Switch Mode

အခန်း (၄၂၈)

အသားရုပ်သေးရုပ်

ယခုတွင် သွေးရောင်မြူခိုးများမှာ အင်္ဂါဂြိုဟ်တစ်ခုလုံးအား ရစ်ပတ်လွှမ်းခြုံထားပြီးဖြစ်သည်။ ပင်မအင်္ဂါဂြိုဟ်မြို့တော်၏ အပြင်ဘက်တွင် သွေးရောင်မြူခိုးများမှာ အလွန်အင်မတန်မှ ထူထဲသိပ်သည်းနေပြီဖြစ်၏။

ထိုပြောင်းလဲမှုကြီးကို အင်္ဂါဂြိုဟ်ဘုရင်ခံသာမက အင်္ဂါဂြိုဟ်ပေါ်ရှိ ပြောင်းလဲမှုများကို သေသေချာချာ စောင့်ကြည့်နေသည့် ပြည်ထောင်စုကြီးပင်လျှင် သတိထားမိသွားသည်။ ယခုတွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ အသက်ရှူသံများ မြန်ဆန်နေ၏။ သူသည် အင်္ဂါဂြိုဟ်ဆီသို့ လှမ်း၍ဆက်သွယ်လိုက်ပါသော်လည်း ဆက်သွယ်မှုများမှာ ပြတ်တောက်နေကြ၏။

သို့သော် အင်္ဂါဂြိုဟ်ပေါ်၌ ယခုလို ဖြစ်သွားရသည့် ပြောင်းလဲမှုများကို အင်္ဂါဂြိုဟ်ဘုရင်ခံက ဖြေရှင်းနိုင်စွမ်းရှိလိမ့်မည်ဟု သူက ယုံကြည်ထား၏။

သို့ရာတွင် သူနှင့် အင်္ဂါဂြိုဟ်ဘုရင်ခံတို့ မသိထားသည့် အချက်မှာ ယခုအကြိမ်တွင် ထိုသွေးရောင်မြူခိုးများ၏ ပစ်မှတ်မှာ ပင်မအင်္ဂါဂြိုဟ်မြို့တော်မဟုတ်ဘဲ မြို့တော်အသစ် ဖြစ်နေခြင်းပင်ဖြစ်သည်။

၎င်းမှာ တော်ဝင်ညွှန်ကြားရေးမှူးဟုဆိုသည့် အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားပြီး မြေကြီးအောက်မှ ရောက်ရှိလာသော လူကြီး၏ ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် ရေးဆွဲထားသည့် အစီအစဉ်ပင် ဖြစ်သည်။ သူသည် သူကိုယ်တိုင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်၍မရသောကြောင့် ထိုသို့စီစဉ်ခဲ့ရခြင်းဖြစ်၏။

သွေးရောင်မြူခိုးများ ပေါ်ပေါက်လာသည့် အချိန်တိုင်းတွင် သူသည် အရင်းအနှီးမြောက်မြားစွာ စိုက်ထုတ်ရသည်ဖြစ်ပါသော်လည်း သူ၏ ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုသောစိတ်များမှာ အလွန်အင်မတန်မှ ပြင်းထန်နေ၏။ ထို့ကြောင့်သူသည် မည်မျှပင် ပေးဆပ်ရပေးဆပ်ရ အဆင်သင့်ဖြစ်နေ၏။

ထို့ကြောင့် ပင်မမြို့တော်အပြင်ဘက်ရှိ သွေးရောင်မြူခိုးများ အလွန်အင်မတန်မှ ထူထဲသိပ်သည်းနေစဉ်တွင် မြို့တော်အသစ်၏ ပတ်ပတ်လည်၌ ဝန်းရံထားသော သွေးရောင်မြူခိုးများမှာ ပို၍ပင် ဆိုးနေတော့သည်။ ၎င်းတို့မှာ ထိုနယ်မြေကြီးတစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ကြောက်ရွံ့တုန်လှုပ်နေရ၏။ သူတို့မှာ ထိုမြူခိုးများအား ဖောက်မမြင်နိုင်သောကြောင့် ၎င်းတို့နှင့်အတူ ထွက်ပေါ်လာသည့် တုန်လှုပ်ချောက်ချားဖွယ် အော်ဟစ်မြည်တမ်းသံများကိုသာ ခပ်ရေးရေးခန့် ကြားနိုင်ပေသည်။

လူတိုင်းမှာ ထိုကဲ့သို့ တုန်လှုပ်ချောက်ချား နေကြစဉ် ချန်းမု၏ စကားသံကြီးမှာ ကပ်ပါးကောင်များအား လက်ခံထားသော ကျင့်ကြံသူများ၏ အသိစိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ ထိုအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများအားလုံးမှာ တစ်ကိုယ်လုံးတုန်ရီသွားကြ၏။ သူတို့၏ မျက်ဝန်းများမှာလည်း တောက်ပဝင်းလက်နေရာမှ အသက်မရှိတော့သည့်ပုံစံ ပြောင်းလဲသွားကြ၏။ ထို့အပြင် သူတို့မှာ သူတို့၏ ခန္ဓာကိုယ်များကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

သူတို့၏မျက်နှာများပေါ်တွင်မူ အပြာရောင်သွေးကြောကြီးများကို အထင်းသားမြင်နေရပြီဖြစ်သည်။ သို့‌သော် ၎င်းတို့မှာ သွေးကြောများ မဟုတ်ဘဲ ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထဲ၌ လျင်မြန်စွာ လူးလွန့်သွားလာနေကြသည့် ချောက်ချားဖွယ်ရာ သတ္တဝါများ ဖြစ်နေ၏။

ထိုသတ္တဝါများမှာ ကျင့်ကြံသူများ၏ သက်စောင့်စွမ်းအင်များကို စုပ်ယူထားကြပြီး သူတို့၏ အသားများကို ဝါးမျိုထားကြသည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ နိုးထလာသည်နှင့် တစ်ပြိုင်နက် အပြင်သို့ထွက်လာကြ၏။ အပြင်သို့ရောက်လာသောအခါ ၎င်းတို့၏ ပုံစံမှာ တုတ်ချောင်းများကဲ့သို့ ဖြစ်နေကြသည်။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှာမူ ခြောက်ကပ်သွားပြီး ချက်ချင်းဆိုသလိုပင် ပြာမှုန့်ဘဝသို့ ရောက်သွားတော့သည်။ ထို့နောက် သူတို့၏ ဦးခေါင်းများ ရှိနေခဲ့သောနေရာမှ သွေးရောင် သစ်စေ့တစ်စေ့ ‌ထွက်ပေါ်လာ၏။

ထိုသွေးရောင်သစ်စေ့မှာ ပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွား၏။ တစ်ချိန်ထဲမှာပင် တိမ်တိုက်များ၏ အလွန်တွင် သွေးရောင်မြူခိုးများမှာ ထိုနေရာကြီး တစ်ခုလုံးကို လွှမ်းခြုံထားပြီး နေမင်းကြီးအား ပိတ်ဆို့ထား၏။

အစပိုင်းတွင်ဆိုလျှင် အခြားနယ်မြေထဲမှလူများမှာ ထိုပြောင်းလဲမှုများကို သတိထားမိလိုက်ကြမည်သာဖြစ်သည်။ သို့သော် သွေးရောင်သစ်စေ့များ ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားကြသည့် အချိန်တွင် ဖန်ကျင့်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲ၌ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။

ထိုပေါက်ကွဲသံကြီးနှင့်အတူ မရေမတွက်နိုင်လောက်အောင် များပြားသော သွေးရောင်အလင်းတန်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြ၏။ ၎င်းတို့မှာ သစ်စေ့များမဟုတ်ကြဘဲ အလင်းတန်းများ ဖြစ်နေကြသည် ဖြစ်သည်။

သေသေချာချာ အာရုံစိုက်လိုက်မည်ဆိုပါက ဖန်ကျင့်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲတွင် ချန်းမု‌ရောက်နေသော နေရာ၏ ဘေး၌ရှိနေသော ပြည်သူ့ရင်ပြင်ကြီး တစ်ခုထဲမှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရမည်ဖြစ်သည်။ ထို့နောက် မြေပြင်ကြီးထဲတွင် ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းများထွက်ပေါ်လာ၏။ ထိုအက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီးနောက် ချိုင့်ခွက်ကြီးတစ်ခု ပေါက်လာတော့သည်။

ထို့နောက် မြေပြင်ကြီးမှာ အသံအကျယ်ကြီးမြည်အောင် အောက်သို့ကျွံဝင်သွားပြီး ဧရာမလှိုဏ်ခေါင်းကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

သွေးရောင်အလင်းတန်းများမှာ ထိုလှိုဏ်ခေါင်းကြီးထဲမှ ထိုးထွက်လာကြ၏။ တစ်ချိန်ထဲမှာပင် ဟိန်းဟောက်သံများကို ကြားလိုက်ရပြီး ရက်စက်ကြမ်းကြုတ်ဖွယ်ရာ သားရဲကြီးများနှင့် ရုပ်အလောင်များမှာ ထို လှိုဏ်ခေါင်းကြီးထဲမှ သွေးရူးသွေးတမ်းနှင့် ပြေးထွက်လာကြတော့သည်။ ၎င်းတို့မှာ သူတို့၏ လမ်းတစ်လျှောက်ရှိ သက်ရှိအားလုံးကို ဖျက်ဆီးချေမှုန်းပစ်ကြ၏။

အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ချန်းမု၏ တောင်းဆိုချက်အရ ထိုလှိုဏ်ခေါင်းကြီးကို တည်ဆောက်ပေးထားခြင်းဖြစ်သည်။ ထိုလှိုဏ်ခေါင်းကြီးမှာ သူ၏ နယ်မြေထဲမှ သေဆုံးမှုများနှင့် ရုပ်သေးရုပ်၏ မူလဇာစ်မြစ်ကို ဖုံးကွယ်နိုင်ရန်အတွက် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ထိုကိစ္စကြီး စုံစမ်းစစ်ဆေးခံရမည့် အချိန်တွင် ပေါ်ပေါက်လာနိုင်သည့် ပြဿနာအားလုံးကို ဖန်ကျင့်ဆီသို့ လွှဲပြောင်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။

ဝမ်ဟွေ့အစား ဖန်ကျင့်အား ရွေးချယ်ခဲ့ရခြင်းမှာ လျှိုတောက်ပင်းသည် ဝမ်ဟွေ့အပေါ် ဖိအားများပေးနေသဖြင့် သူ့အတွက် အခက်တွေ့နေရမည်စိုးသောကြောင့် ဖြစ်သည်။ ဖန်ကျင့်မှာမူ အပေါ်ယံတွင်သာ ဝမ်ပေါင်လဲ့၏ အမိန့်များကို နာခံကာ သူစေလွှတ်ထားသည့် လူများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ပုံ ဟန်ဆောင်နေသောကြောင့် ချန်းမုမှာ အခွင့်အရေးတစ်ခု ရရှိသွားခဲ့ခြင်းဖြစ်၏။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် ဖန်ကျင့်မှာ အကျင့်သိက္ခာမရှိသော လူတစ်ယောက်ဖြစ်၏။

ယခုအကြိမ်တွင်မူ သူ၏အစီအစဉ်မှာ အလုပ်ဖြစ်သွားခဲ့ပြီးဖြစ်သည်။ လှိုဏ်ခေါင်းကြီး ပေါက်ကွဲသွားချိန်တွင် မြို့တော်အသစ်တစ်ခုလုံး၏ မြေပြင်ကြီး တုန်ရီသွားသဖြင့် သူ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲ၌ ဖြစ်ပျက်နေသည့် ကပ်ပါးကောင်များ၏ ဝါးမျိုခြင်းကို ခံထားရသော ကျင့်ကြံသူများ၏ အကြောင်းမှာ သတင်းဖုံးသွားတော့သည်။

သွေးရောင်အလင်းတန်းများ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြချိန်တွင် ခန္ဓာကိုယ်ထဲ၌ ကပ်ပါးကောင်များ ရှိနေကြသည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ ကျင့်ကြံသူများမှာ ဇဝေဇဝါ ဖြစ်သွားကြ၏။ သူတို့၏ အသွေးအသားများမှာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြပြီး မန္တန်အစီအရင်ကြီးကို ဖြတ်ကျော်၍ ‌‌သွေးရောင်မြူခိုးထဲရှိ သစ်စေ့ထဲသို့ ဝင်ရောက်စုစည်းသွားကြတော့သည်။

ထိုပြောင်းလဲမှုများအားလုံးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်၏။ လှိုဏ်ခေါင်းကြီး၏ ပေါက်ကွဲမှု၊ ကပ်ပါးကောင်များကိုလက်ခံထားသော ကျင့်ကြံသူများ၏ သေဆုံးမှုများ၊ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည့် ‌သွေးရောင်သစ်စေ့နှင့် အလင်းတန်းများ၊ မန္တန်အစီအရင်ကြီး မတည်မငြိမ်ဖြစ်ကာ တိုက်စားခံလိုက်ရခြင်း…. အစရှိသောဖြစ်ရပ်အားလုံးမှာ တစ်စုံတစ်ယောက်က သူ၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်၍ ဟာကွက်များ ဖန်တီးထားခဲ့သောကြောင့် ပေါ်ပေါက်လာခဲ့ရသည့်ပုံပင်။ မည်သို့ပင်ဆိုစေကာမူ ဘေးပတ်ပတ်လည်၌ မြူခိုးများရှိနေသောကြောင့် အကြောင်းအရင်း အတိအကျကို သိရှိနိုင်ရန်မှာ ခဲယဉ်းနေ၏။ ဤကိစ္စကြီး တစ်ခုလုံးအား သေသေချာချာ ကိုင်တွယ်လိုက်မည်ဆိုလျှင် အနာဂတ်တွင် ထိုအကြောင်းနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လွယ်ကူတော့မည်မဟုတ်ပေ။ ထို့ကြောင့် ပေါက်ကွဲသံကြီးတစ်သံမှာ အတားအဆီးမရှိ ထွက်ပေါ်လာ၏။ ထို့နောက် သွေးရောင်အလင်းတန်းများနှင့် သွေးရောင်သစ်စေ့များမှာ မြူခိုးများထဲသို့ ထိုးတက်သွားကြ၏။ ကောင်းကင်ယံထဲတွင်မူ သွေးရောင်မြူခိုးများမှာ အဆက်အပြတ် လည်ပတ်နေသဖြင့် ဘီလူးကြီးတစ်ကောင်မှာ မြို့တော်ကြီးအား တိုက်ခိုက်တော့မည့်ပုံ ပေါက်နေတော့သည်။

တစ်ချိန်ထဲမှာပင် မြည်းလေးမှာလည်း အလားတူဖြစ်ရပ်မျိုးနှင့် ကြုံတွေ့နေရ၏။ ၎င်း၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီနေပြီး ၎င်း၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေ၏။ ဒုဓလီပန်းပွင့်ပေါင်း မြောက်မြားစွာမှာ မြည်းလေး၏ စွမ်းအင်အားလုံးကို စုပ်ယူနေပြီဖြစ်သည်။ သို့သော် မြည်းလေးမှာ အခြားသူများနှင့်မတူပေ။ ၎င်းမှာ လှိုဏ်ခေါင်းကြီးထဲတွင် ရှိခဲ့စဉ်တုန်းက ကောင်လေး၏ လက်တစ်ဖက်ကို စားခဲ့သောကြောင့်လားတော့မသိပေ။ ၎င်း၏ ခန္ဓာကိုယ်မှာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခြင်းမရှိဘဲ ၎င်း၏ ခန္ဓာကိုယ်ထဲ၌ ပေါ်ပေါက်လာခဲ့သည့် သစ်စေ့ပေါင်း မြောက်မြားစွာမှာ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် ကြီးမားနေသည့် သစ်စေ့ကြီးတစ်စေ့အဖြစ်သို့ ပြောင်းလဲသွား၏။

ထိုသစ်စေ့မှာလည်း သွေးရောင်ရှိနေပါသော်လည်း ၎င်း၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ၎င်းမှာ ထွက်ပေါ်လာပြီးနောက် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး မန္တန်အစီအရင်ကြီးအား ကျော်ဖြတ်ကာ သွေးရောင်မြူခိုးများထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

သွေးရောင်သစ်စေ့များအားလုံး မြူခိုးထဲသို့ ဝင်ရောက်သွားကြပြီး မန္တန်အစီအရင်ကြီး ဖျက်ဆီးခံလိုက်ရသောအခါ မြို့တော်အသစ်ထဲ၌ အန္တရာယ်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် ခုန်းတောက်၊ လင်းတျန်ဟောက်၊ ကျင့်သိုမင်၊ ဝမ်ဟွေ့နှင့် အပေါင်းအပါများအားလုံးမှာ အံ့ဩတုန်လှုပ်သွားရ၏။ သူတို့မှာ ချက်ချင်းဆိုသလိုပင် သတိကြီးကြီးထားလိုက်ကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြတော့သည်။

အထူးသဖြင့် လီဝမ်အာမှာဆိုလျှင် ယခုကဲ့သို့ အရေးကြီးသောအခိုက်အတန့်မျိုးတွင် အာရုံထွေပြားသွားခြင်းမရှိပေ။ သူမသည် ချက်ချင်းဆိုသလိုပင် အမိန့်များ ဆက်တိုက်ထုတ်ပြန်လိုက်၏။ ထိုအမိန့်များထဲတွင် ဖန်ကျင့်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအား ကူညီပေးရန်နှင့် လှိုဏ်ခေါင်းကြီးအား အလုံပိတ်ရန်တို့လည်း ပါပေသည်။

လက်ရှိတွင်မူ ဖန်ကျင့်မှာ သွေးပျက်လုမတတ် အံ့ဩတုန်လှုပ်နေရပြီဖြစ်သည်။ သို့သော် သူမ၏တုံ့ပြန်ပုံမှာ ယခင်တုန်းက လီယီတုံ့ပြန်ခဲ့သည်ပုံနှင့် လုံးဝမတူပေ။ သူမသည် မျက်လုံးကြီးများ နီမြန်းနေပါသော်လည်း နောက်သို့ဆုတ်ခွာသွားခြင်းမရှိပေ။ ထို့အပြင် သူမသည် အရူးတစ်ယောက်ကဲ့သို့ သူမ၏ လက်အောက်ငယ်သား အားလုံးကို ဦးဆောင်ကာ အကူအညီတပ်ဖွဲ့များ ရောက်မလာခင်အထိ အချိန်ဆွဲထားနိုင်ရန်အတွက် လှိုဏ်ခေါင်းကြီးထဲမှ ထွက်ပေါ်လာသော သားရဲစီးကြောင်းကြီးအား အစွမ်းကုန် ခုခံတွန်းလှန်လိုက်၏။ တစ်ချိန်ထဲမှာပင် သူမသည် သူမ၏ တာအိုအစောင့်အရှောက်များအား လှိုဏ်ခေါင်းကြီးကို ပိတ်ဆို့ပေးရန် တောင်းဆိုလိုက်၏။

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ထိုမြို့တော်ကြီးတစ်ခုလုံးမှာ အလုပ်ရှုပ်နေကြတော့သည်။ ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ ဖန်ကျင့်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရနယ်မြေထဲသို့ ပြေးဝင်သွားကြ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာလည်း သူ၏ အိမ်ရာထဲမှ ပြန်ထွက်လာ၏။ ထိုအချိန်တွင် သူမြင်လိုက်ရသည့် ပြောင်းလဲမှုများမှာ သူ့အတွက် ထူးဆန်းလွန်းနေသောကြောင့် သူ၏မျက်မှာအမူအရာမှာ လုံးဝတည်ကြည်သွားရတော့သည်။

ဝမ်ပေါင်လဲ့မှာ လှိုဏ်ခေါင်းအသစ်များ ထပ်မပေါ်လာနိုင်အောင် တားဆီးနိုင်ရန်အလို့ငှာ မန္တန်အစီအရင်ကြီးကို အသုံးပြု၍ ပြောင်းလဲမှုများကို ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို အံ့အားသင့်သွားရ၏။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး ကောင်းကင်ကြီးအား မော့ကြည့်လိုက်သောအခါ တအံ့တဩဖြစ်ကာ မျက်လုံးပြူးသွားရတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာမက ထိုမြို့တော်ထဲမှ ကျင့်ကြံသူအားလုံးမှာ တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြ၏။ ထို့နောက် သူတို့မှာ ခေါင်းများ မော့ကြည့်မိလိုက်သောအခါ တုန်လှုပ်ချောက်ချားသွားရပြီး အများစုမှာ ဆွံ့အမှင်တက်သွားရတော့သည်။

” ဒါ…. ဒါကြီးက…. ”

” ဘုရားရေ။ အဲ့တာ ဘာကြီးလဲဟ ”

ကောင်းကင်ယံထဲ၌ လည်ပတ်နေသည့် မြူခိုးများထဲတွင် အရိပ်ကြီးတစ်ခု မသဲမကွဲ ပေါ်ပေါက်လာသည်ကို လူတိုင်းက မြင်လိုက်ရ၏။ ထိုအရိပ်ကြီးမှာ ထိုမြူခိုးများထဲမှနေ၍ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့်ပုံပင်။ နောက်ဆုံးတွင် ပေါက်ကွဲသံကြီးတစ်သံထွက်ပေါ်လာပြီး မြူခိုးများ ပြင်းထန်စွာ လည်ပတ်နေစဉ် ချောက်ချားဖွယ်ရာ မျက်လုံးများ ပိုင်ဆိုင်ထားသည့် ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်၏ ဦးခေါင်းမှာ မြူခိုးများထဲမှ ထိုးထွက်လာပြီး မြို့တော်ကြီး၏ မန္တန်အစီအရင်အား ရိုက်ခတ်သွားတော့သည်။

ထိုအခါ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး မန္တန်အစီအရင်ကြီးမှာ ထပ်ခြမ်းကွဲသွားရ၏။ ၎င်းမှာ မည်သည့်ရိုက်ခတ်မှုဒဏ်ကိုမှ ဆက်လက်တောင်းခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထိုကဲ့သို့ ရိုက်ခတ်ပြီးသွားသောအခါ ထိုသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။ ၎င်းမှာ မှင်တက်ဖွယ်ရာ ကောင်းလောက်အောင် အရွယ်အစားကြီးမားနေသော စပါးအုံးမြွေကြီးတစ်ကောင်ပင် ဖြစ်သည်။

၎င်းမှာ သွေးရောင်ဖြစ်နေပြီး မြူခိုးများနှင့် တစ်သားတည်း ပေါင်းစည်းနေသကဲ့သို့ပင်။ ၎င်း၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်နေ၏။ ၎င်းမှာ အနီးသို့ရောက်လာသောအခါ ၎င်း၏ မျက်ဝန်းထဲရှိ စိတ်လှုပ်ရှားမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။

ထိုအကြည့်မှာ ချန်းမု၏ အကြည့်ပင် ဖြစ်သည်။

ယခုတွင် ချန်းမုမှာ သူ၏ လျှို့ဝှက်အခန်းထဲ၌ တံခါးပိတ်ကျင့်ကြံနေပါသော်လည်း သွေးရောင်သစ်စေ့များ မြူခိုးထဲသို့ ဝင်ရောက်သွားသည့် အချိန်တုန်းက သူ၏ အသိစိတ်အား ဧရာမစပါးအုံးမြွေကြီးတစ်ကောင် အဖြစ် အသွင်ပြောင်းလဲခဲ့၏။ ထိုအခါ သူ၏အသိစိတ်မှာ ထိုဧရာမစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ထဲသို့ တန်း၍ စုပ်ယူခံလိုက်ရသဖြင့် ၎င်းမှာ သူ၏ နောက်ထပ်ခန္ဓာကိုယ်တစ်ခု ဖြစ်သွားတော့သည်။

ထို့ကြောင့် ချန်းမုမှာ အလွန်အင်မတန်မှစိတ်လှုပ်ရှားသွားရ၏။ သူသည် ယခုမှသာ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ သူ့အား လိမ်ညာခဲ့ခြင်းမဟုတ်ကြောင်း သေချာသွားတော့သည်။ သူသည် ထိုရုပ်သေးရုပ်အား အပြည့်အဝထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

မြူခိုးများ ပေါ်ပေါက်လာမှုကြောင့် ဆက်သွယ်မှုအားလုံး ပြတ်တောက်နေပြီဖြစ်ရာ သူသည် မည်သူ့ကိုမဆို အချိန်ပေး၍ သတ်ဖြတ်နိုင်နေပြီဖြစ်သည်။ အကယ်၍ သူသည် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကိုသာ သတ်လိုက်မည်ဆိုပါက သိသာလွန်းနေမည်ဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုနှင့် တူတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ခုန်းတောက်၊ လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့ကိုလည်း သတ်ရန် လိုအပ်ပေသည်။ ထို့အပြင် သူသည် ဝမ်ဟွေ့နှင့် ဖန်ကျင့်တို့ထဲမှ တစ်ယောက်ယောက်ကို သတ်ရန်လည်း ဆုံးဖြတ်လိုက်၏။ ထိုမျှသာမက သူသည် လီဝမ်အာကိုလည်း သတ်ဖြတ်တော့မည်ဖြစ်သည်။

Comment

  1. haruto28526 says:

    မိုက်တယ်

Leave a Reply

Options

not work with dark mode
Reset