ပိုင်ရှောင်ချန်းထွက်ခွာသွားပြီးနောက် စုန့်ကျင်းဝမ်က အင်မော်တယ်ဂူထဲတွင် စိတ်ဆိုးကာ ညှိုးငယ်စွာဖြင့် ကျန်ခဲ့သည်။ သို့သော်လည်း သူမ၏ ထိုသို့သော ခံစားချက်များကို မည်သို့ ဖျောက်ဖျက်ရမည်ကို သူမက မသိနိုင်လောက်အောင်ဖြစ်နေသည်။ သူထွက်သွားသည့် ပုံရိပ်နှင့် သူမကို အေးတိအေးစက်အမူအရာဖြင့် လှည့်ကြည့်သွားသည့် သူ၏ ပုံရိပ်များကိုသာ သူမ မြင်ယောင်နေမိသည်။
” ငတုံးကောင် ညမုဆိုး။” သူမက အံကြိတ်ကာ ညည်းညူနေတော့သည်။ ထို့နောက်သူမက မြေကြီးပေါ်ရှိ ဆေးလုံးကို ငုံ့ကြည့်ကာ ဖမ်းဆုပ်ဟန်ပြုလိုက်ရာ ထိုဆေးလုံးက လေကိုဖြတ်ပျံကာ သူမ၏ လက်ဖဝါးပေါ်သို့ ရောက်လာသည်။
သူမက ထိုဆေးလုံးကို အနီးကပ်ကြည့်ရှုစစ်ဆေးလိုက်သောအခါ စိတ်နှလုံး လှုပ်ရှားသွားတော့သည်။ ထိုဆေးလုံးမှာ အဆင့်လေး ဝိညာဥ်ဆေးဖြစ်ပြီး ကျင့်ကြံခြင်းအခြေခံတိုးပွားစေရန်နှင့် ဒဏ်ရာများကုသရန် ဖော်စပ်ထားခြင်းမဟုတ်ပေ။ ထိုဆေးလုံးတွင် နှစ်လိုဖွယ် ချိုအီသော ရနံ့တစ်ခုပါဝင်သည်။
” အဆင့်လေး ဝိညာဥ်ရေမွှေးဆေးလုံးပါလား။” သူမက တအံ့တသြရေရွတ်လိုက်သည်။ သူမက ဆေးမဖော်စပ်တတ်ပါသော်လည်း အတွေ့အကြုံရှိကာ ဗဟုသုတနှံ့စပ်သူတစ်ယောက်ဖြစ်၍ ဤဝိညာဥ်ဆေးမှာ အမျိုးသမီးကျင့်ကြံသူများ သုံးရန်ဖြစ်သည့် ဝိညာဥ်ရေမွှေးဆေးလုံးဖြစ်ကြောင်းကို ချက်ချင်းပြောနိုင်ခြင်းဖြစ်သည်။
ထိုဆေးလုံးကို သုံးစွဲလိုက်ပါက ခန္ဓာကိုယ်တစ်ခုလုံးမှ အံ့သြဖွယ် မွှေးရနံ့တစ်ခု ထွက်လာမည်ဖြစ်သည်။ ထို့အပြင် အသားအရေပါ ကြည်လင်လာမည်ဖြစ်ပြီး အမာရွတ်ဟောင်းများကို ဖယ်ရှားပေးနိုင်သည်။ အဆင့်လေးနှင့်အထက် ဆေးများကမူ အရိုးများအထိပါ သန့်စင်ပေးသည်။ အဆုံးသတ်ရလဒ်များမှာ အရမ်းကြီးမထူးခြားကာ အင်မော်တယ်အလား ပြောင်းလဲခြင်းများကို မပေးစွမ်းနိုင်သော်လည်း သုံးစွဲသည့် အမျိုးသမီးတိုင်းမှာ နဂိုကထက် ပို၍ လှပလာမည်ဖြစ်သည်။
ဤသို့သော အမျိုးသားများအတွက် အသုံးမဝင်သည့် အဆင့်လေးဝိညာဥ်ဆေးလုံးမျိုးကို လေလံတင်ရောင်းချပါက ငွေကြေးမြောက်များစွာ ရရှိမည်ဖြစ်သည်။ သူမသည် စုန့်မျိုးနွယ်စုက ဖြစ်ပါသော်လည်း ဤသို့သောဆေးလုံးတစ်လုံးကို အလွယ်တကူနှင့်တော့ ရနိုင်မည်မဟုတ်ချေ။
သူမက ထိုဆေးလုံးကို ငုံ့ကြည့်ရင်း မျက်နှာထားတင်းမာမှုမှာ ပြေလျော့သွားပြီး ညမုဆိုးပြောခဲ့သည်များကို ပြန်လည်တွေးတောနေတော့သည်။ သူမက မလှုပ်မယှက်ရပ်နေစဥ်တွင် သူမ၏ နှလုံးသားမှာ တုန်ရီနေကြောင်း သတိထားမိလိုက်သည်။ အနည်းငယ်ကြာသောအခါ ထိုခံစားချက်က ပျောက်ကွယ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ပဟေဠိဆန်သော အပြုံးတစ်ခု ပေါ်လာသည်။
” ကောင်ဆိုးလေး။ မင်းကငါ့ကို တစ်ဖက်လှည့်နည်းနဲ့ ဖွန်ကြောင်နေတယ်ပေါ့။ မင်းအစထဲက ဒီလိုမျိုးလုပ်နေတာပဲ။ ဟွန့်။ ငါက အကုန်သိ အကုန်မြင်ထားပြီးပြီ ကလေးဆိုးလေးရဲ့။ မင်း အကြံကို ငါမသိဘူးလို့များ မင်းတကယ်ထင်နေတာလား။” သူမက အေးစက်စက် နှာမှုတ်ကာ ဆေးလုံးကို သန့်စင်ကြောင်း စစ်ဆေးလိုက်သည်။ ဘေးဥပါဒ် မဖြစ်နိုင်ကြောင်း သူမကသေချာသွားသောအခါ သောက်သုံးလိုက်တော့သည်။
နောက်ရက်များတွင် ပိုင်ရှောင်ချန်းမှာ သူ၏ အင်မော်တယ်ဂူထဲတွင် စိုးရိမ်တကြီးနှင့် စောင့်ကာ သူ၏ ကျားကျားလျားလျား သရုပ်ဆောင်ခဲ့မှုက အလုပ်ဖြစ်သလား မဖြစ်သလားကို စိုးရိမ်နေသည်။ တစ်ရက်တွင် စုန့်ကျင်းဝမ်က သူ၏ အင်မော်တယ်ဂူ အပြင်ဘက်သို့ ရောက်လာသည်။ သူက ချက်ချင်းပင် မတ်တတ်ထရပ်ကာ သူမကို သွား၍ ကြိုဆိုလိုက်လေသည်။ သူက အေးစက်စက် ကျားကျားလျားလျား ပုံစံဖြင့် တံခါးအပြင်ဘက်သို့ထွက်ရန် ပြင်လိုက်ချိန်တွင် သူမက ဆိုလိုက်လေသည်။
” နင်ပေးတဲ့ဆေးလုံးက ညစ်ပတ်သွားလို့ ငါလွှင့်ပစ်လိုက်ပြီ။ ငါနင့်ကို တာဝန်တစ်ခုပေးမယ်။ လိင်ဆွဲဆောင်နိုင်တဲ့ဓာတ်ပါတဲ့ ဆေးမျိုး ငါ့အတွက် ဖော်စပ်ပေး ”
ထို့နောက် သူမက ဘာမှထပ်မပြောပဲ နောက်လှည့် ထွက်ခွာသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ အနည်းငယ် အံ့သြသွားသည်။ သူမ ရောက်လာသည်နှင့် ပြန်ထွက်သွားသည့် အချိန်ကြားတွင် တစ်ခဏမျှသာ ကုန်သွားသည်ဖြစ်သည် သူမက စကားတစ်ခွန်းထဲပြောရန် လာခဲ့ခြင်းသာဖြစ်သည်။
” ဒီ မြေခွေးမကတော့ ဘာတွေ ကြံ နေပြန်ပြီလဲမသိဘူး။ ဒီအထာက ဘာအထာတုံး။”
အချိန်အနည်းငယ်ကြာသောအခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ ထို့နောက် သူက လေကို ရှူသွင်းလိုက်သောအခါ ကျေနပ်အားရသွားသည့်သဖွယ် မျက်တောင်ပင့်လိုက်သည်။
” ဒီအနံ့က သေချာပေါက် ငါ့ဝိညာဥ်ရေမွှေးဆေးလုံးရဲ့ အနံ့ပဲ။ ငါ စံပယ်ပန်းဆီအနှစ်တွေ ပိုထည့်ထားတာ။ အဲ့ဆေးကိုစားတဲ့လူတိုင်း ဒီရနံ့ထွက်မှာ အသေအချာပဲ။” သူက ချက်ချင်းဆိုပင် စိတ်သက်သာရာ ရသွားသည်။ သူမက ထိုဆေးလုံးကိုသုံးစွဲကာ သူ့ကိုဆေးလုံးများထပ်ဖော်စပ်ပေးရန် လာတောင်းဆိုခြင်းကြောင့် ယခင်က ပဋိပက္ခများ ငြိမ်းအေးသွားပြီဟု သူက မှတ်ယူလိုက်သည်။
” အမယ်လေး။ ဒီမြေခွေးမက တော်တော်တော့ လောဘကြီးတာပဲ။ လိင်ဆွဲဆောင်ဖို့ ဆေးလုံးကို သူက ဘာလို့လိုချင်ရတာတုံး။ အခုတင်ပဲ သူက ညှို့အားတွေ ဒီလောက်ပြင်းနေတာကို။ ထပ်ပြီးများ လိုချင်သေးတာလား မသိဘူး။” သူက ခေါင်းယမ်းရင်း သူ၏နှလုံးသားမှာ ရုတ်တရက်ဆိုသလို လှုပ်ခါသွားတော့သည်။ ထို့နောက် သူ၏ မျက်လုံးများမှာ ကြောက်လန့်နေသည့်အလား ပြူးလာတော့သည်။
” နေစမ်းပါဦး။ လိင်ဆွဲဆောင်မှု ဝိညာဥ်ဆေးရရင် သူက ဘာလုပ်မယ် ကြံနေတာတုံး။ သူအဲ့ဆေးစားပြီး ငါ့ကို နောက်ထပ် မြူဆွယ်ဦးမလို့လား။ ဘုရားရေ။ ဒီမြေခွေးမကတော့ ကြောက်စရာပါလား။ ” အစတွင် သူက စိုးရိမ်နေပါသော်လည်း အနည်းငယ်တွေးတောလိုက်သည့်အခါ သူက အကြံတစ်ခုရသွားလေသည်။ ထာဝရတည်မြဲခြင်း အမွေအနှစ်ကို ရယူရန် သူကိုယ်တိုင် မဟာအကြီးအကဲဖြစ်အောင် လုပ်စရာမလိုမှန်း သိသွားတော့သည်။ စုန့်ကျင်းဝမ်၏ အင်မော်တယ်ဂူထဲကိုသာ ဝင်ခွင့်ရပါက ထို အမွေအနှစ်ကို သူလျှို့ဝှက်စွာရှာဖွေရန် အခွင့်အရေး ရမည်ဖြစ်သည်။
ထိုအကြံကြောင့် သူက စိတ်လှုပ်ရှားနေပါသော်လည်း နှလုံးခုန်နှုန်းများလည်း မြန်လာတော့သည်။
” တော်တော်တော့ စွန့်စားရမှာပဲ။ ” သူကတွေးတောလိုက်သည်။
” ဒီမိန်းမက အဆိပ်ပြင်းတဲ့ မြွေမပဲ။ သူ့ကို ဒေါသထွက်အောင် မလုပ်မိဖို့ သတိထားရမယ်။ ငါသာတစ်ခုခု ချွတ်ချော်သွားလို့ကတော့ ကိစ္စတုံးပြီပဲ။ ငါ သူ့ကို ယှဥ်ချနိုင်မှာလည်းမဟုတ်ဘူး။ အဲ့တော့ သူက မဖြစ်မနေ တိုက်ခိုက်ရမယ့်အခြေအနေတစ်ခုကို ဖန်တီးလိုက်ရင် တော်တော်ကို ကြောက်စရာကောင်းမှာပဲ။” သူက မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ကာ ထိုအကြောင်းကို ဆက်၍တွေးတောလိုက်သည်။ အဆုံးတွင် သူက မေးငေါ့လိုက်သည်။ ဖြောင့်မတ်မှန်ကန်သည့် အမူအရာဖြင့် သူက အင်္ကျီလက်ကို ခါယမ်းလိုက်သည်။
” ဟုတ်ပြီကွာ။ ထာဝရအသက်ရှင်ဖို့အတွက် ဒါက အခွင့်အရေးပဲကို။ တောင့်ခံရမှာပဲ။ စုန့်ကျင်းဝမ်ကမှ တကယ်နှိပ်စပ်ချင်ရင်လည်း ငါ…ငါ… အံကြိတ်ခံရမှာပေါ့။ ” ထာဝရအသက်ရှင်နိုင်ရန်အတွက် သူက အရာရာကိုစွန့်လွှတ်ရမည်ဟုတွေးတောကာ သူ့ကိုယ်သူအတွက် ပူဆွေးရင်း စုန့်ကျင်းဝမ်အတွက် ဆေးဖော်စပ်ရန် ပြင်လိုက်တော့သည်။
ဤဆေးလုံးများကို သူက အားအကုန်စိုက်ကာ ဖော်စပ်လေသည်။ ရက်အနည်းငယ်အကြာတွင် ဆေးပေါင်းဖိုထဲမှ ဝိညာဥ်ရေမွှေးဆေးလုံးအသစ်တစ်လုံး ထွက်လာသည်။ ထိုဆေးလုံးမှာ အလယ်အဆင့် ဆေးလုံးဖြစ်သည်။
ထိုဆေးလုံးသည် အမျိုးသမီးကျင့်ကြံသူများအတွက် အထူးစီမံထုတ်လုပ်ထားခြင်းဖြစ်သည်။ အသားအရေကိုကြည်လင်စေကာ အရိုးများကို သန့်စင်ပေးနိုင်ရုံသာမက ဆွဲဆောင်မှုအားပင် ပို၍ကောင်းစေနိုင်သည်။ ထို့အပြင် သုံးစွဲလိုက်သည့် အမျိုးသမီးတိုင်းထံမှ ယောက်ျားများ ယစ်မူးသွားစေနိုင်သည့် မွှေးရနံ့တစ်မျိုးပါ ထွက်လာမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက ထိုဝိညာဥ်ဆေးကို လက်ထဲတွင်ကိုင်ကာ နမ်းရှုံ့ကြည့်လိုက်သောအခါ သင်းပျံ့သည့် မွှေးရနံ့တစ်ခုက သူ၏ မျက်နှာသို့ ဟပ်သွားသည်။ ယောက်ျားတစ်ယောက်သာ ထိုရနံ့ထဲတွင် နစ်မျောသွားပါက ပြန်နိုးထနိုင်မည်မဟုတ်ကြောင်း သူက သိလိုက်လေသည်။
” အောင်မြင်ပြီဟေ့။” သူက ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။ အချိန်အနည်းငယ်ကြာအောင် သူက အားအင်ပြန်ဖြည့်ရန်အနားယူလိုက်ပြီးနောက် ထိုဆေးရနံ့ကို သူက နောက်တစ်ခေါက် ထပ်ရှူသွင်းလိုက်သည်။ ထိုသို့ဆက်တိုက်လုပ်ရင်းဖြင့် သူက ထိုရနံ့ကို ကျင့်သားရသွားတော့သည်။ ထို့အပြင် ထိုရနံ့၏ အကျိုးသက်ရောက်မှုကို ပြန်လည်တွန်းလှန်နိုင်သည့် အစွမ်းရှိသော ဝိညာဥ်ဆေးကိုပါ ဖန်တီးနိုင်လိုက်လေသည်။ သူ၏ ခုခံအား ကောင်းမွန်သွားပြီဖြစ်ကြောင်း ယုံကြည်သွားသောအခါ သူက ထိုဆေးလုံးကို ကျေနပ်စွာစိုက်ကြည့်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်တော့သည်။ လွမ်းဆွတ်ဖွယ်ကောင်းသည့်ပုံစံဖြင့် သူက ရေရွတ်လိုက်သည်။
” ဒါတွေအားလုံးလုပ်ရတာ ထာဝရအသက်ရှင်ဖို့အတွက်ပါပဲကွာ။”
သူ၏ အင်မော်တယ်ဂူအပြင်သို့ ထွက်လိုက်သည့်အခါ ကောင်းကင်ကြီးမှာ မည်းမှောင်နေပြီဖြစ်ကြောင်း သိလိုက်ရသည် တောင်ထိပ်၏ လက်ချောင်းထိပ်ပိုင်းသို့သွားရင်း သူက စုန့်ကျင်းဝမ်ဒေါသထွက်သည့်အချိန်ရောက်လျှင် အရှုံးပေးသင့်၊ မပေးသင့် တွေးတောနေသည်။ ဘာဆက်လုပ်ရမည်မှန်း မသိလောက်အောင်ဖြစ်နေတော့သည်။
မည်သည့်ဆုံးဖြတ်ချက်ချမည်ကို ပူဆွေးကာ အံကြိတ်လျက် လမ်းလျှောက်လာရင်း အနီးအနားရှိ အခြားတောင်သွားလမ်းပေါ်တွင် ထိပ်ပြောင်သောလူတစ်ယောက်ကိုမြင်လိုက်ရ၍ သူ၏ အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
ထိုသူမှာ စုန့်ချွဲဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အမွှေးများလုံးဝမရှိတော့ချေ။ မျက်တောင်မွှေးများပင် ပြောင်သလင်းခါနေပြီဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ်ပင် ပိန်လှီနေသည်။ သူသည် သူ၏အဒေါ်ဆီမှ ပြန်လာခြင်းဖြစ်သည်။ သူ၏ အဒေါ်ထံကို ကျင့်ကြံခြင်းနှင့်ပတ်သတ်သည့် မေးခွန်းအချို့မေးရန် သွားခဲ့ပါသော်လည်း အဆူခံခဲ့ရကာ သင်ခန်းစာပေးခံခဲ့ရလေသည်။ ထို့ကြောင့် သူက စိတ်မကြည်မလင်ဖြစ်နေသည်။ ပိုင်ရှောင်ချန်းက သူ့ကို တွေ့လိုက်သောအခါ သူကလည်း ပိုင်ရှောင်ချန်းကို သတိထားမိသွားသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ပြူးသွားတော့သည်။ သူက စုန့်ချွဲကို မမြင်သည်မှာ ရက်အတော်ကြာပြီဖြစ်၍ သေချာအောင် နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။
သူက သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ လွှတ်ခနဲမေးလိုက်လေသည်။
” အီး… ဒါက ဘာပုံကြီးတုံး။ မင်း ပိန်သွားပြီး အမွှေးတွေလည်း မရှိတော့ပါလား။”
ထိုသို့ပြောပြီးမှသာ စုန့်ချွဲဤပုံစံဖြစ်နေရသည့် အကြောင်းအရင်းကို သူက ရုတ်တရက် ပြန်မှတ်မိသွားတော့သည်။ ထို့နောက် စုန့်ချွဲ၏ မျက်လုံးထဲတွင် တောက်ပနေသည့် သတ်ဖြတ်လိုစိတ်များကို တွေ့လိုက်ရတော့သည်။ သူက တုန့်ဆိုင်းမနေပဲ ချက်ချင်းပြန်ပြောလိုက်လေသည်။
” မင်းက ဒီပုံစံနဲ့လည်း အဆင်ပြေတာပဲ။ အရင်ကထက်တောင် ပိုကြည့်ကောင်းနေသေးတယ်။”
စုန့်ချွဲမှာ မျက်လုံးပြူးသွားပြီး သူ၏ နှလုံးသားထဲမှ အမုန်းတရားများ တဟုန်းဟုန်းထွက်လာတော့သည်။ လတ်တလောဖြစ်ပွားခဲ့သည့် ဆေးပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအားလုံးမှာ ပြာကျကာ ပြောင်သလင်းခါနေပြီဖြစ်သည်။ ထို့အပြင် ထိုပေါက်ကွဲမှုတွင်ပါလာသည့် ဆေးဝါးများကြောင့် လပေါင်းများစွာကုန်သွားသည့်တိုင် သူ၏ အမွှေးများက ပြန်မပေါက်လာသေးချေ။
ထို့ကြောင့် သူက ကြေးမုံထဲသို့ကြည့်လိုက်တိုင်း ဒေါသအလွန်ထွက်လာစမြဲပင်။ ထိုအမွှေးများ မရှိခြင်းဆိုသည့် တစ်ချက်ထဲကိုသာ သူစိတ်ပူရမည်ဆိုလျှင် သူတောင့်ခံနိုင်သေးပေသည်။ သို့သော်လည်း လတစ်ဝက်လောက် ဝမ်းလျှောရသည့် ကိစ္စကြီးလည်း ရှိသေးပြန်သည်။ တစ်နေ့တုံးကဆိုလျှင် သူက ရေအိမ်သို့ အကြိမ်တစ်ရာကျော်သွားလိုက်ရသေးပေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း စောစောက ပြောလိုက်သည့်စကားများကြောင့် သူက ဒေါသအမျက်ချောင်းချောင်းထွက်လာခြင်းဖြစ်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် စုန့်ချွဲဆိုသည်မှာ မည်သူမှ ရန်မစရဲသည့် လူစားမျိုးဖြစ်သည်။ ညမုဆိုးကြောင့် သူသုံးကြိမ်တိုင်တိုင် အဖြစ်ဆိုးများနှင့် ကြုံခဲ့ရသည်ကို ပြန်တွေးမိသွားသောအခါ သူက လုံးဝကို အသိစိတ်လွတ်သွားတော့သည်။
” တော်လောက်ပြီ ညမုဆိုး။ ” သူက အော်ဟစ်ကာ ရှေ့သို့လှမ်းလိုက်ပြီး ပိုင်ရှောင်ချန်း၏ လမ်းကိုပိတ်လိုက်သည်။
” မင်း အလယ်တောင်ကိုရောက်လာထဲက တိရစ္ဆာန်တွေတောင် ကောင်းကောင်း အိပ်လို့မရဘူး။ လူတိုင်းက မင်းက မုန်းတီးနေကြပြီကွ။ ငါမင်းကို….”
စုန့်ချွဲ၏ ထိုဒေါသတကြီးပြောသည့် လေသံကြောင့် ပိုင်ရှောင်ချန်းမှာ အမျက်ထွက်သွားသည်။ သူက ပြေလည်ရာ ပြေလည်ကြောင်း ပြောနေခြင်းသာဖြစ်သည်။ ထို့အပြင် ယခင်ကဖြစ်ပျက်ခဲ့သည်များမှာ မတော်တဆများသာဖြစ်သည်။ ထို့ကြောင့် သူက စုန့်ချွဲစကားအကုန်မပြောမီ ဖြတ်ပြောလိုက်တော့သည်။
” တိတ်စမ်း ကောင်လေး။ ငါ့လမ်းဖယ်ပြီး သွားဆော့ရင်ဆော့၊ ဒါမှမဟုတ် တစ်ခုခု လုပ်နေကွာ ”
ထိုစကားကြောင့် စုန့်ချွဲမှာ ပေါက်ကွဲလုမတတ်ဖြစ်သွားသည်။ ညမုဆိုးက ဝါရင့်ဂိုဏ်းဝင်တစ်ယောက်က ကလေးတစ်ယောက်ကို ပြောဆိုသည့်အလား သူ့ကို ပြောဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ ခေါင်းကို နောက်သို့ပစ်ကာ အော်ဟစ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်များကို ထုတ်လိုက်တော့သည်။ နီမြန်းနေသည့် မျက်ဝန်းများဖြင့် သူက ပိုင်ရှောင်ချန်းကို သူ၏ညာလက်ဖြင့် လှမ်းဖမ်းဆုပ်ရန်ပြင်လိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားသည်။ သူက အခြားလူများနှင့် ရင်ဆိုင်ရပါက အနည်းငယ် စိုးရိမ်နေဦးမည်ဖြစ်သည်။ သို့သော် မြေခဓားကမ္ဘာချောက်ထဲတွင် သူက စုန့်ချွဲအကြောင်းကို သိခဲ့ဖူးပြီဖြစ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ရောက်သောအခါတွင်လည်း သူ့အကြောင်းကို ပို၍ နားလည်ထားပြီး ဖြစ်သည်။ စုန့်ချွဲ၏လက်များ လှုပ်သွားသည့်အချိန်တွင် ပိုင်ရှောင်ချန်းက ရှေ့သို့တစ်လှမ်း လှမ်းကာ လက်ကိုဆန့်ထုတ်လိုက်ပြီး သူ၏ လက်ဖျံရိုးကို ဆုပ်ကိုင်လိုက်ကာ တောင်ခြေအောက်သို့ဆင်းသည့် လမ်းပေါ်သို့ ကိုင်ပေါက်လိုက်တော့သည်။
ထာဝရကောင်းကင်ဘုရင်၏ အပြင်အားများထွက်လာသည့်အခါ စုန့်ချွဲမှာ သူ၏ ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားသည်။ သူ၏နားဘေးတွင် လေများက တဟူးဟူးဖြစ်နေပြီးနောက် သူက မြေကြီးပေါ်သို့ ဗိုင်းကနဲပြုတ်ကျသွားသဖြင့် ကယောင်ခြောက်ခြားဖြစ်သွားတော့သည်။ ထို့နောက် သူက ဒလိမ့်ကောက်ကွေးနှင့် တောင်ခြေသို့ လိမ့်ဆင်းသွားတော့သည်။
” ညမုဆိုးး” သူက အာခေါင်ခြစ်ကာ အော်ဟစ်လိုက်သည်။ သူက ထိုသို့ လိမ့်ကျနေသည်ကို ရပ်တန့်ချင်ပါသော်လည်း ပိုင်ရှောင်ချန်း ထုတ်လိုက်သည့် အားကို သူ မလွန်ဆန်နိုင်ချေ။
ပိုင်ရှောင်ချန်းကမူ သူ၏အဝတ်အစားများ ပုံပျက်နေသည်ကို ပြန်ပြင်ကာ စုန့်ချွဲကို လျစ်လျူရှုလိုက်ပြီး စုန့်ကျင်းဝမ်သာ သူ့ကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပါက မည်သို့ ပြန်တုံ့ပြန်ရမည်ကို တွေးတောနေတော့သည်။ သူမ၏ အင်မော်တယ်ဂူသို့ ရောက်သည်အထိ သူက ထိုအတွေးများဖြင့်သာ အလုပ်ရှုပ်နေတော့သည်။
အနည်းငယ်အကြာတွင် စုန့်ချွဲမှာ ရပ်တန့်သွားတော့သည်။ သူက တစ်ခဏလေးမျှ မနားပဲ သွေးဆုတ်နေသည့်မျက်နှာ၊ သတ်ဖြတ်လိုစိတ်များ လောင်ကျွမ်းနေသည့် နှလုံးသားဖြင့် ဒေါသတကြီး တောင်ပေါ်သို့ပြေးတက်သွားသည်။ ပိုင်ရှောင်ချန်း ထုတ်သုံးခဲ့သည့် ကြောက်မက်ဖွယ် အားကြီးကြောင့် သူက ထိတ်လန့်နေပါသော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲတွင် သူနှင့်မျိုးဆက်တူ လူတစ်ယောက်က သူ့ကိုထိုသို့ဆက်ဆံသည်ကို သူက မည်သည့်နည်းနှင့်မျှ လက်ခံမည်မဟုတ်ချေ။
” ဒီညမုဆိုးဆိုတဲ့ကောင်က ကောက်ကျစ်ပြီး ဥာဏ်များတယ်။ သူ့ကြောင့် ဂိုဏ်းက အဖြစ်ဆိုးတွေနဲ့ ကြုံရပြီး အလယ်တောင်တစ်တောင်လုံးက သူ့ကို ဝိုင်းအပြစ်တင်နေကြတာ။ လူတွေကို ဆဲရေးတိုင်းထွာပြီးတော့ ပြေပြေလည်လည်ပြောဖို့ကြတော့ မရဲဘူး။ ခေါင်းဆောင်ကြီးတွေက သူ့ကို အသားပေးပေး၊ ငါ့အဒေါ်က သူ့ကို သဘောကျကျ ငါဂရုမစိုက်ဘူး။ သူက အပြင်လူထပ်ပိုပြီး ဘာမှမဟုတ်ဘူးကွ။ ဂိုဏ်းထဲမှာလည်း ဘာအဆက်အသွယ်၊ ဘာချိတ်မှ ရှိတဲ့ကောင်မဟုတ်ဘူး။ ငါက စုန့်မျိုးနွယ်စုရဲ့ အကြီးဆုံးသားကွ။ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဟေ့။ ငါ့အဒေါ်ကိုရအောင်ရှာပြီး တရားမျှမျှတတ ဆုံးဖြတ်ခိုင်းရမယ်။ အဒေါ်က သေချာပေါက် ဒီကောင်ကို မောင်းထုတ်မှာပဲ။ မောင်းမထုတ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ သူ့ကို ငါ့ဆီ ဒူးထောက်ခိုင်းလိမ့်မယ်။ အဲ့ကျမှ ဘယ်ကောင်က ကျားလဲ၊ ဘယ်ကောင်က ဖားလဲ ပြရသေးတာပေါ့။” သူက ဒေါသတကြီးဖြင့် အံကြိတ်ကာ လက်ချောင်းအထက်ပိုင်းဆီသို့ အရှိန်ကုန် ပြေးတက်သွားတော့သည်။