Switch Mode

အပိုင်း(၄၄)

တော်ဝင်မိသားစု

ချင်းကျူကမ်းခြေမှ လှမ်းမျှော်ကြည့်လိုက်လျှင် ကြီးမားသော သင်္ဘောကြီး တစ်စင်းမှာ ဒွန်ဟိုင်မြို့တော် ရှိရာအရပ်သို့ တဖြည်းဖြည်း ရွက်လွှင့် ပျောက်ကွယ် သွားသည်ကို မြင်ရမည်ဖြစ်သည်။

အဘိုးအို တစ်ယောက်က ထိုသင်္ဘောကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကမ်းခြေတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ သူ၏အင်္ကျီစများကား လေတိုက်ခတ်သောကြောင့် တဖျတ်ဖျတ် လွင့်နေကာ သူရပ်နေရာ ကျောက်ဆောင်ကြီးအားလည်း လှိုင်းလုံးများက တဝုန်းဝုန်း လာရောက် ရိုက်ခတ်နေကြသည်။ သူ၏ အညိုရောင်ဆံပင်များက တဖျတ်ဖျတ် လွင့်နေကာ သူ၏ခန္ဓာကိုယ်မှာ ထိုလေများ တိုက်ခတ်သောကြောင့် လွင့်ပါတော့မည်ကဲ့သို့ပင်။ သို့သော်လည်း သူကား ကျောက်ဆောင်ကဲ့သို့ပင် အနည်းငယ်မျှပင် ရွေ့လျားမှုမရှိပေ။

သူ၏နောက်တွင်ကား ချင်းကျူမြို့ရှိရာအရပ်မှ စွမ်းအားမြင့်သော မှော်ဆရာများနှင့် မြင်းစစ်သည်များက ကမ်းခြေသို့ သတ္တဝါကောင်ကြီးများ စီးနင်းလျက် ရောက်ရှိလာကြသည်။ သူတို့က ပင်လယ်ကြီးအား ကြည့်လိုက်ကာ ခေါင်းဆောင်ဖြစ်ဟန်တူသူက အမိန့်ပေးလိုက်သည်…” ကမ်းခြေတစ်ခုလုံးကို လိုက်ရှာစမ်း… မြို့တော်ဝန်က အမိန့်ပေးလိုက်တယ်… ရီဖူရှင်းက ဒီမြို့က ထွက်သွားလို့မရဘူး…”

“သင်္ဘောတစ်စင်း ခုနကပဲ ထွက်သွားတယ်… ကျွန်တော်တို့ စစ်ကြည့်ရမလား…” တစ်ယောက်က မေးလိုက်သည်။

“အဘိုးကြီး… ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက် တွေ့လိုက်လား…” မှော်ဆရာ တစ်ယောက်က ကမ်းခြေတွင် ရပ်နေသော အဘိုးအိုအား မြင်ကာ လှမ်းမေးလိုက်သည်။

အဘိုးအိုကား ထိုကျောက်ဆောင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူက ပင်လယ်ကိုသာလျှင် မျှော်ကြည့်နေပြီး ထိုလူပြောသော စကားများအား ကြားဟန်ပင် မတူပေ။

“သူ့ကို ပြန်ဖြေစမ်း…” မြင်းစစ်သည် တစ်ယောက်က ရှေ့သို့တိုးလာကာ သူ၏လှံတံအား ညွှန်လျက် အဘိုးအိုအား ပြောလိုက်သည်။

အဘိုးအိုက မြင်းစစ်သည် ပြောသည်ကိုလည်း ဂရုမစိုက်ပေ။ မှော်ဆရာ ဒေါသထွက်သွားသည်။ သူက အဘိုးအိုအား ထပ်မံ၍ ခြိမ်းခြောက်လိုက်သည်… “ခင်ဗျား သေချင်နေတာလား…”

လေပြင်းများ တဟူးဟူး တိုက်ခတ်နေပြီး… မြေပြင်တွင် ဖုန်များ အလိပ်လိုက် လွင့်နေကြသည်။ သတ္တဝါဆန်းကြီးကို စီးနင်းထားသော မှော်ဆရာက တစ်ခုခု လွဲနေသည်ကို သိလိုက်သည်။ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု သူတို့ထံ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ မကြာမီ ကြီးမား၍ အားကောင်းလှသော လေဆင်နှာမောင်းတစ်ခု သူတို့အား ဝန်းရံလိုက်၏။ သူတို့အားလုံးက တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း ထိုအခိုက်မှာပင် လေဆင်နှာမောင်းက သူတို့အားလုံးအား ရစ်ပတ်ကာ ဆွဲငင် ယူဆောင်သွားသည်။ အဘိုးအိုကား ထိုအဖြစ်အပျက်များက သူနှင့် မည်သို့မျှ မသက်ဆိုင်သလို ကျောက်ဆောင်ထက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။

“ကျေးဇူးပြုပြီး… ကျုပ်တို့ကို မသတ်ပါနဲ့…” ထိုစွမ်းအားမြင့်သော လူများက ကြေက်လန့်တကြား တောင်းပန်နေကြသည်။ သူတို့ကား မည်သို့မျှ မတတ်နိုင်တော့ပေ။ လေဆင်နှာမောင်းက သူတို့အားလုံးအား ဆွဲငင်ကာ လေထဲတွင် မြှောက်ထားသည်။ အဘိုးအိုကလည်း ထိုလေဆင်နှာမောင်းနှင့် အတူ လေထဲသို့ မျောလွင့်လာနေသည်။

“ကျေးဇူးပြုပြီး… ကျုပ်တို့ ပြောခဲ့တာတွေအတွက် နောင်တရနေပါပြီ…” သူတို့ကာ ကြောက်ရွံ့သောကြောင့် တဆတ်ဆတ် တုန်နေကြပြီ။

“မင်းတို့က မြင့်မြတ်နတ်ငှက်ရဲ့ စွမ်းအင်ကို တစ်ခါမှ မမြင်ဖူးဘူးမလား… အေး… အခု မင်းတို့မသေခင် သူ့စွမ်းအင်တွေကို မြင်တွေ့ခဲ့ရတယ်ဆိုတာ အရမ်းကံကောင်းလို့ပဲ…” အဘိုးအိုက အေးဆေးစွာ ပြောလိုက်သည်။ သူ၏ကိုယ်မှာ တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်သွားသည်။ သူထွက်သွားပြီးသည်နှင့် လေဆင်နှာမောင်းက ပျက်ပြယ်သွားကာ ထိုအထဲတွင် ချုပ်နှောင်ခံထားရသူများ အားလုံး အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားလေသည်။

***

ရီဖူရှင်းကား သူ၏နောက်မှ လိုက်လာသောသူများကို စိတ်ပူခြင်း အလျင်းမရှိပေ။ ဒေသအုပ်ချုပ်ရေးထံသို့ သူထွက်သွားပြီးမှ သတင်းရောက်မည်ကို သူသိသည်။ သူတို့က လျင်မြန်စွာ သူ၏နောက်သို့ လိုက်လာလျှင်ပင် သူ မည်သည့်နေရာသို့ သွားသည်ကို သိကြမည် မဟုတ်ပေ။ အကယ်၍ ရှာတွေ့ခဲ့လျှင်ပင် သူစိတ်မပူပေ။ သိမ်းငှက်နက်ကြီးမှာ သင်္ဘောကြီး၏ဘေးမှ ပျံသန်းနေခြင်းဖြစ်ရာ ထိုသူများ လိုက်လာပါကလည်း တိုက်ခိုက်ရန် အဆင်သင့် ရှိနေပေသည်။

သူ စီးနင်းလိုက်ပါလာသော သင်္ဘောကြီးကား ကြီးမားလှသည်။ သူတို့ငှားရမ်းထားသော အခန်းမှာ လူလေးယောက် အနားယူရအောင် သာသာယာယာ ကျယ်ဝန်းကာ သက်သောင့်သက်သာ အနားယူနိုင်ပေသည်။

“ဂရုစိုက်ပါ … ဆရာ…” ရီဖူရှင်းက ဟွာဖန်းလူ ထိုင်နိုင်အောင် ကူပေးလိုက်သည်။ ထို့နောက် သူနှင့်ယူချင်းက ဟွာဖန်းလူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်။

“ဆရာ… ဒွန်ဟိုင်မြို့တော်ကို ရောက်တဲ့အခါ ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ…” ရီဖူရှင်းက မေးလိုက်သည်။ ဒွန်ဟိုင်မြို့ထံ သွားရန်မှာ ဟွာဖန်းလူ၏ အကြံအစည်ဖြစ်ပြီး ရီဖူရှင်းမှာ သူ၏ဆရာတွင် အစီအစဉ်တစ်ခုခု ရှိရမည်ဟု ယုံကြည်သည်။

“ငါအခု စကား မပြောချင်သေးဘူး…” ဟွာဖန်းလူက မျက်နှာ နက်မှောင်လျက် ပြောလိုက်သည်။

“တောင်းပန်ပါတယ်ဆရာ … ကျွန်တော်က ကျွန်တော့်ရဲ့ နတ်သမီးလေးကို တွေ့ရတော့မှာမို့ စိတ်လှုပ်ရှားတာ များသွားတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

“ဒွန်ဟိုင်မြို့တော်က အရှေ့ပင်လယ်ဒေသရဲ့ မြို့တော်ပဲ… အဲဒီကို ရောက်ရင် အလှပဂေးတွေ အများကြီး တွေ့ရလိမ့်မယ်…” ဟွာဖန်းလူက ငေါ့တော့တော့ ပြောလိုက်သည်။

“ဆရာ… ကျွန်တော် ဒီလောက်မဆိုးပါဘူး…” ဟွာဖန်းလူက သူ့အား တမင်ပြောနေသည်ကို သိသည်။

“ကောင်းပြီ… ငါမင်းကို ယုံတယ်…” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။

“ယူချင်း… မင်းကော ဘယ်လိုလဲ…” ရီဖူရှင်းက ယူချင်းဘက်ကို လှည့်၍ မေးလိုက်ပြန်သည်။

“ငါလည်း မင်းကို ယုံတယ်…” ယူချင်းကလည်း သရော်သလို ပြန်ပြောလိုက်သည်။

“ငါ လေကောင်းလေသန့် သွားရှူလိုက်ဦးမယ်…” ရီဖူရှင်း အနည်းငယ် ရှက်သွားကာ အခန်းထဲမှ ထွက်သွားသည်။

ကုန်းပတ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ရီဖူရှင်းက တဖြူးဖြူး တိုက်ခတ်နေသော လေပြည်လေညင်းအား အားရပါးရ ရှူလိုက်သည်။ ချင်းကျူမြို့ကြီးကား သူ၏မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါးပင်။ သူ၏စိတ်ထဲတွင် ခံစားချက်ပေါင်းများစွာ ဖြစ်ပေါ်လာသည်။ သူ၏အသက် ဆယ့်ခြောက်နှစ်တိုင်အောင် နေထိုင်ခဲ့သော သည်မြို့ကလေးအား မည်သည့်အချိန်တွင် ပြန်လာဖြစ်မည် သူမသိပေ။

ထိုစဉ် ယူချင်းလည်း သူ၏အနီးလို့ ရောက်လာသည်။ သူတို့က ချင်းကျူမြို့အား အတူတူ ကြည့်လိုက်ကြသည်။ ဤမြို့ကလေးကား သူတို့အတွက် အမှတ်တရများစွာဖြင့် ပြည့်နှက်နေသည်။

“ယူချင်း… မွေးစားအဖေက ငါတို့ကိုများ ကြည့်နေမလား…” ရီဖူရှင်းက မေးလိုက်သည်။

“သူကြည့်တယ် ဆိုရင်တောင် မင်းကို ကြည့်တာပဲ ဖြစ်လိမ့်မယ်…” ယူချင်း၏အသံက ဝမ်းနည်းသော ခံစားချက် အနည်းငယ် ပါနေသည်။

ရီဖူရှင်းက ယူချင်းအား ကြည့်လိုက်လျှင် ယူချင်းမှာ အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်ကို ခန့်မှန်းမိသည်။ သို့သော်လည်း သူမည်သို့ နှစ်သိမ့်ရမည်ကို မသိပေ။ သူတို့ ငယ်စဉ်ကတည်းကပင် ယူချင်း၏အဖေက ယူချင်းထက် သူ့အား ဦးစားပေးခဲ့သည်။ ယူချင်းက သူ၏အဖေအား လေးစားသော်လည်း တစ်ခါတစ်ရံတွင်လည်း သူ ဝမ်းနည်းမိသည်သာ ဖြစ်သည်။

ပင်လယ်ကြီးအား ကြည့်လျက် ရီဖူရှင်းက ရယ်မောလိုက်သည်… “ယူချင်း… မင်းမှတ်မိလား… တစ်နေ့နေ့ ငါက မွေးစားအဖေ မျှော်လင့်သလို ဧကရာဇ်ဖြစ်လာရင် မင်းသာ လိုချင်ရင် ငါ့ရဲ့သရဖူကို မင်းကို ပေးမှာပဲ… ငါ့ရဲ့ နတ်သမီးလေးကလွဲရင် ငါ့မှာ ရှိရှိသမျှတွေကို မင်းနဲ့ ခွဲဝေနိုင်တယ်ဆိုတာ ငါပြောရဲတယ်…”

ယူချင်းကလည်း သည်အချက်ကို နားလည်သည်။ သူငယ်စဉ်က အပြစ်လုပ်မိ၍ သူ၏အဖေက အပြစ်ပေးလျှင် ယူချင်းက သူ၏ရှေ့မှ အမြဲကာကွယ်ပေးခဲ့သလို အပြစ်ဒဏ်ကျနေစဉ် အစာမစားရပါကလည်း သူ့အား စားစရာများလည်း ခိုး၍ လာကျွေးသည်။ ထိုအချိန်ကတည်းက ရီဖူရှင်းတွင် မည်သည့်အခက်အခဲ ရှိသည်ဖြစ်စေ ရီဖူရှင်း၏ဘေးမှ အတူတူ ရပ်တည်ပေးမည်ဟု မိမိကိုယ်ကို ကျိန်ဆိုခဲ့သည်။

ပင်လယ်လေကား သူနှင့် မသက်ဆိုင်သလိုပင် အေးချမ်းသော အရသာကိုပေးသည်။ သည်ကောင်လေးများ၏ အနာဂတ်မှာ မည်သို့ဖြစ်မည်ကို မည်သူမျှ မသိကြပေ။

သူတို့၏နောက်မှ ခြေသံအချို့ ကြားလိုက်ရသည်။ ရီဖူရှင်းက နောက်ကို လှည့်ကြည့်လိုက်လျှင် လှပသော မိန်းမပျိုနှစ်ယောက် သူတို့ထံ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးနှစ်ယောက်မှာ ရွယ်တူခန့်ရှိသည်။ သူတို့နှစ်ယောက်လုံးမှာ ဆွဲဆောင်မှုရှိပြီး အထူးသဖြင့် ဘယ်ဘက်မှ အစိမ်းရောင်ဝတ် မိန်းကလေးမှာ အလွန် ဆွဲဆောင်မှုရှိပြီး လှပပေသည်။

ရီဖူရှင်းက သူတို့အား စိုက်ကြည့်နေကြောင်း မိန်းကလေးများက သတိထားမိလိုက်သည်။ အစိမ်းရောင် မိန်းကလေးက ခေါင်းညိတ်ပြလိုက်ည်။

“နင့်မျက်လုံးက ဘာဖြစ်နေတာလဲ… လှတဲ့မိန်းကလေးတွေကိုပဲ လိုက်ကြည့်နေတာလား…” ညာဘက်မှ မိန်းကလေးက ခစ်ခနဲ ရယ်မောလျက် ပြောလိုက်သည်။ ရီဖူရှင်းကလည်း ပြုံးလိုက်သည်… “မင်းတို့လို လှပတဲ့မိန်းကလေးတွေကို မြင်ပြီးမှတော့ ငါ့မျက်လုံးကို ဘယ်လိုလုပ်လွှဲလို့ ရတော့မလဲ…”

“သူမပြောတာ နားမထောင်နဲ့…” အစိမ်းရောင်ဝတ် မိန်းကလေးက မိတ်ဆက်လိုက်သည်… “ငါက လင်းဇီယွီ … သူမက ရှောက်ဟီ… နင်တို့က ဘယ်သူတွေလဲ…”

“ငါက ရီဖူရှင်း… ဒါက ငါ့အချစ်ဆုံး သူငယ်ချင်း… ယူချင်း…” ရီဖူရှင်း၏အပြုံးမှာ ရပ်တန့်၍ မရတော့ပေ… “မင်းတို့ကလည်း ချင်းကျူ မြို့ကပဲလား… ငါတို့ အရင်က မတွေ့ဖူးကြဘူး ထင်တယ်…”

“မဟုတ်ဘူး… ငါတို့က ဒွန်ဟိုင်မြို့တော်က လာတာ…” လင်းဇီယွီက ပြောလိုက်သည်… “ငါတို့က ဧကရာဇ်ရီချင်ရဲ့ ရတနာတွေက ချင်းကျူမြို့မှာ ထွက်ပေါ်လာတယ်ဆိုလို့ လာကြည့်ကြတာ… ဒါပေမဲ့ လူတွေက အဲဒီနေရာကို သွားမယ်ဆိုရင် အန္တရာယ်များမယ်လို့ ပြောကြတာနဲ့ ငါတို့က မသွားတော့ဘဲ ပြန်လာကြတာ… နင်တို့တွေက ချင်းကျူမြို့ကပေါ့… ဒါဆို အဲဒီနေရာကို ရောက်ဖူးလား…”

“ဟုတ်တယ်… ရောက်ဖူးတယ်…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“နင်က အရမ်း အပိုပြောတာပဲ…” ရှောက်ဟီက ရယ်မောလိုက်သည်… “ဝန်ခံစမ်းပါ… နင်က လင်းဇီယွီရဲ့ အာရုံစိုက်တာကို လိုချင်လို့မလား…”

ရီဖူရှင်းက ပခုံးတွန့်လိုက်သည်။ လင်းဇီယွီက မေးလိုက်သည်… “နင်တို့က ဒွန်ဟိုင်မြို့ကို ဘာလို့ သွားကြတာလဲ…”

“ငါတို့က ဆရာ့နောက်ကို လိုက်လာကြတာ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“နင်တို့ ကံကောင်းမှာပါ… အရှေ့ပင်လယ်ရဲ့ အကောင်းဆုံး ကျောင်းတော်က ဒွန်ဟိုင်မြို့မှာ ရှိတယ်…” လင်းဇီယွီက အားပေးလိုက်သည်။

“နင့်ရဲ့သိုင်းအဆင့်က ဘယ်လောက်လဲ…” ရှောက်ဟီက ရုတ်တရက် မေးလိုက်သည်။

“ကြယ်နှစ်ပွင့် ကောင်းကင်အဆင့် မှော်ဆရာ…”

“ကောင်းသားပဲ… တော်တော်ကောင်းတဲ့ ကျောင်းတော်မှာ တက်ရမယ်လို့ ငါထင်တယ်…” လင်းဇီယွီက ပြုံးလျက် ပြောလိုက်သည်… “ငါတို့ လမ်းသွားလျှောက်လိုက်ဦးမယ်…”

“နောက်မှ ပြန်တွေ့တာပေါ့…” ထို့နောက် ရီဖူရှင်းက ယူချင်းအား ပြောလိုက်သည်… “ငါတို့ အခန်းကို ပြန်ရအောင်…”

မကြာမီ ရီဖူရှင်းတို့ကလည်း သူတို့အခန်းသို့ ပြန်သွားကြသည်။ သူတို့ ထွက်သွားသည်ကို ကြည့်ပြီး ရှောက်ဟီက ခစ်ခနဲ ရယ်မောလိုက်သည်… “လင်းဇီယွီ… ဒီသူစိမ်းတွေကို ဘာလို့ ဖော်ရွေနေတာလဲ…”

လင်းဇီယွီက သူမအား စိုက်ကြည့်လိုက်သည်။

“ကောင်လေးက ဆိုးပုံရတယ်… မဟုတ်ဘူးလား… ဒါပေမဲ့ တော်တော်ချောတယ်ဟ… နောက်တစ်ယောက်က ထိုင်းပုံရတယ်… ဒါနဲ့ လင်းဇီယွီ… ဘယ်တစ်ယောက်ကို ကြိုက်လဲ…”

“နင်က အဓိပ္ပာယ် မရှိတာတွေ ပြောနေပြန်ပြီ… ငါတို့က အခုမှ တွေ့ဖူးတာလေ…”

“ငါတို့က အခုမှ တွေ့ဖူးတယ် ဆိုပေမဲ့… နင် သဘောကျတဲ့ပုံစံကို ပြောလို့ရတာပဲ… ဟုတ်တယ်မလား…”

လင်းဇီယွီ လက်လျှော့လိုက်သည်။ သူမက အတန်ကြာ တွေးလိုက်သည်။ ထို့နောက် ပြုံးလိုက်သည်… “ငါက ရီဖူရှင်းကို ပိုသဘောကျတယ်… သူက ချစ်စရာကောင်းတယ်…”

ရှောက်ဟီက သဘောမတူသလို သက်ပြင်းချလိုက်သည်။ ထို့နောက် သူမအား သရော်သလို ကြည့်လိုက်သည်။ လင်းဇီယွီက သူမအား တားရန် ကြိုးစားလိုက်သည်… “အရူးအတွေးတွေ တော်တော့… ငါတို့က သာမန် ပြောနေတာပဲရှိတာ… သူက ပါရမီ ပါတယ်ဆိုတာ သိတယ်… ဒါပေမဲ့ ဒွန်ဟိုင်မြို့မှာ ဆိုရင်တော့ အကောင်းဆုံးထဲ မပါသေးဘူး…”

“သေချာတာပေါ့… နင်က အကောင်းဆုံးတစ်ယောက်ကို ရှာနေတာ…” သူတို့က ထွက်သွားရင်း ဆက်ပြောနေကြသည်။

ရက်အနည်းငယ် ကြာသောအခါ သင်္ဘောမှာ ဒွန်ဟိုင် ကမ်းခြေသို့ ဆိုက်ကပ်လာသည်။ ရီဖူရှင်းက ကမ်းခြေသို့ ခြေချမိလျှင် မြို့၏ကြီးကျယ် ခမ်းနားမှုအား ကြည့်ကာ အံ့အားသင့်ရသည်။ သင်္ဘောပေါင်းများစွာက အရှေ့ပင်လယ်ဒေသ၏ စီးပွားရေး အချက်အချာ မြို့တော်အား လာရောက် ဆိုက်ကပ်နေကြသည်။ ရေမြေအနေအထားအရ အရေးပါသော နေရာတွင် တည်ရှိသောကြောင့် ဒွန်ဟိုင်မြို့ကား ဒေသတစ်ခုလုံး၏ အချက်အချာ ဖြစ်နေသည်။

“နှုတ်ဆက်ပါတယ်… ရီဖူရှင်း…” ထိုစဉ် အဝေးမှ ရှောက်ဟီက လက်ဝှေ့ယမ်းက အော်ပြောလိုက်သည်။ လင်းဇီယွီကမူ ပြုံး၍ ကြည့်နေသည်။

“ငါတို့ ပြန်တွေ့မယ်လို့ ထင်တယ်…” ရီဖူရှင်းကလည်း ပြန်၍ လက်ပြလိုက်သည်။ ထို့နောက် မိန်းကလေးများက အဘိုးအို တစ်ယောက်နှင့်အတူ ထွက်သွားကြသည်။

ရီဖူရှင်းက ချောင်းတစ်ချက် ဟန့်လိုက်သည်။ ထို့နောက် ဟွာဖန်းလူအား ရှင်းပြလိုက်ပြန်သည်… “အဟမ်း… ဆရာ… ဒါက မိန်းကလေးတွေနဲ့ သာမန်ပြောရုံလောက်ပါပဲ… ယူချင်းကို သက်သေလုပ်လို့ရတယ်… ဆရာ…”

“ငါ ဒါမျိုး အသားကျနေပြီ…” ဟွာဖန်းလူကား အလေးထားတော့ဟန် မတူပေ။ ယူချင်းက ရီဖူရှင်းအား ဂရုဏာသက်စွာ ကြည့်လိုက်သည်။ သိမ်းငှက်နက်ကြီးက သူတို့၏ရှေ့ကို ဆင်းသက်လာသည်။ သူတို့က သိမ်းငှက်နက်ကြီး ကျောပေါ်သို့ တက်ကာ ဒွန်ဟိုင်မြို့တော် ရှိရာသို့ ပျံသန်းသွားကြသည်။

ချင်းကျူမြို့နှင့် နှိုင်းယှဉ်လျှင် သည်ရှေးဟောင်း မြို့တော်မှာ ပိုမို၍ ကြီးကျယ် ခမ်းနားလှသည်။ သတ္တဝါဆန်းများက စွမ်းအားမြင့်သော တန်ခိုးရှင်များ၏ စီးတော်သတ္တဝါများ အဖြစ် မြို့၏ကောင်းကင်အနှံ့တွင် ပျံသန်းနေကြသည်။ ထိုမြင်ကွင်းများအား ကြည့်ကာ ရီဖူရှင်းနှင့် ယူချင်းက သည်မြို့တော်ကို လာရောက်ခြင်းက အလွန်မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု တွေးလိုက်ကြသည်။

“ဘယ်သွားရမလဲဆရာ…” ရီဖူရှင်းက ဟွာဖန်းလူအား မေးလိုက်သည်။ ဟွာဖန်းလူက သိမ်းငှက်နက်အား လမ်းညွှန်လိုက်သည်။ ရီဖူရှင်းက ဟွာဖန်းလူမှာ ရှားရှားပါးပါး တက်ကြွနေသည်ကို သတိထားမိလိုက်သည်။ သိသိသာသာပင် ဒွန်ဟိုင်မြို့အား ပြန်ရောက်လာခြင်းက သူ့အား ပျော်ရွှင်စေသည်။

တဖြည်းဖြည်းနှင့် သူတို့ ဦးတည်ရာနေရာသို့ ရောက်လာသည်။ သူတို့က အဆမတန် ကြီးမားလှသော ခြံဝင်းကျယ်ကြီးအား အဝေးမှပင် လှမ်းမြင်နေရသည်။ ထိုနေရာကား နန်းတော်အလား ခမ်းနားကြီးကျယ်လှသည်။

သိမ်းငှက်နက်ကြီးက ခမ်းနားတောက်ပလှသော အဆောက်အဦကြီး၏ အရှေ့တွင် ဆင်းသက်လိုက်သည်။ ရီဖူရှင်းကား သည်မျှ ကြီးမားသော အဆောက်အဦအား မမြင်ဖူးပေ။ သူက ဟွာဖန်းလူအား မေးလိုက်သည်… “ဆရာ… ကျွန်တော်တို့ ဘယ်နေရာကို ရောက်နေတာလဲ… ဒီနေရာက နန်းတော်နဲ့တောင် တူတယ်…”

“ဒီနေရာက အရင်က တော်ဝင်နန်းတော်ပဲ…” ဟွာဖန်းလူက ပြောလိုက်သည်… “လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာခန့်က ဧကရာဇ်ရီချင်နဲ့ အရှင်ဒွန်ဟောင်တို့က ဒေသတစ်ခုလုံးကို စုစည်းခဲ့ကြတယ်… ဒီဒေသက စစ်ဘုရင်တွေကြောင့် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ခဲ့ပြီး သူတို့က တစ်နယ်စီ အုပ်ချုပ်ခဲ့ကြတယ်… နန်ဒူနိုင်ငံကို နန်ဒူမိသားစုက အုပ်ချုပ်ခဲ့ကြတယ်… ဒေသတစ်ခုလုံး ပြန်ပြီး စုစည်းခဲ့ပြီးတဲ့ နောက်မှာတော့ ဧကရာဇ်က တစ်ကမ္ဘာလုံးကို အမိန့်ပေးခဲ့တယ်… နန်ဒူမိသားစု ဆုတ်ယုတ်သွားခဲ့ပြီး သရဖူကို လက်လွှတ်လိုက်ရတယ်… ဒီနေရာက နန်ဒူမိသားစုရဲ့ ခြံဝင်းပဲ…”

“ဒါဆို ကျွန်တော်တို့ကို ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ…” ရီဖူရှင်းက နားမလည်သလို မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ မင်းရဲ့ အနာဂတ် ဇနီးလောင်းက ဒီနေရာမှာ နေလို့ပဲ…” ဟွာဖန်းလူက ရယ်မောလျက် ပြောလိုက်သည်။

ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူက အံ့အားသင့်စွာ မေးလိုက်သည်… “ဒါဆို ဆရာရဲ့ ဇနီးက နန်ဒူမိသားစုရဲ့ သမီးပေါ့… ဘယ်လိုလုပ် သူ့ကို ချဉ်းကပ်နိုင်ခဲ့တာလဲ…”

“ငါက ရုပ်ချောတယ်… ကောင်လေး…” ဟွာဖန်းလူက ရင်ကော့လျက် ပြောလိုက်သည်။ ရီဖူရှင်းမှာ သူ၏ဆရာမှာ ကြွားနေသည်ဟု တွေးလိုက်သည်။

“ဆရာ… ဟိုရှေ့က အစောင့်တွေကို ကျွန်တော်က ကျွန်တော့်ရဲ့ ရည်းစားကို တွေ့ချင်တယ် သွားပြောရင် သူတို့က ကျွန်တော့်ကို သတ်မှာလား…” ရီဖူရှင်းက ဟာသလုပ်ကာ ပြောလိုက်သည်။

“မင်း စမ်းကြည့်ပါလား…” ဟွာဖန်းလူက ပြောလိုက်သည်… “ငါက ဒွန်ဟိုင်မြို့တော်ကို ဝင်ခွင့် ပိတ်ပင်ထားတယ်… သူတို့ပြောတာတော့ တကယ်လို့ ငါက ဝင်ခဲ့ရင် ငါ့ရဲ့ မူလဝိညာဉ်ကို ဖျက်ဆီးပစ်မယ်တဲ့… ဒါပေမဲ့ ငါ့ရဲ့ မူလဝိညာဉ်က ပျက်စီးပြီးနေပြီ…”

ရီဖူရှင်း တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ရယ်မောလျက် ထပ်ပြောလိုက်သည်… “မပူနဲ့ ဆရာ… တစ်နေ့ သူတို့က ဆရာ့ကို ပြန်လာဖို့ တောင်းပန်ရလိမ့်မယ်…”

**

Comment

Leave a Reply

Options

not work with dark mode
Reset