Switch Mode

အပိုင်း(၄၇)

ဒွန်ဟိုင် ကျောင်းတော်

လမင်းကြီးကား ညနက်ကောင်းကင်ကြီးတွင် သူ၏တတ်စွမ်းသမျှသော အလင်းကို ပေးနေသည်။ ကု့ချင်းဥယျာဉ်တွင် ကု့ချင်းဂီတာသံစဉ်များ ပျံ့လွင့်နေသည်။ ဂီတသံက နားဆင်မိစေသူ အားလုံးကို အေးချမ်းမှုများ ပေးနိုင်စွမ်းသည်။

ထိုဂီတသံထဲတွင် လူတိုင်းက ပျော်ရွှင်မှုများ။ လွမ်းဆွတ်မှုများအား ခံစားရစေနိုင်သည်။

ကု့ချင်းဥယျာဉ်၏ အဆောက်အဦ တစ်ခုရှေ့တွင် တန်လန်ကား ဒန်းပေါ်တွင် ထိုင်လျက်ပင် ဂီတသံအား နားထောင်နေသည်။ ဂီတသံက သူမအား ငယ်ရွယ်နုပျိုသော ကာလတစ်ခုထံသို့ ခေါ်ဆောင်သွားပုံရကာ လှပသော အခိုက်အတန့်တချို့အား သတိရမိလျက် သူမ ပြုံးလိုက်မိသည်။

“ဆရာမ…” နူးညံ့သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ တန်လန်က မျက်လုံးအား ဖွင့်လိုက်လျှင် လှပကာ ငယ်ရွယ်သော မိန်းမပျို တစ်ယောက်က လရောင် အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုမိန်းမပျိုလေး၏ မျက်လုံးကား ကြည်လင်ကာ တောက်ပနေသည်။ သူမက တန်လန်အား ကြည့်နေသော အကြည့်တွင် စိတ်ဝင်စားမှု အပြည့်ပါနေသည်။ သူမက တန်လန် သတိမထားမိစဉ်မှာပင် အနီးသို့ ချဉ်းကပ်နိုင်ခဲ့သည်သာမက တန်လန်၏ အပြုံးကိုပင်လျှင် မြင်ခဲ့ရသည်။ ထိုအရာများက ဂီတသံကြောင့်လော သူမ မတွေးတတ်ချေ။

“တန်ဝမ်… ဘာလို့ ပြန်လာတာလဲ…” တန်လန်က မေးလိုက်သည်။

“ဆရာမကို တွေ့ချင်လို့ပါ…” တန်ဝမ်က တိုးတိုးလေး ပြောလိုက်သည်… “ဆရာမ… ဘယ်သူက ကု့ချင်းကို တီးနေတာလဲ… သူ့ဂီတသံက နားထောင်တဲ့လူကို တစ်ခုခုကို ခံစားရစေတယ်…”

“သူ ပြန်လာပြီ… အခု တီးခတ်နေတာက သူ့တပည့်…” တန်လန်က ဖြေလိုက်သည်။ သူမက ရီဖူရှင်းမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သည်မျှထက်မြက်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားပေ။ သူ၏ဂီတသံကား နားထောင်မိသူတိုင်းအား လက်ရှိအချိန် အစစ်အမှန်မှ အတိတ်၏ အမှတ်တရထံသို့ ခေါ်ယူနိုင်စွမ်း ရှိပေသည်။

“သူ…” တန်ဝမ်က ပထမတွင် အနည်းငယ် တွေးယူရသော်လည်း ချက်ချင်းပင် သူမ၏ဆရာ ရင်ထဲတွင် နှစ်ပေါင်းများစွာ ကိန်းအောင်းနေသောသူ တစ်ယောက်အား သတိရလိုက်သည်။ သူမ၏မျက်လုံးများ ဝိုင်းသွားကာ မေးလိုက်သည်… “ကု့ချင်းမိစ္ဆာ…”

“အင်း… အခု နင်ပြန်လာပြီဆိုတော့… သူ့တပည့်ကို ဒွန်ဟိုင်ကျောင်းတော်နဲ့ ရင်းနှီးကျွမ်းဝင်သွားအောင် လိုက်ပြလိုက်… နောက်တစ်နှစ် သူက ကျောင်းတော်ကို ဝင်ခွင့်ရတဲ့အခါ သူက နင့်ရဲ့ ကျောင်းတက်ဖော် ဖြစ်လာလိမ့်မယ်…” တန်လန်က ရယ်မောလျက် ပြောလိုက်သည်… “ဒါပေမဲ့ ဒီကောင်စုတ်လေးက စကားပြော ကောင်းတယ်… သူ့ရဲ့ စကားချိုချိုတွေကြားထဲ မြောမသွားစေနဲ့…”

တန်ဝမ်၏မျက်နှာတွင် ရှက်သွေးများ စွန်းထင်းသွားသည်။ တန်လန်က ကု့ချင်းတီးနေသော ကောင်လေးမှာ စကားပြောချိုသူ ဖြစ်သည်ဟု ပြောသည်။ တန်လန်ကပင် သတိပေးရအောင် သူက သူမ၏ဆရာမအား မည်သို့ ပြောခဲ့သည်နည်း… သူမ သိချင်သွားသည်။

“သွားတော့… စောစော အနားယူလိုက်… အခုကစပြီး ငါ့ကို သိပ်ပြီး စိုးရိမ် မနေနဲ့တော့… တန်ခိုးကျင့်တာမှာပဲ အာရုံစိုက်ထား…” တန်လန်က ညင်သာစွာ ပြောလိုက်သည်။ သူမ၏တပည့်မ နှစ်ယောက်တွင် သည်ကောင်မလေးအား ပို၍ ချစ်ခင်သည်။ တန်ဝမ်ကား ငယ်ရွယ်ကာ လှပသည်။ ချိုမြန်ကာ ဆွဲဆောင်မှုရှိသည်။ သူမကား တန်လန်ငယ်စဉ်ကနှင့် အလွန်တူလှသည်။ တန်လန်က သူမ၏ ချစ်လှစွာသော တပည့်မမှာ သူမ၏လမ်းစဉ်ကို မလိုက်မိစေရန်သာ မျှော်လင့်မိသည်။

“တန်ဝမ် နားလည်ပါတယ်… ဆရာမ…” တန်ဝမ်က ပြန်ပြောလိုက်သည်။ သူမက နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ သို့သော် သူမနေထိုင်ရာ အဆောင်သို့ မဟုတ်ပေ။ ဂီတသံ၏ ခေါ်ဆောင်ရာသို့ လျှောက်လာရင်း ဟွာဖန်းလူနှင့် ရီဖူရှင်း၏တို့ နေထိုင်ရာ အဆောက်အဦရှေ့သို့ ရောက်လာသည်။

အဆောက်အဦ၏ အရှေ့တွင် သူမက လူငယ်တစ်ယောက် ကု့ချင်း၏ကြိုးများအား တိတ်ဆိတ်စွာ တီးခတ်နေသည်ကို မြင်လိုက်သည်။ သူ့အား ကြည့်ရသည်မှာ ဂီတသံထဲတွင် မျောနေပုံရကာ သူ၏ငြိမ်သက်သော အပြုံးက သူ၏ချောမောသော မျက်နှာအား ပိုမို၍ ဆွဲဆောင်မှု ရှိစေသည်။

တန်ဝမ်က သူ့အား အနှောင့်အယှက် မပေးမိစေရန် ဆက်မလျှောက်တော့ပေ။ ထိုအစား သူမက ထိုနေရာတွင်ပင် ရပ်လျက် ထိုဂီတသံစဉ် အဆုံးအထိ နားထောင်လိုက်သည်။ လူငယ်က ခေါင်းမော့လိုက်လျှင် တန်ဝမ်အား မြင်သည်။ တန်ဝမ်က ပြုံးလျက် ပြောလိုက်သည်… “ဂီတသံက အရမ်း နားထောင်ကောင်းတယ်…”

“ကျေးဇူးတင်ပါတယ်… ကျုပ်နာမည်ကို ရီဖူရှင်းလို့ ခေါ်လို့ရတယ်… မင်းက တန်အဒေါ်ရဲ့ တပည့်လား…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

“အင်း… ကျွန်မနာမည်က တန်ဝမ်လို့ခေါ်တယ်… ဆရာမက မနက်ဖြန် ရှင့်ကို ဒွန်ဟိုင်ကျောင်းတော်ကို လိုက်ပြခိုင်းထားတယ်… ရှင်သွားချင်လား…” တန်ဝမ်က မေးလိုက်သည်။

“စိတ်ဝင်စားစရာ ကောင်းသားပဲ…” သူ ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကျွန်မ မနက်ဖြန် ရှင့်ကို လာရှာမယ်…” တန်ဝမ်က ပြုံးလျက် သူမ၏အဆောင်သို့ ပြန်လာသည်။ ရီဖူရှင်းကလည်း ထရပ်လိုက်သည်။ ထို့နောက် ကု့ချင်းအား သယ်ဆောင်ကာ ဝါးတောလေး နောက်ဘက်ရှိ အဆောက်အအုံသို့ လျှောက်လာသည်။

ရုတ်တရက် ဝါးတောထံမှ တရှဲရှဲအသံများအား ရီဖူရှင်း ကြားလိုက်ရသည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် လေပြင်း တိုက်ခတ်သောကြောင့် ဝါးပင်များ လှုပ်ယမ်နေသည်ကို မြင်လိုက်ရ၏။ သူက ထိုနေရာသို့ လျှောက်သွားလိုက်လျှင် မြေပြင် တစ်နေရာတွင် ယူချင်း ထိုင်နေသည်ကို တွေ့ရသည်။ သူ၏ကြီးမားသော ကိုယ်ခန္ဓာအား ပိုမိုကြောက်မက်ဖွယ် ကောင်းအောင် သိပ်သည်းသော ရွှေရောင်အားလှိုင်းများက လွှမ်းခြုံထားသည်။ ထိုအားလှိုင်းများ၏ အရှိန်အဟုန်ကြောင့် ဝါးပင်များ ယိမ်းခါနေသည်။ တစ်ချိန်တည်းမှာပင် သူကား အကြီးအကျယ် နာကျင်မှုဒဏ်ကို ခံနေရဟန်ရှိကာ မျက်နှာမှာ ရှုံ့ မဲ့နေသည်။ ထိုကြီးမားသော အားလှိုင်းက သူ့အား တိုက်ခိုက်နေသည့်အလား ထင်ရသည်။

ရီဖူရှင်းကလည်း မြေပြင်တွင် ထိုင်လိုက်သည်။ ထို့နောက် ကု့ချင်းအား သူ၏ရှေ့တွင် ချကာ ထပ်မံ တီးခတ်လိုက်သည်။ ကု့ချင်း၏အေးချမ်းသော ဂီတသံအောက်တွင် ယူချင်းမှာ အတော်အတန် ငြိမ်သက်သွားပုံ ရသော်လည်း ကြောက်မက်ဖွယ် အားလှိုင်းက သူ့အား ဆက်လက်၍ တိုက်ခိုက်နေသည်။ ရွှေဝါရောင် အားလှိုင်းက ပိုမို ကြီးမားလာပြီး ထိုအရာက ယူချင်းအား ဝါးမျိုတော့မည်ကဲ့သို့ အလားပင်။

အချိန်အတန် ကြာပြီးမှ ထိုအားလှိုင်းက ငြိမ်သက်သွားသည်။ ယူချင်းက သူ၏မျက်လုံးများအား ဖွင့်လိုက်သော်လည်း သူ၏မျက်နှာကား အေးစက်နေဆဲ ဖြစ်သည်။ သို့သော် သူက ရီဖူရှင်းအား မြင်သောအခါ သူ၏မျက်နှာမှာ ပျော့ပျောင်းသွားသည်။

“ယူချင်း… မွေးစားအဖေက ဒီနည်းစနစ်ကို ဘယ်လောက်ကြာအောင် လေ့ကျင့်ရမယ် ပြောထားလဲ…” ရီဖူရှင်းက မေးလိုက်သည်။

“တစ်သက်လုံး…” ယူချင်းက ဖြေလိုက်သည်။

“မင်းရပ်လိုက်လို့ မဖြစ်ဘူးလား…” ရီဖူရှင်းက သက်ပြင်းချလျက် မေးလိုက်သည်။

“ဒါ အဆင်ပြေတယ်…” ယူချင်းက ခေါင်းကုတ်လိုက်ပြီး ပြုံးလိုက်သည်… “ဒီနည်းနဲ့…ငါက ပိုပြီး သန်မာလာတယ်…”

“အရူးကောင်… ကောင်းကောင်း အနားယူ…” ရီဖူရှင်းက ပြောလိုက်သည်။ သူက ကု့ချင်းအား ကောက်ကိုင်ကာ ထွက်သွားသည်။ ရီဖူရှင်း ထွက်သွားပြီးသော်လည်း ယူချင်းကား အနားမယူသေးပေ။ ဆက်လက်၍ တစ်ဖန် တန်ခိုးကျင့်နေသည်။ ရီဖူရှင်းကား တီအန်ယွာတောင်တွင် အသက်ဆုံးလုနီးပါးပင်။ ယခု ဒွန်ဟိုင်မြို့တော်တွင် ပို၍ စွမ်းအားမြင့်သော တန်ခိုးရှင်များ ရှိနေသည်။ သူက မိမိကိုယ်ကို လုံလောက်သည်ဟု လုံးဝမယူဆပေ။ သူ၏ယခု တန်ခိုးအဆင့်ဖြင့် ရီဖူရှင်းကို ကာကွယ်နိုင်စွမ်း မရှိပေ။ သူကား ယခုထက်ပို၍ လျင်မြန်စွာ သန်မာလာပြီး စွမ်းအားမြင့်ရန် လိုအပ်ပေသည်။

***

နောက်တစ်နေ့ နံနက်တွင် ဒွန်ဟိုင်မြို့အား နေမင်းကြီးက နွေးထွေးသော မနက်ခင်း နေရောင်များ ဖြန့်ကြက်ထားသည်။

ကု့ချင်းဥယျာဉ်တွင် တန်လန်က မနက်စောစောကပင် ဟွာဖန်းလူအား ပြုစုရန် လူများ စေလွှတ်ထားသည်။ ရီဖူရှင်းက သူ၏ဆရာအတွက် စိတ်မကောင်း ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တန်လန်စေလွှတ်သော သူတိုင်းမှာ ယောက်ျားများ ဖြစ်နေသောကြောင့်ပင်။ ဟွာဖန်းလူက တစ်ဖက်လှည့်ဖြင့် လူလဲရန်ပြောသေးသည်။ သူက တချို့ကိစ္စများမှာ မိန်းမများ လုပ်ပေးရန် လိုအပ်ကြောင်း ပြောလျှင် တန်လန်က ပြန်ပြောသည်မှာ… “ကျွန်မရှိတယ်…” ဟူ၍ပင် ဖြစ်သည်။ ဟွာဖန်းလူအား စိတ်ထဲတွင်သာ ငိုကြွေးနိုင်တော့သည်။ သူက ကု့ချင်းဥယျာဉ်ထက် ပိုကောင်းသည့်နေရာကို စဉ်းစားခဲ့သင့်သည်ဟု ခါးသီးစွာ တွေးလိုက်သည်။ သည်အရာကား အမှန်တကယ် လက်စားချေခြင်း စစ်စစ်ပင်။

ရီဖူရှင်း အတွက်မူ ခြံဝင်းအပြင်ဘက်သို့ ထွက်လာသည့်တိုင် ခွက်ထိုးခွက်လန် ရယ်မောနေဆဲပင်။ သူနှင့် ယူချင်း။ တန်ဝမ်တို့က သိမ်းငှက်နက်ကြီးကို စီးကာ ထွက်ခွာလာကြသည်။

လေထဲတွင် ရီဖူရှင်းက ထိုကြီးမားသော မြို့ကြီးအား ငုံ့ကြည့်လိုက်သည်။ သည်မြို့နှင့် ပတ်သက်၍ သူ၏စိတ်ခံစားချက်မှာ ရှုပ်ထွေးလွန်းလှသည်။ သူက ကြောက်ရွံ့သလို ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် သူက ထိုအရာကို သိမ်းပိုက်လိုသည်။

“တန်ဝမ်… ဒွန်ဟိုင်ကျောင်းတော်မှာ ပါရမီရှင်တွေ အများကြီး ရှိတာလား…” ရီဖူရှင်းက မေးလိုက်သည်။

“ဟုတ်တယ်… အင်အားကြီး မိသားစုတွေရဲ့ ပါရမီရှင်တွေ အကုန်လုံးက အရှေ့ပင်လယ်ကို ကျော်ဖြတ်ပြီး ဒွန်ဟိုင်ကျောင်းတော်ကို လာတက်လေ့ရှိကြတယ်… မှန်တာပေါ့… ဒွန်ဟိုင်က အကုန်လုံးအတွက် ပထမဦးစားပေးပဲ…” တန်ဝမ်က ရှင်းပြလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက သည်သဘောကို နားလည်သည်။ အင်အားကြီး မိသားစုများမှ သူတို့၏မှော်ထိန်းချုပ်သူ မျိုးဆက်သစ်များအား အရှေ့ပင်လယ်၏ အကောင်းမွန်ဆုံးသော ကျောင်းတော်တွင် ပညာသင်ကြားစေခြင်းမှာ သဘာဝပင်ဖြစ်သည်။

“ရှင်က ဖိအားတွေ ဝင်နေတာလား…” တန်ဝမ်က ရီဖူရှင်းအား ပြုံးလျက် ပြောလိုက်သည်။ သူမ၏အပြုံးကား ချိုမြိန်ကာ လှပသည်။

“ဖိအား…” ရီဖူရှင်းက ပြုံးလိုက်သည်… “မရှိဘူး…”

“ရှင့်ကို ကြည့်ရတာ တော်တော် ယုံကြည်မှု ရှိပုံပဲ…” တန်ဝမ်က ရယ်မောလိုက်သည်။

ရီဖူရှင်းက ပြန်မဖြေပေ။ ထိုအစား သူက ပြန်၍ မေးခွန်းထုတ်လိုက်သည်… “ စကားမစပ်… ကျောင်းတော်မှာ ဟွာဂျီယူ နာမည်နဲ့ မိန်းကလေးတစ်ယောက် ကြားမိလား… သူမက မင်း အသက်ဝန်းကျင်လောက် ရှိတယ်…”

မြေခွေးမ၏အလှတရားများက ဒွန်ဟိုင်ကျောင်းတော်တွင် ကျော်ကြားရန် မခက်ခဲပေ။

ထိုနာမည်အား ညွှန်းလိုက်သည်နှင့် တန်ဝမ်က ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်လိုက်သည်… “ဒွန်ဟိုင်ကျောင်းတော်ရဲ့ နံပါတ်တစ် မိန်းမလှလေးကို တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား…”

“ဒွန်ဟိုင်ကျောင်းတော်ရဲ့ နံပါတ်တစ် မိန်းမလှ…” ရီဖူရှင်း ထိတ်လန့်သွားသည်။ ချက်ချင်းပင် သူ၏မျက်နှာတွင် ကြီးမားသော အပြုံးတစ်ပွင့် ပေါ်လာသည်။ သူမကား အမှန်တကယ် ဒွန်ဟိုင်ကျောင်းတော်တွင် ရှိသည်။

ထို့အပြင် သူမကား သူထင်သည်ထက် ကျော်ကြားပေသည်။ သူမကား အမှန်တကယ် မြေခွေးမပင်။

“သူမက ဒွန်ဟိုင်ကျောင်းတော်ကို ရောက်တာ မကြာသေးဘူးမလား…” ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။

“အင်း… ဒါပေမဲ့… နွေဦးရာသီ ဝင်ခွင့်စာမေးပွဲမှာ ဟွာဂျီယူရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ကောင်းမွန်လွန်းတယ်… ကျောင်းတော်ရဲ့ ထိပ်သီးပုဂ္ဂိုလ်တွ အကုန်လုံး အံ့အားသင့်စေတယ်… ပြီးတော့ ကျွန်မ ကြားတာကတော့ ဟွာဂျီယူရဲ့ နောက်ခံ အသိုင်းအဝိုင်းကလည်း အင်အား ကောင်းတယ်တဲ့… ဒါကြောင့် သူမရဲ့ နာမည်က အချိန်အနည်းငယ် အတွင်းမှာ ကျော်ကြား သွားတာပေါ့… ပြီးတော့ သူမရဲ့ ရုပ်ရည်ကလည်း နံပါတ်တစ် မိန်းမလှလို့ ခေါ်ရအောင် ချောမောလှပလွန်းတယ်… “တန်ဝမ်က ရှင်းပြလိုက်သည်…” ရှင်က ဟွာဂျီယူကို တိတ်တခိုး ကြိုက်နေတာလား… ကျွန်မ ထင်တာကတော့ ဒီကိစ္စကို မေ့လိုက်သင့်တယ်… ရှင့်အတွက် မျှော်လင့်ချက် မရှိဘူး…

ရီဖူရှင်းက တန်ဝမ်အား ကြည့်လိုက်သည်။ သူမ၏ပုံစံကို ကြည့်ရသည်မှာ သူမက ဟွာဂျီယူ၏နောက်ခံအား သိရှိပုံမရပေ။ အကယ်၍ သူမကသာ သိခဲ့လျှင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့မှာ တစ်ယောက်နှင့် တစ်ယောက် သိလိမ့်မည်ဟု ခန့်မှန်းမိမည် ဖြစ်သည်။

“ဘာလို့လဲ…” သူက မေးလိုက်သည်။

“ဟွာဂျီယူက ကျောင်းတော်ရဲ့ မရေမတွက်နိုင်တဲ့ ချဉ်းကပ်သူတွေ ရှိပြီးတော့ အဲဒီအထဲမှာမှ အရမ်းထက်မြက်ပြီး ကျော်ကြားတဲ့ သူတွေတောင်မှ အငြင်းခံခဲ့ရတာ… ရှင့်မှာ အခွင့်အရေး ရှိလိမ့်မယ်လို့ ကျွန်မ မထင်ဘူး…” တန်ဝမ်က အသာအယာ ပြုံးလျက် ပြောလိုက်သည်။

“ကျုပ်နားလည်ပြီ…” ရီဖူရှင်း၏အပြုံးကား ပို၍ပင် တောက်ပလာသည်… “သူမက ဒီလူတွေကို ဘာလို့ ငြင်းလဲသိလား…”

“ဖြစ်နိုင်တာကတော့ ဟွာဂျီယူက အရမ်း မာနကြီးနေလို့…” တန်ဝမ်က ပြောလိုက်သည်။

“ဘာကြောင့်လဲဆိုတော့ ဟွာဂျီယူက သူကြိုက်နေတဲ့သူ ရှိနေပြီးသားမို့လို့ပဲ…” သူက ပြောလိုက်သည်။

“ဘယ်သူလဲ…” တန်ဝမ်က စိတ်ဝင်တစား မေးလိုက်သည်။

“ငါလေ…” ရီဖူရှင်းက ပြုံးလျက် ဖြေလိုက်သည်။

တန်ဝမ်က ခစ်ခနဲ ရယ်မောလိုက်ကာ ပြောလိုက်သည်… “ဆရာမက ပြောတာတော့ ရှင်က စကားပြောတာ အတော်ကောင်းဆိုပဲ… ဒါပေမဲ့ ပေါက်ကရတွေပဲဆိုတာ ခုမှသိတယ်…”

တန်ဝမ်၏ မှတ်ချက်အား ကြားကာ ရီဖူရှင်း စိတ်ညစ်သွားသည်။ တန်လန်က သူမအား တစ်ခုခု ပြောထားပုံရသည်။

သူတို့သုံးယောက်အား မြေပြင်ပေါ်သို့ ချပေးခဲ့ပြီး သိမ်းငှက်နက်ကြီးက ကောင်းကင်သို့ တစ်ဖန် ပျံတက်သွားသည်။

ဒွန်ဟိုင်ကျောင်းတော်ကား ကြီးမားကာ ခန့်ညားလှသည်။ ပင်မတံခါးကြီးအား လူတိုင်းအား လွတ်လပ်စွာ ဝင်ထွက်ခွင့် ပေးထားသည်။ အရှေ့ပင်လယ်ဒေသတွင် ဒွန်ဟိုင်ကျောင်းတော်အား မည်သူမျှ ကျူးကျော် ရန်မစရဲကြပေ။ ထို့ကြောင့် ဒွန်ဟိုင်ကျောင်းတော်က ကျောင်းတော်အတွင်း ဝင်ရောက်လာသူများအား တားဆီး စစ်ဆေးရန် မလိုအပ်ပေ။

ကျောင်းသားများကား ရှုပ်ယှက်ခတ်စွာ ဝင်ထွက်နေကြသည်။ ထိုအထဲတွင် အသက်အငယ်ဆုံးမှာ ဆယ့်သုံးနှစ် ဝန်းကျင်ခန့်ရှိပြီး အကြီးဆုံးမှာ နှစ်ဆယ်ခန့် ရှိမည်ဖြစ်သည်။ လူတိုင်းက တက်ကြွနေပြီး ကျောင်းဝင်းမှာ မြူးကြွနေသော ခံစားချက်များအား ပေးသည်။

“ဒီမှာ မိန်းမလှလေးတွေ အများကြီးပဲ…” သူတို့ဝင်လာပြီး ကျောင်းဝင်းအား ဝေ့ကြည့်လိုက်ကာ ရီဖူရှင်းက မှတ်ချက်ချသည်။ ဒွန်ဟိုင်ကျောင်းတော်နှင့် ပတ်သက်ပြီး ရီဖူရှင်း၏ပထမဆုံး မှတ်ချက်အား ကြားကာ တန်ဝမ် စိတ်ညစ်သွားသည်။ ရီဖူရှင်း၏စကားအား ကြားကာ သူတို့ထံ ရောက်ရှိလာကြသော မျက်လုံးများအား ရင်ဆိုင်မိကာ တန်ဝမ်မှာ ပို၍ စိတ်ညစ်သွားသည်။

လူတိုင်းက သူတို့အနားမှ ဖြတ်လျှောက်သွားမိလျှင် သူတို့အား အာရုံစိုက်မိကြသည်။ ရီဖူရှင်းအား ချောမောခန့်ညားသည်။ တန်ဝမ်ကား လှပသည်။ ယူချင်း၏ပုံစံက သန်မာကာ အားကောင်းသော အရှိန်အဝါတစ်ခုကို ပေးသည်။ သူတို့သုံးယောက်ကား လူအများ၏ စိတ်ဝင်စားမှုကို ရ၏။

ထိုအချိန်တွင် ရီဖူရှင်တို့ သုံးယောက်အား မျက်လုံးတစ်စုံက ကျရောက်လာသည်။ သူမက သရော်ဟန်ဖြင့် နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးလိုက်သည်။

“အဲဒါ သူပဲ…” အသက် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးက ပြောလိုက်သည်။

“မူယွန်နီ… နင်က သူ့ကို သိလို့လား…” သူမ၏ အတန်းဖော်က မေးလိုက်သည်။

ရီဖူရှင်းကား သူတို့၏ မျက်နှာချင်းဆိုင်မှ လှမ်းလာနေခြင်း ဖြစ်သည်။ သူ၏မျက်လုံးက ရှေ့မှလူအုပ်ထဲတွင် ရှိသော မူမိသားစု မောင်နှမအား ချက်ချင်း သတိထားမိလိုက်သည်။ သူတို့က သူ့အား ပြုံးပြနေခြင်း ဖြစ်ကြောင်း ပြောရန် ခက်လှသည်။

“ဘာလိုချင်လို့လဲ…” ရီဖူရှင်းက မေးလိုက်သည်။ မူမိသားစု မောင်နှမက သူ့ထံသို့ လျှောက်လှမ်း လာနေသည်။

မူယွန်နီက ရီဖူရှင်း၏ ယုံကြည်မှုရှိသော ပုံစံအား ကြည့်ကာ ယမန်နေ့က ရီဖူရှင်း၏ သနားဖွယ်ရာ အခြေအနေကို သတိရလိုက်သည်။ သူမက ရီဖူရှင်းအား နှာခေါင်းရှုံ့လျက် မေးလိုက်သည်… “နင့်ကို ထောက်ပံ့မည့်လူ တွေ့သွားပြီလား…”

“ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ…” ရီဖူရှင်းက ပြုံးလျက် မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး… ကျွန်မက မေးရုံမေးတာပါ…” သူမက ရယ်မောလိုက်သည်။ ထို့နောက် သူတို့အုပ်စုက ရီဖူရှင်းတို့အား ကျော်ဖြတ်ကာ သူတို့လမ်းအား ဆက်လျှောက် သွားကြသည်။ ရီဖူရှင်းတို့အား ကျော်ဖြတ်သွားပြီးသည်နှင့် မူယွန်နီက သူမ၏ဘေးမှ တစ်ယောက်အား ပြောလိုက်သည်… “ဒီကောင်က ကု့ချင်းမိစ္ဆာရဲ့ တပည့်လေ… မနေ့က အဖေ့ဆီလာပြီး တပည့်အဖြစ် လက်ခံဖို့ လာတောင်းပန်တယ်လေ… ဟဟ… ဒါက ရယ်စရာ မကောင်းဘူးလား…”

ရီဖူရှင်းက သူ၏နောက်မှ ပျံ့လွင့်လာသော ထိုစကားသံအား ကြားကာ ဆတ်ခနဲ ဖြစ်သွားသည်။ သူက တန်ဝမ်အား ကြည့်ကာ မေးလိုက်သည်… “ဒွန်ဟိုင်ကျောင်းတော်မှာ ကျုပ်က တစ်ယောက်ယောက်ကို တိုက်ခိုက်ရင် ဘာဖြစ်မလဲ…”

 **

Comment

Leave a Reply

Options

not work with dark mode
Reset