သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်ရာလမ်းတွင် သွေးတိမ်တိုက်ကြီးမှာ အမြုပ်တစီစီထနေပြီး ဆူပွက်ကာ ရိုက်ခတ်နေတော့သည်။ လူတိုင်းမှာ သူတို့၏ အတွေးများထဲတွင် နစ်မျောနေကြပြီး မည်သူမှ စကားမပြောနေကြပေ။ ပိုင်ရှောင်ချန်းက အတိတ်ဆိတ်ဆုံးဖြစ်နေသော်လည်း မကြာခဏဆိုသလို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်သို့ လှည့်လှည့်ကြည့်နေတော့သည်။
အလယ်တောင်ထိပ်ပေါ်ရှိ သူ၏အင်လူသားဂူသို့ပြန်ရောက်သောအခါ ညနေခင်းအချိန်ပင်ရောက်နေပြီဖြစ်သည်။ သူက ညရောက်ကာ လကြီးသာလာသည့်အချိန်အထိ ဂူထဲတွင် ငြိမ်သက်စွာထိုင်နေတော့သည်။ သို့သော်လည်း ဂိုဏ်းနှစ်ဂိုဏ်းကြားက စစ်ပွဲမှာ သူဝင်ရောက်ကာ ပြောရေးဆိုခွင့်ရှိသော အရာမဟုတ်ပေ။ ဂိုဏ်းနှစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများအကြားက ကစားပွဲတစ်ခုသာ ဖြစ်လေသည်။
သူက ပင်ပန်းနွမ်းနယ်နေတော့သည်။ သူက သတ်ရဖြတ်ရသည်ကိုပင် မနှစ်သက်သော်လည်း အချို့ကိစ္စများကို မည်မျှပင် ရှောင်ရှားလိုပါသော်ငြားလည်း မဖြစ်နိုင်ကြောင်းလည်း သူကသိသည်။
သူက အားမလိုအားမရဖြင့် ခေါင်းသာယမ်းနေတော့သည်။ သူယခုလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ စစ်ပွဲမစခင် ထာဝရတည်မြဲခြင်း အမွေအနှစ်ကိုရယူကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ပြန်သွားရန်သာဖြစ်သည်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်ငြိမ်ငြိမ်ထားကာ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်လိုက်သည်။ ထာဝရကောင်းကင်ဘုရင်၏ ပထမအဆင့်မှ သူက တဖြည်းဖြည်းတိုးတက်စေရန် ဆက်၍ ကျင့်ကြံနေသဖြင့် သွေးချီများမှာ မြင့်တက်လာပြီး သူ့ဆီသို့ ပျံသန်းလာကြတော့သည်။
ပထမဆုံးအဆင့်မှာ ဆင်ဆယ်ကောင် ဝိညာဥ်ရိုင်းခန္ဓာကိုယ်ဖြစ်ပြီး သူ၏ ဆက်တိုက်ကျင့်ကြံမှုများကြောင့် သူက ပို၍ပင် သန်မာလာတော့သည်။ ယခုတွင် သူ့ဆီတွင် ဝိညာဥ်ရိုင်းနှစ်ကောင်၏ စွမ်းအားများရှိနေပြီဖြစ်သည်။
ဝိညာဥ်ရိုင်းဆယ်ကောင်ပြည့်ပါက သူက ပထမအဆင့်ကို လုံးဝကျော်ဖြတ်သွားမည်ဖြစ်ပြီး သူ၏ ဝိညာဥ်ရိုင်းခန္ဓာကိုယ်မှာ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
တချိန်ထဲမှာပင် သူ၏ ပထမဆုံး စိတ်စွမ်းအင်ပင်လယ်ထဲရှိ ကောင်းကင်တံတားမြစ်ရေများမှာ စုပ်ယူခံနေရပြီဖြစ်သည်။ ယခုတွင်မူ တစ်ဝက်လောက်ပင်မကျန်တော့ပဲ သိပ်မကြာခင်တွင်ပင် အားလုံးမှာ စုပ်ယူခံလိုက်မည့် အနေအထားတွင်ပင် ရှိနေတော့သည်။
အချိန်များက ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်လတိတိကုန်သွားတော့သည်။ ထိုအချိန်အတွင်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စစ်ပွဲအတွက်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ စစ်ပွဲဆိုသည်မှာ အပျော်တန်းကစားစရာတစ်ခု မဟုတ်ချေ။ စစ်ပွဲစတင်သည်နှင့် ရပ်တန့်ရန်မှာ ခက်ခဲမည်ဖြစ်ပြီး ဂိုဏ်းနှစ်ဂိုဏ်း၏ အနာဂတ်မှာ ဤစစ်ပွဲပေါ်တွင် မူတည်နေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ စစ်ပွဲဆင်နွှဲရန် လူတိုင်းက ထောက်ခံကြသည်တော့မဟုတ်။ သူတို့တွင် ခေါင်းဆောင်ကြီးရှစ်ယောက်ရှိသည်ဖြစ်ပြီး ထိုရှစ်ယောက်ထဲမှ လေးယောက်မှာ စစ်ပွဲကို အတတ်နိုင်ဆုံးရှောင်ရန် လိုလားကြသည်။ ထိုလေးယောက်ထဲတွင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ကြီး အတုမဲ့နှင့် အခြား ခေါင်းဆောင်ကြီး နှစ်ယောက်ပါသည်။
သို့သော်လည်း လူသုံးယောက်ပါသည့် အခြားတစ်ဖွဲ့မှာ စစ်တိုက်ရန် အခိုင်အမာဆုံးဖြတ်ထားကြသည်။ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်သည့် တာအိုပညာရှိကြီး ဟန်ရန် ကမူ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် ရာထူးတစ်ဆင့်ထဲတွင်ရှိသည်။ အကြီးပိုင်းမျိုးဆက်ထဲတွင် သူက စွမ်းအားအကြီးဆုံး လူတစ်ယောက်ဖြစ်၍ သူ၏ ပြောစကားများက အရေးပါအရာရောက်သည်။
တာအိုပညာရှိကြီး ဟန်ရန်နှင့် တစ်ဖွဲ့ထဲဖြစ်သည့် အခြား ခေါင်းဆောင်ကြီး နှစ်ယောက်မှာ စစ်ကြေငြာရန် စိတ်အားထက်သန်နေသည်။ စစ်ပွဲအကြောင်းနှင့်ပတ်သတ်၍ စု့န်မျိူးနွယ်ခေါင်းဆောင်ကြီးနှင့် သူ၏အဖွဲ့တို့က သဘေားထားကွဲလွဲမှုများစွာရှိနေသဖြင့် အုပ်စုနှစ်စုကြားတွင် အဖုအထစ်များရှိနေတော့သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ပြောဆိုခွင့်အာဏာအရှိဆုံးလူမှာ ထိုမျိုးဆက်၏ အဓိက ခေါင်းဆောင်ကြီးဖြစ်သော်လည်း သူက တစ်ခွန်းမှဝင်မပြောသေးပေ။ သူ၏ ထင်မြင်ချက်မှာ အချက်ကျအရေးပါသော်ငြားလည်း သူက တွန့်ဆုတ်နေလေသည်။
ခေါင်းဆောင်ကြီးများအကြား ငြင်းခုံမှုများနှင့် အဖုအထစ်များအကြားတွင် သွေးစွမ်းအင်နတ်ရေစင်တစ်ဂိုဏ်းလုံးမှာ စစ်ပွဲဆင်နွှဲရန် ဆုံးဖြတ်ချက်ချမှတ်လိုက်တော့သည်။
အဆုံးတွင် ကောင်းကင်တံတားမြစ်ရေများအားလုံးက ပိုင်ရှောင်ချန်း၏ ပထမ စိတ်စွမ်းအင်ပင်လယ်ထဲသို့ ပေါင်းစည်းသွားသည့် နေ့ရက်သို့ ရောက်လာတော့သည်။
သူတစ်ယောက်သာကြားနိုင်သည့် တဂျုန်းဂျုန်းမြည်သံများမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ထွက်လာတော့သည်။ သူက တုန်ရီစပြုလာပြီး သူ၏ ပထမ စိတ်စွမ်းအင်ပင်လယ်မှာ အဆုံးအစမဲ့သော ရွှေအလင်းတန်းများဖြင့် တောက်ပနေကြောင်း ခံစားလိုက်ရတော့သည်။ အက်ကွဲသံများပေါ်ထွက်လာပြီး ခဏအကြာတွင် သူ၏ ပထမ စိတ်စွမ်းအင်ပင်လယ်ထဲမှာ ပုံဆောင်ခဲအသွင်သို့ ပြောင်းသွားတော့သည်။
ပုံဆောင်ခဲသဏ္ဍာန် စိတ်စွမ်းအင်ပင်လယ် ပေါ်ပေါက်လာပြီဖြစ်သည်။
ပိုင်ရှောင်ချန်းကမူ တဆတ်ဆတ် တုန်ရီနေသည်။ အသက်ရှူသံများပင်မြန်လာပြီး သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး သူ၏လက်များဖြင့် ဝမ်းဗိုက်နေရာကို ဖိချလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ပုံဆောင်ခဲအသွင်ပြောင်းနေသည့် ဖြစ်စဥ်မှာ အရှိန်မြန်သွားပြီး အက်ကွဲသံများမှာ ပို၍ ကျယ်လောင်လာတော့သည်။ အနည်းငယ်ကြာသောအခါ သူ၏ ပထမ စိတ်စွမ်းအင်ပင်လယ်တစ်စင်းလုံးမှာ အစိုင်အခဲအနေအထားသို့ ရောက်သွားပြီဖြစ်သည်။
အရည်အနေအထားတွင်မရှိတော့ပဲ မှန်ပုံစံ သလင်းကျောက်အသွင် ပြောင်းလဲသွားပြီဖြစ်သည်။
ထိုပင်လယ် အခဲပုံစံပြောင်းလဲသွားချိန်မှာပင် ပုံမှန် ပင်လယ်တစ်စင်း ထုတ်လွှတ်နိုင်သည့် စွမ်းအားထက် ဆယ်ဆပို၍ ကြီးမားသည့် စွမ်းအားများ ပေါ်ထွက်လာတော့သည်။ ထိုစွမ်းအားများမှာ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားသဖြင့် သူက တုန်ရီလာပြီး ယခင်ကနှင့် လုံးဝကွဲပြားခြားနားစွာ ခံစားလိုက်ရတော့သည်။
လူသားတာအို အခြေခိုင်မာခြင်းအဆင့်တွင် စိတ်စွမ်းအင်ပင်လယ် တစ်စင်းသာရှိသည်။ ထို့အပြင် ပါဝင်သည့် ရေပမာဏမှာ နည်းပါးလွန်းလှ၍ စိတ်စွမ်းအင်ရေကန်တစ်ကန်သာသာ ရှိသည်။
မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများသာလျှင် ဒီရေစီးကြောင်း များကို အသုံးပြုကာ စိတ်စွမ်းအင်ပင်လယ် အစင်းပေါင်းများစွာကို ဖန်တီးနိုင်သည်။
စိတ်စွမ်းအင်ရေကန်နှင့် စိတ်စွမ်းအင်ပင်လယ်ကြားရှိ ကွာခြားမှုမှာ လူသားတာအိုနှင့် မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကြားတွင် များစွာကွာဟနေရခြင်း၏ အကြောင်းအရင်း တစ်ချက်ပင်ဖြစ်သည်။
အခြေခိုင်မာခြင်းအဆင့်တက်ရာတွင် စိတ်စွမ်းအင်ပင်လယ်ကို ပုံဆောင်ခဲအသွင်ပြောင်းလဲခြင်းမှာ အလယ်ပိုင်းအခြေခိုင်မာခြင်း အဆင့်၏ အမှတ်အသားတစ်ခုဖြစ်သည်။ ပုံဆောင်ခဲအသွင်သို့ပြောင်းလဲခြင်းမှာ ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခုဖြစ်၍ ကျင့်ကြံခြင်းအခြေခံကို ဆယ်ဆတိတိ စွမ်းအားပို၍ ကြီးမားလာစေသည်။ မြေစီးကြောင်း စိတ်စွမ်းအင်ပင်လယ်များက လူသားတာအို စိတ်စွမ်းအင်ရေကန်များထက် များစွာ စွမ်းအားကြီးမားသည်ဖြစ်၍ ထိုသို့ ပုံဆောင်ခဲအသွင်ပြောင်းလဲရာတွင် ထိုအခြေခိုင်မာခြင်း နှစ်မျိုးအကြားရှိ ခြားနားချက်မှာ များစွာကြီးမားသွားရတော့သည်။
တချိန်ထဲမှာပင် မြေစီးကြောင်း ဒီရေလှိုင်း အရေအတွက်ကလည်း စိတ်စွမ်းအင်ပင်လယ်အရေအတွက်အပေါ် သက်ရောက်မှုရှိသည်ဖြစ်လေရာ ဒီရေစီးကြောင်း အဆင့်များကလည်း ကွာခြားမှုများစွာကို ပို၍ပင် သိသာထင်ရှားနေစေတော့သည်။ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်တွင် စိတ်စွမ်းအင်ပင်လယ်သုံးစင်းကို ပုံဆောင်ခဲအသွင်ပြောင်းလဲပြီးပါက အလယ်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။
နောက်ဆုံးအဆင့်သို့ ရောက်လိုပါက စိတ်စွမ်းအင်ပင်လယ်ခြောက်စင်းကို ပုံဆောင်ခဲအသွင်ပြောင်းလဲရမည်ဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်နောက်ဆုံးစက်ဝန်းထဲသို့ရောက်လိုပါက ကိုးစင်းတိတိကို ပုံဆောင်ခဲအသွင်ပြောင်းလဲရပေမည်။
သို့သော်လည်း စိတ်စွမ်းအင်ပင်လယ်ကိုးစင်းရှိသူများမှာ ဖီးနစ်ငှက်မွေးနှင့် ချီလင် ဦးချိုများကဲ့သို့ရှာပါးသည်ဖြစ်ရာ အထက်ပါ သတ်မှတ်ချက်မှာ ထိုသို့ရှိသူများအတွက်သာဖြစ်သည်။ အခြားအဆင့်ရှိသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအတွက်မူ ပုံမှန်စည်းမျဥ်းများသာ ရှိပေသည်။
ဥပမာဆိုလျှင် လူသားတာအို အခြေခိုင်မာခြင်းအဆင့်တွင် စက်ဝန်းအဆင့်မှာ တစ်ခုတည်းသော ပုံဆောင်ခဲအသွင် စိတ်စွမ်းအင်ပင်လယ်ဖြစ်သည်။ သို့သော်လည်း ထိုစွမ်းအားအဆင့်မှာ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်တွင် စိတ်စွမ်းအင်ပင်လယ်တစ်စင်းကို ပုံဆောင်ခဲအသွင်ပြောင်းလဲထားခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့်လည်း လူသားတာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများ ရွှေအမြုတေအဆင့်သို့ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်တွင် ဒီရေစီးကြောင်း တစ်ခုထဲသာရခဲ့သူများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော်လည်း သူတို့တွင် စစ်မှန်သော စိတ်စွမ်းအင်ပင်လယ်တစ်စင်းရှိသည်ဖြစ်ရာ သူတို့က ထိုတစ်စင်းကို ပုံဆောင်ခဲအသွင်ပြောင်းကာ နောက်ထပ်ကျင့်ကြံခြင်းအဆင့်သို့တက်လှမ်းရန်မှာ တွက်ချက်မှုများအရဆိုလျှင်မူ ဖြစ်နိုင်ပေသည်။ သို့သော်လည်း အောင်မြင်နိုင်ခြေမှာ အလွန်နည်းပါးသည်။
ပင်လယ်နှစ်စင်းရှိပါက အောင်မြင်မှုနှုန်းမှာ များလာမည်ဖြစ်သည်။ ပင်လယ်ငါးစင်းမှာ ပုံမှန်စံသတ်မှတ်ချက်ဖြစ်ပြီး ခုနစ်စင်းရှိသူများကမူ အောင်မြင်နိုင်ခြေ များစွာရှိပေသည်။ ပင်လယ်ရှစ်စင်းရှိသူများမှာ အလွန်ရှားပါးသည်ဖြစ်ကာ နောက်တစ်ဆင့်သို့ ဖောက်ထွက်ရန် ပို၍ပင်အခွင့်အလမ်းများလေသည်။ ကိုးစင်းရှိသူများကမူ ဖောက်ထွက်နိုင်ရန် ကိုးဆယ်ရာခိုင်နှုန်းခန့်ပင် သေချာပေသည်။
သို့သော်လည်း ထိုအချက်များမှာ လူသားတာအိုနှင့် မြေစီးကြောင်း များနှင့်သာ သက်ဆိုင်လေသည်။ ရှားပါးအခြေခိုင်မာခြင်းအဆင့်ဖြစ်သည့် ကောင်းကင်စီးကြောင်းစွမ်းအင်ကိုသုံးကာ ကောင်းကင်တာအို အငွေ့အသက်များကို ဖန်တီးထားသူများကမူ ဆယ်ဆတိတိပို၍ စွမ်းအားကြီးသည်သာမကပေ သူတို့၏ ပုံဆောင်ခဲသဏ္ဍာန် စိတ်စွမ်းအင်ပင်လယ်များမှာ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကိုပင် အမှုန့်ချေပစ်နိုင်ပေသည်။ ဒီရေစီးကြောင်း ကိုးခုရထားသည့် ပိုင်ရှောင်ချန်းမှာလည်း ထိုသို့ပင်ဖြစ်သည်။ သူ၏ ရောင်းရင်း အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတိုင်းကို သူက အလွယ်တကူ ချေမုန်းနိုင်ပေသည်။
အခြေခိုင်မာခြင်းပထမအဆင့်တွင် ကွာခြားချက်များက သိပ်မသိသာသေးပေ။ သို့သော်လည်း အလယ်အဆင့်တွင်မူ စွမ်းအားများက ကြီးမားစွာ တိုးတက်လာသည်ဖြစ်ကာ စက်ဝန်းအဆင့်သို့ရောက်သည့်အခါတွင်မူ သူက ပြိုင်ဘက်ကင်းပင်ဖြစ်နေတော့မည်။
” ပင်လယ်ကို ပုံဆောင်ခဲအသွင် ပြောင်းတယ်ဆိုတာ အခြေခိုင်မာခြင်းအလယ်အဆင့်ထဲကို ဝင်ပြီဆိုတဲ့ လက္ခဏာပဲ ”
ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာနှင့် အသက်ပြင်းပြင်းရှူလိုက်လေသည်။ ပုံဆောင်ခဲအသွင် ပြောင်းလဲနေခြင်းမှာ ပထမ စိတ်စွမ်းအင်ပင်လယ်တစ်စင်းထဲနှင့် ရပ်မသွားသေးပေ။ ဒုတိယ ပင်လယ်မှာပင် ဆက်၍ ပြောင်းလဲနေပြီး အစိုင်အခဲအသွင်ပြောင်းမည့် လက္ခဏာများ တဖြည်းဖြည်းနှင့်ပေါ်လာတော့သည်။
နာရီပေါင်းများစွာတိုင်အောင် သူက ကျယ်လောင်သည့် အက်ကွဲသံများကို ကြားနေရတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုးကြီးမားလာပြီး မကြာမီ သူ၏ ဒုတိယ စိတ်စွမ်းအင်ပင်လယ်မှာ ပုံဆောင်ခဲအသွင် ပြောင်းသွားတော့သည်။ ထို့အပြင် တတိယပင်လယ်မှာလည်း ဆက်လက်၍ ပြောင်းလဲနေတော့သည်။
ဂျုန်းဂျုန်းဂျုန်း…
နောက်နေ့ နံနက်ခင်းအထိ ထိုပြောင်းလဲမှုကြီးမှာ ဖြစ်ပျက်နေတော့သည်။ မြေပြင်ပေါ်သို့ ပထမဦးဆုံး နေရောင်ခြည်အလင်းတန်းများကျလာချိန်တွင် ပိုင်ရှောင်ချန်းတစ်ကိုယ်လုံးမှ တဂျုန်းဂျုန်းမြည်သံများထွက်လာပြီး သူ၏ မျက်လုံးများက ဖျတ်ခနဲပွင့်လာတော့သည်။
ထိုအချိန်တွင် ယခင်ကထက် များစွာကြီးမားသည့် စိတ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေကြောင်း သူ ခံစားလိုက်ရတော့သည်။ ယခုတွင် သူက ပုံဆောင်ခဲသဏ္ဍာန် စိတ်စွမ်းအင်ပင်လယ် သုံးခုကို ပိုင်ဆိုင်သွားပြီဖြစ်ရာ သူ အသက်ရှူလိုက်တိုင်း သူ၏ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံများ မြည်ဟည်းနေသကဲ့သို့ ဖြစ်နေတော့သည်။
သူလက်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဘေးနားရှိ အရာအားလုံးကို အမှုန့်ချေနိုင်ကြောင်း သူက သိလိုက်လေသည်။ ထို့အပြင် သူ၏ ကောင်းကင်တံတား ဓမ္မ မျက်လုံးမှာ ပွင့်ချင်နေသည့်အလား သူ၏နဖူးမှာ တဆစ်ဆစ်နာကျဥ်လာတော့သည်။
သူသာ ထိုမျက်လုံးကို ဖွင့်လိုက်ပါက ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်လာမည်ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက ကြိုသိလိုက်လေသည်။
သူက တောက်ပနေသော မျက်ဝန်းများဖြင့် လှစ်ခနဲ လှုပ်ရှားလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်စွမ်းအင်များထွက်လာပြီးနောက် တဂျိန်းဂျိန်းမြည်သံများပင် ထွက်လာကာ အရိပ်အသွင် ပြောင်းလဲသွားသည်။ အနည်းငယ်ကြာသောအခါ သူက အပြင်ဘက်ရှိ သွေးသစ်ပင်တစ်ပင်ရှေ့သို့ ရောက်သွားပြီဖြစ်သည်။
ထိုသွေးသစ်ပင်မှာ တုန်ရီနေပြီး ပိုင်ရှောင်ချန်းကို ချီးကျူးကာ ဖားယားနေတော့သည်။ ပိုင်ရှောင်ချန်းကမူ ပုံမှန်လိုမဟုတ်ပဲ ထိုသစ်ပင်ကို ဂရုပင်မစိုက်ချေ။ သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်သောအခါ သွေးချီစီးကြောင်းများက စုဝေးလာပြီး သွေးဓားတစ်ချောင်းအသွင် ပြောင်းသွားတော့သည်။
” သွေးဓားတွေ ထုတ်တဲ့နေရာမှာ အရင်ကထက် ပိုမြန်လာပြီပဲဟ။”
သူက စိတ်လှုပ်ရှားစွာဖြင့် အလယ်တောင်ထိပ်၏ လျှို့ဝှက်မှော်အတတ်ဖြစ်သည့် သွေးကမ္ဘာချေမုန်းခြင်းကို စိတ်ထဲတွင် ပြန်လည်ပုံဖော်လိုက်လေသည်။ မန္တန်လက်ကွက်တစ်ခုထပ်၍ ဖော်ပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထိုနေရာတွင် သွေးချီများစွာ ထပ်ကာ စုဝေးလာပြီး သွေးဓားနောက်တစ်ချောင်း ပေါ်လာတော့သည်။
ထိုမျှလောက်နှင့် မပြီးသေးချေ။ သုံးချောင်းမြောက် သွေးဓားပင်ထပ်၍ ပေါ်ပေါက်လာပြီး သူ၏ ဘေးနားတွင် ဝဲပျံကာ ထိုနေရာတစ်ခုလုံးမှာ သတ်ဖြတ်လိုသည့် သွေးရောင် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေတော့သည်။
ထိုနေရာသို့ ပြင်းထန်သော ဖိအားတစ်ခုပါကျဆင်းလာသဖြင့် သွေးသစ်ပင်အားလုံးမှာ တုန်ရီနေကြတော့သည်။
” အခြေခိုင်မာခြင်းအလယ်အဆင့် မှာဆို သွေးဓားတစ်ချောင်းထဲ ထုတ်နိုင်တာ မဟုတ်တော့ဘူးပဲ။ သုံးချောင်းတိတိ ထုတ်လို့ရပြီ။ ပြီးတော့ အဲ့သုံးချောင်းကိုပေါင်းပြီး ဓားအကြီးကြီးတစ်ချောင်းဖြစ်အောင် ပြောင်းလဲလို့လည်းရတာပဲ။”
တောက်ပနေသည့်မျက်ဝန်းများဖြင့် သူက ညာလက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခုထပ်၍ဖော်လိုက်သောအခါ ထိုသွေးဓားသုံးချောင်းမှာ ဧရာမသွေးရောင်ဓားကြီးအဖြစ်သို့ ပေါင်းစည်းသွားတော့သည်။
ထိုသို့ပေါင်းစည်းနေစဥ်တွင်ပင် ၎င်း၏ စွမ်းအားအခိုးအငွေ့များမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေတော့သည်။ ထိုနေရာရှိ အရာတိုင်းမှာ တုန်ရီနေတော့သည်။ထို့နောက် ဓားများမှာ ပေါင်းစည်းခြင်း မပြီးသေးသော်လည်း ပိုင်ရှောင်ချန်းက လက်ကိုဝှေ့ယမ်းလိုက်သဖြင့် ဓားကြီးနှင့် ဖိအားများမှာ လွင့်ပြယ်သွားတော့သည်။
” လျှို့ဝှက်မှော်အတတ်ထဲက ဖော်ပြချက်အရ ဓားခြောက်ချောင်း ဆင့်ခေါ်နိုင်ရင် အခြေခိုင်မာခြင်း နောက်ဆုံးအဆင့် ရောက်ပြီပဲ။ ငါက ခရမ်းရောင်ချီ ကောင်းကင်တံတားမန္တန် ကျင့်စဥ်ကိုကျင့်တာဆိုပေမဲ့ ထာဝရအသက်ရှည်ခြင်းပညာရပ်ကြောင့် အခြေခိုင်မာခြင်း နောက်ဆုံးအဆင့်ရောက်တာနဲ့ သွေးမုန်တိုင်းပညာရပ်ကိုပါ တစ်ခါထဲ သုံးလို့ရလောက်ပြီ ”
ပိုင်ရှောင်ချန်းမှာ အခြေခိုင်မာခြင်းပထမအဆင့်မှ အလယ်အဆင့်သို့ လျင်မြန်စွာရောက်သွားသဖြင့် အလွန်ကျေနပ်နေတော့သည်။ ထိုသို့လျင်မြန်ရသည့် အကြောင်းအရင်းအချို့မှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက သူ့ကိုပေးခဲ့သည့် ဆေးလုံးများကြောင့်ဖြစ်ပြီး အခြားအကြောင်းအရင်းတစ်ချက်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ သွေးချီများကြောင့် ဖြစ်သည်။
ထိုအရာများကြောင့် သူက ထာဝရကောင်းကင်ဘုရင်ကို လျင်မြန်စွာ ကျင့်ကြံနိုင်သည်သာမက သူ၏ကျင့်ကြံခြင်းအခြေခံအတွက်လည်း အထောက်အပံ့ဖြစ်စေတော့သည်။
ပိုင်ရှောင်ချန်းမှာ လက်နှစ်ဖက်ကို နောက်ပစ်ကာ မေးငေါ့လိုက်လေတော့သည်။ သူ့ကိုယ်သူ ဂုဏ်ယူနေသည့်ပုံစံဖြင့် ပုံဆောင်ခဲသဏ္ဍာန် စိတ်စွမ်းအင်ပင်လယ်သုံးခု၏ အံ့သြဖွယ်ကောင်းပုံများကို တွေးတောနေတော့သည်။ ခြောက်ခု သို့မဟုတ် ကိုးခုအထိသာ ရောက်ပါက ပို၍ပင် စွမ်းအားကြီးလာမည်မှာဧကန်ပင်။