ပိုင်ရှောင်ချန်းမှာ စိုးရိမ်တကြီးနှင့် ရင်များတဒိန်းဒိန်းခုန်နေတော့သည်။ ပေါက်ကွဲနေသည့်ဆေးပေါင်းဖိုကြီးမှာ တုန်လှုပ်ဖွယ်ကောင်းသည်သာမက သူ့ကို အန္တရာယ်ဖြစ်စေရန် အနည်းငယ်သာ လိုတော့သည်မဟုတ်ပါလော။
” ငါသာ နည်းနည်းလေး နောက်ကျသွားရင် ငါ့ရဲ့အင်မော်တယ်ဂူကိုပါ အဲ့ဆေးပေါင်းဖိုက ဖောက်ခွဲသွားမှာပါလား။ အဲ့တာက ကြောက်စရာအကောင်းဆုံး မဟုတ်သေးဘူး။ ငါ့ရဲ့ သနားစရာအသက်လေးပါ ဆုံးရှုံးသွားနိုင်တာကွ။ အဲ့တာဆိုရင်တော့ ကိုယ်ကျိုးတွေနည်းရချည်ရဲ့….” ပိုင်ရှောင်ချန်းကထိုသို့တွေးတောရင်း သူ၏ဘေးနားရှိ ဒေါကန်နေသည့် လူအုပ်ကြီးအတွက် စိတ်မကောင်းသည့်ပုံစံဖမ်းကာ ခေါင်းလေးကို ငုံ့ကာနေနေတော့သည်။ သူ၏ အင်မော်တယ်ဂူရှိ မန္တန်အစီအရင်ကို အနည်းငယ် ပြုပြင်ပြောင်းလဲမှုများ လုပ်လိုက်ပြီး အတွင်းသို့ အလျင်အမြန်ပြန်ဝင်သွားတော့သည်။
ဂူထဲတွင် သူက ထိုဒေါသထွက်နေသည့် လူအုပ်ကြီးကို ရင်ဆိုင်ရန် အားတင်းနေပါသော်လည်း တစ်နေကုန်သွားသည့်တိုင်အောင် မည်သည့်အရာမှ ဖြစ်မလာပေ။ သူက အံ့သြနေသဖြင့် ထပ်၍စောင့်ဆိုင်းလိုက်သော်လည်း မည်သူမှ ပေါ်မလာခဲ့ချေ။
” ထူးဆန်းလိုက်တာ။ ထားပါတော့။ ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်လို့နေမှာပါ။ ငါ့ဟာငါ ဆေးထပ်ဖော်စပ်တာပဲကောင်းတယ်။ ကဲ နေစမ်းပါအုံး။ ဘာလို့များ ဆေးပေါင်းဖိုက ပေါက်ကွဲသွားရတာလဲကွ။” သူက တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မေးစေ့ကိုပွတ်ရင်း တွေးတောနေတော့သည်။
သူမသိသည့်အချက်သည်ကား မည်သူမှသူ့ကို လာ၍ပြဿနာမရှာသည်အကြောင်းပြချက်မှာ လူများက သူ့ကို ညမိစ္ဆာဟုခေါ်ကြသောကြောင့်ဖြစ်သည်ဆိုသော အချက်ပင်ဖြစ်သည်။ သူက နာမည်ဆိုးနှင့်ကျော်ကြားပြီးသားဖြစ်၍ လူအများစုက သူ့ကိုပြဿနာသွားရှာလိုပါသော်လည်း သူက သွေးဓားကြီးကိုအသုံးပြုကာ လူများစွာကို သတ်ဖြတ်ခဲ့သည့်ပုံရိပ်များကြောင့် သူတို့မှာ အံကြိတ်ကာ သည်းခံနေရတော့သည်။
နောက်ထပ် အကြောင်းပြချက်တစ်ခုသည်ကား ထိုပေါက်ကွဲမှုကြီးမှာ ပြင်းထန်ကာ မီးလောင်ကျွမ်းမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါသော်လည်း မည်သူ့ကိုမှ ဆိုးဆိုးရွားရွား သက်ရောက်မှု မရှိသောကြောင့်လည်း ဖြစ်သည်။
သုံးရက်အကြာတွင် ပိုင်ရှောင်ချန်းက သူ၏ပေါင်ကို ရိုက်လိုက်တော့သည်။
” အရင်တုံးကလည်း ငါ့ရဲ အဆင့်သုံးဆေးတွေက ပေါက်ကွဲခဲ့သေးတာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက် ပေါက်ကွဲမှုဖြစ်တာက တခြားအကြောင်းအရင်းကြောင့်ကွ။ အဆင့်လေး ဝိညာဥ်ဆေးတွေက ဆေးလုံးပုံစံခဲသွားတဲ့ နောက်ဆုံးအဆင့်ရောက်ရင် သူတို့ရဲ့ ပတ်ဝန်းကျင်က ချီတွေကို စုပ်ယူလိုက်လို့ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာရတာပဲ။”
” ပြဿနာက သွေးမီးလျှံ ကျောက်တုံးတွေနဲ့ ဘာမှဆိုင်ဘူး။ ဆေးလုံးက အတွင်းထဲကနေလှိုက်ပြီး ပျက်စီးတာပဲ။” ရှုတ်ပွနေသည့် ဆံပင်များဖြင့် အသက်ရှူများပင် မြန်လာပြီး သူ့ မျက်ဝန်းများမှာ ဥာဏ်အလင်းပွင့်သွားသည့်အလား တောက်ပနေတော့သည်။ ထို့နောက် သူက အင်္ကျီလက်ကို ခေါက်ကာ ထပ်မံဖော်စပ်ရန် ဆေးပေါင်းဖို အသစ်တစ်ခု ထုတ်လိုက်တော့သည်။
ဆေးဖော်စပ်သည့် ဖြစ်စဥ်မှာ ဤအခေါက်တွင် ပို၍လျင်မြန်နေတော့သည်။ တစ်ရက်အကြာတွင် စိတ်စွမ်းအင်ဆေးများမှာ ရုပ်လုံးပင်ပေါ်လာပြီဖြစ်သည်။ ထိုအခါ သူက အနီးကပ်ကြည့်ရှုလိုက်ပြီး ထွက်ပေါ်လာရမည့် ရလဒ်အတွက် အဆင်သင့်ဖြစ်နေတော့သည်။ ရုတ်တရက်ဆိုသလိုပင် ထိုဆေးပေါင်းဖိုကြီးမှာ နီရဲသွားပြီး မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာတော့သည်။ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာေစရန် အင်အားများစုစည်းနေသည့်အလား ဖြစ်နေပြီး ဆေးပေါင်းဖိုကြီးမှာ ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ်တုန်ခါလာတော့သည်။
ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးပေါင်းဖိုကြီးကိုကိုင်ကာ အပြင်ဘက်သို့ ပြေးထွက်လိုက်ပြီး လေပေါ်သို့ မြှောက်တင်လိုက်တော့သည်။ သို့သော်လည်း ကံမကောင်းစွာပင် ဤအကြိမ်တွင် သူက အခြားလူများကို သတိပေးချိန် မရလိုက်ပေ။
ဆေးပေါင်းဖိုကြီး ပေါက်ကွဲသွားသည့်အခါ ကျယ်လောင်သည့်အသံကြီးတစ်သံထွက်လာပြီး အပိုင်းအစများစွာမှာ ခရမ်းရောင်မီးတောက်များနှင့်အတူ အရပ်မျက်နှာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
ထို အပိုင်းအစများ မြေကြီးပေါ်သို့ ကျသွားသည့်အခါ တဒုန်းဒုန်းမြည်သံများ ထွက်လာလေသည်။ တချိန်ထဲမှာပင် ဒေါသတကြီး အော်ဟစ်သံများလည်း ပေါ်လာတော့သည်။
” နောက်တစ်ခေါက်ဖြစ်ပြန်ပြီ။ ညမုဆိုး …မင်းဘာတွေလုပ်နေတာတုံးကွ။ “
” ညမုဆိုး မင်းဆေးဖော်နေတာရော ဟုတ်ရဲ့လား။ ငါတို့ကို သတ်ချင်နေရင်လည်း လာချကွာ။”
” သူ ဘာဆေးတွေဖော်ဖို့များ ကြိုးပမ်းနေတာတုံးဟ။”
ထိခိုက်ဒဏ်ရာ ရရှိသွားသည့် ကျင့်ကြံသူ ဆယ်ယောက်လည်းရှိပြီး သူတို့မှာ ဒေါသထွက်နေကြပါသော်လည်း အံကြိတ်ရုံရလွဲ၍ မတတ်နိုင်ခဲ့ပေ။ ညမုဆိုးကို သူတို့မှာ ပြဿနာမရှာရဲလောက်အောင် ဖြစ်နေသည်။
ပိုင်ရှောင်ချန်းကမူ ကြောက်ကြောက်နှင့် သူ၏အင်မော်တယ်ဂူထဲတွင်သာ ဝင်နေလေသည်။ သို့သော်လည်း အချိန်အနည်းငယ်ကြာသည့်အထိ မည်သူမျှလာအပြစ်မတင်ကြသဖြင့် သူက သက်ပြင်းချကာ အဝေးကိုလှမ်းကြည့်လိုက်လေသည်။
” မင်းတို့က ငါ့အခြေအနေကိုနားလည်ပေးပြီး ပြဿနာလာမရှာကြဘူးပဲ။ မပူပါနဲ့ကွာ။ ဒီတစ်ခေါက်က နောက်ဆုံးပါပဲ။ ငါကတိပေးပါတယ်။” သူ၏ အလုပ်ထဲတွင် စိတ်အပြည့်နှစ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်တစ်ခေါက်ထပ်၍ ဖော်စပ်ရန် ပြင်လိုက်လေသည်။
သုံးရက်ကြာသော်….
” သောက်ကျိုးနည်းဟေ့။ ဘာတွေများ မှားနေပြန်တာတုံး။” သူက ရူးသွပ်တော့မည့်အလား အပြင်ဘက်သို့ ပြေးထွက်ကာ ဆေးပေါင်းဖိုကြီးကို လေထဲသို့ မြှောက်တင်လိုက်ပြန်သည်။
ဒုန်း……
ငါးရက်ကြာသောအခါ…… ဒုန်း….
ခုနစ်ကြာသောအခါ…… ဒုန်း……
ဆယ်ရက်ကြာသောအခါ…..
” ဘာလို့ဒီလိုများ ဖြစ်နေရတာလဲကွာ။ ” သူက လုံးဝကို ရူးသွပ်နေပြီဖြစ်သည်။ ဤအကြိမ်တွင်မူ သူက ယခင်ကထက်ပို၍ ကြီးမားသည့် ဆေးပေါင်းဖိုကြီးကို လေထဲသို့ မြှောက်တင်လိုက်ပြန်သည်။
ဒုန်းးးး……..
ထိုဆယ်ရက်အတွင်း အလယ်တောင်ထိပ်တစ်ခုလုံးမှာ ရူးသွပ်နေတော့သည်။ တစ်ရက်တစ်ခါသို့မဟုတ် နှစ်ရက်တစ်ခါဆိုသလို ဆေးပေါင်းဖိုတစ်လုံးမှာ ပေါက်ကွဲနေပြီး အပိုင်းအစများစွာနှင့် မီးတောက်များမှာ မိုးစက်များအလား ကျဆင်းနေခဲ့သည်။ အလယ်တောင်ထိပ်ရှိ နေရာအများစုမှာ ပြာကျနေကြပြီဖြစ်သည်။
အသစ်တည်ဆောက်ထားသည့် အင်မော်တယ်ဂူများစွာမှာလည်း ပြာပုံဘဝရောက်နေကြပြီဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက်မှာ ဒေါသတကြီး အော်ဟစ်နေကြတော့သည်။ အဆုံးတွင် အလယ်တောင်ပေါ်ရှိ မြက်ပင်တိုင်း၊ အပင်တိုင်းမှာ မီးလောင်ကျွမ်းကုန်ကြတော့သည်။
နတ်ဆရာ၏ အင်မော်တယ်ဂူမှာ ထိခိုက်မှုမရှိသော်လည်း သူ့ကို မီးတစ်ခါ စွဲသွားခဲ့သည်။
အလယ်တောင်ထိပ်ရှိ ကျင့်ကြံသူများ၏ သတ်ဖြတ်လိုစိတ်များမှာ ပေါက်ကွဲထွက်တော့မည့်အလားပင် ဖြစ်နေတော့သည်။
လက်ချောင်းအထက်ပိုင်းတွင်မူ အခြေအနေက အနည်းငယ်ပိုကောင်းသည်။ သို့သော်လည်း မီးတောက်များမှာ မကြာမီတွင် ထိုနေရာအထိ ပျံ့နှံ့သွားကြသဖြင့် အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်နှင့် နှောင်ပိုင်းအဆင့် ကျင့်ကြံသူများမှာလည်း ဒေါသမီးများ တောက်လောင်လာကြတော့သည်။ အလယ်တောင်ထိပ်တစ်ခုလုံးမှာ ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ပင် ဖြစ်နေတော့သည်။
” ညမုဆိုး မင်းတော့ သေချင်နေပြီလား။”
” ငါ ညမုဆိုး ကိုမှ မသတ်ရရင် လူမဟုတ်တော့ဘူးဟေ့။”
” သောက်ကျိုးနည်းကွာ… ညမုဆိုး က အလယ်တောင်ထိပ်ကို ပြာဖြစ်တဲ့အထိများ မီးလောင်တိုက်သွင်းနေတာလား။ သူက ဆေးဖော်စပ်နေတာ မဟုတ်ဘူး။ ငါတို့ကို သတ်ဖို့ကြိုးစားနေတာပဲကွ။”
သူလေပေါ်သို့ ပစ်တင်လိုက်သည့် ပုံမှန်ထက် ကြီးမားသည့် ဆေးပေါင်းဖိုကြီးမှာ မြေပြင်ပေါ်သို့ မကျမခြင်း မပေါက်ကွဲပေ။ သွေးရေတံခွန်တစ်ခုထဲသို့ ထိုဆေးပေါင်းဖိုကြီးက ဝင်သွားသောအခါမှ ဒုန်းခနဲအသံကျယ်ကြီးတစ်သံထွက်လာပြီး သွေးစက်များနှင့် ရေများစွာတို့မှာ အရပ်မျက်နှာအနှံ့သို့ ပန်းထွက်လာကြတော့သည်။ စုန့်ချွဲထံမှ သနားစဖွယ်အော်ဟစ်သံတစ်သံထွက်ပြီး သူပေါ်ထွက်လာသောအခါ တစ်ကိုယ်လုံးမီးလောင်နေတော့သည်။ သူ၏ဆံပင်နှင့် မျက်ခုံးမွှေးများမှာ ချက်ချင်းဆိုသလိုပင် လောင်ကျွမ်းပျက်စီးကုန်တော့သည်။
” ညမုဆိုးးးးး ” သူက အသံကုန်အော်ဟစ်ကာ ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူဆီသို့ ပြေးသွားတော့သည်။ သူ၏လုပ်ရပ်ကြောင့် အခြားကျင့်ကြံသူများ၏ မျိုသိပ်ထားရသည့် ခံစားချက်များပါ ပေါက်ကွဲထွက်လာကြပြီး သူတို့မှာ စုန့်ချွဲနှင့် ပူးပေါင်းကာ အသံကုန်အော်ဟစ်နေကြတော့သည်။
” ညမုဆိုး ကိုသတ်ဟေ့။”
” ညမုဆိုး ကိုမသတ်ရင် ငါတို့အကုန်သေလိမ့်မယ်။”
” အစတုံးက သူက သွေးချီတွေကို နှောင့်ယှက်တယ်။ ပြီးတော့ အဲ့ယုန်ကို လိုက်ဖမ်းပြီး အခုကြတော့ ဒီပေါက်ကွဲနေတဲ့ ဆေးပေါင်းဖိုတွေ လာပြန်ပြီ။ ညမုဆိုး က ခြေထောက်ပေါက်နေတဲ့ ကပ်ဘေးကြီးပါလား။”
” မင်းတော့ အသေပဲ ညမုဆိုး ရေ။ သွေးချီကိစ္စတုံးက မင်းက ငါ့ရဲ့ အင်မော်တယ်ဂူကို ဖျက်စီးခဲ့တာ။ ပြီးတော့ ယုန်နဲ့တုံးကတစ်ခေါက်။ အခု ဆေးပေါင်းဖိုနဲ့လည်း နောက်တစ်ခေါက်။”
အလယ်တောင်မှ ကျင့်ကြံသူများမှာ ဤကဲ့သို့ ယခင်က တစ်ခါမျှ မညီညွှတ်ခဲ့ဖူးပေ။ အခြေခိုင်မာခြင်းပထမအဆင့်မှ နောက်ဆုံးအဆင့်ကြားရှိ ကျင့်ကြံသူကိုးဆယ်ရာခိုင်နှုန်းလောက်မှာ သတ်ဖြတ်လိုစိတ်များဖြင့် ဒေါသမီးများတောက်လောင်နေကြပြီး ပိုင်ရှောင်ချန်း၏ အင်မော်တယ်ဂူကို ဖျက်စီးရန် အပြေးသွားနေကြတော့သည်။
ဂိုဏ်းက ဤလုပ်ရပ်ကို တားမြစ်မည်ဆိုလျှင်တောင် သူတို့က ဂရုစိုက်တော့မည်မဟုတ်။ လူတစ်ယောက်ထဲအတွက် အလယ်တောင်ထိပ်ပေါ်ရှိ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအားလုံးကို အခက်တွေ့အောင် လုပ်မည်မဟုတ်ကြောင်း သူတို့က ယုံကြည်ထားကြတော့သည်။
ဖြစ်ပျက်နေသည်များကို မြင်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ ကြောက်ကြောက်နှင့် ခေါင်းတစ်ခုလုံး ထူပူနေတော့သည်။ သူက အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့်တွင် ရှိနေပြီး ရန်သူလူအုပ်တစ်ခုကို အလွယ်တကူအနိုင်ယူနိုင်ပါသော်လည်း လူသားတာအိုနှင့် မြေစီးကြောင်း အခြေခိုင်မာခြင်းပထမအဆင့်နှင့် နောက်ဆုံးအဆင့်ကြားရှိသော သတ်ဖြတ်လိုစိတ်များပြင်းထန်နေကာ အများစုမှာ ဆံပင်နှင့် မျက်ခုံးမွှေးများမရှိကြတော့သည့် ကျင့်ကြံသူများစွာ သူ့ဆီသို့ ပြေးလာနေသည့် မြင်ကွင်းမှာ တုန်လှုပ်ဖွယ်ကောင်းလှပေသည်။
စုန့်ချွဲက သူတို့အားလုံးကို ဦးဆောင်လာသည်။ ထိုလူအုပ်ကြီး၏ အော်ဟစ်နေသံများမှာ တောင်ထိပ်ပေါ်တွင် မိုးကြိုးပစ်နေသည့်အလား တုန်ခါနေတော့သည်။
” ငါပြောတာနားထောင်ကြပါအုံး ကိုယ့်လူတို့ရာ။” ပိုင်ရှောင်ချန်းက ကြောက်ကြောက် လန့်လန့်ဖြစ်နေပြီး ဖြူဆုတ်နေသည့်မျက်နှာဖြင့် အော်ပြောလိုက်သည်။ နောက်သို့ဆုတ်ကာ ရှင်းပြရန် ပြင်လိုက်ပါသော်လည်း သူ၏အသံမှာ ဒေါသတကြီးအော်ဟစ်သံများအကြားတွင် ပျောက်ကွယ်သွားသည်။ ထိုလူအုပ်ကြီးနီးကပ်လာပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှ စွမ်းအားများ ထွက်ပေါ်လာသောအခါ သူတို့၏ ဒေါသပင်လယ်လှိုင်းလုံးများအကြား လှေကလေးပေါ်တွင် ပိုင်ရှောင်ချန်းတစ်ယောက်မှာ အသက်လုကာ ဒယိမ်းဒယိုင်ဖြစ်နေသည်နှင့်ပင် တူနေသည်။
ထိုအချိန်တွင် ဘိုးဘေးတောင်ပေါ်မှ ရေခဲတမျှ အေးစက်စက်လှသည့် နှာမှုတ်သံတစ်သံထွက်လာသည်။ ထိုအသံမှာ စိတ်ဆိုးနေသော လူအုပ်ထဲရှိ လူများ၏ အတွေးထဲသို့ ဖောက်ဝင်သွားသောအခါ ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန် ပြင်နေကြသူများမှာ စိတ်ဝိညာဥ်ထဲကပင် တုန်လှုပ်သွားကြတော့သည်။
ထိုကဲ့သို့ကြီးမားလှသည့် လူအုပ်ကြီးကို ဂိုဏ်းစောင့်အကြီးအကဲ သို့မဟုတ် ခေါင်းဆောင်ကြီးတစ်ယောက်သာ ငြိမ်သက်အောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ မည်သူနှာမှုတ်လိုက်သည်ကို မသိကြသော်လည်း အားလုံးမှာ တုန်ရီနေကြတော့သည်။
ချက်ချင်းဆိုသလိုပင် မဟာ အကြီးအကဲ စုန့်ကျင်းဝမ်မှာ ပိုင်ရှောင်ချန်းရှေ့တွင် ပေါ်လာသည်။ ကျင့်ကြံသူအုပ်စုကြီးကို ဝေ့ကြည့်လိုက်ကြီး သူမက မျက်မှောင်ကြုတ်ကာ ဆိုလိုက်လေသည်။
” တော်ရုံပဲ ကောင်းတယ်။ ညမုဆိုး က တမင်လုပ်နေတာမှ မဟုတ်တာပဲ။ ဆေးဖော်စပ်တဲ့နေရာမှာ မတော်တဆဖြစ်တာတွေကို ရှောင်ရှားဖို့က ခက်တယ်လေ။”
ဘေးနားရှိ ကျင့်ကြံသူများမှာ ဘာမှပြန်မပြောနိုင်ပေ။ မဟာ အကြီးအကဲကို ကြောက်ရွံ့လေးစားကြပါသော်လည်း သူတို့မှာ နဂိုထဲက ခေါင်းမာသည့်လူမျိုးများဖြစ်၍ အတွင်းစိတ်ထဲတွင်မူ ဒေါသထွက်နေဆဲပင်။ သူတို့၏မျက်ဝန်းများမှပင် ကြမ်းကြုတ်သော အေးစက်မှုများ ထွက်ပေါ်နေသည်။
” ခေါင်းဆောင်ကြီးက ဒီလိုလုပ်ဖို့ ခွင့်ပြုထားတာနော်။”စုန့်ကျင်းဝမ်က အေးစက်စွာတောက်ပနေသည့် မျက်ဝန်းများဖြင့် တည်ကြည်စွာ ဆက်ပြောလိုက်သည်။ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများက ထိုစကားကိုကြားလိုက်သောအခါ ခါးသက်စွာ သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်တော့ပေ။ ကိုယ့်လျှာကိုယ်ပြန်ကိုက်ကာ လှည့်ထွက်သွားကြတော့သည်။ ပိုင်ရှောင်ချန်းကို မုန်းတီးနေသူများကမူ သူတို့၏ စိတ်ထဲတွင် မီးတောက်တစ်ခုအလား လောင်ကျွမ်းနေဆဲပင်။
သူတို့အားလုံးမှာ တစ်ခုထဲသော အရာကို တွေးနေကြတော့သည်။
” မင်းဒါမျိုး ဆက်လုပ်လို့ရပါဘူးကွာ။ ခေါင်းဆောင်ကြီးရဲ့ စိတ်ရှည်မှုဆိုတာ အတိုင်းအတာရှိတယ်။ အနှေးနဲ့အမြန် မင်းက ခါးခါးသီးသီးနဲ့ ဘဝကို အဆုံးသတ်ရမှာပဲ။”
သူတို့က ညမုဆိုး ကို ဂိုဏ်းက အပြစ်ပေးမည့်နေ့အား မျှော်လင့်နေပြီး စိတ်ထဲတွင် အေးစက်စက် ရယ်မောနေတော့သည်။
လူအုပ်ကြီးထွက်ခွာသွားသော်လည်း ပိုင်ရှောင်ချန်းမှာ ကြောက်လန့်နေဆဲပင်။ စုန့်ကျင်းဝမ်ကို လှမ်းကြည့်လိုက်ပြီး သူက သူ၏ ရင်ဘတ်ကိုပုတ်ကာ ဆိုလိုက်လေသည်။ ” အဲ့လူတွေက ရှင်းပြလို့ကို မရဘူး။ ကျုပ်က ဂိုဏ်းအတွက် ဆေးဖော်စပ်နေတာလေဗျာ။”
ထွက်ခွာရန်ပြင်နေသည့် စုန့်ကျင်းဝမ်က ထူးဆန်းသည့် အမူအရာဖြင့် ပိုင်ရှောင်ချန်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက်သူမက ခေါင်းယမ်းလိုက်လေသည်။ ဆေးဖော်စပ်ခြင်းမှာ ဤမျှလောက် အန္တရာယ်များလိမ့်မည်ဟု သူမပင် ထင်မှတ်မထားခဲ့ပေ။
အနည်းငယ် တုန့်ဆိုင်းေနပြီးနောက် သူမက တည်ကြည်သော လေသံဖြင့် ဆိုလိုက်လေသည်။
” ညမုဆိုး ရေ။ ခေါင်းဆောင်ကြီးကို စိတ်ကျေနပ်စေမဲ့ ဆေးလုံးတစ်လုံး ဖော်စပ်နိုင်မှ မင်းအဆင်ပြေမှာနော် ” ထို့သို့ ပြောပြီး သူ့ကို အဓိပ္ပါယ်ပါပါကြည့်လိုက်ကာ ထွက်ခွာသွားတော့သည်။
သူမက ထိုထက်ပို၍ အသေးစိတ်မပြောလိုပေ။ ညမုဆိုး က သူမ ဆိုလိုသည်ကို နားလည်မည်ဖြစ်ကြောင်း သူမ သိလေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်အုပ်စုမှာ ရလဒ်ကိုသာ ပဓာနထားသည်ဖြစ်ပြီး လုပ်ငန်းစဥ်ကို ဂရုမစိုက်ပေ။ အဆုံးတွင် ခေါင်းဆောင်ကြီးကျေနပ်စေမည့် ဆေးလုံးကိုသာ ပိုင်ရှောင်ချန်းဖော်စပ်နိုင်ပါက ဖြစ်ခဲ့သမျှ အရာအားလုံးမှာ အရေးကြီးတော့မည်မဟုတ်။ သူလွန်လွန်ကျူးကျူး မလုပ်သ၍ ခေါင်းဆောင်များမှာ အမှားအယွင်းများကို လျစ်လျူရှုပေးထားမည်သာဖြစ်သည်။ ဖြစ်လာမည့်အကျိုးဆက်များထံမှလည်း ကာကွယ်ပေးဦးမည်ဖြစ်သည်။
သို့သော်လည်း စိတ်ကျေနပ်စရာ ဆေးလုံးကို မဖော်စပ်နိုင်ပါက သူ့ကို အသုံးမဝင်သောသူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဂိုဏ်းက နစ်နာခဲ့သည်များအတွက် ပြန်လည်ပေးဆပ်ခိုင်းမည်သာဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် သူက ပိုအသုံးဝင်လေ ဂိုဏ်းက သူ့ကိုပိုအသုံးချလေဖြစ်မည်ဖြစ်ပြီး သူက ဂိုဏ်းထဲတွင် ပို၍ အာဏာကြီးမားလာမည်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်နေတော့သည်။ သူက ဖြစ်ပျက်နေသည်များကို သိနားလည်ပေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လည်ပတ်ပုံကို ရုပ်အလောင်းတောင်ကထဲက သူ သိရှိပြီးသားဖြစ်သည်။
” သူတို့က ရလဒ်ကိုပဲကြည့်တာ။ ဘယ်လိုနည်းနဲ့ရရ ဂရုမစိုက်ဘူးပဲ။” သူက သက်ပြင်းချနေတော့သည်။
” ကောင်းလိုက်တဲ့ဂိုဏ်းပါလားကွ။” သူက ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး အင်မော်တယ်ဂူသို့ပြန်ကာ ဆက်လက်၍ဆေးဖော်စပ်နေတော့သည်။
ဘိုးဘေးတောင်ပေါ်တွင်မူ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက ခန်းမကျယ်ကြီးထဲတွင် ထိုင်နေသည်။ အလယ်တောင်ထိပ်မှအကြည့်ကိုခွာလိုက်ပြီး သူ့ဘေးနားရှိ ဂိုဏ်းစောင့်အကြီးအကဲနှစ်ယောက်ကို ပြုံးပြလိုက်လေသည်။ သူတို့အားလုံးမှာ ကျေနပ်နေပုံပေါ်သည်။
” ညမုဆိုး ရဲ့ ဆေးဖော်စပ်နည်းတွေက နည်းနည်းလေးများ ကြမ်းမနေဘူးလား။” ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်က ခေါင်းယမ်းရင်း မေးလိုက်လေသည်။
အခြား ဂိုဏ်းစောင့်အကြီးအကဲကမူ ရယ်နေတော့သည်။ ခပ်ရွဲ့ရွဲ့လေသံဖြင့် သူက ဆိုလိုက်လေသည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေဆိုတာ အဲ့လိုဖြစ်နေရမှာ။ တခြားလူတွေနဲ့ မတူအောင် ဆေးဖော်စပ်လိုက်စမ်းပါ။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ သူက မိစ္ဆာဆန်တဲ့ လမ်းကိုလျှောက်နေမှန်း မြင်နိုင်တယ်ကွ။ လူတိုင်းက ရေနွေးသောက်နေတဲ့အတိုင်း ဆေးဖော်စပ်နေချိန်မှာ သူက ပြင်းထန်တဲ့ ဗီဇနဲ့ ဖော်စပ်နေတာပဲ။”