အခန်း ( ၂၂၂ )

ငါဆေးဖော်ရမယ်

“ငါ ဆေးဖော်ရမယ်”

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုဖြင့် တောက်ပနေ၏။ သန့်ရှင်းသော ဆေးတိုင်ကြီးမှ ရရှိလိုက်သော ဉာဏ်အလင်းပွင့်ခြင်းနှင့် ဟန်ဇောင်ဂိုဏ်း ဆေးပညာလက်စွဲကျမ်းမှ အချက်အလက်များကြောင့် သူ၏ တာအိုဆေးပညာကျွမ်းကျင်မှုသည် အဆင့်သုံးစိတ်စွမ်းဆေးလုံးများသာ ဖော်ထုတ်နိုင်ခြင်းမှ အဆင့်တက်နိုင်သွား၏။ သူက ယခုအချိန်တွင် အဆင့်လေးစိတ်စွမ်းအင် ဆေးလုံးများကို အမှန်တကယ် ဖော်ထုတ်နိုင်တော့မည်မှာ အသေအချာပင်။

ကျင့်ကြံခြင်းကမ္ဘာ၏ အရှေ့ဖက်အောက်ပိုင်းဒေသများတွင် အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးများမှာ စျေးခေါင်ခိုက်နေသည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအတွက် ထိုဆေးလုံးများကို မလွဲမသွေ လိုအပ်လေသည်။ ပို၍ သိသာထင်ရှားသည်မှာ အခြေခိုင်မာခြင်းဆေးလုံးများပင်ဖြစ်၏။

စင်စစ် အခြေခိုင်မာခြင်းဆေးလုံးများမှာ အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးများဖြစ်ကြပြီး ဖော်စပ်ရန် အလွန် ခက်ခဲလေသည်။ ထိုဆေးလုံးများကို အမှန်တကယ် ဖော်ထုတ်နိုင်သည့် မည်သူမဆို ထိပ်တန်းသမားတော်အဖြစ် သတ်မှတ်ခံရ၏။

ထိပ်တန်းသမားတော်များမှာ အလွန်တရာ ရှားပါး၏။ သွေးနတ်ရေစင်ဂိုဏ်း၌ တချိန်က အနည်းငယ်ခန့်ရှိခဲ့သော်လည်း နောက်တွင် တစ်ဦးမှ မရှိတော့ချေ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသည်လည်း ထိုနည်း၄င်းပင်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်မူ ထိပ်တန်းသမားတော်များအပြင် ဂိုဏ်းစေါင့် အကြီးအကဲများနှင့် အဆင့်တူသည့် မဟာထိပ်တန်းသမားတော်ကြီးများပင်လျှင် ရှိကြလေသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ထိပ်တန်းသမားတော်များမှလွဲ၍ အခြားတစ်ယောက်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တစ်ဦးတည်းသော လီချင်းဟောက်ပင်။

သို့သော် ယခုတွင်မူ ပိုင်ရှောင်ချန်းက အဆင့်သုံးစိတ်စွမ်းဆေးလုံး၏ အထွတ်အထိပ်တွင်ရောက်နေကာ အဆင့်လေးသို့ တက်ခါနီးဆဲဆဲဖြစ်၏။ သဘောတရားအရ သူပိုင်ဆိုင်ထားသည့် အသိပညာများမှာ နောက်တစ်ဆင့်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိနေသည်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီးနောက် သူက လက်ဆန့်ထုတ်လိုက်ကာ ဂိုဏ်းကထောက်ပံ့ပေးထားသည့် ပစ္စည်းအိတ်ကို ဖွင့်လိုက်၏။ ပွင့်သွားချင်းမှာပင် အသက်ရှူမှားသွားပြီး ထိုအိတ်ထဲပါရှိသည့် ပစ္စည်းများအေကြာင်း သိသည်နှင့်အမျှ စိတ်လှုပ်ရှားကာတုန်ရီလာလေသည်။

” ဒီဟာက နဂါးဝိညာဥ်အမြစ်ပါလား..။ သက်တမ်းခုနစ်ရာကျော်ပြီဆိုတာ ယုံတောင် မယုံနိုင်ဘူး”

“ဒီဟာက သွေးအေးမိစ္ဆာအရွက်ပဲ။ နှစ်လေးရာတောင် ကျော်နေပြီ”

“လျှို့ဝှက်သစ်သီး..။ တာအိုအင်မော်တယ်ပန်းပွင့်…”

သူ့ကို ယခု ပေးလိုက်သည့် ဆေးအပင်တစ်ပင်ချင်းစီတိုင်းမှာ ယခင်ကပစ္စည်းတွေထက် ပို၍ တန်ဖိုးကြီးမားပုံပေါ်ပြီး အလွန် ရှာရခက်လေသည်။ ထိုဆေးရွက်၊ဆေးပင်များချီးမြှင့်လိုက်ခြင်းဖြင့် သွေးနတ်ရေစင်ဂိုဏ်းက သူ့ကိုမည်မျှ အရေးကြီးတန်ဖိုးထားကြောင်း သိသာထင်ရှားလေသည်။ သူမှန်းထားသည့်အတိုင်းအတာထက်ပင် ကျော်နေချေသည်။

သို့သော် သူ့မှာ စိတ်နှစ်ခွဖြစ်နေ၏။တစ်ဖက်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူ့ကို အံသြစရာကောင်းလောက်အောင် ဆက်ဆံလေသည်။ အခြားတစ်ဖက်တွင်မူ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလူ ဖြစ်ကြောင်း မေ့မရချေ။

မည်သို့မည်ပုံ လုပ်ရမည်ကို ဖင်ပြန်ခေါင်းပြန်တွေးတောနေလျက် ဝေခွဲမရနိုင်ဖြစ်နေသော်လည်း လောလောလတ်လတ်မှ ရောက်လာသည့် ထည့်စရာအိတ်နှစ်ခုအား ကြည့်လိုက်၏။

၄င်းအနက်မှ တစ်ခုက ဆေးပေါင်းဖိုများ ပါပြီး အခြားတစ်အိတ်တွင်မူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အနှိုင်းမဲ့ သွေးမီးလျှံကျောက်တုံးများပင်။

ထို သွေးမီးလျှံကျောက်တုံးများသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မြေမီးတောက် သလင်းကျောက်များထက် အဆင့်မြင့်သည်ကလွဲ၍ ခပ်ဆင်ဆင် တူလေသည်။ ထိုကျောက်တုံးများမှ မီးပြင်းအားက ဆေးဖော်ခြင်းအတွက် မရှိမဖြစ်အရာပင်ဖြစ်သည်။ အနည်းငယ် စမ်းသပ်ပြီးနောက် ထိုကျောက်တုံးများမှ သုံးရောင်ခြယ်မီးတောက်များကို ထုတ်နိုင်ကြောင်း ပိုင်ရှောင်ချန်းက အတည်ပြုလိုက်၏။

သူက လောင်စာအတွက် လေးရောင်ခြယ်မီးတောက်များကို ပို၍ နှစ်သက်ပါသော်လည်း သုံးရောင်ခြယ်မီးတောက်များသည်လည်း ကျေနပ်အားရဖွယ် ကောင်းနေသေးသည်။ နောက်ဆုံးတွင် သူက ဆုံးဖြတ်ချက်ချလိုက်၏။ သူဆေးလုံးများကိုဖော်မည်။ ထို့နောက် ထိုအထဲက ဆေးလုံးအနည်းငယ်ကို သူ့အတွက် တိတ်တိတ်ကလေး ယူထားလိုက်မည်။

အရင်က ဥမင်လှိုဏ်ခေါင်းထဲ၌ ရွက်လေးပင်များကို နှုတ်ယူလာသောကြောင့် သူ့အိတ်ထဲတွင် ရှိနေသေးသည်။ သို့သော်လည်း သွေးနတ်ရေစင်ဂိုဏ်းထဲတွင်မူ လိပ်ဒယ်အိုးကို အသုံးမပြုရဲပေ။ အနည်းငယ်လေး ထိခိုက်သွားမည်ကိုပင် သေမတတ်ကြောက်လေသည်။

ဆေးပေါင်းဖိုများဖြင့်အိတ်ကို အနီးကပ်ကြည့်လိုက်ပြီးနောက် အဖိုးထိုက်သော ဆေးသစ်ပင်များကြောင့် ပိုမိုအံ့သြတုန်လှုပ်နေသည်။

မျက်လုံးများ ပြူးကျယ်နေလျက် သူက ပြောလိုက်သည်။

“ဒီထဲမှာ ဆေးပေါင်းဖို ဘယ်နှစ်ခုတောင်လဲဟ”

ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး ရေတွက်လိုက်သည့်အခါ ဆေးပေါင်းဖို အခုတစ်ရာကျော်လေသည်။ သေးသေး ကြီးကြီး အရွယ်အစားအစုံရှိပြီး အသစ်များနှင့် အဟောင်းများပါရောနေသည်။ ထိုမြင်ကွင်းမှာ ပိုင်ရှောင်ချန်း၏ အမြင်အာရုံကိုပင် ဝေဝါးသွားစေသည်။

ထိုအထဲတွင် သိသာထင်ရှားသည့် မှော်ဝင် ဆေးပေါင်းဖို ဒါဇင်အနည်းငယ်ပင် ပါရှိ၍ တခြားဆေးပေါင်းဖိုများမှာမူ အတိတ်က သမားတော်များက ကြိမ်ဖန်များစွာ အသုံးပြုခဲ့ခြင်းကြောင့် စွမ်းအားကြီးသော ဆေး အငွေ့အသက်များပင် ထွက်ပေါ်နေသည်။

“ဒီလူတွေ ဒီဟာအကုန်လုံးကို ဓားပြတိုက်ထားတာများလား”

မျက်လုံးများကို ပွတ်လျက် တွေးလိုက်၏။အတွင်းကျကျ ထပ်စစ်ဆေးလိုက်ပြီးနောက် ဆေးပေါင်းဖို အကုန်လုံးနီးပါးတွင် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သင်္ကေတဖြစ်သော ဒယ်ဇောက်သဏ္ဋ္ဌာန် အမှတ်အသားရေးထိုးထားသည်။

၄င်းတို့မှာ နှစ်ပေါင်းများစွာကတည်းက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများထံမှ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လုယက်ခဲ့သည့်
ဆေးပေါင်းဖိုများဖြစ်သည်မှာ သိသာထင်ရှား၏။

ဆေးပေါင်းဖိုများအပြင် ကျောက်စိမ်းပေလွှာအချို့သည်လည်း အိတ်ထဲတွင် ရှိ၏။
ထိုပေလွှာတို့ကို စပ်စုကြည့်ပြီးနောက် ပိုင်ရှောင်ချန်းမှာ နောက်တစ်ကြိမ် ချာချာလည် မူးနောက်သွားပြီး ပြန်သက်သာရန် အချိန်အတော်ယူလိုက်ရသည်။ ထိုကျောက်စိမ်းပေလွှာများမှာ မယုံနိုင်ဖွယ်ရာ တန်ဖိုးကြီးလှ၏။

သူတို့တွင် မရေမတွက်နိုင်သည့် ဆေးဖော်စပ်နည်းများ ရေးထွင်းထား၏။

ထိုအနက်မှ အချို့သည် အဆင့်ငါးစိတ်စွမ်းအင်ဆေးလုံးဖော်စပ်နည်းပင်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးတွင် စိတ်အားထက်သန်သောအလင်းများဖြင့် တောက်ပသွားသည်။
ယခုကဲ့သို့ ဆေးသစ်ပင် အများအပြားနှင့် ဆေးပေါင်းဖို အခုတစ်ရာကျော်က သူ့ မျက်စိရှေ့တည့်တည့်တွင် ရှိနေခြင်းက သူကို လုံးလုံး စိတ်လှုပ်ရှားသွားစေသည်။ ထို့ကြောင့် ဆေးပေါင်းဖိုတစ်လုံးနှင့် သွေးမီးလျှံကျောက်တုံးအချို့ကို ချက်ချင်းထုတ်ယူလိုက်၏။ စိတ်စွမ်းအင်ကိုသုံး၍ ကျောက်တုံးကို မီးရှို့လိုက်သည်နှင့် သွေးရောင်ခြယ် မီးတောက်က အခန်းထဲတွင် တောက်ပလာ၏။

“ဆေးဖော်မယ်.. ဆေးဖော်ရမယ်”

သူက အခြေခိုင်မာခြင်းဆေးလုံးက မစပေ။ ထိုအစား ဝိညာဥ်ချုပ်ဆေး ဟုခေါ်သည့် ဖော်စပ်နည်းကို လေ့လာလိုက်ပြီး ထိုဆေးလုံးကို စဖော်တော့သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကုန်သွားသည်။ပိုင်ရှောင်ချန်းက အပြင်သို့ တစ်ကြိမ်မျှ မထွက်ချေ။ မကြာမီပင် သူ၏ ဆံပင်များ ထိုးထိုးထောင်ထောင်နှင့် ဖရိုဖရဲ ဖြစ်လာ၏။

သူက ဆေးဖော်စပ်ခြင်းတွင် အလုံးစုံ စိတ်နှစ်ထားလေသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် ကျရှုံးနေသောကြောင့် သေချာအာရုံစူးစိုက်ပြီး စမ်းသပ်မှုများကို လုပ်နေ၏။ သူက အတွေးထဲတွင် နစ်မြောနေပြီး အကြံဉာဏ်သစ်ရသည်နှင့် ပျော်ရွှင်မှုဖြင့် ကျယ်လောင်စွာထရယ်လေ့ရှိသည်။

ထိုသို့ သူ့ရယ်သံကြီးက အင်မော်တယ်ဂူအပြင်သို့ ဟိန်းထွက်လာသောကြောင့် သွေးသစ်ပင်များမှာ တဆတ်ဆတ်တုန်သွားကြပြီး ထိုအနီးအနားမှ ဖြတ်သွားသည့် အလယ်တောင်ထိပ်ကျင့်ကြံသူများမှာ လန့်ဖြတ်သွားလေ့ရှိသော်လည်း အများစုမှာ အထင်အမြင်သေးသွားကြသည်။

အလယ်တောင်ထိပ်မှ ကျင့်ကြံသူအများစုက ပိုင်ရှောင်ချန်းကို သတ်ဖြတ်ချင်ကြသော်လည်း တစ်ဦးတစ်ယောက်မှ စိန်မခေါ်ဝံ့ကြချေ။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အတင်းအဖျင်း မျိုးစုံပြန့်လာ၏။

“ဆေးတိုင်ကြီးရဲ့ ဉာဏ်အလင်းပွင့်မှုကို ရရင်ကော ဘာဖြစ်လဲ။ သူ့ကိုယ်သူ ဒီလိုမျိုး အံသြဖွယ်စိတ်စွမ်းအင်ဆေးလုံးတွေကို ဖော်နိုင်မယ်လို ထင်နေတာလား”

“ဟမ့်…ငါကြားတာကတော့ တစ်ဂိုဏ်းလုံးမှာရှိတဲ့ ဆေးပင်တွေကို ညမုဆိုး ဆီ ပို့ကြတယ်တဲ့။ သူ့သေတွင်းသူ တူးနေတာပဲကွ။ သူ မအောင်မြင်မှာ အသေအချာပဲ.. ကံကောင်းထောက်မပြီး သာမန်စိတ်စွမ်းအင်ဆေးလုံးလေးတွေတော့ ဖော်နိုင်မှာပေါ့ကွာ။ အဲ့လိုသာဆိုရင်တော့ အဲ့ကောင် သေပြီပဲ”

“ဘယ်သူကများ ဆေးဖော်ရတာကို ဂရုစိုက်မှာတုံး။ ဂိုဏ်းက အဲ့တာကို အရေးကြီးတယ်လို့ ဘာလို့များ ထင်တာလဲ မသိတော့ပါဘူးကွာ”

သို့သော်လည်း စုန့်ကျင်းဝမ်နှင့် မဟာအကြီးအကဲသုံးယောက်အပြင် ဘိုးဘေးတောင်ရှိ ဂိုဏ်းစောင့်အကြီးအကဲများတွင် မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နေ၏။ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး ပင်လျှင် ထိုနည်းတူ ခံစားနေရပြီး အလယ်တောင်ထိပ်ကိုသာ အစဥ်တစိုက် ရှေးရှုနေလျက်ရှိသည်။

ဆယ်ရက်ကြာသွား၏။ ပိုင်ရှောင်ချန်း၏ ဂူပိတ်ကျင့်ကြံခြင်းအချိန်ကြာလာသည်နှင့်အမျှ အလယ်တောင်ထိပ်ကျင့်ကြံသူများက ပို၍ ပြက်ရယ်ပြု လှောင်ပြောင်လာကြတော့သည်။ အများစုမှာ မနာလိုဝန်တိုမှုကြောင့် ဖြစ်၏။ သူတို့က ပိုင်ရှောင်ချန်းနှင့် မဟာအကြီးအကဲရင်းနှီးခြင်း၊ ဂိုဏ်းက သူ့ကို အထူးအလေးပေး ဂရုစိုက်ခြင်းကို မနာရှုစိမ့်ဖြစ်နေကြကာ ဆေးပင်ရင်းမြစ်များ လက်ဆောင်ပေးခံနေရခြင်းကိုလည်း အားကျ ဝန်တိုနေကြသည်။

သို့သော်လည်း သူ၏ စွမ်းအားအဆင့်သည် သာမန်ထက်လွန်ကဲနေကြောင်း လူတိုင်းသိလေသည်။ သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းကြောင့် သူက လူသားတာအို အခြေခိုင်မာခြင်းဓမ္မစောင့်ေရှာက်သူအဆင့်ကို ကျော်လွန်ပြီးဖြစ်၏။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် အကြီးအကဲများမှာ ကြောက်လန့်တုန်လှုပ်နေကြကာ နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများပင် စိုးရိမ်နေကြသည်။

နောက်ထပ် သုံးရက် ကုန်လွန်သွားပြန်၏။

ပိုင်ရှောင်ချန်းက ဆေးဖော်ခြင်းတွင် တစ်လလုံးလုံး အာရုံစိုက် အလုပ်လုပ်နေခဲ့သည်။ သူ၏ အင်မော်တယ်ဂူထဲတွင် အရူးတစ်ယောက်သဖွယ်အလုပ်လုပ်နေကာ မျက်လုံးများမှာလည်း ရဲရဲနီနေလျက် ဆေးပေါင်းဖိုပတ်လည်တွင် ခေါက်တုံ့ခေါက်ပြန်ခွဲခြမ်းစိတ်ဖြာနေ၏။ ဆေးဖော်ခြင်းအလုပ်ကို တစ်စက်လေးမျှပင်မရပ်နားချေ။ ဆေးပင်များ ကို ထုတ်ပြီး သူအလိုရှိသည့် ဆေးစွမ်းအင်သို့ရောက်ရှိရန် အချိုးအစားထည့်လေ့ရှိ၏။ မအောင်မြင်သည့်အခါတိုင်း အောင်မြင်ရန် မျှော်လင့်ချက်ကို သူတွေ့ရလေသည်။

“ဒီတစ်ကြိမ်တော့ ငါမုချအောင်မြင်တော့မှာကွ”

ဆေးပေါင်းဖိုကို စိုက်ကြည့်နေလျက် နှုတ်ခမ်းသပ်လိုက်ပြီး အက်ကွဲကွဲ အသံဖြင့် ပြောလိုက်၏။ နာရီအတော်များများကုန်သွားပြီးနောက် ဆေးပေါင်းဖိုက စတင် လှုပ်ခါလာလေသည်။ ဆေးရနံ့ထွက်ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ မျှော်လင့်ချက်အလင်းများဖြင့် တောက်ပနေ၏။ တခဏကြာပြီးနောက်တွင် သူ၏ စိတ်လှုပ်ရှားနေမှုမှာ ထိတ်လန့်စိုးရွံ့မှုအသွင် ကူးပြောင်းသွားသည်။

“ဘာတွေဖြစ်ကုန်တာလဲ”

သူက မျက်လုံးများပြူးနေလျက် ပြောလိုက်၏။ ထိုအခိုက်အတန့်တွင် စိတ်စွမ်းအင်ဆေးလုံး ပေါ်ထွက်လာရမည် ဖြစ်သော်လည်း ဆေးပေါင်းဖိုသည် ရုတ်တရက် တဟုန်းဟုန်းတောက်ေလာင်လာကာ အပူရှိန်တက်လာ၏။
အပြင်ပန်းက ကြည့်ရသရွေ့ ဆေးပေါင်းဖိုကို သက်ရောက်နေသည့် ဆေးလုံး၏ စွမ်းအင်မှာ မတည်ငြိမ်သောကြောင့်ပင် ဖြစ်သည်။ သွေးမီးလျှံကျောက်တုံးများပင်လျှင် ဝါးမျို ခြင်းခံလိုက်ရပြီး အပူလှိုင်းကြီး ပေါ်ထွက်လာတော့သည်။ ရုတ်ခြည်းပင် ပိုင်ရှောင်ချန်းက အန္တရာယ် အငွေ့အသက်ကို အာရုံခံမိလိုက်၏။

အက်ကွဲသံများ မြည်ဟည်းလာပြီး ဆေးပေါင်းဖိုကြီးမှာ ပြင်းပြင်းထန်ထန်ပင် တုန်ခါလာတော့သည်။၄င်း မျက်နှာပြင်တွင် ပက်ကြားအက်များ ပြန့်နှံသွားကာ သွေးရောင်မီးတောက်အလင်းတန်းများက ထိုကြားထဲမှ ထွက်လာ၏။ ဆေးပေါင်းဖိုမှာ ပေါက်ကွဲထွက်တော့ပေမည်။

တုန်လှုပ်ဖွယ်ကောင်းသည့် အားတစ်ခုက အတွင်းထဲမှာ ဖြစ်တည်လာပြီး ဆေးပေါင်းဖိုမှာ အံအားသင့်ဖွယ် ဖောင်းကားလာ၏။

“ပွင့်ထွက်တော့မှာပဲဟ”

သူက လန့်ဖြန့်သွားကာ ဦးရေခွံပင် စပ်ဖျဥ်းဖျဥ်း ဖြစ်လာ၏။ ၄င်းသည် အဆင့်နှစ် အဆင့်သုံးဆေးများထက် များစွာ သာလွန်သည့် အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးများပင်ဖြစ်သည်။

အဆင့်သုံးဆေးလုံးများ ပေါက်ကွဲခြင်းပင်လျှင် လိပ်ပြာလွင့်မတတ် ထိတ်လန့်ဖွယ်ကောင်း၏။ သို့သော် အဆင့်လေးစိတ်စွမ်းအင်ဆေးလုံးပေါက်ကွဲခြင်းမှ အားမည်မျှထွက်လာမည်ဟူသောအတွေးသည် ပိုင်ရှောင်ချန်း၏ မျက်လံုးအိမ်ကို ကျဥ်းသွားစေသည်။ ဆေးပေါင်းဖိုမှ ထုတ်လွှတ်နေသည့် အရောင်အဝါတို့ကြောင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ယှဥ်နိုင်သည့် စွမ်းအားတစ်ရပ်ဖြစ်ကြောင်း ပိုင်ရှောင်ချန်းပြောနိုင်လေသည်။

ဘာလုပ်ရမည်ကို ထိုင်တွေးနေရမည့်အချိန်မရှိချေ။ ကျယ်လောင်စွာ အော်လျက် ပိုင်ရှောင်ချန်းက အပြင်သို့ ဖောင်းကားနေသော ဆေးပေါင်းဖိုကို လှမ်းဆွဲလိုက်၏။ထို့နောက် သူ၏ အခြေခိုင်မာခြင်းစွမ်းအင်အပြည့်သုံးလိုက်ပြီး အပြင်သို့ ဆွဲထုတ်လိုက်ကာ အပေါ်သို့ ပစ်ပေါက်လိုက်၏။

” အားလုံး သတိထားကြပါဗျို့ ”

သူက အဆုတ်ကွဲလုမတတ်အော်လိုက်၏။ ဆေးပေါင်းဖိုမှာ အလယ်တောင်ထိပ်အပေါ်သို့ မြောက်တက်သွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခတ်သွားစေသည့် ဝုန်းခနဲ ထစ်ချုန်းမြည်ဟည်းသံနှင့်အတူ ပေါက်ကွဲသွားလေသည်။ အားပြင်းသည့်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး အရာအားလုံးထံသို့ လွင့်ပျံသွားသည်။

ဆေးပေါင်းဖိုပေါက်ကွဲသွားသောကြောင့် ဆေးအနှစ်များက အရပ်မျက်နှာတစ်ခွင် လွင့်စင်သွားသည်။ ပို၍ ချောက်ချားဖွယ်ကောင်းသည်မှာ ပေါက်ကွဲသွားသည့်မျက်နှာပြင်မှ တောက်လောင်နေသော အစအနများပင်ဖြစ်သည်။ ထိုအပိုင်းအစများသည် အရပ်မျက်နှာပတ်ပတ်လည်သို့ မိုးရွာချသကဲ့သို့ ကျလာလေ၏။

မရေမတွက်နိုင်သော ဂိုဏ်းသားများမှာ ဆိုးဆိုးဝါးဝါးကြောက်လန့်နေကြကာ ဖြစ်ပျက်သွားသည်ကို သိရန် အပြေးအလွှားထွက်လာကြသည်။

“ဘာဖြစ်တာလဲ”

“ဘာတွေဖြစ်သွားတာလဲ”

“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက လာတိုက်တာလား”

ကြောက်လန့်နေလျက် အပေါ်သို့မော့ကြည့်လိုက်သောအခါ ကောင်းကင်မှ ကြယ်ကြွေကျသကဲ့သို့ မီးတောက်များသည် အလယ်တောင်ထိပ်၏ နေရာအစုံသို့ တဖွားဖွား ကျလာလေသည်။ မြေကြီးပေါ်သို့ အရှိန်ပြင်းစွာကျလာသည်နှင့် တဝုန်းဝုန်း မြည်သံများ ပေါ်ထွက်လာ၏။

မကြာမီ သတိပေးသံများ လေထုထဲတွင် ပျံ့သွား၏။ ဆေးပေါင်းဖို၏ ပျက်စီးနေသာ အပိုင်းအစကျသည့် မည်သည့်နေရာ၌မဆို မီးတောက်များပေါ်ထွက်လာသည်။ ထို့ပြင် မီးစွဲသွားဖြင့် ကယ်ပါ၊ယူပါ စူးစူးဝါးဝါးအော်ဟစ်နေသည့် ကံမကောင်းသော ကျင့်ကြံသူများပင် ရှိလေသည်။

အလယ်တောင်ထိပ်တစ်ခုလုံးမှာ ရုတ်ခြည်း ဆူညံပွက်လောရိုက်သွား၏။ စုန့်ကျင်းဝမ်မှာ တုန်လှုပ်သွားပြီး အပြင်သို့ ပြေးထွက်လာသောအခါ အလယ်တောင်ထိပ်တစ်ခုလုံးအား မီးတောက်များ ဝါးမျိုနေသည်ကို တွေ့လိုက်ရလေသည်။ ပျက်စီးသွားသော ဆေးလုံးများမှ ညှော်နံ့များကိုပင် ရလိုက်ပြီး ဆေးပေါင်းဖို အပိုင်းအစများ ကျဆင်းနေသည်ကိုတွေ့လိုက်ရ၏။

“ဒီဟာတွေက ဆေးဖော်ရင်း ဖြစ်လာတာတွေလား”

သူမက ထိတ်လန့်နေလျက် တွေးလိုက်၏။

“ဆေးဖော်စပ်ခြင်းက ကြောက်စရာကောင်းတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပဲ”

သူမ၏စိတ်ထဲတွင်မူ ဆေးဖော်ခြင်းက ဆိတ်ငြိမ်အေးချမ်းသင့်လေသည်။ တစ်စုံတစ်ခုအမှားပေါ်လျှင်ပင် ယခုကဲ့သို့ ကြီးကြီးမားမား ဘေးအန္တရာယ်မကျရောက်သင့်ပေ။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသာ ရှိနေပါက ဖြစ်ပျက်နေသမျှကို သူတို့ ကိုယ်ချင်းစာနိုင်ပြီး သွေးနတ်ရေစင်ဂိုဏ်းအတွက်ပင် စိတ်မကောင်းဖြစ်လျက် ယခုလို ပြောကြပေလိမ့်မည်။

” ဂိုဏ်းတူဦးလေးပိုင် ဆေးဖော်ပြီဟေ့ဆိုတာနဲ့ ကပ်ဘေးစိုက်တော့တာပါပဲဗျာ ”


Comment

Leave a Reply

Options

not work with dark mode
Reset