ညအမှောင်ထုကို အခွင့်ကောင်းယူကာ ပိုင်ရှောင်ချန်းက အလယ်တောင်ထိပ်မှ ထွက်သွားတော့သည်။ ဘီလူးကြီး၏ လက်အောက်ဆုံးသို့ဆင်းကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှထွက်ပြီး ကောင်းကင်တံတားမြစ်စပ်သို့ သွားလိုက်သည်။ သူ၏လက်ရှိ အခြေအနေအဆင့်အတန်းကြောင့် ကောင်းကင်တံတားမြစ်ရေအချို့ရယူရသည်မှာ သိပ်မခက်ခဲပေ။ အကြောင်းပြချက်တစ်ခုခု ပေးလိုက်သောအခါ လမ်းတွင်စောင့်နေသည့် အစောင့်များက သူ့ကို ဖြတ်သန်းခွင့်ပေးလိုက်ကြလေသည်။ မြစ်ဆီသို့ရောက်သောအခါ သူက ရေဆယ်စက်တိတိကို ယူလိုက်လေသည်။
မကြာမီတွင် ခွက်အသေးလေးတစ်ခွက်မှာပြည့်သွားသဖြင့် သူက သေချာဂရုတစိုက်နှင့် သူ၏အင်မော်တယ်ဂူသို့ ပြန်ယူသွားပြီး စုပ်ယူရန်ပြင်လိုက်တော့သည်။
ရက်အနည်းငယ်ကြာသောအခါ သူ့ခန္ဓာကိုယ်အတွင်းရှိရေများမှာ လေးစင်းမြောက် စိတ်စွမ်းအင်ပင်လယ်အထက်သို့ ရောက်သွားတော့သည်။ ထိုအချိန်တွင် သူက ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်တော့သည်။
” ဒါပြီးရင် ကောင်းကင်တံတားမြစ်ရေကို ငါ့ရဲ့ စိတ်စွမ်းအင်ပင်လယ်ထဲရောက်အောင် ပေါင်းစပ်ရမယ်။ အဲ့လိုပေါင်းစပ်ပြီးပြီဆိုရင် အခြေခိုင်မာခြင်းနောက်ဆုံးအဆင့်ထဲ ဝင်နိုင်ပြီဟေ့။” သူက စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် အင်မော်တယ်ဂူထဲမှ ထွက်သွားတော့သည်။
” အခု ငါက အခြေခိုင်မာခြင်းအလယ်အဆင့်ကို ရောက်နေပြီဆိုတော့ အရင်ကထက် ပိုပြီး အံ့သြဖွယ်ကောင်းနေမှာ အသေအချာပဲ ”
” မဟာအကြီးအကဲတစ်ယောက်ဖြစ်ဖို့က အခုအခြေအနေနဲ့ဆို မဖြစ်နိုင်ဘူးလို့ ပြောလို့တော့မရဘူး။” သူက အလယ်တောင်ထိပ်၏ လက်ချောင်းအထက်ပိုင်းကို မော့ကြည့်လိုက်သည်။ ထာဝရတည်မြဲခြင်းအမွေအနှစ်၏ နေရာအတိအကျကို သိပါသော်ငြားလည်း သွား၍ မရယူနိုင်သည်မှာ အလွန်ပင် စိတ်ညစ်ဖွယ်ကောင်းလှသည်။
ထာဝရမပျက်စီးနိုင်ခြင်းအမွေအနှစ်ကို ခိုးယူရန် အကြံအစည်များကို သူက ယခင်ထဲက လက်လျှော့ခဲ့ပြီးဖြစ်သည်။ စုန့်ကျင်းဝမ်၏ အင်မော်တယ်ဂူတွင် တင်းကျပ်စွာ အစောင့်များချထားသဖြင့် သူက အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။
” မဟာ အကြီးအကဲဖြစ်အောင် ဘယ်လိုလုပ်ရပါ့ကွာ။ စုန့်ကျင်းဝမ်ကို စိန်ခေါ်ရမှာလား။” ပိုင်ရှောင်ချန်းကမူ အတွေးများထဲတွင် နစ်မျောရင်း မေးစေ့ကိုသာ ပွတ်နေတော့သည်။
” စိန်ခေါ်တာက နောက်မှ။ အရင်ဆုံး လူထုကြီးကို အရင်စည်းရုံးမှရမယ်။ ပြီးတော့ ခေါင်းဆောင်အဖွဲ့အစည်းကို ငါက အရေးပါအရာရောက်ပြီး ဂိုဏ်းအတွက် မရှိမဖြစ်လိုအပ်တဲ့ လူတစ်ယောက်ဖြစ်ကြောင်းဆိုတာ သိအောင်လည်း ပြရမယ်။ အဲ့တာမှ ငါ စုန့်ကျင်းဝမ်ကို အောင်အောင်မြင်မြင် စိန်ခေါ်နိုင်ပြီး သူ့ရာထူးကို အပိုင်သိမ်းနိုင်မှာ။ ” သူက ခေါင်းတငြိမ့်ငြိမ့်နှင့် ထိုဆုံးဖြတ်ချက်မှာမှန်ကန်ကြောင်း ယူဆလိုက်တော့သည်။ ထို့နောက် သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးငေါ့နေလိုက်တော့သည်။
” ငါ လမ်းတစ်ဝက်လောက်တော့ ရောက်နေပါပြီကွ။ ငါကအရေးပါတယ်လို့ လူတွေကိုမြင်စေချင်ရင် လူတိုင်းကို အံ့အားသင့်သွားစေမဲ့ အရာတစ်ခုခုကို လုပ်ပြဖို့လိုတယ်….”
သူ့အတွက်မူ ထိုသို့လုပ်ရသည်မှာ ခက်ခဲလှသည့်အရာမဟုတ်ပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူရှိနေသည်မှာ အချိန်အတော်အတန်ရှိပြီဖြစ်ရာ ဤဂိုဏ်းတွင် သမားတော်များမှာ မရှိသလောက်ရှားကြောင်း သူကသိသည်။ ဂိုဏ်းခေါင်းဆောင် အဖွဲ့က သမားတော်များကို များစွာ တန်ဖိုးထားပြီး သမားတော်လမ်းကိုရွေးစေရန် ဂိုဏ်းသားများကိုပင် တိုက်တွန်းထားသည့် ဂိုဏ်းစည်းမျဥ်းများပင်ရှိသည်။
သို့သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သဘာဝကြောင့် ထိုသို့ တိုက်တွန်းမှုများမှာ အစကထဲက ပျက်စီးသွားရလေသည်။ သူတို့ဂိုဏ်းမှာ မိစ္ဆာဆန်သည့်ဂိုဏ်းဖြစ်ပြီး ဂိုဏ်းသားအများစုက ဆေးဖော်စပ်ခြင်းကို အချိန်ဖြုန်းခြင်းဟုသာ သတ်မှတ်ထားကြသည်။ သူတို့၏ တိုက်ရည်ခိုက်ရည်ကို တိုးတက်စေနိုင်မည့် အတတ်များကိုသာ သူတို့က ကျင့်ကြံလိုကြသည်။ ဆေးလုံးများလိုအပ်ပါက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူများထံ သွားရောက်ဓားပြတိုက်နိုင်သည်။ မှော်ပစ္စည်းများလိုအပ်ပါက ဆန်းြကယ်နတ်ရေစင်ဂိုဏ်းသားများထံမှ လုယူနိုင်ပေသည်။ ဝိညာဥ်သားရဲများကိုလိုအပ်ပါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထံမှ ရယူနိုင်ပေသည်။
ထို့ကြောင့်လည်း ဆေးဖော်စပ်ခြင်းအတတ်တွင် အာရုံစိုက်သည့်လူမှာ မရှိသလောက်နည်းသည်။ ယခင်ကဆိုလျှင် လူလိမ်ညမုဆိုးကဲ့သို့ တစ်ယောက်စ နှစ်ယောက်စ ရှိကြသော်လည်း ထိုလူအရေအတွက်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေရန် မလောက်ငှကြပေ။
” ငါဘာဆေးမှ မဖော်စပ်တာတောင် အတော်ကြာခဲဲ့ပြီပဲ။” သူက ထိုသို့တွေးတောကာ ရယ်မောလိုက်လေသည်။ ညအမှောင်ကြီးထဲတွင် သူ၏ရယ်သံများက ပျံ့လွင့်နေသဖြင့် သွေးသစ်ပင်များမှာ တုန်ရီနေကြတော့သည်။ ထိုရယ်သံကြီး၏ ကြောက်မက်ဖွယ်သဘာဝကြောင့်ပင်ဖြစ်လိမ့်မည်။
“ဒါပေမဲ့ ဘာဆေးမှမဖော်စပ်ခင် ပြဿနာတစ်ခုကို အရင်ရှင်းဖို့လိုတယ်။ အရင်က အစမ်းဆေးဖော်ခဲ့ကြည့်ပေမဲ့ ရုတ်တရက်ချက်ချင်းကြီး အံ့အားသင့်စရာတွေလုပ်ပြလိုက်ရင် လူတွေက သံသယဝင်ကုန်လိမ့်မယ်။ အခွင့်ကောင်းအခါကောင်းကို စောင့်ရမယ်….” ထိုသို့ တွေးရင်း သူ၏ မျက်လုံးများမှာ မှေးနေတော့သည်။
” ဒီမှာရှိတဲ့ သန့်ရှင်းသော ဆေးနံရံကျိုး ကို ဂိုဏ်းသားတွေ တာအိုဆေးပညာလေ့လာလိုစိတ်ပေါ်လာအောင်လို့ လွန်ခဲ့တဲ့နှစ် တစ်သောင်းတုံးက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကနေ လုယူထားတာကွ။..”
” ဟွန်း။ အဲ့နေရာမှာ ဥာဏ်အလင်းရသွားသလို ဟန်ဆောင်လိုက်ပြီး ဆေးတွေဖော်စပ်လိုက်မယ်ကွာ။ အဲ့တာဆို ဘယ်သူမှ သံသယဝင်မှာ မဟုတ်တော့ဘူး။”
သူက နောက်ထပ်တစ်ခေါက် ဝင့်ကြွားစွာရယ်မောလိုက်ပြန်သည်။ ဤကဲ့သို့လုပ်ရန် သူက ကြံစည်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ယခုတွင်မူ အခွင့်အခါပေးနေလေပြီ။ နောက်နေ့နံနက်တွင် သူက တုံ့ဆိုင်းမနေပဲ သူ၏အင်မော်တယ်ဂူမှ ထွက်ခွာသွားတော့သည်။ အလယ်တောင်ထိပ်မှ ထွက်ခွာကာ သန့်ရှင်းသော ဆေးနံရံကျိုး ရှိသည့် အတွင်းစည်းဂိုဏ်းရပ်ကွက်သို့ သွားလိုက်လေသည်။
မကြာမီ လူသုံးယောက်ပေါင်းစာ အရပ်လောက်ရှည်သည့် ဧရာမကျောက်တိုင်ကြီးရှေ့သို့ သူက ရောက်သွားတော့သည်။ ဤနေရာသို့သူလာသည်မှာ ဤအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် ရွှယ်မေ့ကို တွေ့ခဲ့ရလေသည်။ ထိုအချိန်က ရွှယ်မေ့သည် သူ့ကို ပိုးမွှားတစ်ကောင်အလားသာ ကြည့်ခဲ့လေသည်။
ဤသည်ကား ဒုတိယအကြိမ်ဖြစ်သည်။ ခပ်လှမ်းလှမ်းကပင် အတွင်းစည်းဂိုဏ်းသားအချို့က ကျောက်တိုင်အောင်တွင်ထိုင်ကာ ထိုကျောက်တိုင်ကို ကြည့်ကာ အတွေးများထဲတွင် နစ်မျောနေကြသည်ကို သူက လှမ်းမြင်လိုက်ရသည်။
သူ့ကိုမြင်လိုက်သောအခါ အတွင်းစည်းဂိုဏ်းသားများမှာ အမူအရာပြောင်းလဲသွားကြတော့သည်။ သူတို့က အလျင်အမြန်မတ်တတ်ထကာ အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။ သူ့အနားတွင် မနေရဲသဖြင့် သူတို့က ထွက်ခွာသွားကြလေရာ ကျောက်တိုင်ရှေ့ သူရောက်သွားသောအခါ သူတစ်ယောက်သာကျန်ခဲ့တော့သည်။
သူကမူ မေးစေ့ကိုပွတ်ရင်း ခြောက်ကပ်ကပ်ချောင်းဟန့်ကာ တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။ ဤအခြေအနေထဲတွင် သက်တောင့်သက်သာဖြစ်လွန်းလှသဖြင့် သူက နံရံ အပိုင်းအစကြီးကို မော့ကြည့်ကာ လူလိမ် ညမုဆိုး သူ့ကိုပြောခဲ့သည်များကို ပြန်တွေးနေတော့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းရှစ်ထောင်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တာအိုဆေးပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည့် ပညာရှိတစ်ယောက် ပေါ်ထွက်လာခဲ့လေသည်။ ဤ နံရံကျိုးြကီးမှ ဥာဏ်အလင်းများရရှိပြီးသွားသောအခါ သူ၏ ဆေးဖော်စပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်သွားခဲ့လေသည်။
” အဲ့တာဆို အဲ့မြေခွေးမ ရွှယ်မေ့လည်း ဥာဏ်အလင်းလာရှာတာပဲနေမှာ။ ” သူက ထိုအချက်ကို အနည်းငယ် စက်ဆုပ်နေတော့သည်။ ဆေးဖော်စပ်ရာတွင် ဥာဏ်အလင်းများကို အတိုင်းအတာတစ်ခုအထိ ရရှိရန်လိုအပ်ကြောင်းသူက ယုံကြည်ထားသော်လည်း ညတွင်းချင်း မရနိုင်ကြောင်း သူသိထားလေသည်။ မှန်မှန်လေ့ကျင့်ပေးရန်လိုအပ်ပြီး ပုံမှန် တိုးတက်နေရန်လိုအပ်ပေသည်။ သို့မှသာ ကျွမ်းကျင်တတ်မြောက်မည်ဖြစ်သည်။
ဤနံရံကျိုးကြီးမှ ဥာဏ်အလင်းများရရှိနိုင်သည်မှာ ဖြစ်နိုင်ပါသော်လည်း ဆေးဖော်စပ်သည့်အခြေခံကို နားမလည်သည့် ဂိုဏ်းသားတစ်ယောက်အတွက်ဆိုလျှင်မူ အသုံးဝင်မည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းက ယုံကြည်ထားသည်။
” နည်းနည်းလေး ဟန်ဆောင်ပြလိုက်ရင် လူတွေက ငါ ဥာဏ်အလင်းရရှိနေတယ်လို့ ထင်သွားကြမှာပါပဲ။” ပိုင်ရှောင်ချန်းက ချောင်းဟန့်ကာ နံရံကျိုးကြီးကို အာရုံစိုက်လိုက်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ သားရဲရုပ်တုကြီးထံမှ ဥာဏ်အလင်းရရှိခဲ့သည့် အချိန်တုံးက စိတ်အနေအထားကိုရရှိရန် ကြိုးပမ်းလိုက်လေသည်။
” အဲ့တုံးကအတိုင်း တစ်ပုံစံထဲ အခု လိုက်လုပ်လိုက်ရုံပါပဲ….” သူက တွေးလိုက်လေသည်။ ထို့နောက် သူက ယခင်က မျက်နှာအမူအရာကိုပြန်ရရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ မျက်လုံးများကို ပြူးကာ နံရံကြီးကို ငေးကြည့်လိုက်လေသည်။ သူက ထိုနံရံကြီးကိုကြည့်လိုက်သောအခါ ထူးဆန်းစွာပင် သူ၏ အသိစိတ်များမှာ ဆွဲစုပ်ခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ သူက အံ့အားသင့်သွားသော်လည်း ထိုဖြစ်ရပ်ကို မတားဆီးရန် ဆုံးဖြတ်လိုက်သည်။
သုံးရက်တိတိ ကုန်ဆုံးသွားသည်။ အတွင်းစည်းဂိုဏ်းသား အချို့မှာ နံရံကျိုးကြီးနားမှ ဖြတ်လျှောက်သွားချိန်တွင် ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူ၏မျက်လုံးများမှာ နီမြန်းနေပြီး သူ၏လက်များမှာ လှုပ်ရှားနေကြောင်း သတိထားမိလိုက်ကြသည်။ သူ၏ အမူအရာမှာလည်း အသက်မဲ့သည့်အလားဖြစ်နေသဖြင့် ကြည့်ရသည်မှာ အနည်းငယ်ပင် ထူးဆန်းနေတော့သည်။
” အစ်ကို ညမုဆိုး ရေ။ အစ်ကို…..”
” သူ တကယ်ပဲ ဥာဏ်အလင်းတွေရနေတာလား။”
” ဘုရားရေ… ဒီနေရာမှာ ဘယ်သူမှ ဥာဏ်အလင်းမရဖူးတာ တော်တော်ကိုကြာနေပြီ။အစ်ကို ညမုဆိုး က တကယ်ပဲ အောင်မြင်နေပြီလားဟ။”
အတွင်းစည်းဂိုဏ်းသားများမှာ အံ့အားသင့်နေကြပြီး မကြာမီတွင် ထိုသတင်းမှာ ပျံ့သွားတော့သည်။ တောင်လေးတောင်လုံးမှ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများမှာ ထိုသတင်းကိုကြားသောအခါ အများစုမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုကြလေသည်။
နောက်ထပ် ခုနစ်ရက်တိတိ ထပ်၍ ကုန်ဆုံးသွားလေသည်။ ထိုအတွင်း ပိုင်ရှောင်ချန်း၏ အမြင်အာရုံများမှာ ဝေဝါးစပြုလာတော့သည်။ အရာရာတိုင်းကို အစစ်အမှန်အတိုင်း ထင်မှတ်သွားစေရန် သူက နံရံကြီးကို ဆယ်ရက်ဆယ်ညတိတိ ကြည့်နေခြင်းဖြစ်သည်။ မကြာမီတွင် သူက အမှန်တကယ်ပင် မိန်းမောတွေဝေနေသည့်အသွင်ဖြစ်လာ၏။ တဖြည်းဖြည်းနှင့် သူတကယ် သတိမေ့မျောစပြုလာခဲ့သည်။
ထိုအချင်းအရာမှာ နက်နဲသိမ်မွေ့လှသည့် မိန်းမောခြင်းပုံစံဖြစ်နေသဖြင့် ဥာဏ်အလင်းရရှိသည့် ပုံစံနှင့်ပင်ဆင်တူနေရာ အခြားလူဆိုပါက ထိုနှစ်ခုမှာ ကွဲပြားခြားနားကြောင်း သိမည်မဟုတ်ပေ။
သူ၏ အသိစိတ်များမှာ အားပျော့လာတော့သည်။ သူက မကြာသေးခင်ကမှ အခြေခိုင်မာခြင်း အလယ်အဆင့်သို့ ဖောက်ထွက်ထားသည်ဖြစ်ရာ အားအင်ပြန်လည်ဖြည့်တင်းရန် အချိန်မရလိုက်ပေ။ သူ မိန်းမောနေသည့် အချိန်မှာ များများလာသဖြင့် နေ့တစ်ဝက်ကို ထိုပုံစံဖြင့် ကျော်ဖြတ်မိမှန်း သတိမထားမိလိုက်သည့် အနေအထားသို့ပင် ရောက်သွားတော့သည်။ ဤအချိန်တွင်မူ သူက ဟန်ဆောင်သည်မှာ လုံလောက်သွားပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။
သူက အဆုံးသတ်ပြီး ကြိုးစားရယူခဲ့ရသည့် အကျိုးရလဒ်များကို ခံစားလိုက်မည်ဟု ပြင်လိုက်ချိန်မှာပင် သူ၏တစ်ကိုယ်လုံးမှာ တုန်ရီသွားတော့သည်။ သူ၏ အကြည့်များကိုပင် မလွှဲနိုင်လိုက်ပဲ မျက်လုံးများပြူးသွားပြီး နံရံကျိုးကြီးကို တည့်တည့်စိုက်ကြည့်နေလိုက်တော့သည်။
သူ၏ အသက်ရှူသံများပင် မြန်လာပြီး မျက်လုံးအိမ်များ ကျဥ်းသွားလေသည်။ ထင်ယောင်ထင်မှားဖြစ်နေသလားဟုပင် သူ့ကိုယ်သူ သေချာမသိတော့ပေ။ သို့သော်လည်း နံရံဆီမှ အကြည့်လွှဲရန်ပြင်လိုက်စဥ်တွင် ဆေးဖော်စပ်နေသည့် ဝါးတားတားပုံရိပ်တစ်ခုကို သူ မြင်လိုက်ရလေသည်။ သူမြင်လိုက်သည့်ဆေးဖော်သည့်နည်းလမ်းမှာ ဆေးတာအိုပညာကိုလေ့လာခဲ့တုံးက နည်းလမ်းနှင့် မတူပေ။
” ဝိုး…” သူက တုန်ရီသွားတော့သည်။ စိတ်ကိုငြိမ်ငြိမ်ထားလိုက်ပြီး သူက နံရံကို နောက်ထပ်တစ်ခေါက် အာရုံအပြည့်စိုက်ကာ ကြည့်လိုက်သောအခါ အားအင်များမှာ ယခင်ကထက်ပင် ပို၍ လျင်မြန်စွာ ကုန်ခမ်းသွားတော့သည်။ အနည်းငယ်ကြာသောအခါ သူ၏ ဝိညာဥ်မှာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကာ နံရံအတွင်းသို့ဝင်ရောက်သွားပြီး ဝါးတားတားပုံရိပ်၏ ဘေးတွင် ပေါ်လာတော့သည်။
အနီးကပ် လေ့လာကြည့်ရှုလိုက်သောအခါ ဆေးဖော်စပ်နေသည့် လူတစ်ယောက်အား ကြည့်နေကြောင်းကို ပိုင်ရှောင်ချန်းမှာ သေချာသွားတော့သည်။ ဖော်စပ်နေသည့် ဝိညာဥ်ဆေးအမျိုးအစားကိုမသိသော်လည်း ထိုသမားတော်၏ နည်းလမ်းများကမူ အံ့ဖွယ်များပင်ဖြစ်သည်။
သူက ဆေးဖော်စပ်နည်းတစ်ခုကိုပင် မသုံးပေ။ ဆေးပင်နှစ်မျိုးကို ရွေးချယ်လိုက်ပြီး အပြန်အလှန် ကြီးထွားခြင်းနှင့် ဖိနှိပ်ခြင်း၏ နိယာမများကို အညစ်အကြေးဖယ်ရှာရန်မဟုတ်ပဲ ပုံစံပြောင်းလဲမှုများပြုလုပ်ရန် သုံးလိုက်လေသည်။ ထိုအခါ အခြားဆေးပင်များနှင့်ပေါင်းစပ်ကာ ထိုဆေးပင်များကို ပြောင်းလဲစေသည့် ဆေးစွမ်းအင်အသစ်တစ်မျိုးပေါ်ထွက်လာသည်။
ထိုသူက အရာရာတိုင်းကို ချောချောမွေ့မွေ့နှင့် သဘာဝကျကျဆောင်ရွက်သွားလေသည်။ ဆေးပေါင်းဖိုထဲရှိ ပါဝင်ပစ္စည်းများမှာ တစ်ခါတရံဆိုလျှင် အားများနှင့် ထထ ပေါက်ကွဲတတ်လေသည်။ သို့သော်လည်း အချို့အချိန်များတွင်မူ တည်ငြိမ်နေကြလေသည်။ အချို့အချိန်များတွင် ဆူပွက်ကာ ပလုံစီထနေပြီး အချို့အချိန်များတွင်ကား သေဆုံးနေသည့်အလား တိတိဆိတ်နေတော့သည်။ ပြောင်းလဲမှုများနှင့် စွမ်းအားများထွက်ပေါ် လာခြင်းများရှိပါသော်လည်း သမားတော်ကြီးကမူ တစ်ချိန်လုံး အရာရာတိုင်းကို ထိန်းချုပ်ထားနိုင်ခဲ့လေသည်။
သူက နေရာတိုင်းကို ကျွမ်းကျင်လိမ္မာပါးနပ်စွာ ထိန်းချုပ်နေတော့သည်။ ဤ တာအိုဆေးပညာမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ပိုင်ရှောင်ချန်း လေ့လာခဲ့သည့် ပညာနှင့် လုံးဝမတူပေ။ နံရံကျိုးထဲရှိ သမားတော်ကြီးမှာ ထူးခြားသော အဆင့်သို့ရောက်နေပြီဖြစ်သည်။
မသိသူဆိုလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တာအိုဆေးပညာမှာ အတွေ့အကြုံနုနယ်သူများအတွက်သာဖြစ်ပြီး ဤ သမားတော်သုံးနေသည့် နည်းလမ်းများကိုမူ ကျွမ်းကျင်သူများသာ သုံးနိုင်လိမ့်မည်ဟုပင် ထင်နေတော့မည်ဖြစ်သည်။
” သူက ဆေးဖော်စပ်နေတာမှ မဟုတ်ပဲ။ အပင်နဲ့အသီးအရွက်တွေကို ဖန်တီးနေတာပဲဟ။” ပိုင်ရှောင်ချန်းမှာ အချိန်များကုန်ဆုံးနေသည်ကိုပင် သတိမထားမိတော့ပေ။ နံရံအပိုင်းအစထဲရှိ ဝါးတားတား ပုံရိပ်ကိုပင် သူက အာရုံအပြည့်စိုက်ကာ ကြည့်နေတော့သည်။ အဆုံးတွင် ထိုပုံရိပ်ကြီးမှာ ဆေးတစ်သုတ်ဖော်စပ်ပြီးသွား၍ ဆေးပေါင်းဖိုကိုဖွင့်လိုက်တော့သည်။ သူ၏လက်ထဲတွင် အပင်တစ်ပင်နှင့်တူသည့် အစိမ်းရောင်ဆေးလုံးတစ်လုံး ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ စိတ်များပင် ကယောင်ခြောက်ခြားဖြစ်နေပြီး အနည်းငယ် သဘောပေါက်နားလည်လာတော့သည်။
” ဆေးမဖော်စပ်ခင်မှာ အပင်နဲ့အသီးအရွက်တွေကို သန့်စင်ရမှာပဲကွ။ အရင်က လိုချင်တဲ့ဆေးစွမ်းအားအပေါ်မူတည်ပြီး ဆေးပင်တွေအများကြီး ရှာနေရတာ။ ရှာမတွေ့ဘူးဆိုရင်တော့ ကိုယ်ဟာ့ကိုယ် ဖန်တီးတာပဲ။”
” တာအိုဆေးပညာက မင်းရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အပင်နဲ့အသီးအရွက်တွေကို ဆေးဖော်စပ်နိုင်တဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အတိုင်းအဆမရှိလောက်အောင် ကျယ်ပြောတာပဲ ” ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင် ခံစားလိုက်ရပြီး ခန္ဓာကိုယ်ပင် တုန်ရီလာတော့သည်။ သူက စိတ်လှုပ်ရှားစွာဖြင့် နံရံကျိုးထဲရှိ ပုံရိပ်များထဲတွင် စိတ်နှစ်လိုက်လေသည်။
တချိန်ထဲမှာပင် သန့်ရှင်းသော ဆေးနံရံကျိုးမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများက ပို၍ လင်းလက်လာသောအခါ အစိမ်းရောင် တိုင်ကြီးတစ်တိုင်အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ရိုးတွင်းချဥ်ဆီထဲကအထိပင် တုန်လှုပ်သွားကြတော့သည်။