အပိုင်း(၄၂)

ကျုပ်က မှော်ထိန်းချုပ်သူဘဲ

“ရီဖူရှင်း…” မူရွန်ချူ၏မျက်နှာ မည်းမှောင်သွားသည်။ ထိုသားရဲများ မရေမတွက်နိုင်အောင် များပြားသော တောင်ကြားထဲသို့ ခုန်ဆင်းသွားပြီး ရီဖူရှင်းမှာ အသက်ရှင်လျက် ပြန်လာမည်ဟု သူမမျှော်လင့်ထားချေ။ အဘယ်ကြောင့် သားရဲဘုရင်က သူ့အား လွှတ်ပေးလိုက်သည်ကို သူလုံးဝ နားမလည်တော့ပေ။

ရှာဖန်၏ဦးလေး တော်စပ်သူ အကာနာအဆင့် ဓားသမားပင်လျှင် လူဝံကြီး၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ အမှန်တကယ်လည်း စွမ်းအားမြင့်လှသော မှော်ဆရာ အများအပြားက ဧကရာဇ်ရီချင်၏ ရတနာများအား ရှာဖွေရန် တောင်ကြားထဲသို့ ခိုးဝင်ခဲ့ကြသည်။ တစ်ဦးတစ်ယောက်မှ မအောင်မြင်ခဲ့သလို အများစုမှာလည်း အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ။

စားသောက်ဆိုင်အတွင်းမှ ချင်းကျူ ကျောင်းတော်သားများကလည်း ရီဖူရှင်းအား နားမလည်စွာ ကြည့်နေကြသည်။ စားသောက်ဆိုင် တစ်ခုလုံးကား ဆက်လက်ဖြစ်လာမည့် အခြေအနေအား တွေးကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။

“မင်း ဘယ်လို အသက်ရှင်ခဲ့တာလဲ…” မူရွန်ချူ၏ဘေးမှ တစ်ယောက်က မေးလိုက်သည်။

ရီဖူရှင်းက ပခုံးတွန့်လိုက်ကာ ပြောလိုက်သည်… “ငါက ဧကရာဇ်ရီချင်နဲ့ မျိုးရိုးနာမည်တူတယ်… သူ့ဝိညာဉ်က ပြောတာတော့ ငါက သူ့ရတနာတွေကို ဆက်ခံဖို့ ကံပါလာတယ်တဲ့… သူ့စွမ်းရည်တွေကို ဆက်ခံပြီး တီအန်ယွာတောင်က အခုပဲ ပြန်လာတာ…” သူ၏အနီးမှလူတိုင်းက ရီဖူရှင်းမှာ ရူးနေသည်ဟု တွေးလိုက်ကြသည်။ သူတို့က ရီဖူရှင်းမှာ ကြွားဝါရန် ဟန်ဆောင်နေခြင်း ဖြစ်ရမည်ဟု တွေးလိုက်ကြသည်။ ရီဖူရှင်းပြောသမျှကိုလည်း ရယ်စရာဟုသာ ထင်ကြသည်။ အကယ်၍ သူကသာ ထိုရတနာများကို ရရှိခဲ့လျှင် အဘယ်ကြောင့် လျှို့ဝှက်ရန် မကြိုးစားသနည်။

မှန်သည်။ ရီဖူရှင်းကား သူ၏ပုံစံကို ပြောင်းလဲခဲ့ခြင်း မရှိပေ။ သူကား ထိုပေါက်ကရ ပြောတတ်သည့် ကံကောင်းသည့် ကောင်ကလေးသာ ဖြစ်သည်။

“မင်းက အသက်ရှင်ခဲ့တယ် ဆိုရင်တောင်မှ ချင်းကျူမြို့ကို ပြန်လာရဲမယ်လို့ မထင်ခဲ့ဘူး…” မူရွန်ချူကား ရီဖူရှင်းအား သေစေလိုနေသည်မှာ ထင်ရှားပေသည်… “ကြည့်ရတာကတော့ ငါမင်းကို နောက်တစ်ခေါက် သတ်ရပြန်ဦးမယ်…”

“ချင်းကျူ ကျောင်းတော်သားတွေ… ငါပြောတာ နားထောင်… ဒီကောင်… ရီဖူရှင်း… ကျောင်းတော်ကို သစ္စာဖောက်ခဲ့တယ်… ဒီအဖြစ်အပျက်တွေမှာ ဒီအကောင် အသက်ရှင်နေလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး… ဒီကောင်ကို အတတ်နိုင်ဆုံး မြန်မြန် သုတ်သင်ပေး…” မူရွန်ချူ၏ အသံကား အေးစက်နေသည်။ ရီဖူရှင်းမှာ ယခင်ကထက် အဆမတန် စွမ်းအားမြင့်လာသည်ကို သူသိသည်။ သူက ရီဖူရှင်းကို တစ်ယောက်ချင်း တိုက်ခိုက်ရန် မရဲပေ။ သူ၏ဘေးတွင်ကား မြေဓာတ်ကျောင်းဆောင်မှ စွမ်းအားမြင့် ကျောင်းသားများ ရှိကြသည်။ အထူးသဖြင့် ကောင်းကင်အဆင့် ကျောင်းသား အတော်များများ ရှိသည်။ သည်တစ်ကြိမ်တော့ ရီဖူရှင်းမှာ သေရမည်မှာ သေချာသည်ဟု သူယုံကြည်သည်။

ကျောင်းသားအချို့က ရှေ့ကိုတက်လာကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ သူတို့က ရီဖူရှင်းအား မုန်းတီးစွာ ကြည့်လိုက်ကြသည်။ သူတို့၏ကျောင်းအုပ် ရှီဇောင်ကား ရီဖူရှင်းနှင့် သူ၏ဆရာတို့၏ အရှက်ခွဲခြင်း ခံခဲ့ရသည်။ သူတို့က ရှက်ရွံ့လွန်းသောကြောင့် ရီဖူရှင်းအား သတ်ရန်ဆန္ဒအပြင် တခြားမရှိတော့ပေ။

“ဒါက မူရွန်ချူက ဒုတိယအကြိမ် သတ်ဖို့ကြိုးစားတာပဲ… မင်းတို့က သူ့ကိုကူညီရင် မင်းတို့ကိုလည်း သူနဲ့အတူတူလို့ သတ်မှတ်လိုက်မယ်…” ရီဖူရှင်းက အေးအေးဆေးဆေးပင် သူ၏ရှေ့မှ ကျောင်းသားမျာအား ပြောလိုက်သည်… “ငါမင်းတို့ကို ညှာမှာ မဟုတ်ဘူး…”

“ပါးစပ်ပိတ်စမ်း… မောက်မာတဲ့အကောင်…” ကြယ်လေးပွင့် ကောင်းကင်အဆင့် မှော်ဆရာတစ်ဦးက ရှေ့တက်လာသည်။ သူ၏ကိုယ်အား မြေဓာတ်စွမ်းအင်များက ဝန်းရံထားသည်။ မကြာမီ ထိုစွမ်းအင်များက ချပ်ဝတ်တန်ဆာပုံစံ ပြောင်းသွားသည်။ သူက ရီဖူရှင်းမှာ မှော်ပညာနှင့် တိုက်ခိုက်ရေးပညာနှစ်ခုလုံး ထူးချွန်သည်ကို သိသည်။ ထို့ကြောင့် ခံစစ်အား သေချာပြင်ဆင်ရန် လိုပေသည်။ အကယ်၍ ရီဖူရှင်းက အနီးကပ် တိုက်ခိုက်လာပါက ပြဿနာရှိသည်။

ဘန်း… ရီဖူရှင်းက မြေကြီးအား ဆောင့်ကန်ကာ သူ၏ရန်သူရှိရာသို့ ခုန်ဝင်လိုက်သည်။ သူ၏ရန်သူက သူ့အား အသေသတ်ရန် ရည်ရွယ်ချက်ရှိသည်ကို ရီဖူရှင်းသိသည်။ ထို့ကြောင့် ယဉ်ကျေးမှု ရှိနေစရာမလိုပေ။

ကြယ်လေးပွင့် ကောင်းကင်အဆင့် မှော်ဆရာကလည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ၏ကိုယ်မှ မြေဓာတ်သဘာဝစွမ်းအင်များက စူးရှသော အချွန်များအဖြစ် ပြောင်းသွားသည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် ထိုအချွန်များက လေတိုးသံများ တဟူးဟူးမြည်ကာ ရီဖူရှင်းထံ တိုးဝင်သွားကြ၏။

သို့သော် ရီဖူရှင်းက နောက်ဆုတ်ရန် စိတ်ကူးရှိပုံမရပေ။ သူက လျင်မြန်စွာ ရှေ့တိုးသွားလိုက်လျှင် အချွန်များက သူ့ထံ မြန်ဆန်စွာ နီးကပ်လာသည်။ ရုတ်တရက် သူက ခန္ဓာကိုယ်အား ဘေးသို့ ယိမ်းလိုက်လျှင် ထိုအချွန်များက သူ၏ဘေးမှ ဖြတ်ကျော်ကာ စားသောက်ဆိုင်နံရံကို ထိမိပြီး ပေါက်ကွဲသံများ ထွက်လာသည်။

မှော်ဆရာက အနည်းငယ် စိုးရိမ်လာသည်။ သူက ကိုယ်မှ မြေဓာတ်စွမ်းအင်များအား တစ်ဖန် စုစည်းလိုက်ကာ မြေကြီးအား ဆောင့်ကန်လိုက်လျှင် သူ၏နောက်မှ ကြံ့ပုံစံ အကောင်ကြီး၏ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ကား မြေဓာတ် သဘာဝစွမ်းအင်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

“သွား…” သူက သိုင်းကွက်အား ထုတ်လွှတ်လိုက်သည်။ ကြံ့ကြီးက ရီဖူရှင်းထံ တိုးဝင်သွားသည်။ ထိုအကောင်ကြီး၏ ခြေလှမ်းများကြောင့် မြေကြီးများ တုန်ခါနေသည်။ ကြည့်ရသည်မှာ ကြံ့ကောင်ကြီးက ရီဖူရှင်းအား အစိတ်စိတ် အပိုင်းပိုင်း ဖျက်ဆီးပစ်တော့မည့်နှယ်…။

“မင်းပြေးလို့ မလွတ်စေရဘူး…” ထို မှော်ဆရာက အေးစက်စွာ ပြောလိုက်သည်။ သူက ထိုသိုင်းကွက်အောက်တွင် ရီဖူရှင်းမှာ သေဘေးမှ လွှတ်မည် မဟုတ်ဟု ယုံကြည်သည်။

သို့သော်လည်း အံ့အားသင့်စွာပင် ရီဖူရှင်းက ထိုတိုက်ခိုက်မှုအား ရှောင်ဖယ်ရန် မကြိုးစားပေ။ သူ၏ခန္ဓာကိုယ်မှ နဂါးတစ်ကောင်၏ဟိန်းသံကဲ့သို့ မြည်သွားကာ မိုးကြိုးစွမ်းအင်များ သူ၏ကိုယ်တွင် လှည့်ပတ်လာနေသည်။

ထို့နောက် သူ၏လက်ဝါးက သူ့ဆီ လှမ်းလာနေသော ကြံ့ကြီး၏ကိုယ်နှင့် ရင်ဆိုင်မိလေသည်။ ထိုအခိုက်တွင် လူတိုင်းက ရီဖူရှင်းမှာ ရီဖူရှင်း မဟုတ်တော့ဘဲ ကြီးမားသော လူဝံကြီးနှင့်တူကာ သူ၏လက်ဝါးရိုက်ချက်မှာ အားအင်ကြီးမားရကား ကောင်းကင်အဆင့် သိုင်းသမားက သည်မျှ စွမ်းအားမြင့်မည်ဟု သူတို့အိပ်မက်ပင် မက်ဖူးကြပေ။

ဝုန်းခနဲ မြည်သွားကာ ကြံ့ကောင်ကြီးကား အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ကြံ့ကောင်ကြီးကား လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရ၏။ ယခု လူတိုင်း၏ စိတ်ထဲတွင် ကြံ့ကောင်ကြီးကဲ့သို့ ပူလောင် ပေါက်ကွဲနေကြသည်။ မိမိထက် အဆင့်မြင့်သော မှော်ဆရာက ဖန်တီးလိုက်တော သတ္တဝါကြီးအား လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သော တိုက်ခိုက်ရေးသမားအား သူတို့ တစ်သက်နှင့် တစ်ကိုယ် မကြားဖူးပေ။ သည်အဖြစ်အပျက်က သူတို့နားလည်ထားသော တိုက်ခိုက်ရေးသမားနှင့် မှော်ဆရာတို့၏ အားနည်းချက်။ အားသာချက် အသိဗဟုသုတများအား လုံးဝဆန့်ကျင်နေသည်။ သည်အရာကား အမှန်တကယ် ဖြစ်ပျက်နေပြီ။

သို့သော်လည်း ရီဖူရှင်းကား ထိုနေရာတွင် မရပ်တန့်သေးပေ။ သူ၏လက်ဝါးက ထိုမှော်ဆရာထံသို့ ဆက်လက် တိုးဝင်သွားသည်။ မှော်ဆရာအတွက်ကား မတိုက်ခိုက်မီက ဖန်တီးထားသော ချပ်ဝတ်တန်ဆာ အပြင် အခြားခံစစ်သိုင်းကွက် ပြင်ဆင်ရန် အချိန်မမီတော့ပေ။

ဘန်းခနဲ မြည်သံနှင့်အတူ မြေဓာတ်စွမ်းအင် ချပ်ဝတ် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ဘေးမှကြည့်နေသူများက ချပ်ဝတ်တစ်ခုတည်းသာ ကွဲကြေသွားခြင်း မဟုတ်သည်ကို သိလိုက်သည်။ သူ၏အရိုးများလည်း ထိုတိုက်ခိုက်မှုကြောင့် ကျိုးကြေသွားပုံရသည်။ သူကား အဝေးသို့ လွင့်စဉ်သွားကာ သူ၏နောက်မှ စားပွဲနှင့် တိုက်မိကာ မြေပေါ်သို့ ပုံကျသွားသည်။

“မူရွန်ချူ… သွားတော့…” ရှန်းယွီက အော်ဟစ်လိုက်သည်။ သူက ကောင်းကင်ကြယ်ငါးပွင့် အဆင့် ဆင်ခြင်နိုင်စွမ်းဖြင့် စကြဝဠာအတွင်းမှ စွမ်းအင်များအား စုစည်းကာ မြေဓာတ်စွမ်းအင်များအား လှည့်ပတ်နေသည်။ မြေဓာတ်စွမ်းအင်များက တံတိုင်းများ ဖြစ်ပေါ်လာနေသည်။ သူက ရီဖူရှင်းအား ထိုတံတိုင်းများဖြင့် ပိတ်လှောင်ရန် ကြိုးစားလိုက်သည်။

မူရွန်ချူက အပြင်ဘက်သို့ မြန်နိုင်သမျှ မြန်အောင် ကြိုးစား ပြေးလိုက်သည်။ သူကား ရီဖူရှင်း၏ စွမ်းအားများအား ထိတ်လန့်နေပြီ ဖြစ်သည်။ ရီဖူရှင်းကား သူ၏သိုင်းပညာများဖြင့် ကြယ်နှစ်ပွင့် ကောင်းကင်အဆင့် မှော်ဆရာအား လက်ဝါးတစ်ချက်ဖြင့် အနိုင်ယူခဲ့သည်။ သူ အသက်ရှင်လိုလျှင် ပြေးမှဖြစ်မည်။

မူရွန်ရှန်းကား သူမ၏ဝမ်းကွဲ အစ်ကို ထက်ပင် ပို၍ အားနည်းသေးသည်။ သူမကလည်း ကြောက်လန့်တကြား ပြေးတော့သည်။

ဘန်း…။ နောက်တစ်ကြိမ် ပေါက်ကွဲသံ ထွက်လာကာ ရီဖူရှင်းက ပိတ်လှောင်ထားသော တံတိုင်းများအား ချိုးဖျက်ပြီး ထွက်ပေါ်လာသည်။ သူက မူရွန်ချူ ထွက်ပြေးသည်ကို မြင်သည်။ ထို့ကြောင့် သူက မူရွန်ချူ နောက်သို့ လိုက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ရုတ်တရက် သူ၏ရှေ့မှ နောက်ထပ် တံတိုင်းတစ်ခု ပေါ်လာသည်။ ထိုတံတိုင်းက စားသောက်ဆိုင်၏ ထွက်ပေါက်ကိုလည်း ပိတ်ထားသည်။

ရီဖူရှင်းက နောက်လှည့်လိုက်သည်။ သူက ရှန်းယွီအား အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်… “မင်းက တကယ် ရှုပ်တာပဲ…”

“ဒါဆို မင်းက ဘာလုပ်ချင်လဲ…” ရှန်းယွီက ရီဖူရှင်းအား အထင်မသေးရဲတော့ပေ။ သူက သူ၏ကိုယ်အား မြေဓာတ်စွမ်းအင်များဖြင့် ကာကွယ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူက ရီဖူရှင်းမှာ ကြယ်နှစ်ပွင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေးသမားထက် ပို၍ စွမ်းအားကြီးသည်ကို သိသည်။

“မင်းတော့သေပြီ…” သူက ထိုသို့ပြောပြီးသည်နှင့် ရီဖူရှင်း၏လက်များက ရွှေရောင်များ တောက်ပလာသည်။ ထို့နောက် သူ၏လက်မှ သတ္တုဓာတ်စွမ်းအင်များ ထွက်ပေါ်လာသည်။

“ဘာ… မင်းက သတ္တု စွမ်းအင်ကို ဘယ်လိုလုပ် သုံးနိုင်တာလဲ…” ရှန်းယွီ အလွန် ထိတ်လန့်သွားသည်။ စားသောက်ဆိုင် အတွင်းမှ ကြည့်နေကြသော ချင်းကျူ ကျောင်းတော်သား များကလည်း မယုံကြည်နိုင်ပေ။ ရီဖူရှင်းကား သိုင်းပညာ။ မိုးကြိုး။ မီး စသော အလွန်များပြားသော စွမ်းရည်များအား ပြသခဲ့ပြီးဖြစ်သည်။ ယခု သတ္တုစွမ်းအင်…။ မည်မျှသော စွမ်းရည်များကို သူ မည်သို့လျှို့ဝှက် ဖုံးကွယ်ထားပါသနည်း။

တကယ်တမ်း သူ၏ကိုယ်မှ ထွက်ပေါ်လာနေသော သတ္တုစွမ်းအင်များမှာလည်း ကြယ်နှစ်ပွင့်အဆင့် ကောင်းကင်စွမ်းအင်ထက် အားကောင်းပုံ ပေါ်နေသည်။

ကြယ်နှစ်ပွင့်အဆင့် ကောင်းကင် မှော်ဆရာချင်းတူလျှင်ပင် သူတို့အကြား အသုံးပြုနိုင်သော အင်အားချင်း မတူကြပေ။ ထို့အပြင် ရီဖူရှင်းကား မှော်ထိန်းချုပ်သူဖြစ်သည်။

အချိန်ဖြုန်းနေရန် မလိုပေ။ ရီဖူရှင်း၏ကိုယ်မှ ရွှေရောင်မိုးကြိုးလျှပ်စီးများ ကွဲထွက်လာကာ စွမ်းအင်အများစုက လက်တွင် စုဆောင်းနေကြသည်။

ထိုစဉ် ရီဖူရှင်းသွားရာ လမ်းကြောင်းအား အခြားသော တံတိုင်းတစ်ခုက ကာဆီးလိုက်ပြန်သည်။ သို့သော မည်သို့မျှ မထူးခြားပေ။ ရီဖူရှင်း၏ လျှပ်စီးလက်ချောင်းများက ထိုနံရံများအား အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဖျက်ဆီးလိုက်သည်။

ရှန်းယွီ၏မျက်နှာကား နက်မှောင်နေသည်။ သူက ရှိရှိသမျှ စွမ်းအင်များအား စုစည်းလိုက်သည်။ ထို့နောက် အချွန်များနှင့် တံတိုင်းများ အများအပြား ဖြစ်ပေါ်လာကာ ရီဖူရှင်းထံ တိုးဝင် သွားကြပြန်သည်။ သို့သော်လည်း ရီဖူရှင်းကား အလွန် လျင်မြန်လွန်းရကား သူ၏ကိုယ်မှာ ရွှေရောင် အရိပ်အလား ဖြစ်သွားပြီး ရှန်းယွီ၏ တိုက်ခိုက်မှု မှန်သမျှ လွဲချော်သွားခဲ့သည်။

သိုင်းပညာရှင် တစ်ယောက်က အင်အားကြီးပြီး အလွန်မြန်ဆန်ပါက ထိုသူမှာ မှော်ဆရာများအတွက် အန္တရာယ်များလှသည်။ အဘယ်ကြောင့်ဆိုသော် မှော်ဆရာ၏ တိုက်ခိုက်မှုသာ လွဲချော်ခဲ့ပါက ထိုမှော်ဆရာမှာ သိုင်းပညာရှင်နှင့် အနီးကပ် တိုက်ခိုက်ရတော့မည် ဖြစ်ပြီး ရှုံးရန် အခွင့်အလမ်း များသွားပြီ ဖြစ်သည်။

ရှန်းယွီကား ပြေးရန်မှတပါး အခြားမရှိတော့။ သို့သော် ရီဖူရှင်းက နောက်တစ်ကြိမ် အခွင့်အရေး မပေးပေ။ သူ၏ကိုယ်က ငှက်တစ်ကောင်အလား ရှန်းယွီထံသို့ ပျံဝဲသွားသည်။ ရုတ်တရက် ရှန်းယွီ၏ ရင်ဘတ်တွင် ဒဏ်ရာတစ်ခု ပေါ်လာကာ သွေးများ ပန်းထွက်လာပြီး မျက်နှာများ ပြာနှမ်းသွား၏။

ထို့နောက် ရီဖူရှင်းက စားသောက်ဆိုင်မှ ထွက်သွားသည်။ သူ၏အဓိက ပစ်မှတ်မှာကား မူရွန်ချူ ပင်။ သူက မူရွန်ချူမှာ ချင်းကျူ ကျောင်းတော်ဘက်သို့ ပြေးသွားသည်ကို မြင်ကာ နောက်မှ ပြေးလိုက်သွားသည်။

“ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်…” စားသောက်ဆိုင်မှ တခြား ကျောင်းတော် သားများကလည်း ပြေးထွက်လာကြသည်။ သူတို့က ရီဖူရှင်းမှာ မူရွန်ချူအား အသေသတ်တော့မည်ကို သိကြသည်။

မူရွန်ချူက ရီဖူရှင်းမှာ အလွန်လျင်မြန်သည်ကို တွေ့ကာ ထိတ်လန့်သွားသည်။ သူတို့ နှစ်ယောက်အကြား အကွာအဝေးမှာ ချက်ချင်းပင် နီးကပ်လာနေသည်။ မူရွန်ချူကား သူ၏အဆုတ်များ ပေါက်ကွဲ ထွက်တော့မည်ကဲ့သို့ပင် ထိတ်လန့်တကြား အသက်လုကာ ပြေးနေရ၏။

အဝေးမှ ကျောင်းတော်အား ကြည့်လိုက်လျှင် ကျောင်းသား အတော်များများ လျှောက်လာနေသည်ကို သူမြင်နေရသည်။ မူရွန်ချူက ကြောက်လန့်တကြား အကူအညီ တောင်းလိုက်သည်… “ကယ်ကြပါ…”

လူတိုင်းက မူရွန်ချူမှာ ထိုသို့ အသည်းအသန် ဖြစ်နေရသည်ကို နားမလည်ကြပေ။ သို့သော် မူရွန်ချူ၏နောက်တွင် တစ်စုံတစ်ယောက် ပြေးလိုက်လာသည်ကို ချက်ချင်း သတိထားမိလိုက်ကြသည်။ သူကား ရီဖူရှင်း ဖြစ်သည်။ ထို သားရဲအုပ်များရှိရာ တောင်ကြားထဲသို့ ခုန်ချခဲ့သည့်တိုင် မသေသေးသော ရီဖူရှင်းအား ကြည့်ကာ သူတို့လည်း အံ့အားသင့် သွားကြသည်။

“ဘာတွေ ဖြစ်နေတာလဲ…” ကျောင်းတော်မှ တစ်စုံတစ်ယောက် ထွက်လာကာ အခြေအနေအား မေးလိုက်သည်။ သူကား မိုးကြိုးဓာတ် ကျောင်းအုပ် ဖြစ်သည်။

“ကယ်ပါ… ကျောင်းအုပ်ကြီး… ကယ်ပါ… သူ ကျွန်တော့်ကို သတ်တော့မယ်…” မူရွန်ချူက နောက်ဆုံး အသက်ကယ် ချည်မျှင်တစ်ပင်အား တွေ့လိုက်ရသကဲ့သို့ပင်။ သူ လျင်မြန်စွာ ထိုကျောင်းအုပ်ကြီး၏ နောက်တွင် ပုန်းလိုက်သည်။

“ရီဖူရှင်း…” မိုးကြိုးဓာတ် ကျောင်းအုပ်ကြီးက မူရွန်ချူ၏နောက်မှ လိုက်လာသော ကျောင်းသားအား မြင်ကာ အံ့အားသင့်သွားသည်။

ရီဖူရှင်းက ရပ်လိုက်သည်။ သူက မူရွန်ချူအား စိုက်ကြည့်နေရင်းကပင် ပြောလိုက်သည်… “ဆရာကြီး… ဆရာကြီးက ဒီကိစ္စမှာ ဝင်မပါချင်ဘူးလို့ ကျွန်တော် ထင်တယ်… ဒါက ပုဂ္ဂိုလ်ရေးကိစ္စပဲ…”

“ရီဖူရှင်း… နားထောင်… မင်းက ကံကောင်းပြီး အသက်ရှင်ခဲ့ပြီ… သတိရပါ… ကျောင်းတော်က အလေးအမြတ် ထားရမည့် နေရာပဲ… မိုက်မဲတဲ့အရာတွေ မလုပ်နဲ့…” ကျောင်းအုပ်ကြီးက သူ့အား နားချရန် ကြိုးစားလိုက်သည်။

“ကျွန်တော် ဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ တစ်မြို့လုံးက သားရဲတွေ ဖျက်ဆီးထားလို့ ပျက်စီးနေတာ မြင်ခဲ့ရတယ်… ကျောင်းတော်လည်း အများကြီး ထိခိုက်ခဲ့ရတယ်… ကျွန်တော်ထင်တယ်… ဆရာကြီး… ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဆရာကြီးလည်း သိမှာပါ… “ရီဖူရှင်းက ဆက်ပြောလိုက်သည်…” ပြီးတော့ ဗိုလ်ချုပ်ချင်နဲ့ မဟူရာမြင်းစစ်တပ် တွေကရော… သူတို့က ဒီလို ဖြစ်သွားဖို့ ထိုက်တန်ရဲ့လား… ဆရာကြီးက ဒီနေရာကို အလေးအမြတ်ထားရင် ကျွန်တော့်ကို မတားပါနဲ့…”

မိုးကြိုးဓာတ် ကျောင်းအုပ်ကြီး အနည်းငယ် ရှက်ရွံ့သွားသည်။ ရှာဖန်ကား အရှေ့ပင်လယ် စီရင်စု ဒုခေါင်းဆောင်ဖြစ်သည်။ ချင်းကျူ ကျောင်းအုပ်ကြီး ကိုယ်တိုင်ပင် ရှာဖန်အား မလွန်ဆန်ရဲပေ။

“ပြီးတော့… အခု ကျွန်တော်တို့က ကျောင်းတော်ထဲမှာ မဟုတ်ဘူး…” ရီဖူရှင်းက ပြောလိုက်သည်။ မူရွန်ချူက မိုးကြိုးဓာတ် ကျောင်းအုပ်ကြီးက သူ့အား ကာကွယ်တော့မည် မဟုတ်သည်ကို သိလိုက်သည်။ ထိုအခိုက် တစ်စုံတစ်ယောက်က သူ၏ဘေးနားသို့ ရောက်လာကာ မူရွန်ချူအား ပြောလိုက်သည်… “ငါ့နောက်ကို လိုက်ခဲ့…”

ထို့နောက် မူရွန်ချူအား လာခေါ်သော ကျောင်းသားက မူရွန်ချူအား ခေါ်လျက် ကောင်းကင်သို့ ပျံဝဲတက်သွားသည်။ ကျောင်းသားများ အားလုံးက သူတို့အား မော်ကြည့်လိုက်ကြသည်။

“သူ့နာမည်… ယန်ယွာ… မြေဓာတ်ကျောင်းဆောင်က ကျောင်းသား… သူက မြေဓာတ်နဲ့ လေဓာတ်နှစ်မျိုး သုံး မှော်ဆရာ…” လူအချို့က တိုးတိုးလေး ပြောလိုက်ကြသည်။

“ရီဖူရှင်း…” မူရွန်ချူကား ယခု လေထဲတွင် ပျံဝဲနေပြီး ရီဖူရှင်းအား သရော်လိုက်သည်… “မင်းအခု ငါ့ကို ဘယ်လို သတ်မလဲ…”

“ဆရာကြီး… ဘာလို့ သူ့ကို မတိုက်ခိုက်တာလဲ…” မူရွန်ချူက ကျောင်းအုပ်ကြီးအား မေးလိုက်သည်။

“ထွက်သွားတော့…” မိုးကြီးဓာတ် ကျောင်းအုပ်ကြီးက ရီဖူရှင်းအား မထိခိုက်စေလိုပေ။ အမှန်တကယ်လည်း သူ သည်ကောင်လေးကို သဘောကျသည်။

“ကျွန်တော် ဒီနေ့ မူရွန်ချူကို သတ်မှရမယ်…” ရီဖူရှင်းကား ခေါင်းမာလှသည်။ သူ၏အပြုအမူက ထိုနှင်းမြေပြင်ပေါ်မှ ကျောင်းတော်၏ အာဏာအား ဆန့်ကျင်ခဲ့သော ထို လူငယ်လေး၏ပုံစံကို ပြန်မြင်ယောင်စေသည်။

“မင်းက လေဓာတ်သဘာဝ စွမ်းရည်မှာလည်း ကောင်းတယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့လည်း မင်းက သူနဲ့ မယှဉ်နိုင်ဘူး…” မိုးကြိုးဓာတ် ကျောင်းအုပ်ကြီးက နားချလိုက်သည်… “ယန်ယွာက ကြယ်လေးပွင့် ကောင်းကင်အဆင့် မှော်ဆရာပဲ…”

“ဒါက ပုဂ္ဂိုလ်ရေးကိစ္စပဲ…” ရီဖူရှင်းကလည်း လက်မလျှော့ပေ။

မိုးကြိုးဓာတ် ကျောင်းအုပ်ကြီးက ရီဖူရှင်းအား ထူးဆန်းသလို ကြည့်လိုက်သည်။ သည်ကောင်လေးကား ခေါင်းမာလှသည်။

သို့မဟုတ်လျှင် မောက်မာလွန်းသောကြောင့် အကောင်းအဆိုး မသိတော့သည်လား။ ရီဖူရှင်းကား သူ၏စွမ်းရည်ကို နှစ်ကြိမ်တိတိ ပြသခဲ့ပြီး ဖြစ်သည်။

“ငါထင်တာကတော့ ငါ့ကို ဆွဲဆောင်နိုင်ဖို့ဆိုရင် မင်းရဲ့စွမ်းရည် အစစ်အမှန်ကို ပြသဖို့လိုလိမ့်မယ်…” ကျောင်းအုပ်ကြီးက အတန်ကြာတွေးပြီး ထိုသို့ပြောလိုက်လျှင် ထိုအနီးတစ်ဝိုက်မှ ကျောင်းသားများအားလုံး အံ့အားသင့်သွားကြသည်။

“ဆရာကြီးက တကယ်ကောင်းမွန်တဲ့ စွမ်းရည်ကို တွေ့ရစေမယ်…” ရီဖူရှင်းက ရယ်မောလိုက်သည်။ ရုတ်တရက် တောက်ပသော ရွှေရောင် အတောင်အလက် တစ်စုံက သူ၏ကျောမှ ပေါ်ထွက်လာသည်။ သူ၏နောက်တွင်ကား ရွှေရောင်ငှက်ကြီး ပုံရိပ်တစ်ခုက ရီဖူရှင်းအား လွှမ်းခြုံထားသည်။

ရုတ်တရက် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

“ကျုပ်က မှော်ထိန်းချုပ်သူပဲ…” ရီဖူရှင်းက သူ၏စွမ်းရည်ကို လူအုပ်ကြီးအား ဝင့်ကြွားစွာ ကြေညာလိုက်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset