Switch Mode

အခန်း ( ၂၂၆ )

ဘာမှစိတ်မပူပါနဲ့

စုန့်ကျင်းဝမ်က အလယ်တောင်ထိပ်၏ လက်ချောင်းအထက်ပိုင်းဆီသို့ ပြန်သွားပြီး ဒေါသထွက်နေသည့် မျက်နှာဖြင့် သူမ၏ သွေးကန်ပေါ်မှ ဖြတ်ပျံကာ အင်မော်တယ်ဂူထဲသို့ ဝင်သွားလေသည်။ တံခါးမှာ ပုံမှန်အတိုင်း မပွင့်သေးခင်တွင်ပင် သူမက ခပ်ပြင်းပြင်း ဆောင့်ကန်လိုက်တော့သည်။

အုန်းခနဲ အသံကျယ်ကြီးတစ်သံထွက်လာပြီး တံခါးကြီးမှာ တုန်ခါသွားကာ အက်ကွဲကြောင်းများထလာတော့သည်။

” အသုံးမကျတဲ့ ညမုဆိုး။ သူ့ကိုယ်သူ ရင့်ကျက်နေပြီများ မှတ်နေလားမသိဘူး။ ငါနဲ့အတူ အိမ်ပြန်လိုက်မလာနိုင်ဘူးလို့ သူ မလို့ ပြောရဲတယ်။” သူမက တံခါးကို ထပ်၍ ကန်ကျောက်လိုက်သဖြင့် အပိုင်းပိုင်းကွဲသွားသောအခါ အင်မော်တယ်ဂူထဲသို့ ပြေးဝင်သွားတော့သည်။

အပြင်ဘက်ရှိ အစောင့်လေးယောက်မှာ တုန်လှုပ်နေကြတော့သည်။ မဟာအကြီးအကဲကြီး ဤမျှလောက် ဒေါသထွက်နေသည်ကို သူတို့က တစ်ခါမှ မမြင်ဖူးပေ။ သူမ၏ တံခါးကိုပင် ဖျက်စီးကာ ဂူထဲသို့ ဝင်သွားသည် မဟုတ်ပါလော။

မကြာမီ စုန့်ကျင်းဝမ်က အထဲမှနေ၍ ပစ္စည်းပေါင်းစုံကို ကိုင်ပေါက်လိုက်၊ နံရံနှင့်ပစ်ဆောင့်လိုက်လုပ်နေသဖြင့် တဒုန်းဒုန်းမြည်သံများ ထွက်လာပြန်တော့သည်။ သို့သော်လည်း သူမ၏ ဒေါသမှာ တစ်စိတ်တစ်ပိုင်းမျှသာ ပြေသေးသည်။ သူမတွင်ရှိမှန်း သူမကိုယ်တိုင်ပင် နားမလည်နိုင်သော ခါးသီးသောအမူအရာနှင့် သူမက ထိုင်ချလိုက်လေသည်။

” ငပိန်းကောင် ညမုဆိုး။ ငါကတော့ မင်းကို လူတွေမမုန်းအောင်လို့ အလယ်တောင်ထိပ်က လမ်းတွေကို တံမြက်စည်းလှည်းခိုင်း၊ အင်မော်တယ်ဂူတွေကို ပြင်ဆင်ခိုင်း လိုက်ရတာ။ မင်းလုပ်ခဲ့တဲ့အရာကို ကြည့်အုံး။ လူတိုင်းက မနာလိုစရာတွေချည်းပဲ။ အမှိုက်ပုံးတွေကိုဆေးခိုင်းတာ နည်းနည်းလွန်တယ်ပဲထား။ မင်းသာ ငါ့ဆီလာတောင်းပန်လိုက်ရင် ငါက ခွင့်လွှတ်မှာပေါ့။” စုန့်ကျင်းဝမ်က ပြောရင်းပင် ပိုမို ဒေါသထွက်နေတော့သည်။

” ဒါပေမဲ့ မင်းက အပြင်ကလူတွေနဲ့ သွားပေါင်းတယ်။ မင်းထွက်ပြေးသွားတာ ယုံတောင်မယုံနိုင်ဘူး။ ပြန်မလာဘူးလို့ မင်းကိုယ်တိုင်ပြောတာနော်။ ရတယ်လေ။ တစ်သက်လုံးပြန်မလာနဲ့တော့။ ” သူမက အနီးအနားရှိ ယမကာထည့်ထားသည့် ကရားအိုးကို ကိုင်ကာ မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်လေတော့သည်။

အပြင်ဘက်ရှိ အစောင့်များမှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်ရင်း အနေရခက်နေတော့သည်။ ထို့နောက် သူတို့က သူတို့၏ ခြေထောက်ကို ပြန်ငုံ့ကြည့်ကာ မည်သည့်အရာမှ မကြားမိလိုက်သည့်အလား ဟန်ဆောင်နေလိုက်တော့သည်။

ထိုအချိန်တွင် ရုပ်အလောင်းတောင်၏ သွေးသခင်ဘုံကျောင်းထဲတွင်မူ ပိုင်ရှောင်ချန်းက ဒေါသတထောင်းထောင်းထကာ ထိုင်နေတော့သည်။ သူ၏အတွေးထဲတွင် စုန့်ကျင်းဝမ်က နှိပ်စက်နေခြင်းဟုသာ မြင်နေသည်။ သူ့ကို ထိုအရာများလုပ်ခိုင်းစေရန် သူမတွင် မည်သို့သော အခွင့်အရေးရှိပါသနည်း။ အခြားလူများအတွက် သူဆေးဖော်သည့်ကိစ္စတွင် သူမက ဦးဆောင်သူ တစ်ယောက်ဖြစ်နေသည်လော။

” အဲ့ဘွားတော်ရဲ့ စိတ်ထားကတော့ လက်လန်စရာပဲ။” သူက တစ်ယောက်ထဲ ကြုံးဝါးနေတော့သည်။

သွေးသခင် ဖုန်ရာ ကမူ ထူးဆန်းသည့် မပြုံးချင်ပြုံးချင်အမူအရာဖြင့် သူ၏ရှေ့တွင် ထိုင်နေတော့သည်။ မဟာအဆင့်အကြီးအကဲကြီးမှာလည်း ထိုအမူအရာနှင့်ပင် သူတို့၏ အနီးတွင်ထိုင်နေတော့သည်။ သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ ယခုတွင်မူ ညမုဆိုး နှင့် စုန့်ကျင်းဝမ်ကြားတွင် တစ်ခုခုဖြစ်နေကြောင်း သူတို့က ရိပ်မိနေပြီဖြစ်သည်။

” အသက်ပြင်းပြင်းရှူလိုက် ညီလေး ညမုဆိုး ရေ။ ” သွေးသခင် ဖုန်ရာက ပြုံးရင်းဆိုလိုက်လေသည်။
” ဆေးဖော်စပ်တဲ့အကြောင်း ဆွေးနွေး ရအောင်လေကွာ”

ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်လေသည်။ ဤအကြိမ်မှာ ဖုန်ရာ ကို သူပထမဆုံး ကြည့်ဖူးသည့် အကြိမ်ဖြစ်သည်။ သူ့ကို ခေတ္တမျှ အကဲခတ်လိုက်ပြီးသောအခါ ပိုင်ရှောင်ချန်းက ခေါင်းညိတ်လိုက်လေသည်။

သူက နာမည်ကျော်ကြားနေသည့်အတွက် အနည်းငယ်ပို၍ မောက်မောက်မာမာနေသင့်ကြောင်း သူက တွေးလိုက်လေသည်။

” အရေးကြီးတာ အရင်ပြောထားမယ်။ ကျုပ်ဆေးဖော်စပ်နေတုံး ဆိုးဆိုးရွားရွားတစ်ခုဖြစ်ခဲ့ရင် ခင်ဗျားတို့ တာဝန်ယူပေးရမှာနော် ” သူက မေးငေါ့ကာ ဆိုလိုက်လေသည်။

” ဘာကိုမှ မပူပါနဲ့။ “ဖုန်ရာ က ပြုံးရင်းဆိုကာ ပိုင်ရှောင်ချန်းကို ထည့်စရာအိတ်တစ်လုံး ပေးလိုက်လေသည်။ ပိုင်ရှောင်ချန်း၏ မောက်မာမှုကို သူက စိတ်မဆိုးရုံသာမကပဲ ထိုအမူအရာကို လက်ပင်ခံနေတော့သည်။ သူ ဂရုစိုက်သည့် တစ်ခုထဲသောအရာမှာ အဆင့်လေး ဝိညာဥ်ဆေးများသာ ဖြစ်သည်။ ညမုဆိုး က ထိုဆေးများကို ဖော်စပ်နိုင်နေသ၍ သူ၏ သန့်စင်ထားသည့် ရုပ်အလောင်းများမှာ ပို၍ပင် စွမ်းအားကြီးမားလာမည်သာ ဖြစ်သည်။

မဟာအဆင့်အကြီးအကဲကြီးကမူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ဆိုလိုက်လေသည် ။
” လာလာ။ လူလေးညမုဆိုး ရေ။ မင်းအတွက် ပြင်ဆင်ထားတဲ့ အင်မော်တယ်ဂူကို လိုက်ပြမယ်။ တစ်ခုခုလိုအပ်တာရှိလည်း ပြောကွာ။”

ထိုသို့ဖြင့် မဟာအဆင့်အကြီးအကဲက သွေးသခင်ကို တစ်ချက်ကြည့်ကာ ပိုင်ရှောင်ချန်းကို သွေးသခင်ဘုံကျောင်းထဲမှ ခေါ်ထုတ်သွားတော့သည်။

ရုပ်အလောင်းတောင်မှာ ပိုင်ရှောင်ချန်းကို အရေးပါသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်ဖြစ်၍ သူ့အတွက် လက်ချောင်း အောက်ပိုင်းနှင့် အထက်ပိုင်း ကြားအလယ်ရှိ ထူးခြားနေရာတစ်ခုကို စီစဥ်ပေးထားသည်။ ထိုနေရာမှာ အခြားကျင့်ကြံသူများ မရှိသည့် ကျယ်ဝန်းသည့် နေရာတစ်ခုဖြစ်သည်။

ပိုင်ရှောင်ချန်း ဆေးဖော်စပ်ရန် ရောက်လာသည့်သတင်းမှာ ရုပ်အလောင်းတောင်ပေါ်တွင် ပျံ့နှံ့ပြီးဖြစ်နေတော့သည်။ ထိုသတင်းကိုကြားသောအခါ ရုပ်အလောင်းတောင်ရှိ ကျင့်ကြံသူများစွာမှာ ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြတော့သည်။ အလယ်တောင်ထိပ်၏ ဆိုးရွားဖွယ်ကံကြမ္မာအကြောင်းကို တွေးမိသွားသောအခါ သူတို့က ယခင်ကထက်ပို၍ နိုးနိုးကြားကြားနေရန် ဆုံးဖြတ်လိုက်ကြတော့သည်။

” သွေးသခင်နဲ့ မဟာအဆင့်အကြီးအကဲ ကိုယ်တိုင်က ညမုဆိုး ကို ဆေးဖော်စပ်ဖို့ ဖိတ်ထားတာလို့ ငါကြားတာပဲ။ သေချာပေါက် ငါတို့ ဂရုစိုက်မှရမယ်။”

“ညမုဆိုး ကို ဝမ်းလျှောမိစ္ဆာလို့လည်း ခေါ်ကြတယ်နော်။ သူဆေးဖော်စပ်တဲ့ ကြောက်မက်ဖွယ်နည်းလမ်းတွေက အလယ်တောင်ထိပ်မှာတော့ ပြောမဆုံးပဲတဲ့။”

ထိုသတင်းများမှာ ပုံကြီးချဲ့ထားသည့် ပုံပြင်များသာ ဖြစ်ကြောင်းတွေးကာ ထိုကိစ္စကို အာရုံသိပ်မစိုက်ကြသည့် ကျင့်ကြံသူ အချို့လည်းရှိသည်။

” ဆေးဖော်စပ်တာကို ဘယ်သူကများ ဂရုစိုက်လို့လဲ။ ငါတို့ကို အဲ့လောက်ကြီး တကယ် ထိခိုက်စေနိုင်လို့လား။ ဝမ်းလျှောတဲ့ကိစ္စကြီးက သူတို့ ပေါ့ဆလို့ ဖြစ်တာနေမှာပါကွာ။ ငါတို့ သေချာဂရုစိုက်နေသ၍ ဆိုးဆိုးရွားရွားကြီးတွေတော့ မဖြစ်လောက်ပါဘူး။”

“ဟွန်း။ ညမုဆိုး ဆေးဖော်တဲ့အခါ ဘယ်လိုမျိုး ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကို ကွဲအက်စေတဲ့ အရာတွေ ဖြစ်သလဲဆိုတာ ကြည့်ကြတာပေါ့ကွာ။”

ရုပ်အလောင်းတောင်၏ တုံ့ပြန်မှုများမှာ မျိုးစုံဖြစ်နေသော်လည်း သွေးသခင်နှင့် မဟာအဆင့်အကြီးအကဲတို့ကမူ ပိုင်ရှောင်ချန်း ဆေးဖော်စပ်မည့် ဂူ၏ ဘေးပတ်ပတ်လည်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်လေသည်။ မည်သူမှ အနီးအနားသို့ သွားနိုင်မည် မဟုတ်။

ပိုင်ရှောင်ချန်းမှာ သူ့အတွက်ပြင်ဆင်ပေး ထားသည့်အရာများကို ကျေနပ်နေပြီး အင်မော်တယ်ဂူကို အထူးနှစ်ခြိုက်နေသည်။ မဟာအဆင့်အကြီးအကဲ ထွက်ခွာသွားသောအခါ တင်ပျဥ်ခွေထိုင်နေသည့် ထူးဆန်းသော အစိမ်းရောင်ဆံပင်နှင့် ရုပ်အလောင်းကြီးရှေ့တွင် သူက တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ၎င်း၏ ဆံပင်မှာ ယခင်ကကဲ့သို့ အရှည်ကြီးမဟုတ်တော့ချေ။ သို့သော်လည်း အစွယ်များကမူ ဓားမြှောင် ကဲ့သို့ ချွန်ထက်နေဆဲဖြစ်ပြီး အရေပြားထဲမှ ဖောက်ထွက်နေသည့် အရိုးများလည်း ရှိနေသေးသည်။ ရှည်လျားကာ ကြမ်းကြုတ်သည့် လက်သည်းများလည်းရှိပြီး ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေတော့သည်။

၎င်းမှာ ပိုင်ရှောင်ချန်း၏ မြစိမ်းရောင် ဖုတ်ကောင်ကြီးပင် ဖြစ်သည်။

သူဖန်တီးခဲ့စဥ်ကထက် ဤဖုတ်ကောင်ကြီးက များစွာပို၍ စွမ်းအားကြီးနေသည်မှာ အရှင်းအလင်းမြင်နိုင်ပေသည်။ ၎င်း၏ အရေခွံမှာ ပို၍မာကျောလာပြီး ၎င်းတစ်ကိုယ်လုံးမှာ ပို၍ပင် ထွားကြိုင်းလာကာ ခွန်အားကြီးမားလာသည်။

၎င်းတွင် မျက်လုံးအစိမ်းရောင်များရှိပြီး အသိဉာဏ်ရှိသည်ဟုထင်မှတ်ရလောက်အောင်ပင် ထူးဆန်းသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြန်သည်။

ထိုဖုတ်ကောင်ကြီးကို ကြည့်ရုံနှင့်ပင် ပိုင်ရှောင်ချန်းမှာ ကြက်သီးမွေးညင်းများထောင်လာတော့သည်။ သူကိုယ်တိုင် ဤ မြစိမ်းရောင်ဖုတ်ကောင်ကြီးကို ဖန်တီးခဲ့သည် ဖြစ်ပါသော်လည်း သူက ယခုထိတိုင် ကြောက်ရွံ့နေဆဲပင်။

” ချစ်စရာ တစ်စက်လေးမှကို မကောင်းဘူး….” သူက ပြူးကြည့်ကာ ရေရွတ်လိုက်လေသည်။
” အဲ့အစွယ်တွေနဲ့ လက်သည်းတွေကို ဖယ်ပြီး ဆံပင်ကိုပါ နည်းနည်းလေး တိုပေးမှရမယ်။” ထိုစကားများ သူ၏ ပါးစပ်ထဲမှ ထွက်သွားသောအခါ မြစိမ်းရောင် ဖုတ်ကောင်ကြီးက တုန်ရီသွားလေသည်။ ၎င်း၏ အစွယ်၊ လက်သည်းနှင့် အရိုးဆစ်များမှာ ပျောက်ကွယ်သွားတော့သည်။ ဆံပင်များမှာလည်း မမြင်ရလောက်သည်အထိ ကျုံ့ဝင်သွားတော့သည်။

၎င်း၏ သတ်ဖြတ်လိုသော အငွေ့အသက်မှာလည်း အနည်းငယ် လျော့ကျသွားသည်။ အစိမ်းရောင် ဖြစ်နေသေးသော်လည်း ပုံမှန်ဖုတ်ကောင်နှင့် ပို၍တူသွားပြီဖြစ်သည်။ အနည်းငယ်ကြာသောအခါ ၎င်းက လေးလေးကန်ကန် အမူအရာဖြင့် ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။

” ကောင်းသွားပြီ။” ပိုင်ရှောင်ချန်းက ကျေနပ်သွားတော့သည်။ အင်မော်တယ်ဂူအပြင်ဘက်ကို နောက်ဆုံးတစ်ခေါက် လှမ်းကြည့်လိုက်ကာ သွေးသခင် သူ့ကိုပေးခဲ့သည့် ဆေးပင်များစွာဖြင့် ပြည့်နှက်နေသော အိတ်ကို ဖွင့်လိုက်လေသည်။ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးပေးခဲ့သလောက် မများပါသော်လည်း တန်ဖိုးအရာတွင်မူ အတူတူပင်ဖြစ်သည်။ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးပေးခဲ့သည့်အပင်များထက် ပို၍ အရည်အသွေးကောင်းကာ တန်ဖိုးကြီးမားသည့် အပင်အချို့ပင် ပါလေသည်။

” ကြည့်ရတာ ရုပ်အလောင်းတောင်ရဲ့ သွေးသခင်က ပစ္စည်းတော်တော်များများကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ ” အိတ်ထဲတွင် သွေးမီးတောက် ကျောက်တုံးများစွာနှင့် ဆေးပေါင်းဖိုများစွာပါပြီး သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ဆေးလုံး ဖော်စပ်နည်းပါသည့် ကျောက်စိမ်းပေလွှာတစ်ခုလည်း ပါသည်။

ပိုင်ရှောင်ချန်းက ဆေးဖော်စပ်နည်းကို ယူလိုက်ပြီး လေ့လာလိုက်တော့သည်။ မကြာမီ သူ မျက်လုံးပြူးသွားရတော့သည်။ ဆေးဖော်စပ်နည်းမှာ နားလည်ရန် သိပ်မလွယ်ကူသည့်အပြင် အချို့နေရာမှ ရှင်းလင်းချက်များဆိုလျှင် မပြည့်မစုံဖြစ်နေသည်။ အဆင့်လေး ဝိညာဥ်ဆေးဖော်စပ်ရန် လိုအပ်သည့် စစ်မှန်သော အသိပညာ ဗဟုသုတမရှိသေးသ၍ ထိုဖော်စပ်နည်းကို နားလည်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။

ထိုသို့ ကျွမ်းကျင်နေသည့်တိုင်အောင် ဆေးဖော်စပ်နည်းမှာ ခက်ခဲနေအုံးမည်ဖြစ်သည်။ သို့သော်လည်း ကံကောင်းစွာပင် ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာ ကျွမ်းကျင်မှုမှာ အဆင့်ငါး ဝိညာဥ်ဆေးဖော်စပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူက ဆေးဖော်စပ်နည်းကို အသေးစိတ် လေ့လာပြီးသွားသောအခါ နားလည်စပြုလာတော့သည်။ အဆုံးတွင် သူက အသက်ပြင်းပြင်းရှူလိုက်လေသည်။

” ဒီ သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ဆေးလုံးက ရုပ်အလောင်းတွေကို ဆေးပေါင်းဖိုအဖြစ် သုံးပြီး ရုပ်အလောင်းဆေးလုံးတွေ ချက်တာပဲကွ။ ရုပ်အလောင်း လေးဆယ့်ကိုးခုကို အခြောက်ခံပြီး ရုပ်အလောင်းဆေးလုံးအသွင်ပြောင်းရမယ်။ ပြီးတော့ အဲ့ ဆေးလုံးလေးဆယ့်ကိုးလုံးကို အတူတူ ပေါင်းစပ်ပြီး သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ဆေးလုံး ဖြစ်အောင် လုပ်ရမှာပဲ။”

” ဒီဆေးလုံးက သက်ရှိတွေ စားရတဲ့ဆေးမဟုတ်ဘူးပဲ။ သန့်စင်ထားတဲ့ ရုပ်အလောင်းကို ကျွေးရတာကွ။ ဒီဆေးလုံးနဲ့ဆို ဖုတ်ကောင်နက်ကို အမြုတေအဆင့်ရှိတဲ့ ဖုတ်ကောင်ပျံ အဆင့်ထိရောက်အောင် မြှင့်တင်လို့ရတာပါလားဟ။ ” သူက ဆေးဖော်စပ်နည်းကိုကြည့်ရင်း မျက်ဝန်းထဲတွင် ထူးဆန်းသော အလင်းရောင်များမှာ တလက်လက်တောက်ပနေတော့သည်။

” ဒါက အဆင့်လေး ဝိညာဥ်ဆေးမဟုတ်ဘူးပဲ။ တာအိုဆေးပညာကို တဖတ်ကမ်းခတ်ကျွမ်းကျင်နေတဲ့ လူက အတိုင်းအတာတစ်ခုအထိ ရိုးရှင်းအောင်လုပ်ပေးထားတဲ့ အဆင့်ခြောက် ဝိညာဥ်ဆေးနဲ့တောင် ပိုတူနေသေးတယ်။ သေးငယ်တဲ့ လုပ်ငန်းစဥ် လေးဆယ့်ကိုးခုတိတိ ခွဲခြမ်းပြီးတော့မှ အဆင့်လေးမှာရှိတဲ့ သမားတော်က အောင်အောင်မြင်မြင်ဖော်စပ်နိုင်မှာပဲ။”

” ဒီလိုမျိုး ရိုးရှင်းအောင် လုပ်ထားတဲ့ ဝိညာဥ်ဆေးက မူလဆေးထက်တော့ အများကြီး အစွမ်းနည်းပြီး အောင်မြင်မှုနှုန်းလည်း နည်းနည်းလောက်ပဲရှိမှာ။ ဒါပေမဲ့ အခြားအတတ်တွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ အောင်မြင်မှုနှုန်းက နည်းနည်း ပိုမြင့်သွားနိုင်ပါတယ်။”

” အဲ့တာဆို ဝိညာဥ်ဆေးတွေကို ဒီလိုနည်းနဲ့ရော ဖော်စပ်လို့ ရတယ်တဲ့လား။” ပိုင်ရှောင်ချန်းက မယုံကြည်နိုင်လောက်အောင် ဖြစ်နေသဖြင့် ဆေးဖော်စပ်နည်းကို ဆက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ့်သူရေရွတ်ရင်း တစ်ခါတရံတွင် မြစိမ်းရောင် ဖုတ်ကောင်ကြီးကို မော့မော့ကြည့်နေတော့သည်။

ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲကြီး၏ နှစ်ပေါင်းများစွာ သန့်စင်မှုများအပြီးတွင် မြစိမ်းရောင်ဖုတ်ကောင်ကြီးမှာ ချီစုစည်းမှုစက်ဝန်းအဆင့်နှင့်ညီမျှသည့် စွမ်းအားရှိနေပြီဖြစ်သည်။ ၎င်းသာ ဖောက်ထွက်နိုင်ပါက အခြေခိုင်မာခြင်းအဆင့်နှင့် တူညီသည့် ဖုတ်ကောင်နက်တစ်ကောင် ဖြစ်လာမည်ဖြစ်သည်။

” ဒီလို ဝိညာဥ်ဆေးမျိုးကို သွေးသခင်တစ်ယောက်ကို ပေးရတာ ဖြုန်းတီးရာကျတာပေါ့။ ငါ့ဟာငါဖော်စပ်ပြီး ငါ့ကိုယ်ပိုင်ဖုတ်ကောင်ကို သုံးတာမှ ပိုကောင်းသေးတယ်။ ဒါပေမဲ့ အဲ့တာဆို ငါက ရုပ်အလောင်းတောင်ကို ဘယ်လိုရှင်းပြရမှာလဲ။ အဲ့ကျရင် ဖြစ်လာမဲ့ အဖြစ်အပျက်ဆိုးတွေကို မှန်းကြည့်ရုံနဲ့တင် ကြက်သီးပါထတယ်။” သူက မေးစေ့ကို ပွတ်ရင်း ဆေးဖော်စပ်နည်းကိုကြည့်နေတော့သည်။ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက စမ်းသပ်မှုများကို ဆက်လက် ဆောင်ရွက်နေတော့သည်။

အချိန်များ ကုန်ဆုံးသွားသည်။ လတစ်ဝက်ကြာသောအခါ ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများပင် မမှန်တော့ပဲ ရုတ်တရက် မော့ကြည့်လိုက်သည်။ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ကြောက်မက်ဖွယ် ရယ်မောနေတော့သည်။

” ပထမအဆင့်တွေကို ဒီတိုင်းထားပြီး နောက်ဆုံးအဆင့်ရောက်မှ နည်းနည်းလေး ပြောင်းလဲမှုတွေ လုပ်လိုက်ရင် ပုံစံတူ သွေးရုပ်အလောင်းသန့်စင်ဆေးလုံးကို ဖန်တီးနိုင်လောက်တယ်ဟေ့။”

” ရုပ်အလောင်း လေးဆယ့်ကိုးခုကို ဆေးလုံးအသွင် ရောက်အောင် သန့်စင်ပြီးရင် ငါ့ရဲ့ မြစိမ်းရောင် ဖုတ်ကောင်ကို ဧရာမ ဆေးအမြုတေအိုးတစ်လုံးအဖြစ်သုံးပြီး အဆုံးရောက်ရင် သူ့ရဲ့ သွေးစီးဆင်းမှုကို ပြောင်းပြန်ဖြစ်အောင် လုပ်ပေးလိုက်ရုံပဲ။ ဆေးလုံးကို ဖော်စပ်ပြီးသွားရင် နောက်ထပ် ပုံစံတူ ဒုတိယဆေးလုံးပါ ထွက်လာမှာပဲ။ အဲ့ဆင်တူဆေးလုံးကို သွေးသခင်ကိုပေးလိုက်လို့ သူက အဲ့ဆေးလုံးကို သုံးလိုက်ပြီး သူ့ရဲ့ဖုတ်ကောင်ကို အောင်အောင်မြင်မြင်သန့်စင်နိုင်လို့ အဲ့ဖုတ်ကောင်က ဖောက်ထွက်နိုင်သွားရင် ငါ့ရဲ့ မြစိမ်းရောင်ဖုတ်ကောင်က အဲ့ဖုတ်ကောင်ကိုပါ ထိန်းချုပ်နိုင်မှာပဲ။”

ပိုင်ရှောင်ချန်းမှာ သူ၏ပေါင်ကို ရိုက်ကာ ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။ ရှုတ်ပွနေသည့် ဆံပင်များနှင့် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူက ဤဆေးဖော်စပ်နည်းကို စမ်းသပ်ရန် စိတ်အားထက်သန်နေတော့သည်။ ဘေးဘီဝဲယာကိုကြည့်လိုက်ပြီးနောက် သူက ခပ်နှိမ်နှိမ်လေသံဖြင့် ရယ်လိုက်တော့သည်။

” အဲ့တာဆို ဒီအပိုင်းက အစမ်းပဲပေါ့ ဟုတ်လား။ သွေးပြောင်းပြန်ရုပ်အလောင်းသန့်စင်ဆေးလုံး ကို ဆေးပေါင်းဖိုနဲ့တောင် ဖန်တီးလို့မရဘူးပေါ့။ ” အနည်းငယ်တွေးတောပြီးနောက် သူကဤ ဆေးဖော်စပ်နည်းမှာ စမ်းသပ်ရုံတစ်ခုသာဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူက ဤဆေးဖော်စပ်နည်းကို နားမလည်ပါက ဖော်စပ်နိုင်မည် မဟုတ်ပေ။

သေသေချာချာ နားလည်ပြီးမှသာ ဖော်စပ်နိုင်မည်ဖြစ်သည်။

သူက မတ်တတ်ထရပ်လိုက်ပြီး ရုပ်အလောင်းတောင်၏ မဟာအကြီးအကဲကို လှမ်းခေါ်လိုက်သည်။ သူရောက်လာသောအခါ ပိုင်ရှောင်ချန်းက ရုပ်အလောင်း လေးဆယ့်ကိုးခုနှင့် သွေးမီးတောက်ကျောက်တုံးများ လိုအပ်ကြောင်း ပြောလိုက်လေသည်။ မဟာအကြီးအကဲ ကမူ အံ့သြဟန်မပေါ်ပဲ စိတ်လှုပ်ရှားစွာ ရယ်မော လိုက်လေသည်။ သူက လျင်မြန်စွာပင် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ချောင်းကို အင်မော်တယ်ဂူသို့ထိုးကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ တဂျုန်းဂျုန်းအသံများထွက်လာပြီး လမ်းတစ်လမ်းပေါ်လာတော့သည်။

ထိုလမ်းမှာ မြေအောက်ရှိ သင်္ချိုင်းဂူတစ်ဂူသို့ ပေါက်သည့် လမ်းတစ်လမ်းဖြစ်သည်။

သင်္ချိုင်းဂူအတွင်းတွင် သွေးကန်တစ်ကန်ရှိပြီး ထိုကန်ပတ်လည်တွင် ဖုတ်ကောင် လေးဆယ့်ကိုးကောင်က ဝန်းရံနေပြီး သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည်။

ပိုင်ရှောင်ချန်းက လက်နှစ်ဖက်နောက်ပစ်ကာ ဝေ့ကြည့်လိုက်ပြီး မေးငေါ့ကာ မကျေနပ်သည့် အမူအရာဖမ်းလိုက်လေသည်။

မဟာအဆင့် အကြီးအကဲက ရိုသေစွာ လက်စုပ်ကာ ဆိုလိုက်လေသည်။
” လူလေး ညမုဆိုး ရေ။ ဒီနေရာက ဆေးဖော်ဖို့ တကယ် မှန်ကန်တဲ့နေရာပါကွ။”

ဤအချိန်တွင် သူက ပိုင်ရှောင်ချန်း၏ တာအို ဆေးပညာ ကျွမ်းကျင်မှုကို ယုံကြည်နေပြီဖြစ်သည်။ သွေးသခင်က တူညီသော ဆေးဖော်စပ်နည်းကို အခြား သမားတော်များစွာကို ပေးခဲ့သော်လည်း မည်သူမှ သေချာနားမလည်ခဲ့ပေ။ သူနှင့် မဟာအကြီးအကဲက ရှေးဟောင်း မှတ်တမ်းများကို ကြည့်ရှုခွင့်ရှိသည့်အတွက်သာ ဆေးဖော်စပ်နည်းအမှန်ကို သိနေရခြင်းဖြစ်သည်။

သို့သော်လည်း ညမုဆိုး မှာ လဝက်နှင့်ပင် အရေးကြီးသော အချက်များကို သိရှိသွားပြီဖြစ်သည်။ မဟာအဆင့် အကြီးအကဲကြီးက အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။ ပိုင်ရှောင်ချန်း မပျော်မရွှင်ဖြစ်နေသည်ကိုမြင်၍ သူက ရို့ကျိုးစွာ လက်စုပ်လိုက်ပြန်သည်။ သေချာရှင်းပြ ပြီးနောက် သူက ဆေးပင်များစွာထပ် ပေးလိုက်သောအခါတွင်မှ ပိုင်ရှောင်ချန်း၏ တင်းမာနေသည့် အမူအရာမှာ အနည်းငယ် လျော့ကျသွားတော့သည်။

” ကျေးဇူးပြုပြီး ထွက်သွားပေးပါလား။ ” သူက တည်ကြည်စွာ ပြောလိုက်လေသည်။

” ကျုပ်ခွင့်ပြုချက်မရပဲ ဘယ်သူမှ မဝင်စေပါနဲ့။”


Comment

Leave a Reply

Options

not work with dark mode
Reset