” ဒီဆေးလုံးလေးတွေထဲကို ကျုပ်ရဲ့ သွေးတွေ ချွေးတွေ မျက်ရည်တွေဘယ်လောက်တောင် မြှပ်နှံထားခဲ့ရလဲ ခင်ဗျား သိရဲ့လား ဗျ”
ပိုင်ရှောင်ချန်းက တုန်ယင်အက်ကွဲသောလေသံဖြင့် အော်လိုက်သည်။
” ချီးပဲ .. ဘာလို့ အမှန်မပြောပဲ လိမ်ခဲ့တာလဲ”
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူထုကြီးက စောင့်ကြည့်ရန် ထိုနား စုရုံးလာကြသည်။ ဘိုးဘေးတောင်မှ နတ်ဘုရားအာရုံစီးကြောင်းများသည်လည်း ထိုနေရာသို့ အာရုံစိုက်လျက်ရှိသည်။
“ကျုပ် ခင်ဗျားကို ဆေးပေါင်းဖိုနား မကပ်နဲ့လို့ မမှာခဲ့ဖူးလား။ ပြောစမ်းပါဦး အနားသွားသေးလား…ဟမ် ..သွားသေးလားလို့”
ပိုင်ရှောင်ချန်းက နောက်ဆုံး၌ ခါးခါးသီးသီးရယ်လိုက်ပြီး စိတ်ပျက်ဝမ်းနည်းနေသည့်ပုံ ဖမ်းထားလေသည်။
နွံအိုင်တောင် သွေးသခင်နှင့် မဟာအကြီးအကဲမှာ ပိုင်ရှောင်ချန်း၏ စကားလုံးများကို ချေပခြင်းမပြုနိုင်ပေ။ သွေးသခင်ကိုယ်တိုင်က ပိုင်ရှောင်ချန်းကို ထို ဆေးပေါင်းဖိုကြီးက မပေါက်ကွဲနိုင်ဘူးဟု အမှန်အကန်ပြောခဲ့ပြီး ဖြစ်ပျက်လာမည့်ကိစ္စဟူသမျှကို တာဝန်ယူပါမည်ဟု ကတိပေးခဲ့သည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်း၏ နောက်ဆုံးစကားလုံးများက သူ့ ပါးစပ်ပေါက်ကို ပိတ်သွားစေသည်။
အမှန်မှာ ဆေးပေါင်းဖိုကြီးမှ ထုတ်လွှတ်နေသော အပူမှာ ဆက်လက်တိုးလာနေပြီး နွံအိုင်တောင်မှ အရာအားလုံး မီးလောင်ပျက်စီးလာသဖြင့် နောက်ဆုံးကြံရာမရသည့်အဆုံး ဆေးပေါင်းဖိုကြီးနားသွားကာ ကြည့်ရှုမိခဲ့ကြသည်။
သူတို့မှားသွားသည့်အပြင် နွံအိုင်တောင်ရှိ ပျက်စီးဆုံးရှုံးမှုများမှာ အင်မတန်ပြင်းထန်လှသဖြင့် ပြန်လည်မပြုပြင်နိုင်ချေ။ သွေးသခင်က အံကြိတ်ပြီး ပြောလိုက်သည်။
“ကလိမ်ကကျစ်ကောင်..နွံအိုင်တောင်က မင်းကို ယုံခဲ့တယ်ကွ ။ ငါတို့က မင်းကို ဆေးဖော်ဖို့တောင်းဆိုခဲ့တာလေ.. အေး မင်းသာ ဖော်ပေးရင် ဖြစ်လာတာတွေကို တာဝန်ယူမယ်ပြောတာကွ.. ဒါပေမယ့် ငါ ဘာစိတ်စွမ်းအင်ဆေးလုံးမှ မမြင်ဘူး ။ ညမုဆိုး မင်းက နွံအိုင်တောင်ကို ဖျက်စီးခဲ့တာပဲ..။ ငါ့ကို ဖြေရှင်းချက် ပေးရမယ် ”
အေးစက်စက် နှာမှုတ်လိုက်ကာ သွေးသခင်က
ထိုဘေးဒုက္ခမှ လျော်ကြေးပြန်လည်ရရှိရန် မျှော်လင့်ချက်ဖြင့် ပိုင်ရှောင်ချန်းကို ဆုပ်ကိုင်တော့မည့်အလား ရှေ့တိုးသွားသည်။
” နေဦး ”
ပိုင်ရှောင်ချန်းက ပြောလိုက်၏။ အလွန်လေးနက်သည့်ပုံဖြင့် သူက ရှေ့တစ်လှမ်းတိုးလိုက်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။
“တစ်ခုခုပဲ.. ။ အဲ့အနံ့က.. ခင်ဗျား ဆေးနံ့ရလား ”
နွံအိုင် တောင် သွေးသခင် မျက်မှောင်ကြုတ်သွား၏။ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ပိုင်ရှောင်ချန်းနားသို့ တိုးလိုက်သည်။ သို့သော် သူတိုးလိုက်စဥ်မှာပဲ ပိုင်ရှောင်ချန်းက ရိပ်ခနဲ လှုပ်ရှားသွားပြီး တခဏအကြာတွင် ဆေးပေါင်းဖိုနံရံမှ အပိုင်းအစတစ်ခုဘေးတွင် ပေါ်လာ၏။ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်နေလျက် သူက ထိုအပိုင်းအစကို ဘေးသို့ ဆွဲထုတ်လိုက်သည်နှင့် ငါးရောင်ခြယ်အလင်းတစ်ခု တလက်လက် တောက်ပနေသည့် ဆေးလုံးတစ်လုံးမှာ ၄င်း၏ အောက်တွင် ပေါ်လာလေသည်။
ထိုဆေးလုံးမှာ ငါးရောင်ခြယ်အလင်းဖြင့် ပေါင်းစပ်ထားသည့် စွမ်းအားပြင်းဆေးအခိုးအငွေ့များ ထွက်ပေါ်နေခြင်းက မြင်လိုက်ရသည့် လူတိုင်း၏ မျက်လုံးများကို ပန်းကန်လုံးသဖွယ် ပြူးကျယ်သွားစေသည်။ ခေါင်းများ ချာချာလည်လာပြီး လူတော်တော်များများမှာ အံ့သြလွန်းသဖြင့် ဘုရားတသံများနှင့် အော်သံများပင် ထွက်လာချေတော့သည်။
“အဲဒါ အဆင့်ငါးစိတ်စွမ်းအင်ဆေးမလား”
“ငါ့တစ်သက်နဲ့တစ်ကိုယ် အဆင့်ငါးစိတ်စွမ်းအင်ဆေးဆိုတာကို မမြင်ဖူးခဲ့ဘူးကွ ။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတောင် ဖော်စပ်နိုင်တဲ့သူ မဆိုစလောက်လေးပဲရှိတာ..။ အဆင့်ငါးစိတ်စွမ်းအင်ဆေးတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ ”
“ငါးရောင်ခြယ်တောက်ပခြင်းဆိုတာ အဆင့်ငါးစိတ်စွမ်းအင်ဆေးကို ဖော်စပ်ပြီးမှ ထွက်လာတဲ့ လက္ခဏာတွေထဲက တစ်ရပ်ပဲ”
“ဘုရားရေ .. အဆင့်ငါးစိတ်စွမ်းအင်ဆေးဆိုတာ မယုံနိုင်လောက်အောင်ပဲ”
ထိုသို့ လူထုကြီးက အုန်းအုန်းကျွတ်ကျွတ်ဆူညံနေသဖြင့် ပိုင်ရှောင်ချန်းက သတိကပ်သွားပြီး ဆေးလုံးအား သွားယူလိုက်သည်။ ယခုကဲ့သို့ သူက အဆင့်ငါးစိတ်စွမ်းအင်ဆေးကို ဖော်နိုင်သွားလိမ့်မည်ဟု စိတ်ကူးပင် မယဥ်ခဲ့ဖူးချေ။ ထို့ကြောင့် ထိုအရာကို ဖျတ်ခနဲယူပြီး ထွက်ပြေးချင်သွားသည်။ သို့သော်လည်း လူများစွာရှိနေ၍ မဖြစ်နိုင်ပေ။
ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် အံ့သြတုန်လှုပ်နေသူမဟုတ်ချေ။ နွံအိုင်တောင် သွေးသခင်နှင့်အတူ ဘေးတွင်ရပ်နေကြသည့် မဟာအကြီးအကဲနှင့် သွေးစီးကြောင်း အကြီးအကဲများသည်လည်း ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်ဆေးအား ကောက်ယူလိုက်သည်ကို မြင်ရသောအခါ သွေးသခင်က လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်ပြီး သူ၏ သတ်ဖြတ်လိုစိတ်အငွေ့အသက်များလည်း ပျောက်ကွယ်သွားလေသည်။
“နားလည်မှု လွဲတာပါ. ဒါပါပဲ… နားလည်မှုလွဲတာပါ ..ဟားဟားဟား… မင်းကို ခွင့်လွှတ်ပေးလိုက်ပါပြီး ဆရာကြီး ညမုဆိုး”
သွေးသခင်က ရိုးရိုးသားသားပြုံးကာ အလျင်အမြန်ပင် ရှေ့တိုးလာ၏။
ပိုင်ရှောင်ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း မည်သို့ ပြန်တုံ့ပြန်ရမည်ကို မတွေးတတ်အောင်ဖြစ်နေသဖြင့် ဘာဆက်လုပ်သင့်ကြောင်း ကြိုးစားတွေးနေ၏။
“ဒီလိုဆို ဘယ်လိုလဲ ဆရာကြီး ညမုဆိုး ။ နွံအိုင်တောင်ကနေ ဘဘောတူထားတာရဲ့ သုံးဆပေးမယ်လေဗျာ”
သွေးသခင်၊ မဟာအကြီးအကဲနှင့် သွေးစီးကြောင်း အကြီးအကဲများက ပိုင်ရှောင်ချန်းပတ်လည်တွင် အလျင်အမြန် ဝန်းရံလာလေသည်။
ထိုအခိုက် တချိန်လုံးဘေးတွင် ရပ်နေသည့် စုန့်ကျင်းဝမ်က ရှေ့တိုးလာကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့ရဲ့ အလယ်တောင်ထိပ်ကကျင့်ကြံသူတစ်ယောက်ကို ငါ့ရှေ့မှာ ဘယ်လိုတောင် ခြိမ်းခြောက်နေရတာလဲ”
အကြီးအကဲများအားလုံး နှလုံးတုန်သွားပြီး သွေးသခင်၏မျက်နှာတွင် အလွန်ရုပ်ဆိုးအကျည်းတန်သည့် အမူအရာပေါ်လာ၏။
အဖွဲ့နှစ်ခု ထိပ်တိုက်တိုးသည်နှင့် ရုတ်တရက် ဘိုးဘေးတောင်မှ အလွန်ကျယ်လောင်သည့် အသံကြီးထွက်လာလေသည်။
“ညမုဆိုးက အဆင့်ငါးစိတ်စွမ်းအင်ဆေးကို ဖော်နိုင်ခဲ့ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ စစ်မှန်တဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူ့ကို အလယ်တောင်ထိပ်ရဲ့ သွေးစီးကြောင်း အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်စေ ”
တချိန်တည်းမှာပင် လေထုအလယ်တွင် ခပ်ဝါးဝါးပုံရိပ်တစ်ခုဖြစ်သည့် သွေးရောင်လွှမ်းနေသော ခြုံထည်ကိုဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ပေါ်လာ၏။ သူ့ထံမှ ထွက်ပေါ်နေသော ဖိအားများကြောင့် ထိုနေရာရှိ လူတိုင်းမှာ တုန်ရီသွားကြပြီး အလိုအလျောက် ခေါင်းငုံ့ကာ ယဥ်ကျေးစွာ လက်ယှက်နှုတ်ဆက်လိုက်သည်။
” ဆေးလုံးကတော့ နွံအိုင်တောင် နဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် နွံအိုင်တောင်က လိုအပ်တဲ့အရာတွေကို ပြင်ဆင်ပြီး ညမုဆိုးအတွက် သွေးစီးကြောင်း တိုက်ပွဲဝတ်ရုံကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးရမယ်”
ထိုအဘိုးအိုမှာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးပင်။ မည်သူမှန်း သဘောပေါက်လိုက်သည်နှင့် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လက်ယှက်ကာ ခေါင်းငုံ့လိုက်သည်။
မည်သူမှ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ စကားကို မပယ်ရှားရဲချေ။
သို့စေကာမူ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက စကားပြော၍ မပြီးသေးပေ။ သူ၏ တည်ငြိမ်အေးဆေးသောအသံက ဂိုဏ်းတစ်ခုလုံးကို ပဲ့တင်သံထပ်သွားသည်။
“ငါ့မှာ အရေးကြီးတဲ့ ကြေညာချက်သုံးခုရှိတာကြောင့် အခုလို လူတွေ စုနေတာ ကောင်းတယ် ”
“ပထမ။ နောက်၈ရက်အတွင်းမှာ တောင်လေးလုံးက ကျင့်ကြံသူတွေအားလုံး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မဟာဖုတ်ကောင် ကို ဆင့်ခေါ်ဖို့ သွေးချီအချို့ကို စွန့်လွှတ်ရမယ်”
“ဒုတိယ။ နောက်တစ်လအတွင်းမှာ အလယ်တောင်ထိပ်ရဲ့ သွေးသခင်နေရာအတွက် နတ်မီးလျှံစမ်းသပ်ပွဲ စလိမ့်မယ်”
“တတိယ.။ ငါတို့ မကြာခင် စစ်တိုက်ရလိမ့်မယ် ”
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်လိုက်ရာ အာမေဍိတ်သံများကြားလိုက်ရပြီးနောက် သတ်ဖြတ်လိုသည့် အခိုးအငွေ့များ စတင်ထွက်ပေါ်လာတော့သည်။
” စစ်ပွဲ ”
” စစ်ပွဲ ”
လူတိုင်းက အဆုတ်ကွဲလုမတတ် ဟစ်ကြွေးနေသဖြင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးပင် တုန်ခါသွားလေသည်။ ပိုင်ရှောင်ချန်းက လူတကာနည်းတူ လိုက်အော်နေပါသော်လည်း ရင်ထဲမှာတော့ တုန်လှုပ်နေသည်။
“သိပ်ကောင်းတယ်..မင်းတို့အားလုံး ထွက်သွားနိုင်ပြီ ”
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ညမုဆိုးကို ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် လှည့်ကာ
ပျောက်ကွယ်သွားလေသည်။
လာမည့်စစ်ပွဲအရေး၌ စိတ်လှုပ်ရှားလျက် လူတိုင်းက သူတို့၏ သက်ဆိုင်ရာ တောင်ထိပ် အသီးသီးသို့ ပြန်သွားကြသည်။ ပိုင်ရှောင်ချန်းမှာ အဆင့်ငါးစိတ်စွမ်းအင်ဆေးကို နှမြောနေပါသော်လည်း ရွေးချယ်စရာမရှိသည့်အတွက် နွံအိုင်တောင် သွေးသခင်ဆီသို့ လှမ်းပေးလိုက်ရလေသည်။ ထို့နောက် အလယ်တောင်ထိပ်သို့ပြန်ရန် စုန့်ကျင်းဝမ်နှင့်အတူ ထွက်သွား၏။
စုန့်ကျင်းဝမ်က အလယ်တောင်ထိပ်သို့ ပြန်ရာလမ်းတွင် စကားသိပ်မပြောသော်လည်း သူမ၏မျက်လုံးတွေမှာ အေးစက်သည့်အလင်းရောင်များ တောက်ပနေသည်။ ပိုင်ရှောင်ချန်းသည်လည်း အတွေးထဲတွင် နစ်မြောနေသဖြင့် စကားတစ်ခွန်းမှ မပြောချေ။ သူတို့ နောက်ဆုံး ပြန်ရောက်သောအခါ စုန့်ကျင်းဝမ်က သူ့ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ညမုဆိုး..အလယ်တောင်ထိပ်ရဲ့ သွေးသခင်နေရာအတွက် နတ်မီးလျှံစမ်းသပ်ပွဲမှာ ငါအနိုင်ရဖို့ ငါ့ရဲ့ ဓမ္မစောင့်ရှောက်သူအဖြစ်ရှိနေပေးပါ”
” နတ်မီးလျှံစမ်းသပ်ပွဲက အန္တရာယ်များလိမ့်မယ်။ ဒါကြောင့် ငါ့ကို ခုချက်ချင်း အဖြေပေးဖို့ မလိုဘူး။ ငါအခု ပြင်ဆင်ဖို့အတွက် ဂူပိတ်ကျင့်ကြံတော့မှာ ဆိုတော့ ငါထွက်လာရင် မင်းရဲ့ ဆုံးဖြတ်ချက်ကို ပြောပြနိုင်တယ် ”
သူမက လေးနက်စွာ ကြည့်လိုက်ပြီး လက်ချောင်းအထက်ပိုင်းသို့ သွားလေ၏။
ပိုင်ရှောင်ချန်းက သူမထွက်ခွာသွားသည်ကိုကြည့်လျက် သူ့နှလုံးသားထဲမှာ ခံစားချက်များ ရောထွေးနေသည်။ ထို့နောက် အင်မော်တယ်ဂူသို့ ပြန်ရောက်လာသည်ကို သိလိုက်ပြီး ယခင်ကထက်ပို၍ စိုးရိမ်သောကရောက်စွာ တင်ပျဥ်ခွေထိုင်နေလေသည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးပြောစကားကြောင့် ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများ အစည်းအဝေးမှ ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြောင်း သဘောပေါက်လိုက်လေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စစ်ပွဲကလည်း ဖြစ်ပွားတော့မည်ဖြစ်ပြီး လအနည်းငယ်သာ လိုတော့သည်။
နောက်ထပ် ခုနစ်ရက်က လျင်မြန်စွာ ကုန်သွားပြန်သည်။
ရှစ်ရက်မြောက်နေ့မနက်စောစောတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၌ ခေါင်းလောင်းသံများ ဆူညံနေ၏။ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး အင်မော်တယ်ဂူထဲမှထွက်လာသည်နှင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအားလုံးက သူတို့၏သက်ဆိုင်ရာ တောင်အသီးသီးရှိ လက်ချောင်းအထက်ပိုင်းဆီသို့ ပျံသန်းသွားနေကြလေသည်။
ထို့နောက် ဘိုးဘေးတောင်မှ ပုံရိပ်ရှစ်ခု ပျံသန်းလာနေ၏။ သူတို့က ပတ်ဝန်းကျင်တစ်ခွင် တဝုန်းဝုန်းမြည်ဟည်းသွားစေနိုင်သည့် လူ့ဘီလူးကြီးများပမာ ဖြစ်ကာ စူးရှတောက်ပသော အလင်းများက ဝန်းရံထားသဖြင့် ပုံရိပ်များမှလွဲ၍ ကွဲ ပြားစွာ မမြင်ရချေ။
ထိုပုံရိပ်ရှစ်ခု ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူများအားလုံး ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
“ခေါင်းဆောင်ကြီးများကို ဂါဝရပြုပါတယ်”
ပိုင်ရှောင်ချန်းက ချက်ချင်းပင် တုန်လှုပ်သွားသည်။ ထိုပုံရိပ်ရှစ်ခုမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်းကြီးရှစ်ဦးမှ လွဲ၍ တခြားမဟုတ်ချေ။
ခေါင်းဆောင်ကြီး အတုမဲ့နှင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးသည်လည်း ထိုထဲတွင် ရှိနေသည်။ ထို့အပြင် ခရမ်းရောင်ခြုံထည်တစ်ခု ဝတ်ဆင်ထားသည့် တခြားတစ်ယောက်လည်းရှိသည်။ သူက အခြားသော ခေါင်းဆောင်ကြီးထက် သာလွန်ဟန်ရှိပြီး ကောင်းကင်ယံမှာ နေမင်းကြီးသဖွယ် ထွန်းလင်းတောက်ပနေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြင်းထန်သော ဖိအား သက်ရောက်လာ၏။
” ဂိုဏ်းဝင်တွေအားလုံး.. မင်းတို့ရဲ့ သွေးချီတွေကို ထုတ်လွှတ်ပြီး သွေးဝင်ပေါက်ကို ဖွင့်ကြမယ်ဟေ့”
ထိုအသံက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်ထားသော လက်ကြီးတစ်ခုလုံး၌ မြည်ဟည်းသွားသည်။ထိုနောက် မန္တန်အစီအရင်ကြီးတစ်ခုပေါ်လာသဖြင့် အရာအားလုံးမှာ တုန်ခါနေလေသည်။
နွံအိုင်တောင်မှစ၍ သွေးချီများ ပေါက်ကွဲထွက်လာ၏။ ထို့နောက် လက်ချောင်းထိပ်မှ သွေးချီများက စီးဆင်းလာပြီး သွေးရောင်အလင်းတိုင်ကြီးတစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်ယံသို့ ထိုးတက်နေသည်။ ထိုကဲ့သို့ အလားတူစွာ အမည်မဲ့တောင်၊ အလယ်တောင်ထိပ်၊ ရုပ်အလောင်းတောင်နှင့် နောက်ဆုံး ဘိုးဘေးတောင်တို့မှ ပေါ်လာ၏။
ဝုန်းးးးးဝုန်းးးးး
သွေးရောင်အလင်းတန်း ငါးခုက အပေါ်သို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံး သွေးရောင်တို့ဖြင့် ဖုံးလွှမ်းသွားပြီး ဧရာမရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ဖော်ထားသည့်အတွက် သွေးချီတို့ အမြှုပ်တစီစီထနေသည်ကိုပင် ခံစားလိုက်ရလေသည်။
ထိုအခိုက်တွင် ခေါင်းဆောင်ကြီးများအနက်မှ ယောကျ်ားပီသကာ ချောမောခန့်ညားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရှေ့တိုးလာ၏။ ထိုလူ၏ ဆွဲဆောင်မှုရှိသည့် အချက်မှာ သူ့ကို ကြည့်လိုက်သည့်လူတိုင်းကို လေးစားယုံကြည်ချင်လာအောင် ပြုလုပ်နိုင်လေသည်။
“ကျုပ်က ဟန်ရန် .. ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ကိုယ်စားပြုတဲ့ သွေးချီတွေကို ဆင့်ခေါ်တဲ့နေရာမှာ ခေါင်းဆောင်မှာပါ။ ချီနဲ့ သွေးတွေကို သန့်စင်ဖို့ ဂိုဏ်းသားကိုးယောက်ဆီက အကူအညီလိုပါတယ်”
“ရွှီရှောင်ရှန်း ၊ စုန့်ချွဲ ၊ ရွှယ်မေ့၊ ဟန်သုန် ၊ ကျိုးကျုံဖုန်… ”
သူက အေးဆေးတည်ငြိမ်သည့် အသံဖြင့်ပြောနေသော်လည်း ခေါင်းဆောင်ကြီးဖြစ်သည့်အတွက် သူ၏ သာမန်စကားလုံးများသည်ပင် အတော်ကြီးမားသည့် ဖိအားသက်ရောက်နေလေသည်။ သူနာမည်တစ်ခုရွတ်လိုက်သည့်အချိန်တိုင်း ထိုနာမည်နှင့် လူက သူ၏ရှေ့တွင် သွားရပ်ရမည်ဖြစ်သည်။
မကြာမီ လူငယ်ရှစ်ယောက်ကို ရှေ့သို့ခေါ်ပြီးသွားသည်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ အံ့အားသင့်နေကြလေသည်။ ထိုအုပ်စုထဲက လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ ဒီရေစီးကြောင်း စွမ်းအားများဖြင့် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဖြစ်လေသည်။ သူတို့အားလုံးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲ၌ ထိပ်ဆုံးလက်ရွေးစင်များ ဖြစ်ကြသည်။
ထို့နောက် ခေါင်းဆောင်ကြီး ဟန်ရန်၏အကြည့်က အလယ်တောင်ထိပ်တွင် ရပ်သွားပြီး နာမည်ကိုးခု၏ နောက်ဆုံးနာမည်ကို အော်ပြောလိုက်လေသည်။
” ညမုဆိုး ”