Switch Mode

အခန်း ( ၂၂၅ )

ငါနဲ့ အိမ်ပြန်လိုက်ခဲ့ပါ ညမုဆိုး

အမိန့်ပေးလည်ဆွဲသည် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ လက်ဆောင်ဖြစ်ပြီး သူသည် ဂိုဏ်းကို သစ္စာမဖောက်သရွေ့ လုပ်ချင်သည့် အရာအားလုံးနီးပါး လုပ်ခွင့်ရနိုင်မည့် အာမခံချက်တစ်ခုဖြစ်သည်။

သူ လူသတ်ခဲ့လျှင်တောင်မှ အပြစ်ဒဏ်ကင်းလွတ်ခွင့် ရနိုင်ပေသည်။

ကံမကောင်းစွာပင် စုန့်ကျင်းဝမ်နှင့် ပတ်သက်လာလျှင် ထိုလည်ဆွဲမှာ အသုံးမဝင်ပေ။ သူသည် အခြေခိုင်မာခြင်းအလယ်အဆင့်တွင် ရောက်ရှိနေသည့်တိုင် သူမကဲ့သို့ အမြုတေအဆင့်ရောက်ရှိတော့မည့် ထိပ်တန်းကျင့်ကြံသူ တစ်ယောက်နှင့် မည်သို့မျှ မယှဥ်နိုင်ပေ။ စုန့်ကျင်းဝမ်သည် တိုက်ခိုက်ခြင်းမပြုဘဲ တဒင်္ဂကြာ စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွားေလသည်။

နောက်ပိုင်းရက်များတွင် ညမုဆိုးသည် အဆင့်လေး စိတ်စွမ်းအင်ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်ဟူသော သတင်းသည် သွေးစွမ်းအင်ဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

အမြဲတမ်းလိုလို ဂူပိတ်တရားကျင့်နေတတ်သည့် သွေးအေးလူသတ်သမားများပင်လျှင် ညမုဆိုး၏ သတင်းကို ကြားသိကြလေသည်။ ကျန်သော ခေါင်းဆောင်ကြီးများမှာလည်း အတူတူပင်ဖြစ်သည်။

စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးသည် သူ့ကို အထူး ဂရုစိုက်ဟန်ရှိပြီး သူ့သဘောထားမှာ စုန့်မျိုးနွယ်စု၏ သဘောထားပင် ဖြစ်သည်။ စုန့်မျိုးနွယ်စုသည် သွေးစွမ်းအင်ဂိုဏ်းတွင် အခြေခိုင်မာသည့် အဓိကအင်အားတစ်ခု ဖြစ်သည်။

နောက်ဆုံးတွင် ညမုဆိုးနှင့် သူ၏ ဆေးဖော်စပ်ခြင်း သတင်းများသည် ဂိုဏ်းထဲတွင်သာမက ကျင့်ကြံသူမျိုးနွယ်စုများဆီသို့ ပျံ့နှံ့သွားတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထိပါ စကားပျံ့သွားခဲ့သည်။ ဟိုယွင်ဖေးနှင့် အခြားပိုင်ရှောင်ချန်း၏ သူငယ်ချင်းများသည် အံ့ဩဆွံ့အသွားကြသည်။ အချို့မှာ ပိုင်ရှောင်ချန်းကိုပင် ပြေးမြင်သွားကြသော်လည်း သူတို့နှစ်ယောက်ကို ဆက်စပ်တွေးတောခြင်းမှာ အကျိုးအကြောင်းမဆီလျော်သဖြင့် ထိုကဲ့သို့ အတွေးများကို ဖယ်ရှားလိုက်ကြသည်။

တစ်နည်းအားဖြင့် ညမုဆိုး၏ သတင်းများကြောင့် အခြားဂိုဏ်းများသည် သူ့ကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရှုမြင်ကြတော့သည်။ အချို့က သူ့ကို စုန့်ချွဲနှင့် တစ်ဆင့်တည်း ထားကြသည်။

သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်မူ ထိုကဲ့သို့ မမှတ်ယူကြပေ။ လူအများစုက ညမုဆိုးသည် စုန့်ချွဲထက်ပို၍ အရည်အချင်းရှိသည်ဟု မှတ်ယူထားကြပြီးဖြစ်သည်။ ညမုဆိုးသည် ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်များကို ပိုင်ဆိုင်ရုံသာမက လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ပြီး တမူထူးခြားသော ဆေးဖော်စပ်နည်းများလည်း ရှိလေသည်။ လူအနည်းစုသာ သူ့အနားသို့ ကပ်ရဲကြသည်။

ဝမ်းရောဂါက ကပ်ဘေးသဖွယ် တောင်ထိပ်တစ်ခုလုံး ကူးစက်ပြန့်ပွားသွားသည့် အချက်ကြောင့် မရေမတွက်နိုင်သော လူများ၏နှလုံးသားတွေမှာ ယခင်ကထက်ပို၍ အကြောက်တရားများ ဖိစီးလာခဲ့သည်။

မကြာမီ သူ၏ နာမည်ပြောင်မှာလည်း ညမိစ္ဆာမှ ဝမ်းလျှောမိစ္ဆာဟူ၍ ပြောင်းလဲသွားသည်။ သွေးတစ်စက်မှမကျစေဘဲ လူများကို သုတ်သင်နိုင်သည့် နည်းလမ်းများကို တွေးကြည့်ရုံမျှဖြင့် ကျောရိုးထဲထိစိမ့်တက်နေရသည်။

ပိုင်ရှောင်ချန်းမှာမူ သဘောထားပြောင်းလဲသွားကြခြင်းကို အမှန်တကယ်ပင် နှစ်ခြိုက်လျက်ရှိသည်။ အလယ်တောင်ထိပ်မှ ကျင့်ကြံသူအများစုသည် မည်သည့်အချိန်ပင် ဖြစ်စေ သူ့ကို သေလုမျောပါး ရှောင်ရှားကြလေသည်။

တစ်ယောက်မှ သူ့ကို ရန်မစရဲသည့်အပြင် အချို့မှာ ဝမ်းနည်းကာ ယူကြုံးမရဖြစ်သော်လည်း ပြဿနာကြီးကြီးမားမား မဖြစ်ပေ။

အတွင်းစည်းဂိုဏ်းသားများကမူ သူ့ကို ရက်စက်ခက်ထန်သည့် သားရဲတစ်ကောင်အလား တွေးထင်ကြသည်။ သူ့ကြောင်းတွေးရုံမျှဖြင့် ခြေထောက်များတုန်လာပြီး သူတို့ကြားတွင် ပျံ့နှံ့နေသည့် အကြောင်းများအရ ညမုဆိုးသည် သူဆန္ဒရှိပါက တောင်ထိပ်တစ်ခုလုံးကိုပင် အမြစ်ပြတ်သုတ်သင်မည့်သူမျိုးဖြစ်သည်။

သို့သော် ပိုင်ရှောင်ချန်း၏ ဘဝသည် ရက်အနည်းငယ်သာ ချောမွေ့နေခဲ့သည်။ အလယ်တောင်ထိပ်တွင် မဟာအကြီးအကဲတစ်ယောက်ဖြစ်သော သူမ၏ လုပ်ပိုင်ခွင့်ကို အသုံးချကာ စုန့်ကျင်းဝမ်သည် သူ့အပေါ်တွင် ခိုင်းစေချက်အမိန့်များကို ဆက်တိုက်ပေးလာခဲ့သည်။ အလယ်တောင်ထိပ်ရှိ လမ်းအားလုံးကို တံမြက်စည်းလှည်းခိုင်းခြင်း၊ ပျက်စီးသွားသော အင်မော်တယ်ဂူအားလုံးကို ပြင်ဆင်ခိုင်းခြင်း အပါအဝင် အခြားဆင်တူသည့် အလုပ်များအားလုံးကို လုပ်ခိုင်းလေသည်။ သူမသည် ပိုင်ရှောင်ချန်းကို နည်းလမ်းအမျိုးမျိုးသုံး၍ ခိုင်းစေလေရာ ပိုင်ရှောင်ချန်းမှာ သုန်မှုန်ကာ မျက်ရည်ကျမတတ် ဖြစ်ေနတော့သည်။

” ငါ တစ်ခါလေးပဲ မှားမိတာပါကွာ…” ပိုင်ရှောင်ချန်း ဒေါသထွက်စပြုလာသည်။ အလယ်တောင်ကို တံမြက်စည်းလှည်းအပြီးမှာပင် စုန့်ကျင်းဝမ်ဆီမှ နောက်ထပ်အမိန့်တစ်ခု ရပြန်သည်။ ထိုအမိန့်မှာ အလယ်တောင်ရှိ အမှိုက်ပုံးအားလုံးကို တိုက်ချွတ်ဆေးကြောရမည်ဖြစ်သည်။

“သူ အဲ့လောက် အနိုင်ကျင့်နေတာ ငါမယုံနိုင်ဘူး။ သူကကျ ငါ့ကို အီစီကလီလာလုပ်ပြီး ငါလုပ်တော့ ဘာလို့မရတာလဲ ” ပိုင်ရှောင်ချန်း၏ ဒေါသမှာ တလိပ်လိပ်တက်လာသည်။

ဂိုဏ်းထဲရှိ သူ၏ ရာထူးအဆင့်အရ အမှိုက်ပုံးများကို လိုက်၍ဆေးကြောရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ထိုအချိန်မှာပင် အဝေးမှ အလင်းတန်းတစ်ခုပေါ်လာကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာလေသည်။ မော့ကြည့်လိုက်ရာ ရုပ်အလောင်းတောင်မှ မဟာအကြီးအကဲဖြစ်ကြောင်း သိလိုက်ရသည်။

“ဟေး…ကောင်လေး ညမုဆိုး ” ဟု မဟာအကြီးအကဲက ပြောကာ ခွက်ထိုးခွက်လန် ရယ်မောလိုက်လေသည်။ ပိုင်ရှောင်ချန်းအနီးသို့ ဆင်းလာပြီး လျှောက်လာရာ ပိုင်ရှောင်ချန်းကိုင်ထားသော တံမြက်စည်းကို မြင်သွားလေသည်။ မျက်လုံးများက လက်ခနဲဖြစ်သွားကာ ပြောလိုက်သည်။
” အပြစ်ပေးခံနေရတာလား။ မင်း တကယ်ကြီး စုန့်ကျင်းဝမ်ကို သွားပြီး အီစီကလီလုပ်ရဲတာ မယုံနိုင်စရာပါလား ”

သူသည် ရုပ်အလောင်းတောင်မှ မဟာအကြီးအကဲဖြစ်သော်လည်း ညမုဆိုးသည် ခေါင်းဆောင်ကြီးအဆင့်ထိ ဖြစ်နိုင်သည့် အံ့မခန်းလူတစ်ယောက်ဖြစ်သည်ကို သိထားသည်။ ညမုဆိုး၏ စွမ်းရည်မှာ အကန့်အသတ်မရှိသည့်အပြင် မာနကြီးကာ အထက်စီးဆန်သေးသည်။ ထို့ကြောင့်ပင် မဟာအကြီးအကဲသည် ညမုဆိုးကို သူနှင့်အဆင့်တူ ကျင့်ကြံသူအဖြစ် သဘောထားခဲ့သည်မှာ ကြာပြီဖြစ်သည်။

” ဟုတ်တယ်ဗျာ.. အဲ့တော့ ဘာဖြစ်လဲ။” ပိုင်ရှောင်ချန်းက မေးကို ပင့်ပြီး စိုက်ကြည့်လျက်မှ ဖြေလိုက်သည်။
” သူက အရင် ကျုပ်ကို အထာတွေ လာပေးတာဗျ ”

မဟာအကြီးအကဲသည် ဘေးဘီကို ဂရုတစိုက်ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
” ညမုဆိုး…ကောင်လေး..ငါ့စကားကို နားထောင်ကွာ။ စုန့်ကျင်းဝမ်က ဘယ်လိုလူမျိုးဆိုတာ မင်းသိလို့လား။ သူက အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တစ်ကောင်ပဲကွ။ ဒီနှစ်တွေတစ်လျှောက်မှာ သူ့ကိုလာစသမျှ ကောင်တွေအားလုံး တစ်ယောက်မှ ဇာတ်သိမ်းမကောင်းဘူး။ အမှန်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူ ချီစုစည်းမှုအဆင့်မှာ ရှိနေတုန်းကပေါ့။ သူ့ကို ကောင်းကောင်းမဆက်ဆံတဲ့သူကို ဘယ်လိုလုပ်လိုက်လဲဆိုတာ ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ။အသက်ရှင်လျက် အူတွေ ဆွဲထုတ်ခဲ့တာကွ…”

“အသက်ရှင်လျက် အူတွေဆွဲထုတ်တာလား ” ပိုင်ရှောင်ချန်းက အံ့ဩတကြီးဖြစ်ကာမေးလိုက်သည်။

မဟာအကြီးအကဲသည် ဘေးဘီကို ခိုးကြောင်ခိုးဝှက်လှည့်ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။
“မင်း နွံအိုင်တောင်ထိပ်က သွေးသခင် စီတူဟောင် ကို ကြားဖူးလား။ အရင်တုန်းက သူက စုန့်ကျင်းဝမ်ကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်တွေ ရှိခဲ့တာ။ အဲ့ဒီမှာ စုန့်ကျင်းဝမ်က အမည်မဲ့တောင်ထိ လိုက်သွားပြီးတော့ အူတွေ ဆွဲထုတ်တော့မလို ဖြစ်ခဲ့တာ။ ”

” သွေးသခင်ရဲ့အူတွေကို ဆွဲထုတ်တာလား ” ပိုင်ရှောင်ချန်းသည် ခေါင်းတစ်ခုလုံး ထူပူနေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သွေးသခင်များသည် ဂိုဏ်းခေါင်းဆောင်ကဲ့သို့ အလွန်မြင့်သော နေရာကို ရရှိထားသူများဖြစ်ကြောင်း သိထားသည်။ အမှန်တွင် ဂိုဏ်းခေါင်းဆောင်ထက်ပင် ပို၍ စွမ်းအားကြီးကြသည်။ ဂိုဏ်းခေါင်းဆောင်သည် တောင်ထိပ်တစ်ခု၏ ကျင့်ကြံသူများကို တိုက်ရိုက်အမိန့်မပေးနိုင်ပေ။ သို့သော် သွေးသခင်က ထိုသို့ လုပ်နိုင်လေသည်။

ထို့အပြင် အမြုတေအဆင့်သို့ ရောက်သည်နှင့် သွေးသခင်သည် သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်လာရန် အခွင့်အရေးရှိသွားပြီဖြစ်သည်။ သွေးအေးလူသတ်သမားများသည် ဂိုဏ်းထဲတွင် ခေါင်းဆောင်ကြီးများပြီးလျှင် အရေးအကြီးဆုံး ဖြစ်သည်။

အကြောင်းအမျိုးမျိုးပေးကာသွေးသခင်များသည် အခြားဂိုဏ်းသားများကို ရူးသွပ်သွားအောင်ပင် လုပ်နိုင်စွမ်းရှိသည်။

ပိုင်ရှောင်ချန်းသည် ပို၍ပင် တုန်လှုပ်လာသည်။ လက်ချောင်းအထက်ပိုင်းဆီသို့ မော့ကြည့်ပြီးနောက် ရုပ်အလောင်းတောင် မဟာအကြီးအကဲကို ပြန်ကြည့်ကာ ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ဒီကို ဘာလာလုပ်တာလဲ။ ကျုပ်ကို ခြောက်လှန့်ဖို့လား။”

” ညမုဆိုး… ကောင်လေး ငါက မင်းကို ဘာလို့ ခြောက်ရမှာလဲ။” အားရပါးရပြုံးလျက် ပြန်ပြောလိုက်သည်။
” ငါက မင်းကို အမှန်တရားတွေ ပြောပြနေတာ။ ဟေး… မင်း အတွင်းစည်းဂိုဏ်းသားဘဝမှာတည်းက ငါတို့က မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာလေ။ အရမ်းရင်းနှီးခဲ့ကြတာကိုကွာ။ တကယ်တော့ ငါ မင်းကို ရုပ်အလောင်းတောင်ကို ဖိတ်ခေါ် ပြီး ဆေးလေး နည်းနည်းလောက် ဖော်စပ်ခိုင်းလို့ ရမလားဆိုပြီး ဂိုဏ်းခေါင်းဆောင်ဆီကိုတောင် သွားမေးခဲ့တာ။ တကယ်လို့ မင်းသာလိုက်ခဲ့ရင် ဟိုဘီလူးမ စုန့်ကျင်းဝမ်ရဲ့ အမိန့်တွေကို နာခံစရာမလိုတော့ဘူးနော် ”

“ဒီလိုလုပ်ပါလား။ ဒီကိစ္စကို မင်းအချိန်ယူပြီး စဥ်းစားကြည့်လေ။ ဆေးပင်တွေ အတွက်ကတော့ မပူနဲ့။ ငါမင်းကို အားလုံးပေးမှာပါ။ တကယ်ဆို ဆေးပင်တွေ အားလုံး ပြင်ဆင်ပြီးသွားပြီ။ ဆေးဖော်ပြီးသွားရင်လည်း အထူး ကျေးဇူးတင် လက်ဆောင်တွေ ငါမင်းကို ပေးဦးမှာ။ အိုး…ဟုတ်သားပဲ။ မင်းသာ ငါတို့အတွက် ဆေးဖော်စပ်ပေးဖို့ သဘောတူမယ်ဆိုရင် မင်း သန့်စင်ထားတဲ့ မြစိမ်းရောင်ဖုတ်ကောင်ကို ပေးမယ်လို့ ရုပ်အလောင်းတောင် သွေးသခင်က ပြောနေတာ။ “
ရုပ်အလောင်းတောင် မဟာအကြီးအကဲသည် သူ့အိတ်ကို ပုတ်လိုက်ကာ မြစိမ်းရောင်ဖုတ်ကောင်ကို ထိန်းချုပ်နိုင်သည့် အမိန့်ပေးလည်ဆွဲကို ထုတ်လိုက်သည်။

ပိုင်ရှောင်ချန်းက တစ်ချက်ကြည့်လိုက်ကာ သူပေးထားခဲ့သော ဖုတ်ကောင်အား ထိန်းချုပ်သည့် ပစ္စည်းဟုတ်၊မဟုတ် အတည်ပြုလိုက်သည်။ သူလုပ်ချင်ပါက အတွေးတစ်ချက်ဖြင့်ပင် ထိုအမိန့်ပေးလည်ဆွဲကို သုံးမရတော့အောင် အချိန်မရွေး လုပ်နိုင်လေသည်။

သို့သော် စုန့်ကျင်းဝမ်၏ အပြစ်ဒဏ်များကို ရှောင်ရှားရန် ရုပ်အလောင်းတောင်၌ ဆေးဖော်စပ်မည့် အကြံဥာဏ်သည် အကြံကောင်းတစ်ခုပင် ဖြစ်သည်။ သူက ချက်ချင်း သဘောမတူလိုက်သေးဘဲ ထိုအစား မျက်နှာတွင် တွေဝေတုံ့ဆိုင်းနေဟန် အမူအရာ လုပ်ပြထားသည်။

” ခင်ဗျား သိတယ်မလား။” သူက မျက်နှာကို ရှုံ့ မဲ့ကာ ပြောလိုက်သည်။
” ကျုပ် ဆေးဖော်လိုက်တိုင်း ရောင်းရင်း ဂိုဏ်းသားတွေ ဒုက္ခရောက်တတ်တော့….. ”

” စောဒကတက်တဲ့ကောင်မှန်သမျှ ငါတိုယ်တိုင်သတ်ပစ်မယ်ကွာ ”
“ညမုဆိုး…ငါ့ကောင် နားနားနေနေနဲ့ ဆေးဖော်စပ်တာကို စိတ်ရှိသလောက်သာလုပ်။ မင်း ငါ့ကို အဆင့်လေးသွေးပြောင်းပြန်အလောင်းသန့်စင်ဆေးသာ ဖော်စပ်ပေးနိုင်ရင် ကျန်တာ အေးဆေးပဲ။ ”

ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းလိုက်ပြီး ဆက်ဟန်ဆောင်ရန်ပြင်နေဆဲမှာပင် လက်ချောင်းအထက်ပိုင်းဆီမှ အေးစက်စက် နှာခေါင်းရှုံ့သံထွက်လာသည်။

” ညမုဆိုး.. ခုထိ ဘာမှ မဆေးရသေးဘူးလား။”

” နောက်ပြီး ဟိုဘိုးတော် ရုပ်အလောင်းတောင်ကနေ ဘာလာလုပ်တာလဲ။ အလယ်တောင်ပေါ်က ကျွန်မကိစ္စမှာ ဘာလို့ အမြဲတမ်း ဝင်နှောင့်ယှက်နေတာလဲ။ ” ထိုအသံရှင်မှာ အခြားမဟုတ် စုန့်ကျင်းဝမ် ဖြစ်သည်။ သူမ၏ အသံစာစာထွက်လာသည်နှင့် ပိုင်ရှောင်ချန်းသည် ရုပ်အလောင်းတောင် မဟာအကြီးအကဲ၏ လက်မောင်းကို လှမ်းကိုင်ကာ ပြောလိုက်သည်။

” ကျုပ်သဘောတူတယ်ဗျာ။ ကျုပ်တို့ ဘယ်အချိန်သွားကြမလဲ။ ”

” အခုပဲ သွားကြတာပေါ့ ” ဟု မဟာအကြီးအကဲက တက်ကြွစွာဖြင့် ပြန်ပြောလိုက်သည်။ ခေါင်းကို နောက်သို့လှန်ကာ အားရပါးရ ရယ်မော၍ သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်ကာ ပိုင်ရှောင်ချန်းကို သူနှင့် အတူ ခေါ်ဆောင်ကာ ရုပ်အလောင်းတောင်ဆီသို့ အလင်းတန်းအဖြစ် ပျံထွက်သွားလေသည်။

အစပိုင်းတွင် စုန့်ကျင်းဝမ်သည် အံဩကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ထို့နောက်တွင် သူမ၏ နှလုံးသားထဲ၌ ထူးဆန်းသော မီးတောက်များ တောက်လောင်လာပြီး ရုပ်အလောင်းတောင် မဟာအကြီးအကဲကို လမ်းပိတ်ရန် ပျံထွက်သွားသည်။
” ညမုဆိုး… မင်း ဘယ်ကို သွားဖို့ စိတ်ကူးနေတာတုံး ”

သို့သော် ထိုအချိန်မှာပင် ရုပ်အလောင်းတောင်ဆီမှ သွေးရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထိုလူမှာ သွေးရောင်လွှမ်းသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သွေးရောင်ဆံပင်များဖြင့် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ သူ၏ အရေပြားမှာလည်း သွေးရောင်ဖြစ်ကာ မျက်လုံးများမှာလည်း အလင်းများဖြာထွက်နေလေသည်။ သူ့တွင် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံသာ ရှိသည်မှာ သိသာသော်လည်း ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်ထက် မလျော့သည့် စွမ်းအားမျိုးကို ထုတ်ဖော်ထားသည်။ စုန့်ကျင်းဝမ်၏ ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။

“ကျင်းဝမ်… ညီလေး ညမုဆိုးက ဂိုဏ်းထဲမှာ နာမည်ကြီးတစ်ယောက်ပဲ။ ခေါင်းဆောင်ကြီးတွေတောင်မှ သူ့ကို သဘောကျတယ်။ သူ့ကို ဒီလိုမျိုး နိမ့်ကျတဲ့ အလုပ်တွေ လုပ်ခိုင်းတာဟာ ယေဘုယျပြောရရင် မှားနေတယ်လို့ ပြောရမှာပဲ။ ညီလေး ညမုဆိုးက ရုပ်အလောင်းတောင်ကို လာပြီး ဆေးဖော်ဖို့ သဘောတူပြီးသွားပြီ။ အဲဒီတော့ စိတ်အေးအေးထားပါ။ ငါတို့က သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး။ ” ထိုလူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရုပ်အလောင်းတောင်သည် တုန်ခါသွားကာ ပဲ့တင်ရိုက်နေလေသည်။ တစ်ချိန်တည်းမှာပင် မယုံကြည်နိုင်လောက်သော ဖိအားသည် အဘက်ဘက်မှ ကျဆင်းလာလေသည်။

“ ဖုန်ရာ… ရှင်က ရုပ်အလောင်းတောင် သွေးသခင်ဖြစ်လည်း ကျမ ဂရုမစိုက်ဘူးနော်။ အလယ်တောင်ရဲ့ ကိစ္စတွေမှာ ရှင် ဝင်စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူး။” စုန့်ကျင်းဝမ်၏ မျက်လုံးများမှာ လူသတ်ချင်စိတ်အပြည့်ဖြင့် သွေးရောင်လွှမ်းနေသည့်ပုံရိပ်ဖြစ်သော ရုပ်အလောင်းတောင် သွေးသခင် ဖုန်ရာ ကို စိုက်ကြည့်နေလေသည်။

“ငါက စီတုဟောင်လို အသုံးမကျတဲ့ ကောင် မဟုတ်ဘူး။ မင်း ငါ့ကို မတားဆီးနိုင်ပါဘူး ” ဖုန်ရာ သည် ရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏ လမ်းကို ပိတ်လိုက်သည့် အချိန်တွင် မဟာအကြီးအကဲသည် ရုပ်အလောင်းတောင်ဆီသို့ ပိုင်ရှောင်ချန်းကို ခေါ်ဆောင်ကာ သွားလေသည်။

“ညမုဆိုး…ခုချက်ချင်းအိမ်ကို ပြန်လာခဲ့စမ်း ” စုန့်ကျင်းဝမ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

စုန့်ကျင်းဝမ် ဟန့်တားခံလိုက်ရသည်ကို တွေ့လိုက်ရသဖြင့် ပိုင်ရှောင်ချန်းသည် ယခုအချိန်တွင် အန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း သဘောပေါက်ကာ ခေါင်းကို အတင်းခါ၍ နောက်သို့ တွန့်ဆုတ်သွားရင်း
” မင်းဘာ ပြောပြော ပြန်မလိုက်နိုင်ဘူးကွာ ”

“လာမှာလား။ မလာဘူးလား ” သူမက စိတ်ဆိုးမာန်ဆိုးဖြစ်ကာ ခြေဆောင့်လျက် အော်ပြောလိုက်သည်။

” မလာဘူး ” နောက်ထပ်ခေါင်းကို ခါယမ်းကာ ခွန်းတုံ့ပြန်လိုက်သည်။

” အော်.. မှတ်ထား ညမုဆိုး။ မင်းကိုယ်မင်း အတောင်စုံနေပြီ ထင်နေတာလား။ ဟမ့်… ခုချက်ချင်း ပြန်မလာရင် တစ်သက်လုံးပြန်လာဖို့ စိတ်မကူးနဲ့ ” ထို့နောက် သူမသည် ဒေါကြီးမောကြီး လှည့်ထွက်ကာ အလယ်တောင်ဆီသို့ ဦးတည်သွားလေသည်။

“ရတယ်လေ။” ပိုင်ရှောင်ချန်းလည်း စိတ်တိုကာ ရှုံ့မဲ့ပြောလိုက်ရင်း
” ဘယ်တော့မှ ပြန်မလာဘူး။”
ထို့နောက် သူသည်လည်း လှည့်ကာ ရုပ်အလောင်းတောင်ဆီသို့ ထွက်ခွာသွားလေသည်။

ထိုအချိန်တွင် မဟာအကြီးအကဲသည် ပိုင်ရှောင်ချန်းကို ပထမကြည့်လိုက်ကာ ဒေါသထွက်နေသော စုန့်ကျင်းဝမ်ကို ပြန်ကြည့်လိုက်ပြီး ချွေးပြန်နေလေသည်။

“မင်းတို့နှစ်ယောက်က ဘာလား…. ” သူ တွေဝေသွားကာ သူတို့နှစ်ယောက်ကြားတွင် မည်သည့် အဖြစ်အပျက်များရှိခဲ့သနည်းဟု သိချင်စိတ်ပေါက်လာတော့သည်။

ဖြစ်ပျက်သွားသည်များကြောင့် ရုပ်အလောင်းတောင်မဟာအကြီးအကဲသာမက သွေးသခင် ဖုန်ရာ တို့မှာ အံ့ဩလျက်ရှိကြသည်။ သူတို့နှစ်ယောက်၏ စကားတွေက အတော်လေး ထူးဆန်းနေသည်။

ထိုသို့ တွေးနေကြသည်မှာ သူတို့သာမဟုတ်ပေ။ သူတို့နှစ်ယောက် ရန်ဖြစ်စကားများနေသည်ကို ကြားလိုက်ရသော မည်သည့် ကျင့်ကြံသူမဆို လင်မယားနှစ်ယောက် ရန်ဖြစ်နေသည်ကို ကြားလိုက်ရသည့်အလား ခံစားနေရသည်။ အိမ်မှ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်လာသော လင်ယောက်ျားကို ဇနီးက လမ်းတစ်လျှောက် မြည်တွန်တောက်တီးနေသည့်အလား ဖြစ်နေသည်…

မူရင်းစာရေးဆရာ Ergen ဆီမှ မှတ်စု… ဤအခန်းသည် တရုတ်ချစ်သူများနေ့တွင် ထွက်ရှိလာခဲ့သည်။ တာအိုရောင်းရင်းများရဲ့ဘဝမှာ
” အချစ်ရေ၊ ကျမနဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါနော်…” ဟု ပြောပေးမည့် တစ်စုံတစ်ယောက် ပေါ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Comment

Leave a Reply

Options

not work with dark mode
Reset