ဝမ်ပေါင်လဲ့ နားလည်ထားသည့် မိုးကောင်းကင်လှုံ့ဆော်ခြင်းဟူသော အရာမှာ မိမိ၏ အသိစိတ်အား ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်ကာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ကြား၌ လှည့်လည်သွားလာခိုင်းခြင်းပင်ဖြစ်သည်။ ထိုသို့လှည့်လည်သွားလာရင်း ထိုအသိစိတ်များမှာ နတ်ဘုရားများ၏ အသိစိတ် အကြွင်းအကျန်များနှင့် အတိုင်းအတာ တစ်ခုအထိ ဆင်တူသွားမည်ဖြစ်သည်။ ၎င်းမှာ ထိုအသိစိတ်များ၏ အာရုံခံနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
မိုးကောင်းကင်လှုံ့ဆော်ခြင်း၏ အဓိပ္ပါယ်အစစ်အမှန်အတိုင်းသာဆိုလျှင် ဓမ္မလက်နက်တစ်ခု၏ အကူအညီကိုရယူကာ ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်နေစရာမလိုပေ။ လူတစ်ယောက်မှာ မိမိ၏မျက်လုံးများကို မှိတ်လိုက်သည်နှင့် မိမိ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ကျွမ်းကျင်မှုများကို အသုံးချကာ ဖြတ်ကျော်အဆင့်ထဲတွင် ရှိနေသည့်အလား အရပ်မျက်နှာအနှံ့သို့ သွားနိုင်စွမ်း ရှိပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအပိုင်းတွင်သာမက ကျွမ်းကျင်မှုအပိုင်းတွင်ပါ အားနည်းနေသေးသည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူနှင့် သက်တူရွယ်တူများထက် ပို၍အစွမ်းထက်နေသည့်တိုင်အောင် နတ်ဘုရား အသိစိတ်များကို အာရုံခံမိနိုင်ရန်အတွက် ဓမ္မလက်နက်တစ်ခုအား အကူပစ္စည်းအဖြစ် အသုံးပြုရန် လိုအပ်နေဆဲပင်။
ဝမ်ပေါင်လဲ့၏ နည်းလမ်းမှာ မိမိကိုယ်ကိုယ် လှည့်စားသည့် နည်းလမ်းတစ်ခုဖြစ်ပါသော်လည်း ပြည်ထောင်စုကြီးထဲမှ ဓမ္မလက်နက်သခင် အများစုမှာ ထိုနည်းလမ်းကို အသုံးပြုကြဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစဖြင့် နတ်ဘုရားအသိစိတ်များကို အာရုံခံနိုင်သည့်လူများမှာ မရှိသလောက်နည်းပါးနေသည် မဟုတ်ပါလော။ နဝမအဆင့် ဓမ္မလက်နက်များကို ဖန်တီးနိုင်သည့်သူများသာလျှင် ထိုကဲ့သို့ အာရုံခံနိုင်စွမ်း ရှိကြသည်ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ၏ဘေးရှိ ဓမ္မလက်နက် နှစ်ခုကို အသုံးပြု၍ သူ၏အသိစိတ်အား အပြင်ဘက်သို့ ထုတ်လွှတ်ကာ ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ သူသည် ထိုဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်ဖူးသည်မှာ ပထမအဆုံးအကြိမ် မဟုတ်ပါသော်လည်း ထိုအဆင့်ထဲ၌ ရှိနေရသည်မှာ အလွန်အင်မတန်မှ ထူးဆန်းသည်ဟု အမြဲတမ်းခံစားခဲ့ရ၏။ ယခုအကြိမ်တွင်လည်း ထိုနည်းတူပင်။ သူသည် သူ၏အတွေးများမှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသောကြောင့် အင်္ဂါဂြိုဟ်တစ်ဝက်ကျော်အထိ ဖုံးလွှမ်းနိုင်စွမ်း ရှိနေသည့်အလား ခံစားနေရ၏။
ထိုအခိုက်အတန့်တွင် သူ၏ အပြင်ခန္ဓာကိုယ်မှာ လုံးဝအလုပ်မလုပ်တော့သည့်ပုံပင်။ မိမိ၏ ဝိညာဉ်အား ခန္ဓာကိုယ်ထဲမှ ထုတ်၍ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ကြား၌ လှည့်လည်သွားလာခိုင်းခြင်းမှာ ပျော်ရွှင်စရာအကောင်းဆုံး အသက်ရှင်နေထိုင်နည်း ဖြစ်သည်ဟု ခံစားနေရ၏။ ထိုခံစားချက်ကြီးမှာ အားကောင်းလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ကြီးကိုပင် စွန့်လွှတ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။
နဂိုအခြေအနေတွင် မိမိ၏ အပြင်ခန္ဓာကိုယ်မှာ အကျဉ်းထောင်တစ်ခုကဲ့သို့ ဖြစ်နေသည်ဖြစ်ပြီး ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်သွားခြင်းမှာ ထိုအကျဉ်းထောင်ထဲမှ လွတ်မြောက်သွားသကဲ့သို့ပင်။
” အဲ့လိုလုပ်လို့မဖြစ်ဘူး။ ငါ့ရဲ့ အပြင်ခန္ဓာကိုယ်က ပြည်ထောင်စုကြီးတစ်ခုလုံးထဲက ရုပ်အချောဆုံးလူရဲ့ ခန္ဓာကိုယ်လေ။ ဒီလို လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ ” ဝမ်ပေါင်လဲ့၏ အတွေးထဲ၌ ထိုကဲ့သို့ သူ၏ ခန္ဓာကိုယ်အား စွန့်လွှတ်ပစ်ချင်သည့်စိတ်များ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းထက် အဆပေါင်းများစွာ ပို၍အားကောင်းသော နောက်ထပ်အတွေးတစ်ခု ပေါ်ပေါက်လာပြီး ပထမဆုံး အတွေးကြီးအား ဖယ်ရှားလိုက်၏။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မှန်တစ်ချပ် ကွဲသွားသည့်အသံနှင့် မကျေမချမ်းဖြစ်ကာ ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်နေသည့် အသံတစ်သံကို ခပ်သဲ့သဲ့ ကြားလိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ပြောင်းလဲသွားသည့်အလား ချက်ချင်းပင် ခံစားလိုက်ရတော့သည်။
သူသည် ဖြတ်ကျော်အဆင့်အထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ကြား၌ သွားလာနေသကဲ့သို့ ခံစားနေရပါသော်လည်း အမှန်တကယ်တွင်မူ ယခင်အကြိမ်တုန်းကနှင့် မတူသည့် အရာကြီးတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ဝန်းရံနေသည် ဖြစ်သည်။ ၎င်းမှာ မျက်လုံးဖြင့် မမြင်ရသော အကာအရံကြီးတစ်ခုဖြစ်ပြီး ပုလင်းတစ်လုံးကဲ့သို့ သူ့အား ဝန်းရံထား၏။
ယခုတွင် သူသည် တဖြည်းဖြည်းနှင့် ပြန်လည်နိုးထလာပြီး သူ၏ အပြင်ခန္ဓာကိုယ်အား စွန့်လွှတ်ပစ်ချင်နေသည့် အတွေးများကို ဖယ်ရှားလိုက်သောအခါ သူရောက်နေသည့်နေရာထဲ၌ အက်ကွဲကြောင်းများ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ထို အက်ကွဲကြောင်းများမှာ အရပ်မျက်နှာအနှံ့သို့ မြန်ဆန်စွာ ပျံ့နှံ့သွားကြပြီး ချက်ချင်းပင် တစ်စစီ ကြေမွသွားကြတော့သည်။ ထို့ကြောင့် သူ့အား ပိတ်လှောင်ထားသည့် ပုလင်းကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားသကဲ့သို့ ဖြစ်သွား၏။
ထိုပုလင်းကြီး ကြေမွပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် မကျေမချမ်းဖြစ်နေသည့် အသိစိတ်တစ်ခုမှာလည်း ချက်ချင်းဆိုသလိုပင် လွင့်ပါးပျောက်ကွယ်သွား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရပြီး ဖြတ်ကျော်အဆင့်ထဲမှ ချက်ချင်းပင် ပြန်ထွက်လာတော့သည်။ တရားထိုင်နေသည့် သူ၏ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူသည် မယုံသင်္ကာနှင့် မျက်လုံးများပွင့်လာသည်။ သို့သော် ထို မသင်္ကာမှုများမှာ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားမှုများအဖြစ် ပြောင်းလဲသွားရပြီး သူသည် အသက်ရှုနှုန်းများ မြန်ဆန်လာရတော့သည်။
” မဟုတ်သေးဘူး…. စောစောတုန်းက… တစ်ခုခုတော့ မှားနေပြီ ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ ဗြောင်းဆန်နေရပြီ ဖြစ်သည်။ ထို့နောက် သူသည် ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ဖြစ်ပျက်သွားခဲ့သည့် အရာများကို အသေးစိတ် ပြန်လည် စဉ်းစားကြည့်လိုက်သောအခါ မသေချာ မရေရာသည့် အဖြေတစ်ခုကို ရရှိသွားတော့သည်။
” စောစောတုန်းက ငါ ဖြတ်ကျော်အဆင့်ထဲ ဝင်သွားခဲ့တဲ့အချိန်တုန်းက နတ်ဘုရားအသိစိတ်တစ်ခုရဲ့ မိစ္ဆာစိတ်ဆန္ဒတွေနဲ့ ကြုံခဲ့တာပဲဖြစ်ရမယ်။ အဲဒီ စိတ်ဆန္ဒက ငါရှိနေတာကို အာရုံခံမိလို့ ငါ့ရဲ့ အသိစိတ်ကို ပုလင်းတစ်လုံးထဲမှာ လှောင်ပိတ်ထားခဲ့တာ။ အဲ့လို လှောင်ပိတ်ပြီးတော့မှ ငါ့ရဲ့ အတွေးကိုတွေကို နှောင့်ယှက်ပြီးတော့ ငါ့ရဲ့အပြင်ခန္ဓာကိုယ်ကို စွန့်ပစ်ချင်စိတ်တွေ ပေါက်လာအောင် လုပ်ခဲ့တာပဲ။ တကယ်လို့ ငါသာ အဲ့အတိုင်း လုပ်မိလိုက်မယ်ဆိုရင်…. ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွား၏။ သူသည် စိတ်ထဲတွင်မူ နောက်ဆက်တွဲ ဆက်ဖြစ်လာမည့်အကျိုးဆက်များကို သိထားပြီးသားဖြစ်သည်။ သူ ထိုသို့သာ သူ၏ အပြင်ခန္ဓာကိုယ်အား စွန့်လွှတ်လိုက််မည်ဆိုပါက မျက်လုံးများပြန်ပွင့်လာသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ ရှိနေသည့်လူမှာ သူမဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေမည်သာဖြစ်သည်။
” ဒီ မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းက တကယ့်ကို အန္တရာယ်များတာပဲ။ အရင်တုန်းက ငါက လျှော့တွက်မိခဲ့တာပါလား…. ” ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေရပြီ ဖြစ်သည်။ သူသည် ယခင်အကြိမ်များတုန်းက အောင်မြင်ခဲ့ပါသော်လည်း ယခုအချိန်တွင်မူ မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်း၏ အန္တရာယ်များကို နားလည်သွားတော့သည်။ ထိုအန္တရာယ်များမှာ အချိန်အများစုတွင် ပေါ်ပေါက်လာခြင်းမရှိပါသော်လည်း ၎င်းတို့ ပေါ်ပေါက်လာသည့်အချိန်တွင် သွေးမထွက်ဘဲ အသက်ဆုံးရှုံးလိုက်ရမည်သာဖြစ်သည်။
” ငါ့ရဲ့ ခန့်ချောခန္ဓာကိုယ်ကြီးကို မခွဲနိုင်ဘဲ ဖြစ်နေလို့ တော်ပါသေးရဲ့ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် စောစောတုန်းက သူကြားခဲ့ရသည့် မကျေမချမ်းဖြစ်နေသော အော်ဟစ်သံကြီး၏ အကြောင်းကို ပြန်လည်တွေးတောမိလိုက်သောအခါ သူ၏နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွားရတော့သည်။ ထို အော်ဟစ်သံပိုင်ရှင်ကြီးမှာ သူ့အား အောင်မြင်စွာ ဖြားယောင်းနိုင်စွမ်းမရှိဘဲ လက်လွှတ်ဆုံးရှုံးလိုက်ရလိမ့်မည်ဟု လုံးဝထင်မှတ်ထားခဲ့မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့ပင်လျှင် အဘယ်ကြောင့် ထိုသို့ဖြစ်သွားရမှန်း မသိနိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် နတ်ဘုရားအသိစိတ် အကြွင်းအကျန်များ၏ ဖြားယောင်းမှုများကို တောင့်ခံနိုင်စွမ်း ရှိနေသည်ဖြစ်ရာ သူသည် ပြည်ထောင်စုကြီးထဲ၌ ရုပ်အချောဆုံးပုဂ္ဂိုလ်ဖြစ်ရမည်ဟု ပို၍ပင် ယုံကြည်လာရတော့သည်။
” ကြည့်ရတာ ငါ့ရဲ့ တွေးပုံတွေးနည်းတွေက အမှန်တရားနဲ့ တကယ့်ကို ထပ်တူကျနေတာပဲ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ပြည်ထောင်စုကြီးထဲမှာ ရုပ်အချောဆုံး ပုဂ္ဂိုလ်ပဲကွ ” ဝမ်ပေါင်လဲ့မှာ ယခုလေးတင် အန္တရာယ်နှင့် ကြုံလိုက်ရသည့်တိုင်အောင် ထိုအတွေးများကြောင့် အံ့ဩတုန်လှုပ်သွားရ၏။ ယခင်တုန်းကဆိုလျှင် သူသည် ရုပ်ရည်ချောမောပါသော်လည်း ပြည်ထောင်စုကြီးထဲ၌ သူ၏ ရုပ်ရည်နှင့် ယှဉ်ပြိုင်နိုင်သည့် လူအချို့ ရှိနေဆဲဖြစ်ကြောင်း သူက လက်ခံထားသည်ဖြစ်သည်။
သို့သော် ယခုတွင်မူ သူသည် မည်သူကမှ သူ့အား ယှဉ်နိုင်လိမ့်မည်မဟုတ်ကြောင်း ရုတ်တရက်ဆိုသလို ခံစားလိုက်ရတော့သည်။
” တကယ်လို့ ငါနဲ့ယှဉ်နိုင်တဲ့ တစ်ယောက်ယောက် ပေါ်လာရင်တောင် ငါ့ကို အနိုင်ယူနိုင်မှာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက ပြည်ထောင်စုကြီးထဲမှာ အတော်ဆုံးဖြစ်နေလို့ပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်သွားတော့သည်။ ဤကိစ္စကြီးမှာ ရုပ်ရည်နှင့် မဆိုင်တော့ပေ။ မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းထဲရှိ နတ်ဘုရားအသိစိတ်ကြီး၏ သွေးဆောင်ဖြားယောင်းမှုများကို တောင့်ခံရမည့် ကိစ္စဖြစ်သွားပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် အားအင်အပြည့် စိုက်ထုတ်ကာ ဓမ္မလက်နက်သန့်စင်ခြင်းထဲ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း စိတ်ဓာတ်များ ပို၍ပြတ်သားလာတော့သည်။ လက်တွေ့တွင်လည်း သူ၏လုပ်ရပ်မှာ မှန်ကန်ပေသည်။ ထို့အပြင် ထိုကိစ္စကြီးမှာ သူ မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းထဲ၌ ကြုံခဲ့ရသည့် အရာများထဲတွင် အန္တရာယ်အများဆုံးလည်း ဖြစ်၏။ ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်ရသည်မှာ ပင်လယ်ပြင်ကြီးထဲသို့ မျောလွင့်သွားရသည်နှင့် ဆင်တူပြီး မိမိ၏ စိတ်ဓာတ်ပြတ်သားမှုများနှင့် ယုံကြည်မှုများမှာမူ လှေတစ်စင်းကို ကိုယ်စားပြုနေ၏။ လှေတစ်စင်းမရှိလျှင်၊ သို့မဟုတ် ထိုလှေမှာ ခိုင်ခံ့နေခြင်းမရှိလျှင် ထိုလှေအား အထိခိုက်မခံဘဲ ရှေ့သို့ဆက်သွားနိုင်ရန်မှာ ခက်ခဲနေမည်ဖြစ်သည်။ ထို့အပြင် အသက်ဆုံးရှုံးသွားရနိုင်ခြေပါ ရှိပေသည်။
သို့သော် ဝမ်ပေါင်လဲ့၏ ယုံကြည်ချက်မှာ အခြားသူများ၏ယုံကြည်ချက်နှင့် မတူပေ။ လူတိုင်းမှာ ယုံကြည်ချက်ကိုယ်စီ ပိုင်ဆိုင်ထားကြသည် ဖြစ်တာပါသော်လည်း မည်သူကမှ ဝမ်ပေါင်လဲ့လောက် အရေထူနေခြင်း မရှိပေ။
ဝမ်ပေါင်လဲ့မှာ သူ၏ယုံကြည်မှုများကို နှလုံးသွင်းလိုက်ပြီးနောက် သေသေချာချာ စဉ်းစားတွေးတောကာ လတ်တလောတွင် ဖြတ်ကျော်အဆင့်ထဲသို့ မဝင်သင့်သေးကြောင်း ဆုံးဖြတ်လိုက်၏။ သူ၏ ယုံကြည်ချက်များမှာ ခိုင်မာမှုအပြည့် ရှိနေသည့်တိုင်အောင် သူသည် ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်ရသည့် အန္တရာယ်များကိုလည်း ကြုံတွေ့ဖူးထားပြီသား ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကိစ္စနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးအား မေးမြန်းကာ နောက်ထပ်ပြဿနာများ ထပ်မပေါ်လာနိုင်အောင် ဆက်လက်လေ့လာရန် ဆုံးဖြတ်လိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ခုနစ်ရက်ဆိုသောအချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့ တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ တစ်လတိတိ ရှိနေပြီဖြစ်သည်။ သူသည် အသေးစိတ်အချက်အလက်များကို ရှာဖွေသိရှိခဲ့ရပြီး လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် မိုးကောင်းကင်လှုံ့ဆော်ခြင်းအပိုင်းကို နောက်ထပ်တစ်ကြိမ်ထပ်၍ စမ်းသပ်ကြည့်ရန် ယုံကြည်ချက်များ ပြင်းထန်နေတော့သည်။ ထို့ကြောင့် သူသည် သူ၏ ဓမ္မလက်နက်များကို အသုံးပြုကာ ဖြတ်ကျော်အဆင့်ထဲသို့ ဝင်ရောက်သွားလိုက်ပြီး နတ်ဘုရားအသိစိတ် အကြွင်းအကျန်များကို ရှာဖွေရန် ကြိုးစားလိုက်၏။ သို့သော် အင်္ဂါဂြိုဟ်ပေါ်ရှိ မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့၏ ကြား၌ နဂိုမူလတုန်းက ဟင်းလင်းပြင်ကြီး ဖြစ်နေခဲ့သည့် နေရာလွတ်ကြီးထဲတွင် အနီရောင်မြူခိုးများ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်ကို ဝမ်ပေါင်လဲ့က မြင်လိုက်ရ၏။
အစပိုင်းတွင် ထိုမြူခိုးများမှာ အဝေးတစ်နေရာ၌သာ ရှိနေကြပါသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် ထိုနေရာတစ်ခုလုံးထဲတွင် ပြည့်နှက်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီ ဦးတည်၍ ရောက်ရှိလာခြင်းမဟုတ်ဘဲ အင်္ဂါဂြိုဟ်တစ်ခုလုံးအား အံ့ဩမှင်တက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် လွှမ်းခြုံသွားနေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဖြတ်ကျော်ခြင်းအဆင့်ထဲ၌ ဖြစ်ပျက်နေသည့်အရာများကို သတိထားမိလိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထို့ကြောင့် သူသည့် ထိုအဆင့်ထဲမှ နောက်ထပ်တစ်ကြိမ်ပြန်ထွက်လာပြီး မျက်လုံးများ ပြန်ပွင့်လာတော့သည်။ သူ၏မျက်ဝန်းများထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်ကို အထင်အရှားမြင်နိုင်ပေသည်။
” အဲဒီ မြူခိုးတွေကို…. ငါ ရင်းရင်းနှီးနှီး သိနေပါတယ်… ”
ဝမ်ပေါင်လဲ့တစ်ယောက် တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာစဉ် အခြားတစ်နေရာ၌ တံခါးပိတ်ကျင့်ကြံနေသည့် ချန်းမု၏ အသိစိတ်ထဲ၌ ခပ်ဩဩ စကားသံကြီးတစ်သံ ရုတ်တရတ်ဆိုသလို ထွက်ပေါ်လာသည်။
” အစေ့က မှည့်နေပြီ။ ရုပ်သေးရုပ်ကလည်း သိပ်မကြာခင်မှာ ပြီးတော့မှာ…. ငါ ပေးထားခဲ့တဲ့ကတိအတိုင်း အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေကို ထိန်းပေးထားမယ်။ ငါတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဝမ်ပေါင်လဲ့ကို သတ်ဖို့ဆိုတာကို မမေ့နဲ့ ”
ထိုအသံကြီး ပဲ့တင်ထပ်သွားပြီးနောက် ချန်းမုမှာ မျက်လုံးများပွင့်လာ၏။ သူ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် သတ်ဖြတ်လိုစိတ်များကို အထင်းသားမြင်နေရသည်။
သူ၏ သတ်ဖြတ်လိုစိတ်များ ထိန်းချုပ်၍မရနိုင်လောက်အောင် အားကောင်းလာသည့်အချိန်တွင် ယခင်တုန်းက ပေါ်ပေါက်လာခဲ့ဖူးသည့် သွေးရောင်မြူခိုးများမှာ အင်္ဂါဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။ ၎င်း၏ အရွယ်အစားမှာ ယခင်အကြိမ်တုန်းကထက် အများကြီး ပိုကြီးနေ၏။ ထိုမြူခိုးများမှာ ချက်ချင်းဆိုသလိုပင် နေရာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲနှင့် အင်္ဂါဂြိုဟ်မြို့တော်အသစ်ထဲတွင် သွေးရောင်မြူခိုးများအား တားဆီးနိုင်သည့် မန္တန်အစီအရင်များကို ဖွင့်လိုက်ကြပါသော်လည်း ယခုတွင်မူ သွေးရောင်မြူခိုးများမှာ နေရာတိုင်း၌ ဖုံးလွှမ်းသွားကြပြီဖြစ်သည်။
ထိုမြူခိုးများမှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းနေ၏။ ၎င်းတို့မှာ ဝိညာဉ်ချီအားလုံးကို ပိတ်ပင်တားဆီးနိုင်စွမ်း ရှိနေရုံသာမက ဆက်သွယ်မှုနည်းလမ်းအားလုံးကိုပါ ဖြတ်တောက်ပစ်နိုင်စွမ်း ရှိနေသည်ဖြစ်သည်။ ယခုတွင် အင်္ဂါဂြိုဟ်မန္တန်အစီအရင်ကြီးပင်လျှင် ထိုမြူခိုးများကြောင့် နှောင့်ယှက်ခံနေရပြီဖြစ်သည်။ ၎င်းတို့၏ အဓိကပစ်မှတ်မှာ ပင်မအင်္ဂါဂြိုဟ်မြို့တော် ဖြစ်၏။ ထို့ကြောင့် လက်ရှိတွင် ပင်မအင်္ဂါဂြိုဟ်မြို့တော်အပြင်ဘက်၌ အလွန်အင်မတန်မှ ထူထဲနေသော မြူခိုးများ ရှိနေပြီဖြစ်သည်။ ထို့အပြင် လူသူကင်းမဲ့နေသည့် ရွာများ ပေါ်ပေါက်လာသည်ကိုပင် ခပ်ရေးရေးခန့် မြင်နေရ၏။
ထို့ကြောင့် အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် အပေါင်းအပါများမှာ စိုးရိမ်တကြီးဖြစ်သွားရ၏။ ထိုမြူခိုးများ ပေါ်ပေါက်လာသည်နှင့် သူတို့မှာ ချက်ချင်းပင် သွားရောက်စစ်ဆေးကြည့်ရှုလိုက်ကြ၏။ သို့သော် ၎င်းတို့မှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ပမာဏမှာလည်း များပြားလွန်းနေသောကြောင့် ဆက်သွယ်မှုများပင်လျှင် နှောင့်ယှက်ခံလိုက်ရသဖြင့် မြို့တော်အသစ်၏ အခြေအနေများကို လှမ်း၍ မကြည့်နိုင်ဘဲ ဖြစ်နေရတော့သည်။ ထို့အပြင် သူတို့မှာ မြို့တော်အသစ်နှင့် ပတ်သတ်သည့် သတင်းများကိုလည်း မရရှိနိုင်တော့ပေ။ ထို့ကြောင့် ထိုမြို့နှစ်မြို့မှာ တသီးတခြား ခွဲထုတ်ခံထားရသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအချိန်တွင် မြို့တော်အသစ်မှာလည်း အဘက်ဘက်မှ ဝန်းရံခံထားရသည့် မြို့တော်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။
ထိုမြို့တော်အသစ် အပြင်ဘက်ရှိ သွေးရောင်မြူခိုးများနှင့် တုန်လှုပ်ချောာက်ချားဖွယ်ရာ ငိုကြွေးသံများကြောင့် မြို့တော်အသစ်ထဲရှိ ကျင့်ကြံသူတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့နေကြရ၏။ သို့သော် နယ်မြေတစ်ခုချင်းစီတိုင်းမှ ကျင့်ကြံသူများ စိုးရိမ်တုန်လှုပ်ကာ သတိကြီးကြီး ထားနေကြချိန်တွင် ချန်းမု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲ၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။
” ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သစ်စေ့က နိုးထလာပြီကွ ” ချန်းမုမှာ သူ၏ လျှို့ဝှက်အခန်းထဲ၌ မတ်တတ်ထလာပြီး သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်နေပြီး သူ၏စကားသံကြီးမှာ ကပ်ပါးကောင်များအား လက်ခံထားသည့် ကျင့်ကြံသူအားလုံး၏ အသိစိတ်များထဲ၌ ပဲ့တင်သွားတော့သည်။