Switch Mode

အခန်း (၄၃၀)

ဝှက်ဖဲတွေ ထွက်လာပြီ

လူတိုင်းမှာ ထို စပါးအုံးမြွေကြီးအား တိုက်ခိုက်ရန် ပြင်လိုက်ကြစဉ်တွင် ၎င်း၏ မျက်ဝန်းများမှာ အရောင်လက်သွား၏။ ထို့နောက် ၎င်းမှာ အော်ဟစ်မြည်တမ်းလိုက်ပြီး ၎င်း၏ ဧရာမ ဦးခေါင်းကြီးအား မန္တန်အစီအရင်အလင်းတန်းများ ထွက်ပေါ်လာသည့်ဘက်သို့ လှည့်လိုက်၏။

၎င်း၏အော်ဟစ်သံမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်နေ၏။ ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများ မြေပြင်ကြီးအား ရိုက်ခတ်သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။ ထို့အပြင် ၎င်း၏ အော်ဟစ်သံကြီးနှင့်အတူ လှိုင်းတစ်လှိုင်း ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် ၎င်းဆီသို့ ဦးတည်လာနေကြသည့် မန္တန်များအား ရိုက်ခတ်ပစ်လိုက်တော့သည်။

ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အာနာပါနအဆင့် ကျင့်ကြံသူများနှင့် အခြေတည်အဆင့် ကျင့်ကြံသူများ၏ ဓမ္မအဆောင်များထဲမှ ထွက်ပေါ်လာသော မန္တန်များမှာ ထိုလှိုင်းကြီးအား ဝင်တိုက်မိသွားကြပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွားကြတော့သည်။ ထိုအသံလှိုင်းများ၏ ပြင်းအားမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် ပြင်းထန်နေပြီး မျက်စိတစ်မှိတ်အတွင်းတွင် ထိုနေရာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အမြုတေအဆင့် ကျင့်ကြံသူဆယ်ယောက်ဆီသို့ ချက်ချင်းပင်ရောက်ရှိလာ၏။

ထိုဆယ်ယောက်မှာ အစောပိုင်း အမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြသောကြောင့် လက်ရှိတွင် သူတို့အားလုံးမှာ အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။ သူတို့မှာ ထိုအသံလှိုင်းကြီး၏ ပြင်းအားကို ခုခံတွန်းလှန်ချင်ပါသော်လည်း သူတို့၏ ကြားမှ ကျင့်ကြံခြင်းအဆင့် ခြားနားချက်မှာ အလွန်အင်မတန်မှ ကြီးမားနေသောကြောင့် သူတို့မှာ ပါးစပ်ထဲမှ ရဲရဲနီနေသော သွေးများ ပန်းထွက်လာရပြီးနောက် နောက်သို့ဆုတ်ခွာသွားရတော့သည်။

ထိုပေါက်ကွဲသံကြီးနှင့်အတူ ကျင့်သိုမင်၏ ခံတပ်ကြီးမှာလည်း အချို့နေရာများတွင် ထိခိုက်ပျက်စီးသွားရ၏။ သို့သော် ၎င်းမှာ အရည်အသွေး ကောင်းမွန်သောကြောင့် ၎င်း၏ အစိတ်အပိုင်းအများစုမှာ ပျက်စီးသွားခြင်းမရှိဘဲ စပါးအုံးမြွေကြီးအား ဆက်လက်ခုခံတွန်းလှန်နိုင်စွမ်း ရှိနေဆဲပင်။

သို့သော် ၎င်းမှာ အရှိန်လျော့ကျရသွားရဆဲပင်။ ၎င်းမှာ စပါးအုံးမြွေကြီးအား ဝင်တိုက်လိုက်ချိန်တွင် ထိုစပါးအုံးမြွေကြီးမှာ ၎င်း၏အမြီးဖြင့် ထိုခံတပ်ကြီးအား လှမ်းရိုက်လိုက်၏။

ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာပြီး ခံတပ်ကြီးမှာ သတ္တုတုံးပေါင်း မြောက်များစွာအဖြစ်သို့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရတော့သည်။ ထိုသတ္တုတုံးများ မြေကြီးပေါ်သို့ ကျလာသောအခါ ဧရာမ အပေါက်ကြီးများ ပေါ်ပေါက်လာ၏။

ထို့ကြောင့် ကျင့်သိုမင်၊ ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့မှာ အံအားသင့်သွားကာ မျက်နှာများ ဖြူဆုတ်သွားကြတော့သည်။ အမြုတေအဆင့် ကျင့်ကြံသူဆယ်ရောက်မှာလည်း အလွန်အင်မတန်မှ တည်ကြည်သွားကြပြီး အချို့မှာဆိုလျှင် စိုးရိမ်တကြီးနှင့် ဆိုလိုက်ကြတော့သည်။

” သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အပြင်ခန္ဓာကိုယ်က အမြုတေထိပ်ဆုံးအဆင့်မှာ ရှိနေပြီ။ ဒီလောက် အစွမ်းထက်တဲ့ သတ္တဝါကြီးကို အမြုတေထိပ်ဆုံးအဆင့်မှာရှိတဲ့ တစ်ယောက်ယောက်ကပဲ ယှဉ်တိုက်နိုင်မှာ ”

ထို အမြုတေအဆင့် ကျင့်ကြံသူများမှာ ချီတုံချတုံဖြစ်ကာ စိုးရိမ်တကြီးနှင့် စကားပြောဆိုနေကြစဉ် စပါးအုံးမြွေကြီးမှာမူ သူတို့အား အထင်သေးကာ မထီမဲ့မြင်ပြုနေသည့်ပုံ ပေါက်နေ၏။ ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်မျိုးတွင် ချန်းမုမှာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ထိုစပါးအုံးမြွေကြီးအား ထိန်းချုပ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားခိုင်းလိုက်၏။ ထိုအခါ ထိုစပါးအုံးမြွေကြီးမှာ အမြုတေအဆင့်ကျင့်ကြံသူများ၏ရှေ့သို့ ချက်ချင်းပင်ရောက်ရှိသွားပြီး သူတို့ နောက်သို့မဆုတ်နိုင်ခင်မှာပင် ၎င်း၏ ပါးစပ်ပေါက်ကြီးကိုဟ၍ သူတို့အားလုံးကို ဝါးမျိုပစ်လိုက်တော့သည်။

ထိုအခါ စူးရှကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ရပ်တန့်သွား၏။ နေရာအနှံ့တွင် ရဲရဲနီနေသော သွေးများ ပန်းထွက်နေပြီး ထို သွေးသံတရဲရဲ မြင်ကွင်းကြီးကြောင့် လူတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့သွားကြပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာမိသွားကြ၏။

သို့သော် စပါးအုံးမြွေကြီးမှာ မြန်ဆန်လွန်းနေတော့ကြောင့် လူတိုင်း နောက်သို့ဆုတ်ခွာသွားကြချိန်တွင် ၎င်းမှာ လျှပ်စီးတန်းတစ်တန်းကဲ့သို့ ရှေ့သို့ နောက်ထပ်တစ်ကြိမ် ပြေးထွက်လာပြန်သည်။ ထို့ကြောင့် ၎င်းမှာ မှုန်ဝါးဝါးဖြစ်သွားကာ ကျင့်သိုမင်၏ရှေ့၌ ပြန်လည်ပေါ်ပေါက်လာပြီူ သူ့အား ဝါးမျိုရန် ပြင်လိုက်တော့သည်။

ထိုအခါ ကျင့်သိုမင်မှာ လုံးဝ ဆွံ့အမှင်တက်သွားရပြီး ၎င်းအား ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။ သူ၏ဘေးတွင် ရှိနေကြသည် တာအိုအစောင့်အရှောက်နှစ်ယောက်မှာလည်း သူတို့၏မျက်စိရှေ့၌ ပေါ်ပေါက်လာသည့် အန္တရာယ်ကြီးကို မြင်လိုက်ရသောကြောင့် စိုးရိမ်တကြီးဖြစ်သွားကြတော့သည်။ လသုံးစင်းမဟာမိတ်ဖွဲ့မှာ သူတို့အား အထောက်အပံ့ မြောက်မြားစွာ ပေးထားကြသည်ဖြစ်ပြီး သူတို့၏ မိသားစုဝင် ကြီးကြီးငယ်ငယ် အားလုံးကိုလည်း စောင့်ရှောက်ပေးထားကြသည်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကျင့်သိုမင်အား ကာကွယ်စောင့်ရှောက်ရသည်တာဝန်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားကြောင်း သူတို့က နားလည်ထားကြ၏။ ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်မျိုးတွင် သူတို့နှစ်ယောက်မှာ ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးထွက်သွားလိုက်ကြ၏။ ထို့နောက် တစ်ယောက်မှာ ကျင့်သိုမင်အား လှမ်းဆွဲကာ နောက်သို့ဆုတ်ခွာသွားပြီး တခြားတစ်ယောက်မှာ အံကြိတ်ကာ စပါးအုံးမြွေကြီး ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်အား ဖောက်ခွဲပစ်လိုက်တော့သည်။

ထိုအခါ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ကျယ်လောင်စွာပဲ့တင်ထပ်သွား၏။ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ မိမိကိုယ်ကို ဖောက်ခွဲမှုကြောင့် စပါးအုံးမြွေကြီးပင်လျှင် နောက်သို့အလျင်အမြန် ဆုတ်ခွာသွားရ၏။ ထိုပေါက်ကွဲသံကြီး ထွက်ပေါ်လာချိန်တွင် ကျင့်သိုမင်မှာ အသိစိတ်ပြန်ဝင်လာပြီး မျက်လုံးနီကြီးများဖြင့် သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။

” ဦးလေးလီ ”

ကျင့်သိုမင်၏ အော်ဟစ်သံထဲ၌ ရူးသွပ်မှုများနှင့် ဝမ်းနည်းမှုများ ကိန်းအောင်းနေ၏။ စပါးအုံးမြွေကြီးမှာမူ နောက်သို့ဆုတ်ခွာသွားကာ တစ်ခဏမျှ တုန်ရီသွားပြီးနောက် ခုန်းတောက်ဆီသို့ ဦးတည်သွားတော့သည်။ သို့သော် ခုန်းတောက်မှာ အဆင်သင့်ဖြစ်နေရုံသာမက သူ၏ဘေးတွင် ရှိနေကြသည် တာအိုအစောင့််အရှောက်များမှာလည်း အစွမ်းကုန်ကြိုးစား၍ ခုခံလိုက်ကြ၏။ လင်းတျန်ဟောက်မှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့မှာ စပါးအုံးမြွေကြီးအား မယှဉ်နိုင်ကြသေးပေ။ ထို့ကြောင့် ရိုက်ခတ်သံကြီးတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာပြီး ခုန်းတောက်၊ လင်းတျန်ဟောက်နှင့် သူတို့၏ တာအိုအစောင့်အရှောက်များ အားလုံးမှာ ပါးစပ်ထဲမှ ရဲရဲနီနေသော သွေးစိမ်းများ အန်ထွက်လာကြတော့သည်။ ထို့နောက် သူတို့မှာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားရ၏။ ထိုအတောအတွင်းတွင် နောက်ထပ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ စပါးအုံးမြွေကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ထိုစပါးအုံးမြွေကြီးအတွက်မူ အရာအားလုံးမှာ အရေးမပါသကဲ့သို့ပင်။ ၎င်းမှာ အခြားတစ်ဖက်သို့လှည့်ကာ ရှေ့သို့ ထပ်၍ ပြေးထွက်သွားပြန်သည်။ ယခုအကြိမ်တွင်မူ ၎င်းမှာ အမုန်းတရားများနှင့် သတ်ဖြတ်လိုသောစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် လင်းတျန်ဟောက်အား ပစ်မှတ်ထားနေ၏။

” ဝမ်ပေါင်လဲ့ရဲ့ ကျွန်ကြီး လင်းတျန်ဟောက်။ ဒီတစ်ခေါက်တော့ ငါ မင်းကို သေချာပေါက် ရအောင်သတ်မယ် ” သူ၏ လျှို့ဝှက်အခန်းထဲ၌ နေ၍ ထိုစပါးအုံးမြွေကြီးအား ခပ်လှမ်းလှမ်းမှ ထိန်းချုပ်နေသော ချန်းမုမှာ ဟက်ဟက်ပက်ပက် ရယ်မောနေတော့သည်။ သူသည် စပါးအုံးမြွေကြီးအား ထိန်းချုပ်လိုက်ပြီး လင်းတျန်ဟောက်၏ ရှေ့၌ ချက်ချင်းပင်ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ သူ၏ပါးစပ်ကို ဟလိုက်သောအခါ အားကောင်းသော စုပ်ယူအားတစ်မျိုး ချက်ချင်းပင်ပေါ်ပေါက်လာပြီး လင်းတျန်ဟောက်အား ဝါးမျိုရန် ပြင်လိုက်တော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် လင်းတျန်ဟောက်၏ မျက်ဝန်းများထဲတွင်လည်း ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်သွားသည်ကို မြင်လိုက်ရ၏။ သူသည် အသံကုန်အော်ဟစ်ကာ သူ၏လည်ပင်း၌ ချိတ်ဆွဲထားပြီး သူ၏အင်္ကျီဖြင့် ဖုံးကွယ်ထားသည့် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ဆွဲထုတ်ကာ အားပါပါနှင့် ညှစ်ချလိုက်တော့သည်။

ထိုကျောက်စိမ်းတံဆိပ်ပြားလေးမှာ အညှစ်ခံလိုက်ရသောအခါ ၎င်းဆီမှ မျက်စိကျိန်းစရာကောင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းထဲတွင် ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းမှာ လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူ လင်းယုံ၏ ပုံရိပ်ကြီးပင် ဖြစ်သည်။

၎င်းမှာ လင်းတျန်ဟောက် ဂူကြီးထဲ၌ အန္တရာယ်နှင့် ကြုံခဲ့ရပြီးနောက် လင်းယုံတစ်ယောက် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့စဉ်တုန်းက သူ့အား ပေးအပ်ခဲ့သည့် အသက်ကယ်ပစ္စည်းတစ်ခုပင်ဖြစ်သည်။ ထိုပစ္စည်းထဲတွင် သူ၏အသိစိတ်များ ပါဝင်နေပြီး ၎င်းမှာ သေရေးရှင်ရေး အခိုက်အတန့်တစ်ခု၌ မန္တန်တစ်ခုကို အသုံးပြုကာ သူ၏ အစွမ်းများအားလုံးကို ထုတ်လွှတ်ပေးနိုင်ပေးသည်။

ထိုပစ္စည်းမှာ တန်ဖိုးကြီးမားလွန်းသောကြောင့် လင်းယုံပင်လျှင် တစ်ခုမျှသာ ဖန်တီးနိုင်ခဲ့၏။ ထို ကျောက်စိမ်းဆွဲပြားအား ပြုလုပ်ရန်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းမှာ ကမ္ဘာပေါ်တွင် အလွန်အင်မတန်မှ ရှားပါးသည်မဟုတ်ပါလော။ လင်းယုံပင်လျှင် ကံကောင်းထောက်မ၍သာ ၎င်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။ ယခုတွင် ၎င်းကို အသုံးပြုလိုက်ပြီဖြစ်ရာ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးထဲ၌ နားစည်များပင် ကွဲသွားစေနိုင်လောက်သည့် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောင် လင်းယုံ၏ ပုံရိပ်ယောင်ကြီးမှာ သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီး ပုံရိပ်ယောင် ဓားပျံကြီးတစ်လက်ကို ဖန်တီးကာ ရှေ့သို့ လှမ်းခုတ်လိုက်တော့သည်။

ထိုဓားချက်ကြီးမှာ အံ့ဩမှင်တက်ဖွယ်ကောင်းပြီး အလွန်အင်မတန်မှ စူးရှတောက်ပနေ၏။ ၎င်း၏ ခုတ်ထစ်ခြင်းကို ခံလိုက်ရသည့်အရာတိုင်းမှာ နှစ်ပိုင်းပြတ်သွားကြသည်သာ ဖြစ်သည်။ ထို့ကြောင့် စပါးအုံးမြွေကြီးမှာ အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်သွားရပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွား၏။ ထို့နောက် ၎င်းမှာ ခုခံကာကွယ်နိုင်ရန် ၎င်း၏ အမြီးအား ချက်ချင်းမြှောက်လိုက်၏။ သူ၏အမြီးနှင့် ထိုဓားချက်ကြီး ထိသွားသည်နှင့်တစ်ပြိုင်နက် ထိုအမြီးထဲ၌ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာပြီး အတွင်းပိုင်းထဲရှိ သစ်သားစများကို မြင်လိုက်ရ၏။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ နောက်သို့ ဆုတ်ခွာသွားတော့သည်။

သို့သော် ၎င်း ဆုတ်ခွာသွားသည်နှင့် တစ်ပြိုင်နက် ခုန်းတောက်မှာ အံကြိတ်ကာ သူ၏ ဘယ်ဘက်လက်ကို ချက်ချင်းပင်မြှောက်လိုက်ပြီး သူ၏ ညာလက်လက်သန်းအား လိမ်ချိုးလိုက်၏။ သူ၏ ညာဘက်လက်သန်းမှာ သူ၏ခန္ဓာကိုယ်ပေါ်မှ အသွေးအသားများ မဟုတ်ဘဲ ၎င်းနှင့် ဆင်တူသည့် ပစ္စည်းတစ်ခုဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အမှန်တွင် သူသည် ညာဘက်လက်သန်းတစ်ချောင်း မရှိသောကြောင့် သူ၏ညာဘက်လက်တွင် လက်ချောင်းလေးချောင်းသာ ရှိသည်ဖြစ်သည်။

ခုန်းတောက်မှာ သူ၏ ညာလက်သန်းအား လိမ်ချိုးလိုက်ပြီးနောက် ၎င်းအား ဝှေ့ယမ်းလိုက်သောအခါ ၎င်းဆီမှ နေမင်းအလင်းရောင်နှင့် တူသည့် အလင်းရောင်တစ်ခု ချက်ချင်းပင်ထွက်ပေါ်လာကာ မီးငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး စပါးအုံးမြွေကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။

၎င်း၏ အငွေ့အသက်အရဆိုလျှင် သူ၏ ညာလက်သန်းမှာ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်နေသည့်ပုံပင်။ ထို့အပြင် ၎င်းမှာ သာမန် သတ္တမအဆင့်ဓမ္မလက်နက်တစ်ခု မဟုတ်ဘဲ သတ္တမအဆင့် အထွတ်အထိပ် ဓမ္မလက်နက်တစ်ခု ဖြစ်နေ၏။

ထိုအချိန်တွင် တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် ကျင့်ကြံသူများ၏ မျက်ဝန်းများမှာ အရောင်လက်သွားကြ၏။ သူတို့မှာ စပါးအုံးမြွေကြီး၏ အမြီးပေါ်ရှိ ‌ဒဏ်ရာများနှင့် ၎င်း၏ လှုပ်ရှားမှုများကို စိုက်ကြည့်ရင်း ရုတ်တရက် အော်ပြောလိုက်ကြ၏။

” ဒီသားရဲကြီးက အသက်မရှိဘူး။ သူက ရုပ်သေးရုပ်ကြီး တစ်ခုပဲ။ ပြီးတော့ သူ့ကို ထိန်းချုပ်နေတဲ့လူက ကျင့်ကြံခြင်းအပိုင်းရော ဗဟုသုတအပိုင်းမှာပါ အရည်အချင်း မပြည့်မီဘူး။ သူက ဒီ ရုပ်သေးရုပ်ကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့ရဲ့ စွမ်းအားတွေကို ခဏလောက်ပဲ ထုတ်သုံးနိုင်မှာ ”

သူတို့ ထိုသို့ဆိုလိုက်သည်နှင့် အမြုတေအဆင့် ကျင့်ကြံသူအားလုံးမှာ ပြေးထွက်လာကြ၏။ ကျင့်သိုမင်နှင့် အပေါင်းအပါများ အားလုံးမှာလည်း မျက်လုံးများ နီမြန်းသွားကြတော့သည်။ ကျင့်သိုမင်ကမူ အသံကုန်အော်ဟစ်ကာ သူ၏ဘယ်ဘက်လက်ကိုမြှောက်၍ တိုက်ပွဲသုံး ပုဆိန်ကြီးတစ်လက်ကို ထုတ်ယူလိုက်ပြီး သူ၏ဘေးတွင် ရှိနေသော အမြုတေအဆင့် ကျင့်ကြံသူဆီသို့ လှမ်းပစ်ပေးလိုက်၏။ ထိုကျင့်ကြံသူမှာလည်း ထိုပုဆိန်ကြီးအား လှမ်းဖမ်းလိုက်သောအခါ ၎င်းဆီမှ ထွက်ပေါ်နေသည့် အားကောင်းသော အငွေ့အသက်ကြီးကြောင့် အသက်ရှူသံများ မြန်ဆန်သွားရ၏။ ၎င်းမှာ အဋ္ဌမအဆင့် ဓမ္မလက်နက်ကြီးတစ်ခု ဖြစ်ပေသည်။ သူသည် ထိုပုဆိန်ကြီးကို ကိုင်၍ လေထဲရှိ စပါးအုံးမြွေကြီးအား အားမာန်အပြည့်ဖြင့် တိုက်ခိုက်လိုက်တော့သည်။

တစ်ချိန်ထဲမှာပင် ကျင့်သိုမင်မှာ နောက်ထပ် ဓမ္မလက်နက် ဓားတစ်လက်ကို ထုတ်ယူလိုက်ပြီး သူ၏လက်ထဲ၌ ကိုင်စွဲကာ အသံကုန်အော်ဟစ်၍ စပါးအုံးမြွေကြီးအား လှမ်းခုတ်လိုက်တော့သည်။

လူတိုင်းမှာ တစ်ပြိုင်နက်တည်း ပူးပေါင်းတိုက်ခိုက်နေသည့်တိုင်အောင် လင်းတျန်ဟောက်၏ တိုက်ကွက်ကြီးကြောင့် ဒဏ်ရာရကာ ထွက်ပြေးသွားရသည့် စပါးအုံးမြွေကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်နေဆဲပင်။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုစပါးအုံးမြွေကြီးမှာ အန္တရာယ်နှင့် ကြုံနေရသည်တိုင်အောင် ဆက်လက်တိုက်ခိုက်နေဆဲပင်။ ၎င်း၏ ခန္ဓာကိုယ်ထဲမှ သွေးရောင်ဆီးနှင်းပွင့်များ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သွေးရောင်လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထိုလေမုန်တိုင်းကြီးမှာ အရပ်မျက်နှာအားလုံးကို ပိတ်ဆို့လိုက်ပြီး ခုန်းတောက်၏ လက်ချောင်းတိုက်ကွက်ကြီးနှင့် ထိပ်တိုင်ရင်ဆိုင်တွေ့သွား၏။

ထို့ကြောင့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သွေးရောင်‌လေမုန်တိုင်းကြီးမှာ ရှေ့သို့ ဆက်လက်တိုက်ခတ်ရန် ပြင်နေစဉ်တွင် အစောပိုင်း အမြုတေအဆင့်ကျင့်ကြံသူအားလုံးမှာ သူတို့၏ ဝှက်ဖဲများကို ထုတ်သုံးကာ မန္တန်ပုံရိပ်ကြီးတစ်ခုကို ဖန်တီးလိုက်ကြပြီး ရှေ့သို့ စေလွှတ်လိုက်ကြ၏။ ၎င်းမှာ ထိုသွေးရောင် လေဆင်နှာမောင်းကြီးအား ဖျက်ဆီးပစ်လိုက်၏။ တစ်ချိန်ထဲမှာပင် အဋ္ဌမအဆင့် ဓမ္မလက်နက်ကြီးဖြစ်သော ပုဆိန်ကြီးကို ကိုင်စွဲထားသည့် အမြုတေအဆင့် ကျင့်ကြံသူမှာ ထိုပုဆိန်ကြီးဖြင့် လှမ်းခုတ်လိုက်သဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် အသွင်ပြောင်းလဲသွားစေနိုင်သည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ထို့နောက် တိမ်တိုက်များ တလိပ်လိပ်ထသွားပြီး ထိုစွမ်းအားကြီးမှာ စပါးအုံးမြွေကြီး၏ ခေါင်းပေါ်သို့ တည့်မတ်စွာ ကျရောက်သွားတော့သည်။

ထိုအခါ အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွားပြီး စပါးအုံးမြွေကြီး၏ ဦးခေါင်းမှာ ထပ်ခြမ်းကွဲသွားသောကြောင့် သစ်သားစပေါင်း မြောက်မြားစွာ ထွက်ပေါ်လာတော့သည်။ တစ်ချိန်ထဲမှာပင် ကျင့်သိုမင်၏ ဓားကြီးမှာ ထိုနေရာပေါ်သို့ ထပ်၍ ကျရောက်လာတော့မည့်အလား ဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် စပါးအုံးမြွေကြီး၏ မျက်ဝန်းများထဲ၌ သိမ်ငယ်စိတ်များ ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး အသံကုန် အော်ဟစ်မြည်တမ်းလိုက်တော့သည်။

ထိုအော်ဟစ်သံကြီးကြောင့် လူတိုင်းမှာ သွေးများအန်ထွက်လာရပြီး နောက်သို့ဆုတ်ခွာသွားရ၏။ ထိုအော်ဟစ်သံကြီးထဲ၌ သူတို့ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်မျိုး ပါဝင်နေသောကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ တိုက်စားခံလိုက်ရပြီး ဝိညာဉ်များမှာ တုန်ရီသွားရသည်။ သူတို့၏ ဝိညာဉ်များမှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ ဆွဲထုတ်ခံလိုက်ရတော့မည့်အလား ဖြစ်သွားကြ၏။

စပါးအုံးမြွေကြီးမှာမူ ထိုအော်ဟစ်သံကြီးဖြင့် လူတိုင်းအား တွန်းထုတ်လိုက်ပြီးနောက် နောက်သို့ဆုတ်ခွာသွားရန် ပြင်လိုက်၏။ ၎င်း၏ ဒဏ်ရာများမှာလည်း ပျောက်ကင်းစ ပြုနေပြီဖြစ်သည်။ သူတို့၏ ကြိုးစားအားထုတ်မှုများမှာ သဲထဲရေသွန်ဖြစ်ရတော့မည်ကို မြင်လိုက်ရသောအခါ လင်းတျန်ဟောက်မှာ မကျေမချမ်းဖြစ်သွားရပြီး ကျင့်သိုမင်မှာ ဒေါသစိတ်များကြောင့် မျက်လုံးများ နီမြန်းသွားရသလို ခုန်းတောက်မှာလည်း အသက်ရှူသံများ မြန်ဆန်လာပြီး လက်ချောင်းလေးချောင်းသာ ရှိတော့သော သူ၏ညာဘက်လက်သီးအား ဆုပ်ထားမိတော့သည်။

သို့သော် ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှနေ၍ သင်္ဘောပျံတစ်စင်းမှာ အရှိန်အဟုန်ဖြင့် ရောက်ရှိလာ၏။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် လေထဲ၌ တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်နေတော့သည်။ ထို့နောက် ထိုသင်္ဘောပျံကြီး၏ အမြန်နှုန်းကို အသုံးချကာ ၎င်းပေါ်မှ လူရိပ်ကြီးတစ်ခုမှာ ပို၍ပင်မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ခုန်ချလာသောကြောင့် ပုံရိပ်ယောင်များ အတန်းလိုက် ပေါ်ပေါက်လာရ၏။

အဝေးမှကြည့်လိုက်မည်ဆိုပါက ထိုလူရိပ်ကြီးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထိုလူရိပ်ကြီး ခုန်ချလာပြီးနောက် အနက်ရောင် လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာကာ အသံကုန်ဟိန်းဟောက်နေသော အနက်ရောင် မိကျောင်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ထိုလူရိပ်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် မိကျောင်းကြီးတစ်ကောင်က မြွေကြီးတစ်ကောင်အား ဝါးမျိုနေသည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ပုံရိပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

‌စပါးအုံးမြွေကြီးကြီး၏ အော်ဟစ်သံကြီးကြောင့် နောက်သို့ဆုတ်ခွာသွားရသည့် လူများမှာ ထိုပုံရိပ်ကြီးကို မြင်လိုက်ရသဖြင့် ၎င်းဆီသို့ တည့်မတ်စွာ ဦးတည်သွားကြတော့သည်။

ထိုလူရိပ်ကြီးမှာမူ…. ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset