ပေဟန်လဲ့နှင့် လုထျန်းလဲ့တို့က ညမုဆိုးကို တစ်ဖက်တစ်ချက်မှ မျက်ခြည်မပြတ်စောင့်ကြည့်လျက် ရှိသည်။ သူတို့၏ပညာသင်ဖက် ဂိုဏ်းသားများကလည်း ပိုင်ရှောင်ချန်း၏ဟောကြားချက်ကို ကြားရသောအခါ အလွန်တုန်လှုပ်ချောက်ချားနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်နေပြီး အားလုံး၏ အကြည့်များက ပိုင်ရှောင်ချန်းထံရောက်ရှိသွားကြသည်။ပိုင်ရှောင်ချန်းကသူ၏မေးစေ့ကို ဝင့်ကြွားစွာ ပင့်ထားသည်။
နတ်ဆရာသည် မယုံနိုင်လောက်အောင် အံ့အားသင့်လျက် လဲကျလုနီးပါးတုန်လှုပ်နေသည်။ သူ၏ငိုတော့မည့်အလား မယုံသင်္ကာဟန်ဖြစ်နေဟန်က ပိုင်ရှောင်ချန်း၏နားထဲမှာ ချိုမြိန်သော သံစဥ်တစ်ပုဒ် ဝင်ေရာက်နေသည့်အလား ဖြစ်နေတော့သည်။
“ ဘယ်လိုလုပ်ကျုပ်နဲ့ ယှဥ်ပြိုင်ဖို့ ကြိုးစားဝံ့နေတာလဲ ဟွန့်ဟွန့်ဆရာလေးရေ.. ” သူက တွေးနေပြီး
“ ဟမ့်…အခြားဂိုဏ်းမှာသာ မဖြစ်ရင် မဖြစ်နိုင်မယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက
ကျုပ်အိမ်လေ။ ကျုပ်ကို ဟောကြားပေးဖို့ ခင်ဗျားမပြောခဲ့ဘူးလား။ ကျုပ်မျက်လုံးမှိတ်ပြီး လျှောက်သွားရင်တောင် ဒီနေရာရဲ့ အစိတ်အပိုင်းတိုင်းကို ပြောနိုင်တယ်ဗျ ”
ပိုင်ရှောင်ချန်းသည် သူ့ကိုယ်သူ ယခင်ကထက် ပို၍ အံ့သြစရာကောင်းနေသည့်ပမာ ထင်မြင်လာတော့သည်။ အမြဲတမ်းအာရုံစိုက်ခံရသူဖြစ်ချင်သော သူ့အိပ်မက်က ပိုမိုပီပြင်လာကြောင်း သူ နားလည်လာသည်။
ပိုင်ရှောင်ချန်းသည် သူ၏အောင်မြင်မှုအပေါ် ယစ်မူးနေစဥ်မှာပင် နတ်ဆရာ၏မျက်နှာက ဆိုးဆိုးဝါးဝါးရှုံ့မဲ့နေပြီး စီခနဲ အော်ပြောလိုက်သည်။
“ ခဏစောင့်ဦး…အခု ညမုဆိုးက ကံကောင်းသွားတာ။ ဒီအင်မော်တယ်ဂူကနေ ခရမ်းရောင်ချီတွေ သာမန်ထက်ပိုပြီး ထွက်ပေါ်နေတာကို ဘယ်သူနေနေ တွေ့နေတာပဲ။ ဝေဒပညာရပ်ကိုသုံးပြီး ဟောကြားတယ်လို့သူပြောတာ ကျုပ်မယံုဘူးဗျာ ”
စုန့်ကျင်းဝမ် မျက်မှောင်ကြုတ်သွား၏။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ ချီတုံချတုံဖြစ်သွားပြီး ဝေဒပညာရပ်က အမှန်တကယ် အလုပ်လုပ်လားဆိုသည်ကို ဝေခွဲမရဖြစ်လာသည်။
ပိုင်ရှောင်ချန်းသည် နေရာမှာပင် ချက်ချင်းရပ်လိုက်ပြီး နတ်ဆရာကို ဒေါသရောင်လက်နေသော မျက်လုံးတွေနှင့် ကြည့်လိုက်၏။
” ကျုပ်ပြောတာမယုံဘူးလား။ ဟမ့် ခင်ဗျားယုံအောင်ပဲ ကျုပ်လုပ်ပြမယ် ”
အေးစက်စက်နှာမှုတ်လိုက်ရင်း ပိုင်ရှောင်ချန်းက မျက်လုံးများကို မှိတ်လိုက်သည်။ သည်တစ်ကြိမ်တွင် သူက အကြာကြီးမှိတ်မထားတော့ဘဲ လူများသံသယဝင်နိုင်သည့်တိုင် မျက်လုံးကို ဖျတ်ခနဲဖွင့်လိုက်သည်။ သူ့မျက်လုံးတွေထဲမှ စူးရှတောက်ပသော အလင်းတန်းများ လက်လာပြီး ယခင်ကထက် သူ့အသွင်က ပိုမိုတည်ကြည်နေကာ သူ့ကိုယ်မှ ခန့်ညားထည်ဝါသောအငွေ့အသက်များပင် ထွက်ပေါ်နေ၏။
သူ၏အကြည့်က အနီးရှိ အင်မော်တယ်ဂူမှာ ရပ်တန့်သွားပြီး လက်ညှိုးညွှန်ပြကာ
” အရင်က ဒီအင်မော်တယ်ဂူကို မိုးကြိုးပစ်ခဲ့ဖူးတယ် “ဟုပြောလိုက်သည်။
ကျိုးရှင်းချီ၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွား၏။ သူညွှန်ပြလိုက်သော အင်မော်တယ်ဂူသည် သူမအတွင်းစည်းဂိုဏ်းသူဘဝက နေထိုင်ခဲ့သော အင်မော်တယ်ဂူဖြစ်ပြီး ပိုင်ရှောင်ချန်း၏ ဆေးဖော်စပ်ရာမှ မိုးကြိုးများကြောင့် ပျက်စီးသွားခဲ့ရသည်။
သူမတစ်ယောက်တည်းသာ နားလည်လိုက်သည်မဟုတ်ချေ။ မွှေးရနံ့တိမ်တောင်မှ တခြားကျင့်ကြံသူများအားလုံးဖြစ်ပျက်ခဲ့သမျှကို မှတ်မိသွားကာ သူတို့၏မျက်နှာများ ရှုံ့မဲ့သွားသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိကျင့်ကြံသူများက နောက်ထပ်အံ့သြတုန်လှုပ်အောင် ပြုလုပ်သွားခဲ့ပြန်လေပြီ။ မိုးကြိုးပစ်သည့်လက္ခဏာများမရှိသည့်တိုင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ တိတ်ဆိတ်ငြိမ်သက်နေမှုကြီးက မှန်ကန်ကြောင်း ဖော်ပြနေခဲ့သည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ညမုဆိုးက အောင်မြင်စွာ ဟောနိုင်ခဲ့သည်။
နတ်ဆရာက အံကိုတင်းတင်းကြိတ်လိုက်ပြီး နောက်ထပ်ပြောရန်ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်းက ရပ်တန့်မသွားသေးဘဲ သူ့မျက်နှာထက်တွင် ထူးဆန်းသောအမူအရာနှင့် အင်မော်တယ်ဂူ၏အနီးသို့ တိုးကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
“ အမွှေးနံ့သာအငွေ့အသက်တွေ ကျုပ်ရနေတယ်။ ကျုပ်ရဲ့ဟောကြားချက်သာ မှန်ကန်မယ်ဆိုရင် ဒီအင်မော်တယ်ဂူဟာ မိုးကြိုးပစ်ခံခဲ့ရရုံတင်မကဘူး။ မိန်းကလေးတစ်ယောက်ပိုင်ဆိုင်တဲ့ ဂူလည်းဖြစ်လိမ့်မယ် ”
သူက အင်္ကျီလက်ကို ဝင့်ကြွားစွာ ခါလိုက်သည်။ ထို့နောက် အံ့သြတုန်လှုပ်နေသော လူများဆီသို့ ညာဖက်လက်နှင့် မန္တန်လက်ကွက်ဖော်လိုက်ရင်း ကြေညာလိုက်သည်။
“ နောက်ထပ်ပြောရရင် ကျုပ်ဝေဒပညာရပ်တွေက အဲဒီမိန်းကလေးဟာ ဂိုဏ်းရဲ့ ထိပ်တန်းမိန်းမလှလေးတစ်ယောက်ဖြစ်မယ်။ ခဏ…အဲဒီမိန်းကလေးရဲ့နာမည်ကို ကျုပ်ရဲ့ နတ်ဘုရားအမြင်နဲ့ ကြည့်လိုက်မယ်။ သူမ…သူမက ကျိုးဆိုတဲ့ မျိုးနွယ်အမည်နဲ့ မိန်းကလေးတစ်ယောက်ပဲ ” သူက နေရာမှ ချာခနဲလှည့်ကာ အံ့သြတုန်လှုပ်နေသော ကျိုးရှင်းချီကို စူးစိုက်ကြည့်လိုက်ရင်း သူမကို ညွန်ပြလိုက်၏။
“ မင်း….ဒါက မင်းရဲ့အင်မော်တယ်ဂူပဲ ”
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများထံမှ မယုံနိုင်ဟန်ဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။ ပေဟန်လဲ့နှင့်လုထျန်းလဲ့တို့သည် ဆွံ့အနေကြပြီး ဖက်တီးကျန်းကြီးမှာ ယခင်ကထက်ပင်တုန်ခါလာသည်။
ရွှီမေ့ရှန်း၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်များ လက်သွားသည်။ ဤသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားက ဝေဒပညာရပ်ကို အမှန်ကတယ် တတ်ကျွမ်းသည်ဖြစ်စေ အသေးစိတ်အချက်အလက်များကို မှန်ကန်စွာ ဟောကြားနိုင်သည်။ သို့ဖြစ်ရာ အံ့သြတုန်လှုပ်လျက် သူမ၏ရင်ထဲတွင် ညမုဆိုးကို သတ်ဖြတ်လိုသောစိတ်များ ရုတ်ချည်းပြင်းထန်လာတော့သည်။
တဒင်္ဂကြာတိတ်ဆိတ်နေပြီးနောက် ကျိုးရှင်းချီ၏အကြည့်က အေးစက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ထိုခေါင်းညိတ်ဖြေကြားလိုက်ခြင်းကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏မျက်လုံးများ ပိုမိုပြူးကျယ်သွားသည်။ နတ်ဆရာမှာမူ ခေါင်းတစ်ခုလုံး မိုးကြိုးများမရေမတွက်နိုင်အောင် အပစ်ခံလိုက်ရသည့်အလား စကားတစ်ခွန်းမှ မ ဟ နိုင်အောင် ဖြစ်နေတော့သည်။
“ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ”
သူ၏ခေါင်းတစ်ခုလုံး ချာချာလည်နေကာ ထိတ်လန့်တုန်လှုပ်စွာ တွေးနေမိသည်။ သူ မြင်နေရသည်ကို အမှန်တရားဟု လက်မခံနိုင်သေးပေ။ ထို့ပြင် ဝေဒပညာရပ်အငွေ့အသက်များကို သူမခံစားရသည့်တိုင် နတ်မုဆိုးက မှန်ကန်စွာ ဟောကြားနိုင်ခဲ့သည်။
စုန့်ကျင်းဝမ်မှာ ပိုမိုပျော်ရွှင်လာဟန်ပင် ရှိနေသည်။ သူမ၏နောက်ခံအင်အားကို အသုံးပြုကာ ညမုဆိုး၏နောက်ကြောင်းကို စုံစမ်းခဲ့ပြီး အတွင်းစည်းဂိုဏ်းသားဖြစ်ခဲ့စဉ်က ဟောကြားမှုများ ပြုလုပ်ခဲ့သော်လည်း နတ်ဆရာထက်ပင် ပိုမိုအစွမ်းထက်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ပိုင်ရှောင်ချန်းမှာ သူရရှိနေသည့် တုန့်ပြန်မှုများကြောင့် သူ့ကိုယ်သူ ပိုမိုဂုဏ်ယူနေမိသည်။ စိတ်အားထက်သန်စွာနှင့် သူက ရှေ့သို့တိုးသွားပြီး မွှေးရနံ့တိမ်တောင်မှအုပ်စုကိုဖြတ်၍ ရှေ့မှသွားလိုက်သည်။ ထိုတာဝန်ကို ရွှီမေ့ရှန်း သို့မဟုတ် ကျိုးရှင်းချီတို့က တာဝန်ယူရမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းက မျက်လုံးကြီးမှိတ်လျက် ခြေလှမ်းအနည်းငယ်သွားနေသည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက ဆီလျော်သောအကြောင်းအရာထက် ပိုမိုထုတ်ဖော်ခြင်းမပြုမိစေရန် ကောင်းစွာ သတိထားနေရ၏။
ကျောက်တုံးကြီးတစ်တုံးထက်ရှိ အက်ကွဲကြောင်းတစ်ခုအနီးမှာ ရပ်လိုက်ပြီး တည်ကြည်သောအမူအရာနှင့် တစ်လုံးချင်း ပြောလိုက်သည်။
“ ပြီးတော့ ဒီနေရာ…..အီးး..ဒီကျောက်တုံးတွေထက်က အက်ကွဲကြောင်းတွေက ထူးဆန်းတယ်။ ခဏ…ကျုပ် နတ်ဘုရားအမြင်နဲ့ ကြည့်လိုက်မယ်။ ဟမ်…ဟုတ်တယ်။ ဒီကျောက်တုံးတွေထက်က မြွေတွေထွက်လာခဲ့တာပဲ။ နည်းနည်းတောင် မဟုတ်ဘူး…အများကြီးပါလား”
“ ဒီနေရာကိုလည်း မိုးကြိုးတွေပစ်ခတ်သွားခဲ့တာပဲ။ ဘုရားရေ…မိုးကြိုးတွေက မွေးရနံ့တိမ်တောင်ရဲ့ နေရာဘယ်လောက်အထိ ပစ်ခတ်သွားခဲ့တာလဲ ” သူက အုပ်စုကို ဦးဆောင်သွားနေပြီး ဟိုနေရာရပ်လိုက်၊ သည်နေရာရပ်လိုက်နှင့် နေရာများကို တွက်ချက်ဟန်ပြုနေသည်။
တဖြည်းဖြည်းနှင့် ဆေးတစ်သောင်းဆောင်သို့ ရောက်ရှိလာခဲ့သည်။ သူက ဘေးပတ်လည်ကို အလွန်အမင်းလေးစားစွာနှင့် ကြည့်လိုက်ရင်း
“ ဒီမှာ အားကောင်းတဲ့အငွေ့အသက်တွေကို ကျုပ်ခံစားမိနေတယ်။ ဒီနေရာမှာ အင်မတန် အရှိန်အဝါကြီးမားတဲ့လူတစ်ယောက် နေခဲ့လိမ့်မယ်။ သူက အပင်နဲ့အသီးအရွက်တွဲမှာ နံပါတ်တစ် ရတဲ့သူဖြစ်မယ် ”
မကြာမီ သူတို့က စီမံရေးရာဆောင်သို့ ရောက်ရှိလာခဲ့ပြီး ပိုင်ရှောင်ချန်းက အလန့်တကြား အသံပြုလိုက်ရင်း ပြောလိုက်သည်။
“ အမ်…ဒါက စီမံရေးရာဆောင်ဖြစ်မယ်။ အရင်တုံးက အင်မတန်သြဇာအာဏာနဲ့ပြည့်ဝတဲ့ လူတစ်ယောက် ဒီကိုဖြတ်သွားဖြတ်လာ လုပ်ခဲ့ဖူးလိမ့်မယ်”
“ အီးးး ဒီမှာ ငှက်တစ်ကောင်ရဲ့ အငွေ့အသက်တွေကို ငါခံစားမိနေတယ်။ ငှက်ကြီးအမျိုးအစားတစ်ကောင်ပဲ”
“ ဒီနေရာက အင်မတန်ထူးဆန်းတာပဲ။ ကျုပ်ရဲ့ နတ်ဘုရားအမြင်အရဆိုရင် ဒီနေရာကနေ ကြက်တွေအများကြီး ပျောက်ဖူးလိမ့်မယ် ”
သူက မွှေးရနံ့တိမ်တောင်ကိုဖြတ်၍ သွားနေရင်း ဟိုနေရာမှာဟောလိုက်၊ သည်နေရာကို ဟောလိုက်ပြုလုပ်နေရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ အံ့သြတကြီးဖြစ်နေကြတော့သည်။ ညမုဆိုးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ နေခဲ့ဖူးသည့်အလား သူပြောသည့်အချက်များက တစ်လုံးမှ မလွဲချေ။
ကျိုးရှင်းချီမှာ အသက်ပြင်းပြင်းရှူရှိုက်နေသည်။ လုထျန်းလဲ့နှင့် ပေဟန်လဲ့တို့မှာ သူမ၏မျက်နှာအမူအရာကို တွေ့မြင်သောအခါ ပိုမိုအံ့အားသင့်သွားသည်။ ရွှီမေ့ရှန်း၏မျက်လုံးတွေထဲမှာ အေးစက်စက်အငွေ့အသက်များ ပိုမိုပြင်းထန်လာ၏။
ယန်ဝေ့တောင်မှ အဘွားအိုမှာ ထပ်တူတုန်ခါနေသည်။ ညမုဆိုးပြောပြနေသည့် အရာများက သေးငယ်သည့်ကိစ္စရပ်များဖြစ်နေသည့်တိုင် များစွာသိနေခြင်းကြောင့် ထိတ်လန့်တုန်လှုပ်နေသည်။ လူများမှာ မည်ကဲ့သို့ သူသိနေလဲဆိုသည်ကို မှန်းဆနေကြပြီး တချို့လူများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အချိန်အတော်ကြာသည်အထိ နေခဲ့ဖူးလိမ့်မည်ဟု ထင်နေကြသည်။
သို့သော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက ညမုဆိုးသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ဘယ်သောအခါမှ မသွားခဲ့ဖူးကြောင်း သတိထားမိနေရာ လုံးဝတုန်လှုပ်နေတော့သည်။ နတ်ဆရာမှာမူ မိုးကြိုးအချက်ပေါင်းများစွာ ပစ်ခတ်နေသည့်အလား ထင်မှတ်နေပြီး အာစေးထည့်ခံထားရသည့်အလား ဖြစ်နေတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မဟာမန္တန်အစီအရင်များက အသက်ဝင်နေပြီး မှော်ပညာရပ်အနည်းငယ်ကိုပင် ဝင်ရောက်ခွင့်မပြုရန် တားဆီးထားသည်။ သူ အတော်လေးကြိုးစားခဲ့သည့်တိုင် အသက်ရှူကြပ်သည့်အလား ခံစားခဲ့ရသည်။ သို့တိုင် ညမုဆိုးက အလွန်အစွမ်းထက်လှပြီး လမ်းတစ်လျှောက် ဟောကြားပေးနေတော့သည်။ ထို့ပြင် နတ်ဆရာပင် မသိနိုင်သည့် ဝေဒပညာရပ်တချို့ကိုပင် အသုံးပြုနေသည်။ ထိုအနေအထားများကြောင့် သူ့မှာ လုံးဝအံ့သြတုန်လှုပ်နေတော့သည်။
နတ်ဆရာသည် သူ့အရည်အချင်းကိုပင် သံသယဝင်စပြုလာသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအတွက် ဝေဒပညာရပ်မှာ ညမုဆိုးက ကောင်းကင်နှင့်မြေကြီးကို တုန်ဟည်းသွားစေနိုင်သည့် အရည်အချင်းရှိကြောင်း ဖြေရှင်းချက်သာ ထွက်လာခဲ့သည်။
မွှေးရနံ့တိမ်တောင်၏တနံတလျား လှည့်ပတ်သွားလာခဲ့ကြပြီးနောက် ပိုင်ရှောင်ချန်းမှာ ပိုမို နှစ်ထောင်းအားရဖြစ်နေမိသည်။ လူအားလုံးက သူ့ကို အံ့သြတကြီးဖြစ်ကာ ငေးမောကြည့်နေကြရ၏။ ထိုစဉ် ဖက်တီးကျန်းကြီးသည် ရွှီမေ့ရှန်းကိုကြည့်ကာ သူမ၏မျက်လုံးတွေထက်ရှိ အရိပ်အယောင်များကို သတိထားမိလိုက်ပြီး တွေဝေတုံ့ဆိုင်းမနေဘဲ ရှေ့သို့လှမ်းကာ ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးလျက်
“ ညမုဆိုး ” သူက ဒေါသတကြီး အော်ပြောလိုက်ရင်း
“ မင်းက ဝေဒပညာရပ်မှာ ထူးချွန်တယ်ဆိုရင် ငါ့ကိုရော ဟောကြားမပေးနိုင်ဘူးလား ”
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကို ကြည့်နေကြပြီး နတ်ဆရာ၏မျက်လုံးများက ရုတ်ချည်း တောက်ပလာခဲ့သည်။
“ သက်မဲ့ပစ္စည်းတွေကို ဟောတာကတော့ လွယ်ပါတယ် ”
နတ်ဆရာက စိတ်ထဲတွင် ကြိတ်၍ ရယ်မောနေရင်း
“ လူတွေကို ဟောရတာ အများကြီးခက်တ်။ ညမုဆိုးက လူတွေကို ဟောလိုက်ရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုဖြစ်နေမှာ ငါမြင်ယောင်မိနေတယ် ”
ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီးကို ကြည့်လိုက်ရင်း သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယခုအခါ သူနောက်ဆုတ်၍ မရတော့ကြောင်း နားလည်လိုက်ပြီဖြစ်ရာ မျက်လုံးများကို မှိတ်လိုက်၏။ သူ့မျက်နှာအမူအရာက တည်ကြည်သွားသည်။
ဖက်တီးကျန်းကြီးသည် စိတ်ထဲမှာ လွန်စွာတုန်လှုပ်နေ၏။ သို့သော်လည်း ရွှီမေ့ရှန်းက ညမုဆိုး၏အရည်အချင်းကို စမ်းသပ်ရန်အလိုရှိနေကြောင်း သိသာထင်ရှားနေသည်။ မျက်လုံးများ မှိတ်ထားသော ညမုဆိုးကိုကြည့်လိုက်ရင်း ဖက်တီးကျန်းကြီး၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာသည်။
အသက်ဆယ်ကြိမ်ရှူချိန်ကြာသွားပြီးနောက် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဖွင့်လာပြီး ဖက်တီးကျန်းကြီးကို ကြည့်ကာ အေးစက်စက်လေသံနှင့် တစ်လုံးချင်း ပြောလိုက်လေသည်။
“ လူငယ်လေး..မင်းဘဝက ကောင်းမွန်တယ်။ မင်းက ချမ်းသာတဲ့မိသားစုက လာခဲ့တာပဲ။ မင်းမှာ အံ့မခန်းကောင်းမွန်တဲ့ အနာဂတ်ရှိတယ် ”
ဖက်တီးကျန်းကြီးသည် အတော်လေးအံ့အားသင့်သွားသည်။ ပိုင်ရှောင်ချန်းက စကားအများကြီး မပြောသော်လည်း သူ့စကားလုံးများနှင့်ပတ်သက်ပြီး ငြင်းဆန်စရာမရှိချေ။ ဖက်တီးကျန်းကြီးက ရွှီမေ့ရှန်းကို စိုးရိမ်ကြောင့်ကြစွာ လှမ်းကြည့်လိုက်သည်။
ရွှီမေ့ရှန်းသည် ပြုံးနေသော်လည်း ညမုဆိုးကို ပိုမိုသတိထားလာခဲ့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏မျက်နှာများတွင် ထူးဆန်းသောအရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ညမုဆိုးပြောသည့်စကားလုံးများမှာ နားဝင်ချိုရုံမျှသာဖြစ်ပြီး အပြစ်တင်ရန်လည်း ခဲယဉ်းလွန်းနေသည်။
အံကိုတင်းတင်းကြိတ်လိုက်ရင်း ဖက်တီးကျန်းကြီးက
“ မင်းဟောတာက….. ”
“ မင်း ဝခဲ့ဖူးတယ် ” ပိုင်ရှောင်ချန်းက ဖြတ်၍ ပြောလိုက်ရင်း
“ အင်မတန်ဝခဲ့တာ…။ စားဖိုဆောင်ကနေ မင်းက စတင်ခဲ့တယ်။ အဲဒီနောက် ကံတရားကြောင့် အပြင်စည်းဂိုဏ်းသားဖြစ်လာခဲ့တယ်။ ဟမ့်…ငါ နတ်ဘုရားအမြင်တချို့ အသုံးပြုလိုက်မယ်။ ဟုတ်တယ်။ မင်းက ကိစ္စရပ်တွေကို လှည့်ပတ်ရင်ဆိုင်၊ အမြတ်ထုတ်ရင်းနဲ့ အပြင်စည်းဂိုဏ်းသားဖြစ်လာခဲ့တာပဲ ”
ဖက်တီးကျန်းကြီးမှာ အံ့သြတုန်လှုပ်နေတော့သည်။ သူ့ဆံပင်များထောင်မတ်နေကာ ပိုင်ရှောင်ချန်းကို ကြည့်နေ၏။ သူ့လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နေရလုနီးပါးဖြစ်နေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူများမှာ မတ်တတ်ရပ်ကြီး အံ့အားသင့်နေကြကာ တိတ်ဆိတ်ငြိမ်သက်နေကြတော့သည်။
ညမုဆိုးက လက်တစ်ဖက်တည်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများအား တအံ့တသြဖြစ်နေအောင် ပြုလုပ်နေသည်ကို မြင်သောအခါ စုန့်ကျင်းဝမ်သည် ပါးစပ်လေးကိုပိတ်ကာ တခစ်ခစ်ရယ်မောလေသည်။
“ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ပိုင်ရှောင်ချန်းက ကောင်းကင်တာအိုအခြေခိုင်မာခြင်း အဆင့်နဲ့ ရင်သပ်ရှူမောဖွယ်ကောင်းအောင် အစွမ်းထက်တယ်လို့ လူအားလုံး ပြောကြတယ် ” သူက စကားစကို ရပ်တန့်လိုက်ပြီး ဆက်လက်၍
“ ဒါပေမဲ့ မြင်ရသလောက်ဆိုရင် လူသားတာအိုအခြေခိုင်မာခြင်းအဆင့်ရှိတဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ညမုဆိုးနဲ့ ပြိုင်ဖက်ဖြစ်လိမ့်မယ်။ သူ့ရဲ့ဥာဏ်ပညာ၊ ကျင့်ကြံခြင်းအခြေခံ၊ ပါရမီတွေကို ဘေးဖယ်ထားလိုက်ရင် သူက ပိုင်ရှောင်ချန်းလို အံ့အားသင့်စရာ ကောင်းတဲ့လူတစ်ယောက်ဖြစ်တဲ့ပုံပဲ။ ပိုင်ရှောင်ချန်းက ဂူပိတ်တရားထိုင်နေတာ နှမျောစရာပဲ။ ဒီလိုမှမဟုတ်ရင် ဘယ်သူကသာလဲဆိုတာ ပွဲကြီးပွဲကောင်း ကြည့်ရတာပေါ့ ”
ချက်ချင်းပင် ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တဒိးန်းဒိန်းခုန်လာတော့သည်။ သူ့ကိုယ်သူ မည်ကဲ့သို့ ယှဉ်ပြိုင်ရန် ဖြစ်နိုင်မည်နည်း။ သူ၏ညာဖက်လက်နှင့် ဘယ်ဖက်လက်ကို တိုက်ခိုက်ရမှာလား…..
သူ့လက်တွေကို ငုံ့ကြည့်လိုက်ရင်း မျက်တောင် တဖျပ်ဖျပ်ခတ်နေတော့သည်…