Switch Mode

အခန်း ( ၂၃၂ )

ဝိညာဥ်လေးကောင်စွမ်းအား

ပိုင်ရှောင်ချန်းက အင်မော်တယ်ဂူထဲတွင် ထပ်ကြာကြာနေပါက မသင့်တော်တော့ကြောင်း ခံစားလိုက်ရ၏။ မျက်နှာတင်းမာနေသောစုန့်ကျင်းဝမ်ကို လှမ်းကြည့်ကာ သက်ပြင်းဖွဖွ ချလိုက်ပြီးနောက် သူမကို နှုတ်ဆက်လိုက်သည်။ စုန့်ကျင်းဝမ်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသော် ခေါင်းညိတ်လိုက်သည်။ စုန့်ချွဲ၏ အပြုအမူအတွက် တောင်းပန်စကားပြောပြီးနောက် ဆက်လက် ပြောလိုက်၏။

” ငါတို့ စစ်ပွဲမတိုင်ခင် လနည်းနည်း အချိန်ရတယ်။ သွေးသခင်နေရာအတွက် အလယ်တောင်ထိပ်မှာ နတ်မီးလျှံစမ်းသပ်ပွဲလုပ်လိမ့်မယ် ။ အချိန်တန်တဲ့အခါ.. မင်း ငါ့ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

သူမ၏မျက်လုံးများက မျှော်လင့်နေသည့်အရိပ်အယောင်များနှင့် ရွှန်းလဲ့တောက်ပနေ၏။

မျက်လုံးများက တလက်လက်တောက်ပနေလျက် ပိုင်ရှောင်ချန်းက သူမကို ပြန်လှည့်ကြည့်လိုက်သည်။ တခဏကြာပြီးနောက် သူက ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွား၏။

အင်မော်တယ်ဂူအပြင်သို့ ရောက်သည်နှင့် သူက ဘဝင်ခိုက်လျက် ရင်ကော့လိုက်သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး စုန့်ချွဲကိုအစွယ် ချိုးလိုက်နိုင်သည့်အတွက် ကျေနပ်နေလေသည်။

” အဟမ်း.. အခုကစပြီး..ချွဲအာရေ ငါကမင်းရဲ့ ဂိုဏ်းတူဦးလေးပဲ”

ဝမ်းမြောက်ဂုဏ်ယူနေပါသော်လည်း ခက်ထန်သော အမူအရာဖမ်းလျက် လက်ချောင်းအောက်ဖက်ရှိ သူ၏ အင်မော်တယ်ဂူသို့ ဂရုတစိုက်ပြန်လာသည်။

အထဲရောက်သော် ပျင်းရိလေးတွဲစွာ အကြောဆန့်လိုက်ပြီး သူက အခု စုန့်ချွဲက ရာထူးမည်မျှပိုကြီးသည်ကို စဥ်းစားခန်းဖွင့်နေ၏။ ထို့နောက် သူ့အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

“အာ… ဘာပဲဖြစ်ဖြစ်ကွာ.။ အကြီးအကဲတစ်ယောက်ဖြစ်နေတော့…လူငယ်တွေကို သင်ပေးရမှာ ငါ့အလုပ်ပဲ”

တချိန်တည်းမှာပင် သူက အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးဖော်စပ်နည်းများကို ဆက်တိုက် ခွဲခြမ်းစိတ်ဖြာနေသည်။ သူ၏ မကြာသေးခင်က ဆေးဖော်ခြင်းမှာ အောင်မြင်ခဲ့သော်လည်း ရလဒ်များနှင့်ပတ်သက်ပြီး သိပ်မကျေနပ်သေးချေ။

“ဆေးပေါင်းဖိုတွေနဲ့ အဆင်မပြေတာဖြစ်ရမယ်”

သက်ပြင်းချလျက်တွေးလိုက်၏။ ထိုအကြောင်းကိုတွေးလေလေ.သူ၏ ဆေးဖော်ခြင်းအကြံ မှာ မည်သည့်ဆေးပေါင်းဖိုကိုမဆို ပေါက်ကွဲသွားစေကြောင်း သဘောပေါက်လာလေလေဖြစ်သည်။

ထိုကိစ္စမျိုး မဖြစ်ပွားစေရန် သူလုပ်နိုင်သည့်အရာမှာ ဆေးစွမ်းအင်ကို လျှော့ချခြင်းပင်။ သို့သော်လည်း သူစွမ်းဆောင်နိုင်သည့် အစွမ်းအစ၏ တစ်ဝက်သာ ထုတ်ရမည်ဖြစ်သောကြောင့် စိတ်မပါတော့ချေ။

“နှမြောဖို့ကောင်းလိုက်တာ” သူက သက်ပြင်းအခါခါချရင်းတွေးလိုက်၏။

“အင်းး …ငါဆေးဖော်စပ်တာကတော့ ဒီလိုနည်းနဲ့ အခုချိန်ကစပြီး ကန့်သတ်ခံရတော့မယ် ထင်တာပဲ”

နောက်ဆုံးဘာမှ မတတ်နိုင်တော့သဖြင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်ရောက်မည့်အချိန်ကိုသာ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် လီချင်းဟောက်ကို ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မေးနိုင်လေသည်။

ကျင့်ကြံခြင်းတွင်မူ သူက အချိန်မဆွဲချေ။ ကျန်သည့်ရက်များတွင် သွေးချီများကိုစုပ်ယူကာ တစ်နေကုန်စေပြီး ထာဝရအသက်ရှည်နည်း၏ ဒုတိယတွဲ ဖြစ်သော ထာဝရကောင်းကင်ဘုရင် ကို ဆက်ကျင့်ကြံနေသည်။

ထာဝရကောင်းကင်ဘုရင်၏ ပထမအဆင့်မှာ သူပြီးပြည်စုံစွာအောင်မြင်သွားသည့် ဆင်ဆယ်ကောင်ဝိညာဥ်ရိုင်း ခန္ဓာကိုယ်ဖြစ်သည်။
ဒုတိယအဆင့်မှာ ဝိညာဥ်ရိုင်းဆယ်ကောင်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ဖြစ်၏။ သူ၏ လုံ့လဝီရိယနှင့် ပြင်းပြင်းထန်ထန် အားထုတ်မှုအပြင် သွေးစွမ်းအင် နတ်စင်ဂိုဏ်းမှာ ထာဝရအသက်ရှည်နည်းပညာရပ်အတွက် မြင့်မြတ်နယ်မြေဖြစ်နေခြင်းကြောင့် အဆက်မပြတ်သွေးချီစုပ်ယူနေသဖြင့် ဝိညာဥ်လေးကောင်စွမ်းအားသို့ မကြာမီပင် အဆင့်တက်သွားလေသည်။

သူမည်မျှသန်မာနေကြောင်း စမ်းသပ်ရန်နည်းလမ်းမရှိသော် ငြား တွက်ချက်စစ်ဆေးမှုအချို့ပြုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ကြောက်ခမန်းလိလိ စွမ်းအားကြီးနေပြီဟု အခိုင်အမာယုံကြည်လိုက်သည်။

အမှန်တကယ်ပင် သူက သူ့လမ်းရှိ အနှောင့်အယှက်အားလုံးနီးပါးကို တိုက်ထုတ်နိုင်လောက်သည်အထိ အင်အားကြီးနေပြီဖြစ်ကြောင်း သေချာလေသည်။ သူ၏ ခန္ဓာကိုယ်မှာ အလွန်တရာ သန်မာနေသဖြင့် မည်သူမျှ မထိုးဖောက်နိုင်သည့်နီးပါးပင် ဖြစ်နေချေသည်။ သူ၏ အတိုက်အခိုက်စွမ်းရည်မှာ တောင်တန်းနှင့် မြစ်ပြင်များ တုန်လှုပ်သွားစေနိုင်သည်သာမက ခုခံစွမ်းသည်လည်း အတော်မြင့်လာ၏။

အစောပိုင်းက စုန့်ချွဲ၏ အစွမ်းကုန်တိုက်မှုမှာ ပိုင်ရှောင်ချန်းအတွက်မူ ခြစ်ရာတစ်ခု ခံစားလိုက်ရသည်ထက်မပိုပေ။ ထို့ပြင် သူအန်ထုတ်လိုက်သည့်သွေးမှာ သူ့ကိုယ်ပိုင်စိတ်စွမ်းအင်ပင်လယ်ထဲမှ အားအင်ကို အတင်းဓမ္မထုတ်လိုက်ခြင်းကြောင့်သာဖြစ်သည်။

ထို့နောက် ၄င်းနေရာတွင် ထာဝရအသက်ရှည်နည်းမှ ထွက်ပေါ်လာသည့် နတ်စွမ်းအင်ဖြစ်သော တောင်ဖြိုသိုင်းရှိ၏။ သူက ထိုသိုင်းကို လေ့ကျင့်ရန် အခွင့်မရှိခဲ့ပါသော်လည်း ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များအရ ၄င်းမှာ အံအားသင့်ဖွယ် စွမ်းအားပြင်းလှကြောင်း သတိပြုမိလေသည်။

ထို့ပြင် သူက ထိုစွမ်းအားအပြည့်ထုတ်သုံးလိုက်လျှင် ဧရာမတောင်ကြီး၌ အပေါက်ပင်ဖောက်ပစ်နိုင်ကြောင်း အခိုင်အမာ ယုံကြည်လေသည်။ လူများကို ထိုးနှက်သည့်အခါတွင်မူ ထိုလူတို့ကြုံလိုက်ရမည့် ကံကြမ္မာကား မတွေးရဲစရာပင်။

” အခုတော့ ကောင်းကင်နတ်ဆိုးတွေထက် ငါက ပိုအစွမ်းထက်နေပြီကွ”

သူက ရုတ်တရက် အောက်ဘက်ရှိ ကျောက်ကြမ်းပြင်ကို တို့ဟူးယူလိုက်သလိုမျိုး လက်ဖြင့် မယူလိုက်၏။ ထိုကျောက်တုံးအား ဆွဲထုတ်ရသည့်အတွက် ဘာမှမခံစားလိုက်ရဘဲ အမှုန့်ဖြစ်အောင် ထုချေပစ်လိုက်လေသည်။

ယခင်ကထက် သူက အဆမတန် စွမ်းအားကြီးလာကြောင်း တွေးလိုက်သည်နှင့် စိတ်လှုပ်ရှားလာ၏။ သူသွေးချီများ စုပ်ယူသည့် အချိန်တိုင်းမှာလည်း မဖော်ပြနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ် ခံစားရသည်။ သူက သွေးမုန်တိုင်းသိုင်းကိုလည်း ဆက်လက်ကျင့်ကြံပြီး သွေးဓားများတည်ဆောက်ရာတွင် ပို၍ မြန်လာသည်။ ထိုသွေးဓားများမှာလည်း စွမ်းအားပိုထက်လေသည်။

သွေးချီများကို စုပ်ယူသောအခါ သူက အလယ်တောင်ထိပ်တစ်ခုလုံးကို သူ့ဘာသာသူ လှုပ်ယမ်းနိုင်သည်ဟု ခံစားနေရ၏။

သို့စေကာမူ ပွက်လောရိုက်သွားမည်ကို ကြောက်သောကြောင့် သူတကယ်တော့ မလုပ်ရဲပေ။

သူ၏ အခြေခံကျင့်စဥ်ဖြစ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တစ်ခုတည်းသော လျှို့ဝှက်တာအိုမှော်ပညာဖြစ်သည့် ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ပညာရပ်အတွက်မူ အရာအားလုံးက အစပိုင်းမှာ ခက်ခဲသော်လည်း လေ့ကျင့်ချိန်ကြာလာသည်နှင့်အမျှ လွယ်လာလိမ့်မည်ဟူသော စကားပုံအတိုင်းပင်။ထိုပညာရပ်အတွက် နဂိုက ကောင်းကင်တံတားမြစ်ရေ၏ အကူအညီကို လိုအပ်ခဲ့သည်။ သို့သော်လည်း အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်ရောက်၍ သူ၏ စိတ်စွမ်းအင်ပင်လယ်ထဲသို့ ရေတစ်စက် အောင်မြင်စွာ စုပ်ယူနိုင်ပြီးနောက် သူက ယခု ကောင်းကင်တံတားမြစ်ရေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လေသည်။ ကောင်းကင်တံတားမြစ်ရေကို တိုက်ရိုက် စုပ်ယူခြင်းက ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းမှာ လုံးဝလွှမ်းမိုးနေသည်။

ယခုတွင် သူက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်မှာဖြစ်၍ ကောင်းကင်တံတားမြစ်ရေကို ခွက်အပြည့်ပင် စုပ်ယူနိုင်လေသည်။ လျင်မြန်စွာ စုပ်ယူပြီးနောက် လေးခုမြောက် စိတ်စွမ်းအင်ပင်လယ်ပေါ်လာ၏။ ဆေးလုံးများ၏ အကူအညီဖြင့် ပိုင်ရှောင်ချန်းက ဆက်လက်ကျင့်ကြံနေပြီး တဖြေးဖြေးနှင့် သူ၏ အရှိန်အဝါမှာ ကောင်းကင်တံတားမြစ်သဖွယ်ပင် ခံစားလာရသည်။

ပိုင်ရှောင်ချန်းက သူ၏လက်ရှိအဆင့်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် လွန်စွာ အရှိန်အဝါကြီးမားခြင်းမဟုတ်သည့်တိုင် သူ့လမ်းကို ဝင်ရှုပ်မည့် ပြိုင်ဘက်မှန်သမျှအား နင်းချေပစ်နိုင်ကြောင်း သတိပြုမိ၏။

သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းကို လာပြီးနောက် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးကို တစ်ခါမှ မထုတ်ဖော်ရသေးချေ။ သို့သော်လည်း ၄င်းကို ဆက်လက်ကျင့်ကြံနေသဖြင့် တရွရွနှင့်ယားလာကာ အစွမ်းသည်လည်း ပိုကြီးလာ၏။ အကယ်၍ သူသာ ထိုမျက်လုံးကိုဖွင့်ပြီး အစွမ်းကို ဖွင့်ထုတ်လိုက်ပါက ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားလိမ့်မည်ဟု အထင်ရောက်နေလေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ လူသားထိန်းချုပ်နည်းမဟာပညာရပ်၊ သံလိုက်စွမ်းအင်တို့နှင့် ပတ်သက်ပြီး စိတ်တိုင်းမကျပေ။ ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ပညာရပ်ကို စတင်ကျင့်ကြံပြီးနောက် ထိန်းချုပ်နိုင်စွမ်းမြင့်လာပါသော်လည်း အကန့်အသတ်ရှိနေဆဲပင်ဖြစ်သည်။

သူက သံလိုက်စွမ်းအင်လေ့လာခြင်းဖြင့် အချိန်တော်တော်များများ ကုန်ဆုံးစေလိုက်ပြီး ထိုအရာ တိုးတက်ရန်အတွက် ဘယ်သောအခါမှ လက်မလျှော့ချေ။ သို့သော်လည်း သူ မကျော်လွှားနိုင်သည့် အတားအဆီးတစ်ခုသို့ ရောက်နေပုံရလေသည်။

၄င်းမှာ အလွန် စိတ်လှုပ်ရှားဖွယ်ကောင်း၏။ သို့သော် နေ့တိုင်းလေ့လာဆန်းစစ်ပြီး လေးလေးနက်နက် ဆင်ခြင်သုံးသပ်ခြင်းမှ လွှဲ၍ သူတတ်နိုင်သည့် အရာမရှိချေ။

နောက်ထပ် သူတွေးတောနေသည့် အခြားအရာရှိသေး၏။ ထိုအရာမှာ စုန့်ကျင်းဝမ်က သူ၏ အကူအညီလိုအပ်ကြောင်း ပြောလိုက်သည့် အလယ်တောင်ထိပ် သွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲဖြစ်သည်။

“စုန့်ကျင်းဝမ်သာ သွေးသခင်ဖြစ်သွားလို့ကတော့ မဟာအကြီးအကဲ နေရာ လစ်လပ်သွားမှာပဲ ။ ထုံးစံအတိုင်းဆိုရင်တော့ သွေးစီးကြောင်းအကြီးအကဲ တွေထဲကနေ တစ်ယောက်ယောက်ကရာထူးတိုးရမှာ..။ ဒါပေမယ့် တော်တော်လေး နာမည်ကြီးရင်တော့ သွေးစီးကြောင်းအကြီးအကဲ မဟုတ်ရင်တောင်မှ ထည့်စဥ်းစားလိမ့် မယ်လို့
တပ်အပ်ပြောရဲတယ်”

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ စကားပြောသည့် ယုန်ဒဏ်ကို အတော် လေး ခံထားရသဖြင့် တစ်ယောက်တည်း သတိထားပြောနေ၏။ သို့သော်လည်း မဟာအကြီးအကဲနေရာလစ်လပ်နေမည့်အရေးကို တွေးလျက် သူမျက်လုံးများက တဖိတ်ဖိတ်တောက်နေလေသည်။

ထိုသည်က ထာဝရတည်မြဲခြင်းအမွေအနှစ်ကို ရရှိရန် အကြီးမားဆုံး အခွင့်အရေးဖြစ်ကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

“ငါကအခု သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းမှာ စုန့်ချွဲနဲ့တန်းတူ ကျော်ကြားနေပြီ။ အဲ့အဓိပ္ပါယ်က သွေးစီးကြောင်း အကြီးအကဲတွေရဲ့ အထက်မှာ ရှိတဲ့သဘောပဲ။ ဒါပေမယ့် မဟာအကြီးအကဲ ဖြစ်လာဖို့အထိတော့ မကျော်ကြားသေးဘူး.။ နောက်လနဲနဲကြာရင် ပိုပြီး နာမည်ကြီးလာဖို့ တစ်ခုခုတော့ လုပ်ရမယ် ။ ကောင်းကောင်းဆိုးဆိုးကွာ… လူသားတာအိုအခြေခိုင်မာခြင်းအဆင့်မှာပဲရှိသေးပေမယ့် ငါဘယ်လောက် အံသြစရာကောင်းပြီး မယုံနိုင်လောက်အောင်ထူးကဲတဲ့ ပညာရှင်ဖြစ်တယ်ဆိုတာကို လူတွေကို ပြဖို့လိုတယ်”

သူ၏မျက်လုံးများမှာ ယခင်ကထက် ပို၍ တောက်ပလာ၏။

ထို့နောက် ရက်များ ကုန်လွန်သွား၏။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကြား စစ်ပွဲမှာလည်း တစ်ဖက်နှင့် တစ်ဖက် ရေကုန်ရေခမ်း တိုက်ခိုက်နေသည့် အဆင့်ကိုပင် ရောက်နေလေသည်။

စစ်ပွဲ အဆုံးမသတ်သေးသည်နှင့် ပတ်သက်၍ သတင်းများ ပျံ့ လာ၏။ မှန်သည့်သတင်းမှန် ပြီး အတုအယောင်သတင်းများလည်း ရှိသည်။ သို့စေကာမူ ထိုသတင်းများကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ ထိတ်လန့်နေကြ၏။ တချိန်တည်းမှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပြင်ဆင်မှုများမှာ အပြီးသတ်ခါနီးဖြစ်နေကာ ဂိုဏ်းသားများမှာလည်း မထင်ရှားသော ဒေသများသို့ အထောက်တော် စေလွှတ်ခြင်းခံရလေသည်။

ဂိုဏ်းအပေါ်တွင် ဝဲပျံနေသည့် သွေးတိမ်တိုက်များ တဖြည်းဖြည်းထူထပ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အဆင့်အထိ ဖိအားများတိုးလာနေသည်ကို ပိုင်ရှောင်ချန်း တွေ့ရလေသည်။ သွေးချီများပင်လျှင် ပို၍ စွမ်းအားပြင်းလာလေသည်။

ပိုင်ရှောင်ချန်းက ဂူပိတ်ကျင့်ကြံနေပြီး အပြင် သို့ ထွက်ခဲသော်လည်း ညမုဆိုးနှင့်ပတ်သက်သည့် ပုံပြင်များက ဆက်လက် ပျံ့နှံ့နေကာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင် ထူးခြားဆန်းပြားလာကာ လက်တွေ့ပင် မကျတော့ချေ။

အကြောင်းအရင်းတချို့ကြောင့် လူအများစုက စုန့်ချွဲ ဘာကြောင့် ဂူပိတ်ကျင့်ကြံရန် အပြစ်ပေးခံရခြင်းကို သိကြလေသည်။ ထိုအရာများမှာ လူအများက ညမုဆိုးကို ဒေါသထွက်ကာ မနာလိုစေရန် တွန်းအားပေးနေသလိုပင် ဖြစ်လာတော့သည်။အချိန်များကုန်ဆုံးလာသည်နှင့် အလယ်တောင်ထိပ်ကျင့်ကြံသူများမှာ သူ့ကို ပို၍ မုန်းလာသည့်အပြင် ပို၍ ကြောက်လန့်လာလေသည်။

လူများမှာ ညမုဆိုး နှင့် သခင်မလေး ရွှယ်မေ့ တို့ ဘယ်လိုအဆင်မပြေခဲ့ကြောင်းကိုပင် စတင်ပြောလာကြပြီး သူမက သူ့အား မြေမြှပ်ပစ်စေရန်ပင် ဆုတောင်းနေကြတော့သည်။

” သခင်မလေး ရွှယ်မေ့ရေ.. ထွက်လာပြီး ညမုဆိုးကို သင်ခန်းစာပေးလိုက်စမ်းပါဗျာ”

” ညမုဆိုး က ကြောက်ဖို့ အရမ်းကောင်းတာ..။သူ့ကြောင့် အလယ်တောင်ထိပ်နဲ့ ရုပ်အလောင်းတောင်က သူတွေအကုန်လုံး ဒုက္ခရောက်ခဲ့ကြရတာ”

“အလယ်တောင်ထိပ် မဟာအကြီးအကဲက ညမုဆိုး ကို အမြဲဘေးမှာ ထားထားတာ…။ သခင်မလေး ရွှယ်မေ့ရေ.. ကျေးဇူးပြုပြီး ထွက်လာပြီး သူ့ကို ခေါင်းဖြတ်ပစ်လိုက်စမ်းပါ”

ရွှယ်မေ့က ထိုကဲ့သို့ တောင်းဆိုချက်များကို နေ့တိုင်းနီးပါး လက်ခံရရှိလေသည်။ တချိန်တည်းမှာပင် ညမုဆိုးပုံပြင်များသည် ဆက်လက် ပျံ့နှံ့နေ၏။ နောက်ဆုံး၌ လူများမှာ သူ့ကို မိစ္ဆာဘုရင်ဟု ထင်မြင်ကြသည့် အဆင့်သို့ပင် ရောက်လာတော့သည်။

သို့စေကာမူ ရွှယ်မေ့လုပ်နိုင်သည့် အရာ များများစားစား မရှိချေ။ ညမုဆိုး ကခေါင်းဆောင်ကြီးများ၏ မျက်နှာသာပေးခြင်းခံထားရပြီး တာအိုဆေးပညာရပ်တွင် ကျွမ်းကျင်ကာ စုန့်ချွဲနှင့် အဆင့်တူသည့် ဂုဏ်သတင်းများဖြင့် အလွန်ပင် ကျော်ကြားလေသည်။

ထိုသို့သော လူတစ်ယောက်မှာ ရွှယ်မေ့ကအလွယ်လေးတိုက်နိုင်သည့် တစ်စုံတစ်ယောက်မဟုတ်ပေ။ ထို့အပြင် သူက သာမန်ထက်ထူးကဲသော အတိုက်အခိုက်စွမ်းအားများကို ပိုင်ဆိုင်ထားကြောင်း သတိထားမိပြီး သူမသာ သူ့ကို တိုက်ပါက လွယ်လင့်တကူမနိုင်နိုင်ကြောင်း သိလေသည်။

ထို့ကြောင့် သူမက အင်မော်တယ်ဂူထဲတွင် တင်ပျဥ်ခွေထိုင်လိုက်ကာ ပြဿနာကို ချင့်ချိန်စဥ်းစား နေသဖြင့်သူမ၏မျက်လုံးထဲတွင် သွေးအေးရက်စက်သော အခိုးအငွေ့များတောက်လောင်နေလေသည်။ သူမ အထင်မမှားပါက တစ်စုံတစ်ယောက်က ညမုဆိုးအား သတ်ချင်နေသည့် သူမ၏စိတ်ကို ဆွပေးနေခြင်းဖြစ်မည်။

အဆုံးသတ်၌ သူမက ထိုကဲ့သို့ ကိစ္စမျိုးမည်သူလုပ်သည်ကို ဂရုမစိုက်တော့ပေ။ ထို့နောက်တွင် သူမက ညမုဆိုး ကို အစိမ်းလိုက်ပင် ဝါးစားချင်နေပြီ ဖြစ်သည်။

“သွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲစဖို့က သိပ်မလိုတော့ဘူး။ ပြီးရင် အဲဒီ အပျက်မ စုန့်ကျင်းဝမ် နဲ့ ငါ မျက်နှာချင်းဆိုင်တွေ့ရတော့မယ် ။ စုန့်ကျင်းဝမ်က ညမုဆိုးဆီက အကူအညီတောင်းမှာပဲ..ဒါကြောင့် ..သူ့ကို ရှင်းလိုက်မှပဲ ငါ့အတွက် အခွင့်အရေးရမှာ”

မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များပိုပြင်းထန်လာလျက် ရွှယ်မေ့က ကျောခမ်းဖွယ် တခစ်ခစ်ရယ်လိုက်၏။

” ညမုဆိုး ဆိုတဲ့ နာမည်ကို အရင်က ကြားတောင် မကြားဖူးဘူး ။ မြေခဓားချောက်က ပြန်လာမှပဲ ချက်ချင်းကြီး ထိပ်ဆုံးရောက်လာတာ…လူစားလဲလိုက်သလိုပဲ။.. ထူးဆန်းတယ် ”

“လုံးဝ မသင်္ကာစရာပဲ… ဘာကြောင့်လဲဆိုတာ ငါရှာရမယ်”

သူမက သူ့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်မှန်း သိသဖြင့် လျှို့ဝှက်ကြံစည်ရန်ပြင်လိုက်သည်။ ထို့ပြင် ဂိုဏ်းက စစ်ပွဲဖြစ်လုဆဲဆဲဖြစ်နေသဖြင့် အကျိုးဆက်အနေဖြင့် အဖျက်အဆီးအငွေ့အသက်များ ပို၍ကြီးမားလာလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset