ပိုင်ရှောင်ချန်းက စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် အချိန်ဆွဲမနေတော့ချေ။ နောက်တစ်နေ့မနက် မိုးသောက်ချိန်တွင် သူက အလယ်တောင်ထိပ်မှ နွံအိုင်တောင်သို့ ထွက်ခွာသွားလေသည်။
နွံအိုင် တောင်က သွေးနတ်စင်ဂိုဏ်းဖွဲ့စည်းထားရာ ဧရာမလက်ကြီး၏ လက်သန်းတွင် တည်ရှိသည်။ တခြားလက်ချောင်းများနှင့် နှိုင်းယှဥ်ပါက အရွယ်အစားအားဖြင့် သေးသော်လည်း ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ အပြင်အားပညာရပ်ကို လေ့ကျင့်ထားကြ၍ ဂိုဏ်းရှိ သူတို့၏ ပြိုင်ဘက်များထက် မယှဥ်နိုင်လောက်အောင် စွမ်းအားပိုကြီးသည့်အပြင် ပို၍ ရက်စက်ကြမ်းကြုတ်ကြလေသည်။
ပိုင်ရှောင်ချန်းက တောင်ပေါ်သို့ ရောက်လုနီးနီးတွင် ထိုနေရာရှိ အရပ်မြင့်၍ တုတ်ခိုင်သန်မာသော ကျင့်ကြံသူများကို လှမ်းမြင်ရလေသည်။ သူတို့ထံမှ ချီစွမ်းအင်နှင့် သွေးအခိုးအငွေ့များ ထွက်ပေါ်နေပြီး နွံအိုင်တောင်တစ်ခုလုံး ဖုံးလွှမ်းနေသည်။
ပိုင်ရှောင်ချန်းမှာ ကျင့်ကြံသူဗလကြီးများ ဝန်းရံနေသဖြင့် အနည်းငယ် အံ့သြသွားသည်။ ကျင့်ကြံသူများမှာ ယောကျ်ားမိန်းမ မဆို ထိုနည်းတူပင်။ သူက စိတ်လှုပ်ရှားနေပါသော်လည်း ကြောက်စိတ်ကို ထိန်းချုပ်ထားရ၏။
“မင်းတို့လူတွေ ငါလောက် သန်မာတယ်များထင်နေလား။ ဟမ့်.. တုတ်ခိုင်ထွားကြိုင်းနေတာ ဘာများကောင်းလို့လဲ.. ။ ငါ့မှာ ဝိညာဥ်ရိုင်းလေးကောင်စွမ်းအား ရှိတာပဲ”
သူက မျက်တောင်တဖျတ်ဖျတ်ခတ်လျက် တောင်လမ်းတစ်ခုသို့ မြန်မြန် ပြေးတက်သွားလေသည်။ သူကျော်လာခဲ့သည့် ကျင့်ကြံသူများ၌ သတိထားနေသည့် အမူအရာများရှိသည့်အပြင် သူတို့မျက်လုံးထဲတွင် အေးစက်မှုတို့က တောက်ပနေသည်။
ဝမ်းလျှောမိစ္ဆာ၏ ဂုဏ်သတင်းက နွံအိုင် တောင်မှ လူများနားထဲ သိသိသာသာပင် ရောက်ပြီးနေသဖြင့် ထိုတောင်ရှိလူများက သူ့ကို ချက်ချင်းပင် မှတ်မိလေသည်။
သိပ်မကြာမီပင် ပိုင်ရှောင်ချန်းက မဟာအကြီးအကဲ ဟန်ချွမ်းသုန် စောင့်နေသည့် နွံအိုင်တောင်ထိပ်၏ လက်ချောင်းအပေါ်ဘက်သို့ ရောက်သွားလေသည်။ စကားစမြည်ပြောပြီးနောက် ဟန်ချွမ်းသုန်က သူ့ကို နွံအိုင် တောင်၏ သွေးသခင်ဂူသို့ ဦးဆောင်ခေါ်သွားသည်။
ဂူထဲတွင် နွံအိုင်တောင် သွေးသခင်က တင်ပျဥ်ခွေလျက် ထိုင်နေ၏။ ပိုင်ရှောင်ချန်းက အထဲသို့ ခြေချလိုက်သည်နှင့် သူက ထရပ်လိုက်ပြီး နှစ်လိုဖွယ်ပြုံးလိုက်သည်။
“ဂိုဏ်းတူညီလေး ညမုဆိုး”
သွေးသခင်မှာ ဟန်ချွမ်းသုန်ထက် သာလွန်ေသာ စွမ်းအားများ ထွက်ပေါ်နေသည့် အင်အားကြီးမား၍ အချိုးအစားပြေပြစ်သော သက်လတ်ပိုင်းယောက်ျားတစ်ယောက်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ လူ့ဘီလူးကြီးကို ကြည့်နေရသကဲ့သို့ခံစားလိုက်ရကာ ထိုလူ၌ ထိုနေရာရှိ သွေးချီအလုံးစုံကို ထကြွလှုပ်ရှားစေနိုင်သည့် အရှိန်အဝါရှိကြောင်း သိလိုက်လေသည်။
ရုတ်တရက်ကျရောက်လာသည့် ဖိအားကြောင့် ပိုင်ရှောင်ချန်းက ခြေလှမ်းနေရာမှ ရပ်သွားပြီး သူ့ကို ရေးကြီးသုတ်ပျာ ထနှုတ်ဆက်သည့် သွေးသခင်အား ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေ၏။
ပိုင်ရှောင်ချန်းက အနီးကပ်အာရုံစိုက်ကြည့်လိုက် ပြီး သူ၏ အပြင်အားပညာရပ်အရ ရုတ်ခြည်း အကဲခတ်နိုင်လိုက်သည်။
“ထာဝရကောင်းကင်ဘုရင် ဒုတိယအဆင့်နဲ့တူပါလား”
စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေစေကာမူ သူ၏ အမူအရာကတော့ ပုံမှန်အတိုင်းပင် နှစ်လိုဖွယ်ပြုံးနေလျက် လက်ယှက်ပြီး ခေါင်းငုံ့ နှုတ်ဆက်လိုက်သည်။
“ညမုဆိုး… သွေးသခင်ကို ဂါဝရပြုပါတယ်”
တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် သွေးသခင်က ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် ခပ်သြသြအသံဖြင့်ပြော၏။
” ဟာ.. ဒီလိုယဥ်ကျေးနေစရာမလိုပါဘူး ဂိုဏ်းတူညီလေး ညမုဆိုး။ ကျုပ်က ကွေ့ပတ်ပြောရတာ မုန်းတာမလို့ တည့်တိုးပဲ ပြောမယ်ဗျာ.. ခင်ဗျား ကျုပ်ကို အဆင့်လေး သွေးခန္ဓာ ဆေးလုံး ဖော်ပေးဖို့ လိုတယ် ”
“အဲဒီ ဆေးလုံးတွေက နွံအိုင်တောင်ထိပ်ရဲ့ လျှို့ဝှက်အပြင်အားပညာရပ်မှာ နောက်တစ်ဆင့် မြန်မြန်ရောက်ဖို့ အားဖြည့်ပေးတာတဲ့ လုပ်ငန်းတစ်ခုပဲ ဆောင်ရွက်နိုင်တာ”
“စစ်ကနီးနေပြီ..လူတိုင်းလဲ ပြင်းပြင်းထန်ထန် ပြင်ဆင်နေကြတယ်။ ကံမကောင်းတာက အဲဒီဆေးလုံးတွေက အဆင့်လေးနဲ့ အဆင့်ငါးမဟုတ်ရင် ကြီးကြီးမားမား အကျိုးမရှိဘူး ။ ခက်တာက… အဆင့်လေး အဆင့်ငါးဆေးလုံးတွေကလဲ ဂိုဏ်းထဲ ဝယ်မရဘူးကွာ ။ ဒါကြောင့် ကျုပ်လိုတာက ဆေးလုံးတစ်လုံးထဲ မဟုတ်ဘူး…အနည်းဆုံး အဆင့်လေးသွေးခန္ဓာဆေးလုံး တစ်ရာ လိုချင်တယ်”
“ညမုဆိုး.. .ခင်များ အဆင့်လေး သွေးခန္ဓာ ဆေးလုံး တစ်ရာ ဖော်ဖို့ ယုံကြည်ချက်ရှိတယ်မလား”
ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည့် သွေးသခင်၏မျက်လုံးများမှာ တဖိတ်ဖိတ်လက်နေပြီး သူ၏စကားများကလည်း သွေးသခင်ဂူထဲ၌ အခါခါ ပဲတင့်ထပ်နေလေသည်။
ပိုင်ရှောင်ချန်းမှာ သွေးသခင်၏ ခပ်သြသြ အသံကျယ်ကြီးကြောင့် နားကွဲလုမတတ်ခံစားနေရသည်။ ထိုစကားကို ငြင်းပယ်ရန်မရှိသည့်အလား သူက ဟိန်းဟောက်လိုက်သည့်အလား ပြန်လည် ဖြေကြားလိုက်သည်။
“ကျုပ်မှာ ဆေးပင်တွေ လုံလုံလောက်လောက် ရှိရင် ဆေးလုံးတစ်ရာဆိုတာ ဘာမှ မပြောပလောက်ဘူး”
အရင်ဆုံး သွေးသခင်မှာ ပိုင်ရှောင်ချန်း၏ ဟိန်းဟောက်သံကြောင့် လန့်သွားလေသည်။ သူက အခြားသူများနှင့် စကားပြောလျှင် ထိုအသံကျယ်ကြီးကို သုံးလေ့ရှိသော်လည်း ယခုကဲ့သို့ ပြောင်းပြန်ကိစ္စမျိုးမရှိခဲ့ဖူးချေ။
ပိုင်ရှောင်ချန်းကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီးနောက် သူက အော်ရယ်လိုက်သည်။
“ဒါများ.. ကျုပ်မှာ ဆေးပင်တွေ တစ်ပုံတခေါင်းကြီးရှိတယ်”
” ဆေးပေါင်းဖိုအတွက်လဲ စိတ်မပူနဲ့…လာ..လာ..ဂိုဏ်းတူညီလေး ညမုဆိုး။ ကျုပ်… ခင်ဗျားအတွက်ပြင်ဆင်ထားတဲ့.. ဆေးပေါင်းဖိုအမျိုးအစားကို ပြချင်နေတာ..”
သွေးသခင်၏ နောက်ဆက်တွဲရယ်သံက တောင်တစ်တောင်လုံးကို လှုပ်ခါသွားစေလေသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ပိုင်ရှောင်ချန်းနှင့် တခြားတစ်ဖက်တွင်တလေးတစားဖြင့်ရပ်နေသည့် မဟာအကြီးအကဲကိုဆွဲခေါ်သွား၏။ထို့နောက် သူတို့သုံးယောက်စလုံး လေထဲသို့ပျံလိုက်ပြီး လက်ချောင်းအပေါ်ဘက်ဘေးတွင် တည်ရှိနေသည့် လွင်ပြင်ကျယ် ဆီသို့ ဦးတည်လိုက်သည်။
၄င်းကို စွမ်းအားကြီးမားသည့် မန္တန်အစီအရင်တစ်ခုဖြင့် ကာကွယ်ထားပြီး အငွေ့အသက်နှင့် အရှိန်အဝါမှာ ပြင်းထန်လှသဖြင့် ရုပ်အလောင်းတောင်တွင် ဖြစ်ပွားခဲ့သည့် သွေးလေချောက်ချားခြင်းမြူထုပင်လျှင် ထိုအရာမှ လွှတ်မြောက်နိုင်လိမ့်မည်မဟုတ်ချေ။
သိသာထင်ရှားစွာပင် နွံအိုင် တောင်က သူ့ကို ဆေးဖော်ရန် မဖိတ်ခေါ်ခင် ကတည်းက ကြိုတင်ကာကွယ်မှုအများအပြား ပြုလုပ်ထားပြီးဖြစ်သည်။ ထိုအရာအားလုံးကို မြင်လိုက်ရသည်နှင့် ပိုင်ရှောင်ချန်းက ခြောက်ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်သော်လည်း ဘာမှမပြောချေ။ သွေးသခင်နောက်မှ ထပ်ကြပ်မကွာလိုက်ကာ မန္တန်အစီအရင်ထဲရှိ အင်မော်တယ်ဂူထဲသို့ ဝင်လိုက်သည်။
၄င်းမှာ အသစ်စက်စက် အင်မော်တယ်ဂူဖြစ်ပြီး
အလွန်ကျယ်ပြောလှပါသော အခန်းကြီးထဲတွင် တစ်ခုတည်းသော အရာဝတ္ထုသာရှိလေသည်။
ထိုအရာကို တွေ့လိုက်သည်နှင့် ပိုင်ရှောင်ချန်းမှာ အလွန်အံသြသွားပြီး သူ့မျက်လုံးထဲတွင် စူးရှတောက်ပေသော အလင်းများ ပြိုးပြိုးပြက်ပြက် လက်သွား၏။ ချက်ချင်းကို သူက ထိုပစ္စည်းကို တစ်ပတ်လှည့်ကြည့်လိုက်ပြီး သူတအံတသြရေရွတ်နေသည်ကိုပင် မထိန်းနိုင်တော့ချေ။
၄င်းမှာ ဧရာမဆေးပေါင်းဖိုကြီးပင်။ အချင်းအားဖြင့် မီတာကိုးဆယ်တိတိရှိပြီး အစိမ်းရောင်ဖြစ်ကာ မရေမတွက်နိုင်သော မှော်သင်္ကေတများ ရေးထွင်းထားသည်။ ၄င်းမှာ ရင်သပ်ရှုမောဖွယ် ထူးထူးခြားခြား မာကျောနေပုံပေါ်သဖြင့် ခန့်ညားထည်ဝါနေလေသည်။
“ဒီ ဆေး ပေါင်း ဖို..”
ပိုင်ရှောင်ချန်းက အနားသို့ တိုးကပ်သွားပြီး ထိုဆေးပေါင်းဖိုကို ထည့်လိုက်ပြီး ထိတ်လန့်အံ့သြဖွယ် ခံစားလိုက်ရသဖြင့် ယခင်ကထက်ပိုပြီး စိတ်လှုပ်ရှားလာတော့သည်။သူ၏ အဓိကပြဿနာမှာ ဆေးပေါင်းဖိုများ ပေါက်ကွဲခြင်းဖြစ်သဖြင့် ဆေးဖော်စပ်မှုတွင် ဆေးစွမ်းအားလျော့ချ၍သာ ဆောင်ရွက်ခဲ့ရပြီး သူ၏ တာအိုဆေးပညာရပ်ကျွမ်းကျင်မှုအား အပြည့်မထုတ်ဖော်ခဲ့ရချေ။
ထိုဆေးပေါင်းဖိုကြီးကို မြင်လိုက်ရသည့် တခဏ၌ သူက အံ့သြမှင်သက်သွားလေသည်။
“ဂိုဏ်းတူညီလေး ညမုဆိုး…လွန်ခဲ့တဲ့ ခေတ်ပေါင်းများစွာက နွံအိုင် တောင်ရဲ့ သွေးသခင်တစ်ယောက်က ဒီအဖိုးထိုက်ရတနာကို ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဆီကနေ လုယူခဲ့တယ် ။ အမှန်တော့ ဒီဟာက မူလအဖိုးထိုက်ရတနာမဟုတ်ဘူး.. ပုံတူပွားထားတာ။ ဒါပေမယ့် ဒီဟာက ကောင်းကင်-မြေကြီးဆေးအမြုတေအိုးရဲ့ ပုံတူတစ်ခုကွ”
” ဒီဟာကို သုံးနိုင် ဖို့ ကျုပ်ကိုယ်တိုင် ပြင်ဆင်ပေးထားတာ.. ။ ဒီဆေးပေါင်းဖိုနဲ့ဆိုရင်.. မင်းကြိုက်သလောက် ဆေးဖော်စမ်းဗျာ.. စိတ်ပူမနေနဲ့.. ဒီပေါင်းဖိုကလေ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ် ဖြစ် မပေါက်ကွဲဘူး ”
သွေးသခင်က ခေါင်းနောက်လှန်ကာ ဂုဏ်ယူစွာ တဟားဟား ရယ်လိုက်၏။ သူက အပြင်အားပညာရပ်ကျင့်ကြံသူဖြစ်သော်လည်း သတိမထားတတ်သည့်သူ မဟုတ်ချေ။ သူက ဝမ်းလျှောမိစ္ဆာအကြောင်း ကောင်းစွာသိထားပြီး မပေါက်ကွဲနိုင်သည့် ဆေးပေါင်းဖိုကိုပင် ပြင်ဆင်ထားသည်။ ထို့ပြင် ၄င်းကို မထိုးဖောက်နိုင်သည့် မန္တန်အစီအရင်အတွင်းမှာ ထားသဖြင့် အပြင်ဘက်သို့ အစအနနည်းနည်းလေးမျှပင် မထွက်နိုင်ပေ။ ထိုကဲ့သို့ စနစ်တကျပြင်ဆင်မှုများကြောင့် သူက မတော်တဆမှုများဖြစ်ပွားလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ချက်ရှိလေသည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးပေါင်းဖိုကြီးကို အကြိမ်အနည်းငယ်လောက် လှည့်ပတ်ကြည့်ကာ စူးစမ်းနေသည်။ သူက မဖော်စပ်နိုင်ခဲ့သည့်ဆေးစွမ်းအင်ကို မီးကုန်ယမ်းကုန်ဖော်ပစ်ချင်သည့် ဆန္ဒကြောင့် လက်ယားနေပြီဖြစ်သည်။
သို့တိုင်အောင် သူက အလွန်အမင်း စိတ်လှုပ်ရှားနေဆဲပင်။ သွေးသခင်ကို လှမ်းကြည့်လိုက်ပြီး သူကပြောလိုက်သည်။
“ဒီဆေးပေါင်းဖိုကြီး မပေါက်ကွဲတာ သေချာပါတယ်နော်”
“မှန်ပါ့ဗျာ..သေချာပါတယ်”
သွေးသခင်က ဂုဏ်ယူဝင့်ကြွားစွာပြုံးလျက် ပြန်ဖြေလိုက်၏။
ဆေးပေါင်းဖိုကြီးကို ဖွဖွလေး ပုတ်လိုက်ပြီး ပိုင်ရှောင်ချန်းက အော်ရယ်ကာ ပြောလိုက်သည်။
“ကောင်းပြီ..ခင်ဗျား လုံးဝသေချာတယ်ဆို.. ကျုပ် ညမုဆိုးက ခင်ဗျားအတွက် ဆေးဖော်ပေးမယ်ဗျာ”
သူနှင့်အတူ သွေးသခင်က လိုက်ရယ်လိုက်ပြီး အိတ်ကို မကမ်းခင် သူ့ကို လေးလေးနနက်နက် စိုက်ကြည့်လိုက်သည်။
ထို့နောက် သူက လှည့်ပြန်သွားလေသည်။ မဟာအကြီးအကဲသည်လည်း ယဥ်ကျေးစွာ လက်ယှက်နှုတ်ဆက်ပြီး ထွက်ခွာသွား၏။
ယခုတွင် အင်မော်တယ်ဂူထဲ၌ ဧရာမဆေးပေါင်းဖိုကြီးကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေသည့် ပိုင်ရှောင်ချန်းတစ်ယောက်တည်းသာ ကျန်ခဲ့သည်။ လက်တစ်ဖျောက်တီးချိန်ခန့် ကျော်လွန်သွားပြီးနောက် သူက ဆေးပင်များနှင့် သွေးမီးလျှံကျောက်တုံးအပြည့်ဖြင့် အိတ်ကို စစ်ဆေးလိုက်၏။ ထိုအိတ်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခုလည်း ပါလေသည်။
သွေးခန္ဓာဆေးလုံးအတွက် ဆေးဖော်နည်းအပြင် ထိုကျောက်စိမ်းလွှာတွင် နွံအိုင် တောင်၏ လျှိ့ဝှက်အပြင်အားပညာရပ်ပါ ရေးထားလေသည်။
“သွေးမိစ္ဆာခန္ဓာလမ်းစဥ်”
ပိုင်ရှောင်ချန်းက ချက်ချင်းပင် စလေ့လာလိုက်သည်။ သူပြီးဆုံးသွားသည့်အချိန်တွင် ညပင် ရောက်နေချေသည်။ ထို့နောက် သူက မျက်လုံးများ ပိတ်ကာ စဥ်းစားနေသည်။
အချိန်ခဏခန့် ကြာသွားပြီနောက် သူ၏ မျက်လုံးများ ပွင့်လာကာ ဉာဏ်အလင်းရသွားသဖြင့် တောက်ပနေသည်။
သွေးမိစ္ဆာခန္ဓာလမ်းစဥ်ကို နွံအိုင် ေတာင်ပေါ်ရှိ ကျင့်ကြံသူများမှ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းကျင့်ကြံလာခဲ့ကြပြီး ၄င်းမှာ ဂိုဏ်းတည်ဆောက်ထားသည့် ဧရာမလက်ကြီးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုလမ်းစဥ်မှာ အခြေခံအားဖြင့် ထာဝရအသက်ရှည်နည်းကျမ်းထက် နိမ့်ကျကာ တစ်နည်းဆိုရလျှင် အတုတစ်ခုပင်ဖြစ်သည်။
၄င်းကို တိရစ္ဆာန်ဆေးမှင်ကြောင် ကို အခြေခံထားသည့် စွမ်းအင်မှ ထုတ်ယူထားခြင်းဖြစ်ပြီး စွမ်းအားအဆင့်အလိုက် ရှေးဟောင်းဆင်ကြီး ၊ ဝိညာဥ်ရိုင်း၊ ကောင်းကင်နတ်ဆိုး နှင့် သွေးမိစ္ဆာ ဟူ၍ ခွဲထားသည်။
သွေးချီများကို လူတစ်ယောက်၏ အသွေးအသားထဲ စုပ်ယူပြီး လျှို့ဝှက်နည်းဖြင့် ပေါင်းစပ်စေခြင်းဖြင့် ကိုယ်ခန္ဓာ၏ ဖွဲ့စည်းတည်ဆောက်မှုအခြေခံက အသွင်ပြောင်းသွားလိမ့်မည်။ထို့ေနာက် အင်အားကြီးသော ခန္ဓာကိုယ်သစ်စွမ်းအားကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းကျင့်ကြံခဲ့သည့် ထာဝရအသက်ရှည်နည်းကျမ်းနှင့် အတော်များများတူသယောင်ရှိပါသော်ငြား ၄င်းက အလွန်တရာ နှောင့်နှေးကြံ့ကြာလေသည်။ ထာဝရအသက်ရှည်နည်းက လူတစ်ယောက်၏ ကိုယ်ခန္ဓာအခြေခံကို မပြောင်းလဲစေဘဲ တိုက်ခိုက်မှုနှင့် ခုခံခြင်းကိုပေါင်းစပ်၍ အတွင်းစွမ်းအားများ တိုက်ရိုက်ထုတ်ခြင်းဖြစ်သည်။
“ဒါပေမယ့် သွေးမိစ္ဆာခန္ဓာလမ်းစဥ်မှာ ကောင်းတဲ့အရည်အသွေးတွေ အသေအချာရှိတာပဲ..ငါ ဒါကို သုံးပြီး ထာဝရကောင်းကင်ဘုရင်ရဲ့ ဒုတိယအဆင့်ကို မြန်မြန်တက်ဖို့ လုပ်ရင်တောင်ရမယ်ထင်တယ်”
အနည်းငယ်ကြာ ထပ်လေ့လာလိုက်ပြီးနောက် ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်တို့ ထကြွလာပြီး ကျင့်ကြံလေ့ကျင့်မှုအချို့ကိုပင် စမ်းသပ်နိုင်လာ၏။ ထိုသို့ သူပြုလုပ်သောအခါ သွေးချီများသူထံ အလုအယက်ဝင်လာသောကြောင့် တဝုန်းဝုန်း မြည်သံများပင် ကြားရလေသည်။ သွေးမိစ္ဆာခန္ဓာလမ်းစဥ်၏ လျှို့ဝှက်နည်းကို သုံးခြင်းဖြင့် သူ၏ အသွေးအသားများကို လှုံဆော်လိုက်ပြီး ကိုယ်ခန္ဓာအခြေခံကို ပြောင်းလဲမည့်အစား သူက ထိုစွမ်းအားကို ထာဝရကောင်းကင်ဘုရင်ပညာရပ်သုံးကာ လည်ပတ်စေလိုက်သည်။
ညတာကုန်ဆုံးသွား၏။ နောက်တစ်နေ့မနက် ဝေလီဝေလင်းအချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများက ဖြတ်ခနဲပွင့်သွားပြီး ကြည်နူးမှုဖြင့်တောက်ပနေသည်။
“ဒီ ကျင့်ကြံခြင်းတစ်ညက သာမာန်ကျင့်ကြံခြင်းရဲ့ သုံးရက်နဲ့တူတယ်ဟ ”
“အလုပ်ဖြစ်တယ်…ဟား.ဟား..ဟား”
စိတ်လှုပ်ရှားနေသည့် ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အမှန်တကယ်ပင် သူ့၏ကိုယ်ပိုင်မြင့်မြတ်နယ်မြေဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။ ဧရာမဆေးပေါင်းဖိုကြီးကို လှမ်းကြည့်လျက် သူ၏ မျက်လုံးများတွင် ထူးဆန်းသောအလင်းများဖြင့် တောက်ပနေပြီး ရုတ်တရက် သူက ထိုဆေးပေါင်းဖိုကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ဒုန်းခနဲ အသံကြီး ကို ကြားလိုက်ရပြီးနောက် ၄င်း၏ အဖုံးပွင့်သွားသည်။ တုံ့ဆိုင်းနှေးကွေးမနေပဲ ထိုဆေးပေါင်းဖို၏ နှုတ်ခမ်းသားပေါ်သို့ ပျံတက်လိုက်ပြီး အတွင်းထဲသို့ ငုံ့ကြည့်လိုက်သည်နှင့် ယခင်ကထက် ပို၍ပင် ချောက်ခြားတုန်လှုပ်သွားလေသည်။
“ဒီဆေးပေါင်းဖိုကြီးက မပေါက်ကွဲနိုင်ဘူးဆိုရင် ငါဖော်နိုင်တဲ့ ဆေးစွမ်းအားရဲ့ အကန့်အသတ်ကို စမ်းဖို့လိုလိမ့်မယ်”
စဖော်ရန် ပြင်လျှင်ပြင်ချင်း တခဏမျှ ရပ်လိုက်၏။
“တကယ်ကြီး မပေါက်ကွဲလောက်ပါဘူးနော်”
သူက ချီတုံချတုံဖြစ်နေလျက် တွေးလိုက်သည်။
“အာ..ဘာဖြစ်ဖြစ်ကွာ ။ သွေးသခင်က မပေါက်ကွဲပါဘူးလို့ အာမခံထားတာပဲ..မဖြစ်လောက်ပါဘူး”
အသက်ပြင်းပြင်းရှုလိုက်ပြီး ခေါင်းကို ဆတ်ခနဲခါလိုက်၏။ ထို့နောက်
ဆေးလုံးအများကြီး ဖော်စပ်ရတော့မည် ဖြစ်သဖြင့် သူ့မျက်လုံးတို့၌ ရူးသွပ်စွဲလမ်းခြင်းတို့ ပေါ်ထွက်လာသည်။
Like