ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲမှာ ညမုဆိုးက သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ခြင်းဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု ယခင်ကထက်ပို၍ယုံကြည်သွားလေရာ လက်ကိုဆုပ်ကိုင်လျက် အလျင်အမြန်ထွက်သွားလေသည်။ သို့သော် သူကထွက်ခွာပြီးနောက် ခဏတွန့်ဆုတ်သွားပြီး အနီးအနားတွင် တင်ပျဥ်ခွေကာ ထိုင်ချလိုက်လေသည်။
” ဘယ်မတော်တဆမှုမှမဖြစ်ရအောင် ငါကိုယ်တိုင် စောင့်ကြပ်သင့်တယ် ” ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် သူက ရုပ်အလောင်းတောင်၏ သွေးစီးကြောင်းအကြီးအကဲဆယ်ယောက်ကိုပင် ဆင့်ခေါ်ကာ သူနှင့်အတူ စောင့်နေစေသည်။
ထိုကဲ့သို့သော ဆက်ဆံမှုမျိုးကို ပုံမှန်အားဖြင့် သွေးသခင်များသာရရှိနိုင်လေသည်။
ပိုင်ရှောင်ချန်းက အပြင်ဘက်တွင်ဖြစ်ပျက်နေသမျှကို လျစ်လျူရှုထားလေသည်။ ဂူသင်္ချိုင်း၏ အနက်ရှိုင်းဆုံးသောနေရာတွင် သူက စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
သူဆေးဖော်စပ်လာသည့်တလျှောက်လုံးတွင် ထိုကဲ့သို့ အဓိကကျလှသည့်ဆေးမျိုးတစ်ခါမျှမဖော်စပ်ခဲ့ဖူးပေ။
” အဆင့်ခြောက်နဲ့ အထက်ဘယ်ဆေးလုံးမဆို အဆင့်မြင့်ဆေးတွေပဲလေ” ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှုလိုက်လေသည်။ ရုပ်အလောင်းလေးဆယ့်ကိုးလောင်းမှ ထွက်ပေါ်လာသောလူသတ်ငွေ့များကို လျစ်လျူရှုလိုက်ပြီး အချိန်အနည်းငယ်ကြာ သွေးရေကန်ကိုစစ်ဆေးလိုက်လေသည်။
ကန်ထဲရှိ သွေးရေတွင် ကောင်းကင်တံတားမြစ်ရေနှင့် အစွမ်းထက်လှသောသွေးချီ များရောနှော၍ပါ၀င်နေလေသည်။
ရုပ်အလောင်းလေးဆယ့်ကိုးကောင်လုံးမှာ အထူးရွေးချယ်ခြင်းခံရထားရပြီး ဖုတ်ကောင်များသာဖြစ်သော်လည်း သူတို့အားလုံးမှာ ချီစုစည်းမှုအဆင့်၏ အထွတ်အထိပ်တွင်ရှိနေလေသည်။ သူတို့၏ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမျှမတွေ့ရပေ။ ထို့အပြင် သူတို့မှာ စွမ်းအားကြီးလှသော ရုပ်အလောင်းတို့၏အငွေ့အသက်များ ပိုင်ဆိုင်ထားကြလေသည်။
အနည်းငယ်လေ့လာစူးစမ်းပြီးနောက် ပိုင်ရှောင်ချန်းမှာ အလွန်အမင်းအားရကျေနပ်နေသည်။ သူကတင်ပျဥ်ခွေထိုင်လိုက်ကာ တစ်နေကုန် တရားထိုင်လိုက်ပြီး သူ၏ စိတ်ပိုင်းဆိုင်ရာအကောင်းဆုံးအခြေအနေ ရရှိစေရန် ပြုလုပ်လိုက်သည်။ သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး ညာလက်ကိုဝေ့ယမ်းလိုက်ရာ အိတ်အတွင်းရှိဆေးပင်များ ပျံသန်းထွက်ပေါ်လာသည်။ ဆေးပင်များ အရှေ့တွင် လွင့်မျောနေစဥ် သူကလက်ကွက်ဖော်လိုက်ရာ အပင်များကိုပြိုကွဲသွားကာ အရည်များအသွင် ပြောင်းသွားသည်။
အပင်များကို ထိုအရည်ထဲသို့ပေါင်းထည့်လိုက်လေသည်။ ပိုင်ရှောင်ချန်းက ထိုဖြစ်စဥ်ကိုလေ့လာနေစဥ် ခွဲခြမ်းစိတ်ဖြာရန်နှင့် အရေးကြီးသောအရာများအားထိန်းညှိရန် အပင်နှင့် အသီးရွက်များအလုံးစုံဖန်တီးခြင်း ပညာရပ်အကြောင်းကို ပြန်၍စဥ်းစားလိုက်လေသည်။ ထို့နောက်သူက ထိုအရည်များကို သူ၏ပတ်ပတ်လည်ရှိ ရုပ်အလောင်းများဆီသို့ပစ်လွှတ်လိုက်လေသည်။
ဆေးရည်မှာ အသိဉာဏ်ပိုင်ဆိုင်နေသကဲ့သို့ ထင်ရဟန်တူပြီး ဖုတ်ကောင်များ၏ခန္ဓာကိုယ်များထဲသို့ စီးဝင်သွားလေသည်။
“ဖုတ်ကောင် လေးဆယ့်ကိုးကောင်ရဲ့ တစ်ကောင်စီကနေ ဖန်တီးခဲ့တဲ့ ရုပ်အလောင်းဆေးလုံးတွေက တူညီနေတဲ့ပုံပဲ။ ဒါပေမယ့် တကယ်တော့ သူတို့အားလုံးမှာ အချိန်အပြောင်းအလဲတွေရှိတယ်။ ယေဘုယျအနေနဲ့ပြောရရင် ဆေးလုံးတွေအားလုံးက အရမ်းသေးငယ်တဲ့ကွာဟချက်တစ်ခုကျန်ရှိနေပြီး တမင်သက်သက်မပြည့်စုံဖို့လိုအပ်တယ်”
” ဆေးဖော်စပ်တဲ့ဖြစ်စဥ်ရဲ့ အခက်ခဲဆုံးအပိုင်းက ရုပ်အလောင်းဆေးလုံးလေးဆယ့်ကိုးလုံးရဲ့ ကွာဟချက်တွေကိုအသုံးပြုပြီး သူတို့ကို အတူတကွပေါင်းစပ်အောင်လုပ်ဖို့ပဲ။ ပြီးရင် သူတို့ရဲ့ပေါင်းစပ်နိုင်တဲ့အစိတ်အပိုင်းေတွကနေ နောက်ဆုံးအဓိကဆေးလုံးတစ်လုံး ဖြစ်ပေါ်လာဖို့ အတူတကွပေါင်းစည်းသွားကြလိမ့်မယ်” ပိုင်ရှောင်ချန်း၏နဖူးမှ ချွေးများစီးကျလာသည်။ သို့သော် သူကဆေးဖော်စပ်သည့်လုပ်ငန်းစဥ်၌ လုံးဝနစ်မြှုပ်နေသည်ဖြစ်ရာ သတိမထားမိခဲ့ပေ။
အချိန်များမှာကုန်ဆုံးသွားခဲ့သည်။ မကြာမီ လတစ်ဝက်ကုန်လွန်သွားပြန်သည်။ ရုပ်အလောင်းတောင်တွင် အရာအားလုံးမှာ အေးအေးဆေးဆေးငြိမ်သက်လျက်ရှိနေပြီး မကြာမီ ထိုနေရာရှိ ကျင့်ကြံသူများမှာစတင်၍စိတ်လျော့နိုင်ကြတော့သည်။ သူတို့ထဲမှာ အများစုမှာ အလယ်တောင်ထိပ်ရှိ ကျင့်ကြံသူများက ညမုဆိုး၏ဆေးဖော်စပ်ရာအချိန်၌ဖြစ်ပျက်ခဲ့သည်များအား ကြမ်းပိုးကိုလိပ်ဖြစ်အောင် ချဲ့ကား၍ပြောဆိုခဲ့ကြသည်ဟု စတင်၍တွေးထင်လာကြတော့သည်။ ထိုအရာအားလုံးမှာ ကြောက်မက်ဖွယ်ရာ ဘာမျှရှိပုံမရပါချေ…။
တစ်လလုံးလုံးကုန်ဆုံးသွားခဲ့သည့်တိုင် ရုပ်အလောင်းတောင်တွင် ဘာမျှမဖြစ်ခဲ့ပေ။ ဤအချက်ကြောင့် ထိုနေရာရှိ ကျင့်ကြံသူများအားလုံးမှာ အလွန်စိတ်အေးလက်အေးရှိကြလေသည်။ အလယ်တောင်ထိပ်မှကျင့်ကြံသူအားလုံးနီးပါး အံ့အားသင့်နေတော့သည်။
ညမုဆိုးက ရုပ်အလောင်းတောင်သို့ ရောက်သွားကြောင်းကြားလိုက်ရသောအခါ သူတို့မှာ ပွဲကောင်းကောင်းကြည့်ရန် မျှော်လင့်နေကြလေသည်။ သို့သော် နှစ်လကြာကုန်ဆုံးသွားပြီးနောက်တွင်လည်း ရုပ်အလောင်းတောင်မှာ ယခင်ကအတိုင်းသာရှိနေသည့်အတွက် အလယ်တောင်မှကျင့်ကြံသူများမှာ စတင်၍မကျေမချမ်းနိုင်ဖြစ်လာကြတော့သည်။
” ငါတို့ဘယ်လိုကံဆိုးလိုက်လဲ… ငါမယုံနိုင်ဘူး။ ဝမ်းလျှောမိစ္ဆာက ရုပ်အလောင်းတောင်ထိပ်မှာရှိနေတာကို ဘာမှမဖြစ်ပျက်ပါလား”
“ဘာကြောင့်မို့ ဆေးပေါင်းဖိုတွေမပေါက်ကွဲရတာလဲ။ ဘာကြောင့်မို့ ဝမ်းပျက်ဝမ်းလျှော ကပ်ကလဲ မစိုက်ရတာလဲ။ ဒါမတရားလိုက်တာ….”
” ဝမ်းလျှောမိစ္ဆာ အကျင့်ပြောင်းသွားတာများလား”
နောက်ထပ်လတစ်ဝက်ကုန်လွန်သွားပြန်သည်။ ရုပ်အလောင်းတောင်မှ ကျင့်ကြံသူများမှာ လုံးဝအဆင်ပြေချောမွေ့စွာနေထိုင်နိုင်ကြပြီး သူတို့ထဲမှတချို့မှာ ညမုဆိုးက ဆေးလုံးများဖော်စပ်နေသည့်အကြောင်းကိုပင် မေ့နေကြတော့သည်။ သို့သော် အလယ်တောင်မှကျင့်ကြံသူများမှာ မမေ့နိုင်ကြပေ။ သူတို့က ရုပ်အလောင်းတောင်ထိပ်ကို ဆက်ကြည့်နေဆဲဖြစ်ကာ ထိုတောင်ထိပ်တွင် ကံမကောင်းအကြောင်းမလှဖြစ်နေသည်ကို မမြင်ရမချင်း အနားယူရန်ပင် ငြင်းဆန်နေကြဆဲဖြစ်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ခြင်းဆေးလုံးကို ပထမခြေလှမ်းအဖြစ်အဆုံးသတ်လိုက်လေသည်။ ရုပ်အလောင်းလေးဆယ့်ကိုးခုလုံးမှာ သင့်တင့်လျော်ကန်သောဆေးဖက်ဝင်အပင်များဖြင့် လုံလုံလောက်လောက်ပြည့်နှက်နေပြီး ယခုအချိန််တွင်သူက သွေးအိုင်၏အပူချိန်ကိုမြှင့်တက်စေရန်သွေးမီးလျှံကျောက်တုံးများကို စတင်၍အသုံးပြုလိုက်သည်။ မကြာမီတွင် ရုပ်အလောင်းလေးဆယ့်ကိုးကောင်၏အတွင်းမှ အရည်များမှာ အမြှုပ်တစ်စီစီထကာ စတင်၍ တပွက်ပွက်ဖြစ်လာသည်။
နောက်ထပ်တစ်လကုန်ဆုံးသွားပြီး အလယ်တောင်ထိပ်မှကျင့်ကြံသူများ၏ စိတ်ထဲတွင် စိတ်ပျက်မှုများအစားထိုးဝင်ရောက်လာသည်။ သူတို့ကအခြေအနေအရပ်ရပ်၏ မမျှတမှုကိုဒေါသထွက်လာပြီး ညမုဆိုးအား ဝမ်းလျှောမိစ္ဆာဟုပင် မခေါ်သင့်တော့ဟုထင်လာကြသည်။
သို့သော် ထို့နောက် တစ်စုံတစ်ခုဖြစ်ပျက်လာခဲ့လေသည်။
ရုပ်အလောင်းလေးဆယ့်ကိုးခုလုံးမှာ တဖြည်းဖြည်းစတင်၍ ညှိုးနွမ်းခြောက်သွေ့လာသည်။ ထိုသို့ဖြစ်နေစဥ် ပိုင်ရှောင်ချန်း၏မျက်နှာမှာ တောက်ပသွားပြီး အဆက်မပြတ် လက်ကွက်ဖော်နေရာ သွေးကန်ထဲရှိ မီးခိုးရောင်ရုပ်အလောင်းဆေးလုံးများ တစ်ခုပြီးတစ်ခု မြင့်တက်လာသည်။
” အရေးကြီးတဲ့အချိန်ရောက်လာပြီ” ပိုင်ရှောင်ချန်းကအသက်ပြင်းပြင်းရှုရှိူက်လိုက်ပြီး အတွေးတစ်ခု ထုတ်ဖော်လိုက်ရာ မြစိမ်းရောင်ဖုတ်ကောင်၏မျက်လုံးများအား ပွင့်သွားသည်။ ရုတ်တရက် မြစိမ်းရောင်ဖုတ်ကောင်ဆီမှ ဆံပင်လေးဆယ့်ကိုးခြောင်းထွက်လာကာ ပျံနှံ့သွားပြီးလေးဆယ့်ကိုးခုသော ရုပ်အလောင်းဆေးလုံးများကို ထိုးဖောက်လိုက်ပြီးနောက် စတင်၍သူတို့အားစုပ်ယူလေသည်။
ရုပ်အလောင်းဆေးလုံးများမှာ အလျင်အမြန် ညှိုးနွမ်းပျက်စီးသွားပြီး မကြာမီတွင် ပြာသာကျန်ခဲ့တော့သည်။ သူတို့၏အနှစ်သာရအားလုံးကို မြစိမ်းရောင်ဖုတ်ကောင်က စုပ်ယူသွားပြီး စွမ်းအင်စီးကြောင်းလေးဆယ့်ကိုးစင်းအဖြစ်ပြောင်းလဲသွားလေသည်။
ပိုင်ရှောင်ချန်း၏ အမူအယာမှာ လွန်စွာလေးနက်တည်ကြည်သွားပြီး မြစိမ်းရောင်ဖုတ်ကောင်ဆီသို့ အလျင်အမြန်သွားလိုက်ကာ သူ၏ညာဘက်လက်အား အရှေ့အနောက်စုံချီဆန်ချီလွှဲလိုက်လေသည်။ ချက်ချင်းနီးပါး မြစိမ်းရောင်ဖုတ်ကောင်မှာ ဆေးပေါင်းဖိုကဲ့သို့ဖြစ်လာပြီး ၎င်းအတွင်းရှိစွမ်းအင်စီးကြောင်း လေးဆယ့်ကိုးစင်းမှာ သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ခြင်းဆေးလုံးအဖြစ် စတင်၍ဖြစ်ပေါ်လာသည်။
သူကလက်ကိုဝှေ့ယမ်းလိုက်သောအခါ မြစိမ်းရောင်ဖုတ်ကောင်မှာတုန်ခါသွားပြီး သူ၏အမူအယာမှာ မဲ့ရွဲ့တွန့်လိမ်သွားကာ ပြင်းထန်သော စွမ်းအင်အများအပြားစတင်၍ ပေါက်ကွဲထွက်လာသည်။ ပိုင်ရှောင်ချန်း၏ဆံပင်များမှာ ဖရိုဖရဲဖြစ်နေကာ အရမ်းကိုစိတ်လှုပ်ရှားနေသည့်ပုံပေါ်နေသည်။ သူ၏ညာလက်အားဝေ့ယမ်းလိုက်ကာ မြစိမ်းရောင်ဖုတ်ကောင်ကို လေပေါ်သို့ပျံသန်းသွားပြီး သွေးကန်ထဲသို့ဆင်းသက်စေလိုက်သည်။
သွေးကန်မှာ ချက်ချင်းနီးပါး အမြှုပ်များတပွက်ပွက်ထကာ ဆူပွက်လာသည်။ ပိုင်ရှောင်ချန်းက လေပေါ်သို့ပျံတက်လိုက်ပြီး တင်ပျဥ်ခွေထိုင်ချလိုက်ကာ လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်များ စတင်ဖော်ဆောင်လိုက်သည်။ သူ၏လက်ချောင်းများ လှုပ်ရှားမှုနှင့်အတူ သွေးကန်မှ သွေးချီများ ပေါက်ကွဲထွက်လာကာ မြစိမ်းရောင်ဖုတ်ကောင်ဆီသို့သွန်းလောင်းလိုက်ကြသည်။
လျှပ်တပြက်အတွင်း သုံးရက်ကုန်ဆုံးသွားပြန်သည်။ ထိုအချိန်အတောအတွင်း မြစိမ်းရောင်ဖုတ်ကောင်အတွင်းရှိ စွမ်းအင်စီးကြောင်းလေးဆယ့်ကိုးစင်းမှာ အတူတကွပေါင်းစပ်မရနိုင်သည့်ပုံ ပေါ်နေသည်။ သူတို့မှာပေါင်းစပ်အံ့ဆဲဆဲဖြစ်သွားပြီး မကြာခင်တွင် အလိုအလျောက်သီးခြားစီကွဲသွားသည်။ မြစိမ်းရောင်ဖုတ်ကောင်၏ ခန္ဓာကိုယ်မှာ စတင်၍ရှုံ့တွလာကာ တချို့အစိတ်အပိုင်းများမှာ ယိုယွင်းပျက်စီးတော့မည့်ပုံပေါ်နေသည်။ ၎င်းက ရုန်းကန်လှုပ်ရှားနေချိန်တွင် ၎င်း၏အစွယ်များ၊ ခြေသည်းလက်သည်းများ၊ အရိုးစွယ်များနှင့် အစိမ်းရောင်ဆံပင်များမှာ အပြည့်ပေါ်လာကာ စတင်၍တွန့်ရှုံလာသည်။ သို့သော် ၎င်းတို့အား မူလအခြအနေအတိုင်းရောက်အောင် ပြန်လုပ်နိုင်မည့်ပုံမပေါ်ပေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ပိုင်ရှောင်ချန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားစပြုလာသည်။ အကယ်၍ သူသာဆက်လုပ်နေပါက မြစိမ်းရောင်ဖုတ်ကောင်မှာ အဖျက်စီးခံရမည့်ပုံပေါ်သည်။ သို့သော် သူက ဤဆေးဖော်စပ်မှုကို ကျရှုံးခွင့်ပြုရန်ဆန္ဒမရှိပေ။ သူကရုတ်တရက် သူ၏လက်အားနဖူးပေါ်တင်လိုက်ပြီး နဖူးအားပွင့်ကာ သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးအား ပေါ်ထွက်လာစေလိုက်သည်။ ထိုသို့လုပ်ပြီးမကြာမီတွင် သူက မြစိမ်းရောင်ဖုတ်ကောင်၏အတွင်းရှိ လေးဆယ့်ကိုးစင်းသော စွမ်းအင်စီးကြောင်းများနှင့် သူတို့မည်သို့ပေါင်းစပ်ကာ ရောထွေးနေပုံကို ကြည်လင်ပြတ်သားစွာမြင်လိုက်ရသည်။
ရောထွေးနေသောစွမ်းအင်စီးကြောင်းများမှာ သွေးကန်၏သွေးရေများကြောင့်ဖြစ်ပုံရသည်။ ရုပ်အလောင်းတောင်ထိပ်တွင် သွေးရေမှာ အဖိုးတန်သောပစ္စည်းများဖြစ်သော်လည်း ယခုအခါ ပိုင်ရှောင်ချန်းက ထိုသွေးရေများတွင် မသန့်စင်မှုများကို တွေ့မြင်နေရသည်။
ဤကဲ့သို့အရေးပါသောအချိန်တွင် ရောထွေးနေသော စွမ်းအင်စီးကြောင်းမှာ မြစိမ်းရောင်ဖုတ်ကောင်အား ညစ်ညမ်းစေကာ ၎င်းအား ရုပ်အလောင်းများ၏အငွေ့အသက်များ အတူတကွပေါင်းစည်း၍ မဖြစ်နိုင်အောင်ပြုလုပ်နေလေသည်။
” သေလိုက်တော့ကွာ…။ ဆေးဖက်ဝင်သွေးရေတွေက ဘာလို့ဒီလောက်တောင် မသန့်စင်ရတာလဲ ” ပိုင်ရှောင်ချန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီဖြစ်သည်။ လူအများစုမှာ သွေးကန်ထဲမှဆေးဖက်ဝင်သွေးရေအား ထူးထူးခြားခြားပင် သန့်စင်နေသည်ဟု ယူဆကြလိမ့်မည်။ အမှန်တကယ်တွင် ကျင့်ကြံသူအများစုသုံးသော ရုပ်အလောင်းသန့်စင်သည့်အရည်အမျိုးအစားကမှသာ မသန့်ရှင်းမှု အများကြီးလျော့ကာ စင်ကြယ်သေးသည်။
သို့သော် ပိုင်ရှောင်ချန်းက ထာဝရအသက်ရှည်နည်းပညာရပ်အား ကျင့်ကြံထားရာ သူ၏ထာဝရသွေးချီမှာ အစစ်အမှန်ဖြစ်သည်။ ထို့အတွက်ကြောင့် ထိုကန်မှသွေးရေများမှာ သူ့အတွက် မသန့်စင်သည့်ပုံပေါ်နေလေသည်။
” ဒါတွေကို သန့်စင်ဖို့ နည်းတစ်ခုခု ငါမြန်မြန် စဥ်းစားရမယ်။ ဒီနေရာမှာအချိန်ဖြုန်းနေလို့မဖြစ်ဘူး။ ငါတကယ်ကို ထိထိရောက်ရောက်နဲ့ ပြင်းထန်တဲ့နည်းလမ်းကို သုံးမှဖြစ်မယ်” မြစိမ်းရောင်ဖုတ်ကောင်မှာ အချိန်ကြာကြာတောင့်ခံနိုင်မည့်ပုံမပေါ်တော့သဖြင့် သူက အံကိုတင်းတင်းကြိတ်ကာ ညာဘက်လက်အားဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အမျိုးတစ်ရာကျော်သော ဆေးပင်များ ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းက စိတ်ထဲတွင် အမျိုးမျိုးသောတွက်ချက်ပြီးနောက် သူ၏မျက်လုံးများမှာအရောင်လက်သွားကာ ဆေးပင်များအား စတင်၍အတူတကွပေါင်းစပ်စေလိုက်သည်။ အပင်နှင့်အသီးအရွက်များ အလုံးစုံဖန်တီးခြင်းပညာရပ်အား အသုံးချကာ အပင်များအားရောစပ်လိုက်ပြီး သူတို့အားလောင်ကျွမ်းစေလိုက်ကာ သွေးကန်ထဲသို့ ပျံသန်းသွားစေလိုက်သည်။
အပင်များမှာ လေထဲသို့ပျံသန်းသွားစဥ်ဆေးအရည်များအဖြစ်သို့ အသွင်ပြောင်းသွားလေသည်။ ၎င်းမှာသွေးကန်ထဲသို့ရောက်သွားသောအခါ ပြင်းထန်သောတွန်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး လောင်ကျွမ်းသွားရာ အနက်ရောင်မီးခိုးငွေ့များတက်လာပြီး ထိုနေရာတစ်ခုလုံး ပြည့်သွားလေသည်။
မီးမှာ ကန်၏မျက်နှာပြင်တွင်လောင်ကျွမ်းနေသည်မဟုတ်ပဲ အတွင်းပိုင်းအောင်ခြေတွင် လောင်ကျွမ်းနေလေသည်။ ထို့နောက် မီးခိုးငွေ့များ အလုံးလိုက်လွင့်ပျံတက်လာကာ နံရံများနှင့်ရောထွေးသွားလေသည်။ တချိန်တည်းမှာပင် သွေးကန်အတွင်းရှိသွေးရေများမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။
၎င်းမှာ အန္တရာယ်များလှပြီး ကြမ်းတမ်းသောနည်းလမ်းဖြစ်ကာ ထိုအနက်ရောင်မီးခိုးများမှာ ဖယ်ရှားရန်ခက်ခဲရုံမျှမက အလွန်အမင်းညစ်ပတ်လေသည်။
သို့သော် ပိုင်ရှောင်ချန်းမှာ အခြားကိစ္စများအားထည့်သွင်းစဉ်းစားရန်အချိန်မရှိပေ။ လောင်ကျွမ်းနေသောမီးမှာ အနက်ရောင်မီးခိုးများပိုမိုထွက်ပေါ်လာရန်အချိန်ကြာမြင့်စွာမယူခဲ့ရပေ။ ထိုမီးခိုးငွေ့များမှာ နံရံများမှတဆင့် ရုပ်အလောင်းတောင်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
ထိုသို့ဖြစ်သွားပြီးနောက် ကန်အတွင်းရှိ မီးတောက်မီးလျှံများမှာ အနက်ရောင်မှခရမ်းရောင်ဆီသို့ပြောင်းလဲသွားသည်။ သွေးရေ ကိုးဆယ်ရာခိုင်နှုန်းကျော် ပျောက်ကွယ်သွားသော်လည်း ကျန်ရှိနေသောသွေးရေများတွင် မည်သည့်မစင်ကြယ်မှုမှ ရှိမနေတော့ပေ။ ပိုင်ရှောင်ချန်းက လက်ကွက်တစ်ခုဖော်လိုက်ကာ ညွှန်ပြလိုက်သည့်အခါ ကျန်ရှိနေသောသွေးရေများမှာ မြစိမ်းရောင်ဖုတ်ကောင်ဆီသို့ စီးဝင်သွားကြတော့သည်။ ၎င်းမှာ ပေါင်းစည်းသွားသောအခါ ပိုင်ရှောင်ချန်းက မာန်သွင်းကြုံးဝါးလိုက်သည်။ လိုက်လေသည်။ နောက်ဆုံးတွင် စွမ်းအင်စီးကြောင်းလေးဆယ့်ကိုးစင်းမှာ အတူတကွပေါင်းစည်းသွားပြီး ရုပ်အလောင်းများ၏ အငွေ့အသက်များလည်း စတင်၍ပေါင်းစည်းလာသည်။
ထို့နောက် မြစိမ်းရောင်ဖုတ်ကောင်၏ ဒန်တျန်ထဲတွင် လေဝဲတစ်ခုဖြစ်ပေါ်သွားကာ ထိုနေရာတွင် အဓိကဆေးလုံး၏ပုံသဏ္ဍာန်အား တွေ့မြင်နိုင်လေသည်။
ပိုင်ရှောင်ချန်းက စိတ်များလှုပ်ရှားနေကာ ဆေးလုံးဆီသို့ တိုက်ရိုက်စိုက်ကြည့်နေမိသည်။ သူက ကျရှုံးနိုင်မည့်အကြောင်းအရာများကို ဖြေရှင်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက်သူက အနက်ရောင်မီးခိုးငွေ့များအား သတိရလိုက်သည်။
” အာ… ဒါကိစ္စအကြီးကြီးမဖြစ်လောက်ပါဘူး” သူက နံရံကိုကျော်၍ကြည့်ကာ တွေးတောလိုက်သည်။ ထိုမီးခိုးငွေ့ထဲတွင် အညစ်အကြေးများစွာ ပါဝင်သွားသောကြောင့် ထိုကိစ္စအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။ ရလဒ်အနေဖြင့်မည်သို့ဖြစ်ပျက်သွားမည်ကို သူ သေချာမသိပေ။
သို့သော်သူက သွေးသခင်များနှင့် မဟာအကြီးအကဲများအား အကြိမ်ကြိမ်အခါခါသတိပေးဖူးကြောင်းနှင့် သူတို့က နောက်ပိုင်းတွင်မည်သည့်ပြဿနာမှ မဖြစ်ရန်အာမခံပေးမည့် အကြောင်းသတိရလိုက်သည့်အခါ အနည်းငယ်သက်တောင့်သက်သာဖြစ်သွားလေသည်။
သူက စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ အမိန့်ပေးတံဆိပ်ပြားထည့်ထားသည့် သူ၏ ကိုင်ဆောင်နေကျအိတ်ကလေးအားပွတ်သပ်လိုက်ပြီးနောက် ပို၍ပင်နေထိုင်၍ကောင်းသွားလေသည်။ ” ငါဂိုဏ်းကိုတော့ သစ္စာမဖောက်မိပါဘူး” သူက တွေးမိလိုက်သည်။
ထိုသို့တွေးလိုက်ကာ ဆေးဖော်စပ်သည့်လုပ်ငန်းစဥ်အားပြန်လည်အာရုံစိုက်လိုက်လေသည်။
ထို့နောက် ထိုအချိန်တွင် ရုပ်အလောင်းတောင်ထိပ်၌ ထူးဆန်းသည့်အရာများစတင်၍ဖြစ်ပျက်လာသည်။
ပထမဦးဆုံး ထူးဆန်းသည့်အဖြစ်အပျက်ဖြစ်ေပါ်ခဲ့သူမှာ လောလောလတ်လတ် ရုပ်အလောင်းအားသန့်စင်သည့်အလုပ်ကို အဓိကအာရုံစိုက်နေသည့် လူငယ်တစ်ဦးဖြစ်လေသည်။ ထိုအချိန်တွင် ရုပ်အလောင်းမှာ လူငယ်၏အရှေ့ရှိ သွေးအိုင်ထဲတွင် ပေါ်လောပေါ်ကာမျောနေသည်။
သူကသတိမထားမိခဲ့သော်လည်းထူးဆန်းသောအငွေ့အသက်များ ရုတ်တရက်နံရံပေါ်မှထွက်လာပြီး ထိုနေရာအနှံ့ ပြည့်နှက်လာသည်။ များမကြာမီ လူငယ်မှာ စတင်၍တုန်ရီသွားကာ သူ၏လက်ကွက်ဖော်ခြင်းအားရပ်လိုက်လေသည်။ သူ၏မျက်နှာတွင် မကြုံစဖူးလေးနက်သည့်အမူအယာထင်ဟပ်သွားကာ မတ်တပ်ရပ်လိုက်ပြီး သူ၏အင်မော်တယ်ဂူထဲမှထွက်ကာ မြေပြင်ကို ဖော်ခွဲ၍ တွင်းတစ်တွင်း ဖော်လိုက်သည်။
သူက တွင်းထဲသို့ခုန်ချလိုက်ပြီးနောက် ခါးသို့ရောက်သည်အထိ သူ့ကိုယ်သူရွှံ့များနှင့် မြှုပ်နှံလိုက်လေသည်။ ထို့နောက် သူ၏လက်နှစ်ဖက်စလုံးအား ခေါင်းအထက်သို့မြှောက်လိုက်ကာ တဖြည်းဖြည်းစတင်၍ အရှေ့အနောက်ယိမ်းနွဲ့လှုပ်ရှားနေတော့သည်။