မျက်လုံးပေါင်းများစွာက ရီဖူရှင်းထံ ရောက်ရှိနေကြသည်။ သူတို့က ထို တောက်ပသော သက်စောင့်ဝိညာဉ် ထုတ်လွှတ်မှုအား ကြည့်လိုက်ကြသည်။ ထိုအရာကား ထူးဆန်းသော ငှက်ကြီးတစ်ကောင် ဖြစ်သည်။
ဒါ အမှန်တကယ်ကော ရီဖူရှင်းလား။ ရူးမိုက်သော။ ခေါင်းမာသော။ ဝင့်ကြွားသော လူငယ်လေးလား။
လူတိုင်းက သူတို့မှာ ရီဖူရှင်းအား အပြည့်အဝ နားလည်ပြီဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့က သူ့အား အထင်သေးနေခြင်းသာ ဖြစ်ကြောင်း သိလိုက်ကြသည်။
သူကား သူ၏သိုင်းပညာစွမ်းရည်နှင့် မှော်ပညာ စွမ်းရည်များဖြစ်သော မိုးကြိုးနှင့် မီးဓာတ်များအား ပြသခဲ့ပြီးဖြစ်သည်။ ယခုသူ၏ကိုယ်ကား လေဆင်နှာမောင်းကဲ့သို့ လှည့်ပတ်နေသော သဘာဝစွမ်းအင်များ ပြည့်နှက်နေသည်။ သိသိသာသာပင် ထိုစွမ်းအင်များမှာ လေဓာတ်နှင့် သတ္တုဓာတ်များ ဖြစ်ကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းမှာ အနည်းဆုံး ဓာတ်စွမ်းအင်လေးမျိုး ကျင့်ပြီး သိုင်းပညာတွင်လည်း ထူးချွန်သေးသည်။
သူကား ထိုစွမ်းရည်များအား ပိုင်ဆိုင်ထားသည်ကို သာမန်မျှသာ သဘောထားပုံရသည်။ သူ၏အပြုအမူများက အတင့်ရဲကာ မောက်မာသည်ဟု လူတိုင်းက တွေးခဲ့ကြသည်။ သို့သော် ယခုကား ထိုမောက်မာမှုမှာ ဖြစ်သင့်သည်ဟု တွေးလိုက်ကြသည်။ အကယ်၍ ရီဖူရှင်းက မူရွန်ချူအား သတ်လိုသော ဆန္ဒသာ မရှိခဲ့လျှင် မည်သူမျှ သူ၏စွမ်းရည်များအား သိလိုက်ကြမည် မဟုတ်ပေ။
ထိုစဉ် အပြေးအလွှားဖြင့် ချင်ယီလည်း ရောက်ရှိလာသည်။ ထိုမြင်ကွင်းအား ကြည့်ပြီး သူမကား ငိုချင်သော စိတ်များသာ ဖြစ်ပေါ်လာသည်။ တီအန်ယွာတောင်မှ ပြန်လာပြီးကတည်းက သူမ၏အဖေကား ရာထူးမှ ထုတ်ပယ်ခံရသည်။ ထို့နောက် မဟူရာမြင်း စစ်သည်တို့မှာ အင်အားများ အလွန်အကျွံ ဆုတ်ယုတ်သွားအောင် ဖိနှိပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ရှာဖန်က အရှေ့ပင်လယ်ဒေသသို့ ပြန်သွားခဲ့ပြီး ချင်းကျူမြို့မှာ မူရွန်ယူရှန်း၏လက်ထဲသို့ ကျရောက်ခဲ့ရသည်။ မူရွန်ချူလည်း ထိုကိစ္စ အတော်များများတွင် အဓိကနေရာမှ ပါဝင်ပတ်သက်နေခဲ့သည်။
သူမ၏အဖေကား တစ်ချိန်က ချင်းကျူမြို့၏ကာကွယ်သူ ဖြစ်ခဲ့သည်။ ချင်းကျူ တစ်မြို့လုံးက ယုံကြည် အားထားခဲ့ကြသည်။ ယခုမူ သူ့အတွက် မည်သူက မျှတခြင်းကို ယူဆောင်ပေးမည်နည်း။ ထို သမိုင်းဝင် နယ်မြေဖြစ်သော ချင်းကျူ ကျောင်းတော်ကပင် တိတ်ဆိတ်နေခဲ့သည်။ သူမလုပ်နိုင်သည်ကား ယခုထက်ပို၍ စွမ်းအင်မြင့်စေရန် တန်ခိုးကျင့်ရန်မှအပ တခြား မရှိပေ။ သို့သော်လည်း ယခုမူ မူရွန်ချူအား လက်စားချေရန် ထိုခေါင်းမာသော လူငယ်လေးမှာ ကိုယ်တိုင် ကြိုးစားနေပြီ ဖြစ်သည်။
“ကျွန်တော်က မှော်ထိန်းချုပ်သူပဲ…” ရီဖူရှင်းက ပြောလိုက်သည်။ ချင်ယီက စာသင်ခန်းထဲမှ မြင်ကွင်းအား ပြန်မြင်ယောင်လာသည်။ သူပြောခဲ့သည်များအား ပြန်အမှတ်ရလာသည်။ ယခင်ကမူ ထိုစကားများမှာ အရှက်မဲ့လှသည်ဟု တွေးခဲ့ကြသော်လည်း ယခု မျက်မြင်တွေ့ရသောအခါ သူမ ရယ်မောရုံအပြင် မတတ်နိုင်တော့ပေ။ သူမက ရယ်မောနေသောလည်း သူမ၏မျက်ဝန်းအစုံကမူ မျက်ရည်များ တသွင်သွင် စီးကျနေကြသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ ကျောပေါ်မှ အတောင်ပံများ လှုပ်ခတ်သွားသည်။ ထို့နောက် သူက လေထဲသို့ ပျံဝဲတက်သွားသည်။
ရီဖူရှင်းက လေပေါ်ပျံဝဲခြင်းအား လေ့ကျင့်ဖူးခြင်း မရှိပေ။ သို့သော် သူ့တွင် သက်စောင့်ဝိညာဉ် ရှိသည်။ သူ၏လေဓာတ်အခြေခံ ငှက်သတ္တဝါ သက်စောင့်ဝိညာဉ်က သူ့အား ပျံသန်းရန် ကူညီပေးသည်။
“ပြောစမ်း … ငါ မင်းကို ဘယ်လိုသတ်ရမလဲ…” ရီဖူရှင်းက မူရွန်ချူအား သနားညှာတာခြင်း ကင်းမဲ့စွာ မေးလိုက်သည်။ မူရွန်ချူက ရီဖူရှင်းအား တစ်ကြိမ် မောက်မာစွာ ပြောခဲ့သည်… “မင်းက ငါ့ကို အခု ဘယ်လို သတ်မလဲ”
မူရွန်ချူကား ထိတ်လန့်လွန်းသောကြောင့် မျက်နှာများ သွေးဆုတ်သွားသည်။ သူက အော်လိုက်သည်… “ရန်ယွီ… ပြေးမယ်…”
ရန်ယွီလည်း လျင်မြန်စွာ တုံ့ပြန်ရန် တုံ့ဆိုင်းနေခဲ့သော်လည်း ပြန်လည် သတိလည်လာကာ သူက လေဓာတ်မှော်သိုင်းအား အသုံးပြုလျက် မူရွန်ချူကို သယ်ဆောင်လျက် ထွက်ပြေးတော့သည်။
သို့သော်လည်း ရီဖူရှင်းက လျှပ်တစ်ပြက်ပင် လေထဲတွင် ပျံဝဲနေရာမှ သူတို့၏နောက်သို့ လိုက်သွားသည်။ သူကား လေထဲသို့ ငှက်တစ်ကောင်လိုပင် ပျံဝဲတက်သွားသည်။ သူ၏ အတောင်ပံများက လေထဲတွင် လှပစွာ လှုပ်ရှားနေသည်။ လျင်မြန်စွာပင် သူကား ယန်ယွာကို လိုက်မီလာသည်။ သူ၏အမြန်နှုန်းကား ယန်ယွာထက်ပင် လျင်မြန်နေသည်။
“လေဓားသွား…” လေဓာတ်သဘာဝစွမ်းအင်များက ယန်ယွာ၏ကိုယ်တွင် စုစည်းလာကာ ထက်မြက်သော ဓားသွားအဖြစ် ပြောင်းသွားသည်။ ထိုဓားသွားက လေကို ခွင်း၍ ရီဖူရှင်းထံသို့ လျင်မြန်စွာ ဦးတည်၍ လာနေသည်။
လေထုအား ထိုးခွဲသံ တစ်ချက် မြည်သွားသည်။ ရီဖူရှင်း၏ ရွှေရောင် အတောင်ပံက ထိုလေဓားသွားအား ဖြတ်တောက်ကာ ဖျက်ဆီးလိုက်သည်။ သူ၏ လှပသော ရွှေရောင် အတောင်ပံများက သူ့အား ငှက်တစ်ကောင်ကဲ့သို့ပင် သယ်ဆောင်ကာ မူရွန်ချူထံ ပျံသန်းသွားသည်။
“မြန်မြန်…” မူရွန်ချူက ရီဖူရှင်းက သူ့ထံ လျင်မြန်စွာ နီးကပ်လာသည်ကို မြင်လျှင် အရူးမီးဝိုင်းသလို ဖြစ်ကာ အော်ဟစ်လိုက်သည်။
ရီဖူရှင်းကလည်း နောက်တစ်ကြိမ် အလွတ်ပေးရန် စိတ်ကူးမရှိပေ။ သူက လေဓာတ်သဘာဝ စွမ်းအင်များအား အတောင်ပံတွင် စုစည်းကာ မူရွန်ချူထံသို့ အားလှိုင်းတစ်ခု ထုတ်လွှတ်လိုက်လျှင် မူရွန်ချူ၏လည်ပင်းတွင် သွေးရာတစ်ခု ပေါ်လာသည်။
မူရွန်ချူက မျက်လုံးပြူးလျက် ရီဖူရှင်းအား ကြည့်လိုက်သည်။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် သူ၏လည်ပင်းအား လက်ဖြင့် စမ်းကြည့်လိုက်သည်။ သူ၏ကိုယ်မှ ရှိရှိသမျှ အားအင်များ ပျောက်ဆုံးသွားသလို ခံစားလိုက်ရကာ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်လာသည်။ သူကား အသက်ဆယ့်ရှစ်နှစ်မျှသာ ရှိသေးသည်။ သည်နှစ်များမှာ သူ့အတွက် ကောင်းမွန်သော နှစ်များဖြစ်ရမည် ဖြစ်သည်။ ယခုလို အဘယ်ကြောင့် သေဆုံးရမည်နည်။
ထိုအခိုက်တွင် သူ၏ကိုယ်မှ အသက်ဝိညာဉ်မှာ တဖြည်းဖြည်း ပြယ်လွင့်သွားပြီး သူ၏ကိုယ်လည်း မြေပြင်သို့ ဆင်းသွားလေသည်။
ယန်ယွာလည်း ထိတ်လန့်တကြား ဖြစ်သွားသည်။ သူက မူရွန်ချူအား လက်လွှတ်လိုက်ပြီး ဖြစ်သည်။ သူက ကိုယ်လွတ်ရုန်းရန် ကြိုးစားလိုက်သည်။ သည်အချိန်ကား စီနီယာ ဂျူနီယာ အကြား သစ္စာရှိမှုကို ပြောနေရမည့် အချိန်မဟုတ်ပေ။
ဘန်းခနဲ မြည်သံနှင့်အတူ မူရွန်ချူ၏ ကိုယ်က မြေကြီးနှင့် ထိမိသွားသည်။ ထိုအနီးတစ်ဝိုက်ရှိ လူတိုင်းက ထိုမြင်ကွင်းအား ကြည့်ကာ ထိတ်လန့်လျက် စကားပင် မပြောနိုင်ကြတော့ပေ။ သူတို့က လေထဲမှ ထိုလူငယ်လေးအားသာ စိုက်ကြည့် နေကြတော့သည်။
ရီဖူရှင်းက မိုးကြိုးဓာတ် ကျောင်းဆောင် ကျောင်းအုပ်ကြီးအား ငုံ့ကြည့်လိုက်သည်… “ကျေးဇူးပါ… ဆရာကြီး…”
“အမြန်သွားတော့…” မိုးကြိုးဓာတ် ကျောင်းအုပ်ကြီးက တိုက်တွန်းလိုက်သည်။ ရီဖူရှင်းကလည်း ခေါင်းညိတ်လျက် အဝေးသို့ ပျံသန်း ထွက်ခွာသွားသည်။
အဝေးတွင် လူအများအပြားက ပြေးလာနေကြသည်။ ထိုအုပ်စုအား ဦးဆောင်လာသည်ကား အသစ်ခန့်အပ်ခြင်း ခံထားရသော မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်ပင်။ သူကား မည်သို့လုပ်ရမည် မသိပေ။
သူက ရီဖူရှင်း၏နောက်သို့ လိုက်လိုသော်လည်း သူ၏ရှေ့တွင် မိုးကြိုးလျှပ်စီးတံတိုင်းတစ်ခု ကာဆီးထားကာ ရှေ့ဆက်မရတော့ပေ။ ထိုတံတိုင်းကား မိုးကြိုးဓာတ် ကျောင်းဆောင် ကျောင်းအုပ်ကြီး၏ တားဆီးမှုကြောင့် ဖြစ်လာခြင်း ဖြစ်သည်။
“သူက ချင်းကျူ ကျောင်းတော်ရဲ့ ကျောင်းသား မဟုတ်တော့ဘူး… သူ့ရဲ့စွမ်းရည်တွေက အရမ်း ကောင်းနေတယ် ဆိုရင်တောင် သူ့ကို ဒီအတိုင်း မလွှတ်ပေးလိုက်သင့်ဘူး…” မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်က အေးစက်စွာ ပြောလိုက်သည်။
နောက်ထပ် လူအများအပြား ရောက်ရှိလာကြသည်။ သူတို့က ရီဖူရှင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ မည်သို့မျှ မတတ်နိုင်ကြပေ။ သူ့အား ထိုသို့ လွယ်လင့်တကူ လက်လွှတ်လိုက်ရခြင်း အပေါ် သူတို့စိတ်ထဲမှ လက်မခံလိုသော်လည်း ထိုမိုးကြိုးတံတိုင်း သိုင်းကွက်ကား ခိုင်ခံ့လှသည်။
“ချင်းကျူ တစ်မြို့လုံးရဲ့ သမိုင်းဝင်နေရာ ဖြစ်ပေမဲ့လည်း ချင်းကျူ ကျောင်းတော်က ဒီလူငယ်လေး တစ်ယောက်နဲ့တောင် မယှဉ်နိုင်ဘူး…” မိုးကြိုးဓာတ် ကျောင်းဆောင် ကျောင်းအုပ်က ပြောလိုက်သည်။ သူ၏လေသံက အေးဆေးလှသော်လည်း ထိုအထဲတွင် စိတ်ပျက် ဝမ်းနည်းမှုများ ရောထွေးနေသည်။ သူ၏ယုံကြည်မှုများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရပြီ ဖြစ်သည်။ ရီဖူရှင်းက ယနေ့ သူ့အား သင်ခန်းစာ အသစ်တစ်ခု ပေးသွားသည်။
ထိုသို့ ငယ်ရွယ်ပြီး အကြောက်အရွံ့ ကင်းခြင်း။ တစ်ခါတစ်ရံ ထိုငယ်ရွယ်သော လူငယ်လေးများ၏ဘဝကို သူ အလွန် အားကျလှပေသည်။ သူတို့က သူတို့ လုပ်လိုသည့် အရာများအား ကြောက်ရွံ့ခြင်းမရှိဘဲ လုပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏မျက်လုံးထဲတွင် စည်းမျဉ်းများ အကန့်အသတ်များ မရှိကြချေ။
ထိုနေရာသို့ ယခုမှ ရောက်လာသော လူများကလည်း မည်သို့ လုပ်ရမည် မသိပေ။ သူတို့၏စိတ်ထဲတွင်လည်း အပြစ်ရှိသလို ခံစားနေရသည်။
“ပုဂ္ဂိုလ်ရေး အမြတ်အစွန်း။ အာဏာ။ စည်းမျဉ်းဥပဒေ” ရုတ်တရက်ပင် မိုးကြိုးဓာတ် ကျောင်းဆောင် ကျောင်းအုပ်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့ပုံစံက သူ့ကိုယ်သူ ရယ်မောနေသကဲ့သို့ပင်။ သူက ချင်းကျူ ကျောင်းတော်အား မျှော်ကြည့်လိုက်သည်။ ထို့နောက် ထိုသမိုင်းဝင်နေရာအား ဦးညွှတ်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ နောက်တစ်ကြိမ် ပြောလိုက်ပြန်သည်… “ဒီနေရာက အရင်ကလို မဟုတ်တော့ဘူး… ဒီမှာ ဆက်နေလို့လည်း ဘာမှမထူးတော့ဘူး…”
နောက်ဆုံးတွင် သူအဝေးသို့ ဖြည်းဖြည်းချင်း ထွက်သွားလေတော့သည်။ သူက လျှောက်သွားရင်းနှင့်ပင် မိမိကိုယ်ကို ပြောသော စကားလား ထိုလူများအား ပြောသော စကားလား မသဲကွဲသော စကားများအား ရေရွတ်နေသည်… “ဒီလူငယ်လေးရဲ့ နာမည်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားတဲ့အခါ မင်းတို့တွေက ချင်းကျူ ကျောင်းတော်ဟာ ဘယ်လောက် ဆုံးရှုံးနစ်နာခဲ့ရလဲ မင်းတို့ နားလည်လာလိမ့်မယ်…”
သူက ရီဖူရှင်းအား သူ မည်မျှ စွမ်းရည်ရှိသနည်း မေးခဲ့သည်။ သူကား စိတ်မပျက်ခဲ့ရပေ။ ဓာတ်စွမ်းအင်လေးခုနှင့် သိုင်းပညာအား ပူးတွဲလေ့ကျင့်သော မှော်ထိန်းချုပ်သူ။ ထိုသို့ဆိုလျှင်ပင် မိုးကြိုးဓာတ် ကျောင်းဆောင် ကျောင်းအုပ်ကြီးက ရီဖူရှင်းထံတွင် သည်ထက် များပြားသော စွမ်းရည် ပါရမီများ ရှိနေသေးသည်ဟု ခံစားနေရသည်။
ချင်းကျူ ကျောင်းတော်မှ လူများအားလုံး ထိုထွက်သွားသော သူ၏ကျောအား ကြည့်လျက် ထိုနေရာတွင် ရပ်နေကြသည်။ သူ၏ကျောမှပေးသော ခံစားချက်ကား ရိုးစင်းသည် တစ်ချိန်တည်းမှာပင် အချုပ်အနှောင်ကင်းမဲ့၏။
ထိုအခိုက်တွင် မဟူရာ မြင်းနက်ကြီး တစ်ကောင်က ကျောင်းတော်မှ ပျံတက်သွားပြီး ရီဖူရှင်း ထွက်ခွာရာ အရပ်သို့ လိုက်သွားလေသည်။
ထိုဝေးကွာလှသော ကောင်းကင်ကြီးတွင် ရီဖူရှင်းက မိုးတိမ်များအကြား ပျံသန်းနေသည်။ မကြာမီ သူ၏အနီးတွင် သိမ်းငှက်နက်ကြီး တစ်ကောင် ထွက်ပေါ်လာပြီး ရီဖူရှင်း၏ဘေးနားသို့ ပျံသန်းလာသည်။ ရှေ့ဆုံးမှ ထိုင်နေသည်ကား ဟွာဖန်းလူဖြစ်ပြီး နောက်တွင်ကား ယူချင်းကို တွေ့ရသည်။ ရီဖူရှင်းက မူရွန်ချူအား တစ်ယောက်တည်း သတ်ရန်လာခဲ့သည် သို့သော် သူသည်လည်း အသက်ကယ် အစီအစဉ်တစ်ခု ပြုလုပ်ထားသည်သာ ဖြစ်၏။
သူ၏ပုံစံက နဂိုမူလ လူပုံစံသို့ ပြောင်းလဲသွားပြီး သိမ်းငှက်နက်ကြီး၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။ ဟွာဖန်းလူနှင့်ယူချင်းက မည်သည့်မေးခွန်းမှ မမေးပေ။ ရီဖူရှင်းက အန္တရာယ်ကင်းကင်း ပြန်လာသည် ။ ဆိုလိုသည်မှာ ရီဖူရှင်းမှာ သူ၏ရည်ရွယ်ချက် အောင်မြင်လာသည်။
“ရီဖူရှင်း…” သူတို့၏အနောက်မှ အသံတစ်သံ ကြားလိုက်ရသည်။ ရီဖူရှင်းက နောက်ကို လှည့်ကြည့်လိုက်လျှင် မဟူရာမြင်းတစ်ကောင် သူတို့ထံ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။ မြင်းမှာ တစ်ကောင်တည်းသာ ဖြစ်သောကြောင့် သူက ပြေးရန် မလိုအပ်ဟု တွေးလိုက်သည်။
“စီနီယာ အစ်မ…” ရီဖူရှင်းက ပြုံးလျက် မဟူရာမြင်းနက်ပေါ်မှ ချင်ယီအား နှုတ်ဆက်လိုက်သည်။
“နင် ထွက်သွားတော့မှာလား…” သူမက မေးလိုက်သည်။ မူရွန်ချူအား သတ်ပြီးနောက် ရီဖူရှင်းမှာ ချင်းကျူမြို့တွင် ဆက်လက်နေထိုင်၍ မရတော့သည်ကို သူမ နားလည်သည်။ ချင်းကျူ မြို့တွင် ဆက်လက် နေထိုင်ရန် တစ်ခုတည်းသော နည်းမှာ ဟွာဖန်းလူမှာ ဒဏ်ရာမရှိရန် ဖြစ်သည်။ သို့သော် ယခုပုံစံအရ ဟွာဖန်းလူလည်း တတ်နိုင်ဟန်မတူပေ။
“အင်း ကျုပ်မြို့က ထွက်သွားတော့မယ်… စီနီယာအစ်မ… ဂရုစိုက်ပါ…” ရီဖူရှင်းက ပြောလိုက်သည်။ သူက ချင်ယီအတွက် စိတ်မကောင်းပေ။ သူမ၏အဖေကား ချင်းကျူမြို့ကို ကာကွယ်ခဲ့သည် သို့သော် အာဏာရှိသော သူများက ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မည်သူမျှ သူ့ဘက်မှ ကာကွယ်ပြောဆိုမည့်သူ မရှိခဲ့ကြပေ။ သူမ မည်ကဲ့သို့ ခံစားရမည်ကို သူ သိသည်။
“နင့်ကို ငါလိုက်ပို့မယ်…” သူမက နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။
“အင်း…” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သိမ်းငှက်နက်ကြီးနှင့် မဟူရာမြင်းနက်ကြီးတို့ ဘေးချင်းကပ် ပျံသန်းလျက် ချင်းကျူ ကျောင်းတော်မှ တဖြည်းဖြည်း ဝေးကွာ သွားလေတော့သည်။
ချင်းကျူ ကမ်းခြေတွင်ကား လှေများ။ သင်္ဘောကြီးများက ဦးတည်ရာ အမျိုးမျိုးကို ရွေ့လျားနေကြသည်။
ယခုအချိန်တွင် ကမ်းခြေနှင့် မနီးမဝေး တစ်နေရာတွင် လူအများအပြား စီးနင်း လိုက်ပါလာသော သင်္ဘောကြီးတစ်စီးသည် ဒွန်ဟိုင်မြို့တော်ရှိရာ အရပ်သို့ ဦးတည်၍ ထွက်ခွာနေသည်။
ချင်းကျူမြို့နှင့် ဒွန်ဟိုင်မြို့တော်ကား အတော်အတန် ဝေးသည်ဟု ပြောနိုင်သည်။ ထို့ကြောင့် ရီဖူရှင်းက သိမ်းငှက်နက်ကြီးကို အသုံးပြု၍ ဒွန်ဟိုင်မြို့တော်အထိ ပျံသန်းရန် မတတ်နိုင်ပေ။ ထို့အပြင် ဟွာဖန်းလူမှာလည်း အချိန်ကြာမြင့်စွာ လေထဲတွင် ပျံသန်းရန် ကျန်းမာရေး မကောင်းပေ။ ရီဖူရှင်းတို့ သုံးယောက်အပြင် ချင်ယီမှာလည်း သင်္ဘောပေါ်သို့ ရောက်နေပြီဖြစ်သည်။
ယူချင်းက ဟွာဖန်းလူအား ကျောတွင် ပိုးလျက် သင်္ဘောဦးဘက်သို့ လျှောက်သွားလိုက်သည်။
ရီဖူရှင်းကမူ ချင်ယီအား နောက်ဆုံးအကြိမ် နှုတ်ဆက်နေသည်။
“စီနီယာ အစ်မ… ကျွန်တော် တကယ် သွားရတော့မယ်…” သူက နူးညံ့စွာ ပြောလိုက်သည်။
“ကောင်းပြီ… မင်းအရွယ်ရောက်တဲ့အခါ ငါ့ဆီလာလည်ဖို့လည်း မမေ့နဲ့ဦး…” ချင်ယီက ခေါင်းညိတ်လိုက်သည်။ သူမက ဝမ်းနည်းနေသော်လည်း သူမ၏မျက်နှာကား အပြုံးမပျက်ပေ။
“အင်း… ကျွန်တော့်ကို မေ့မသွားနဲ့နော်…” ရီဖူရှင်းက ပြောလိုက်သည်။
“ငါ နင့်ကို ဘယ်လိုလုပ် မေ့မှာလဲ…” ချင်ယီက ပြန်ပြောလိုက်သည်။
“ကျွန်တော်က အရမ်း ချောမော ခန့်ညားလာပြီး စီနီယာ အစ်မက မမှတ်မိတော့ရင် ဘယ်လိုလုပ်မလဲ…” သူက ပြုံးလျက် ကျီစယ်လိုက်သည်။ သူမကလည်း ရီဖူရှင်းအား စိုက်ကြည့်လျက် ရယ်မောလိုက်သည်။ သည်ခွေးကောင်လေးကား ကပြက်ကချော် ပြောလေ့ရှိသည်။
“စီနီယာအစ်မ… နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက နောက်လှည့်လိုက်ပြီး လက်ဝှေ့ယမ်း ပြလိုက်သည်။
“ရီဖူရှင်း…” သူမက ထပ်ခေါ်လိုက်သည်။ ရီဖူရှင်းက ပြန်လှည့်လိုက်ပြီး ချင်ယီအား ကြည့်လိုက်သည်။ သူမက လက်နှစ်ဖက်အား ဖြန့်ကားကာ ရီဖူရှင်းအား ပြုံးလျက် ပြောလိုက်သည်… “ ငါနင့်ကို တစ်ခါလောက်တော့ ကောင်းကောင်း ဆက်ဆံပေးဦးမယ်…”
“စီနီယာအစ်မ… နင်က ငါ့ကို ခက်ခဲအောင် လုပ်နေတာပဲ…” ရီဖူရှင်းက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက သူမ၏လက်နှစ်ဖက်ကြားသို့ လျှောက်သွားလိုက်ကာ သူမ၏ လှပပြည့်စုံလှသော ခန္ဓာလေးအား ပွေ့ဖက်လိုက်သည်။
ချင်ယီက ရီဖူရှင်း၏လက်မောင်းပေါ်တွင် မေးတင်လျက် တောက်ပစွာ ပြုံးလျက်သည်။ အတန်ကြာလျှင် သူမက ပြောလိုက်သည်… “ငါ့ကို မလွှတ်ပေးသေးဘူးလား…”
“အာ…” ရီဖူရှင်းက သူမအား လွှတ်လိုက်ပြီး ပြုံးလိုက်သည်… “ကျွန်တော်တော့ အစ်မကို သတိရနေတော့မယ်…”
“ငါသွားပြီ…” ချင်ယီက ထိုသို့ပြောပြီး လှည့်ထွက်သွားသည်။ သူမက သူမ၏မဟူရာမြင်းနက် ရပ်ထားရာနေရာသို့ လျှောက်သွားလိုက်၏။
“စီနီယာအစ်မ… ကိုယ့်ဘာသာ ဂရုစိုက်နော်…” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ သူမက နောက်ဘက်မှ ထွက်လာသော ရီဖူရှင်း၏အသံကို ကြားကာ မျက်ရည်များ စီးကျလာသော်လည်း နောက်လှည့်ရန် မကြိုးစားတော့ပေ။ သူမက မဟူရာ မြင်းနက်ပေါ်သို့ တက်၍ ချင်းကျူမြို့ ရှိရာသို့ ပျံသန်း ထွက်ခွာသွားလေသည်။
သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီး ရီဖူရှင်း သက်ပြင်းချလိုက်သည်။ သူမအား သူ အကူအညီ မပေးနိုင်ပေ။ တစ်ချိန်ချိန်တွင် သူမက ယခုထက် ပိုမို သန်မာလာပြီး အရာအားလုံးအား ရင်ဆိုင်နိုင်စွမ်း ရှိလာရန်သာ သူ မျှော်လင့်မိသည်။
သူက နောက်လှည့်လိုက်ပြီး သင်္ဘောဦးဆီသို့ လျှောက်လာသည်။ ဟွာဖန်းလူနှင့် ယူချင်းတို့က သူ့အား စောင့်နေကြသည်။
ဟွာဖန်းလူက မေးလိုက်သည်… “ဖက်ရတာ ဘယ်လိုနေလဲ…ကောင်းလား…”
ရီဖူရှင်းက ရှင်းပြရန် ကြိုးစားလိုက်သည်… “ဆရာ… စီနီယာ အစ်မချင်က ဗိုလ်ချုပ်ချင်နဲ့ ပတ်သက်ပြီး ဝမ်းနည်းနေပုံရတယ်… ကျွန်တော်က သူ့ကို နှစ်သိမ့်ရုံပါပဲ…”
“ကောင်းပြီ… ငါနားလည်တယ်…” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်… “မင်းက တစ်စုံတစ်ယောက်ကို နှစ်သိမ့်မယ်ဆို ဖက်ရမယ်…”
“ဆရာ… ကျွန်တော့်ကို နားလည်မှု အရမ်းလွဲနေပြီ…” သူက ထိုသို့ပြောပြီး ယူချင်းနှင့် ဟွာဖန်းလူ၏အနီးသို့ ကပ်ကာ ချောင်းဆိုးဟန်ပြုလျက် ပြောလိုက်သည်… “အဟမ်း… ယူချင်း… ဆရာ့ကို ငါသယ်လိုက်မယ်…”
“ယူချင်း… ငါတို့ အခန်းသွားငှားမယ်…” ဟွာဖန်းလူက ပြောလိုက်သည်။
“အင်း…” သည်တစ်ကြိမ်ကား ယူချင်းကလည်း ရီဖူရှင်း၏စကားအား နားထောင်လိုပုံမရပေ။ သူက ဟွာဖန်းလူအား သယ်ဆောင်လျက် အခန်းငှားရန် နေရာသို့ လျှောက်သွားလိုက်သည်။ ရီဖူရှင်းက သူတို့၏ကျောပြင်များအား ကြည့်ကာ နောက်မှ လိုက်သွားသည်။ လူကောင်းများကား အမြဲနာကျင်ရသည်ဟု ရီဖူရှင်း တွေးလိုက်သည်။
***