တန်ဝမ်က ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်လိုက်သည်။ အဘယ်ကြောင့် သူက ကျောင်းတော်ကို ပင် ဝင်ခွင့်မရသေးဘဲ တိုက်ခိုက်ချင်နေရသနည်း။
သို့သော်လည်း မူယွန်နီကား အလွန် ရိုင်းစိုင်းလှသည်။ အကယ်၍ သူမ၏ဆရာမအား ထိုကဲ့သို့ စော်ကားခံရပါကလည်း သူမက သည်းခံနိုင်မည် မဟုတ်ပေ။
“ဒွန်ဟိုင်ကျောင်းတော်မှာ ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် အနိုင်မကျင့်ရဘူး… ဒါပေမဲ့… စိန်ခေါ်ပွဲတွေကိုတော့ အားပေးတယ်… ဒါကြောင့် နှစ်ဖက်လုံးက လိုလိုလားလား ယှဉ်ပြိုင် တိုက်ခိုက်တာဆိုရင် ဒွန်ဟိုင်ကျောင်းတော်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး… ဒါပေမဲ့ နှစ်ဖက်လုံးက အခြေအနေ မဆိုးရွားအောင် ထိန်းဖို့လိုတယ်… ဆိုလိုတာက အပြန်းအထန် ဒဏ်ရာမရဖို့လိုတယ် …”
ရီဖူရှင်း အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။ တန်ဝမ်က အဘယ်ကြောင့် သူ့အား မယုံကြည်ရသနည်း။
ရီဖူရှင်းနှင့် တန်ဝမ်တို့၏ စကားများအား ကြားပြီး မူယွန်နီတို့ အုပ်စုလည်း သွားနေရာမှ ရပ်လိုက်သည်။ မူယွန်နီက ရီဖူရှင်းအား နားမလည်သလို ကြည့်လိုက်သည်။ သူမ၏ဘေးမှ တစ်ယောက်က ပြောလိုက်သည်… “မူယွန်နီ… ဒီကောင်က နင့်-င်ကို ကန်ချင်နေတယ်…”
မူယွန်နီက ရီဖူရှင်းအား သရော်လိုက်သည်… “ဘာလို့ ဒေါသထွက်နေတာလဲ… ကျွန်မပြောတာ မှားလို့လား… အဖေ့ဆီမှာ လာပြီး တောင်းပန်နေတာ ဘယ်သူလဲ… ဒီအစား ကျွန်မကို ဘာလို့ မတောင်းပန်ရတာလဲ… ကျွန်မက စိတ်ကောင်းဝင်ပြီး အဖေ့ကို ပြောပေးရင် အဖေက လက်ခံပေးရင် လက်ခံမှာပေါ့… ဟဟ…”
ရီဖူရှင်းက မူယွန်နီအား ပြောလိုက်သည်… “ကျုပ် သည်းမခံနိုင်တော့ဘူး…”
“ဒါဆို ဘာဖြစ်လဲ…” မူယွန်နီက ပြုံးနေဆဲ… သူမ၏ဘေးမှ လူများအားလုံးက ဝိုင်း၍ ရယ်မောလိုက်ကြသည်။
“ဒါဆို…” ရီဖူရှင်းက အော်လိုက်သည်… “ယူချင်း…”
“ငါအဆင်သင့်ပဲ…” ယူချင်းက လက်ဆစ်များ တဖြောက်ဖြောက်မည်အောင် ချိုးလျက် ရှေ့ကို ထွက်လာသည်။ ထိုအခိုက် တန်ဝမ်က သည်ကြီးမားသော ကောင်လေးမှာ တောရိုင်းသတ္တဝါတစ်ကောင် ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏ကိုယ်မှ အန္တရာယ်ရှိသော အငွေ့အသက်များ ရနေသည်။
“မင်းက ကြယ်သုံးပွင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေးသမားပဲ… မင်းက တိုက်ခိုက်ဖို့ ကြောက်ရွံ့မယ်လို့တော့ ကျုပ်မထင်ဘူး…” ရီဖူရှင်းက မူယွန်နီအား ပြောလိုက်သည်။
“ယွန်နီ… သူ့ကို… ငါ ရင်ဆိုင်လိုက်မယ်…” သူမ၏ဘေးမှ ကောင်လေးက ပြောလိုက်သည်။
“ကျုပ်က မင်းတို့တွေ အကုန်လုံးကို စိန်ခေါ်တယ်…” ယူချင်းက ကြေညာလိုက်သည်။ တန်ဝမ် ထိတ်လန့်သွားသည်။ ယူချင်းက အလွန် သန်မာသည်ဟု သူမ ခံစားမိသော်လည်း ထိုလူအားလုံးကို စိန်ခေါ်ခြင်းက ယုံကြည်မှု လွန်ကဲနေခြင်းဟု သူမထင်သည်။ သူက ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသား ခြောက်ယောက်အား တစ်ပြိုင်တည်း စိန်ခေါ်သည်။ ထိုအထဲတွင် မှော်ထိန်းချုပ်သူများပင်လျှင် ပါဝင်နေနိုင်သည်။
ရီဖူရှင်းအား ကြည့်ရသည်မှာလည်း စိုးရိမ်မှု မြူမှုန်တစ်စက်မျှပင် သူ့ထံတွင် မတွေ့ရပေ။ ယူချင်းကား နိုးထခြင်း အဆင့်ခုနစ်ရောက်ပြီးသည့် အချိန်မှစ၍ သူ၏အဖေထံမှ ဆက်ခံရရှိသော ပညာရပ်အား လေ့ကျင့်နေခဲ့သူ ဖြစ်သည်။ ထို့အပြင် သူကား ခြွင်းချက်မရှိ ပါရမီရှင်ဖြစ်သည်။ ထို့ကြောင့် သူ၏စွမ်းအင်များကား တန်ခိုးအဆင့်ဖြင့် တိုင်းတာ၍ မရနိုင်ပေ။
သူက ယူချင်း ဘာလုပ်နေသည်ကို သိသည်။ အကယ်၍ သူက တစ်ယောက်ချင်း စိန်ခေါ်နေပါက အခြားလူများလည်း ပါဝင်လာနိုင်သည်။ သို့ဆိုလျှင် သာမန် စိန်ခေါ်ပွဲကို ကျော်လွန်၍ ပြဿနာအချို့ ဖြစ်လာနိုင်သည်။ သူတို့ကား သည်နေရာနှင့် အစိမ်းသက်သက်ဖြစ်သည်။ ထို့ကြောင့် သူတို့က စည်းမျဉ်း စည်းကမ်းများအား အလေးထားလိုက်နာရန် လိုအပ်သည်။ ယူချင်းက ထိုကျောင်းသားများအား တစ်ပြိုင်တည်း စိန်ခေါ်ခြင်းကား အလွန်လှသော အကွက်ဟု ပြောနိုင်သည်။ မှန်သည်… ထိုအတွေးကား ယူချင်း၏စွမ်းအားများအား ယုံကြည်မှုရှိသော ရီဖူရှင်းထံမှ လာခြင်းသာဖြစ်သည်။
မူယွန်နီနှင့် သူမ၏အစ်ကိုတို့က အနည်းငယ် ရှက်ရွံ့သွားပုံရသည်။ သူတို့၏အိမ်လို့လာကာ သူတို့၏အဖေထံ လာရောက် ခိုလှုံရန် ကြိုးစားခဲ့သော သူက ယခု သူတို့အားလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်နေခြင်းက လူပုံအလယ် သူတို့အား ပါးရိုက်သည်နှင့် တူလှသည်။
“မင်းကိုယ်တိုင်က မေးလာမှတော့ ငါတို့က ဘယ်ငြင်းလို့ ကောင်းမလဲ…” သို့သော်လည်း သူကား မိမိကိုယ်ကို ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ သူကား အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးသော်လည်း ကြယ်လေးပွင့် ကောင်းကင်အဆင့် မှော်ထိန်းချုပ်သူဖြစ်သည်။ သူကား အမှန်ပင် ဒွန်ဟိုင်ကျောင်းတော်၏ ထိပ်တန်းကျောင်းသား တစ်ယောက်ဖြစ်၏။
သူက စိန်ခေါ်မှုအား သဘောတူလိုက်သည်နှင့် ယူချင်းက မြေကြီးအား ဆောင့်ကုန်လိုက်ကာ မူယွန်ချိန်ထံ တစ်ရှိန်ထိုး တိုးဝင်သွားသည်။ သူကား ယမန်နေ့က ဟွာဖန်းလူအား အရှက်ခွဲခဲ့သည့် အချိန်ကတည်းက သည်းခံစိတ် ကုန်ဆုံးနေပြီဖြစ်သည်။ သည်အချိန်ကား သူတို့ကို ပြန်၍ သင်ခန်းစာ ပေးသင့်ပြီဟု ယူချင်း တွေးထားသည်။
မြေစိုင်မြေခဲများ လွင့်စဉ်သွားပြီး ယူချင်း၏ကိုယ်မှ ရွှေဝါရောင် ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလာပြီး ရွှေချပ်ဝတ်အင်္ကျီ ဖြစ်ပေါ်လာသည်။ ထိုချပ်ဝတ်အင်္ကျီဖြင့် ယူချင်းကား ပိုမို၍ အရပ်ရှည်လာကာ သူက နတ်ဘုရားမှ စေလွှတ်လိုက်သော တမန်တော်အလား ထင်ရ၏။
“ဒီကောင်လေး…” တန်ဝမ် ထိတ်လန့်သွားသည်။ ယူချင်းက မူယွန်ချိန်ထံသို့ မရောက်သေးသော်လည်း တန်ဝမ်က အဝေးမှပင် ယူချင်း၏ ကြောက်မက်ဖွယ် စွမ်းအင်များအား ခံစားနေရသည်။
တန်ဝမ်တစ်ယောက်တည်း မဟုတ်ဘဲ စိန်ခေါ်ခံရသော လူများကလည်း ယူချင်း၏ စွမ်းအင်များအား ခံစားကြရသည်။ လူနှစ်ယောက်က ရှေ့ကို တက်လိုက်ပြီး သူတို့က စွမ်းအင်များအား စုစည်းလိုက်ကြသည်။ တစ်ယောက်က ယူချင်းအား ဖမ်းချုပ်ရန် သံကွင်းကြိုးတစ်ပင် ဖန်တီးလိုက်ပြီး နောက်တစ်ယောက်က သူ၏မျက်လုံးမှ ရွှေရောင်မြားတစ်စင်း ပစ်လွှတ်လိုက်သည်။
ယူချင်းက သူ၏တိုက်ခိုက်မှုအား သူ၏လက်ဖြင့် ရိုးရှင်းစွာ ကာကွယ်လိုက်သည်။ ရွှေရောင်မြားက ယူချင်း၏လက်နှင့် ထိမိသည်နှင့် ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။
သူတို့က ယူချင်း၏အနီးကပ် တိုက်ခိုက်မှုအား ရှောင်ဖယ်ရန် ကြိုးစားနေစဉ်မှာပင် ယူချင်းကား သူတို့၏အနီးကို ရောက်ရှိလုနီးနေပြီ ဖြစ်သည်။ သူတို့၏အမြန်နှုန်းကား ထိပ်တန်းဖြစ်ပြီး သူတို့မှာ မှော်ပညာ တစ်ခုတည်းကိုသာ လေ့ကျင့်သည် မဟုတ်ဘဲ သိုင်းပညာကိုပါ လေ့ကျင့်သူများ ဖြစ်ကြသည်။
သူတို့အတွက် ကံဆိုးသည်မှာကား ယူချင်းက သူတို့ထက် အဆမတန် မြန်ဆန်လွန်းခြင်း ဖြစ်သည်။ နောက်ဆုတ်မည်ကြံလျှင် ရွှေရောင် လူ့ဘီလူးကြီးက သူတို့၏ပြေးလမ်းကို ပိတ်ထားသည်ကို တွေ့ရ၏။ သူတို့ကား အလွန် ထိတ်လန့်နေပြီ ဖြစ်သည်။ ယူချင်းကဲ့သို့ သူတို့အား ချောင်ပိတ် တိုက်ခိုက်နိုင်သောသူကို သူတို့လုံးဝ မမြင်ဖူးပေ။ သူတို့က အားကုန် မတိုက်ခိုက်မီကပင် ယူချင်း၏ လျင်မြန်လွန်းသော လှုပ်ရှားမှုက သူတို့အား ရှုံးနိမ့်စေပြီးဖြစ်သည်။
ဘန်းခနဲ မြည်သံနှင့်အတူ ယူချင်း၏လက်များက သူတို့ကို လွှဲရိုက်လိုက်သံ မြည်လာကာ ဖွဲအိတ်များပမာ ထိုနှစ်ယောက်မှာ အဝေးသို့ လွင့်စဉ်သွားသည်။
ယူချင်းက မူယွန်နီထံသို့ ဆက်လက် တိုးဝင်သွားသည်။ သူ၏ခြေလှမ်းများကြောင့် မြေကြီးများ တုန်ခါနေသည်။ ထိုအခိုက် မူယွန်နီ၏မျက်နှာကား ကြောက်ရွံ့မှုကြောင့် ပြာနှမ်းနေပြီ။ ယခုမှပင် သည်ကောင်လေးမှာ သူမထက် အဆမတန် စွမ်းအားမြင့်ကြောင်း သိလိုက်၏။
“သွားတော့… ငါ ရင်ဆိုင်လိုက်မယ်…” မူယွန်ချိန်က သူ၏ညီမအား ပြောလိုက်သည်။ မူယွန်နီကား လိုက်နာရုံမှ မတတ်နိုင်တော့။ သူမက အန္တရာယ်ကင်းသည်ဟု ယူဆရသော နေရာသို့ ဆုတ်သွားကာ တိုက်ခိုက်မှုအား စောင့်ကြည့်လိုက်သည်။ သူမ၏အစ်ကိုက သည်ကောင်လေးအား အနိုင်ယူနိုင်မည်ဟု ယုံကြည်ကာ သူတို့မောင်နှမ နှစ်ယောက်ပေါင်းလျက် ရီဖူရှင်းအား တိုက်ခိုက်နိုင်မည်ဟု တွေးထားသည်။
ဒွန်ဟိုင်ကျောင်းတော်မှ တခြား ကျောင်းသားများမှာလည်း တိုက်ခိုက်မှုကြောင့် စိတ်ဝင်တစား ဝိုင်းရံလာကြသည်။ သူတို့က ယူချင်းအား မြင်လိုက်သည်နှင့် သူ့အား ကျောင်းတော်တွင် တစ်ခါမှ မမြင်ဖူးသည်ကို ထူးဆန်းသလို ခံစားကြရ၏။ သူတို့က ယူချင်း၏ အားမာန်ပြင်းထန်သော ပုံဟန်ကို ကြည့်ကာ ဒွန်ဟိုင်ကျောင်းတော်မှ ကျောင်းသား ဖြစ်ရမည်ဟု တွေးလိုက်ကြသည်။
မူယွန်ချိန်ကလည်း သူ၏အဖေထံမှ ဆက်ခံရရှိသော မူလဝိညာဉ်အား ထုတ်လွှတ်လိုက်သည်။ သူ၏ မူလဝိညာဉ်ကား ရွှေဝါရောင် သိမ်းငှက်ဖြစ်သည်။
ရွှေဝါရောင် သိမ်းငှက်ကား အားကောင်းသော သတ္တဝါဆန်းဖြစ်ပြီး လေဓာတ်စွမ်းအင်ကို အထူးပြုသည်။ ထိုသတ္တဝါကား ရီဖူရှင်း၏နတ်ငှက်နှင့် ဆင်တူသော်လည်း တကယ့်စွမ်းအင်မှာမူ မိုးနှင့်မြေ ကွာခြားလှသည်။
သူ၏မူလဝိညာဉ်အား ထုတ်လွှတ်လိုက်သည်နှင့် မူယွန်ချိန်၏ကျောတွင် အတောင်ပံတစ်စုံ ပေါ်လာသည်။ သူကား လေပေါ်တွင် ပျံဝဲနေပြီး လေဓာတ်စွမ်းအင်များက သူ့အနီးတွင် လေပွေအလား လှည့်ပတ်နေကြသည်။ ထိုလေဓာတ်စွမ်အင်များက ချွန်မြသော လှံသွားများအဖြစ် ပြောင်းလဲသွားပြီး ယူချင်းအား ချိန်ရွယ်လိုက်သည်။
“သွားစမ်း…” မူယွန်ချိန်၏ အတောင်ပံများ လှုပ်ခတ်သွားသည်နှင့် ထိုလေဓာတ်လှံသွားများက ယူချင်းထံ လျင်မြန်စွာ တိုးဝင်သွားကြသည်။ သူ၏အတောင်ပံမှ ထောက်ပံ့လိုက်သော လေဓာတ်စွမ်းအင်များကြောင့် လှံချွန်များကား ထင်ထားသည်ထက် မြန်ဆန်လှသည်။
ယူချင်းက ထိုတိုက်ခိုက်မှုကိုလည်း မရှောင်ပေ။ သူက ထိုလှံချွန်များအားလည်း သူ၏လက်ဖျံဖြင့် ကာလိုက်ပြန်သည်။ မှော်ဆရာတစ်ယောက်၏တိုက်ခိုက်မှုအား သိုင်းပညာစွမ်းအင်ဖြင့် ကာကွယ်၍ ရသည်ကို ယခုမှပင် မြင်ဖူးကာ လူတိုင်းက ထိတ်လန့် အံ့အားသင့်သွားကြသည်။
ယူချင်း၏လက်များက ထိုလှံချွံများဖြင့် ထိမိသည်နှင့် ရွှေရောင် အရိပ်တစ်ခုက သူ၏ကိုယ်ခန္ဓာအား လွှမ်းခြုံသွားသည်။ ရွှေရောင်အရိပ်က မကြာခင် ဝဲဂရက်တစ်ခု ဖြစ်သွားကာ စကြဝဠာ စွမ်းအင်များအား စတင် စုစည်းလိုက်သည်။ ထိုလှံချွန်များမှာလည်း ထိုဝဲဂရက်၏ကြားထဲ နစ်မြုပ်သွားပြီး ယူချင်း၏လက်မှ ဆူးချွန်များ ထွက်ပေါ်လာကြသည်။
မူယွန်ချိန်က သူ၏တိုက်ခိုက်မှုအား လက်မလျှော့ပေ။ သူက အထက်ဆုံးသော လှံချွန်တစ်ခုအား ဆုပ်ကိုင်ကာ ယူချင်းထံ လျင်မြန်စွာ တိုးဝင်သွားသည်။ သူ၏ကိုယ်ခန္ဓာကား လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ လူအချို့က ယူချင်းအား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
ယူချင်းက သူ၏လက်များအား လှုပ်ခါလိုက်လျှင် သူ၏လက်များမှ ဆူးချွန်များက မူယွန်ချိန်ထံသို့ တိုးဝင်သွားကြသည်။ မူယွန်ချိန်က လျင်မြန်စွာ အတောင်ပံများဖြင့် သူ၏ကိုယ်ခန္ဓာ တစ်ခုလုံးကို ကာကွယ်လိုက်သည်။ ထိုဆူးချွန်များက အတောင်ပံများဖြင့် ထိမိကာ ပျက်စီးသွားကြသည်။ သို့သော် သူက အတောင်ပံများအား တစ်ဖန် ပြန်ဖွင့်လိုက်လျှင် ယူချင်းက သူ့အနီးသို့ လျင်မြန်စွာ ပြေးလာသည်ကို ထိတ်လန့်တကြား မြင်လိုက်၏။
မူယွန်ချိန်ကား ပြေးရန်မှတစ်ပါး တခြား မလုပ်တတ်တော့။
ယူချင်းကလည်း အလွယ်တကူ လွှတ်ပေးရန် စိတ်ကူးရှိပုံမရပေ။ သူက မြေကြီးအား ဆောင့်ကန်လိုက်လျှင် ရွှေရောင်အလင်းတန်းအလား မူယွန်ချိန်ထံသို့ တိုးဝင်သွားသည်။ သူဆောင့်ကန်ခဲ့သော မြေနေရာကား အက်ကွဲကျန်ရစ်ခဲ့၏။
“သတိထား…” မူယွန်နီက သူမ၏အစ်ကိုအား သတိပေးလိုက်သည်။ သို့သော် နောက်ကျသွားပြီ… မူယွန်ချန်ထံ ရွှေရောင်လက်တစ်ဖက်က ရောက်ရှိလာကာ လည်မျိုအား ဖမ်းဆုပ်လိုက်သည်ကို ထိတ်လန့်တကြား ခံစားလိုက်ရ၏။ ယူချင်းက မူယွန်ချိန်အား လေထဲတွင် မြှောက်လိုက်ပြီးမှ မြေကြီးအား ပစ်ပေါက်လိုက်လျှင် ဝုန်းခနဲ မြေကြီးနှင့် ထိမိသံနှင့်အတူ မူယွန်ချိန်မှာ တလိမ့်ခေါက်ကွေး ကျသွားသည်။ သူကား မလှုပ်ရှားနိုင်တော့။
“ဘယ်လို သတ္တဝါလဲဟ…” ပရိသတ်များက ထိုအတိုင်းအဆမဲ့ စွမ်းအင်အား ကြည့်ကာ ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။ ယူချင်း၏စွမ်းအင်က သိုင်းပညာအပေါ် သူတို့၏အမြင် ပြောင်းလဲစေသည်။ မှော်ထိန်းချုပ်သူအား မြေကြီးပေါ်ကို ပစ်ပေါက်နိုင်သော သိုင်းသမားအား သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး မကြားဖူးပေ။
ယူချင်းက မူယွန်နီထံသို့ ဆက်လှမ်း သွားလိုက်သည်။ မူယွန်နီ၏ဘေးမှ အဖော်များကား မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်းပင် မသိလိုက်ပေ။ သူတို့ကား ယူချင်းနှင့် တိုက်ခိုက်ရန် စိတ်ကူး လုံးဝမရှိကြတော့။ မူယွန်ချိန်လို မှော်ထိန်းချုပ်သူပင်လျှင် ယူချင်းထံတွင် ဆိုးရွားစွာ တိုက်ခိုက်ခံရလျှင် သူတို့ဆိုလျှင် ဆိုဖွယ်မရှိတော့။
“ရှင်… ရှင်… ဘာလုပ်မလို့လဲ…” မူယွန်နီက ယူချင်း သူမထံ လျှောက်လာသည်ကို ကြည့်ကာ ထိတ်လန့်စွာ မေးလိုက်သည်။ သူမကလည်း သူမ၏မူလဝိညာဉ် ရွှေဝါရောင်သိမ်းငှက်ကြီး အားထုတ်လွှတ်ကာ ပြေးရန် ကြိုးစားလိုက်သည်။
သူမ၏အနည်းငယ်သော ရုန်းကန်အားက ယူချင်းအတွက် မပြောပလောက်ပေ။ သူက မူယွန်နီအား သူ၏လက်ဖြင့် အလွယ်တကူ ဖမ်းကိုင်လိုက်သည်။ ထိုတောရိုင်း သတ္တဝါကဲ့သို့ သန်မာ အားကောင်းလှသော ပုံဟန်အားကြည့်ကာ ရုန်းကန်ရန်ပင် သူမ သတိမရတော့။
ထိုအခိုက်တွင်ပင် ယူချင်းက သူမအား သူမ၏အစ်ကို ရှိနေရာနားသို့ ဆွဲခေါ်လာသည်။
“ငါ့ကိုလွှတ်…” သူမက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ယူချင်းက သူမ၏အစ်ကို ရှိနေရာသို့ သူမအား ပစ်ပေါက်လိုက်သည်။ မောင်နှမနှစ်ယောက်လုံး နောက်ဆုံးတွင် နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
“မင်းတို့အဖေက သူ့ဆရာဖြစ်ဖို့ မထိုက်တန်ဘူးဆိုတာ သိပြီမလား…” ယူချင်းက မနေ့က သူတို့အား အရှက်ခွဲခဲ့သမျှ ပြန်၍ အရှက်ခွဲလိုက်သည်။ ဟွာဖန်းလူက ရီဖူရှင်းတို့အား ခေါ်ဆောင်ကာ သူတို့မိသားစုထံ အကူအညီ သွားတောင်းသည်။ သူတို့က ငြင်းပယ်ခဲ့ရုံသာမက စော်ကားခဲ့ကြသည်။ ယခုမူကား ယူချင်း၏စကားက တိုက်ခိုက်၍ ရှုံးနိမ့်ခဲ့ရသည်ထက် အရှက်ရဖွယ် ကောင်းလှသည်။
ယူချင်း၏ ဒေါသပေါက်ကွဲမှုကား ပျက်ပြယ်သွားပြီ ဖြစ်သည်။ သူကား တော်ရိုင်းကောင်ကြီး မဟုတ်တော့…။ သာမန် သန်မာသော ကောင်လေးတစ်ယောက်သို့ ပြောင်းလဲသွားသည်။ သူက တိတ်ဆိတ်စွာပင် ရီဖူရှင်း၏ဘေးနားသို့ လျှောက်သွားလိုက်သည်။
မူယွန်ချိန်နှင့် သူ၏ညီမတို့မှ မတ်တတ်ထရပ်ရန်ပင် အတော် ကြိုးစားလိုက်ရသည်။ သူတို့က ရီဖူရှင်းနှင့် ယူချင်းအား အခဲမကျေစွာ စိုက်ကြည့်နေကြသည်။
“ကျွန်မ ရှင့်ကို မှတ်ထားမယ်…” မူယွန်နီက ဒေါသထွက်ကာ အံကြိတ်လျက် ပြောလိုက်သည်။
“သွားစမ်းပါ… မင်းအဖေကို ငါတို့ဆီမှာ အရိုက်ခံရတဲ့အကြောင်း သွားပြောလိုက်…” ရီဖူရှင်းကလည်း သရော်သလို ပြောလိုက်သည်။ မူယွန်နီကား ဒေါသအကြီးအကျယ် ထွက်နေသော်လည်း မည်သို့မျှ မတတ်နိုင်။ သူတို့က အိမ်ပြန်၍ သူမ၏အဖေကို တိုင်ပြောရန်မူ ပို၍ရှက်စရာ ကောင်းလှသည်။
မူယွန်ချိန်နှင့် သူ၏ညီမမှာ စိတ်ပျက်ဝမ်းနည်းမှုအား ဖုံးကွယ်နိုင်ခြင်း မရှိပေ။ တန်ဝမ်က ရီဖူရှင်းအား ကြည့်လိုက်ပြီး သူမက ရီဖူရှင်းမှာ ထိုစကားများအား တမင် ပြောခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။ ဤနေရာတွင် လူအများအပြားက သည်အဖြစ်အား ကြည့်ရှုနေကြသည်ဖြစ်ရာ သူတို့က မည်သည့်နည်းနှင့်မျှ သူတို့အဖေအား ပြန်ပြောကြမည် မဟုတ်ပေ။
“ကြည့်ရတာ… ရှင်တို့ သွားသင့်ပြီ…” တန်ဝမ်က မချိပြုံး ပြုံးလိုက်သည်။ သည်ကောင်လေးများက ဒွန်ဟိုင်ကျောင်းတော်၏ ကျောင်းသားများနှင့် ယှဉ်ပြိုင်ပြီး အနိုင်ယူခဲ့ရာ ဤနေရာတွင် ဆက်လက်နေရန် မသင့်တော်တော့ပေ။
“မင်းပြောတာ ကျုပ်တို့က ဒီမှာ တိုက်ခိုက်တာကို ကျောင်းတာဝန်ရှိသူတွေက ဂရုမစိုက်ဘူးဆို…” ရီဖူရှင်းက နားမလည်တော့ပေ။
“သူတို့က ဂရုမစိုက်ဘူး… ဒါပေမဲ့ သူတို့ အတန်းဖော်တွေက ဂရုစိုက်တယ်…” တန်ဝမ်က ပြောလိုက်သည်။
“ဒါက အဆင်ပြေတယ်… ကျုပ်ချစ်သူကို လိုက်ရှာရဦးမယ်…” သူမ၏သတိပေးမှုကို ရီဖူရှင်း ဂရုမစိုက်ပေ။ တန်ဝမ်က သူ၏နောက်ကို လိုက်နေရင်းမှ အသံနှိမ့်လျက် မေးလိုက်သည်… “ရှင့်ချစ်သူက ဘယ်သူလဲ… ဟွာဂျီယူလို့တော့ မပြောပါဘူးနော်…”
“မင်း ဘယ်လိုသိလဲ…” ရီဖူရှင်းက ဟာသသံနှောလျက် ပြန်မေးလိုက်သည်။ တန်ဝမ်က ဘာမှမပြောတော့။
***