Switch Mode

အခန်း ( ၂၃၆ )

အရိပ်ရေ...မင်းပဲ ကြည့်ရှင်းလိုက်ပါဦး

ပိုင်ရှောင်ချန်းက တုန်ရီနေသည့် အနက်ရောင်အရိပ် ကိုကြည့်ကာ ခရမ်းရောင် ကျောက်စိမ်းဆွဲပြားတစ်ခုကိုထုတ်လိုက်ပြီး ပြောလိုက်လေသည်။
” ဒီဘက်ကို လာခဲ့စမ်း။”

ထိုအရိပ်ကြီးမှာ ထပ်၍ တုန်ရီသွားပြီး ပိုင်ရှောင်ချန်းဆီသို့ ဖြေးညင်းစွာ ပျံဝဲ၍ရောက်လာသည်။ ပိုင်ရှောင်ချန်းရှေ့သို့ ရောက်သွားသည့်အခါ ၎င်းမှာ အနက်ရောင်မြူခိုးထဲမှနေ၍ မျက်နှာလေးသာ ထုတ်ပြရဲတော့သည်။

ပိုင်ရှောင်ချန်းက လှမ်း၍ ဆုပ်ကိုင်လိုက်သောအခါ သူ၏ လက်က မြူခိုးကိုဖြတ်သွားတော့သည်။ ထိုဂါဂိုလီသွေးအေး မွန်းစတားမှာ ရုပ်ခန္ဓာကိုယ်ပင် မရှိသေးချေ။ ပိုင်ရှောင်ချန်းမှာ ပို၍ပင် စိတ်ဝင်စားသွားတော့သည်။

” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဂါဂိုလီတွေနဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက မိစ္ဆာဝိညာဥ်တွေက တော်တော်ပုံစံတူတာပဲ။ ဝိညာဥ်တွေက သေသွားတဲ့လူတွေရဲ့ အသက်ဝိညာဥ်တွေနေ ပေါ်လာတာ။ ဂါဂိုလီတွေကရော။ သူတို့ဘယ်ကလာတာပါလိမ့်။” ထိုအကြောင်းကို အနည်းငယ်တွေးတောလိုက်ပါသော်လည်း သူက မည်သည့် နည်းလမ်းကကိုမှ မထုတ်နိုင်ချေ။ သို့သော်လည်း သူနှင့် ထိုဂါဂိုလီမှာ တစ်နည်းနည်းနှင့် ဆက်နွယ်နေကြောင်း သူက ခံစားမိလိုက်သည်။ အမည်မဲ့တောင်က သူ့ကိုပေးအပ်ထားသည့် အထိန်းအချုပ် ကျောက်စိမ်းပြားထက်ပင် ပို၍သာလွန်သော အဆက်အနွယ်မျိုးဖြစ်သည်။

အဆုံးတွင် ထိုဂါဂိုလီမှာ ဧရာမလက်ဖဝါးကြီးအပြင် ထာဝရအသက်ရှည်နည်းပညာရပ်တို့နှင့် ဆက်စပ်နေနိုင်ကြောင်း သူကတွေးလိုက်သည်။

ပိုင်ရှောင်ချန်းက ထိုသို့တွေးတောကာ ထိုင်နေစဥ် မြူခိုးထဲမှ မျက်နှာကြီးမှာ ရုတ်တရက်ရှုံ့တွသွားပြီး ကြမ်းကြုတ်သည့် အမူအရာတစ်ခုပေါ်ပေါက်လာကာ ပိုင်ရှောင်ချန်းပေါ်သို့ တက်ဆောင့်နေတော့သည်။

ရက်စက်ကြမ်းကြုတ်မှုအပေါင်းပြည့်နှက်နေသည့် ကြောက်မက်ဖွယ် အေးစက်မှုကြီးတစ်ခု ပျံ့ထွက်လာတော့သည်။ ထိုအေးစက်မှုကြီးမှာ ပိုင်ရှောင်ချန်း၏ဝိညာဥ်ကို ဝါမြိုတော့မည့် အလားပင်။ ထိုဂါဂိုလီ၏ ရုတ်တရက် ထကြွမှုကြီးကြောင့် ပိုင်ရှောင်ချန်းက အလွန်ထိတ်လန့်သွားသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအင်ကိုထုတ်ကာ ၎င်းကို လှမ်းရိုက်လိုက်သည်။

ထိုဂါဂိုလီကြီးမှာ သနားစဖွယ်အော်ဟစ်ကာ မြူခိုးများမှာ အနည်းငယ်ပါးသွားတော့သည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့် ၎င်းက အခန်းထောင့်သို့ အမြန်ပြေးကာ ထိုနေရာတွင် တုန်တုန်ရီရီနှင့် ရပ်နေတော့သည်။

” မင်းက အတင့်ရဲလှပါလား။” ပိုင်ရှောင်ချန်းက ဒေါသတကြီး အော်ပြောလိုက်သည်။ သူက ရှေ့သို့ပြေးကာ ထိုအရိပ်ကို လှမ်းကန်လိုက်သော်လည်း ၎င်းက ရှောင်တိမ်းလိုက်လေသည်။ ပိုင်ရှောင်ချန်းက အေးစက်စက် ချောင်းဟန့်ကာ ကျောက်စိမ်းလည်ဆွဲကို ငုံ့ကြည့်လိုက်သည်။ ထိုလည်ဆွဲမှာ ဂါဂိုလီကို ထိန်းချုပ်ရန်သုံးနိုင်သည်သာမက ၎င်းကို လေ့ကျင့်ရာတွင်သုံးနိုင်သည့် အပြစ်ပေးခြင်းများနှင့် ဆုချခြင်းကဲ့သို့သော ဖော်ပြချက်များစွာလည်းပါဝင်သည်။

လူသုံးအများဆုံး နည်းလမ်းမှာ မိမိ၏သွေးအား ဂါဂိုလီကို တိုက်ကျွေးခြင်းပင်ဖြစ်သည်။ ထိုသို့လုပ်ပါက နှစ်ယောက်ကြားမှ ဆက်နွယ်မှုကို အားကောင်းစေမည်ဖြစ်ပြီး မိမိ၏ဂါဂိုလီက အခြားဂါဂိုလီများကိုပါ ပို၍ နားလည်လာမည်ဖြစ်သည်။

ဂါဂိုလီကြီးထွားလာသည်နှင့် ၎င်း၏ ကျင့်ကြံခြင်းအခြေခံလည်း လိုက်၍ တိုးတက်လာမည်ဖြစ်သည်။ အခြားအရာများကို ၎င်းကသတ်ကာ သူတို့၏သွေးများသောက်သုံးခွင့်လည်း ပေးထားသေးသည်။ ထိုအခါ ၎င်းတို့မှာ ပို၍လျင်မြန်စွာ ကြီးထွားလာမည်ဖြစ်သည်။

ဂါဂိုလီတစ်ကောင်က ဆိုးသွမ်းနေသည့် အရိပ်အယောင်ပြပါက ထိုအမူအကျင့်များကို ချက်ချင်း ဖျောက်ဖျက်သင့်ကြောင်း ဖော်ပြချက်တွင် ရေးသားထားသည်။ ထိုသို့ ပုန်ကန်အာခံမှုများမှာ ပို၍ပို၍ ပြင်းထန်လာပြီး အဆုံးတွင် ထိန်းသိမ်း၍မရတော့အောင် ဖြစ်သွားမည်ဖြစ်သည်။

” မလောက်လေး မလောက်စား ဂါဂိုလီ ပေါက်စကများ။ မင်းကို ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်ရဲတယ်ပေါ့။” သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းဆွဲပြားကိုသုံးကာ ဂါဂိုလီကို ချုပ်နှောင်လိုက်ပြီး အနည်းငယ်ကန်ကျောက်လိုက်လေသည်။ ဂါဂိုလီ၏ မြူခိုးများမှာ ပို၍ပင် ပါးသွားပြီး အနည်းငယ်မျှသာကျန်တော့သည့်အချိန်တွင် ၎င်းက ငိုသံပါအောင် အော်ဟစ်လိုက်တော့သည်။

” ကောင်းကောင်းမှတ်ထား။ ဒီနေရာမှာ ငါကဆရာကြီးပဲ။ မင်းငါ့ကို ရန်စလို့ကတော့ မင်းအဆင့်မင်းသိအောင် ငါလုပ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။ ဟွန်း။ မင်းကို ငါဘယ်လိုခေါ်ရမလဲ။ အရိပ် ဆိုရင်ရော။ ” သူ့ကို အမည်ပေးပြီးသောအခါ ပိုင်ရှောင်ချန်းက သူ့ကိုလျစ်လျူရှုကာ အမည်မဲ့တောင်၏ သွေးသခင် သူ့ကိုပေးခဲ့သည့် ဆေးဖော်စပ်နည်းကို အာရုံစိုက်လိုက်လေသည်။

” ထာဝရ သွေးဆေးလုံး…” သူက အတွေးများထဲတွင် နစ်မျောက ရေရွတ်လိုက်သည်။ သူက ဤဆေးလုံးအကြောင်းကို ယခင်က ကြားဖူးပြီးသားဖြစ်သည်။ မြင့်မြတ်သောဆေးနံရံကျိုးမှ ဥာဏ်အလင်းရရှိခဲ့သည့် ခေါင်းဆောင်ကြီးတစ်ယောက် က လွန်ခဲ့သည့် နှစ်များစွာက ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုဆေးလုံးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အသုံးဝင်ဆုံး ဆေးလုံးတစ်လုံး ဖြစ်သည်။

ထိုဆေးလုံးမှာ ဂါဂိုလီများမွေးမြူရာတွင် အံ့မခန်းရလဒ်များကို ရရှိစေသည်သာမကပဲ ရုပ်အလောင်းသန့်စင်ရာတွင်လည်း အသုံးပြုနိုင်ပြီး နွံအိုင်တောင်ထိပ်၏ အပြင်အားကျင့်ကြံရာတွင်လည်း အထောက်အကူ ပေးနိုင်သည်။ ၎င်း၏ အသုံးများမှာ ကျယ်ပြန့်လွန်းလှ၍ ထိုထာဝရသွေးဆေးလုံးတီထွင်ပြီးသည့် အချိန်မှစ၍ ယခုချိန်အထိ ဂိုဏ်းထဲတွင် လူသုံးများနေရခြင်းဖြစ်သည်။

သို့သော်လည်း ထိုဆေးလုံးကို ဖော်စပ်ရသည်မှာ အလွန်ခက်ခဲသည်။ အဆင့်သုံးဆေးလုံးက ဖော်စပ်ရန် လွယ်ကူသော်လည်း အဆင့်လေးဆေးလုံးမှာ လုံးဝကို မလွယ်ပေ။ အဆင့်ငါး ထာဝရသွေးဆေးလုံးများကမူ ပုံမှန်ထက်ပင် များစွာသာလွန်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးသော သီးသန့်စွမ်းအားအချို့ကိုပင် ဆင့်ခေါ်ရန် သုံးနိုင်ပေသည်။ အဆင့်လေး ဆေးလုံးပင်လျှင် အချို့သော ရှေးဟောင်းအကျဆုံး ဂါဂိုလီများကို ဆင့်ခေါ်နိုင်သည်။

ထိုဆေးဖော်စပ်နည်းကို ပိုင်ရှောင်ချန်းက လေ့လာလေ သူက ပို၍ အံ့အားသင့်လာလေဖြစ်သည်။ ဖော်စပ်ရန် ဆေးပင် ကိုးဆယ့်ခုနစ်မျိုးလိုအပ်ပြီး တစ်မျိုးချင်းစီကို ကောင်းကင်တံတားမြစ်ရေသုံး၍ ဖိနှိပ်ကာ များစွာသော ပြောင်းလဲမှုများ လုပ်ရမည်ဖြစ်သည်။ ဧရာမ လက်ဖဝါးကြီးထံမှ ဝိညာဥ်သွေးကိုလည်း လိုအပ်သည်။ ထိုအရာများရှိပါမှသာ ထာဝရသွေးဆေးလုံးကို ဖော်စပ်နိုင်မည်ဖြစ်သည်။

” ဆေးပင်ရောစပ်တဲ့ အချိုးအစား နည်းနည်းလေးမှားသွားရင်တောင် ကျရှုံးမှာကွ။ ပြီးတော့ အပင်တွေပေါင်းစပ်ဖို့ဆို ချိတ်ဆက်ထားတာတွေကို အာနိသင်ပြယ်အောင်အရင်လုပ်ပြီး အချို့အရာကိုတော့ အတူတကွ ပေါင်းစည်းရမှာ။ အဲ့တာဆိုရင် မတူညီတဲ့ သွေးချီစီးကြောင်း ကိုးကြောင်း ထွက်လာမယ်။”

” သွေးစီးကြောင်းတစ်ကြောင်းဆို အဆင့်တစ်။ နောက်အဆင့်တွေလည်း အလားတူပဲ။ အမည်မဲ့တောင်ရဲ့ သွေးသခင်က ငါ့ကို အဆင့်လေးသွေးဆေးလုံးဖော်စပ်ခိုင်းတာဆိုတော့ သွေးချီစီးကြောင်း လေးကြောင်းလိုမှာ” ပိုင်ရှောင်ချန်းမှာ ထိုဆေးဖော်စပ်နည်းကို ဆက်လေ့လာရင်း မျက်လုံးများပင် အရောင်လက်လာတော့သည်။ လေ့လာရင်းနှင့် ဤဆေးကျမ်းအား ဖန်တီးခဲ့သူကို သူက ပို၍ပင် လေးစားလာတော့သည်။

” ဒီဆေးလုံးဖော်ရတာ ဒီလောက်ခက်ခဲနေတာ မဆန်းပါဘူး။ သွေးချီစီးကြောင်းတစ်ခုကတော့ ရိုးရိုးပါပဲ။ ဒါပေမဲ့ နှစ်ခုဆိုရင်တောင် တွက်ချက်မှုတွေအများကြီးလုပ်ပြီး တာအိုဆေးပညာမှာ ကျွမ်းကျင်နေမှရမှာ။ သွေးချီစီးကြောင်း သုံးခုဆို နှစ်ခုတုံးက ဆယ်ဆလောက်တောင် ပို ရှုပ်ထွေးသေးတယ်။ လေးခုဆိုလို့ကတော့ လုံးဝကို မဖြစ်နိုင်လုနီးပါးပဲ။ အောင်မြင်ဖို့ တစ်ခုထဲသော နည်းလမ်းကတော့ အပင်နှင့်အသီးအရွက်အားလုံး ဖန်တီးခြင်းပညာရပ်ကိုသုံးပြီး အရာရာကို ရိုးရှင်းအောင် လုပ်ဖို့ပဲ။ ” ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပလာသည်။ ပုံမှန်နည်းလမ်းဖြင့် ထာဝရသွေးဆေးလုံးကို ဖော်စပ်ရန်မှာ လွန်စွာခက်ခဲလွန်းလှပေသည်။ တစ်ခုတည်းသောနည်းလမ်းမှာ အရာအားလုံးကို ပြောင်းပြန် လုပ်ရန်သာဖြစ်သည်။

ဤသို့ ကျိုးကြောင်းဆက်စပ်တွေးတောပြီးသွားသောအခါ ပိုင်ရှောင်ချန်းက ဆေးပေါင်းဖိုတစ်ခုနှင့် ဆေးပင်အချို့ကို ထုတ်ကာ ဖော်စပ်နည်းကို ကျင့်သားရရန် လုပ်ငန်းစလိုက်တော့သည်။ ပထမတစ်ကြိမ်ထဲနှင့် အောင်မြင်အောင် မကြိုးစားဘဲ အနည်းငယ်စမ်းသပ်မှုများပြုလုပ်ရန် သူက ဆုံးဖြတ်လိုက်သည်။

အချိန်များမှာ ကုန်ဆုံးသွားသည်။ မကြာမီ လတစ်ဝက်တိတိကုန်သွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ထိုအတောအတွင်း အင်မော်တယ်ဂူထဲမှ အပြင်သို့ တစ်ကြိမ်ပင်မထွက်ချေ။ ဆေးဖော်စပ်ခြင်းထဲတွင် သူကလုံးဝကို နစ်မျောနေတော့သည်။ နေ့စဥ်နေ့တိုင်း အကြိမ်ပေါင်းများစွာ သူက ဖော်စပ်ပြီး သွေးမီးလျှံကျောက်တုံးများ ကုန်ဆုံးသွားတိုင်း ထပ်၍ တောင်းလေသည်။ ဆေးပင်များလည်း ထိုနည်းတူပင်။

ဆေးပင်အသစ်များကို သူ့ဆီသို့ နေ့စဥ်ပို့ရသည့် အခြေအနေအထိပင် ရောက်သွားတော့သည်။ ကံကောင်းစွာပင် တောင်ထိပ်ပေါ်တွင်ကား ရင်းမြစ်ပစ္စည်းများ လုံလောက်စွာရှိပေသည်။ ပိုင်ရှောင်ချန်းမှာ ထာဝရသွေးဆေးလုံးနှင့် ပို၍ ရင်းနှီးလာသော်လည်း ဆေးလုံးမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပျက်စီးနေဆဲပင်။

အရင်တုံးက ထိုသို့ပျက်စီးသွားသော ဆေးလုံးများကို သူ စွန့်ပစ်ပါသော်လည်း ယခုတွင်မူ သူက အခန်းထောင့်တွင်ကျုံ့နေသည့် ဂါဂိုလီကို ချီတုံချတုံဖြင့် လှမ်းကြည့်လိုက်သည်။

” ဒီ ဂါဂိုလီတွေက ဝိညာဥ်ဆေးတွေကို စားလားမသိဘူး။ ပျက်စီးနေတာဆိုပေမဲ့ အစွမ်းနည်းနည်းတော့ ကျန်သေးတယ်ကွ။” သူက ထိုသို့တွေးလိုက်ပြီး ဆေးလုံးတစ်လုံးကို ဂါဂိုလီထံသို့ လှမ်းပစ်လိုက်သည်။

” အဲ့ဆေးကို စား။” သူက မျှော်လင့်တကြီးဖြင့် လှမ်းပြောလိုက်သည်။ ထိုဂါဂိုလီ၏ အသိဥာဏ်မှာ ယခုမှ ဖွံ့ဖြိုးစဖြစ်သော်လည်း ထိုစကားများကို နားလည်သဖြင့် ဆေးလုံးအပေါ် ခုန်အုပ်လိုက်လေသည်။ တစ်ခဏအတွင်းမှာပင် ထိုဆေးလုံးက အနက်ရောင် မီးခိုးအသွင်ပြောင်းလဲသွားပြီးနောက် ထိုဂါဂိုလီက စုပ်ယူလိုက်လေသည်။

” ဝိုး။ တကယ်စားတာပဲဟ။” ပိုင်ရှောင်ချန်းမှာ အတော်ကျေနပ်သွားတော့သည်။ ထိုအချိန်မှစ၍ သူက ပျက်စီးသွားသည့် ဆေးလုံးများကို ထိုဂါဂိုလီထံသို့သာ ပစ်ပေးနေတော့သည်။ ဆေးလုံးတစ်လုံးချင်းစီမှ မီးခိုးများကို စုပ်ယူပြီးတိုင်း ထိုဂါဂိုလီက ကျယ်လောင်စွာ လေချဥ်တက်ကာ ယစ်မူးနေသည့်မျက်နှာဖြင့် ဘေးဖက်သို့ ဒယီးဒယိုင် လျှောက်သွားတော့သည်။ အဆုံးတွင် သူက အိပ်ပျော်သွားတော့သည်။

” ဟားဟားဟား။ ငါ အင်မတန် ေတာ်ပါ့လား။ ဒီပျက်စီးနေတဲ့ ဆေးလုံးတွေက အသုံးတော့ဝင်သားပဲ။” ထိုဂါဂိုလီက ဘေးထွက်ဆိုးကျိုးများ မခံစားရကြောင်းကို သေချာသွားသောအခါ သူကိုယ့်သူ ကောင်းမှုများလုပ်နေပြီဟု သူ ခံစားလိုက်ရတော့သည်။ ထို့နောက် သူက ဆေးများကိုဆက်လက်ဖော်စပ်ကာ ဂါဂိုလီကို မကြာမခဏ လှမ်းလှမ်းကြည့်ပြီး ပျက်စီးနေသည့် ဆေးလုံးတစ်လုံးချင်းစီ ပစ်ပေးနေတော့သည်။ သူက ထိုနေရာတွင်တော့ မနှမြောပေ။

အချိန်များမှာ ကုန်ဆုံးသွားပြန်သည်။ တဖြည်းဖြည်းနှင့် နောက်ထပ်လတစ်ဝက် ကုန်သွားပြန်တော့သည်။

ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းက ဆေးအကြိမ်ပေါင်းများစွာ ဖော်စပ်ပြီးသွားပြီဖြစ်သည်။ သို့သော်လည်း အကြိမ်တိုင်းမှာ မအောင်မြင်ပေ။ အပင်နှင့်အသီးအရွက်အားလုံး ဖန်တီးခြင်းပညာရပ်အကြောင်း သူက ဥာဏ်အလင်းများစွာ ရရှိထားပါသော်လည်း သေသေချာချာ အသုံးပြုရန်အထိ မကျွမ်းကျင်သေးပေ။ ပြဿနာများမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ထိုပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများ ရှာတွေ့စမြဲပင်။ ထို့အပြင် သူက ပျက်စီးသွားသည့်ဆေးလုံးများကိုလည်း မဖြုန်းတီးပဲ ဂါဂိုလီကို အကုန်ကျွေးလေသည်။

” ငါ့မှာ မင်းကို ဒီဆေးလုံးအပျက်တွေက လွဲပြီး အခြားပေးစရာမရှိဘူး။” ပိုင်ရှောင်ချန်းမှာ ထိုအခြေအနေကို ကျေနပ်နေတော့သည်။ ကျင့်ကြံသူများက ထိုဆေးလုံးမျိုးကို မသုံးစွဲနိုင်သော်လည်း ဂါဂိုလီများအတွက်မူ ထိခိုက်မှုမရှိသည့် ပုံပင်။ ထို့အပြင် ထိုဂါဂိုလီမှာ ပြီးခဲ့သည့် လအတွင်း များစွာကြီးထွားလာသည်။ သူက မှင်စာပေါက်စလေးတစ်ကောင်နှင့် မတူတော့ပဲ ခုနစ်နှစ်၊ရှစ်နှစ်သားလေးတစ်ယောက်နှင့် တူလာပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာတော့ မဲနက်ကာ အနက်ရောင်မြူခိုးများနှင့် ဝန်းရံနေဆဲပင်။

များစွာပြောင်းလဲသွားသည့်အချက်မှာကား ထိုဂါဂိုလီကြီးက အသိဥာဏ်ပို၍ ရှိလာခြင်းပင်။ လုံးဝသုံးစားမရသည့် ပုံစံမဟုတ်တော့ပဲ ပိုင်ရှောင်ချန်းပေးသည့် တာဝန်၊ ဝေယျာဝိစ္စ အသေးစားလေးများကို ကူညီနေနိုင်ပြီဖြစ်သည်။

တချို့အချိန်များတွင် ထိုဂါဂိုလီက ဆေးလုံးအပျက်များကို စားရန် ချီတုံချတုံဖြစ်နေပါသော်လည်း ပိုင်ရှောင်ချန်း၏ အမိန့်ကိုမူ မလွန်ဆန်ရဲချေ။

တစ်ခေါက်တွင် ပိုင်ရှောင်ချန်းက အမှားတစ်ခုလုပ်မိသွား၍ ဆေးပေါင်းဖိုပေါက်ကွဲတော့မည်ဖြစ်ကြောင်း သိလိုက်လေသည်။ သူက ချက်ချင်းပင် နောက်သို့ဆုတ်ကာ အော်ပြောလိုက်လေသည်။
” အရိပ်ရေ။ မင်းပဲ ကြည့်ရှင်းလိုက်တော့ဟေ့။”

အရိပ်မှာ ပြေးသွားကာ ဆေးပေါင်းဖို၏ အပြင်ဘက်ပိုင်းကို ဖောက်ဝင်သွားသည်။ ထို့နောက် အတွင်းပိုင်းသို့ရောက်သောအခါ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဝိညာဥ်ဆေးများကို စုပ်ယူလိုက်လေသည်။ အဆုံးတွင် သူက မြေကြီးပေါ်တွင် လဲလျောင်းကာ ကြောင်အန်းအန်း မျက်ဝန်းများဖြင့် တွန့်လိမ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ ဂါဂိုလီ၏ အပြုအမူကြောင့် တောက်ပင်ခေါက်လိုက်တော့သည်။

” မဆိုးဘူး အရိပ်ရေ။ မဆိုးဘူး။ ” သူက စိတ်လှုပ်ရှားစွာ ဆေးများ ဆက်လက်ဖော်စပ်နေတော့သည်။ တချိန်တွင် ဆေးပေါင်းဖိုထဲမှ အနက်ရောင်မီးခိုးများ ထွက်လာသဖြင့် အက်စစ်မိုး၊ ဝမ်းလျှောရောဂါ၊ သွေးလန့်ခြောက်ခြားခြင်းသို့မဟုတ် အခြား တစ်မျိုးမျိုးသော အန္တရာယ်တစ်ခုခုဖြစ်တော့မည်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းမှာ သိသွားတော့သည်။

ထိုအခါ သူက အရိပ်ကို ထပ်၍ ခေါ်လိုက်ပြန်သည်။

” အရိပ်ရေ။ ကြည့်ရှင်းလိုက်ဦးဟေ့။”

အရိပ်မှာ ဆေးပေါင်းဖိုအပေါ် ခုန်အုပ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မီးခိုးအားလုံးကို စုပ်ယူလိုက်လေသည်။ ထို့နောက် သူက ဘေးသို့ လှဲချလိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းတွင် မီးခိုးများက ဝုန်းဒိုင်းကျဲနေတော့သည်။ သူ့တွင် တံတွေးများသာရှိပါက ယခုအချိန်တွင် ပါးစပ်မှ အမြှုပ်များ ထနေမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးပင် လှုပ်ရှားသွားတော့သည်။

” တော်တယ် အရိပ်ရေ။ မင်းက အတော် အံ့သြဖို့ကောင်းတာပဲ။” ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေတော့သည်။ ထို့အပြင် သူဆေးဖော်စပ်တိုင်း အရိပ်ကို ခေါ်ထားရန်ပင် စိတ်ကူးနေတော့သည်။ အရိပ်မှာ ထူးချွန်လွန်းလှသည် မဟုတ်ပါလော။ ဆေးလုံးအပျက်များဖြစ်စေ၊ အနံ့ဆိုးသော မီးခိုးများဖြစ်စေ၊ ပေါက်ကွဲတော့မည့် ဆေးပေါင်းဖိုများဖြစ်စေ၊ ဆေးလုံးများ၏ အညစ်အကြေးများကို သန့်စင်ရာတွင် ပေါ် လာတတ်သည့် ပြဿနာများကို သူက ဖြေရှင်းနိုင်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ ဆေးဖော်စပ်ရာတွင် နစ်မျောနေသဖြင့် အညစ်အကြေးများကို စုပ်ယူရာမှ ရရှိလာပုံရသည့် အသိဥာဏ်အလင်းရောင်များက အရိပ်ကလေး၏ မျက်ဝန်းများထဲတွင် တဖြည်းဖြည်းတောက်ပလာသည်ကို သတိမထားမိချေ။ အရိပ်က ပုံမှန်ဆိုလျှင် ထိုအလင်းရောင်ကို သေချာဝှက်ထားပြီး ပိုင်ရှောင်ချန်းအရှေ့တွင်မူ ရူးသလိုလိုသာ ဟန်ဆောင်နေသည်။

တချိန်တွင် ပိုင်ရှောင်ချန်းမှာ မအောင်မြင်သည့် အကြိမ်ထဲမှ ထူးဆန်းသည့်ဆေးလုံးတစ်လုံးကို တွေ့လိုက်လေသည်။ သူက ထိုဆေးလုံး၏အစွမ်းကို လုံးဝမသိ၍ သူ၏အိတ်ထဲသို့ သိမ်းရန်ပြင်လိုက်စဥ်တွင် အရိပ်ကို လှမ်းကြည့်မိလိုက်လေသည်။

ထို့နောက် သူက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်လေသည်။
” အရိပ်ရေ။ မင်းပဲ ကြည့်ရှင်းလိုက်ပါဦး။”

အရိပ်မှာ တုန်ခနဲဖြစ်သွားသော်လည်း ပျံသန်းလာပြီး ဆေးလုံးကို ယူလိုက်လေသည်။ ထိုဆေးလုံးကို စားပြီးသွားသောအခါ ဘေးသို့ လဲကျသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset