ထိုကဲ့သို့ ထူးထူးဆန်းဆန်း မတော်တဆမှုများမှာ ရုပ်အလောင်းတောင်ရှိ နေရာများတွင် မကြာခဏဆိုသလို ပေါ်ပေါက်လာသည်။ ကျင့်ကြံသူများမှာ အင်မော်တယ်ဂူထဲမှ ပြေးထွက်လာကြကာ တချို့မှာ လေးနက်သည့်အမူအရာများရှိကြပြီး တချို့မှာတော့ အကြီးအကျယ်ဟစ်ကြွေးငိုယိုနေကြ၏။ အချို့မှာဘဝင်ခိုက်နေသည့်ဟန်ရှိလေသည်။ အနည်းစုမှာမူ လက်များပင် ဝှေ့ယမ်းကာ ခွက်ထိုးခွက်လန်ရယ်နေကြသည်။
ကျင့်ကြံသူတစ်ယောက်မှာ သစ်ပင်ကြီးတစ်ပင် ရှေ့ရပ်ကာ ပုံမှန်မဟုတ်သောအမူအရာနှင့် ရိုင်းရိုင်းပျပျ လက်ဟန်ခြေဟန်ဖြင့် ကျယ်လောင်စွာ အော်ပြောနေ၏။
“ဟက်.. လှုပ်ရဲလှုပ်ကြည့်စမ်း.. အသေသတ်ပစ်မယ်ကွ”
ထိုအနီးအနားမှာပင် ရှုပ်ပွနေသော ဆံပင်နှင့်ကျင့်ကြံသူ နောက်ထပ်တစ်ယောက်သည် သူ၏ ခေါင်းကို နောက်သို့လှန်လျက် အူလှိုက်သည်းလှိုက်ရယ်နေ၏။
“ဟားဟားဟား..နောက်ဆုံးတော့ ရွှေအမြုတေအဆင့်ရောက်ပြီကွ..။အခုကစပြီး ငါ့ကို မဟာအကြီးအကဲလို့ ခေါ်ကြတော့”
အခြားကျင့်ကြံသူတစ်ယောက်မှာမူ သူ၏သန့်စင်ပြီးရုပ်အလောင်းအရှေ့တွင် တောင့်တောင့်ကြီးနေ၍ ငိုကြွေးနေ၏။သူ့အမြင်တွင် သူက သန့်စင်ပြီးရုပ်အလောင်းဖြစ်ပြီး သန့်စင်ပြီးရုပ်အလောင်းက သခင်ဖြစ်သည်ဟုထင်နေလေသည်။
ထိုကဲ့သို့ ထူးဆန်းသောမြင်ကွင်းများမှာ နေရာတိုင်းတွင် ဖြစ်ပွားနေလေသည်။ကူးစက်မခံရသေးသောကျင့်ကြံသူများမှာ ကြောက်လန့်တုန်ရီမှုအပြည့်ဖြင့် ဘေးဘီဝဲယာကို ကြည့်နေကြသည်။
“ဘာတွေဖြစ်ကုန်တာလဲ”
“ဘုရားရေ.. ဘာတွေဖြစ်နေတာတုံး ”
“ေသာက်ကျိုးနဲ.. .ဘာဖြစ်သွားတာလဲဟ”
ပကတိအတိုင်းရှိသေးသော ကျင့်ကြံသူများမှာ ရူးမတတ်ဖြစ်နေကြ၏။သူတို့ပတ်လည်ရှိ ထိတ်လန့်ဖွယ်ဖြစ်ရပ်များကြောင့် အူကြောင်ကြောင်ပင် ဖြစ်နေကြသည်။
ရွှီရှောင်ရှန်းမှာ လူအုပ်ထဲတွင်ရှိပြီး ကြောက်ကြောက်လန့်လန့် ပျံသွားရင်း ကျောက်တုံးကြီးဆီရောက်သွားသည်။ ဘေးဘီဝဲယာကို စိုးရိမ်ပူပန်စွာကြည့်လျက် ထိုကျောက်တုံးဖက်လှည့်ကာ ပြောလိုက်သည်။
“ခင်ဗျား တွေ့လား.. ။ ပြဿနာတက်နေပြီ ။ ဂိုဏ်းသားတွေ အကုန်လုံးလဲ သွေးလေချောက်ခြားနေကြတယ်..ဆိုးရွားလိုက်တာ ကျုပ်တို့ မဟာအကြီးအကဲကို သွားပြောရမယ်”
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရွှီရှောင်ရှန်းက ထိုကျောက်တုံးကြီးကို စိုက်ကြည့်လိုက်သည်။
“အီး.. ဘာလို့ စကားမပြောတာလဲဗျ”
တစ်အောင့်မျှကုန်လွန်သွား၏။
“ခင်..ခင်ဗျားက အရူးလား”
ကြောက်ဒူးတုန်သွားသည့်ပုံရကာ ရွှီရှောင်ရှန်းက အ ခြားဘက်သို့ ပျံသွားပြီး သန့်စင်ပြီး ရုပ်အလောင်းတစ်ခုကို တွေ့လိုက်ရလေသည်။
အားတက်သွားပြီး သူက ပြောလိုက်သည်။
“ခေါင်းဆောင်ကြီး.။ ဆရာ မြန်မြန်သွားတော့..။ ပြဿနာတွေတက်နေတာ… လူတွေအကုန်လုံးလဲ ရူးကုန်ပြီဗျ”
ထိုသို့ ရွှီရှောင်ရှန်းက အော်ပြောနေစေကာမူ အနီးအနားရှိ ရုပ်အလောင်းတောင်ရှိ တခြားကျင့်ကြံသူမှာ ရုတ်ခြည်းခေါင်းကို နောက်လန်ကာ ခွက်ထိုးခွက်လန်ရယ်လိုက်၏။ ဘေးပတ်လည်ကို အထင်သေးစွာ ကြည့်လိုက်ပြီး အထက်စီးဆန်ဆန် ပြောလိုက်သည်။
” အံမာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလား ။ ငါ ပိုင်ရှောင်ချန်းလို လူကို စိန်ခေါ်တယ်တယ်ပေါ့။ နားထောင်ကြစမ်း ။ငါ ပိုင်ရှောင်ချန်းက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်တန်ခိုးရှင်ကွ ။ ဟုတ်တယ်… ပိုင်ရှောင်ချန်းဟေ့ ”
ထို့နောက် သူက လူကြားထဲသို့ ဆောင့်ကြွား ဆောင့်ကြွား နှင့် လျှောက်သွားလေသည်။ တွေ့သမျှလူတိုင်းကိုလဲ သူက ပိုင်ရှောင်ချန်းဖြစ်ကြောင်း ဖောက်သည်ချနေ၏။
ရုပ်အလောင်းတောင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။ မဟာအကြီးအကဲနှင့် သွေးစီးကြောင်း အကြီးအကဲများမှာ ထိတ်လန့်အံသြလျက် အပြင်သို့ ကမန်းကတန်း ထွက်လာကြပြီး ဖြစ်ပျက်နေသမျှကို မြင်ရသောအခါ အသက်ရှူမှားသွားကြတော့သည်။
“ဘာတွေဖြစ်ကုန်တာလဲ”
မဟာအကြီးအကဲမှာ သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်လိုက်စဥ် ကောင်းကင်ယံ၌ သွေးသခင်များ ပေါ်လာကာ ဘေးပတ်လည်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
“သူတို့အကုန်လုံး ကယောင်ခြောက် ခြားဖြစ်နေကြတယ် ”
သွေးသခင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ သွေးစီးကြောင်း အကြီးအကဲများမှာမူ ထိန်းချုပ်ရန် ကြိုးပမ်းလိုက်သော်လည်း သူတို့ပါ ငေးကြောင်ကြောင် ဖြစ်သွားကြလေသည်။
သူတို့ထဲမှ တစ်ယောက်က သူ၏ ခေါင်းကို ဖိဆုပ်ထားပြီး အကျယ်ကြီးထငိုတော့သည်။ အခြားတစ်ယောက်မှာ ဆောင့်ကြောင့်ထိုင်လိုက်ကာ ခေါင်း၏ တစ်ဖက်တစ်ချက်စီတွင် သူ၏ လက်ကို ထားလိုက်ပြီး လယ်ခလယ်ကို ယုန်နားရွက်အသွင်ထောင်ထား၏။ထို့နောက်ပတ်ပတ်လည်ကို အထူးတဆန်းကြည့်ကာ ယုန်ကဲ့သို့ ခုန်ဆွ ခုန်ဆွ သွားနေလေသည်။
နောက်တစ်ယောက်မှာမူ အမြန်ဆုံးအလျင်ဖြင့် ခါးကုန်းလျက်ပုန်းနေသောကျင့်ကြံသူလူငယ်တစ်ဦးရှိသည့် အင်မော်ဂူထဲ ပြေးဝင်သွား၏။ အထဲရောက်သည်နှင့် သွေးစီးကြောင်း အကြီးအကဲမှာ ထိုလူငယ်၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး နောက် သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
သွေးသခင်နှင့် မဟာအကြီးအကဲမှာ ထိတ်လန့်မှုကြောင့် ခေါင်းပင်ကြိမ်းလာ၏။ ထို့နောက်ပိုင်ရှောင်ချန်းဆေးဖော်နေသည့်နေရာကို အံသြတုန်လှုပ်စွာ လှမ်းကြည့်လိုက်ကြသည်။
” ညမုဆိုး ဆေးဖော်လို့ ဒါတွေ ဖြစ်နေတာလား”
“ဆေးဖော်စပ်တာကတော့ ဒီလောက်ဆိုးရွားတာမျိုး မဖြစ်သင့်ပါဘူး “
မဟာအကြီးအကဲမှာ ပင့်သက်ရှိုက်လိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်စဥ် ရုတ်တရက်ငေးကြောင်သွား၏။ သူက စူးစူးရှရှအော်ဟစ်ကာ လက်ကို တောင်ပံသဖွယ်ဆန့်လိုက်ပြီး လေပေါ်သို့ ပျံသွားတော့သည်။ ထို့နောက် ငှက်သဖွယ် ထိုးဆင်းလာပြီး ဆိုးဆိုးရွားရွားအော်လျက် ကျင့်ကြံသူတစ်ယောက်ကို ဆွဲခေါ်သွားကာ မြေပေါ်သို့ ပြန်ပစ်ချလိုက်၏။
သူက သူ့ကိုယ်သူ လင်းယုန်ငှက်ဟု ထင်မှတ်နေလေသည်။ လေပေါ်သို့ တဟုန်ထိုးပြန်တက်သွားပြီး အောက်ရှိ ကျင့်ကြံသူများကို စူးရှသည့် မျက်လုံးဖြင့်ကြည့်နေ၏။ ထို့နောက် ထိုးဆင်းလာပြီး သူတို့ကို ဆွဲခေါ်သွားပြန်သည်။
သွေးသခင်မှာ အလွန်တရာ ခေါင်းကြိမ်းလာသဖြင့် ပေါက်ကွဲထွက်တော့မတတ်ခံစားနေရလေသည်။ သူက ရုပ်အလောင်းတောင်တွင်တစ်စက်လေးမှ မရှိချင်တော့သဖြင့် ချက်ချင်းပင် အမြင့်ဆုံးအထိပျံသွားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာမယ ကြောက်လန့်မှုများ အထင်းသားပေါ်လွင်နေ၏။
” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ရုပ်အလောင်းတောင်ကို အနီးကပ်စောင့်ကြည့်နေသူများမှာ အလယ်တောင်ထိပ်ရှိ ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် အခြေအနေများ မငြိမ်မသက်ဖြစ်လာသည်နှင့် သူတို့ သွားကြည့်ကြလေသည်။ ထိုကို့ရိုးကားယားမြင်ကွင်းကို မြင်ရသောအခါ အနားသို့ မကပ်ရဲသဖြင့် နောက်ဆုတ်လိုက်ပြီး ရင်တုန်နေကြ၏။
“နောက်ဆုံးတော့ ဝမ်းလျှောမိစ္ဆာက လေပွေကြီး ထုတ်လိုက်ပြီဟေ့”
“ကြောက်စရာကြီးပါလား.. သူတို့ဘာတွေဖြစ်ကုန်တာလဲ…. ကယောင်ခြောက်ခြားဖြစ်နေတာလို့ မပြောစမ်းပါနဲ့ ”
” ကယောင်ခြောက် ခြားဖြစ်တယ်ဆိုတာ သူတို့ရဲ့ အနက်ရှိုင်းဆုံးလိုအင်ဆန္ဒတွေကို ဆွဲထုတ်လိုက်သလိုမျိုးပဲ..”
“ဘုရားရေ.. သူတို့ထဲက တစ်ယောက်က သူ့ကိုယ်သူ ပိုင်ရှောင်ချန်းတဲ့။ အံ့သြပ။ သူက စိတ်ထဲမှာ ဘာလိုချင်နေတာလဲ.. ပိုင်ရှောင်ချန်းဖြစ်ဖို့ ဟုတ်စ ”
စုန့်ချွဲ က ပျံတက်သွားပြီး ရုပ်အလောင်းတောင်ကို တအံတသြလှမ်းကြည့်လိုက်၏။ သူတွေ့ရသည့် ပထမဆုံးသူမှာ သန့်စင်ပြီးရုပ်အလောင်းကြီးကို ခေါင်းဆောင်ကြီးဟုခေါ်ကာ ဦးညွတ်နေသည့် ရွှီရှောင်ရှန်းပင်။ သိပ်မကြာခင်မှာပဲ ရွှီရှောင်ရှန်းက တခြားဖက်သို့ ပျံသွား၏။ရုပ်အလောင်းတောင်၏ လွင်ပြင်ကျယ်အပိုင်းဘက်သို့ရောက်လျှင်ရောက်ချင်း မြေပေါ်သို့ ချက်ချင်းဆင်းလိုက်ပြီး ဝပ်နေတော့သည်။
အလယ်တောင်ထိပ်ကျင့်ကြံသူများသာလျှင် ထူးဆန်းနေသော ဖြစ်ရပ်များ ကို သတိပြုမိသည် မဟုတ်ချေ။ မကြာမီ အမည်မဲ့တောင်နှင့် နွံအိုင် တောင်မှ လူများပင် ဆိုးဆိုးရွားရွားကိစ္စကြီး ဖြစ်နေကြောင်း သိသွားသည်နှင့် အခြေအနေကို လာရောက်ကြည့်ကြလေသည်။ ဖြစ်ပျက်နေသည်များကို တွေ့လိုက်သောအခါ ဆွံအသွားကြ၏။
“ဟိုက ငမိုက်သားက ဘယ်သူတုံး.. သူက သန့်စင်ပြီး ရုပ်အလောင်းကြီးကို ရိသဲ့သဲ့လုပ်နေပါ့လား”
“အဲ့တာ..ရုပ်အလောင်းတောင်ရဲ့ မဟာအကြီးအကဲ မလား .. ဘာလို့ငှက်လို အော်နေတာတုံး.. သူ့ကိုယ်သူလင်းယုန်များထင်နေတာလား..ဘုရားရေ… သွေးစီးကြောင်း အကြီးအကဲတစ်ယောက်ဆီကို ထိုးဆင်းသွားပြီကွ….အီး.. လွတ်သွားတယ်ကွာ”
“ဟင်.. ဟို သွေးစီးေကြာင်း အကြီးအကဲက သူ့ကိုယ်သူ ယုန်ထင်နေတာလား..ဘာလား”
“ခါးအထိ သူ့ကိုယ်သူဖွက်ထားတဲ့ လူကိုကြည့်ပါဦး.. သူဘာလုပ်နေတာလဲ.. သူဘေးက အဲ့ သွေးစီးကြောင်း အကြီးအကဲ ကရော ဘာတွေလုပ်နေတာတုံး…တုပ်တုပ်မှတောင် မလှုပ်ဘူးကွ”
အခြား တောင်သုံးလုံးမှ ကျင့်ကြံသူများမှာ အလွန်အမင်းအံအားသင့်နေကြ၏။ ထိုအချိန်တွင် စုန့်ကျင်းဝမ်ရောက်လာပြီး ရုပ်အလောင်းတောင်ကို လှမ်းကြည့်လိုက်သောအခါ လန့်သွားလေသည်။
ထိုအခိုက်အတန့်တွင် အလယ်တောင်ထိပ်မှ ကျင့်ကြံသူများမှာ ညမုဆိုး အပေါ် စိတ်ခံစားချက်များ ရှုပ်ထွေးနေ၏။ လက်ရှိအဖြစ်အပျက်များကို ကြည့်ရင်း သူက သူတို့အပေါ် ကောင်းကောင်းဆက်ဆံခဲ့သည်ဟူသော ခံစားချက်ပင်ပေါ်လာတော့သည်။ သူတို့မှာ ဆေးပေါင်းဖိုအနည်းငယ် ပေါက်ကွဲခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကပ်သာ အဆိုးဆုံးကြုံတွေ့ခဲ့ရ၏။ ယခုကဲ့သို့ ရုပ်အလောင်းတောင်အခြေအနေမှာ အလွန်တရာ ကြောက်လန့်ဖွယ်ကောင်းလေသည်။
ရုပ်အလောင်းတောင် သွေးသခင်မှာ ငိုချင်ပါသော်ငြား မျက်ရည်က ကျမလာချေ။ ဖြစ်ပျက်နေသမျှကို ငူငူငိုင်ငိုင်ကြီး ကြည့်နေကာ သူသည်လည်း အချိန်မရွေး ငေးကြောင် သွားတော့မည့်ပုံပင်။
လူတိုင်း ကြောက်ဒူးတုန်နေစေကာမူ ဘိုးဘေးတောင်က ထိုအဖြစ်အပျက်ကို မှတ်တမ်းပြုစုနေ၏။ ထိုအချိန်တွင် လက်ကို လေပေါ်သို့ မြှောက်ပြီး ရှေ့နောက် လှုပ်ယမ်းနေသော ပထမဆုံးသက်ရောက်ခံလိုက်ရသည့် ကျင့်ကြံသူလူငယ်က သူ့ဘေးတွင် မတုန်မလှုပ်ဆောင့်ကြောင်ထိုင်နေသာ သွေးစီးကြောင်း အကြီးအကဲကို ရုတ်တရက်ကြည့်လိုက်သည်။
လူငယ်မှာ ထိုအရာနှင့် ပတ်သက်ပြီးတကယ့်ကို သိချင်နေပုံရလေသည်။ စောစောထဲက သွေးစီးကြောင်းအကြီးအကဲကို သတိထားမိပြီးဖြစ်သော်လည်း အကြာကြီးစဥ်းစားလိုက်ပြီးနောက် မည်သူမှန်း ဖော်မရချေ။
အဆုံးသတ်၌ ဝေခွဲမရဖြစ်နေခြင်း ပပျောက်သွားရန် ကိုယ်တိုင်ကိုယ်ကျမေးရန် ဆုံးဖြတ်လိုက်၏။ တခဏမျှ ချီတုံချတုံဖြစ်ပြီးနောက် ကျင့်ကြံသူလူငယ်က မေးလိုက်သည်။
“တစ်ဆိတ်လောက်.. ခင်ဗျားက အင်မော်တယ်မြက်လား”
“မဟုတ်ဘူး..လုံးဝ မဟုတ်ဘူး ”
သွေးစီးကြောင်း အကြီးအကဲက အလေးအနက် ဖြေကြားလိုက်၏။
” ငါက အင်မော်တယ် ကြက်ဥ”
ရုပ်အလောင်းတောင်တစ်ခုလုံး ဝရုန်းသုန်းကားဖြစ်နေစေကာမူ ပိုင်ရှောင်ချန်းမှာ ဂူသင်္ချိုင်းတွင် အဆုတ်ကွဲလုမတတ် ဟိန်းဟောက်လိုက်၏။ တပြိုင်နက်တည်းမှာပင် သူ၏ မြစိမ်းရောင်ဖုတ်ကောင်ကြီးက ၄င်း၏ ဒန်တျန်မှာ ဆေးလုံးနှစ်လုံးပေါ်လာခြင်းကြောင့် တုန်ရီသွားလေသည်။
နှစ်ခုထဲက တစ်ခုမှာ သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ခြင်းဆေးလုံး ဖြစ်ပြီး အခြားတစ်ခုမှာ ပိုသေးငယ်သည့် ရောစပ်ဆေးလုံး ပုံစံပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းမျက်နှာတွင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များဖြတ်ပြေးသွား၏။ သူ၏ ညာဖက်လက်တွင် မန္တာန်လက်ကွက်တစ်ခု လျှပ်တပြက်ပေါ်သွားပြီး ရောစပ် ဆေးလုံးမှာ ပျံထွက်လာသည်။ ဆေးပုလင်းထဲမှာ ဆေးလုံးကို ဖမ်းယူလိုက်ပြီး ပိုင်ရှောင်ချန်း အနီးကပ်ကြည့်လိုက်ကာ ယခင်ကထက် ပို၍ စိတ်လှုပ်ရှားသွား၏။
“အလုပ်ဖြစ်တယ်ကွ”
သူ့လုပ်ရပ်ကို အင်မတန်မှ ဂုဏ်ယူနေကာ မြစိမ်းဖုတ်ကောင်ကြီးကိုခေါ်လိုက်ပြီး သင်္ချိုင်းတံခါးကို တွန်းဖွင့်လိုက်သည်။
အင်မော်တယ်ဂူထဲမှ ထွက်လိုက်သည်နှင့် ဆူညံပွက်လောရိုက်နေသံများကို ကြားလိုက်ရ၏။ သို့သော်လည်း သူ၏ အင်မော်တယ်ဂူ၌ လူများ ဝိုင်းစုမနေခြင်းကြောင့် စိက်သက်သာရာရသွားလေသည်။
“ကြည့်ရတာ.. မီးခိုးငွေ့တွေက. ကိစ္စမရှိပုံပဲ…”
သက်ပြင်းချလိုက်ပြီး လမ်းအတိုင်း လျှောက်သွားပြီး တစ်နေရာအရောက်တွင် ရပ်သွား၏။
သူရှေ့တွင် သွေးစီးကြောင်းအကြီးအကဲတစ်ယောက်က ခုန်ဆွ ခုန်ဆွသွားနေလေသည်။
ပိုင်ရှောင်ချန်းက ပါးစပ်အဟောင်းသားနှင့် စိာက်ကြည့်လိုက်ပြီး အမြင်မှားသည် ထင်သွား၏။ တဒုတ်ဒုတ်နှင့် ရင်ခုန်နေကာ မျက်လုံးကို ပွတ်လိုက်ပြီးနောက် အနီးရှိ သစ်ပင်ကို တိုက်ခိုက်ပြီး အရူးသဖွယ် အော်ရယ်နေသော အခြေခိုင်မာခြင်းကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် လမ်းလျှောက်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရပြန်သည်။
သူတစ်ခါမှ မတွေ့ဘူးသော ကျင့်ကြံသူတစ်ယောက်က သူကိုယ့်သူ ပိုင်ရှောင်ချန်းဟု ကြေညာပြီး ဂုဏ်ယူစွာရယ်နေလေသည်။ လက်ကို နောက်ပစ်လျက် ထိုလူက ပိုင်ရှောင်ချန်းကို စိုက်ကြည့်ပြီး ပြော၏။
“ငါ့ ကိုမှတ်မိလား ။ ငါက ပိုင်ရှောင်ချန်းကွ”
ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး ဦးခေါင်းပင် စပ်ဖျဥ်းဖျဥ်း ဖြစ်လာတော့သည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ကာ ရုပ်အလောင်းတောင်မှ ကျင့်ကြံသူအကုန်လုံးနီးပါး ထူးထူးဆန်းဆန်းပြုမူနေကြကြောင်း သတိထားမိသွား၏။
“သူတို့အကုန်လုံး ဘာကြောင့် ရူးသွားတာလဲ”
ကြောက်စိတ်များတိုးလာကာ ပျံပြေးအံ့ဆဲဆဲတွင် မလှုပ်မယှက် လဲနေသည့် ရှီရှောင်ရှန်းကို မြင်လိုက်လေသည်။
မည်သို့ပင်ဆိုစေ ရွှီရှောင်ချန်းမှာ မိတ်ဆွေဖြစ်သည့်အတွက် ပိုင်ရှောင်ချန်းမှာ စိတ်ပူသွားကာ ကူညီနိုင်ရန် အပြေးသွားကြည့်လိုက်၏။ သူ စစ်ဆေးရန်ပြင်လိုက်စဥ်မှာပင် ရွှီရှောင်ချန်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
“မလှုပ်နဲ့” သူက တိုးတိုးလေးပြောလိုက်၏။
“ရုပ်အလောင်းတောင်ကလူတွေအကုန် ရူးနေပြီ ။ သူတို့.. သွေးလေချောက်ခြားနေကြတာ..။ ငါမယုံဘူးဖြစ်နေတာ ဒါပေမယ့်.. အခုနကလေးတင်ပဲ ငါ ကျောက်တုံးတစ်ခုကို စကားပြောနေမိတာ..။ သန့်စင်ပြီးရုပ်အလောင်းကြီးကိုလဲ ခေါင်းဆောင်ကြီးလို့ ထင်လို့ထင်ကွာ ”
“ကျေးဇူးတင်စရာကောင်းတာက. ငါ ရွှီရှောင်ချန်းမှာ ငုပ်လျှိုးနေတဲ့ ထူးခြားစွမ်းအင်တွေနဲ့ မှော်ပစ္စည်းတန်ချီ ရှိလို့ပေါ့ကွာ..အခုလို မြန်မြန်သက်သာလာတာ ”
“မင်းရူးမနေဘူးပေါ့”
ပိုင်ရှောင်ချန်းက ဝမ်းမြောက်ဝမ်းသာြဖစ်ကာ မေးလိုက်၏။
“ဒီနားက ထွက်သွား”
ရွှီရှောင်ရှန်းက ချက်ချင်းပြန်ပြော၏။
“ငါ့ကို ဂရုစိုက်မနေနဲ့ ။ ငါလုံးဝသေချာတယ်သိလား.. ။ ဒီလိုဖြစ်နေတာတွေအကုန်လုံးက ဟိုးအပေါ်က လင်းယုန်ကြောင့်ကွ ။ ဒီကောင် အောက်ဆင်းလာဖို့ ငါ့ကိုယ်ငာ မြှားနေတာ..မိတာနဲ့ သတ်ပစ်လိုက်မယ် ။ အဲဒါပြီးရင်.. အကုန်လုံးအဆင်ပြေသွားမှာ”
ထိုသို့ပြောပြီး ကောင်းကင်သို့ ပျံတက်သွား၏။
ပိုင်ရှောင်ချန်းမှာ ချာချာလည်မူးနောက်သွားလျက် ကောင်းကင်ကို ဝိုးတိုးဝါးတားလှမ်းကြည့်လိုက်၏။ မကြာမီ စူးခနဲအော်၍ လက်ကို ဖြန့်ကားကာ ဟိုဟိုသည်သည် ပျံသန်းနေသည့် မဟာအကြီးအကဲကို မြင်လိုက်ရလေသည်။
ပိုင်ရှောင်ချန်းက ကြောင်တောင်တောင် ကြည့်လိုက်၏။ ထိုအချိန်တွင် ရုပ်အလောင်းတောင်အပြင်ဘက်မှ လူတိုင်းက ပိုင်ရှောင်ချန်းကို တွေ့သွားကြကာ မျက်လုံးများ ပြူးလာလေသည်။
ရုပ်အလောင်းတောင်မှ သွေးသခင်မှာ သတ်ဖြတ်လိုစိတ်များနှင့် အမျက်ချောင်းချောင်းထွက်လာကာ ဟိန်းဟောက်လိုက်၏။
” ညမုဆိုး ”
သွေးသခင်၏ အော်သံကြီး ပဲ့တင်ထပ်သွားကာ သွေးရောင် အလင်းတန်းများ သူ့ပတ်ပတ်လည်တွင် လှိုင်းလုံးကြီးသဖွယ်ပေါ်လာပြီး သူက ပိုင်ရှောင်ချန်းထံသို့ အလင်းတန်းသဖွယ် တရှိန်ထိုး ဦးတည်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာငါးဆယ်ခန့်သာ ဝေးတော့သည်။
ပိုင်ရှောင်ချန်းမှာ နှလုံးများ ပေါက်ကွဲထွက်လုမတတ် ရင်တုန်သွားပြီး အမြန်ဆုံးအရှိန်ဖြင့် ပြေးရန်ပြင်လိုက်စဥ် ရွှီရှောင်ရှန်းက ခေါင်းနောက်လှန်ကာ ခွက်ထိုးခွက်လန်ရယ်နေပြီး မျက်လုံးများတဖျပ်ဖျပ် တောက်ပနေလျက် လေထဲသို့ ခုန်တက်လိုက်သည်။
” လင်းယုန်က မလာပေမယ့် သွေးကြက်က လာတော့… တန်တာပေါ့ကွာ ”