Switch Mode

အခန်း ( ၂၁၇ )

သားရဲဘုရင်

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ အပြင်ပန်းတွင် အမူအရာ မပျက်နေကြသော်လည်း စိတ်ထဲတွင်မူ အထင်သေးစွာလှောင်ရယ်နေကြတော့သည်။ သူတို့သိသော ပိုင်ရှောင်ချန်းမှာ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းရည်များကြောင့် စွမ်းအားကြီးသည်မဟုတ်။ ဒုက္ခပေါင်းစုံပေးတတ်သော သူ၏ဆေးလုံးများကြောင့်သာ စွမ်းအားကြီးနေသည်ဖြစ်သည်။

ဖက်တီးကျန်းကြီးကမူ ညမုဆိုး ကို အထင်သေးသောအကြည့်ဖြင့်လှမ်းကြည့်ကာ တွေးလိုက်လေသည်။
” မျက်လုံးနဲ့တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီ ညမုဆိုး ဆိုတဲ့ကောင်က တိုက်ခိုက်ရေးနဲ့ နိမိတ်ဖတ်တဲ့နေရာမှာပဲ ကျွမ်းကျင်တယ်ဆိုတာ သိနိုင်တယ်။ သူ့လိုကောင်က ပိုင်ရှောင်ချန်းကို ယှဥ်နိုင်မတဲ့လား။ ယှဥ်ချလို့ကတော့ ပိုင်ရှောင်ချန်းက သူ့ကို ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ဆော့ကစားသလိုမျိုး လုပ်ပြပါလိမ့်မယ်။ ပိုင်ရှောင်ချန်းသာ ဆေးလုံးအချို့ကို ထုတ်သုံးလိုက်လို့ကတော့ ညမုဆိုး က မြေမြှုပ်စရာတောင်ကျန်မှာမဟုတ်ပဲ ဖွတ်ခနဲပျောက်သွားမှာကွ။”

ပိုင်ရှောင်ချန်းကမူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကိုကြည့်ရင်း နေရခက်နေတော့သည်။ သူတို့အားလုံးတွေးနေသည့်အရာကို ပိုင်ရှောင်ချန်းက ခန့်မှန်းစရာပင်မလိုပဲ သိနေသဖြင့် ဝမ်းနည်းစွာပင် သက်ပြင်းချလိုက်တော့သည်။

” နှစ်ကိုယ်ခွဲထားရတာ တယ်လည်းပင်ပန်းသကိုးကွ။ မတတ်နိုင်ဘူးလေ။ ငါကိုယ်က တော်လွန်းနေတော့လည်း…” ပိုင်ရှောင်ချန်းမှာ ခေါင်းတယမ်းယမ်းနှင့် သက်ပြင်းသာချနေတော့သည်။

ရွှီမေ့ရှန်းကမူ အနည်းငယ်ပြုံးလိုက်သော်လည်း ရန်စသော စကားကိုတုံ့ပြန်ခြင်းမပြုလိုက်ပေ။ သူမက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို ခရမ်းဒယ်အိုးတောင်နှင့် မြစိမ်းတောင်သို့ အလည်အပတ် ခေါ်သွားပြလိုက်လေသည်။ ထိုအခါများတွင်မူ မည်သူဘာပြောပြော ပိုင်ရှောင်ချန်းက အာရုံခံခြင်းများကို မပြုလုပ်ပေးတော့ပေ။ လူတန်း၏နောက်ဆုံးမှလိုက်လာကာ တောင်နှစ်တောင်မှလူများက သူတို့၏ အစွမ်းများကို ထုတ်ပြကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို အထင်ကြီးစေရန် လုပ်နေကြသည်ကိုသာ ကြည့်နေတော့သည်။ ထိုအချိန်တွင်မူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စွမ်းအားကြီးမားပုံကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သိရှိသွားတော့သည်။

တောင်ခြမ်း၏နေရာအစုံကိုလည်ပတ်ပြီးသောအခါ မြောက်ခြမ်းဆီသို့သွားလိုက်ကြသည်။

ထိုအချိန်တွင် ရွှီမေ့ရှန်းက ယန်ဝေ့တောင်မှ အဘွားကြီးအား တာဝန်လွှဲပြောင်းပေးလိုက်တော့သည်။

ထိုအဘွားကြီးက စကားနည်းသဖြင့် လမ်းတစ်လျှောက်တွင် များများစားစား သိပ်မပြောပေ။ သို့သော်လည်း စုန့်ကျင်းဝမ်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ မြောက်ခြမ်းသို့ ခြေလှမ်းပင်မချရသေးချိန်တွင် သားရဲများမှာ ခေါင်းများကို နောက်သို့ပစ်၍ အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။ ကြီးမားသော အသံလှိုင်းကြီးတစ်ခုပေါ်ထွက်လာ၍ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် တုန်ရီသွားတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ တုန်လှုပ်သွားကြပြီး စုန့်ကျင်းဝမ်၏ မျက်လုံးများပင် ပြူးသွားတော့သည်။ မရေမတွက်နိုင်သည့် သားရဲများစွာက ကြောက်မက်ဖွယ်အခိုးအငွေ့များကို ထုတ်လွှတ်နေသဖြင့် သူတို့မှာ လျှော့မတွက်ရဲတော့ပေ။

သားရဲများမှာ အပြင်သို့ထွက်မလာကြသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသည့် အခိုးအငွေ့များမှာ အားပြင်းလွန်းလှ၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအုပ်စုပေါ်တွင် ကြီးမားသည့် ဖိအားကြီးတစ်ခု သက်ရောက်နေသည့်အလားပင် ဖြစ်နေတော့သည်။ ထိုဖိအားကြီးကြောင့် သူတို့မှာ မြောက်ခြမ်းသို့ ဆက်မသွားနိုင်တော့ပဲမြောက်ခြမ်းနှင့် တာအိုသစ်စေ့တောင်ကြားတွင် ရပ်နေရတော့သည်။

” ကျွန်မတောင်းပန်ပါတယ်နော်။” အဘွားကြီးက အေးစက်စက်တောက်ပနေသည့် မျက်ဝန်းများဖြင့် တည်ကြည်စွာ ပြောလိုက်လေသည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မြောက်ပိုင်းက ရိုင်းပြမိသလိုဖြစ်နေပါပြီ။ သံတမန်ရေးရာကိစ္စတွေက အများအားဖြင့် တောင်ခြမ်းမှာပဲ လုပ်နေကြမလို့လေ။ မြောက်ခြမ်းကိုလာလည်ဖို့ တောင်းဆိုလိုက်တော့ ကျွန်မတောင် နည်းနည်း အံ့အားသင့်သွားလို့ မပြင်မဆင်ဖြစ်သွားရတာပါ ထိပ်တန်းအကြီးအကဲစုန့်ရေ။”

ပိုင်ရှောင်ချန်းမှာလည်း အနည်းငယ်ပင် အံ့အားသင့်နေတော့သည်။ ပြင်ပလူတစ်ယောက်အနေဖြင့်ကြည့်ပါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အပြင်ပန်းတွင် ပျော့ညံ့ပါသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင်မူ သံမဏိအလား မာကျောလှပေသည်။

တောင်ခြမ်းနှင့် မြောက်ခြမ်းနှစ်ခြမ်း၏ ကွဲပြားမှုကြီးမှာ စံနမူနာယူစရာပင်။ တောင်ခြမ်းမှာ ယဥ်ယဥ်ကျေးကျေးနှင့် နွေးနွေးထွေးထွေးရှိသည်ဟု ထင်ရသော်လည်း မြောက်ခြမ်းမှာ ခက်ထန်လှပေသည်။ ထိုနှစ်ခြမ်းမှာ တစ်ခြမ်းနှင့်တစ်ခြမ်း၏ ဖြည့်ဘက်များသကဲ့သို့ပင်ဖြစ်နေကြပြီး ရန်သူများကို ကိုယ်ပိုင်နည်းလမ်းများဖြင့် ခြောက်လှန့်နေသည့်အလားပင်။

စုန့်ကျင်းဝမ်၏ မျက်နှာပင် အနည်းငယ်သွေးဆုတ်ကာ ဖြူဖတ်နေတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သန်မာကြောင်းသူမကသိထားသော်လည်း ဤမျှလောက် စွမ်းအားကြီးလိမ့်မည်ဟု သူမက မတွေးထားပေ။ တောင်ခြမ်းရှိ မန္တန်အစီအရင်မှာ နွေးထွေးသာယာမှုတစ်ခုကို ထုတ်လွှတ်နေပါသော်လည်း စူးရှရှစွမ်းအားတစ်ခုလည်း ပါဝင်ပေသည်။ ထို့ကြောင့် အလွန်ပင် အံ့သြဖွယ်ကောင်းလှပေသည်။

မြောက်ခြမ်းကမူ ပြောင်းပြန်အလားဖြစ်နေပြီး အတွင်းသို့ပင် ဝင်၍မရနိုင်ပေ။ သားရဲများဆီမှ ထွက်နေသည့် စွမ်းအားများကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စစ်မက်ဖြစ်ပွားမည်ဟု ဆုံးဖြတ်ချက်လိုက်ပါက မိမိတို့ဖက်ကလည်း များစွာ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိလိုက်ကြသည်။

ထို့အပြင် ဤအရာများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို မြင်တွေ့ခွင့်ပေးထားသည့် အတိုင်းအတာတစ်ခုထိသာ ရှိသေးသည် မဟုတ်ပါလော။

” ဒီသားရဲတွေက သိမ်မွေ့ပါတယ်။ ပြီးတော့လည်း သေချာထိန်းသိမ်းထားတာပဲ။ ဒါပေမဲ့ သူတို့ရဲ့စွမ်းအားနဲ့ အရှုံးမပေးလိုစိတ်ကိုတော့ လျှော့တွက်လို့မရဘူး ” စုန့်ကျင်းဝမ်က တစ်ယောက်ထဲတွေးတောနေတော့သည်။

” ဒီကောင်တွေက သနားညှာတာမှုမရှိမှာတော့ အသေအချာပဲ။ ကြောက်ဖို့ကောင်းလိုက်တာနော်။ ပြီးတော့ သူတို့ဆီမှာ ဖော်ပြလို့မရတဲ့ စွမ်းအားတွေပါ ကိမ်းအောင်းနေတာဟ….” သူမ၏ နောက်ရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကမူ ဆွံ့အနေကြပြီး အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်ကာ ရင်တဒုန်းဒုန်းခုန် ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ရုတ်တရက်ပင် စိတ်စွမ်းနတ်ရေစင်ဂိုဏ်း၏ တောင်ခြမ်းရောမြောက်ခြမ်း အတွက် ဂုဏ်ယူမိသွားတော့သည်။ ထို့အပြင် သူက မြောက်ခြမ်းရှိ အငွေ့အသက်များအကြား ဘရူဆာ၏ အငွေ့အသက်ကို လိုက်ရှာရင်း အတွင်းစိတ်ထဲတွင် ပြုံးဖြီးဖြီးဖြစ်နေတော့သည်။

” စိတ်မဆိုးပါနဲ့နော်။” အဘွားကြီးက တောင်းပန်သည့်လေသံဖြင့် ဆိုလိုက်သည်။ ” တာအိုရောင်းရင်းတို့ရေ ဒီတိုင်းဆိုရင်တော့ မြောက်ခြမ်းကို လည်ပတ်လို့မရလောက်တော့ဘူး။ မြောက်ခြမ်းက နဲနဲအရိုင်းဆန်တယ်။ ပြီးတော့ သားရဲတွေက ထိန်းမရတော့ပဲ လူတွေကို လိုက်စားနေရင် ပြဿနာအကြီးကြီးတက်နိုင်တယ်လေ။” သူမက ပြုံးရင်းဆိုလိုက်သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကမူ ထိုအပြုံးမှာ ခြိမ်းခြောက်သည့် အလားပင်ဖြစ်နေတော့သည်။

စုန့်ကျင်းဝမ်ကမူ အနည်းငယ်တွေးတောပြီးနောက် ဆိုလိုက်လေသည်။
” ရပါတယ်ရှင်…”

သို့သော်လည်း သူမပြုံးနေရင်းနှင့်ပင် မြောက်ခြမ်းမှာ အူသံကြီးတစ်သံပေါ်ထွက်လာသဖြင့် လူတိုင်းက ထိုအသံသို့ အာရုံရောက်သွားတော့သည်။

ထိုအသံမှာ အခြားသားရဲအများစု၏ အငွေ့အသက်များကို ပျက်စီးသွားစေတော့သည်။ ထို့အပြင် ထိုအသံက နေရာပေါင်းစုံပျံ့နှံ့သွားသောအခါတွင် မြောက်ခြမ်းဂိုဏ်းသားများမှာ သူတို့၏ ကိုယ်ပိုင်သားရဲများက ကတုန်ကရီနှင့် ထိုအသံကို တုန့်ပြန်လိုက်ကြသဖြင့် အံ့အားသင့်နေကြတော့သည်။ သားရဲများမှာ ယခင်ကထက်ပင် ပို၍ခက်ထန်ကြမ်းတမ်းကာ တက်ကြွနေသည့် ပုံစံဖြင့် မော့ကြည့်နေကြတော့သည်။

သူတို့တစ်အုပ်စုလုံးမှာ ညှို့ယူခံလိုက်ရသည့်အလား စိတ်ဓာတ်တက်ကြွစွာဖြင့် အော်ဟစ်နေကြသည်။ တောင်တန်းများကို ပြိုလဲစေနိုင်ပြီး ပင်လယ်များကိုပင် ခမ်းခြောက်သွားစေနိုင်သည့် အားကြီးတစ်ခုမှ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဆီသို့ ပြေးလာနေတော့သည်။

ထိုကြီးမားလှသည့် အင်အားကြီးကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ မျက်နှာပျက်သွားကြတော့သည်။ သူတို့ကနောက်သို့ဆုတ်သွားကြပြီး စုန့်ကျင်းဝမ်၏မျက်လုံးအိမ်များပင် ကျဥ်းသွားပြီး နောက်သို့အတူ ဆုတ်လိုက်တော့သည်။ ယန်ဝေ့တောင်မှ အဘွားကြီးကမူ မြောက်ခြမ်းဖက်ကိုကြည့်ရင်း အံ့အားသင့်နေတော့သည်။

တောင်လေးတောင်အောင်ရှိ တောနက်ထဲမှ ခရမ်းရောင်အလင်းတန်းတစ်တန်းက လေထဲသို့ အရှိန်အဟုန်ဖြင့် ထွက်လာတော့သည်။

အနည်းငယ်ကြာသောအခါ ဧရာမသားရဲကြီးတစ်ကောင်မှာ လေထဲတွင်ပေါ်လာတော့သည်။ ၎င်းမှာ မီတာသုံးဆယ်တိတိရှည်လျားပြီး မြင်းခန္ဓာ၊ နဂါးခေါင်း၊ ပုတ်သင်အကြေးခွံနှင့် ပန်ဂိုလင်း ခြေထောက်များ ရှိသည်။ ပို၍အံ့သြဖွယ်ကောင်းသည်က ၎င်း၏သွားများမှာ ခုနစ်ရောင်စဥ်တန်းများဖြင့် တလက်လက်ထနေခြင်းဖြစ်သည်။

၎င်း၏ တစ်ချောင်းထဲသော ဦးချိုကမူ ကောင်းကင်ဦးချိုမှင်ရည်နဂါး၏ ဦးချိုနှင့် တစ်ပုံစံထဲဖြစ်ကာ ရှည်လျားချွန်ထက်နေသည်။

ပို၍ပင် ရင်သပ်ရှူမောဖွယ်ကောင်းသည့်အရာမှာ ၎င်း၏ ခြေသည်းများချွန်ထက်နေသည့် ခြေလေးချောင်းအောက်တွင် ခရမ်းရောင် မီးတောက်များ တောက်နေခြင်းပင်ဖြစ်သည်။ ထိုမီးတောက်များကို ကြည့်လိုက်မိပါက စိတ်ဝိညာဥ်များပင် တုန်လှုပ်နေမည်ဖြစ်သည်။ ၎င်းမီးတောက်များက အရပ်မျက်နှာပေါင်းစုံသို့ ထိုးထွက်နေပြီး မီတာသုံးရာလောက်ထိဖုံးလွှမ်းထားသဖြင့် ခရမ်းရောင်မီးပင်လယ်ကြီးတစ်ခုအလားပင် ဖြစ်နေတော့သည်။

ထိုမီးပင်လယ်ထဲရှိ သားရဲကြီးကိုကြည့်မိလိုက်သူတိုင်းမှာ ရိုးတွင်ချဥ်ဆီတိုင်အောင် တုန်လှုပ်နေကြမည်ဖြစ်ပြီး ထိတ်လန့်လွန်းလှသဖြင့် မှင်တက်၍နေမည်ပင်ဖြစ်သည်။

ထိုသားရဲကြီးမှာ သားရဲများ၏ ဘုရင်ကဲ့သို့ပင်ဖြစ်နေပြီး ၎င်း၏ပေါ်ထွက်လာမှုကြောင့် မြောက်ခြမ်းရှိ အခြားသားရဲများအားလုံးမှာ အသံကုန် အော်ဟစ်နေကြသည်။ သူတို့ပုံစံမှာ ဤသားရဲဘုရင်ကြီးသာ တိုက်ပွဲဝင်ရန် အမိန့်ပေးလိုက်ပါက သူတို့၏သခင်များကိုပင် ဂရုစိုက်တော့မည်မဟုတ်ပဲ အပြေးသွားမည့် အနေအထားတွင်ပင် ရှိလေသည်။ သူတို့အားလုံးမှာ အထိန်းအကွပ်ကင်းမဲ့လုဆဲဆဲ ဖြစ်နေတော့သည်။

ထိုသားရဲကြီးမှာ ပိုင်ရှောင်ချန်း၏ ဘရူဆာပင်ဖြစ်တော့သည်။

ဘရူဆာပေါ်လာသည့်အချိန်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ ကယောင်ကတမ်း ဖြစ်နေကြတော့သည်။ ပင့်သက်ရှိုက်သံများပင်ထွက်လာပြီး မယုံကြည်နိုင်သည့် အမူအရာများပေါ်လာတော့သည်။ စုန့်ကျင်းဝမ်မှာ သိသိသာသာပင် မျက်နှာပျက်နေတော့သည်။ သွေးစီးကြောင်းအကြီးအကဲတစ်ယောက်မှာမူ မှင်တက်နေတော့သည်။

” သားရဲဘုရင်တဲ့လား….”

” ဘယ်လိုတောင် ဒီလိုမျိုး ဖြစ်နိုင်ရတာလဲ။ သားရဲဘုရင်တစ်ကောင်ပေါ်လာတာ ငါ့ဖြင့် မယုံနိုင်ဘူး။”

“ဘုရားရေ။ ကျင့်ကြံခြင်းလောကရဲ့ အရှေ့အောက်ပိုင်းဒေသမှာ သားရဲဘုရင်နှစ်ကောင်ပဲရှိတာလေ။ ပထမတစ်ကောင်က ကောင်းကင်တံတားမြစ်အောက်မှာ အိပ်နေတဲ့ ကောင်းကင်တံတားနတ်မိကျောင်း။ နောက်တစ်ကောင်က ကမ္ဘာမြေကြီးရဲ့ အောက်မှာရှိတဲ့ သေမင်းနွားချေးပိုးကောင်လေ။”

” ဒါက သားရဲဘုရင် မဟုတ်သေးဘူးပဲ။ ပေါက်စလေးပဲ ရှိသေးတာကွ။ ဒါပေမဲ့ ကြီးလာရင် သားရဲဘုရင်တစ်ကောင်ဖြစ်လာမှာ အသေအချာပဲ။”

” ဘယ်ဂိုဏ်းကမှ သားရဲဘုရင်တစ်ကောင် မွေးမြူနေတယ်ဆိုတဲ့ သတင်းကို ငါမကြားမိပါဘူးဟ…”

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအုပ်စုမှာ ဦးရေခွံများပင် ထုံကျဥ်လာကြတော့သည်။ ပိုင်ရှောင်ချန်းပင်လျှင် အံ့အားသင့်နေရတော့သည်။ မျက်လုံးများကိုပွတ်ရင်း အခြေခိုင်မာခြင်းပထမအဆင့်နှင့် ယှဥ်နိုင်သည့် ကျင့်ကြံခြင်းအခြေခံတစ်ခုကို မထင်မှတ်နိုင်လောက်အောင် ပိုင်ဆိုင်ထားသည့် ဘရူဆာကို သူက ကြည့်နေတော့သည်။

သူ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ထွက်ခွာစဥ်က ဘရူဆာမှာ ချီစုစည်းမှုအဆင့်တစ်ဆယ်၏ စက်ဝန်းထဲတွင်သာရှိသေးကြောင်း မှတ်မိပေသည်။ ယခုတွင်မူ ဘရူဆာမှာ များစွာတိုးတက်လာပြီဖြစ်သည်။

ထို့အပြင် မြောက်ခြမ်းရှိ သားရဲအားလုံးမှာ သူ့အမိန့်ကိုနာခံတော့မည့်အလား ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ ယခင်ကလည်းထိုကဲ့သို့ ခံစားခဲ့ရသော်လည်း ယခုတွင်မူ ပို၍ ရှင်းလင်းသွားပြီဖြစ်သည်။

ယန်ဝေ့တောင်မှ အဘွားကြီးပင်လျှင် ဘရူဆာပေါ်လာမည်ဟု မထင်ထားပေ။

ဘရူဆာ၏ လက်ရှိအခြေအနေမှာ မြောက်ပိုင်းကြုံတွေ့ရမည့်အရာတစ်ခု၏ အစပင်ဖြစ်သေးသည်။ အခြေခိုင်မာခြင်းအဆင့်သို့မရောက်ခင်ကပင် သူက စွမ်းအားအလွန်ကြီးမားခဲ့သည်။ ထို့အပြင် သူက ယခုတွင် လူတိုင်း၏ ခန့်မှန်းချက်များကိုပင် ကျော်လွန်ကာ အခြေခိုင်မာခြင်းအဆင့်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားပြီဖြစ်သည်။

သူက အခြေခိုင်မာခြင်းဆေးလုံးဖြစ်စေ မြေစီးကြောင်းစွမ်းအင်ဖြစ်စေ မည်သည့်အကူအညီမှလည်း မယူခဲ့ပေ။ သဘာဝအတိုင်းပင် အခြေခိုင်မာခြင်းအဆင့်နှင့်ကိုက်ညီသည့် စွမ်းအင်နှင့် တိုက်ပွဲစွမ်းရည်များကို ရရှိသွားခြင်းဖြစ်သည်။ ခေါင်းဆောင်ကြီးများပင်လျှင် ထိုကိစ္စကြောင့် အံ့အားသင့်နေကြပြီး ဘရူဆာကို လျှော့တွက်ခဲ့မိကြောင်း သိသွားတော့သည်။

ယခုအချိန်တွင် ၎င်းမှာ အဆင့်ခြောက်သွေးမျိုးဆက်မဟုတ်ပဲ အဆင့်ခုနစ်သွေးမျိုးဆက်ရှိကြောင်း ကို သူတို့က သိသွားတော့သည်။ ကောင်းကင်တံတားဒေသများတွင် ထိုသို့သော သတ္တဝါများမှာ သားရဲဘုရင်ဟု သိကြသည်။

ဘရူဆာသာ ဆက်လက်ကြီးထွားနေပါက အနာဂတ်တွင် သူက သားရဲဘုရင် အစစ်အမှန်တစ်ကောင် ဖြစ်လာမည်သာဖြစ်သည်။

ထိုအချင်းအရာကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံး တုန်လှုပ်နေကြပြီး ဘရူဆာနေထိုင်ရန် နေရာအသစ်တစ်ခုကိုပင် စီစဥ်ပေးရန်ကြံနေကြတော့သည်။ သို့သော်လည်း ၎င်းကမူ သားရဲမွေးမြူရေးခြံမှ မထွက်ပေ။ ထိုနေရာက သူ၏အိမ်ဖြစ်ပြီး သူမြူးထူးပျော်ပါးရာနေရာဖြစ်လေသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ သူက အဝေးသို့ ငေးငေးကြည့်နေလေ့ရှိသည်။ သူက တစ်စုံတစ်ယောက်၏ ပြန်လာခြင်းကိုမျှော်နေကြောင်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတိုင်းက သိပေသည်။

ယန်ဝေ့တောင်မှ အဘွားကြီးက အံ့သြနေသော်လည်း ဘရူဆာကို မဆူရက်ပေ။ ပုံမှန်ဆိုလျှင် ဘရူဆာက သားရဲမွေးမြူရေးခြံနားတွင် အစောင့်ခွေးတစ်ကောင်ကဲ့သို့ ကပ်နေစမြဲဖြစ်သည်။ ဆော့ကစားရန် ထွက်လာချိန်တွင်ပင် သူကယခုလို ကြောက်မက်ဖွယ် အင်အားဖြင့် ထွက်လာလေ့မရှိပေ။ ထို့အပြင် ဘုရင်တစ်ပါးကဲ့သို့လည်း လေပေါ်သို့ ခုန်တက် ပျံဝဲလေ့မရှိပေ။

ကျင့်ကြံသူများ၏ စိတ်နှလုံးထဲရှိ အံ့အားသင့်မှုများ မပျောက်ဆုံးခင်တွင် ဘရူဆာက ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်တော့သည်။ သူ၏ခြေထောက်အောက်ရှိ မီးတောက်များမှာ ပျံ့ကားထွက်လာပြီး သူကမူ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏လူအုပ်ထံသို့ ပြေးလာတော့သည်။

မီးတောက်များဝန်းရံထားသည့် ဘရူဆာက နီးကပ်လာသောအခါ မြောက်ခြမ်းရှိ မရေမတွက်နိုင်သော သားရဲများက လှုပ်ရှားလိုက်ကြပြီး လေပေါ်သို့ခုန်တက်ကာ ဘရူဆာနှင့်ပေါင်း၍ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူအုပ်ထံသို့ ပြေးသွားကြတော့သည်။

ခပ်လှမ်းလှမ်းမှကြည့်လျှင် ထိုသားရဲများမှာ များပြားလွန်းလှ၍ သူတို့၏ အောက်ခြေများကိုပင် မမြင်ရပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ သွေးပြတ်လုမတတ်ခံစားလိုက်ရပြီး ဦးရေခွံများပင် တဆစ်ဆစ်ဖြစ်လာတော့သည်။

စုန့်ကျင်းဝမ်မှာ အသက်ရှူသံများမြန်လာတော့သည်။ သူမသည် အခြေခိုင်မာခြင်းနောက်ဆုံးအဆင့်တွင်ရှိသော်လည်း ဘရူဆာကဲ့သို့ သားရဲဘုရင်ကြီးကိုမြင်လိုက်ရသည့်အတွက် လုံးဝကို တုန်လှုပ်နေတော့သည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တကယ်ကို သားရဲဘုရင် ရှိတာပဲဟ။”

ထိုကိစ္စမှာ လျှို့ဝှက်ချက်ကြီးတော့ မဟုတ်ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သားရဲဘုရင်အကြောင်းမှာ အတော်အသင့်ပျံ့နှံ့နေပြီး ဖြစ်သည်။ စုန်ကျင်းဝမ်၏ ရာထူးကြောင့် သူမမှာ ထိုအကြောင်းကို အစီရင်ခံစာများထဲတွင် မြင်ပြီးသားဖြစ်သည်။ သို့သော်လည်း ယခုတွင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် သူမမှာ သူမတူသည့် ကြောက်မက်ဖွယ် အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရသည့်အလား ဖြစ်နေတော့သည်။

ယန်ဝေ့တောင်မှ အဘွားကြီးကမူ တအံ့တသြနှင့် တားဆီးရန်ပြင်လိုက်သည်။ ” ဘရူဆာ။ နင်ဘာလုပ်နေတာတုံး။ နောက်ဆုတ်စမ်း။”

သို့သော်လည်း သူမ၏ စကားများမှာ အရာမထင်ပေ။ ဘရူဆာ၏ မျက်လုံးများထဲတွင် လူတစ်ယောက်သာရှိသည်ဖြစ်သည်။

ထိုသူမှာ သူ၏ အဖေပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းက မျက်နှာဖုံးဖြင့် ရုပ်ဖျက်ထားပါသော်လည်း ဘရူဆာ၏ စိတ်ထဲရှိ အရာတစ်ခုက သူ့ကို၎င်း၏ အဖေဖြစ်ကြောင်း ခွဲခြားသိနိုင်လေသည်။

သူ့အတွက်ဆိုလျှင် ပိုင်ရှောင်ချန်းထက်ပို၍ အရေးကြီးသောသူ ဤကမ္ဘာတွင် မရှိတော့ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset