ရွှယ်မေ့က ညမုဆိုး၏နောက်ကြောင်းကို စုံစမ်းရှာဖွေခဲ့သဖြင့် ကောလာဟလများ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်လျှောက်လုံးပျံ့နှံ့လာလေသည်။ ထင်ထားသည့်အတိုင်းပင် ညမုဆိုးထံမှ ဝိညာဥ်ဆေးလုံးများရရှိပြီးနောက် ရုပ်အလောင်းတောင်၏သွေးသခင်မှာ ဂူပိတ်ကျင့်ကြံေနပြီး ယခုထက်ထိထွက်ပေါ်မလာသေးချေ။ သို့သော်လည်း ရုပ်အလောင်းတောင်ထိပ်၏သွေးသခင်ဘုံကျောင်းမှ စွမ်းအင်အငွေ့အသက်များ စတင်ထွက်ပေါ်လာလေသည်။
လူအနည်းစု အထူးသဖြင့် နွံအိုင်တောင်ထိပ်နှင့် အမည်မဲ့တောင်တို့မှ သွေးသခင်များသည်သာ ထိုအငွေ့အသက်များကို သတိထားမိကြလေသည်။ လက်ရှိသွေးသခင်သုံးယောက်လုံးမှာ သူမသာကိုယ်မသာ ညီတူညီမျှဖြစ်ကြသော်လည်း ယခုတွင်မူ ရုပ်အလောင်းတောင်ထိပ်သွေးသခင်မှာ အဆင့်တက်တော့မည့်ပုံပေါ်လေသည်။
သူကရွှေအမြုတေအဆင့်သို့ရောက်မည့်ပုံမပေါ်သော်လည်း ရုပ်အလောင်းတောင်ထိပ်တွင်မူ ရုပ်အလောင်းသန့်စင်ခြင်းနည်းလမ်းတွင်အဆင့်တက်သွားခြင်းက တိုက်ပွဲစွမ်းအားကို အလျင်အမြန်သိသိသာသာတိုးတက်မှုဖြစ်သွားစေနိုင်သည်။
ထို့ကြောင့် နွံအိုင်တောင်ထိပ်နှင့် အမည်မဲ့တောင်ထိပ်မှ သွေးသခင်တို့မှာ မနေနိုင်မထိုင်နိုင် စိတ်လှုပ်ရှားလာကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် နွံအိုင်တောင်ထိပ်၏ မဟာအကြီးအကဲက အလင်းတန်းသဖွယ်လေကိုခွင်း၍ ပိုင်ရှောင်ချန်း၏ အင်မော်ဂူအပြင်ဘက်သို့ရောက်ချလာလေသည်။
သူက ခန္ဓာကိုယ်အချိုးအစားပြေပြစ်သည့် အရပ်ခပ်မြင့်မြင့်အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ထံမှ ပြင်းထန်သော သွေးချီ အငွေ့အသက်များ ထွက်ပေါ်နေသည်။ အပြင်အားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ပြင်းထန်သောဖိအားဖြစ်လျက် တောင်ကြီးတစ်လုံး ရပ်နေသည်နှင့် ဆင်တူသည်။ သူ၏အသံကပင် ခပ်သြသြရှိပြီး သူစကားပြောလိုက်သည်တွင် ဟိန်းထွက်သွား၏။
“ကျုပ်က နွံအိုင်တောင်ထိပ်ရဲ့ မဟာအကြီးအကဲဟန်ချွမ်းသုန်.ပါ..။ ဂိုဏ်းတူညီလေးညမုဆိုးရေ…. အထဲမှာရှိလား”
ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူအပြင်ဘက်ရှိ သွေးသစ်ပင်များမှာ တဆတ်ဆတ်တုန်နေကြသော်ငြား ပျံပြေးမသွားရဲကြပေ။ အပြင်လူများအား သူတို့မည်မျှပင်ကြောက်စေကာမူ ညမုဆိုးက အလွန်တရာ ကြောက်လန့်ဖွယ်ကောင်းလေသည်။ သူတို့မှာ အံကြိတ်ထားရုံသာတတ်နိုင်ကြပြီး နွံအိုင်တောင်ထိပ်မဟာအကြီးအကဲစိုက်ကြည့်ကာ နေမြဲတိုင်းနေကြလေသည်။
လက်ရှိန်အချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏အင်မော်တယ်ဂူထဲတွင် တရားထိုင်နေလေသည်။ စောစောတည်းက မဟာအကြီးအကဲ ရောက်ရှိလာကြောင်း အာရုံရလိုက်သောအခါ သူ အတော်လေးအံ့သြသွားသည်။ သို့သော်လည်း ဘာကြောင့်ဤနေရာသို့ ရောက်လာရသည်ကို သူ ခန့်မှန်းထားပြီးလေသည်။ တခဏမျှတိတ်ဆိတ်သွားပြီးနောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ ဂူတံခါးကိုပွင့်သွားစေလိုက်သည်။ ထို့နောက် သူက သွေးသစ်ပင်တို့အား လမ်းကြောင်းရှင်းရန် အမိန့်ပေးလိုက်သည်။
ပိုင်ရှောင်ချန်းပေါ်ထွက်လာလျှင် နွံအိုင်တောင်ထိပ် မဟာအကြီးအကဲက ပိုင်ရှောင်ချန်းဂူအပြင်ဘက်ရှိ ဝင်းထဲသို့ လွှားခနဲခုန်ဝင်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက်တွေ့သည်နှင့် မဟာအကြီးအကဲက တဟားဟားနှင့် လှိုက်လှိုက်လှဲလှဲ ရယ်လိုက်ပြီး လက်ယှက်၍ ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
” ဂိုဏ်းတူညီလေးညမုဆိုး…သွေးချောက်ကမ်းပါးမှာတည်းက မင်းမှာ ပါရမီရှင်တစ်ယောက်ဆိုတာ ကျုပ်တန်းသိလိုက်တာပဲ။ အလယ်တောင်ထိပ်ကို သွားဖို့ရွေးလိုက်တာတော့ ဆိုးတယ်ကွာ။ မင်းသာ နွံအိုင်တောင်ထိပ်ကိုလာလို့ကတော့ ကျုပ်အရမ်းသဘောကျမိမှာပဲ ”
ပိုင်ရှောင်ချန်းက ပြုံးလိုက်၏။ မျက်နှာဖုံးဝတ်ထားသော်လည်း အေးစက်စက်အပြုံးတစ်ခုသာဖြစ်သည်။ သူက လက်ယှက်လျက် ပြောလိုက်၏။
” မဟာအကြီးအကဲက ကျုပ်ရဲ့မထင်မရှားအိမ်လေးကို ရောက်လာတာ ကျုပ်အတွက် ဂုဏ်ယူစရာကောင်းနေပါပြီ။ ကျေးဇူးပြုပြီး အထဲကိုကြွပါ ”
နောက်ထပ်နှုတ်ဆက်စကားများ ပြောမနေတော့ဘဲ အင်မော်တယ်ဂူအတွင်းသို့ ဦးဆောင်ခေါ်သွားသော ပိုင်ရှောင်ချန်း၏နောက်မှ မဟာအကြီးအကဲက လိုက်ပါလာသည်။ အထဲရောက်သည်တွင် သူတို့က မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီးနောက် မဟာအကြီးအကဲကပြော၏။ “ဂိုဏ်းတူညီလေးညမုဆိုး ၊ မင်းမှာ သာမန်ထက်ထူးကဲတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ အံ့သြစရာကောင်းတဲ့ပါရမီတွေ ရှိတာပဲ။ အချိန်အကြာကြီး ပြင်ဆင်လာခဲ့ပြီး ထိပ်ဆုံးကို ရောက်ရှိလာခဲ့တယ်။ မင်းရှိေနတာ အလယ်တောင်ထိပ်အတွက် ဘုရားမတာပဲ.. ”
ပိုင်ရှောင်ချန်းမှာ ထိုစကားလုံးများကို ကြားရသော် ဝမ်းသာပီတိဂွမ်းဆီထိ ဖြစ်နေသည့်တိုင် သုန်မှုန်နေသည့်အမူအရာနှင့် မဟာအကြီးအကဲ၏ စကားအား ခွန်းတုံ့မပြန်ပေ။
“ ပိုပြီးအံ့သြစရာကောင်းတာက.. ခေါင်းဆောင်ကြီးတွေကပါ မင်းကို သဘောကျနေကြတာ။ နောက်ကျရင် မင်းအတွက် ဘာအကန့်အသတ်မှ ရှိမှာ မဟုတ်တော့ဘူး ”
မဟာအကြီးအကဲကသက်ပြင်းချပြီးနောက် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကြားစစ်ပွဲအကြောင်းများ ၊ ထို့အတူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကိစ္စကြီးငယ်အစုံတို့အား ဆက်ပြောပြန်သည်။ သူက ပိုင်ရှောင်ချန်းကိုဖားရန်လည်း နည်းလမ်းအသွယ်သွယ် သုံးနေလေသည်။
ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာအရ သိပ်သဘောကျနေသည့်ပုံမပေါ်သော်လည်း စိတ်ထဲတွင်မူ ထိုအခိုက်အတန့်ကို အရသာခံနေလေသည်။ သူက ထိုကဲ့သို့မြှောက်လုံးပင့်လုံးတို့၏အကြောင်းရင်းဖြစ်ရသည်ကို အင်မတန်မှ ဂုဏ်ယူလေသည်။ ရံဖန်ရံခါသူက ခေါင်းတဆတ်ဆတ်ညိတ်ပြီး တစ်ခါတရံကျ သူက ခေါင်းခါပြီး အခါအားလျော်စွာ အားပါးတရတဟားဟားရယ်လေသည်။
တစ်နာရီခန့်ကုန်ဆုံးသွားပြီးနောက် မဟာအကြီးအကဲက ပိုင်ရှောင်ချန်းနှင့် အတော်အတန် ရင်းနှီးခင်မင်လာသည်ဟုခံစားလိုက်ရလေသည်။ သူလာရောက်ရခြင်းအကြောင်းရင်းမှန်ကို ပြောရန်ပြင်လိုက်စဥ် ပိုင်ရှောင်ချန်း၏ မျက်လုံးတွေထဲမှာ သူ့ကို အားပေးတိုက်တွန်းသည့် အလင်းများတောက်ပနေလျက် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်လေသည်။ သူက အိုးတို့အန်းတန်းဖြစ်သွားပြီးနောက် နောက်တစ်ချီဆက်ဖားလိုက်လေသည်။
“ဂိုဏ်တူညီလေး ညမုဆိုး၊မင်းက ယောက်ျားသားတွေကြားထဲမှာ အရှိန်အဝါကြီးမားတဲ့ နဂါးကြီးတစ်ကောင်လိုပဲ အံ့မခန်း ပါရမီစွမ်းရည်တွေနဲ့လူတစ်ယောက်ဗျ ”
“တကယ်ပြောတာ… သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ မင်းနဲ့ ဂုဏ်သိက္ခာကျော်ကြားမှုခြင်း ယှဥ်နိုင်တဲ့ လူ လက်တစ်ဖက်စာပဲရှိမယ် ”
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာမျှကြာသွားပြီးနောက်တွင် မဟာအကြီးအကဲမှာ အာခေါင်ပင်ခြောက်လာတော့သည်။ ထိုအချိန်တွင် သူက ပိုမိုအရေးကြီးသည့်ကိစ္စကိုဦးတည်ရန် အချိန်ကျပြီဖြစ်ကြောင်း တွက်ဆလိုက်၏။ သို့သော်လည်း သူက ပိုင်ရှောင်ချန်းကို ဖြတ်ခနဲလှမ်းကြည့်လိုက်သောအခါ အမွှမ်းတင်ခံရခြင်းတွင် လုံးဝနစ်မြောနေပြီဖြစ်ကြောင်း ထိတ်လန့်တကြား သတိထားမိလိုက်သည်။
မဟာအကြီးအကဲမှာ ချီတုံချတုံဖြစ်နေ၏။ သို့သော်လည်း သူက ဤနေရာကို အကူညီတောင်းရန်လာခဲ့သည့်အတွက်ကြောင့် အံတင်းတင်းကြိတ်ပြီး ချီးမွန်းခြင်းနည်းလမ်းအသစ်တို့ကို စဥ်းစားရန် ဦးနှောက်ကို အလျင်အမြန်အလုပ်ပေးလိုက်သည်။ နောက်တစ်နာရီကုန်သွားသော် မဟာအကြီးအကဲမှာ ပြောစရာစကားပင်မရှိတော့ချေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပို၍ သဘောကျနှစ်ခြိုက်နေဟန်ရှိသည်။
” အီး..ဘာလို့စကားပြောရပ်သွားရတာတုံး ”
သူက မဟာအကြီးအကဲကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်သည်။
နွံအိုင်တောင်ထိပ် မဟာအကြီးအကဲမှာ ငုတ်တုတ်မေ့သွားသော်လည်း အံတင်းတင်းကြိတ်ပြီး နောက်ထပ်စကားလုံးအနည်းငယ်တို့ကိုဖြစ်ညှစ်ထုတ်နေရလေသည်။ အဆုံးသတ်တွင် ညမုဆိုးက နားလည်ရန်ခက်ခဲသည့်လူဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် သက်ပြင်းချလိုက်ပြီး သာမန်ကျင့်ကြံသူတစ်ဦးကဲ့သို့ သူ လုံးဝမြင်၍မရတော့ပေ။ နောက်ဆုံး၌ သူက လက်ယှက်ပြီး ခေါင်းငုံ့လိုက်သည်။
“ဂိုဏ်းတူညီလေး ညမုဆိုး၊ မင်းက တကယ့်ကို ဉာဏ်ပြေးပြီး လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ပါ။ ကျုပ် မင်းကို ေလးစားပါတယ်။ ကျုပ်လာရတဲ့အကြောင်းရင်းကို ဝေ့ဝိုက်မနေတော့ဘူး..။ ကျုပ် ဒီကနေ့ဘာလို့လာရတာလဲဆိုတော့ ကမ္ဘာကြီးရဲ့ တရားမမျှတမှုတွေကို လက်ပိုက်ကြည့်မနေနိုင်လို့ပဲ.။ ဂိုဏ်းတူညီလေးညမုဆိုးရေ… မင်းရဲ့တာအိုဆေးပညာက အံ့သြစရာကောင်းေပမယ့် မင်းက ရုပ်အလောင်းတောင်ထိပ်အတွက် ဆေးဖော်ခဲ့ပေးတဲ့တာတောင် ကျင့်ကြံသူတွေက ကျေးဇူးတင်ဖို့ကဝေလာဝေး မင်းကို မုန်းတောင်နေကြတယ်”
ပိုင်ရှောင်ချန်းက အတိတ်မှဖြစ်ရပ်တို့ကို ပြန်တွေးလိုက်သောအခါ သူ့မျက်နှာမှာ တင်းမာခက်ထန်သွားပြီး အေးစက်စက် ဟမ့်ခနဲ့ နှာမှုတ်လိုက်လေသည်။
“ရုပ်အလောင်းတောင်ထိပ်ရဲ့ မဟာအကြီးအကဲနဲ့ သွေးသခင်က သူတို့အားလုံးထဲ အဆိုးတကာ့အဆိုးဆုံးပဲဗျ” မဟာအကြီးအကဲ၏ မျက်လုံးတွင် ဒေါသမီးများတောက်လောင်နေကာ ဆက်ပြော၏။
” မင်းတော့ ကိုယ်တိုင်ကိုယ်ကျ သူတို့အတွက် ဆေးဖော်ခဲ့ပေးတယ်..။ ဒါပေမယ့် ကြည့်စမ်း…မင်းကိုဒေါသတွေပုံချပြီးပဲ ပြန်ကျေးဇူးဆပ်တယ်.။ တော်တော်မျက်နှာပြောင်တာပဲ။ ဒါပေမယ့်.. မင်းစိတ်ထဲထည့်မနေနဲ့ ဂိုဏ်းတူညီလေးညမုဆိုး… နွံအိုင်တောင်ထိပ်သွေးသခင်က မင်းနာမည်လူသိထင်ရှားဖြစ်ဖို့ ဂိုဏ်းကို တင်ပြထားပြီးပြီ ”
ပိုင်ရှောင်ချန်းက ခေါင်းခါပြီးသက်ပြင်းချလိုက်၏။
“ ခအထူးကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ။သွေးသခင်ကိုလဲ အတူတူပဲကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြီးတာက ပြီးသွားပြီလေ။ ဒါ့အပြင် အဲ့အဖြစ်အပျက်ကနေ ကျုပ် သင်ခန်းစာတော်တော်ရလိုက်ပါတယ်”
“ဂိုဏ်းတူညီလေးညမုဆိုးကလဲ.. ယဥ်ကျေးနေဖို့မလိုပါဘူး။ မင်းက သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းကို ရောက်ပြီး အပြင်အားပညာရပ်မှာလဲ ပြိုင်ဘင်ကင်းထူးချွန်တယ်။ မင်းမှာ ဝိညာရိုင်းအကာအကွယ်လဲ ရှိတယ်ဗျာ ။ နွံအိုင်တောင်ထိပ်က ကျုပ်တို့အတွက်တော့ မင်းက မိသားစုလိုပါပဲ” မဟာအကြီးအကဲက တဟားဟားနှင့် ကျယ်လောင်စွာရယ်လိုက်၏။
” ရုပ်အလောင်းတောင်ထိပ်က အကောင်းအဆိုးမခွဲခြားနိုင်ဘူး။ ဒါကြောင့် ကျုပ်တို့ သူတို့ကိုလျစ်လျူရှုထားတယ်။ ဒါပေမယ့်..စဥ်းစားကြည့်ရင် ကျုပ်တို့က မိသားစုတွေပါပဲလေ. ။ ဒီလိုဆိုဘယ်လိုလဲ ဂိုဏ်းတူညီလေးညမုဆိုး..နွံအိုင်တောင်ထိပ်အတွက် စိတ်စွမ်းအင်ဆေးအချို့ ဘာလို့မဖော်သေးလဲ ။ မင်း တောင်ကြီးဖြိုပစ်ရင်တောင်မှ သွေးသခင်နဲ့ ကျုပ်က လုံးဝမျက်နှာမပျက်ဘူးလို့ အာမခံတယ်ဗျာ” မဟာအကြီးအကဲက သူ၏ရိုးသားမှုကို ဖော်ပြရန် ရင်ကို ထုကာ ပြောလိုက်သည်။
“အမ်…” ပိုင်ရှောင်ချန်းမှာ အိုးတို့အမ်းတန်းဖြစ်သွားလေသည်။
“မစိုးရိမ်ပါနဲ့…ဂိုဏ်းတူညီလေးညမုဆိုး.. ကျုပ်ကျင့်ဝတ်တွေကို သိပါတယ်” သူက သူ၏ဝတ်ရုံထဲမှ အိတ်ကို ဆွဲထုတ်လိုက်ပြီး ပိုင်ရှောင်ချန်းရှေ့တွင် ချလိုက်သည်။
၄င်းကို ကောက်ယူလိုက်ပြီး အထဲကြည့်လိုက်သည်တွင် ပိုင်ရှောင်ချန်းက မြောက်မြားစွာသော ဆေးအပင်များနှင့် အရွယ်အစားစံုလင်သော စိတ်စွမ်းအင်ကျောက်တုံးတို့ကို တွေ့လိုက်ရလေသည်။ အလွန်ကျေနပ်အားရသွားပြီး သူက သဘောတူရန်ပြင်လိုက်ချိန်တွင် ရုတ်တရက် သူ၏အမူအရာပြောင်းသွားလေသည်။ နွံအိုင်တောင်ထိပ်၏ မဟာအကြီးအကဲသည်လည်း မျက်မှောင်ကြုတ်သွားပြီး သူတို့နှစ်ဦးစလုံး အင်မော်တယ်ဂူအပြင်ကို ကြည့်လိုက်၏။
“ဂိုဏ်းတူညီလေး ညမုဆိုးရေ အထဲမှာရှိလား…။ ကျုပ်ပါ.. အမည်မဲ့တောင်ရဲ့ မဟာအကြီးအကဲ ကုံချင်းကွမ်ပါ” အမည်မဲ့တောင်၏ မဟာအကြီးအကဲ လူပုလေးက အပြင်ဘက်တွင် ရောက်နေလေသည်။ သူ့မျက်နှာအမူအရာက ခါတိုင်းနှင့် အတူတူပင်.။ သို့သော်လည်း ရင်ထဲတွင်မူ သူ အလွန်စိတ်လှုပ်ရှားနေလေသည်။ အချိန်အတန်ကြာသည်အထိ သူနှင့် အမည်မဲ့တောင် သွေးသခင်တို့မှာ ပိုင်ရှောင်ချန်း၏ဆေးဖော်ခြင်းကို အတော် တုန်လှုပ်နေခဲ့သည်။
သို့သော်လည်း နွံအိုင်တောင်ထိပ်၏ မဟာအကြီးအကဲအား အလယ်တောင်ထိပ်မှာမြင်လိုက်ရသည်ကို ကြားပြီးနောက် သူတို့နှစ်ယောက်လုံး ထိုင်ပြီး ဘာမှလုပ်၍မရနိုင်ကြောင်း သိသွားလေသည်။ အမည်မဲ့တောင် သွေးသခင်အတွက် စဥ်းစားကြည့်လျှင် အထူးမှန်ကန်လေသည်။ ထို့ကြောင့် သူ့မှာ အမည်မဲ့တောင်အတွက် ဆေးဖော်ပေးရန် ညမုဆိုးအား မစည်းရုံနိုင်မည်ကို တချိန်လုံးစိုးရိမ်နေလျက် မဟာအကြီးအကဲကို အလောတကြီး မြန်မြန်လွှတ်လိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျပ် ဖျပ်ခတ်လိုက်ပြီးနောက် အမည်မဲ့တောင်မှ မဟာအကြီးအကဲကို အထဲသို့ဦးဆောင်ခေါ် သွားလိုက်လေသည်။
အမည်မဲ့တောင်မှ မဟာအကြီးအကဲက အထဲရောက်လာသည်နှင့် သူက ဟန်ချွမ်းသုန် ကို တွေ့လိုက်လေသည်။ သူတို့နှစ်ယောက် တွေ့ဆုံလိုက်သောအခါ နိုင်လိုစိတ်ပြင်းပြလာကြသည်။
“ဂိုဏ်းတူညီလေးညမုဆိုး”
လူပုလေးက ပြော၏။
“ကျုပ်က ဝေ့ဝိုက်ပြောတတ်တဲ့သူ မဟုတ်ဘူး။ အမည်မဲ့တောင်အတွက် အဆင့်လေးစိတ်စွမ်းအင်ဆေးသာဖော်ပေးရင်..နွံအိုင်တောင်ထိပ်က မင်းကို ပေးတာရဲ့ နှစ်ဆပေးမယ်ဗျာ ။ ကျုပ်တို့ လိုချင်တာတစ်ခုက မင်းကျုပ်တို့အတွက် အရင်ဆုံး ဆေးဖော်ပေးဖို့ပဲ” လူပုလေးက အထက်စီးဆန်စွာပြောလိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း စကားပြန်မဆိုနိုင်မီ ဟန်ချွမ်းသုန်ကနှာမှုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များတောက်လောင်လျက် ထလာသည်။
“ဂိုဏ်းတူညီလေးညမုဆိုး.. အိတ်ထဲက ပစ္စည်းတွေက စရန်ပေးထားတာလေးပဲရှိသေးတာ.။ ကျုပ်တို့ကိုသာ အရင်ဆုံးဆေးဖော်ပေးရင် မင်းကို ကျုပ်တို့ရဲ့ လျှို့ဝှက်အပြင်အားပညာရပ်ကျမ်းကို ပေးမယ်။မင်း နွံအိုင်တောင်ထိပ်ရဲ့ လျှို့ဝှက်မှော်ပညာကိုတောင်မှ ကျင့်နိုင်မယ်” နွံအိုင်တောင်ထိပ်မှ မဟာအကြီးအကဲက အံတင်းတင်းကြိတ်လိုက်၏။ ပိုင်ရှောင်ချန်းမည်မျှအားလပ်ကြောင်း သူ မသေချာသော်လည်း သူ့အတွက်ဆေးဖော်ရန်အချိန်အတော်ကြာကြောင်း သိလေသည်။ စစ် ဖြစ်တော့မည်ကို ထည့်စဥ်းစားလိုက်လျှင် သူ့မှာ ထိုဖော်စပ်ထားသော ဆေးကိုရရန် အရူးအမူးဖြစ်နေ၏။
ထို့အကြောင်းကြောင့် သူ၏တောင်ထိပ်မှ သွေးသခင်အတွက် ဆေးအသေအချာရရန် သူလုပ်နိုင်သမျှအရာအကုန်လုပ်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်း စိတ်လှုပ်ရှားသွား၏။ အမှန်မှာ သူက နွံအိုင်တောင်ထိပ်၏ အပြင်အားပညာရပ်များကို လေ့လာချင်လေသည်။ ထို့ပြင် ထိုပညာရပ်များက ထာဝရအသက်ရှည်နည်းသိုင်းကျမ်းနှင့် ဆက်စပ်နေပုံပေါ်ပေါ်လေသည်။
ဘေးနားမှ လူပုလေးမှာ မဟာအကြီးအကဲ၏ပြောစကားတို့ကြောင့် တုန်လှုပ်သွားပုံရလေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏အမူအရာကို အကဲခတ်မိလိုက်သည်နှင့် သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။
“ဂိုဏ်းတူညီလေးညမုဆိုး.. အမည်မဲ့တောင်က မင်းအတွက် ဂါဂိုလီသွေးအေးမွန်းစတားတစ်ကောင် သီးသန့် ပြင်ထားတယ်။ ကျုပ်တို့ မင်းကို ဂါဂိုလီသန့်စင်နည်းပညာရပ်ကို သင်ပေးနိုင်တယ်နော်။ ” သူ့စကားကြောင့် ဟန်ချွမ်းသုန်က သူ့ကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။
ပိုင်ရှောင်ချန်းမှာ စိတ်အားထက်သန်မှုကြောင့် တဆတ်ဆတ်တုန်လာလေသည်။ ဂါဂိုလီမှော်ပညာရပ်မှာ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး ထိုတောင်ထိပ်ပြင်ပမှ ကျင့်ကြံသူများမှာ လေ့လာခွင့်ရရန် စွမ်းဆောင်ရည်ရမှတ်တော်တော်များများ စုဆောင်းရမည်ဖြစ်သည်။
ထိုကျမ်းနှစ်ခု၏အံ့မခန်းတန်ဖိုးမှာ စကားအနေဖြင့် ဖော်ပြရန်ပင် ခဲယဥ်းလေသည်။
ဟန်ချွမ်းသုန်က ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီး ပြောသည်။
” ဂိုဏ်းတူညီလေးညမုဆိုး ..လိုက်နာရမယ့်စည်းမျဥ်းက ဦးသူလာဦးသူရ နော်။ နွံအိုင်တောင်ထိပ်က ဆေးဖော်ပေးဖို့ ဒီကို အရင်လာတောင်းဆိုထားတာနော်။ ဒါကြောင့် သေသေချာချာစဥ်းစားပါ”
လူပုလေးက လှမ်းကြည့်ပြီး ပြောလိုက်သည်။ ” ဂိုဏ်းတူညီလေး ညမုဆိုး..အမည်မဲ့တောင်ထိပ်က အပေးအယူနှစ်ဆတိုးပေးဖို့ အဆင့်သင့်ပဲ”
ပိုင်ရှောင်ချန်းက နဖူးကိုသပ်လိုက်ပြီးနောက် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ပြန်ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။
” မှန်တာပေါ့..။ ဦးသူလာ ဦးသူရ.. ဒါ အမျှတဆုံးပဲ.။ ကျုပ် နွံအိုင်တောင်ထိပ်က စမယ်ဗျာ.။ အမည်မဲ့တောင်က သွေးသခင်နဲ့ မဟာအကြီးအကဲလဲ.. စိတ်မခုဖို့ မျှော်လင့်ပါတယ် ။ ပြီးတော့.. နှစ်ဆပေးစရာလဲ မလိုပါဘူးဗျာ။ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ သွေးသခင်အသီးသီးကိုယ်စား လာတယ်ဆိုတာ ကျုပ် နားလည်ပါတယ် ။ ကျုပ်ဘယ်သူ့အတွက် ဆေးဖော်ပေးပေးဗျာ..စစ်ပွဲမစခင် ပြီးစေရမယ်လို့ ကတိပေးတယ်.။ ခင်ဗျားတို့နှစ်ယောက်လုံးအတွက် ကျုပ် အာမခံတယ်”
မဟာအကြီးအကဲနှစ်ယောက်မှာ အလွန်စိတ်လှုပ်ရှားသွား၏။ အမှန်မှာ သူတို့နှစ်ယောက်လုံး မတိုက်ခိုက်ချင်၍ အပြိုင်အဆိုင်ပြောနေကြခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းက ထိုအခြေအနေကို ပါးနပ်စွာ ကိုင်တွယ်သွားသည်ကို ကြည့်ခြင်းဖြင့် ယခင်ထက်ပင် သူ့ကို သဘောကျလာလေသည်။ ခေါင်းတညိတ်ညိတ်ဖြင့် အတန်ကြာ ဆွေးနွေးညှိုနှိုင်းပြီးနောက် လက်ယှက်နှုတ်ဆက်၍ ပြန်သွားကြလေသည်။
သူတို့ပြန်သွားကြသည်ကို ကြည့်ပြီးနောက် ပိုင်ရှောင်ချန်းက သူ၏အင်မော်တယ်ဂူထဲပြန်ဝင်သွားပြီး တင်ပျဥ်ခွေထိုင်လိုက်သည်။ တခဏမျှ စဥ်းစားသုံးသပ်ပြီးနောက် သူ့ကိုယ်သူ ရယ်လိုက်သည်။
“ငါ့မှာ ရုပ်အလောင်းတောင်က မြစိမ်းရောင်ဖုတ်ကောင်ကြီးရှိတယ် ပြီးတော့. အလယ်တောင်ထိပ်က မဟာအကြီးအကဲတောင်မှ ငါ့ကို မဟားဒရား ကြွေအောင်လုပ်နိုင်ထားတာပဲ.။ အမည်မဲ့တောင်က ဂါဂိုလီမွန်းစတားတစ်ကောင်ရပြီး နွံအိုင်တောင်ထိပ်က အပြင်အားပညာရပ်ကိုသာ ကျင့်လိုက်လို့ကတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အရင်ကထက် ပိုအရေးပါလာမှာပဲ.။ ဟဲဟဲ။. သွေးစီးကြောင်းအကြီးအကဲနဲ့တောင်တူလာတော့မယ်။ စုန့်ကျင်းဝမ် သွေးသခင်ဖြစ်တာနဲ့ ငါလဲ မဟာအကြီးအကဲရာထူးကို သိမ်းပိုက်နိုင်တော့မယ်ကွ”