အခန်း ( ၂၃၅ )

ဝမ်းလျှောမိစ္ဆာ​က ဒီမှာဟေ့

“နောက်ဆုံးအခေါက် ငါ နဂါးသည်းခြေမြက်ကို သုံးတုန်းက တစ်ရွက်ပဲ သုံးနိုင်တာ ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဆယ်ရွက်ထည့်မယ်ကွာ”

“မီးတိမ်သစ်သီး တွေပါလား ဟ. အလုံးနှစ်ဆယ်ထည့်ရမယ်”

“ဒီတော့ ဒါကို ကြယ်ရောင်အရွက်လို့ ခေါ်တယ်လား.။ ပြောထားတာတော့ အရွက်တစ်ဝက်ကအလုပ်ဖြစ်တယ်ဆိုပေမယ့် အခုလို ဧရာမဆေးပေါင်းဖိုကြီးအတွက်တော့ မလုံလောက်ဘူး ။ ဆယ်ရွက်ထည့်ပြီကွာ” သူ့ကိုယ်သူရေရွတ်နေရင်း ဆေးပေါင်းဖိုးနှုတ်ခမ်းဝတွင် ဆေးပင်တစ်ခုပြီးတစ်ခု ပစ်ထည့်ကာ လှည့်ပတ်နေလေသည်။ဟိုဟိုသည်သည် အသေးအဖွဲ့များကို လိုက်ညှိပြီးနောက် သူက အပင်များထပ်ထည့်နေလေသည်။

သူ၏အိတ်ထဲမှ သွေးမီးလျှံကျောက်တုံးတို့ကို ဆေးပေါင်းဖိုအောက်တွင်ထားလိုက်ပြီး အပူပြင်းပြင်းမြှိုက်လိုက်သည်။ သို့သော်လည်း ၄င်းက သာမန်ဆေးပေါင်းဖိုမဟုတ်ပေ။ အပူကြောင့် အခြားဆေးပေါင်းဖိုတို့မှာ အနီရောင်တောက်တောက်သို့ပြောင်းသော်လည်း ဤတစ်ခုမှာ အပူပေးရန်အလွန်ခက်ခဲပုံပေါ်လေသည်။

ထိုအရာကို မြင်သည်နှင့် ပိုင်ရှောင်ချန်းမှာ ယခင်ထက်ပင် ပို၍ စိတ်လှုပ်ရှားလာလေသည်။ သူက ဆေးဖော်ခြင်းတွင် စိတ်ရောကိုယ်ပါ နစ်ဝင်သွားပြီး ဆေးပေါင်းဖိုအတွင်းသို့ ဆေးပင်များ အဆက်မပြတ် ပစ်ထည့်ပြီး ဆေးစွမ်းအားကို အလျင်အမြန်တိုးလာစေလိုက်သည်။ တချိန်တည်းမှာပင် ဆေးညွှန်းကိုတွက်ချက်နေခြင်းတွင် အလုံးစုံ အာရုံဝင်စားသွားလေသည်။

သူက အကျေနပ်ကြီးကျေနပ်နေ၏။ သူအသုံးပြုနေသည့် ဆေးပင်များ၏ ကုန်ကျစရိတ်ကို ပူပင်နေစရာမလိုချေ။ ဆေးပေါင်းဖိုကြီးကို မထိန်းချုပ်နိုင်မည်ကိုလဲ မစိုးရိမ်ရပေ။ သူစိတ်ပူနေသည့်အရာမှာ ဆေးမည်သို့ဖော်စပ်ရမည်ပင်ဖြစ်သည်။

သူ၏ဆံပင်များ ဖွာလန်ကြဲလာပြီး မျက်လုံးတို့မှာ ရဲရဲနီနေသော်လည်း သူက ခါတိုင်းထက်ပို၍ အံ့သြဝမ်းသာကာ စိတ်လှုပ်ရှားနေလေသည်။ တစ်ပတ်ကြာသည်အထိ သူက ဆေးပေါင်းဖိုအတွင်းသို့ ဆေးပင်အမြောက်အမြား ဆက်လက်ထည့်နေလေသည်။ နောက်ဆုံး၌ သူ၏အိတ်တစ်ဝက်မျှ ကုန်သွား၏။ အပြန်အလှန် ကြီးထွားခြင်းနှင့် ဖိနှိပ်ခြင်းနည်းလမ်းများကို အသုံးပြုခြင်းဖြင့် ပိုင်ရှောင်ချန်းက ဆေးစွမ်းအင်ကို ပေါက်ကွဲသွားနိုင်သော အဆင့်အထိ တင်လိုက်လေသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ဆေးပေါင်းဖိုမှ ပေါ်ထွက်လာပြီး အစိမ်းမှ အနီရောင်တောက်တောက်သို့ပြောင်းလာလေသည်။ သို့သော်လည်း ထိုဆေးပေါင်းဖိုကြီးမှာ တကယ်မပေါက်ကွဲသေးချေ။

ထိုသည်ကိုမြင်ရသောအခါ ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

” ဒါမှ ရတနာဆေးပေါင်းဖိုကြီးပဲကွ” သူမှတ်ချက်ချလိုက်၏။ ထို့နောက် သူက ဆေးဖော်ခြင်းတွင် ပြန်အာရုံစိုက်လိုက်သည်။ ဆေးညွှန်းနှင့်စပ်လျဥ်းသည့် သူ၏အတွက်အချက်များအပေါ်အခြေခံ၍ ဆေးပင်များ ဆက်ထည့်လိုက်သည်။ ဉာဏ်ကွန့်မြူးလာပြီး ဆက်တိုက်တွေးပြီးနောက် သင့်တော်သည်ကိုတွေ့ပါက ပြောင်းလဲသည်။ သူ၏ အပင်နှင့်အသီးအရွက်ဖန်တီးခြင်းပညာရပ်နှင့်ပေါင်းစပ်လိုက်သောအခါ သူလိုချင်သည့်ဆေးစွမ်းအားသို့ရောက်လာလေသည်။

နောက်ထပ်ငါးရက်ကုန်လွန်သွားပြီး ဆေးပေါင်းဖိုကြီးအတွင်းမှာ ထစ်ခြုန်းမြည်သံများပိုပြင်းထန်လာသည်။ ယခုအခါ ဆေးပေါင်းဖိုမှာ အနီရောင်တောက်နေပြီး ပိုင်ရှောင်ချန်းက ဆေးပင်တို့အား ဆန္ဒရှိသလောက် အကုန်ထည့်နေသည်။ သူကဘေးတွင် ထိုင်နေရင်းမှ တစ်ခုခုကို ရုတ်တရက်တွေးမိသွားပြီး အလွန်ကျေနပ်သွားပုံပေါ်လေသည်။ အရှေ့သို့အလောတကြီးပြေးသွားလိုက်ပြီး သူ၏ထာဝရသွေးတစ်စက်ကို ဆေးပေါင်းဖိုအတွင်းသို့ ချလိုက်သည်။

ထို့နောက် သူက ဆေးပေါင်းဖိုကို အဖုံးပြန်အုပ်လိုက်ပြီး ခပ်တင်းတင်းသော့ခတ်လိုက်သည်။

ထိုအခိုက်တွင် ဆေးစွမ်းအားတို့၏ ထွက်ပေါက်များ ပိတ်ထားခံလိုက်ရပြီး တဝုန်းဝုန်းမြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဆေးပေါင်းဖိုကြီးက လှုပ်ခါလာပြီး အတွင်းထဲရှိ အပူချိန်မှာ အလျင်အမြန်တိုးလာ၏။

ပိုင်ရှောင်ချန်းမှာ အံဖွယ်ဆေးပေါင်းဖိုကြီးကို အလွန်သဘောကျသွားပြီး ဖြစ်ပေါ်လာမည့်ပြဿနာတစ်စုံတစ်ရာကိုပင် မတွေးတော့ချေ။ သူစိုးရိမ်ရသလောက် ၄င်းက မပေါက်ကွဲနိုင်ပေ။ ထို့ကြောင့် သူက အိုး၏ဘေးတွင် ကျင့်ကြံခြင်းကို လေ့ကျင့်လိုက်သည်။ ရံဖန်ရံခါ သူက လှမ်းလှမ်းကြည့်တတ်ပြီး ဆေးပေါင်းဖိုအတွင်းရှိ ဆေးစွမ်းအားတို့က ပြောင်းလဲသွားတတ်သဖြင့် လိုက်ညှိနေတတ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် သူ စိတ်ပူစပြုလာ၏။ ဆေးပေါင်းဖိုကြီးက ယခု အနီရောင်တောက်နေပြီး အနီးတစ်ဝိုက် သုံးမီတာလောက်တွင် စွမ်းအားပြင်းအပူများထုတ်လွှတ်နေသည်။ ဆေးပေါင်းဖိုကြီးမှာ တသိမ့်သိမ့်တုန်နေကာ ရှုံ့တွလာလေသည်။ဆေးပေါင်းဖိုကြီးထံမှ တွန့်လိမ်ကောက်ကွေးသော အက်ကွဲကြောင်းတို့မှာ မြေပြင်မှာပင် ထလာလေသည်။

ပိုင်ရှောင်ချန်းမှာ တံတွေးကို အတင်းမျိုချလိုက်ပြီး ဘေးမှခွာလိုက်သည်။အပူလှိုင်းတို့က သူ့မျက်နှာကိုဟပ်နေသဖြင့် ကြောက်လန့်မှုနှင့်အတူ တဒိန်းဒိန်း ရင်ခုန်လာလေသည်။

” ဒီလောက်ကြီးတဲ့ ဆေးပေါင်းဖိုကြီးသာ ပေါက်ကွဲသွားလို့ကတော့ ငါရဲ့ သနားစရာအသက်လေးကို ဆုံးရှံးရမှာ သေချာတယ် ”

မျက်တောင်တဖျပ်ဖျပ်ခတ်လျက် သူက နွံအိုင်တောင်ထိပ်မှသွေးသခင်ပြောခဲ့သည်ကို ပြန်စဥ်းစားမိလိုက်သည်။
( ဒီဆေးပေါင်းဖိုကြီးကလေ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မပေါက်ကွဲဘူး )
ထိုမှသာလျှင် သူ အတန်ငယ် စိတ်အေးသွားလေသည်။

“ပြဿနာမတက်လောက်ပါဘူးနော် ..ဟုတ်တယ်မလား ” သူသည် ဆေးပင်အများကြီးထည့်ခဲ့မိခြင်းကို နောင်တရစပြုလာ၏။ ထိန်းချုပ်မှုကင်းမဲ့ခြင်းသည် သူ၏မကောင်းသည့်အချက်ဖြစ်သည်။ သို့သော်လည်း ဆေးပေါင်းဖိုကြီးမှာ ယခုလတ်တလောတွင် ပေါက်ကွဲထွက်ပြီး အန္တရာယ်ရှိသည့်ပုံမပေါ်သေးချေ။

သူကနောက်လေးရက်ထပ်စောင့်လိုက်သည်။ ဆေးပေါင်းဖိုကြီးမှာ လှုပ်ခါနေဆဲဖြစ်ပြီး အက်ကွဲစပြုလာသည်မှာ သုံးမီတာကနေ သုံးဆယ်အထိတိုးလာလေသည်။ အပူရှိန်ပြင်းကြီးကြောင့် အနီးအနားရှိကျောက်နံရံအချို့မှာပင် တဖြည်းဖြည်း အရည်ပျော်ကျလာ၏။ အချိန်များကုန်ဆုံးလာသည်နှင့်အမျှ အပူချိန်မှာမြင့်မားလာလေသည်။ ပိုင်ရှောင်ချန်းမှာ ချွေးတို့ဖြင့်ရွှဲနစ်လာပြီး ထိတ်လန့်မှုကြောင့် မျက်လုံးပြူးလာလေသည်။

သူက ဆေးဖော်စပ်ခြင်းကို ရပ်တန့်ရန်စဥ်းစားလိုက်သော်လည်း ကြားဝင်ဖျက်ခြင်းငှာ မတတ်နိုင်ပေ။ ဆေးပေါင်းဖိုအတွင်းရှိ စိတ်စွမ်းအင်ဆေးက ပုံစံပေါ်လာနေပြီဖြစ်သည်။ဆေးသာတကယ်ဖြစ်ပေါ်လာပါက အပူချိန်မည်မျှမြင့်တက်လာမည်ကို တွေးကြည့်ရုံသာတတ်နိုင်လေသည်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာ သက်ပြင်းရှိုက်လိုက်သည်။ သူ့မှာ အချိန်မရွေးထပေါက်ကွဲနိုင်သည့် မီးတောင်ထိပ်တွင်ထိုင်နေရသကဲ့သို့ ခံစားနေရလေသည်။ သူ ကြောက်ဒူးတုန်တုန်ဖြင့် အင်မော်တယ်ဂူအပြင်ရောက်သည်အထိ နောက်ဆုတ်လိုက်သည်။ နောက်ဆုံးတွင် နားလည်ရန်ခက်သည့်ဟိတ်ဟန်အမူအရာဖမ်းလိုက်ကာ မန္တန်အစီအရင်၏အပြင်သို့ လမ်းလျှောက်ထွက်ပြီး နွံအိုင်တောင်ထိပ်မှထွက်ခွာရန်ပြင်လိုက်သည်။

ယခုအခါ သူ့အမြင်တွင် နွံအိုင်တောင်ထိပ်မှာ ဆက်နေရန်အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်နေသည်။

သူထွက်ခွာသွားသည့်လမ်းတွင် မဟာအကြီးအကဲက သူ့ကို သတိပြုမိသွားပြီး မထွက်ခွာရန်အလို့ငှာ ပျံလာပြီးတားလိုက်သည်။

“ဂိုဏ်းတူညီလေး ညမုဆိုး” သူက ယဥ်ကျေးစွာ ပြောသည်။
“အခုဘယ်ကိုများ သွားမလို့လဲ…ဆေးဖော်တာပြီးသွားပြီလား”

ပိုင်ရှောင်ချန်းမှာ ရင်တုန်ပန်းတုန်ဖြစ်သွားသော်လည်း သူ၏အပြင်ပန်းအမူအရာက ထိုသို့မဟုတ်ဘဲ လက်ကိုနောက်ပစ်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ဆေးဖော်တာက ပြီးပြီ။ ဒါပေမယ့်ဗျာ သွေးခန္ဓာဆေးလုံးတစ်ရာဖြစ်ထွန်းလာဖို့အချိန်လိုတယ်။ သုံးလအတွင်း ဆေးပေါင်းဖိုထဲက ဆေးလုံးတွေကို ကိုယ်တိုင်ထုတ်ပေးဖို့ ကျုပ်ပြန်လာပါ့မယ်”

“အဲဒီအတောအတွင်း.. ကျုပ်အမည်မဲ့တောင်ကိုသွားလိုက်ဦးမယ်။ သူတို့အတွက်လည်း ဆေးဖော်ပေးမယ်လို့ ကတိပေးခဲ့တာပဲလေ” ဆင်ခြေပေးရန် ဖိအားပေးခြင်းခံလိုက်ရသည့်တိုင် ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာက ပုံမှန်အတိုင်းဖြစ်နေသည်။ နွံအိုင်တောင်ထိပ်၏ မဟာအကြီးအကဲမှာ မသင်္ကာဖြစ်နေသေးသော်လည်း ပိုင်ရှောင်ချန်း၏ အကြောင်းပြချက်တွင် အပြစ်ရှာမရချေ။

“ကောင်းပါပြီ။..ဒီလိုဆိုလဲ ဂိုဏ်းတူညီလေးညမုဆိုးရေ” သူကပြော၏။ ” အမည်မဲ့တောင်ကို မင်း သွားတဲ့လမ်းတစ်လျှောက် ကျုပ်စောင့်ကြပ်ပေးပါ့မယ်”
သူသည် တစ်ခုခုထူးဆန်းနေသော်လည်း ပိုင်ရှောင်ချန်းကို သူ့နောက်မှလိုက်စေပြီး အမည်မဲ့တောင်ကို ခေါ်သွားလိုက်လေသည်။

ပိုင်ရှောင်ချန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် ခေါင်းညိတ်လက်ခံလိုက်ပြီး နောက်က လိုက်ပါသွားလေသည်။ မကြာမီ သူက အမည်မဲ့တောင်နယ်စပ်သို့ရောက်သွားသည်တွင် မဟာအကြီးအကဲလူပုလေးက လာကြိုလေသည်။ထိုအခါတွင်မှ ပိုင်ရှောင်ချန်းမှာ ရင်ထဲက အလုံးကြီးကျသွားသဖြင့် သက်ပြင်းချလိုက်လေသည်။ သူက အမည်မဲ့တောင်ကိုဆက်သွားသည်နှင့် နွံအိုင်တောင်ထိပ်မှ မဟာအကြီးအကဲကို ပြန်ကြည့်လိုက်၏။

“ဒါနဲ့…” သူကပြောသည်။ “နောက်သုံးလအတွင်း အဲဒီအင်မော်တယ်ဂူထဲကို ဘယ်သူမှ ဝင်ခွင့်မပြုနိူင်ဘူး။ ပြီးတော့ ဆေးပေါင်းဖိုကြီးကိုလဲ ဘယ်သူမှ လုံးဝမထိစေနဲ့နော်။ ဆေးပေါင်းဖိုကြီးပေါက်ကွဲသွားရင်တော့… ခင်ဗျားတို့မှာ တာဝန်ရှိတယ်” ထိုသို့ပြောပြီး သူက အကြည့်လွှဲလိုက်ကာ လူပုလေးနောက်မှနေ၍ အမည်မဲ့တောင်ကို လိုက်သွားလေသည်။ သူက နွံအိုင်တောင်ထိပ်ကို နောက်ထပ် ဘယ်တော့မှ ပြန်မသွားတော့ကြောင်း ဆုံးဖြတ်ချက်ချလိုက်၏။

” နွံအိုင်တောင်ထိပ်ရဲ့သွေးသခင်ပြောတာသာ မှန်ရင် ဆေးပေါင်းဖိုကြီးပေါက်ကွဲမှာမဟုတ်ပါဘူး။ ဆေးလုံးတွေလဲ ဖော်ပြီးသွားလိမ့်မယ်. ။ တကယ်လို့ ဆေးပေါင်းဖိုကြီးသာ ပေါက်ကွဲသွားလို့ကတော့.. ငါ့အမှားမဟုတ်ဘူး ” ထိုအကြောင်းတွေးလေလေ သူမှန်သည်ဟု ခံစားလာရလေ ဖြစ်သည်။ စိတ်သက်သာရာရသွားပြီးနောက် သူက သွေးသခင်နှင့်တွေ့ရန် အမည်မဲ့တောင်မဟာအကြီးအကဲနောက် လိုက်သွားလေသည်။ ယခင်သဘောတူညီချက်အတိုင်း သွေးသခင်က ပိုင်ရှောင်ချန်းကို ဂါဂိုလီသွေးအေးမွန်းစတားတစ်ကောင်ပေးအပ်သည်။ ထိုမျှသာမက သူတို့က သူဆေးဖော်နိုင်သည့် အင်မော်တယ်ဂူတစ်လုံးအား လက်ချောင်းအောက်ပိုင်းတွင် စီစဥ်ပေးထား၏။

သူ အလုပ်စလုပ်သည့်အချိန်တွင် သူရောက်နေပြီဖြစ်ကြောင်း အမည်မဲ့တောင်တစ်လျှောက်တွင် သတင်းတို့ပြန့်နေပြီဖြစ်ပြီး ထိုနေရာရှိ ကျင့်ကြံသူအပေါင်းမှာ အံ့သြတုန်လှုပ်သွားကြလေသည်။ နောက်ရက်များမှာ ကံဆိုးမိုးမှောင်ကျတော့မည်ဟု သူတို့ ခံစားလိုက်ရသည်။

သူတို့က ပိုင်ရှောင်ချန်း၏ နာမည်ပြောင်မှာ ဝမ်းေလျှာမိစ္ဆာဖြစ်ကြောင်း သိထားပြီး သူ၏ဆေးဖော်စပ်မှုက ခေါင်းဆောင်ကြီးများကိုပင် ဒုက္ခရောက်စေပြီး ကြောက်လန့်စေကြောင်း ကြားထားကြလေသည်။ သူတို့အကုန်လုံးမှာ သေဘေးကပ်ဆိုက်တော့မည်ဟု ခံစားမိကြလေသည်။

အမည်မဲ့တောင် ကျင့်ကြံသူအပေါင်းမှာ အလယ်တောင်ထိပ်နှင့် ရုပ်အလောင်းတောင်တွင်ဖြစ်ပျက်သည့်အရာအားလုံးအကြောင်းကို တွေးလာကြသည်။ သူတို့မှာ နွံအိုင်တောင်ထိပ်မှ ကျင့်ကြံသူများကဲ့သို့ ယုံကြည်ချက်မရှိသဖြင့် အကြောက်အကန်တုန်လှုပ်နေကြလေသည်။

” ဝမ်းလျှောမိစ္ဆာက ဒီမှာတဲ့​ေဟ့။ သူဆေးဖော်လိုက်ရင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ စိတ်ကူးနဲ့တောင် မှန်းဆမရဘူးဗျ။ ရုပ်အလောင်းတောင်က ကျောက်ရွှီမူကို မှတ်မိလား။ သူကိုယ့်သူ စိတ်စွမ်းအင်မြက်ဖုတ်ကောင်ဆိုပြီး သွေးလေချောက်ချားသွားတာလေ။ အဲ့နေ့ကစပြီး သူ့မှာ စိတ်စွမ်းအင်မြက်တွေကို မြင်တိုင်း ကြက်သေသေနေတော့တာပဲ ”

“တကယ်တော့ အလယ်တောင်ထိပ်က သက်သာသွားတဲ့ ကျင့်ကြံသူအနည်းငယ်တော့ရှိတယ်။ ဒါပေမယ့် ဆံပင်နက်တွေပြန်ပေါက်မလာသေးဘူး။ ပြီးတော့ တစ်ခါတလေ ပြင်းပြင်းထန်ထန် ဝမ်းလျှောတုန်းပဲ။ တကယ်တော့.. အလယ်တောင်ထိပ်က လူတစ်ယောက် လက်ချောင်းအထက်ပိုင်းက တိုက်ပွဲထဲမှာ တိုက်ခိုက်နေရင်း ရုတ်တရက်ကြီး ထပြီး မအီမသာဖြစ်လာတာကို တွေ့လိုက်ရတယ်ဗျ။ ကျုပ်ဆိုလိုချင်တာ သိတယ်မလား.. ”

ထိုကဲ့သို ဆွေးနွေးငြင်းခုံမှုများမှာ တောမီးသဖွယ်ပြန့်နေလေသည်။ ပိုင်ရှောင်ချန်းဆေးဖော်သည့်နေရာအနီးတွင် နေထိုင်နေသည့် ကျင့်ကြံသူများမှာ ခေါင်းများကြိမ်းစပ်လာပြီး အများစုမှာ ခပ်အေးအေးပင် ထွက်ခွာသွားကြသည်။ သိပ်မကြာမီ အမည်မဲ့တောင်တွင်အခြေချသည့် ကျင့်ကြံသူထက်ဝက်ကျော်မှာ သူတို့၏ အင်မော်တယ်ဂူကို စွန့်ခွာသွားပြီး အတွင်းစည်းဂိုဏ်းထဲမှ ရင်းနှီးသည့်သူများနှင့် သွားနေကြလေသည်။

ပိုင်ရှောင်ချန်းက အမည်မဲ့တောင်တိတ်ဆိတ်နေသည်ကို အတော်လေးအံ့သြသွား၏။ သူ၏ အင်မော်တယ်ဂူအနီးအနား၌ သက်ရှိလူသားတစ်ယောက်၏ ခြေရာတစ်ခုမှကို မတွေ့ရချေ။ သူက လည်ချောင်းရှင်းပြီး တွေးလိုက်သည်။
” ငါဘာမှတောင်မလုပ်ရသေးဘူလေဟာ။ ဘာလို့ ဒီလောက်လန့်ဖျန့်နေကြတာတုံး”

“ငါ နွံအိုင်တောင်ထိပ်မှာ ဆေးဖော်ခဲ့တာပဲ..ဘာမှမဖြစ်ခဲ့ပါဘူးဟ” သူကစိတ်တိုလျက် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး တခဏမျှ အင်မော်တယ်ဂူပတ်လည်ကို ကြည့်လိုက်သည်တွင် ခပ်ဝေးဝေးထောင့်၌ အရာတစ်ခုကို သူမျက်စိကျသွား၏။

အရိပ်မည်းတစ်ခုက သွေးအေးရက်စက်သည့်အငွေ့အသက်များထုတ်လွှတ်နေကာ လွင့်မျောနေသည်။

၄င်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ဝိညာဥ်စွယ်တောင်တွင် တွေ့နိုင်သော မိစ္ဆာဝိညာဥ်များနှင့် အတော်လေး ဆင်ကာ အမည်မဲ့တောင်ဂါဂိုလီသွေးအေးမွန်းစတားများအနက်မှ တစ်ကောင်ဖြစ်လေသည်။ အဓိက မတူသည်မှာ မိစ္ဆာဝိညာဥ်များမှာ အသိဉာဏ်မရှိသည့်အပြင် အလွန်အမင်း ကြီးထွားလာခြင်းလည်း မရှိပေ။

နှိုင်းယှဥ်ကြည့်ပါက ဂါဂိုလီတို့က ကြီးထွားလာသည်နှင့်အမျှ အသိဉာဏ်ကြွယ်ဝလာကာ သူတို့၏ကိုယ်ပိုင်ပုံစံကျင့်ကြံခြင်းကို လေကျင့်နိုင်ကြလေသည်။ စွမ်းအားနှင့်သန်မာမှုတွင်မူ သူတို့က မိစ္ဆာဝိညာဥ်များထက် အားမနည်းပေ။ သို့သော် လွန်စွာကောက်ကျစ်ပြီး လှည့်စားတတ်လေသည်။

အဆင့်တစ်ခုထိ ရောက်ရှိသွားပြီးနောက် သူတို့က လူသားများကို ထိန်းချုပ်ကာ ပိုင်ဆိုင်လာနိုင်သည်အထိ နတ်ဘုရားစွမ်းရည်များ တိုးတက်လာလေသည်။ ထိုသို့ အတွင်းပိုင်းမိစ္ဆာသဖွယ် ဖြစ်လာပြီးနောက် လူသားများ၏သွေးများကိုစုတ်ယူကာ အစအနရှာမရအောင် သတ်ဖြတ်နိုင်သည်။

ဂါဂိုလီအမျိုးအစားအမျိုးအမျိုးကို ပျိုးထောင်ရန်အတွက် နည်းမျိုးစုံရှိလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက မိစ္ဆာဂိုဏ်းဟု လူသိများသည့် အကြောင်းပြချက်များထဲမှ တစ်ခုက သူတို့မွေးထားသည့် မိစ္ဆာဂါဂိုလီတို့ကြောင့်ဖြစ်သည်။

ပိုင်ရှောင်ချန်းက ဂါဂိုလီတို့၏ မူလရင်းမြစ်အကြောင်း အသေအချာမသိပေ။ ၄င်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လျှို့ဝှက်ချက်ကြီးများအနက်မှ တစ်ခုဖြစ်သည်။ သူနှင့်အတူ အင်မော်တယ်ဂူထဲတွင် ရှိနေသည့် ဂါဂိုလီမှာမူ လုံးဝသာမန်ပဲဖြစ်ကာ အသိဉာဏ်လဲ အတော်နိမ့်ကျလေသည်။ ၄င်းက ပိုင်ရှောင်ချန်း၏ အသတ်ဖြတ်အငွေ့အသက်တို့ကိုပင် ကြောက်လန့်နေပြီး သူ့နားပင် မကပ်ဝံ့ပေ။ ထိုအစား ၄င်းက တဆတ်ဆတ်တုန်လျက် ထောင့်တွင် ကိုယ်ကိုကျုံ့ကာကပ်နေလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset