ဝမ်ပေါင်လဲ့မှာ ထိုနေရာနှင့် အဝေးကြီးတွင် ရှိနေခဲ့ပြီး မန္တန်အစီအရင်ကြီးအား ပြန်ပိတ်နေရသောကြောင့် နောက်ကျနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် အလွန်အင်မတန်မှ စိုးရိမ်နေခဲ့ရသောကြောင့် သူ၏ သင်္ဘောပျံကြီးအား အမြန်ဆုံး မောင်းနှင်လာခဲ့၏။ ထို့အပြင် သူသည် ထိုနေရာ၏အနီးသို့ ရောက်လာသည်နှင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအား အကုန်လုံးကိုလည်း ထုတ်သုံးလိုက်သေးသည်။
သူ၏ သင်္ဘောပျံကြီး၏ အမြန်နှုန်းအပြင် သူ၏ အပြင် ခန္ဓာကိုယ်၏ အမြန်နှုန်းပါ ပေါင်းစပ်ပါဝင်နေသောကြောင့် သူသည် အလွန်အင်မတန်မှ မြန်ဆန်နေ၏။ ထို့ကြောင့် သူ၏ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာရပြီး မြေပြင်ကြီးကိုပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာရခြင်း ဖြစ်သည်။ သူ၏ စွမ်းအင်များမှာ သူ၏ဓားရှည်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့သောကြောင့် လေမုန်တိုင်းထဲရှိ အနက်ရောင်မိကျောင်းကြီးကို ပို၍ပင် သိသာထင်ရှားစွာ မြင်နေရတော့သည်။ ယခုတွင် သူသည် နောက်သို့ဆုတ်ခွာလာရသော လူအုပ်ကြီးအား ကျော်ဖြတ်ကာ စပါးအုံးမြွေကြီး၏ အနီးသို့ ချက်ချင်းပင်ရောက်ရှိသွားတော့သည်။
ထိုစပါးအုံးမြွေကြီး၏ အော်ဟစ်သံမှာ အခြားသူများအပေါ် အကျိုးသက်ရောက်မှုရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ အမှောင်မီးတောက်ကို ပိုင်ဆိုင်ထားသောကြောင့် ထိုအော်ဟစ်သံထဲရှိ အမှောင်ပညာရပ်အား ခုခံနိုင်စွမ်းရှိနေ၏။ သို့သော်် ထို အော်ဟစ်သံကြီးထဲတွင် အမှောင်ပညာရပ်အပြင် စပါးအုံးမြွေကြီး၏ ကျင့်ကြံခြင်းစွမ်းအားများလည်း ကိန်းအောင်းနေသေးသည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် စပါးအုံးမြွေကြီး၏ အနီးသို့ ရောက်သွားသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရတော့မည့်အလား ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးမှာ ၎င်း၏အစွမ်းကို ထုတ်ပြလိုက်တော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ပျောက်ကင်းသွား၏။ သူရလိုက်သည့် ဒဏ်ရာများမှာ ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ပေါ်ပေါက်လာသည်ကိုပင် မမြင်နိုင်ဘဲ ဖြစ်နေရ၏။ သို့သော်လည်း လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ကိစ္စများအပေါ် အာရုံစိုက်နေရန် အချိန်မရှိပေ။ သူသည် အသံအကျယ်ကြီး အော်ဟစ်လိုက်ပြီး အခြားသူများ အံ့အားသင့်နေစဉ်မှာပင် စပါးအုံးမြွေကြီး၏ ဒဏ်ရာရထားပြီးသားဖြစ်သော ဦးခေါင်းခွံကြီးအား သူ၏ဓားရှည်ကြီးဖြင့် လှမ်းခုတ်လိုက်တော့သည်။
ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ မှောင်မိုက်သွားပြီး လေပြင်းများ တိုက်ခတ်လာတော့သည်။ ဝမ်ပေါင်လဲ့ အစွမ်းကုန်ထုတ်၍ လှမ်းခုတ်လိုက်သည့် ဓားချက်ကြီးမှာ စပါးအုံးမြွေကြီး၏ ဒဏ်ရာရထားပြီးသားဖြစ်သော ဦးခေါင်းခွံပေါ်သို့ ကျရောက်သွား၏။ အဝေးမှကြည့်လိုက်မည်ဆိုပါက အနက်ရောင်မိကျောင်းကြီးတစ်ကောင်မှာ ထိုစပါးအုံးမြွေကြီး၏ ခေါင်းပေါ်ရှိ ဒဏ်ရာကြီးအား ကိုက်ကာ တစ်စစီ ဆုတ်ဖြဲပစ်တော့မည့်အလား ခဲထားသည်ကို မြင်နိုင်ပေသည်။
အကယ်၍ ထိုစပါးအုံးမြွေကြီးသာ အသွေးအသားများဖြင့် တည်ဆောက်ထားသည်ဆိုပါက နာကျည်းစွာ အော်ဟစ်မြည်တမ်းနေရလောက်ပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ နာကျင်မှုကို မခံစားနိုင်သည့် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေသည်မဟုတ်ပါလော။ ယခုတွင် ၎င်းမှာ သူ၏ ဦးခေါင်းအား နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်ခံလိုက်ရသဖြင့် အန္တရာယ်နှင့် ကြုံနေရသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် ၎င်း၏ မျက်ဝန်းများထဲ၌ ချန်းမု၏ ရူးသွပ်နေသော အကြည့်တစ်ခု ပေါ်ပေါက်လာတော့သည်။
” ဝမ်ပေါင်လဲ့။ သေပေတော့ ” ချန်းမုမှာ သူ၏ လျှို့ဝှက်အခန်းထဲ၌ အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ သူထိန်းချုပ်နေသည့် စပါးအုံးမြွေကြီးမှာလည်း ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်သည့် ပုံစံဖြင့် ၎င်း၏ ဒဏ်ရာရထားသော အမြီးအား အားပါပါနှင့် ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့မှာမူ စပါးအုံးမြွေကြီး၏ အမြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို မြင်လိုက်ရသောအခါ မျက်ဝန်းများ တောက်ပအေးစက်သွားပြီး နှုတ်မှ ရေရွတ်လိုက်၏။
” ချုပ်တည်းစေ ”
သူ ထိုသို့ဆိုလိုက်သည်နှင့် မြို့တော်အသစ်၏ မန္တန်အစီအရင်ကြီးမှာ ထိခိုက်ပျက်စီးနေသည့် တိုင်အောင် နိုးထလာ၏။ ထို့နောက် ၎င်းမှာ စပါးအုံးမြွေကြီးအား ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိသည့် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ပေးလိုက်သဖြင့် ၎င်းမှာ စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။
အမှန်တွင် မြို့တော်အသစ်၏ မန္တန်အစီအရင်မှာ ထိခိုက်ပျက်စီးနေခြင်း မရှိသလို သွေးရောင်မြူခိုးများနှင့် စပါးအုံးမြွေကြီး၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ခဲ့ရခြင်း မရှိပါက ၎င်းမှာ မြို့တော်အသစ်ကြီး လက်ရှိရင်ဆိုင်နေရသည့် အန္တရာယ်များကို ဖြေရှင်းပေးနိုင်စွမ်းရှိမည်မဟုတ်ပေ။
သို့သော် ယခုတွင်မူ ထိုမန္တန်အစီအရင်ကြီး၏ အစိတ်အပိုင်းသုံးခုထဲ၌ ပြဿနာများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့သောကြောင့်သာ ၎င်းမှာ စတင် အလုပ်လုပ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ၎င်းအား အလွန်အကျွံ အသုံးပြုနိုင်စွမ်းမရှိပေ။ ထို မန္တန်အစီအရင်ကြီး ပျက်စီးသွားပြီး သွေးရောင်မြူခိုးများ အထဲသို့ဝင်ရောက်လာပါက ပေါ်ထွက်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား အနည်းငယ်ခန့်သာ အသုံးပြု၍ ဖိနှိပ်အားတစ်ခုကို ဖန်တီးလိုက်ရ၏။ ထိုအခါ အမြီးဖြင့် လှမ်းရိုက်လိုက်သည့် စပါးအုံးမြွေကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထိုသို့ တစ်ခဏမျှ ရပ်တန့်သွားသောအခါ ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် သူ၏ နှလုံးသားထဲ၌ ခံစားနေရသော နာကျင်မှုအား ကြိတ်မှိတ်သည်းခံလိုက်ပြီး သူ၏မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဓမ္မလက်နက်ကြီးအား လက်ထဲမှ လွှတ်လိုက်ပြီး နောက်သို့ဆုပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
” ပေါက်ကွဲစေ ”
ဝမ်ပေါင်လဲ့ ထိုသို့အော်ဟစ်လိုက်သည်နှင့် စပါးအုံးမြွေကြီး၏ ခေါင်းထဲ၌ စိုက်နေသော ဓမ္မလက်နက်ဓားရှည်ကြီးဆီမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင် ပမာဏကြီးမားသည့် အပူဓာတ်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် ၎င်းပေါ်ရှိ ကမ္ဗည်းစာလုံးများမှာ ချက်ချင်းဆိုသလိုပင် ပုံပျက်သွားကြပြီး ၎င်း၏ အတွင်းပိုင်းထဲမှနေ၍ ပျက်စီးတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုဓမ္မလက်နက်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲပျက်စီးသွားတော့သည်။
၎င်းဆီမှ ထွက်ပေါ်လာသည့် ဖျက်ဆီးအားမှာ သွေးမုန်တိုင်းတစ်ခုကဲ့သို့ စပါးအုံးမြွေကြီးဆီသို့ တိုက်ခတ်သွား၏။ ဓမ္မလက်နက်ကြီး၏ အပိုင်းအစများမှာလည်း အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကြ၏။ ၎င်းတို့ အများစုမှာ စပါးအုံးမြွေကြီး၏ ဦးခေါင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပိုင်းပိုင်း ပြတ်သွားတော့မည့်အလား ဖြစ်နေရတော့သည်။ တစ်ချိန်ထဲမှာပင် ၎င်း၏ ခန္ဓာကိုယ်ထဲမှ သွေးချီမြောက်မြားစွာမှာလည်း သွေးစိမ်းများကဲ့သို့ ပန်းထွက်လာကြ၏။
အဝေးမှကြည့်လိုက်ပါက အနက်ရောင်မိကျောင်းကြီးမှာ ၎င်း၏ ဘဝနေဝင်ချိန်၌ အစွမ်းကုန်တောက်ပနေသကဲ့သို့ ဖြစ်နေသည်ကို မြင်ရပေမည်။ ထို ဓမ္မလက်နက်ကြီး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ထိုမိကျောင်းကြီးအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ၎င်းမှာ တစ်ဖန်ပြန်လည် အသက်ဝင်စားကာ အဆုံးအစမရှိလောက်အောင် ကြီးထွားလာပြီး စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို မျိုချပစ်လိုက်သည့် အလားပင်။ ထိုအချိန်တွင် အပြင်ဘက်၌ မြူခိုးများ ရစ်ပတ်နေကြသောကြောင့် အပြင်ဘက်မှ လူများမှာ အတွင်းထဲရှိ အရာများအ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သူတို့မှာ စပါးအုံးမြွေကြီးနှင့် မိကျောင်းကြီး အပြန်အလှန် ကိုက်နေကြသည့် မြင်ကွင်းကိုသာ ခပ်ရေးရေးခန့် မြင်နေရ၏။
မိကျောင်းကြီးမှာ ထိုကဲ့သို့ ဝါးမျိုနေစဉ် ယခင်အကြိမ်တုန်းကထက် ပို၍ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။ ကောင်းကင်ကြီးမှာလည်း မဲမှောင်သွားပြီး လေပြင်းများလည်း တိုက်ခတ်လာတော့သည်။ ထို့နောက် အလွန်အင်မတန်မှ အားပြင်းသော ရိုက်ခတ်အားကြီးတစ်ခုမှ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ကံကောင်းသည်မှာ ထိုဓမ္မလက်နက်ကြီးအား ဖောက်ခွဲခဲ့သူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေခြင်းပင်။ ထို့အပြင် သူသည် တောင့်တင်းခိုင်မာသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး မန္တန်အစီအရင်ကြီး၏ စွမ်းအားကို အသုံးပြုကာ ထိုရိုက်ခတ်အားကြီးကို ရှောင်တိမ်းနိုင်လိုက်သောကြောင့် ထို ရိုက်ခတ်မှုဒဏ်မှ လွတ်မြောက်လာခဲ့၏။ သို့သော် သူသည် အနည်းငယ်ခန့် ဒဏ်ရာရရှိသွားခဲ့ရသဖြင့် နောက်သို့ ဆုတ်ခွာလာစဉ် သူ၏ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာရတော့သည်။
သူ နောက်သို့ဆုတ်ခွာလာပြီး ဓမ္မလက်နက်ကြီး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် အလွန်အင်မတန်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးများမှာ အဆုံးမရှိလောက်အောင် ပဲ့တင်ထပ်နေကြတော့သည်။ နောက်ဆုံးတွင် စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ သို့သော် မည်သူမှ သက်ပြင်းမချနိုင်ခင်မှာပင် ဓမ္မလက်နက်ကြီး ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် မြူခိုးများထဲ၌ ရှိနေသော စပါးအုံးမြွေကြီးမှာ အသံကုန် အော်ဟစ်လိုက်တော့သည်။
ထိုအော်ဟစ်သံကြီးမှာ အရက်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် မတူဘဲ အရူးတစ်ယောက်၏ စူးရှကျယ်လောင်သော အော်ဟစ်သံကြီးနှင့် ပို၍တူနေ၏။ ထိုအသံကြီး ပဲ့တင်ထက်သွားသောအခါ အပြင်းအထန်ဒဏ်ရာရထားသော စပါးအုံးမြွေကြီးမှာ သွေးရောင်မြူခိုးများမှာ ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ သို့သော် ထိုမြူခိုးများမှာ ပျံ့နှံ့သွားခြင်းမရှိဘဲ ဧရာမ စပါးအုံးမြွေခေါင်းကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး အနက်ရောင်မိကျောင်းကြီး၏ ခန္ဓာကိုယ်အား ဝါးမျိုလိုက်တော့သည်။
ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် လူတိုင်းမှာ အံ့အားသင့်နေရတော့သည်။ စောစောတုန်းက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည့် တိုက်ကွက်များမှာ ဝှက်ဖဲတစ်ချပ်ပြီးတစ်ချပ် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်နေသောကြောင့် သူတို့အားလုံးမှာ မှင်တက်နေခဲ့ကြရပြီ ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မလက်နက်ကြီးအား အဆုံးရှုံးကာ ဖောက်ခွဲပစ်ခဲ့သည် မဟုတ်ပါလော။ သို့သော်ငြားလည်း စပါးအုံးမြွေကြီးမှာ အခြေအနေကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေဆဲပင်။
မြွေကြီးနှင့် သူတို့၏ကြားရှိ ကျင့်ကြံခြင်းအဆင့်မှာ ကွာခြားလွန်းနေသောကြောင့် လူအင်အား အမြောက်အမြား ပိုင်ဆိုင်ထားသည့်တိုင်အောင် မယှဉ်နိုင်ဘဲ ဖြစ်နေရ၏။ သူတို့အားလုံးမှာ တုန်လှုပ်ချောက်ချားနေကြစဉ် စပါးအုံးမြွေကြီးမှာ မိကျောင်းကြီးအား ဝါးမျိုပြီးသွားသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီအမြောက်အမြား ပျံ့နှံ့ထွက်ပေါ်လာ၏။ ထိုသွေးချီများ၏ အငွေ့အသက်များမှာ အားကောင်းလွန်းနေပြီး စပါးအုံးမြွေကြီး၏ မျက်လုံးများမှာလည်း ဒေါသစိတ်များကြောင့် ရဲရဲနီနေပြီ ဖြစ်သည်။ ထို့နောက် ၎င်းမှာ မြူခိုးများထဲမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာ၏။ ၎င်း၏ ပစ်မှတ်မှာ… ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။
ထိုစပါးအုံးမြွေကြီးမှာ အသံတစ်သံမှ မထွက်ပါသော်လည်း ၎င်းအား မြင်လိုက်ရသူတိုင်းမှာ ၎င်း၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်မှ အားကောင်းသည့် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်ကို အာရုံခံမိလိုက်ကြ၏။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် ၎င်းမှာ အတော်အသင့် လျင်မြန်မှုရှိပြီး စပါးအုံးမြွေကြီးထက်အရင် နောက်သို့ဆုတ်ခွာသွားခဲ့သည့် ဝမ်ပေါင်လဲ့ကိုပင် လိုက်မီသွားတော့သည်။ တစ်ချိန်ထဲမှာပင် ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း အရှိန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာနေပြီဖြစ်သည်။ ခပ်လှမ်းလှမ်း ကြည့်လိုက်မယ်ဆိုပါက ၎င်းမှာ သွေးရောင် နေမင်းကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို မီးလောင်တိုက်သွင်းနေသည့်ပုံ ပေါက်နေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကယောင်ချောက်ချားဖြစ်သွားရပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သို့သော် သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိဘဲ သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသောကြောင့် သူ၏မျက်လုံးထဲ၌ စက္ကန့်နှင့်အမျှ အရွယ်အစား ကြီးမားလာနေသည့် စပါးအုံးမြွေကြီးအား အာရုံစိုက်ထားရ၏။
သူသည် သေရေးရှင်ရေး အခြေအနေတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသောကြောင့် မန္တန်အစီအရင်ကြီးအား ထိန်းချုပ်ကာ ၎င်းအား တားဆီးရန် ပြင်လိုက်၏။ ထို့အပြင် မြို့တော်အသစ်ကြီးတစ်ခုလုံးကို အပြီးအထိ မပြောင်းလဲရသေးသည့်တိုင်အောင် သူသည် စိတ်ထဲမှနေ၍ ထာဝရခံတပ်ကြီးအား ဆင့်ခေါ်ရန် အမိန့်ပေးလိုက်တော့သည်။
အပြင်ဘက်မှ လူများမှာ သူ၏ ခုခံတွန်းလှန်လိုစိတ်များကို မြင်နိုင်မည် မဟုတ်ပေ။ စပါးအုံးမြွေကြီး၏ ပစ်မှတ်ထားခြင်းကို ခံနေရသည့် ဝမ်ပေါင်လဲ့မှာ အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း သူတို့က မှတ်ယူထားကြသည်။ ကျင့်သိုမင်ဖြစ်စေ၊ ခုန်းတောက်ဖြစ်စေ၊ လင်းတျန်ဟောက်ဖြစ်စေ သို့မဟုတ် ဘေးပတ်ပတ်လည်ရှိ အမြုတေအဆင့် ကျန်သူများဖြစ်စေ၊ မည်သူကမှ သူ့အား ကယ်တင်ပေးနိုင်စွမ်း မရှိကြပေ။
ယခုအကြိမ်တွင် ဝမ်ပေါင်လဲ့မှာ ဧကန်မုချ သေဆုံးသွားရတော့မည်သာ ဖြစ်သည်…
ထို့ကြောင့် အစပိုင်းတွင် အဝေးတစ်နေရာမှနေ၍ ထိုအဖြစ်အပျက်များအားလုံးကို ကြည့်ရှုနေခဲ့သော အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ အနားသို့ သွားရန် ဆုံးဖြတ်လိုက်၏။ သူသည် အနီးအနားရှိ အဆောက်အဦတစ်ခု၏ အပေါ်ဆုံးအထပ်၌ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ သေဆုံးသွားရတော့မည့် မြင်ကွင်းအား စောင့်ကြည့်နေလိုက်တော့သည်။ ဝတ်ရုံကြီးဖြင့် ကွယ်နေသော သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။
တစ်ချိန်ထဲမှာပင် သူ၏မျက်ဝန်းများထဲ၌ တမူထူးဆန်းပြီး လောဘတက်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့ သေဆုံးခါနီး အခိုက်အတန့်တွင် သူ အနားသို့ ရောက်လာရသည့် အကြောင်းအရင်းမှာ သူသည် ဝမ်ပေါင်လဲ့ မသေခင် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောက်မီးတောက်အား စုပ်ယူနိုင်ခွင့် ရှိမရှိ သိချင်သောကြောင့် ဖြစ်သည်။
အမှောင်မီးတောက်မှာ အမှောင်ကလေးငယ်၏ အမှတ်သင်္ကေတဖြစ်သလို သူတို့၏ တရားဝင်မှုကို ကိုယ်စားပြုနေသည့် အမှတ်အသားတစ်ခု ဖြစ်ကြောင်းကိုလည်း အနက်ရောင်ဝတ်ရုံနှင့် လူကြီးက သိရှိထား၏။ ထို တရားဝင်မှုကို လွှဲပြောင်းပေး၍မရပါသော်လည်း အမှောင်ကလေးငယ်တစ်ယောက် သေဆုံးသွားချိန်တွင် ထိုအမှောင်မီးတောက်အား စုပ်ယူနိုင်မည့် အခွင့်အရေးတစ်ခု ရှိနေသေးသည်။
” ငါ အောင်မြင်သွားလို့ကတော့ကွာ…. ” အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ မျက်ဝန်းများထဲတွင် ပြင်းပြသော ဆန္ဒတစ်ခု ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူပင် သတိမထားမိလိုက်ဘဲ အနားသို့ ကပ်သွားမိလိုက်၏။ သို့သော် သူ စစ်မြေပြင်ကြီးအား ကြည့်ရှုနေရင်း အနားသို့ ချဉ်းကပ်သွားနေစဉ်တွင် သူ လုံးဝမျှော်လင့်မထားခဲ့သည့် အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
၎င်းမှာ မန္တန်အစီအရင်ကြီး၏ ခုခံမှုစွမ်းအား ထွက်ပေါ်လာခြင်း မဟုတ်သလို ထာဝရခံတပ်ကြီး နိုးထလာခြင်းလည်း မဟုတ်ပေ။ ထို ဖြစ်ရပ်နှစ်ခု ဖြစ်လာခါနီးတွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာနေသည့် စပါးအုံးမြွေကြီးမှာ သူနှင့် ပေတစ်ရာကျော်အကွာတွင် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် ၎င်း၏ ဧရာမ ဦးခေါင်းကြီးမှာ မည်သူမှ မမြင်ရသော အနက်ရောင်ဝတ်ရုံနှင့် လူကြီး ရှိရာဘက်သို့ ရုတ်တရက်ဆိုသလို လှည့်လာတော့သည်။
စပါးအုံးမြွေကြီးမှာ ထိုသို့ လှည့်ကြည့်လိုက်ပြီးနောက် လျှာထုတ်ကာ နှုတ်ခမ်းအား လျှက်လိုက်၏။ ထို့နောက် ၎င်းမှာ အသိစိတ်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး ၎င်း၏ အသက်မဲ့နေသော မျက်ဝန်းများထဲ၌ ရုန်းကန်လှုပ်ရှားနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
👋👋👋👋