Switch Mode

အခန်း ( ၂ )

သေကံမရောက် သက်မပျောက် ( ၂ )

ရေစက်များပမာ ချွေးစက်များက မြေမည်းထက် ကျဆင်းသွားသောအခါ မှင်ရည်များ စွန်းထင်းသွားသည့်အလားပင်။

ဖြစ်စဉ်တစ်ခုလုံး အသက်ရှူချိန်ဆယ်ကြိမ်မျှ ကြာမြင့်သွားခဲ့သည်။ ဆေးပင်အနှစ်ကို သူ့အနာပေါ် အုံပြီးသည်နှင့် လူငယ်လေးမှာ အားအင်ကုန်ခမ်းသွားဟန်တူသည်။ ဘေးရှိ ဗီရိုတွင် အချိန်အနည်းငယ်ကြာမှီကာ သက်ပြင်းရှည်ကြီးချ၍ အနားယူလိုက်ပြီး အဝတ်အစားများကို တဖြည်းဖြည်း ဝတ်ဆင်လိုက်သည်။

အပြင်ဘက်ရှိ ကောင်းကင်ကြီးကို သူ မော့ကြည့်လိုက်ပြီး အတန်ငယ် စဉ်းစားတွေးတောပြီးနောက် သူ့သားရေအိတ်ရှုံ့လေးထဲမှ မြေပုံအပိုင်းအစတစ်ခုကို ဆွဲထုတ်ကာ ဂရုတစိုက် ဖွင့်ကြည့်လိုက်သည်။

မြေပုံက အလွန်ရှင်းလင်းပြီး မြို့ပျက်ကြီး၏ တည်နေရာများကို ဖော်ပြထားသည်။

ဆေးဆိုင်များတည်ရှိရာနေရာများအားလုံး အမှတ်အသားများ ခြစ်ထားသည်။ အမှန်တွင် အရှေ့မြောက်အရပ်ရှိ နေရာအများစုကို လက်သည်းများဖြင့် ကြက်ခြေခတ်ထားပြီး နှစ်နေရာတည်းသာ ယခုတိုင်အောင် ကြက်ခြေမခတ်ထားရသေးခြင်း ဖြစ်သည်။

“ ရက်နည်းနည်းလောက် ရှာကြည့်ထားပြီးပြီဆိုတော့ အဲဒါက ဒီကျန်နေသေးတဲ့နေရာနှစ်ခုထဲက တစ်ခုမှာ ရှိလောက်တယ် ”

လူငယ်လေး၏ အက်ကွဲနေသော အသံ ထွက်ပေါ်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်ခြင်းသာ ဖြစ်ပြီး မြေပုံကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့ပေမည့် သူ ထွက်မသွားသေးခင် အဘိုးအို၏အလောင်းကို လှည့်ကြည့်လိုက်ပြီး သူ့အကြည့်က အလောင်းဝတ်ဆင်ထားသော အင်္ကျီအပေါ် ကျရောက်သွားသည်။

ယင်းက သားရေအနွေးထည်ဖြစ်ပြီး ထူးခြားသော သားရေအမျိုးအစားတစ်မျိုးဖြင့် ပြုလုပ်ထားပုံရကာ အကြမ်းပတမ်း ခံနိုင်ဟန်တူသည်။

လူငယ်သည် စဉ်းစားတွေးတောနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် လျှောက်သွားကာ အလောင်းထံမှ အနွေးထည်ကို ချွတ်၍ သူ့ခန္ဓာကိုယ်တွင် ဝတ်ဆင်လိုက်သည်။

အနွေးထည်က အတော်လေး ကြီးမားပါသော်လည်း လူငယ်လေး၏ပိန်လှီသောခန္ဓာကိုယ်အား လွှမ်းခြုံလိုက်သည်နှင့် လူငယ်လေးမှာ အနွေးဓာတ် ခံစားလိုက်ရတော့သည်။ သို့ဖြစ်၍ လူငယ်လေးသည် အဘိုးအို၏ ပွင့်နေသော မျက်လုံးများအား ငုံ့ကြည့်၍ လက်ဖြင့် ညင်သာစွာ ပိတ်ပေးလိုက်သည်။

“ ငြိမ်းချမ်းစွာ အနားယူပါ ”

လူငယ်လေးက ညင်သာစွာ ဆိုသည်။ သူသည် ဆိုင်ခန်းစီးစများကို ဆုတ်ဖြဲ၍ အဘိုးအို၏ အလောင်းအပေါ် လွှမ်းခြုံပေးလိုက်ပြီးနောက် ဆေးဆိုင်ထဲမှ ထွက်ခွာလာသည်။

အပြင်သို့ ရောက်သည်နှင့် သူ့ခြေထောက်အောက်မှ အလင်းဖျော့ဖျော့တစ်ခု လက်နေသည်။ လူငယ်လေးက ငုံ့ကြည့်လိုက်ရာ သွေးရောင်ရွှံ့ထဲတွင် လက်တစ်ဝါးစာကြေးမုံပြင်အကျိုးအပဲ့လေးတစ်ခုကို မြင်လိုက်ရသည်။

ကြေးမုံပြင်ထဲတွင် သူ့မျက်နှာကို သူ တွေ့လိုက်ရသည်။

ကြေးမုံပြင်ထဲရှိ မျက်နှာလေးသည် ဖုန်းအလိမ်းလိမ်းဖြစ်နေပါသော်လည်း လွန်စွာ ချောမောခံ့ညားသည်ကို ဝိုးတဝါး မြင်နိုင်သေးသည်။

သို့သော်လည်း ၎င်းတွင် သာမန်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် အရွယ် လူပျိုပေါက်အငွေ့အသက်မျိုး ကင်းမဲ့နေပြီး ငယ်ရွယ်နုနယ်သည့်နေရာတွင် အေးစက်တင်းမာသောအသွင်အပြင်က အစားထိုးနေရာယူထားသည်။

လူငယ်လေးက သူ့ရုပ်သွင်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ တဒင်္ဂကြာပြီးနောက် သူသည် ခြေထောက်ကို ကြွကာ နင်းချလိုက်သည်။

ဖျစ်

ကြေးမုံပြင်အကျိုးအပဲ့ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာတော့သည်။

ကြေးမုံပြင်ကို နင်းခြေပြီးနောက် သူ့ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားကာ အဝေးသို့ ထွက်ခွာသွားလေသည်။

မြေပြင်၌ ယခုအခါ အက်ကွဲကြောင်းများ ပိုမိုထလာသော ကြေးမုံပြင်အပဲ့လေးက ကောင်းကင်ကြီးကိုတော့ ရောင်ပြန်ဟပ်နိုင်သေးသည်။ ကောင်းကင်ကြီးပုံရိပ်သည် လောကကြီးတစ်ခုလုံးနှင့် သက်ရှိများအားလုံးကို အုပ်မိုးထားသော နတ်ဘုရားများ၏ လူသားမျက်နှာကြီးတစ်ခြမ်းနှင့် ဆင်တူသည်။

မျက်နှာပျက်ကြီးက အေးစက်တင်းမာသောအသွင်ဖြင့် မျက်လုံးများ မှိတ်ထားပြီး သွေ့ခြောက်နေသော ဆံသားများက အောက်သို့ တွဲရရွဲကျနေသည်။

ယင်းမျက်နှာပျက်ကြီးသည် ဤလောကကြီး၏ နေမင်းကြီးနှင့် ငွေစန္ဒာလမင်းပမာ သဘာဝဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ယင်းက နတ်ဘုရားများ၏အောက်ရှိ ဖြစ်တည်မှုအားလုံး ပိုးမွှားများသာဖြစ်သည်ဟူ၍ ဆိုနေသည့်အလားပင်။ ထိုနတ်ဘုရားများ၏ တန်ခိုးအရှိန်အဝါအောက်တွင် အသင်္ချေသောသတ္တဝါများအနေဖြင့် နေထိုင်မှုပုံစံကို ပြောင်းလဲရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။

ထိုစဉ် ကောင်းကင်ကြီးသည်လည်း ကြေးမုံပြင်ထဲရှိ ရောင်ပြန်ဟပ်လာသော နတ်ဘုရားများ၏မျက်နှာကြောင့် တဖြည်းဖြည်း အရောင်အဝါ လျော့နည်းလာဟန်တူသည်။

နေဝင်ဆည်းဆာအမှောင်ရိပ်က မြို့ပျက်ကြီးထဲတွင် ပျံ့နှံ့နေသော အနက်ရောင်မြူခိုးများပမာ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံကာ ဝါးမျိုပစ်ချင်နေသည့်အလားပင်။

ထို့နောက် မိုးက တဖြည်းဖြည်း သည်းထန်လာသည်။

ညအမှောင်ထုကြီးက လောကတခွင်ကို တဖြည်းဖြည်း ဝါးမျိုလာပြီး လေနုအေးများသည်လည်း ပုံမှန်အတိုင်း တိုက်ခတ်နေဆဲဖြစ်ကာ ရံဖန်ရံခါ လေတိုးသံ တရွှီရွှီ မြည်နေလေတော့သည်။

ထိုအသံလေးများက မြို့ပျက်ကြီးထဲရှိ မကောင်းဆိုးဝါးများအား နိုးထလာစေရန် ဟစ်ကြွေးနေသော သရဲအော်သံကြီးများအလားပင်။ ထို့နောက် ကျောရိုးများ စိမ့်တက်သွားစေနိုင်သည့် လေတိုးသံများ စည်းချက်ကျစွာ ထွက်ပေါ်နေတော့သည်။

ထိုလေတိုးသံများကို ကြားသောအခါ ပြေးလွှားနေသော လူငယ်လေးသည် အလောတကြီးဖြင့် ပို၍ မြန်ဆန်စွာ ပြေးလေသည်။ သူသည် လမ်းကျိုလမ်းကြားများကို ပေါ့ပါးသွားလက်စွာ ကျော်ဖြတ်ကာ ညအမှောင်ထုအား လွတ်မြောက်ရန် ကြိုးစားနေသည်။

သူသည် ပြိုလဲနေသော အိမ်တစ်အိမ်ကို ကျော်ဖြတ်လာပြီး ရှေ့တူရှုသို့ ဆက်သွားမည်ပြုစဉ် သူ့မျက်ဝန်းများ ရုတ်ခြည်း ကျဉ်းမြောင်းသွားသည်။

သူ့မျက်လုံးထောင်စွန်းမှနေ၍ အုတ်ကျိုးအုတ်ပဲ့များကြားရှိ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် ထိုလူ၏ အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေပြီး မည်သည့်ဒဏ်ရာမျှ ရရှိထားဟန်မတူသည်ကို မြင်နိုင်သည်။ ထိုလူသည် နံရံကိုမှီ၍ ထိုင်နေ၏။

အရေးကြီးဆုံးတစ်ချက်က ထိုလူ၏ အသားအရေသည် အစိမ်းပုပ်ရောင်မဟုတ်ဘဲ ပုံမှန်အသားအရေ ဖြစ်သည်။

ဤမြို့ပျက်ကြီးထဲရှိ အလောင်းများအနက် ထိုကဲ့သို့ အလောင်းမျိုး မြင်တွေ့ရန် မဖြစ်နိုင်ပေ။

ထို့ပြင် အသက်ရှင်ကျန်ရစ်သည့်လူဟူ၍ ဤရက်များအတွင်း သူမှလွဲ၍ တခြားလူတစ်ယောက်ကို သူ မတွေ့ခဲ့ဖူးပေ။

ယင်းမြင်ကွင်းက သူ့ဦးနှောက်တစ်ခုလုံး ချာချာလည်သွားစေသည်။ မကြာခင် သူသည် တစ်စုံတစ်ခုကို တွေးမိကာ အသက်ရှူသံများ မြန်ဆန်လာသည်။

သူ ရှေ့ဆက်သွားချင်နေပါသော်လည်း သူ့နောက်ရှိ ညအမှောင်ထုက မြူခိုးများပမာ သူ့ကို လွှမ်းခြုံသွားတော့မည် ဖြစ်သည်။

လူငယ်လေးသည် ချီတုံချတုံဖြစ်နေပြီးနောက် ဤနေရာကို စိတ်ထဲတွင် မှတ်သားကာ ကပျာကယာ ထွက်ခွာသွားလေသည်။

သူသည် လမ်းတစ်လျှောက် တစ်ဟုန်ထိုး ပြေးလာပြီး နောက်ဆုံးတွင် သူ၏ယာယီအသိုက်အမြုံကို ရောက်ရှိသွားကာ အမှောင်ထုသည်လည်း သူ့ကို မီသွားလေသည်။

ယင်းက အလွန်ကျဉ်းသော ဂူလေးတစ်ဂူဖြစ်ပြီး ငှက်တောင်များဖြင့် ပြည့်နေသည်။

ဂူဝင်ပေါက်က မကြီးမားဘဲ အရွယ်ရောက်ပြီးလူများအနေဖြင့် မဝင်နိုင်ဘဲ လူငယ်များသာ အတင်းတိုးဝင်နိုင်ပေသည်။

ဂူထဲ ရောက်နေသည်နှင့် သူသည် ဝင်ပေါက်ကို စာအုပ်များ၊ ကျောက်တုံးများကဲ့သို့ ပစ္စည်းပစ္စယများဖြင့် ပိတ်ဆို့လိုက်တော့သည်။

ဂူဝင်ပေါက်ကို လုံးဝ ပိတ်ဆို့ပြီးသွားသောအခါ ညအမှောင်ထုက လောကကြီးအား လွှမ်းခြုံနေပေပြီ။

ထိုစဉ် လူငယ်လေးသည် သတိကြီးစွာဖြင့် အသက်ကို ဖြည်းညင်းစွာ ရှူ၍ သံတုတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အချိန်အတော်ကြာသည်အထိ နားစွင့်နေလေသည်။

တဖြည်းဖြည်းနှင့် သန္ဓေပြောင်းသားရဲများ၏ ဟိန်းဟောက်သံများနှင့် ဆွဲဆွဲငင်ငင် အော်မြည်သံများ လွင့်ပျံလာပြီး ရံဖန်ရံခါ သွေးပျက်ခမန်း တဟားဟား ရယ်မောသံကြီးပါ ရောယှက်ပါဝင်လာသည်။

ထို့နောက် ယင်းအသံများအား တုန့်ပြန်သည့်အနေဖြင့် ကြည်လင်ပြတ်သားသော ဟိန်းသံကြီးတစ်သံပါ ပဲ့တင်ထပ်၍ လွင့်ပျံလာသည်။ လူငယ်လေးမှာ စိုးရိမ်ကြောင့်ကြနေပြီး ထိုအသံများက သူ့ကို ကျော်ဖြတ်၍ အဝေးသို့ ပျံ့လွင့်ကာ ပျောက်ကွယ်သွားသောအခါမှသာ သူသည် စိတ်အေးလက်အေးဖြင့် ဘေးတွင် ထိုင်ချလိုက်သည်။

ထို့နောက် သူက ဘေးရှိ ရေဘူးကို ဆွဲယူကာ ရေတစ်ကျိုက် မော့သောက်လိုက်ပြီး အပြင်ဘက်ရှိ အသံဗလံများကို လျစ်လျူရှု၍ အိတ်ထဲမှ လင်းတအား ဆွဲထုတ်လိုက်သည်။

အမှောင်ထုထဲတွင် သူက လင်းတကို တစ်ကိုက်ချင်း ကိုက်စားလိုက်လေသည်။

သွေးအလိမ်းလိမ်း စီးကျနေသော အသားစများက သူ့လည်မျိုတစ်လျှောက် လျှောကျသွားပါသော်လည်း သူက တည်ငြိမ်စွာ ဝါးစားကာ အစာကို ဝမ်းဗိုက်ထဲရောက်အောင် အတင်းမျိုချနေလေသည်။

ထိုအခါ သူ့ဝမ်းဗိုက်သည် ဆာလောင်သည့်ခံစားချက် ပြေပျောက်ကာ အစာကြေစေရန် အတင်းအကြပ် ချေဖျက်နေလေသည်။

မကြာခင် သူသည် လင်းတတစ်ကောင်လုံး စားပြီးသွားပြီဖြစ်သည်။ မောပန်းနွမ်းနယ်မှုများက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းလာပြီး သူက သက်ပြင်းရှည်ကြီး ရှိုက်သွင်းလိုက်သည်။ သူ့မျက်ခွံများသည်လည်း တဖြည်းဖြည်း လေးလံလာ၏။

သို့သော်လည်း သူသည် မည်းနက်တောက်ပြောင်နေသော သံတုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကိုကြည့်ရသည်မှာ အိပ်စက်အနားယူနေသော အထီးကျန်ဝံပုလွေတစ်ကောင်အလားပင်။

Comment

Options

not work with dark mode
Reset