာပြီး ပဥ္စမမြောက် အရိပ်ပုံထွက်ပေါ်လာလေသည်။

သိသာထင်ရှားစွာပင် ၄င်းကို သူငယ်အိမ်အပြင်ရှိ အရိပ်လေးခုက ကာကွယ်ထားလေသည်။ ဂိုဏ်း၏ ပဥ္စမမြောက် ရတနာအရင်းအမြစ်၏မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လာပြီး သူမျက်လုံးမှာ တဖြည်းဖြည်း ပြူးကျယ်လာသည်။

စာခြောက်ရုပ်တစ်ခု။

၄င်း၏ ပုံပန်းသွင်ပြင်မှာ ထူးဆန်လေသည်။ လက်တစ်ဖက်တွင် လူ့အရေအပြားတစ်ချပ်ကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် သံချိန်ခွင်တစ်ခုကို ကိုင်ထားလေသည်။၄င်းမျက်နှာပေါ်တွင် ကြောက်မက်ဖွယ် အပြုံးတစ်စရှိပြီး တစ်လောကလုံးကို သရော်ပြုံးပြုံးနေပုံပေါ်လေသည်။ ပိုင်ရှောင်ချန်းက စာခြောက်ရုပ်ကြီး၏ မျက်လုံးထဲကို ကြည့်လိုက်သောအခါ ထိုအပြုံးက သူ၏စိတ်နှလုံးထဲထိ ဝင်ရောက်လာလေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းကိုယ်တွင်းရှိ ကောင်းကင်တာအိုအရှိန်အဝါမှာ ပျံ့နှံ့သွားပြီး သူ၏အတွင်းထဲမှ စာခြောက်ရုပ်ပုံကြီးကို မောင်းထုတ်လိုက်သည်။ သူသည် ရင်တုန်ပန်းတုန်ဖြစ်ကာ သက်သာသွားပြီးနောက် ထိုင်လိုက်သောကြောင့် ခေါင်းဆောင်ကြီး ဟန်ရန်က သဘောတကျကြည့်နေသည်ကို သတိထားမိသွားသည်။

သူ့ပတ်လည်ရှိအခြားလက်ရွေးစင်ရှစ်ဦးမှာ ကြက်သေသေနေဆဲဖြစ်သည်။ ထို့နောက် ရွှယ်မေ့က သက်သာသွားပြီး စုန့်ချွဲက နောက်ကဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် သူ့တို့စိတ်ထဲမှ ပုံရိပ်ကို မောင်းထုတ်လိုက်သည်။

” ဒါတွေက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သိုလှောင်စွမ်းအားတွေပဲ ” ခေါင်းဆောင်ကြီးဟန်ရန်က တစ်ဂိုဏ်းလုံးကို ခြုံ၍ပြောလိုက်သည်။ ” မင်းတို့ သွေးချီတွေထုတ်လိုက်..။ လက်ရွေးစင်ကိုးယောက်ကတော့ အပြင်အားကျင့်စဥ်ကို စကြ။ မဟာဖုတ်ကောင်ကြီးကို ဆင့်ခေါ်ဖို့ ငါ့ကို ကူညီကြဟေ့ ”

“မဟာဖုတ်ကောင်ကို ဆင့်ခေါ်ပြီးရင် နောက်ဆုံးကျ အခြားစိတ်စွမ်းအင်တွေက သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒတွေကို နိုးဆွပေးလိမ့်မယ်။ သူတို့အားလုံးနိုးထလာရင် ယဇ်သွေးတာအိုအစီအရင်က သွေးမျက်လုံးရဲ့ ကမ္ဘာအတွင်းထဲကနေ ပေါ်ထွက်လာမယ် ”

ချက်ချင်းပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ အမြုတေအစီအရင်အောက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူတို့မှာ သူတို့၏ကျင့်ကြံခြင်းအခြေခံကို စတင်လည်ပတ်စေလိုက်သည်။

အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၊ အတွင်းစည်းဂိုဏ်းသားများ၊ အပြင်စည်းဂိုဏ်းသားများ။တစ်သောင်းသော ကျင့်ကြံသူတို့အားလုံးက သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်လိုက်ကြပြီး သွေးချီစီးကြောင်းတို့ကို ပို့ဆောင်လိုက်သည်။ သွေးမြူတိမ်တစ်ခုဖြစ်ပေါ်သွားပြီး သွေးပလ္လင်ကိုးခုထံ လေကိုခွင်း၍မြင့်တက်သွားကာ ထိုအထဲသို့ နစ်ဝင်သွားကြလေသည်။

ပိုင်ရှောင်ချန်းက ပဥ္စမမြောက်သွေးပလ္လင်ရှေ့တွင် နေရာယူထားပြီး စွမ်းအားကြီး သွေးချီတို့က ပလ္လင်ထဲ နစ်ဝင်လာပြီး ၄င်းကိုဖြတ်ကာ သူ့အတွင်းသို့ ဝင်လာသဖြင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားလေသည်။

ဖြစ်ပျက်နေသမျှကို သူတွေးတောရန် အချိန်မရနိုင်လိုက်မီမှာပင် သူ၏ထာဝရအသက်ရှည်နည်းပညာရပ်က သွေးချီများအား စုပ်ယူလျက် လည်ပတ်သွားလေသည်။ သူက ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ရွှယ်မေ့၊ စုန့်ချွဲနှင့် အခြားသူများအားလုံးက သွေးချီတို့ကို စုပ်ယူကြောင်း တွေ့လိုက်သည်။ ကြည့်ရပုံအရ သူတို့က သူတို့ကိုယ်ပိုင်ခန္ဓာကို အိုးများအဖြစ်အသုံးပြုကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လျှို့ဝှက်မှော်ပညာနှင့် ပေါင်းစပ်သွားပြီး ချီတို့ကို သွေးအသွင် ပြောင်းနေကြလေသည်။

ရွှယ်မေ့က ပထမဆုံးအောင်မြင်သူဖြစ်သည်။ သူ၏ခေါင်းထိပ်မှ သွေးတစ်စက်ပေါ်ထွက်လာပြီး သူမခေါင်းထက်ရှိ လေထဲသို့ မြောက်သွားလေသည်။ စုန့်ချွဲက နောက်မှဖြစ်သည်။ ပိုင်ရှောင်ချန်းက သူ၏ကိုယ်တွင်းရှိသွေးချီတို့ကို သွေးစက်တစ်စက်အသွင်ပြောင်းရန် အထူးထာဝရသွေး အပြင်အားပညာရပ်ကိုသုံး၍ နောက်မှ အလျင်အမြန်ထပ်ကြပ်မကွာလိုက်လာလေသည်။ ထို့နောက် သူခေါင်းထိပ်တွင် သွေးစက်ပေါ်လာလေသည်။

များမကြာမီ လက်ရွေးစင်ကိုးယောက်ထံမှ သွေးတို့ ထွက်ပေါ်လာ၏။ အချိန်များ ကုန်လွန်သွားပြီး သွေးစက်များမှာ ပိုကြီးလာသည်။ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်လောက်တွင် ရွှယ်မေ့၏မျက်လုံးတို့က ဖျတ်ခနဲ ပွင့်လာ၏။ သူမခေါင်းပေါ်ရှိသွေးမှာ လက်သီးဆုပ်အရွယ်ပင်ရှိနေပြီဖြစ်ကာ ခေါင်းဆောင်ကြီးဟန်ရန်ထံပျံသွားလေသည်။

ခေါင်းဆောင်ကြီးဟန်ရန်၏မျက်လုံးများက လက်သွားပြီးနောက် ဆတ်ခနဲ ခေါင်းညိတ်လိုက်သည်။ထို့နောက် သွေးက အနီရောင်အလင်းတန်းအသွင်ပြောင်းသွားက သွေးမျက်လုံးကြီးထံ တဟုန်ထိုးဦးတည်သွားလေသည်။ တခဏကြာပြီးနောက် ၄င်းက ဖုတ်ကောင်ကြီး၏အရိုးကို ထိသွားသဖြင့် အနည်းငယ်လှုပ်ခါသွားပြီး ၄င်းမှ သက်စောင့်အားမှိန်ပျပျအငွေ့အသက်တို့ထွက်ပေါ်လာ၏။

” နောက်သွေးရှစ်စက်” ခေါင်းဆောင်ကြီးဟန်ရန်က ခံစားချက်မဲ့စွာပြောလိုက်သည်။

သွေးပလ္လင်များထဲသို့ သွေးချီအမြောက်အမြားဆက်လက်ထည့်သွင်းနေပြီး ပိုင်ရှောင်ချန်းမှာ သုန်မှုန်နေလေသည်။ သို့သော်လည်း စိတ်ထဲတွင် တုန်လှုပ်ကြောက်ရွံနေ၏။

“များလိုက်တဲ့ သွေးချီတွေ..”သူကတွေးလိုက်သည်။ “ငါ့အတွက်ကျ… နည်းနည်းလေးပဲ သုံးလိုက်သင့်လား”


Comment

Leave a Reply

Options

not work with dark mode
Reset