ဆယ်ရက်ကုန်လွန်သွား၏။ ဆေးပေါင်းဖိုများ နှစ်ကြိမ်ပေါက်ကွဲခဲ့ပြီးသော်လည်း ပိုင်ရှောင်ချန်း မတတ်နိုင်ချေ။ ဆေးစွမ်းအားကို လျော့ခြင်းသည်သာလျှင် ရွေးချယ်နိုင်သည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်ပုံရလေသည်။ ဆေးပေါင်းဖိုများမှာ လွန်စွာအားနည်းလှသောကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်ညစ်နေ၏။
ဆေးစွမ်းအားကို လျော့ချလိုက်ပြီးနောက် အပင်နှင့် အသီးအရွက်ဖန်တီးခြင်းနည်းလမ်း ကို အသုံးချလိုက်ပြီး ထိုဖြစ်ရပ်ကို တည်ငြိမ်သွားစေလိုက်သည်။ နောက်ဆုံးတွင်တော့ အဆင့်လေးဝိညာဥ်ချုပ်ဆေး အား အောင်မြင်စွာ ဖော်ထုတ်နိုင်သွား၏။
ဆေးငါးလုံးသာထွက်လာပြီး အကုန်လုံးမှာ အဆင့်နိမ့်ဆေးလုံးများဖြစ်သော်လည်း အရင်က ပိုင်ရှောင်ချန်းဖော်စပ်ခဲ့သည့် စိတ်စွမ်းအင်ဆေးလုံးများထက် အတော်လေးသာလွန်သည့် စိတ်စွမ်းအင်များ ပါဝင်နေ၏။ သူ့လက်ထဲ၌ ဆုပ်ကိုင်လိုက်လျှင် ထိုဆေးလုံးများအတွင်းရှိ စိတ်စွမ်းအင်များ သက်ဝင်လှုပ်ရှားနေသည်ကိုပင် ခံစားမိရလေသည်။
သူတို့မှာ အသိဥာဏ် ရှိသည့် ပုံပေါ်နေ၏။
၄င်းမှာ အဆင့်လေးဆေးလုံးများ၏ အနှိုင်းမဲ့ ပင်ကိုယ်လက္ခဏာပင်ဖြစ်သည်။ တစ်ခဏမျှ အနီးကပ် လေ့လာလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပိုပြီး စိတ်လှုပ်ရှားသွား၏။ ထိုကဲ့သို့ ဆေးလုံးတစ်လုံးမှာ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်အဖို့ စိတ်တိုင်းကျသွားစေမည်ဟု ယုံကြည်ချက်ရှိပါသော်လည်း စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးအတွက်ဆိုလျှင် မသင့်တော်ပေ။
“ငါအချိန်တိုအတွင်း အောင်မြင်မှုနှုန်းကို မြှင့်ရမယ် ။ ဒါမှ စုန့်မျိုးနွယ် ခေါင်းဆောင်ကြီးက ဘဝင်ကျမှာ သေချာတယ် ”
ဂုဏ်ယူစွာဖြင့် မေးကိုပင့်လိုက်ပြီး ဆက်လက်၍ အတိုင်းအတာတစ်ခုအထိ သူ ကျွမ်းကျင်နားလည်သွားပြီဖြစ်သော နည်းလမ်းနှင့် ဆေးဖော်စပ်တော့သည်။
သူက အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးများကို ပို၍ထိန်းချုပ်ချင်ပြီး အဆင့်သုံးစိတ်စွမ်းဆေးလုံးဖော်စဥ်ကနှင့်တူသည့် မြင့်မားသော အောင်မြင်မှုနှုန်းကို ရချင်၏။ ထိုကြောင့် ပိုင်ရှောင်ချန်းက အပြင်လောကကို လျစ်လျူရှုကာ တာအိုဆေးပညာရပ်၌ အလုံးစုံ စိတ်နှစ်ထားလိုက်သည်။ နောက်တစ်ဆင့်တွင် သူက အခြားဒဏ္ဍာရီလာ အဆင့်လေးစိတ်စွမ်းအင်ဆေးနည်းဖြစ်သည့် မြူဝိညာဥ်အမွှေးတိုင်ကို ရွေးချယ်လိုက်၏။
ရက်အနည်းငယ်ကြာပြီးနောက် မွှေးကြိုင်သင်းပျံ့သော ရနံ့က စိတ်စွမ်းအင်ဆေးလုံးအသစ်ဆီမှ ပေါ်ထွက်လာသဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ချက်ချင်းတောက်ပသွားသည်။ သူ၏ ညာဖက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ဆေးပေါင်းဖိုကို ဖွင့်လိုက်သည်နှင့် အစိမ်းရောင်မီးခိုးတန်းများသည် လေထဲသို့ ပျံတက်သွား၏။
” ဟမ် ”
ပိုင်ရှောင်ချန်းကို အလွန်အမင်းအံအားသင့်သွားစေသည်မှာ အစိမ်းရောင်မီးခိုးငွေ့များမဟုတ်ချေ။ မည်သည့်စိတ်စွမ်းအင်ဆေးလုံးမှ အထဲတွင် ရှိမနေခြင်းကြောင့် ဖြစ်သည်။
“ဘယ်နေရာမှားသွားပါလိမ့်”
တုန်လှုပ်နေလျက် တွေးလိုက်၏။ ဆေးပေါင်းဖိုကို နောက်တစ်ကြိမ် ဂရုတစိုက် စစ်ဆေးကြည့်လိုက်စေကာမူ ဆေးလုံးများသာမက ဆေးအနှစ်များကိုပင်လျှင် မတွေ့ရချေ။ ဆေးပေါင်းဖိုထဲမှ စိတ်စွမ်းအင်ဆေးလုံးများမှာ
ပျောက်ချင်းမလှ ပျောက်သွားလေပြီ။
မီးခိုးငွေ့များအကြောင်းတွေးမိလိုက်ပြီး အင်မော်တယ်ဂူပတ်လည်ကို လှည့်ပတ်ကြည့်သော်လည်း ထူးထူးခြားခြား ဘာမှမဖြစ်ချေ။ မျက်မှောင်ကြုတ်လျက် နောက်တစ်ကြိမ် စဖော်လိုက်ပြီး ပြဿနာအကြောင်းရင်းကို ရှာဖွေတော့သည််။
နောက်တစ်ကြိမ်၌လည်း ထိုနည်းတူပင်။
“အစိမ်းရောင် မီးခိုးတွေ ပြောင်းသွားပြန်ပြီဟ”
အစိမ်းရောင်မီးခိုးများထွက်လာပြီး မိနစ်အနည်းငယ်ကြာသောအခါ အလုံးစုံလွင့်စင်သွား၏။သူက ၄င်းတို့ကို ဖမ်းရန် သို့မဟုတ် ပျောက်သွားစေရန် မည်မျှကြိုးစားသည်ဖြစ်စေ ပျောက်ကွယ်သွားလေသည်။
ပိုင်ရှောင်ချန်းက မြူဝိညာဥ်အမွှေးတိုင်ကို ထပ်မံလေ့လာစမ်းစစ်နေသောကြောင့် နောက်ဆုံးတွင်အလယ်တောင်ထိပ်မှ ကျင့်ကြံသူများမှာ ဆေးပေါင်းဖိုများပေါက်ကွဲခြင်း အိပ်မက်ဆိုးမှ လွတ်သွားတော့သည်။ သို့သော်လည်း ဝမ်းမြောက်ဝမ်းသာ မဖြစ်နိုင်ခင်မှာပင် နောက်ထပ် အိပ်မက်ဆိုးကြီးတစ်ခု ပေါ်လာခဲ့သည်။
ပထမဦးဆုံး ကံဆိုးမိုးမှောင်ကျသည့် ကျင့်ကြံသူမှာ နတ်ဆရာပင်။ ဆက်ရက်မတိုင်ခင် ညသန်းခေါင်ချိန်တွင် နတ်ဆရာက လူတစ်ယောက်အတွက် နိမိတ်ဖတ်နေစဥ် ကွက်ခနဲ မျက်နှာပျက်သွား၏။ နတ်ဆရာ၏ မျက်နှာကြီးနီရဲလျက် အခန်းထဲက ပြေးထွက်သွားသောကြောင့် သူ့ရှေ့တွင် ထိုင်နေသော ကျင့်ကြံသူမှာ လန့်ဖြန့်သွား၏။ နောက်တစ်နေ့မနက်ဝေလီဝေလင်းအချိန်တွင် နတ်ဆရာ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေလေသည်။
“ဘာဖြစ်တာလဲ။ငါ ဘာမှမစားတာ ဆယ်နှစ်တောင်ကျော်ပြီလေ..။ ဝမ်းလျှောတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ဗိုက်ကို ဖိလျက် ဉာဏ်ဝင်စားရန်ကြိုးပမ်းလိုက်၏။ ထိုစဥ် သူ့ဗိုက်ထဲမှ တဂွီဂွီ အသံကြီး ထွက်လာတော့သည်။
မကြာမီပင် ကျင့်ကြံသူ တစ်ဦးပြီးတစ်ဦး ကူးစက်သွား၏။ အင်မော်တယ်ဂူထဲတွင်သာမက ဘယ်နေရာပဲဖြစ်ဖြစ် ထိုအစိမ်းရောင်မီးခိုးငွေ့ကို ရှူမိသည့် အလယ်တောင်ထိပ်မှ မည်သူမဆို ဝမ်းလျှောတော့သည်။ သူတို့ ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် အရေးမကြီးတော့ချေ။
သမားရိုးကျ ဝမ်းသွားခြင်းဆိုလျှင် ကိစ္စကြီးမဟုတ်ချေ။ သို့သော်လည် နေ့ရက်များ ကုန်လွန်သွားပြီးနောက် ထိုဖြစ်ရပ်မှာ ပို၍ ဆိုးရွားလာသည်။ အကောင်းဆုံးအခြေအနေရှိ လူများပင် ဆယ်ကြိမ်ထက်မနည်း အိမ်သာသွားရ၏။ သို့သော်တခြားသူများမှာတော့ အခါတစ်ရာပင် ကျော်လေသည်။
အလယ်တောင်ထိပ်မှ ကျင့်ကြံသူများမှာ ရူးချင်လာတော့သည်။ မည်သည့်အဆိပ်ကြောင့်မှန်း တွေးမရအောင် ဖြစ်နေကြ၏။ အချို့သော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ ထိန်းမထားနိုင်တော့ဘဲ သတိလစ် မေ့မြောသွားကြသည်။
“တစ်ယောက်ယောက်က ငါတို့ကို အဆိတ်ခတ်လိုက်ပြီ”
“သေစမ်းကွာ… ။ ဘာတွေဖြစ်နေတာတုံး ညမုဆိုးတော့ မဖြစ်နိုင်ဘူးမလား..”
ဝမ်းပျက်ဝမ်းလျှောရောဂါဘေးက အလယ်တောင်ထိပ်၏ လက်ချောင်းအောက်ပိုင်းတစ်ခုလုံး ကူးစပ်နေသည်။ ကျင့်ကြံခြင်းအခြေခံဘယ်လောက်ပဲ ရှိရှိ ထိုမမြင်နိုင်သော အဆိပ်မြူနှင့် ထိတွေ့လိုက်ပါက ကူးစက်လေသည်။ မကြာမီပင် အလယ်တောင်ထိပ်တစ်ခုလုံးမှာ သရဲမြို့ကြီးသဖွယ် ဖြစ်သွား၏။ လူတိုင်းမှာ ရူးသွပ်တော့မည့်အလား ဖြစ်နေကြပြီး နဲနဲလေးလှုပ်ဖို့ရန် အားပင်မရှိတော့ချေ။
ကံမကောင်းစွာပင် ထိုရောဂါ မှာ အချိန်တိုတိုနှင့် ပျောက်သွားသည့် ပြဿနာမဟုတ်ပေ။ စုန့်ချွဲမှာ တုန်ယင်နုံးချိနေပြီး ဝမ်းလျားမှောက်နေ၏။ အိမ်သာသို့ မကြာခဏသွားနေရသဖြင့် သာမန်လူတစ်ယောက်လိုပင် ခံစားနေရသည်။
“ဘာတွေဖြစ်နေတာလဲကွာ”
လူတိုင်းညည်းတွားလိုက်ကြသည်။
” ညမုဆိုးပဲ ဖြစ်ရမယ်။ သူဆေးဖော်တာနဲ့ ဒီအငွေ့တွေ ထွက်လာပြီး ငါတို့ကို ဒီလိုဖြစ်စေတာ”
တဖြည်းဖြည်း လူများက တူညီစွာ ကောက်ချက်ချလိုက်ကြသည်။ သို့သော်လည်း တစ်ဦးတစ်ယောက်မှ သွားမကြည့်ရဲချေ။ ထိုကပ်ဘေးမှာ တဖြည်းဖြည်းနှင့် ပို၍ ဆိုးဝါးလာကာ လူများမှာ သူတို့၏အင်မော်တယ်ဂူအပြင်သို့ပင် မထွက်နိုင်ကြတော့ချေ။
များမကြာမီ လက်ချောင်းအပေါ်ဘက်ကိုပါ ကူးစက်ပျံ့နှံ့သွား၏။ စုန့်ကျင်းဝမ်မှာ တဆတ်ဆတ်တုန်ယင်နေပြီး ဆေးဖော်ခြင်းကို စဥ်းစားခန်းဖွင့်နေသည်။
“ဘယ်လိုမျိုး ဆေးဖော်နေတာပါလိမ့် ”
အလယ်တောင်ထိပ်သို့ သနားကရုဏာသက်စွာ ကြည့်လျက် သက်ပြင်းချလိုက်၏။
” ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ”
နောက်ဆုံးတွင် သတင်းများမှာ အခြားတောင်သုံးလုံးထိပင် ပျံ့နှံ့သွား၏။ ထိုနေရာရှိ ကျင့်ကြံသူများက ဝါးလုံးကွဲမတတ်ရယ်နေကြလျက် ထိုဖြစ်ရပ်ကို ဟာသလုပ် စနောက်နေကြသည်။ သူတို့ထဲမှ အချို့က အလယ်တောင်ထိပ်အနီးတစ်ဝိုက်သို့ သူတို့ကိုယ်တိုင် သွားလေ့လာကြ၏။ သို့သော်လည်း အပြေးအလွှားပြန်လာကြပြီး ဂူပိတ်ကျင့်ကြံတော့သည်။
နောက်ဆုံးတွင် အလယ်တောင်ထိပ်မှ ကျင့်ကြံသူများမှာ အလျှိုအလျှို ထွက်သွားကြတော့၏။ ကံဆိုးချင်တော့ သူတို့မှာ တွားသွားရုံသာတတ်နိုင်သဖြင့် ထိုကဲ့သို့သာ ထွက်ပြေးကြရသည်။ ထိုနေရာက တစ်စက်လေးမှပင် မနေချင်ကြသဖြင့် ဖြေးဖြေးချင်း တွားသွားနေကြသည်။ စိတ်မကောင်းစွာပင် သူတို့မှာ အလွန်ဆိုးဝါးစွာ အဆိပ်မိထားသဖြင့် ထွက်ပြေးလာခဲ့သည့်တိုင် ရောဂါလက္ခဏာမှာ စွဲကျန်နေသေး၏။
လူအားလုံးမှာ လဲကျလုမတတ် ယိမ်းယိုင်ထိုးလျက် ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူသို့ ကြောက်လန့်စွာ ကြည့်နေကြသည်။ ဤရောဂါနှင့် ပေါက်ကွဲနေသော ဆေးပေါင်းဖိုကို ရွေးရမည်ဆိုပါက ဆေးပေါင်းဖိုကိုသာ သူတို့ ရွေးချင်နေမိတော့သည်။
“ညမုဆိုးက သိပ်ရက်စက်တာပဲ ။ ငါတို့ကို လက်စားချေနေတာကွ”
“သေစမ်း။ ငါတို့ သူ့ကို ညမိစ္ဆာ လို့တောင် မခေါ်သင့်ဘူး။ ဝမ်းလျှောမိစ္ဆာ လို့ခေါ်သင့်တာ”
” ဝမ်းလျှောမိစ္ဆာ ညမုဆိုး ”
အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ အခြေခိုင်မာခြင်းကျင့်ကြံသူများမှာ တနုံ့နုံ့နှင့် ဝေဒနာခံစားနေရပြီး ပိုင်ရှောင်ချန်းအပေါ်မုန်းတီးခြင်းများပင် ပပျောက်သွား၏။ အများစုမှာ နောင်တစ်ချိန်တွင် သူ့ကိုရန်မစရန် တတ်နိုင်သမျှ ဝေးဝေးရှောင်တော့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
သူက အလွန် ထိတ်လန့်ဖွယ် လူပင်။ မမြင်နိုင်သော ဆေးလုံးများဖြင့် ရန်သူများကို ရပ်သွားစေသည့် ဗျူဟာမှာ လိုက်မမှီချေ။
ထို့အပြင် ကျင့်ကြံသူအနည်းအကျဥ်းပင် တာအိုဆေးပညာရပ်နှင့် ပတ်သက်၍ အမြင်များပြောင်းသွားကာ ထိုပညာကို အချိန်ပေးလေ့လာသင့်သည်ဟု ဆုံးဖြတ်လိုက်ကြလေ၏။
ဘိုးဘေးတောင်ပင် ဖြစ်ပျက်နေသည်များကို မှတ်တမ်းတင်လိုက်၏။ ပိုင်ရှောင်ချန်းမှာမူ တစ်ခုမှ မသိချေ။သူက ထာဝရအသက်ရှင်နည်းပညာရပ်ကို ကျင့်ကြံထားသောကြောင့် မကူးစက်သည့်အပြင် သူသည် တာအိုဆေးပညာတွင် စိတ်ရောကိုယ်ပါ နှစ်ထား၏။ တစ်လကြာပြီးနောက် အစိမ်းရောင်မီးခိုးငွေ့ပြဿနာကို ဖြေရှင်းနိုင်သွားပြီး မြူဝိညာဥ်အမွှေးတိုင် ကို ဖော်ထုတ်နိုင်သွားသည်။
ထို့နောက် အဆင့်လေးစိတ်စွမ်းအင်ဆေးလုံး များကို စဖော်တော့သည်။ နောက်ဆုံး၌ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ အောင်မြင်မှုနှုန်းတက်သွား၏။ ထိုအချိန်တွင် သူ့မှာ ဆေးပင်များကုန်သွားသဖြင့် မရပ်ချင်ပါသော်လည်း ရပ်လိုက်ရလေသည်။ သူက စိတ်စွမ်းအင်ဆေးလုံးများကို လက်ထဲဆုပ်လျက် သက်ပြင်းချပြီး အင်မော်တယ်ဂူအပြင်သို့ ထွက်လိုက်၏။
နေရောင်တောက်ပနေသော မနက်ခင်းဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်မှုက ကြီးစိုးထားသည်။ ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာသို့ ကြည့်လိုက်သောအခါ အလယ်တောင်ထိပ်တစ်ခုလုံး ပြောင်တလင်းခါနေ၏။
အစပိုင်းတွင် သူက အံသြသွားပြီး မကြာမီ ကျေနပ်သွား၏။ နောက်ဆုံး မည်သူ့ကိုမှ မထိခိုက်စေပဲ ဆေးဖော်နိုင်လေပြီ။ သက်ပြင်းထပ်ချလိုက်ပြီး အလယ်တောင်ထိပ်ကို လမ်းလျှောက်ထွက်လိုက်သည်။ တော်တော်လျှောက်ပြီးနောက် သူ စိတ်လှုပ်ရှားစပြုလာလေသည်။
“ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ”
သူက တွေးလိုက်၏။တစ်ခုခုဖြစ်သွားခဲ့ပုံရသည်။ သူတောင်ခြေသို့ရောက်ချိန်တွင် လူတစ်ယောက် သို့မဟုတ် သက်ရှိနှင့်တူသည့် အရာမှန်သမျှကိုပင် မတွေ့ခဲ့ရချေ။ အင်မော်တယ်ဂူအားလုံး လူသူကင်းမဲ့နေလေသည်။
“ဒီလူတွေဘယ်ရောက်ကုန်တာလဲ”
မျက်တောင်တဖျပ်ဖျပ်ခတ်လျက် ပို၍ပင် ရင်တုန်လာပြီး လမ်းမြန်မြန်လျှောက်လိုက်၏။ မကြာမီ ဂိုဏ်းသားနှစ်ယောက်ကိုတွဲလျက် ထော့နင်းထော့နင်းသွားနေသည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ထိုကျင့်ကြံသူမော့ကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းကို မြင်လိုက်သည်နှင့်
ကတုန်ကယင်ဖြစ်သွား၏။ ကြောက်ရွံ့မှုကြောင့် မျက်လုံးများ ပြူးကျယ်လျက် ပိုင်ရှောင်ချန်းကိုတုန်ရီစွာ လက်ညှိုးထိုးလိုက်သည်။
” မင်း… ဆေး..ဖော်တာ.. ပြီးပြီလား”
သူက မေးလိုက်၏။
“ဟမ်”
ပိုင်ရှောင်ချန်းမှာ ဇဝေဇဝါဖြစ်လျက် ပြန်ဖြေလိုက်သည်။
” အမ်…အေး.. ပြီးပြီ”
ထိုစကားသူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထိုကျင့်ကြံသူမှာ တဆတ်ဆတ်တုန်သွားပြီး အတွင်းစည်းဂိုဏ်းဘက်လှည့်ကာ ကျယ်နိုင်သမျှကျယ်ကျယ် အော်လိုက်၏။
“အားလုံး အခု အပြင်ထွက်လာလို့ရပြီကွ..ကျုပ်တို့ အင်မော်ဂူကို ပြန်သွားကြရအောင်..။ ဝမ်းလျှောမိစ္ဆာ ဆေးဖော်တာ ပြီးပြီတဲ့ဟေ့ ”
မကြာမီ အတွင်းစည်းဂိုဏ်းရှိ အင်မော်တယ်ဂူများထဲမှ အသက်ရှူချောင်သွားသည့် အော်သံများထွက်လာပြီး မရေမတွက်နိုင်သောလူများသည့် အတွင်းစည်းဂိုဏ်းသားများတွဲလျက် အပြင်သို့ ထွက်လာကြတော့သည်။ သူတို့အကုန်လုံးမှာ ပိန်ချုံး၍ ဖြူဖတ်ဖြူလျော်ဖြစ်နေကြပြီး စိတ်လှုပ်ရှားနေကြသည်။
“တကယ်ကြီးလား.. နောက်ဆုံးတော့ ဝမ်းလျှောနတ်ဆိုး ဆေးဖော်တာပြီးသွားပြီပေါ့ ”
” ကောင်းကင်ကြီးက တကယ်အမြင်ရှိတာပဲ ”
“ငါတို့ နောက်ဆုံးတော့ အလယ်တောင်ထိပ်ကို ပြန်သွားနိုင်ပြီ”
စုန့်ချွဲသည်လည်း ထိုလူအုပ်ထဲတွင်ရှိ၏။ ဒူးများပျော့ခွေနေလျက် ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေလေသည်။ သူက အခြားလူများနှင့် မတူချေ။ ကြောက်လန့်မှုကြောင့် ဦးညွှတ်မသွားဘဲ ညမုဆိုး ကို သတ်ချင်နေဆဲပင်။
အလယ်တောင်ထိပ်သို့ ပြန်ရာလမ်းတွင် အတွင်းစည်းဂိုဏ်းသားတို့က အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကို ကူညီနေရခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ မလုံမလဲစိတ်ဖြင့် ခေါင်းကုတ်နေ၏။
အမွှေးတိုင်တစ်တိုင်မျှ လောင်ကျွမ်းချိန်အထိ သူ့ကို ဖြတ်ကျော်သွားသည့် လူရာချီကို ငေးကြည့်နေမိ၏။ ထိုအချိန်တွင် စုန့်ကျင်းဝမ်သည် ကောင်းကင်ယံမှ ပျံသန်းလာပြီး သူ့ရှေ့တွင် ပတ်၍ ပျံဝဲကာ ဆင်းသက်လာသည်။ သူမ၏မျက်နှာထက်တွင် ခံစားမှုများ ရောထွေးနေ၏။
” အစ်မတော်စုန့်..”
သူက သတိထားလျက် ပြောလိုက်သည်။
“ဆေးဖော်ပြီးပြီပေါ့”
သူမက ခပ်ယဲ့ယဲ့ပြုံး၍ မေးလိုက်သည်။
” ငါ့ကို စိတ်စွမ်းအင်ဆေး ပေးလိုက်.. ခေါင်းဆောင်ကြီးဆီ ယူသွားလိုက်မယ်”
ပိုင်ရှောင်ချန်းက သူ့အိတ်ထဲမှ အဆင့်သုံးစိတ်စွမ်းဆေးငါးလုံးကို အလျင်အမြန် ထုတ်လိုက်၏။ သူတို့မှာ ပိုင်ရှောင်ချန်းဖော်စပ်ခဲ့သည့် ဆေးလုံးများထဲမှ တချို့တဝက်သာ ဖြစ်သည်။ လက်ကျန်များကို သူ့အတွက် သိမ်းထားလိုက်၏။
စုန့်ကျင်းဝမ်က ယူလိုက်ပြီး ဂရုတစိုက်ကြည့်ရှုပြီးနောက် အလွန် အံသြသွား၏။ သူမက ပိုင်ရှောင်ချန်းကို လေးလေးနက်နက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ သူမကို စောင့်နေရန်မှာလိုက်ပြီး အလယ်တောင်ထိပ်သို့ ပျံတက်သွား၏။
ပိုင်ရှောင်ချန်းမှာ အလွန်တရာ စိတ်လှုပ်ရှားနေသည်။ သွေးနတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းစည်းကမ်းများကို သူသိသည်။ သွေးနတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး သဘောကျသွားမည်ဟု ယုံကြည်ချက်ရှိစေကာမူ စိတ်လှုပ်ရှားနေဆဲပင်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းသွားသည့် အချိန်ထိ စောင့်ပြီးနောက် စုန့်ကျင်းဝမ် ပြန်ပေါ်လာ၏။သူ့ကို အမိန့်တံဆိပ်ပြားကို ပေးလိုက်ရင်း သူမ၏မျက်လုံးတွေထဲမှာ နားလည်ရခက်သော အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ထို့နောက် သူမ၏ လက်ချောင်းသွယ်သွယ်လေးနှင့် သူ့မေးကို အပေါ် သို့ပင့်လိုက်သည်။ သူမ၏ဝင်သက်ထွက်သက်မှာ သစ်ခွပန်းရနံ့လေး မွှေးနေပြီး သူမက ပြောလာ၏။
” မင်းကို ခေါင်းဆောင်ကြီးမှာလိုက်တာက ဂိုဏ်းကို သစ္စာမဖောက်သရွေ့ မင်းကို စုန့်မျိုးနွယ်စုဝင်တစ်ယောက်အဖြစ် ဆက်ဆံခံရမယ်တဲ့ ”
ဂိုဏ်းတွင် သူအလိုရှိသည့်အရာမှန်သမျှ လုပ်နိုင်တော့မည့် အတွေးကြောင့် ပိုင်ရှောင်ချန်း၏မျက်လုံးများ အရောင်လက်သွား၏။ သူကိုယ့်သူ အလွန်အမင်း ဂုဏ်ယူသွားပြီး ချစ်စရာေကာင်းသော မဟာအကြီးအကဲကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူမ၏အနားသို့ တိုးကပ်သွားလိုက်ပြီး သူ့လက်နှင့် သူမ၏ မေးစေ့ကို ပင့်လိုက်သည်။
” ဒါကိုရော ဂိုဏ်းကို သစ္စာဖောက်တယ်လို့ ခေါ်မလား ”
သူက စိတ်လိုလက်ရ
ရယ်မောလိုက်ရင်း ပြောလိုက်၏။ စုန့်ကျင်းဝမ်၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။ သူမ၏ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ ကျီစယ်ဝံ့သည့်လူမျိုးနှင့် တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူမ၏မျက်နှာလေးမှာ ရှက်ရွံမှုကြောင့် နီရဲသွား၏။ ထို့နောက် သူမ၏မျက်လုံးတွေထဲမှာ အေးစက်စက်အလင်းရောင်များနှင့် တလက်လက်တောက်ပလာကာ
” မဟာအကြီးအကဲ တစ်ယောက်ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မင်းကို သင်ပေးဖို့ လိုနေပြီထင်တယ် ”ဟု ပြောလိုက်လေသည်။
❤️