ရွှီရှောင်ရှန်းသည် စူးစူးဝါးဝါးအော်ဟစ်ကာ လေထဲသို့ ပျံတက်သွားပြီး သွေးသခင် ဖုန်ရာ နှင့် ဝင်တိုက်မိလေသည်။ ပိုင်ရှောင်ချန်းသည် ထိုအခွင့်အရေးကို အသုံးချကာ ပြေးထွက်လာရသော်လည်း အနည်းငယ် ဒေါသထွက်နေသည်။
“ ဖုန်ရာ ” ဟု သူက အော်လိုက်သည်။ “ကျုပ် ဆေးမဖော်ခင်က ပြောခဲ့တယ်နော်။ ပြဿနာတက်နိုင်တယ်လို့။ ခင်ဗျားကိုယ်တိုင် စိတ်ပူစရာမလိုဘူးလို့ အာမတွေခံခဲ့တာ။ ခု ဘာတွေလုပ်နေတာလဲ။ ခင်ဗျားက သွေးသခင်ဆိုတော့ ညမုဆိုးက ကြောက်မယ်များ ထင်နေတာလား။ ”
သူသည် အမှန်စင်စစ်တွင် တုန်လှုပ်နေသော်လည်း ဒေါသတကြီး ဖြစ်နေဟန်ဆောင်ထားပြီး လူသတ်တော့မည့် အငွေ့အသက်များကိုပါ တမင်တကာ ထုတ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် ဆေးပုလင်းကို ဆုပ်ကိုင်ထားသော ညာဘက်လက်ကို လေထဲသို့ မြှောက်လိုက်သည်။
“ဒါက ခင်ဗျား ကျုပ်ကို လုပ်ခိုင်းတဲ့ အဆင့်လေး သွေးပြောင်းပြန် အလောင်းသန့်စင်ဆေးပဲ။ ” ရွှီရှောင်ရှန်းနှင့် ချိတ်မိနေဆဲဖြစ်သော်လည်း သွေးသခင် ဖုန်ရာသည် ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် ဒေါသကို ပြန်လည်ထိန်းချုပ်လိုက်ရသည်။
သူသည် ထိုစကားများကို ပြောခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ လက်ရှိအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ တွေးမထားခဲ့သော်လည်း သူသည် သွေးသခင်တစ်ယောက်ဖြစ်ပြီး အေးစက်ကာ နှလုံးသားကင်းမဲ့လေသည်။ ခဏအကြာတွင် သူ၏ ဒေါသမှာ လျော့ပါးသွားပြီး မျက်လုံးများ ကျဥ်းမြောင်းသွားသည်ထိ ပြုံးလိုက်သည်။
“ငါ နည်းနည်း အတွေးတိမ်သွားတယ်။ ” သူက ပြောလိုက်သည်။
” ညီလေး ညမုဆိုး… ဒါတွေက ဘာမှ အရေးမကြီးပါဘူး။ ဝိညာဥ်ဆေးသာ အဆင်ပြေပြေထွက်လာရင် အစ်ကိုက ကတိတည်မှာပါ။ ”
သူ့စကားထဲမှ သွယ်ဝိုက်ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ ပိုင်ရှောင်ချန်းသည် ဆေးပုလင်းကို ဖုန်ရာ ဆီသို့ ပစ်လိုက်သည်။ ဖုန်ရာ သည် လှမ်းဖမ်းကာ ဖွင့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားကာ ကျေနပ်သွားလေသည်။ သူ့မျက်နှာတွင် ပျော်ရွှင်နေသော အမူအရာပါ ပေါ်လာလေသည်။ ရုပ်အလောင်းတောင်သည် ဖရိုဖရဲဖြစ်သွားကာ အနည်းငယ် စိတ်ရှုပ်စရာကောင်းသော်လည်း ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်ဟူသော အချက်ကြောင့် အခြားသော ပြဿနာများသည် မပြောပလောက်အောင် ဖြစ်သွားလေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်။” ဟု သူက ပြုံးကာ ပြောလိုက်သည်။ ထို့နောက် မျက်လုံးတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားကာ ဘိုးဘေးတောင်ဆီသို့ သွားပြီး ရုပ်အလောင်းတောင်ပေါ်မှ ပြဿနာကို ဖြေရှင်းရန် ဂိုဏ်းစောင့် အကြီးအကဲများနှင့် ဆွေးနွေးတိုင်ပင်ရလေသည်။
ပိုင်ရှောင်ချန်းသည် သွေးသခင်ထွက်ခွာသွားသည်ကို ကြည့်နေရင်း စိတ်ထဲမှ သူ၏ လုပ်ရပ် မလျော်ကန်ပုံကို တွေးကာ အေးစက်စက် ရယ်နေလိုက်သည်။ ပိုင်ရှောင်ချန်းသည် သူ၏ ဆေးလုံးကို ကူညီ ဖော်စပ်ပေးထားသော်လည်း စောစောက သူ၏ မျက်လုံးထဲမှ အေးစက်မှုများမှာမူ သိသာ ထင်ရှားလှသည်။
“ဟွန့်” သူက တွေးလိုက်သည်။
” ငါက အင်မတန်ရိုးသားတဲ့ အပြင် ဥာဏ်လေးလည်း ကောင်းလို့ တော်သေးတာပေါ့။သူက အဲဒီသွေးပြောင်းပြန်အလောင်းသန့်စင်ဆေးကို မသုံးရင်တော့ ကိစ္စမရှိဘူး။ သုံးခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ သန့်စင်ထားတဲ့ အလောင်းကို ငါပဲ အမိန့်ပေးနိုင်မှာ။။” ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားလျက်ရှိသည်။ လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရုပ်ကလောင်းတောင် သွေးသခင်ကို ငြိမ်ကျသွားစေခဲ့သည်။ မေးကို ချီထားပြီး လူအုပ်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ့အကြည့်ဝေ့သွားသည်တွင် အခြားတောင်ထိပ်သုံးခုမှ ကျင့်ကြံသူများသည် တုန်လှုပ်သွားကြပြီး အမြန်နောက်ဆုတ်လိုက်ကြကာ လက်ချင်းဆုပ်၍ သူ့ကို အရိုအသေပေးလိုက်ကြသည်။
ယခုမူ အားလုံးသည် ညမုဆိုးကို ကြောက်ရွံ့ ထိတ်လန့်နေကြပြီ ဖြစ်သည်။ သူ၏ ဆေးဖော်စပ်နည်းများသည် နတ်ဘုရားစွမ်းရည်ကို ကျော်လွန်သွားသည်မှာ ကြာပြီဖြစ်သည်။ သူသည် ရန်သူများကို ထိစရာပင် မလိုဘဲ သုတ်သင်နိုင်မည် ဖြစ်သည်။
” အီးယား..ထူးချွန်ထက်မြက်သူတွေဆိုတာ ဘယ်နေရာသွားသွား အာရုံစိုက်ခံရတာပါလား။ ခေါင်းကိုက်လိုက်တာကွာ။ ” သူသည် ကိုယ့်ကိုယ်ကိုယ် အလွန်ဂုဏ်ယူနေသည့်အပြင် ကြိတ်၍ သက်ပြင်းချလျက်ရှိသည်။ ထိုစဥ် ရုတ်တရက် သူ့မျက်လုံးများသည် စုန့်ကျင်းဝမ်၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားလေသည်။ သူမ မျက်နှာပေါ်မှ အေးစက်စက်အပြုံးကြောင့် ကျောချမ်းသွားလေသည်။
“အမ်…ဟေး. အစ်မတော်စုန့်….”
သူမ၏ မျက်လုံးများ ပြူးသွားသည်။
” အံမာ. အမတော်လို့ ပြန်ခေါ်နေတယ်ပေါ့။ ဟွန့် ”
အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ တစ်ပတ်လှည့်၍ အလယ်တောင်ထိပ်ဆီသို့ ဦးတည်သွားလေသည်။ နေရာတွင် ရှိသူအားလုံးသည် အောင့်သီးအောင့်သက်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထွက်သွားကြလေသည်။
မကြာမီ ပိုင်ရှောင်ချန်းသည် တစ်ယောက်တည်း ကျန်ခဲ့ကာ လေထဲတွင် ပျံဝဲနေရင်း စိတ်ပူစပြုလာခဲ့သည်။ စုန့်ကျင်းဝမ်က သူမ၏မျက်လုံးထဲမှ အကြည့်ကို ပိုင်ရှောင်ချန်းမြင်စေရန် တမင်ပြုမူထားသည်မှာ သိသာသည်။ သူ့ကို ညှင်းပန်းနှိပ်စက်ရန် သူမက မည်သည့် နည်းပရိယာယ်များကို သုံးထားလိမ့်မည်မည်းဟု ရုတ်တရက် သိချင်လာမိသည်။
သက်ပြင်းချလိုက်ကာ မည်သို့မျှ မတတ်နိုင်ဘဲ အလယ်တောင်ထိပ်ဆီသို့ ပြန်သွားရလေသည်။ သူ၏ အင်မော်တယ်ဂူဆီသို့ ခိုးကြောင်ခိုးဝှက်ပြန်သွားကာ တိတ်ဆိတ်စွာထိုင်၍ စိတ်ပူပန်လျက်ရှိသည်။
” ငါ ဘာလုပ်ရပါ့မလဲ…ဒီစုန့်ကျင်းဝမ်ကတော့ မကျေပွဲကို ဘယ်လိုဆက်နွှဲရမလဲ တကယ်သိတာပဲ။ ငါလုပ်ခဲ့တာဆိုလို့ ဒီတောင်ကနေ ခဏလေးပဲ ခွာခဲ့တာကို ဟုတ်တယ်မလား။ ” နဖူးကို ပွတ်ရင်း သူနှင့် စုန့်ကျင်းဝမ်ကြားမှ အဖုအထစ်များကို ဖြေဖျောက်ရန် နည်းလမ်းများကို ဆက်စဥ်းစားနေလိုက်သည်။ နောက်နေ့များတွင်လည်း ထိုအကြောင်းကိုပင်ဆက်တိုက် စဥ်းစားနေခဲ့သည်။
စိတ်ခြောက်ခြားြခင်းများက ရုပ်အလောင်းတောင်သို့ လျင်မြန်စွာ ဆိုက်ရောက်လာခဲ့ပြီး လျင်မြန်စွာပင် ထွက်ခွာသွားခဲ့သည်။ ထိုတောင်မှ ကျင့်ကြံသူများသည် ပြန်လည်ကောင်းမွန်လာသည်တွင် ပြူးကြောင်ကြောင်ဖြစ်ကာ လှည့်ပတ်ကြည့်နေကြလေသည်။ ထို့နောက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်တွေးမိကာ မကြာမီမှာပင် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ညမုဆိုး…ငါတို့ရဲ့ အမုန်းတရားကို ဘယ်သူမှ တားလို့ မရတော့ဘူးကွ။ ”
“အား… ညမုဆိုး. ငါမင်းကို ရအောင် သတ်မယ် ”
အထူးသဖြင့် သွေးစီးကြောင်း အကြီးအကဲများ၏ ဒေါသသည် တဟုန်းဟုန်းတောက်လောင်ကာ အားလုံးသည် ဂူပိတ်တရားကျင့်ကြံသွားကြလေသည်။ မဟာအကြီးအကဲမှာမူ ပြန်ကောင်းလာသည်နှင့် ခေါင်းကို နောက်သို့ လှန်ကာ စူးစူးရှရှအော်ဟစ်လိုက်လေသည်။ ထိုနေ့မှစ၍ တစ်လျှောက်လုံး မည်သူမျှ သူ့ရှေ့တွင် ‘လင်းယုန်’ဟူသော စကားလုံးကို ပါးစပ်မှ မဟရဲကြတော့ပေ။ သူသည်လည်း ဂူပိတ်တရားကျင့်ကြံရန် ရွေးချယ်လိုက်လေသည်။
သို့သော်လည်း မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် ပိုမို ဆိုးရွားသော ဖြစ်ရပ်များလည်း ရှိနေသည်။ ဥပမာ လူငယ်တစ်ယောက်သည် သူ့ကိုယ်သူ ရုပ်အလောင်းတစ်ခုဟု ယုံကြည်နေကာ သန့်စင်ရန် ကြိုးပမ်းခဲ့လေသည်။ သတိရလာသောအခါတွင် သူ့ဆီမှ ဟိုးအဝေးမှပင် ကြားနိုင်လောက်သည့် သွေးပျက်ဖွယ် အော်သံများ ထွက်ပေါ်လာလေသည်။
သူတို့အားလုံးသည် ပိုင်ရှောင်ချန်းကို သတ်ပစ်ချင်ကြသော်လည်း အလယ်တောင်ဆီသို့ မည်သူမျှ မသွားရဲကြပေ။ အားလုံးသည် ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်ထားရုံသာ တတ်နိုင်လေသည်။ တချိန်တည်းမှာပင် ညမုဆိုး၏ ” ဝမ်းေလျှာမိစ္ဆာ” ဟူသော နာမည်ပြောင်သည် ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။
နောက်ဆုံးတွင် “ဝမ်းလျှောမိစ္ဆာ”ဟူသော စကားလုံးသည် ဟိုးလေးတကျော်ဖြစ်သွားလေတော့သည်။
ပိုင်ရှောင်ချန်းသည် ထိုသတင်းကို ကြားသောအခါ အမှန်တကယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများသည် ကြမ်းတမ်းခက်ထန်ကာ စိတ်ကြီးကြသည်ဟူသော သူ၏ အမြင်မှာ ပိုမိုခိုင်မာလာခဲ့သော်လည်း ခေါင်းဆောင်ပိုင်းက သူ့ကို ကောင်းမွန်စွာ ဆက်ဆံသည့်အတွက် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရလေသည်။ သူကြောင့် ပြဿနာအကြီးကြီးများ တက်သော်လည်း အကျိုးဆက်များကိုမူ ဘယ်သောအခါမျှ တာဝန်ခံစရာမလိုခဲ့ပေ။
စုန့်ကျင်းဝမ်ကိုလည်း ကောင်းစွာ ကိုင်တွယ်နိုင်မည့် အကြံဥာဏ်တစ်ခု နောက်ဆုံးတွင် ရရှိလာခဲ့ပြီ ဖြစ်သည်။
“ရွေးချယ်စရာကတော့ တစ်ခုပဲ ရှိတယ်။ အဲ့ဒါကတော့ လက်ဆောင်ပေးဖို့ပဲ…” ဟု သူက သက်ပြင်းချကာ တွေးလိုက်သည်။ အများကြီး တွေးပြီးချိန်တွင် ဆေးအချို့ကို စတင်ဖော်စပ်တော့သည်။ ရက်အနည်းငယ်အကြာတွင် အစိမ်းရောင် ဆေးတစ်လုံးကို ဖော်စပ်ကာ ပန်းရောင် ဆေးပုလင်းထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူ၏ အင်မော်တယ်ဂူထဲမှ ထွက်ကာ လက်ချောင်းအထက်ပိုင်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူနှင့် တွေ့သမျှ အလယ်တောင်ကျင့်ကြံသူများသည် လေးစားစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြလေသည်။ သို့သော်လည်း သူတို့ကို လျစ်လျူရှုကာ ဆက်လျှောက်လာခဲ့သည်။
ပိုင်ရှောင်ချန်းသည် သူတို့ကို အေးစက်စွာ ဆက်ဆံလေလေ၊ သူတို့အတွက် သာမန်အခြေအနေဟု ထင်မှတ်သည်။ သူသာ လှည့်၍ သူတို့ကို ပြန်ပြုံးပြပါက သူတို့မှာ ကြောက်လန့်ကာ ကြက်သီးများပင်ထသွားလိမ့်မည်။
မကြာမီပင် ပိုင်ရှောင်ချန်းသည် စုန့်ကျင်းဝမ်၏ သွေးကန်ဆီသို့ ရောက်ရှိလာလေသည်။ သွေးရေတံခွန်များ၏ နောက် လမ်းသွယ်လေးကိုဖြတ်သွားပြီးနောက် လက်ချင်းဆုပ်ကာ အရိုအသေပြုလိုက်လေသည်။
“ညမုဆိုးက အစ်မတော်စုန့်ကို တွေ့ ခွင့်ပြုပါလို့ ခွင့်တောင်းပါတယ် ”
အပြင်ဘက်ရှိ တံခါးစောင့်လေးယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်သည် အထဲသို့ ဝင်၍ အခြေအနေကို တင်ပြလိုက်သည်။ နောက်တစ်ယောက်ကမူ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားလေသည်။ ယခုအချိန်တွင် ညမုဆိုးနှင့် စုန့်ကျင်းဝမ်တို့၏ ဆက်ဆံရေးသည် မည်သည့်အခြေအနေထိ ရောက်နေကြောင်း သတင်းအမျိုးမျိုးပျံ့လျက်ရှိသည်။ သို့ဖြစ်ရာ ညမုဆိုးကို ဆန့်ကျင်၍ အမြင်မကြည်ဖြစ်အောင် မလုပ်ချင်ကြပေ။
ပိုင်ရှောင်ချန်းသည် နှစ်နာရီကြာအောင် စောင့်ဆိုင်းနေရပြီး သူ့ရင်ထဲတွင် ဒေါသများ၊ စိုးရိမ်ပူပန်မှုများ ပြည့်လာလေသည်။ နောက်ဆုံး စုန့်ကျင်းဝမ်က ဝင်ခွင့်ပြုလိုက်သောအချိန်မှာ ညနေစောင်းနေပြီ ဖြစ်သည်။ တံခါးသည် ဖြည်းညင်းစွာ ပွင့်သွားပြီး ပိုင်ရှောင်ချန်းသည် ရေခဲတမျှ အေးစက်တင်းမာကာ သံမဏိသွေးကြောများ ထောင်ထနေအောင် ကြိုးပမ်း၍ အထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လှမ်းဝင်လိုက်လေသည်။
အတွင်းထဲသို့ရောက်သည်နှင့် ရေပူစမ်းဆီသို့ ကြည့်လိုက်သော်လည်း စုန့်ကျင်းဝမ်ကို မတွေ့ရပေ။ ထိုအစား ကပ်လျက်ခန်းမဆောင်ထဲရှိ စားပွဲတစ်လုံးတွင် ထိုင်ကာ မျက်နှာသေဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေလေသည်။ စိတ်ဆိုးနေဆဲဖြစ်သည်မှာ သေချာနေသည်။
” ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ မင်းပြောသွားခဲ့တယ်မလား ” သူမက အေးစက်စက် မေးလိုက်သည်။
” အခုကျ ပြန်ရောက်လာပါ့လား။ ငါ့ အင်မော်တယ်ဂူထဲ ဘာလာလုပ်တာလဲ။ ”
သူမသည် ခရမ်းရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားကာ ဆံပင်များကို ခေါင်းထိပ်တွင် ထုံးဖွဲ့ထားပြီး ဖီးနစ်ဆံထိုးဖြင့် ထိုးစိုက်ထားလေသည်။ သူမ၏ ဝတ်ရုံမှာ အနက်ရောင်အပွင့်များဖြင့် ပန်းထိုး တန်ဆာဆင်ထားသောကြောင့် တမူထူးခြားစွာ ကျက်သရေရှိနေပေသည်။ သို့သော်လည်း သူမ၏ ပုလဲလုံးသဖွယ် ဖြူနုနေသော လည်တိုင်ကြော့ကြော့လေးထက်ရှိရေစက်လေးများက ရေချိုးပြီးခါစဖြစ်ကြောင်း ဖော်ပြနေပေသည်။ ခြုံကြည့်လိုက်လျှင် သူမကို ကြည့်မိသူ မည်သူမဆို မပြစ်မှားမိစေရန် အလွန်တရာ ထိန်းချုပ်ရပေမည်။
ပိုင်ရှောင်ချန်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်သွားပြီးနောက် ရင်ဘတ်ကို ပုတ်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ အေးစက်စက် အမူအရာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
” တော်လောက်ပြီ။ ”
စုန့်ကျင်းဝမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။ ညမုဆိုးသည် သူမကို ယခုလို လေသံမျိုးဖြင့် ပြောလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။ သူမသည် ကုလားထိုင်လက်တင်ကို ရိုက်ချလိုက်ကာ ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်နေသည်။ သို့သော် ထိုသို့ရိုက်လိုက်ခြင်းက သူမက အံ့ဩမင်သက်နေကြောင်း ပို၍ သိသာသွားစေသည်။
သူမသည် ပေါက်ကွဲထွက်တော့မည့် ဆဲဆဲဖြစ်နေသည်။ သူမ၏ မျက်လုံးများ အေးစက်နေပြီး ပိုင်ရှောင်ချန်းကို စတင်ဆဲဆိုရန် ပြင်လိုက်ချိန်တွင် သူသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ညာဘက်လက်ကို လွှဲကာ ဆေးပုလင်းကို သူမဆီသို့ ပစ်လွှတ်လိုက်လေသည်။
သူမ၏ ဒေါသမှာလည်း လျော့ပါးမသွားဘဲ အေးစက်တင်းမာစွာချောင်းတစ်ချက်ဟန့်လိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးပုလင်းမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ဆေးလုံးမှာ လေထဲသို့ လွင့်ထွက်သွားသည်။
ဆေးလုံးသည် ကြမ်းပေါ်သို့ကျကာ ဘေးဘက်သို့ လိမ့်သွားစဥ် ပိုင်ရှောင်ချန်းသည် စုန့်ကျင်းဝမ်၏ မျက်လုံးများကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်လုံးများမှ သူ့ကိုယ်သူ အပြစ်မကင်းသည့်အလား ခံစားနေရသော အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့သည်။
” ကျုပ် ညမုဆိုး…အစ်မတော်ကို ဒီဆေးပုလင်းပေးမယ်ဆိုတဲ့ အကြောင်းရင်းတစ်ခုတည်းကြောင့် ပြန်လာခဲ့တာ။ ကျုပ်က ငမွဲတစ်ယောက်ပါ။ ကျုပ်ကို ခေါင်းဆောင်ကြီးပေးထားတဲ့ ဆေးပင်တွေ အားလုံးက ဂိုဏ်းအတွက်ဖော်ပေးတဲ့ ဆေးတွေမှာ သုံးလိုက်ရတယ်။ အဲ့တာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘဲ ရုပ်အလောင်းတောင်ကို သွားပြီးတော့ ဖုန်ရာ အတွက် ဆေးဖော်ပေးခဲ့ရတာ။ အဲ့လိုလုပ်မှ ဒီဆေးလုံးလေးကို ဖော်စပ်ဖို့ လုံလောက်တဲ့ ဆေးပင်တွေ စုဆောင်းမိမှာ။ ဒီဆေးလုံးက တစ်ယောက်သောသူကို ပေးဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ကျုပ်ဖော်စပ်ထားခဲ့တဲ့ အထူးဝိညာဥ်ဆေးပဲ ”
“ဆေးကို ပေးပြီးသွားပြီဆိုတော့ ကျုပ်သွားတော့မယ်။ အခုကစပြီး ခင်ဗျားက မဟာအကြီးအကဲ၊ ကျုပ်က ညမုဆိုး ဖြစ်သွားပါပြီ ” သူ့အသံသည် ခါးသက်ကာ နာကျင်မှုများနှင့် ပြည့်နှက်နေသည်။ ကွဲကြေသွားသော ဆေးပုလင်းသည် သူ၏ နှလုံးသားအခြေအနေကို ရောင်ပြန်ဟပ်နေသည့်အလား ဖြစ်ကာ လိမ့်ကျသွားသော ဆေးလုံးက သူ၏ ကြင်နာစိတ်များကို ပြာဖြစ်သွားစေခဲ့သည်။
လက်နှစ်ဖက်ဆုပ်ကာ သူက လေးနက်စွာ ဦးညွှတ်လိုက်၍ အထီးကျန်စွာဖြင့် တံခါးဆီသို့ ခပ်ယဲ့ယဲ့လှမ်းလာခဲ့သည်။
စုန့်ကျင်းဝမ်သည် အံ့သြတုန်လှုပ်ကာ ကြည့်နေမိသည်။ ညမုဆိုးက ရိုကျိုးစွာဖြင့် လာ၍ မျက်နှာချိုသွေးလိမ့်မည်ဟု အောက်မေ့ထားခဲ့သည်။ အမှန်စင်စစ် သူမသည် သူ့ကို အပြင်ဘက်တွင် ကြာမြင့်အောင် စောင့်ဆိုင်းစေခဲ့သည့် အကြောင်းရင်းမှာ သူမအတွက် ရေချိုး၊ အဝတ်စားလဲချိန် ရရှိရန်ဖြစ်ပြီး ခေါင်းဆောင်ကြီးများက သဘောကျခြင်းသည် အရေးမပါကြောင်း သိရှိစေရန်ဖြစ်သည်။ အလယ်တောင်ထိပ်တွင် သူမသည် မဟာအကြီးအကဲဖြစ်ပြီး မျက်နှာပြောင်တိုက်ကာ အာခံရမည့် လူမျိုးမဟုတ်ချေ။
သို့သော် အံ့ဩစရာကောင်းစွာ သူမကို အပြစ်တင်လျက်ရှိသည်။ သူမ၏ မာနနှင့် ရာထူးကိုတွက်ကြည့်လိုက်လျှင် ဒေါသမထွက်ဘဲ မနေနိုင်ပေ။ သူက သူမကို ဆေးပုလင်း ပစ်ပေးသည်တွင် ဒေါသက ပေါက်ကွဲသွားပြီး ဆေးပုလင်းကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ဆေးလုံး ဘေးသို့ လိမ့်ထွက်သွားသည်ကိုလည်း သတိပြုမိပြီးဖြစ်သည်။ သို့သော် သူ့ပါးစပ်မှ ယခုကဲ့သို့ စကားများ ထွက်လာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
စုန့်ကျင်းဝမ်သည် ဆေးလုံးကို ငုံ့ကြည့်ကာ အခန်းထဲမှ မှိုင်တွေစွာ ထွက်သွားသော ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ အကြောင်းအရင်း မယ်မယ်ရရ ရှာမတွေမိပါဘဲ သူမ၏ နှလုံးသားမှာ တစ်ခါမှ မခံစားဖူးသည့် ခံစားချက်တစ်ခု ပေါက်ဖွားလာကာ ရုတ်တရက် ဟာတာတာ ဖြစ်သွားသည်။
” ခဏ ” သူမ၏နှုတ်ခမ်းမှ စကားလုံးတချို့ လွှတ်ခနဲ ထွက်သွားသည်။
ပိုင်ရှောင်ချန်းသည် ရပ်သွားကာ ပြန်လှည့်လာပြီး တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။
” ဘာများ အမိန့်ပေးစရာရှိပါသလဲ။ မဟာအကြီးအကဲခင်ဗျာ။ ” သူ၏ စကားသံသည် အလွန်ယဥ်ကျေးကာ ခံစားချက်များ စွဲလမ်းခြင်းများ တစိုးတစိမျှ မပါပေ။ သူ့ မျက်နှာမှာ အေးစက်တင်းမာနေပြီး မှတ်ဥာဏ်များကို မေ့ဖျောက်ကာ နှလုံးသားထဲတွင် မြှုပ်နှံလိုက်ဟန်ရှိသည်။ အသိသာဆုံးမှာ “အစ်မတော်စုန့်” အစား “မဟာအကြီးအကဲ” ဟု ပြောင်းလဲ ခေါ်ဝေါ်လိုက်ခြင်းဖြစ်သည်။
“မင်း…”
သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကာ မည်သည့်အတွက်ကြောင့်မသိ သူမ၏နှလုံးသားမှာ ဓားပါးလေးများ ထိုးစိုက်ခံနေရသည့်အလား တဆစ်ဆစ်နာကျင်နေရသည်။
“ပြောစရာ ကိစ္စမရှိရင် ကျနော်သွားပါတော့မယ်ခင်ဗျာ ”
အရင်အတိုင်း ခံစားချက်ကင်းမဲ့သောမျက်နှာနှင့်
ပိုင်ရှောင်ချန်းသည် အင်မော်ဂူထဲမှ လှည့်ထွက်သွားလေသည်။ လက်ချောင်းအထက်ပိုင်းမှ ပြန်ဆင်းလာပြီး ခပ်လှမ်းလှမ်းရောက်သောအခါမှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။ သူ့နှလုံးသားမှာလည်း တဒိန်းဒိန်းခုန်နေဆဲပင်။
” ဒီအကွက်ကတော့ အလုပ်ဖြစ်သင့်တယ်…”
သူ တွေးလိုက်သည်။
” အလုပ်မဖြစ်ရင် တခြား ဘာလုပ်ရမလဲ ငါ မသိတော့ဘူး။ ” သူ၏ အင်မော်တယ်ဂူဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်လာပြီး မိန်းမများ၊ အထူးသဖြင့် ပုံမှန်ထက်ပို၍ အထက်စီးဆန်ကာ အရှိန်အဝါကြီးသော မိန်းမများက မည်မျှ စိတ်ရှုပ်စရာကောင်းကြောင်း စိတ်ထဲမှ ညည်းညူမိလေသည်။