Switch Mode

အခန်း (၄၂၉)

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း 

” မင်းတို့တွေအကုန်လုံး သေမှရမယ် ” ချန်းမုမှာ သူ့ကိုယ်သူ သတိမထားမိပါသော်လည်း ထိုအခိုက်အတန့်တွင် သူသည် ရုပ်သေးရုပ်ကြီးအား ထိန်းချုပ်နိုင်စွမ်းရှိနေပြီဆိုသည့် အသိကြောင့် မာန်မာနများ ထောင်လွှားနေပြီဖြစ်သည်။ သူသည် ဗုံလေးနှင့် တစ်သားတည်းပေါင်းစည်းခဲ့သောကြောင့် ယခင်တုန်းက သူ ချုပ်တည်းနိုင်ခဲ့သည့် အမုန်းတရားများမှာ အဆပေါင်းများစွာ ကြီးထွားလာပြီး သူကိုယ်တိုင်ပင် ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားရသည့်ပုံပင်။

ချန်းမု၏ မျက်နှာပေါ်တွင် ထိုရူးသွပ်မှုများကို အတိုင်းသားမြင်နေရပြီဖြစ်သည်။ သူ၏ မျက်ဝန်းထဲ၌ သွေးဆာနေသည့် အရိပ်အယောင်များ ထင်ဟပ်နေပြီး သူသည် သူ၏ သတ်ဖြတ်လိုသောစိတ်များကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူခံစားနေရသည့် လက်တုံ့ပြန်ချင်စိတ်များနှင့် အခြားခံစားချက်ပေါင်း မြောက်မြားစွာကြောင့် သူ ထိန်းချုပ်ထားသည့် စပါးအုံးမြွေရုပ်သေးရုပ်ကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် ရဲရဲနီ တောက်ပလာတော့သည်။ ထို့နောက် အမြုတေထိပ်ဆုံးအဆင့်ရှိသော ကျင့်ကြံခြင်းစွမ်းအားလှိုင်းတစ်လှိုင်းမှာ ထွက်ပေါ်လာလုဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။

ထိုစွမ်းအားများ ထွက်ပေါ်လာသောအခါ ထို စပါးအုံးမြွေကြီးမှာ မြို့တော်ကြီး၏ မန္တန်အစီအရင်ကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ အရှိန်ပြင်းစွာ ဝင်တိုက်လိုက်ပြန်သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်း၏ ဦးခေါင်းခွံကြီးမှာ မန္တန်အစီအရင်ကြီး၏ အလင်းဖန်သားပြင်ကြီးနှင့် ရိုက်ခတ်သွား၏။ ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မန္တန်အစီအရင်ကြီးမှာလည်း အပြင်းအထန်တုန်ရီကာ ၎င်း၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ထပ်၍ ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ တစ်စစီကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။

ထိုမန္တန်အစီအရင်ကြီး ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်တွင်ရှိနေသော သွေးရောင်မြူခိုးများမှာ မြို့တော်ထဲသို့ အလုံးအရင်း ဝင်ရောက်လာကြမည်ဖြစ်သည်။ ၎င်းတို့မှာ ထိုနယ်မြေကြီးတစ်ခုလုံးကို ဝါးမျိုတော့မည်အလား ဖုံးအုပ်သွားမည်ဖြစ်ပြီး မြို့တော်အသစ်ထဲရှိ ကျင့်ကြံသူများအားလုံးကို လွှမ်းခြုံသွားမည်ဖြစ်သည်။

၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များမှာ… အလွန်အင်မတန်မှ ဆိုးရွားနေမည်ဖြစ်သည်။

သို့သော် ယခုတွင်မူ ထိုစပါးအုံးမြွေကြီးကသာ အပြင်ဘက်မှနေ၍ မန္တန်အစီအရင်ကြီးအား ရိုက်ခတ်နေသည်မဟုတ်ပေ။ မြို့တော်ထဲတွင်လည်း ဖန်ကျင့်၏ နယ်မြေထဲ၌ သားရဲစီးကြောင်းတစ်ခု ပေါ်ထွက်လာနေပြီဖြစ်သည်။ မြို့တော်ကြီး အတွင်းဘက်နှင့် အပြင်ဘက်နှစ်ခုစလုံးတွင် အန္တရာယ်များ ပေါ်ပေါက်လာသောကြောင့် မြို့တော်အသစ်ကြီးမှာ ပရမ်းပတာ ဖြစ်နေရတော့သည်။ ကံကောင်းသည်မှာ ယခုလို အသက်တမျှ အရေးကြီးနေသော အခိုက်အတန့်မျိုးတွင် ဖန်ကျင့်မှာ တစ်ကိုယ်ကောင်းဆန်ကာ သူမ၏ ဘေးကင်းလုံခြုံမှု တစ်ခုတည်းကိုသာ ဦးစားမပေးခဲ့ခြင်းပင်။ သူမသည်လည်း အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ယွီဟွားရှန်ထျန်းဂိုဏ်းမှ ရှိသမျှလူအားလုံးကို အစွမ်းကုန်ကြိုးစားအားထုတ်၍ လှိုဏ်ခေါင်းကြီးအား ပိတ်ဆို့ပေးရန် အမိန့်ပေးလိုက်၏။

သူမသည် ရှုံးနိမ့်သွား၍ မဖြစ်သလို သူမ၏နယ်မြေထဲ၌ ယခုကဲ့သို့ ပရမ်းပတာဖြစ်ရပ်များ ပေါ်ပေါက်လာရသည်ကို ခွင့်ပြုနိုင်မည်မဟုတ်ပေ။ အကယ်၍ သူမသာ ဤကိစ္စကြီးကို မတားဆီးနိုင်ပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သူမတစ်ယောက်တည်းသာမက ယွီဟွားရှန်ထျန်းဂိုဏ်းကပါ ခံစားရမည်ဖြစ်သည်။ သူမသည်လည်း ရာထူးမှ ထုတ်ပယ်ခံရနိုင်ပေသည်။ ထို့ကြောင့် ဖန်ကျင့်မှာ အလွန်အင်မတန်မှ စိတ်သောကရောက်နေရ၏။ သို့သော် သူမမှာ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းနေရပြီဖြစ်သည်။ ကောင်းကင်ယံထဲရှိ စပါးအုံးမြွေကြီးမှာ မန္တန်အစီအရင်ကြီးအား တတိယအကြိမ်မြောက် ဝင်တိုက်ရန် ပြင်ဆင်နေပြီဖြစ်၏။

” ဝမ်ဟွေ့၊ ချန်းမု၊ လီဝမ်အာတို့ သုံးယောက်က ဖန်ကျင့်ကို ကူညီပေးလိုက်ကြ။ မင်းတို့ကို အချိန်နာရီဝက်ပေးမယ်။ ဘာပဲဖြစ်နေဖြစ်နေ လှိုဏ်ခေါင်းကြီးကို မရရအောင် ပိတ်ပေးရမယ် ”

” ခုန်းတောက်၊ ကျင့်သိုမင်၊ လင်းတျန်ဟောက်။ မင်းတို့သုံးယောက်က အမြုတေအဆင့် ကျင့်ကြံသူတွေအကုန်လုံးကို ဦးဆောင်ပြီးတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ထားကြ။ မင်းတို့ရဲ့ပစ်မှတ်က မန္တန်အစီအရင်ကြီးရဲ့ အပြင်ဘက်မှာရှိနေတဲ့ စပါးအုံးမြွေကြီးပဲ ”

” ငါက စပါးအုံးမြွေကြီးကို အထဲရောက်‌လာအောင် မျှားခေါ်ဖို့အတွက် မန္တန်အစီအရင်ကြီးကို ခဏဖွင့်လိုက်ပြီးတော့ ပြန်ပိတ်လိုက်မယ်။ ဒီ တိုက်ပွဲကြီးကို ငါတို့တွေ နိုင်ကိုနိုင်မှဖြစ်မယ်နော်။ ဘုရင်ခံက ဒီကိစ္စကြီးကို သိထားပြီးပြီမလို့ လမ်းမှာ ရောက်နေပြီ ” ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံမှာ တည်ကြည်မှုနှင့် ယုံကြည်မှုအပြည့်ရှိနေ၏။ ထို့အပြင် သူ၏ ယုံကြည်မှုများကြောင့် မြို့တော်ထဲရှိ အခြားကျင့်ကြံသူများ အားလုံးမှာလည်း စိတ်ဓာတ်များတက်ကြွသွားရ၏။

သို့သော် အမှန်တွင်မူ သူ ထိုကဲ့သို့ ယုံကြည်မှုပြင်းထန်နေရခြင်းမှာ ဘုရင်ခံကြောင့် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ပထမဦးဆုံးအနေနှင့် ဘုရင်ခံဆီသို့ လှမ်း၍ဆက်သွယ်လိုက်ပါသော်လည်း မြူခိုးများမှာ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ထားသဖြင့် မည်သည့်အကြောင်းကြားစာမှ ပေးပို့၍မရကြောင်း သိလိုက်ရသည်။

သူ မန္တန်အစီအရင်ကြီးအား ခဏဖွင့်ကာ စပါးအုံးမြွေကြီးအား အထဲသို့ မျှားခေါ်ချင်ရသည့် အကြောင်းအရင်းမှာမူ… အကယ်၍ ၎င်းအား မဖွင့်လျှင်တောင် နောက်ထပ် ငါးမိနစ်အတွင်းတွင် ထိုမန္တန်အစီအရင်ကြီးမှာ ပျက်စီးသွားတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအခါ စပါးအုံးမြွေကြီးသာမက သွေးရောင်မြူခိုးများပါ အလုံးအရင်း ဝင်ရောက်လာကြမည် မဟုတ်ပါလော။ ထိုမြူခိုးများမှာ ဝိညာဉ်စွမ်းအင်များကို ချုပ်တည်းနိုင်စွမ်းရှိသောကြောင့် မြို့တော်ထဲ၌ ထိုမြူခိုးများ ပြည့်နှက်သွားသည်နှင့် တစ်ပြိုင်နက် မြို့တော်ထဲရှိကျင့်ကြံသူများအားလုံးမှာ သာမန်လူများအဖြစ်သို့ ချက်ချင်းရောက်ရှိသွားကြမည်ဖြစ်သည်။ ထို့ကြောင့် စပါးအုံးမြွေကြီးက သူတို့အား စတင်တိုက်ခိုက်လိုက်မည့်အချိန်တွင် မည်သည့်နည်းနှင့်မှ ပြန်လည်ခုခံနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် မန္တန်အစီအရင်ကြီးအား ဖွင့်ကာ စပါးအုံးမြွေကြီးအား အထဲသို့ ဝင်ခွင့်ပေးလိုက်ပါမှ သူသည် မြို့တော်ထဲရှိ ကျင့်ကြံသူများအားလုံးနှင့် ပူးပေါင်း၍ အချိန်ဆွဲနိုင်မည် ဖြစ်သည်။ ထိုအခါမှသာ သူတို့ကြုံတွေ့ရမည့် ဘေးအန္တရာယ်ကြီးအား နှောင့်နှေးကြန့်ကြာသွားအောင် လုပ်ကာ အခွင့်ကောင်းကို စောင့်ဆိုင်းနိုင်မည် ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မှာ မခက်ခဲပါသော်လည်း ရဲတင်းပြတ်သားမှုရှိနေရန် လိုအပ်ပေသည်။ ယခုကဲ့သို့ အန္တရာယ်ကြီးနှင့် ကြုံနေရသည့်အချိန်တွင် သာမန်လူများမှာ ထိုအန္တရာယ်ကြီးအား အပြင်ဘက်၌ ပိတ်ဆို့ထားနိုင်ရန်သာ ကြိုးစားကြမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခြားသူများအား သူ၏ ယုံကြည်မှုများနှင့် တည်ငြိမ်မှုများကို သိရှိသွားစေချင်သောကြောင့် ထိုကဲ့သို့ အမိန့်ပေးလိုက်ရခြင်းဖြစ်သည်။ သို့မှသာ သူသည် လူတိုင်းအား စိတ်ဓာတ်ကျမသွားအောင် ထိန်းထားပေးနိုင်မည် ဖြစ်၏။

ထို့အပြင် ဝမ်ပေါင်လဲ့ဆီ၌ ဝှက်ဖဲများ ရှိမနေသည်တော့ မဟုတ်ပေ။ သူ၏မြို့တော်ကြီးမှာ သူ၏ ထာဝရခံတပ်ကြီး ဖြစ်နေသည် မဟုတ်ပါလော။

သို့သော် မြို့တော်အသစ်မှာ အရွယ်အစားကြီးမားလွန်းနေသောကြောင့် ၎င်းအား ထာဝရခံတပ်ကြီးအဖြစ် ပြောင်းလဲရန် အချိန်အကြာကြီးလိုအပ်ပေသည်။ ယခုတွင် ၎င်းမှာ ထိုသို့စတင်ပြောင်းလဲနေပြီဖြစ်ရာ အချိန်ဆွဲထားနိုင်ရန် အလွန်အင်မတန်မှ အရေးကြီးပေသည်။

သူ၏ ယုံကြည်မှုအပြည့်ရှိကာ တည်ငြိမ်အေးဆေးနေသော စကားသံကြီးမှာ မြို့တော်အသစ်ထဲရှိ စိုးရိမ်တကြီးဖြစ်နေရသော ကျင့်ကြံသူများအားလုံးပေါ်၌ သိသိသာသာ အကျိုးသက်ရောက်မှုရှိပေသည်။ သူ့ကြောင့် ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ စိတ်တည်ငြိမ်သွားကြ၏။ လက်ထောက်မြို့တော်ဝန် လီဝမ်အာဆိုလျှင် သူမ၏ တာဝန်မှာ ခဲယဉ်းပါသော်လည်း ဝမ်ပေါင်လဲ့ ပို၍ပင်ခက်ခဲသော အရာများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း သိထား၏။

ထို့ကြောင့် သူတို့နှစ်ယောက်မှာ တာဝန်များကို ခွဲဝေထမ်းဆောင်လိုက်ကြ၏။ လီဝမ်အာမှာ လှိုဏ်ခေါင်းများအား ပိတ်ဆို့ရန် တာဝန်ယူလိုက်ပြီး ဝမ်ပေါင်လဲ့မှာ အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေသော စပါးအုံးမြွေကြီးအား တာဝန်ယူလိုက်၏။ စဉ်းစားတွေးတောနေရန် အချိန်များများစားစားမရှိသောကြောင့် လီဝမ်အာမှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စတင်လှုပ်ရှားလိုက်၏။

ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့မှာလည်း စတင်လှုပ်ရှားလိုက်ကြသည်။ ချန်းမုမှာ သူကိုယ်တိုင်ရောက်မလာပါသော်လည်း သူ၏ လက်ထောက်များအား သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်၍ လှိုဏ်ခေါင်းကြီးအား ပိတ်ဆို့ပေးရန် အမိန့်ပေးလိုက်၏။ သူတစ်ယောက်သာလျှင် ထိုအစီအစဉ်ကြီးကို သိထားသည်ဖြစ်သောကြောင့် သူ၏လက်အောက်ငယ်သားများအား ဦးဆောင်နေကြသည့် သူ၏ လက်ထောက်များမှာ လှိုဏ်‌ခေါင်းကြီးအား ပိတ်ဆို့နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြတော့သည်။

တစ်ချိန်ထဲမှာပင် ခုန်းတောက်မှာ ပြင်ဆင်မှုများကိုပြုလုပ်နေ၏။ သူ၏နောက်တွင် စစ်တပ်မှ အမြုတေအဆင့် ကျင့်ကြံသူသုံးယောက် လိုက်လာကြသည်။ သူတို့မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာများဖြင့် ခုန်းတောက်အား ကာကွယ်ပေးနေကြ၏။ သူတို့၏နောက်တွင်မူ ထောင်ပေါင်းများစွာသော အခြေတည်အဆင့် ကျင့်ကြံသူများနှင့် အာနာပါနအဆင့် ကျင့်ကြံသူများမှာ မခိုမကပ်ဘဲ အစွမ်းကုန်ကြိုးစားအားထုတ်နေကြသည်။ မန္တန်တစ်ခုတည်း ဖြစ်နေလျှင်တောင် ရှိသမျှလူအားလုံး ပေါင်းစည်းလိုက်ကြမည်ဆိုပါက အလွန်မတန်မှ ကြီးမားသော စွမ်းအားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

ကျင့်သိုမင်နှင့် လင်းတျန်ဟောက်တို့မှာလည်း သူတို့၏ တပ်ဖွဲ့များအားလုံးကို စုစည်းထားကြ၏။ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့ စီစဉ်ပေးထားသည့်အတိုင်း တာအိုကျောင်းလေးကျောင်းကို ဦးဆောင်နေသည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားသောအခါ သူ၏အိမ်ခေါင်မိုးပေါ်၌ မတ်တတ်ရပ်‌နေသည့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး မန္တန်အစီအရင်ကြီးအား ဝင်တိုက်နေသည့် စပါးအုံးမြွေကြီးကို စိုက်ကြည့်နေလိုက်၏။ ထို့နောက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး မန္တန်အစီအရင်ကြီးပေါ်မှ အက်ကွဲကြောင်းများမှာလည်း ပို၍ပင် သိသာထင်ရှားလာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆက်လက်စောင့်ဆိုင်းနေ၍ မဖြစ်တော့ကြောင်း သိလိုက်၏။

” ကဲ ဖြစ်ချင်ရာဖြစ်ကွာ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် စပါးအုံးမြွေကြီး အော်ဟစ်မြည်တမ်းကာ မန္တန်အစီအရင်ကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဝင်တိုက်လိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး မန္တန်အစီအရင်ကြီးအား လက်ညှိုးထိုးလိုက်တော့သည်။

သူ ထိုကဲ့သို့ လက်ညှိုးထိုးလိုက်သည်နှင့် အင်္ဂါဂြိုဟ်နယ်မြေအသစ်ကြီး တစ်ခုလုံးအား လွှမ်းခြုံထားသည့် အကာအရံကြီးမှာ ရေလှိုင်းတစ်ခုနှင့် ဆင်တူသည့် အရာတစ်ခုကဲ့သို့ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။ ထို့နောက် လှိုင်းတွန့်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွား၏။ စပါးအုံးမြွေကြီးမှာမူ အော်ဟစ်မြည်တမ်းကာ ဝင်တိုက်လိုက်ချိန်တွင် ၎င်း ဝင်တိုက်လိုက်သည့် မန္တန်အစီအရင်ကြီးပေါ်ရှိ နေရာမှာ ဝဲတစ်ခုအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွား၏။ ထို့နောက် ထိုဝဲကြီးမှာ လျင်မြန်စွာ အရွယ်အစားကြီးထွားလာသောကြောင့် အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားတော့သည်။

ထိုအပေါက်ကြီး ပေါ်ပေါက်လာချိန်နှင့် စပါးအုံးမြွေကြီး ဝင်တိုက်လိုက်သည့်အချိန်မှာ တစ်ပြိုင်နက်ထဲဖြစ်နေသောကြောင့် ၎င်း၏ ဧရာမ ဦးခေါင်းခွံကြီးမှာ မန္တန်အစီအရင်ကြီး၏ အကာအရံထဲသို့ ဝင်ရောက်လာတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး ထိုစပါးအုံးမြွေကြီးအား မန္တန်အစီအရင်ကြီးထဲ၌ ပိတ်လှောင်ထားမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရတော့သည်။ ထိုအစီအစဉ်မှာ အလွန်အင်မတန်မှ အန္တရာယ်များနေသည်ဖြစ်ပြီး စပါးအုံးမြွေကြီးမှာ ရုန်းကန်နေမည်ဖြစ်သောကြောင့် မန္တန်အစီအရင်ကြီးမှာ ယခင်ကထက်ပင် ပို၍မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ပျက်စီးသွားနိုင်ခြေ ရှိပေသည်။

” မြူခိုးတွေသာ ရှိမနေခဲ့ရင်ကွာ…. ” ဝမ်ပေါင်လဲ့မှာ လက်သီးများကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။ ထိုအချိန်တွင် စပါးအုံးမြွေကြီးမှာ အထဲသို့ တိုးဝှေ့ကာ ဝင်ရောက်လာသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်မှာ ပေထောင်ပေါင်းများစွာ ရှည်လျားကာ အလွန်အင်မတန်မှ ကြီးမားနေ၏။ ၎င်း၏ ဦးခေါင်းခွံမှ ၎င်း၏ ခန္ဓာကိုယ်ထက် သိသိသာသာ ပိုကြီးနေသောကြောင့် ၎င်းမှာ စပါးအုံးမြွေတစ်ကောင်ထက် ဖားတစ်ပိုင်းငါးတစ်ပိုင်းတစ်ကောင်နှင့် ပို၍ ဆင်တူနေတော့သည်။

၎င်းမှာ မန္တန်အစီအရင်ကြီးထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ကြီးအား ပြန်၍ပိတ်လိုက်၏။ ထို့နောက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သော ခုန်းတောက်မှာ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ချက်ချင်းပင် လှုပ်ရှားလိုက်၏။

ထိုအခါ ခုန်းတောက်၏ ပတ်ပတ်လည်တွင် ရှိနေကြသော အာနာပါနအဆင့် ကျင့်ကြံသူများနှင့် အခြေတည်အဆင့် ကျင့်ကြံသူများမှာ သူတို့၏ ဓမ္မအဆောင်များကို ထုတ်ယူလိုက်ကြ၏။ ထို့နောက် မန္တန်များမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ တစ်ပြိုင်နက်တည်း ထိုးတက်သွားကြတော့သည်။ ၎င်းတို့မှာ စပါးအုံးမြွေကြီးဆီသို့ ဦးတည်သွားကြစဥ်တွင် စစ်တပ်မှ အမြုတေအဆင့် ကျင့်ကြံသူသုံးယောက်သာမက တာအိုကျောင်းလေးကျောင်းနှင့် လသုံးစင်း မဟာမိတ်အဖွဲ့မှ အမြုတေအဆင့် ကျင့်ကြံသူများမှာလည်း စပါးအုံးမြွေကြီးဆီသို့ ပြေးလာကြတော့သည်။ သူတို့အားလုံးမှာ စုစုပေါင်း ဆယ်ယောက်ခန့် ရှိနေ၏။

လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့မှာလည်း လှုပ်ရှားလိုက်ကြပြန်သည်။ လင်းတျန်ဟောက်၏ ဦးဆောင်မှုအောက်တွင် အရာ အားလုံး ပြင်ဆင်ထားပြီးသားဖြစ်သော တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများမှာ ရှေ့သို့ပြေးထွက်လာကြတော့သည်။ သူတို့မှာ အသံကုန် အော်ဟစ်မြည်တမ်းနေကြသဖြင့် မိုးခြိမ်းသံများ ပဲ့တင်ထပ်နေသကဲ့သို့ သို့မဟုတ် မြားအလက်ပေါင်း သန်းပေါင်းများစွာကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသကဲ့သို့ ဖြစ်နေတော့သည်။

အထူးသဖြင့် လသုံးစင်းမဟာမိတ်အဖွဲ့၏ သခင်လေးဖြစ်သော ကျင့်သိုမင်မှာဆိုလျှင် သတ်ဖြတ်နိုင်စွမ်းအပြည့်ရှိသည့် ဓမ္မအဆောင်များကို ကိုင်ထား၏။ သူ၏ သက်တော်စောင့်များမှာလည်း ထိုနည်းတူပင်။ ယခုတွင် သူတို့အားလုံးမှာ ရှိသမျှလက်နက်အားလုံးကို ထုတ်သုံးနေကြသောကြောင့် ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြတော့သည်။

ကျင့်သိုမင်မှာ သူ၏ ခံတပ်ကြီးကိုပင်် ထိန်းချုပ်ကာ လေပေါ်သို့ ပျံတက်သွားစေလိုက်၏။ ထို့နောက် သူသည် ၎င်း၏ တန်ဖိုးနှင့် ၎င်းအား တည်ဆောက်ရန်လိုအပ်သည့် ဝိညာဉ်ကျောက်တုံးအရေအတွက်ကို ဂရုစိုက်မနေတော့ဘဲ ၎င်းအား စပါးအုံးမြွေကြီးဆီသို့ ပစ်လွှတ်လိုက်၏။ ကျင့်သိုမင်အတွက်မူ မြို့တော်အသစ်၏ ဘေးကင်းလုံခြုံမှုအား ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ အရေးအကြီးဆုံးဖြစ်နေပြီဖြစ်သည်။ သူသည် လေ့လာရေးစက်ရုံတစ်ခု တည်ဆောက်ရန် ခွင့်ပြုချက်ရရှိထားပြီးသား မဟုတ်ပါလော။ သူသည် ၎င်းအား ဆောက်လုပ်ရန် လိုအပ်သည့်အရာအားလုံးကို ပြင်ဆင်ထားပြီးဖြစ်ရာ ဤ စပါးအုံးမြွေကြီး ပေါ်ပေါက်လာမှုကြောင့် သူ၏ကြိုးစားအားထုတ်မှုများ သဲထဲရေသွန်ဖြစ်သွားရမည့် အဖြစ်ကို လက်ခံနိုင်မည်မဟုတ်ပေ။

” ဒီ သားရဲကြီးကို သတ်ပစ်ကြစမ်း ” ကျင့်သိုမင်၏ မျက်လုံးများမှာ ရဲရဲနီနေပြီဖြစ်သည်။ သူသည် ထိုကဲ့သို့ အော်ဟစ်ကာ အံကြိတ်လိုက်ပြီး သူ၏ခံတပ်ကြီးအား ထိန်းချုပ်လိုက်၏။ ထို့နောက် သူသည် ၎င်းအား အသုံးပြု၍ တိုက်ခိုက်လိုက်သောအခါ ထိုခံတပ်ကြီးမှာ စပါးအုံးမြွေကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားပြီး ၎င်းအား ဝင်တိုက်ပစ်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset