Switch Mode

အပိုင်း(၄၁)

မင်းတို့တွေပြောတာ အကုန်မှန်တယ်

ချင်းကျူမြို့ကား သားရဲအုပ်များကြောင့် ရှုပ်ထွေးနေချိန် ဖြစ်သည်။ အဆောက်အဦများ ပျက်စီးကာ လူအများအပြား သေဆုံးခဲ့ကြသည်။ တစ်မြိုလုံးမှာ အပျက်အစီးများ ကြားတွင် အရုပ်ဆိုး အကျည်းတန်နေပြီး လူများမှာလည်း ကြောက်ရွံ့ကာ မိမိနေအိမ်တွင်သာ ခိုအောင်းလျက် ရှိကြရာ လမ်းများပေါ်တွင် လူသူများ ကင်းမဲ့နေသည်။

ကံကောင်းစွာပင် သားရဲအုပ်ကြီးကား အချိန်ကြာမြင့်စွာ မတိုက်ခိုက်ခဲ့ပေ။ သားရဲကောင်တချို့ မြို့ထဲသို့ ဝင်ရောက် တိုက်ခိုက်ချိန်တွင် အရှေ့ပင်လယ်ဒေသမှ အကြီးအကဲတချို့က လာရောက် ကူညီ တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ အကူအညီများကြောင့် ထိခိုက်ပျက်စီးမှု များပြားခြင်း မရှိခဲ့ပေ။ သို့သော်လည်း မူလအခြေအနေသို့ ရောက်ရန်ကား အချိန်အတန်ကြာ ယူရဦးမည် ဖြစ်သည်။ သားရဲအုပ်များ မရှိတော့သည့် တိုင်အောင် ချင်းကျူမြို့အား ဤရက်ပိုင်းအတွင်း မြေငလျင်အချို့ လှုပ်ယမ်းခဲ့ရာ အဆောက်အဦ အတော်များများ ပြိုပျက်ခဲ့ရသည်။

ချင်းကျူ ကျောင်းတော်မှ လူများက ဗိုလ်ချုပ်ချင်၏ မဟူရာမြင်းစစ်တပ်နှင့်အတူ မြို့အား ပြန်လာကြပြီးနောက် အရှေ့ပင်လယ်ဒေသ၏ စီရင်စု ဒုခေါင်းဆောင်မှာ ဗိုလ်ချုပ်ချင်နှင့် ပတ်သက်၍ စိတ်မပျော်မရွှင် ဖြစ်သောကြောင့်

သူက ဗိုလ်ချုပ်ချင်အား မဟူရာမြင်းစစ်တပ်၏ ဗိုလ်ချုပ်အဖြစ်မှ ဖယ်ရှားခဲ့သည်ဟု ကောလာဟလများလည်း ထွက်ပေါ်လာသည်။ ထိုအဖြစ်က မြင်းစစ်သည် အများစုအား ဒေါသထွက်စေခဲ့သော်လည်း သူတို့ကား မည်သို့မျှ မတတ်နိုင်ခဲ့ကြပေ။ မဟူရာ မြင်းစစ်သည်များကား အရှေ့ပင်လယ်ဒေသ၏ စီရင်စုခေါင်းဆောင်မှ ခန့်အပ်ထားသော မြို့တော်ဝန်၏ မြို့စောင့်တပ်နှင့် မူရွန်မိသားစုတို့၏ လူများက ဖိနှိပ်ခဲ့ကြသည်။ ထိုသွေးမြေကျခဲ့ရသော တီအန်ယွာတောင် တိုက်ပွဲအပြီးတွင် မြင်းစစ်သည် အတော်များများမှာ ကျဆုံးခဲ့ရပြီး တစ်ချိန်တည်းမှာပင် မြို့တော်ဝန်၏ ဖိနှိပ်မှုကြောင့် အားနည်းသွားခဲ့ရပြီး သူတို့၏ ကြီးကျယ်ခမ်းနားမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ရပြီ ဖြစ်သည်။

ထို့နောက် မြို့တော်ဝန်ဝေမင်မှာ ချင်းကျူမြို့မှ ပြောင်းရွှေ့သွားခဲ့ပြီး သူ၏နေရာအား မူရွန်မိသားစု၏ခေါင်းဆောင် မူရွန်ယူရှန်းက ဝင်ရောက် နေရာယူခဲ့သည်။

လူအတော်များများက ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ မကျေနပ်ခဲ့ကြပေ။ ကောလာဟလများမှာ ချင်းကျူ မြို့အနှံ့ ပျံ့နှံ့နေသည်။ တချို့က ဧကရာဇ်ရီချင်၏ ရတနာများမှာ တီအန်ယွာတောင်အတွင်း တွေ့ရှိခဲ့ရကြောင်းပြောခဲ့ကြပြီး အရှေ့ပင်လယ် ဒေသအတွင်းမှ အဆက်မပြတ် ရောက်ရှိလာကြသော အင်အားစုများကြောင့် ထိုသတင်းမှာ မှန်ကန်သည်ဟု ယူဆလာကြသည်။ သို့သော်လည်း တီအန်ယွာတောင်ပေါ်သို့ တက်ရောက်သွားကြသော အင်အားစုများမှာ မည်သည့် သဲလွန်စမျှပင် ယူဆောင် မလာနိုင်ကြပေ။ တချို့မှာ တောင်ကြော၏တစ်ဝက်မျှသာ ရောက်ခဲ့ပြီး တချို့မှာ ရတနာများရှိရာ နေရာ၏အနီးသို့ ရောက်ရှိခဲ့ကြသော်လည်း များစွာသော သားရဲကောင်ကြီးများ၏ ဝန်းရံတိုက်ခိုက်မှုကြောင့် အသက်လု၍ ပြန်လည် ထွက်ပြေးခဲ့ရသည်သာ ဖြစ်၏။ ကောလာဟလများအရ ထိုဧကရာဇ်ရီချင်၏ ရတနာများကြောင့် အရှေ့ပင်လယ်ဒေသ၏ စီရင်စု ဒုခေါင်းဆောင် ရှာဖန်က မြို့တော်ဝန်။ မူရွန်မိသားစုတို့နှင့် ပူးပေါင်းကာ သားရဲအုပ်အား ချင်းကျူ မြို့တွင်းသို့ မောင်းသွင်းခဲ့သည်ဟု ပြောကြသည်။

ထိုကောလာဟလများ ပျံ့နှံ့လာသောအခါ ချင်းကျူ မြို့သူမြို့သားများမှာ ပို၍ စိတ်ပျက်ရသည်။

သို့သော်လည်း ထိုကိစ္စက အရေးမပါပေ။ မူရွန်မိသားစုမှာ မူလကပင် ချင်းကျူမြို့အတွင်း အင်အားကြီးမားသော မိသားစုဖြစ်ကာ ယခုသူတို့ မိသားစုခေါင်းဆောင်မှာ မြို့တော်ဝန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရရာ မည်သူကမှ ရူးမိုက်၍ ဆန့်ကျင်သော စကားများ မပြောရဲကြပေ။ ပိုဆိုးသည်မှာ သူတို့မှာ အရှေ့ပင်လယ် စီရင်စုခေါင်းဆောင်အား နောက်ခံအင်အား အဖြစ်ရှိနေသည်။ ချင်းကျူ မြို့သူမြို့သားများမှာ စိတ်ထဲမှ မကျေမနပ်ဖြစ်ရုံအပြင် မည်သို့မျှ မတတ်နိုင်ပေ။

ရီမိသားစုအိမ်တော်တွင် သိမ်းငှက်နက်ကြီးတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုသိမ်းငှက်နက်ကြီးက ကျောပေါ်မှ လူသုံးယောက်အား မြေပြင်ပေါ်သို့ ချပေးခဲ့ပြီး ကောင်းကင်တွင် စက်ဝိုင်းသဖွယ် ပျံသန်းနေသည်။

ရီဖူရှင်း၊ ယူချင်းနှင့် ဟွာဖန်းလူတို့က တီအန်ယွာတောင်ပေါ်မှ ပြန်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က သူတို့၏မိသားစုနှင့် ပတ်သက်၍ စိတ်ပူပင် နေကြသောကြောင့် ဖြစ်၏။

သူတို့က ရောက်ရှိသည်နှင့် ထိုရီအိမ်တော်၏ လက်ရှိအခြေအနေကို မြင်ကာ ရီဖူရှင်း၏ရင်ထဲ ဆို့သွားသည်။ အဆောင်များမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးနေပြီး ထိုအပျက်အစီး အပိုင်းအစများမှာ မြေပြင်ပေါ်တွင် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေကြသည်။ ဟိုမှသည် လျှောက်ကြည့်သော်လည်း သူတို့က မည်သည့် လူတစ်ဦး တစ်ယောက်ကိုမျှ ရှာမတွေ့ကြပေ။

“အဖေ… အမေ…” ရီဖူရှင်းကား နေရာအနှံ့ ပြေးလွှားကာ သူ၏မိဘများအား အော်ခေါ်နေသည်။ အိမ်တော်၏ခေါင်မိုးကာ ပြိုဆင်းနေပြီး အိမ်တော်၏ အထဲတွင်လည်း အရာအားလုံး ဟာလာဟင်းလင်း ဖြစ်နေသည်။

“မွေးစားအဖေ…” ရီဖူရှင်းက ဝမ်းနည်းစွာ အော်ခေါ်လိုက်သည်။ သို့သော် မည်သူမျှ ပြန်မထူးပေ။

ယူချင်းကလည်း အဆောင်များအကြား မျက်လုံးများ နီရဲလျက် ပြေးလွှား ရှာဖွေနေသည်။ သို့သော် မည်သည့်သဲလွန်စမျှ မတွေ့ပေ။

ဘာဖြစ်ခဲ့သနည်း။

ရီဖူရှင်းကား ထိုတီအန်ယွာတောင်ပေါ်တွင် ရှိစဉ်က တောင်ခြေသို့ ခုန်ချခဲ့စဉ်ထက်ကပင် ပို၍ ကြောက်လန့် နေပေသည်။

“ရီဖူရှင်း…” ထိုအခိုက် သူ၏နာမည်အား အော်ဟစ်လိုက်သော အသံအား ကြားလိုက်ရသည်။ ရီဖူရှင်းက အသံလာရာကို လှမ်းကြည့်လိုက်လျှင် လှပသော မိန်းကလေးတစ်ဦးက သူ့ထံ အပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်က သူ၏ရင်ခွင်ထဲကို ပြေးဝင်လာကာ သူ့အား တင်းကျပ်စွာ ပွေ့ဖက်ထားလေသည်။

“နင် အသက်ရှင်နေတယ်… နင် အသက်ရှင်နေတယ်…” မိန်းမပျိုက မျက်လုံးများ နီရဲနေပြီး ငိုကြွေးလျက် ပြောလိုက်သည်။

“ဖန်းရှင်းဇွီ … ငါ့မိသားစုတွေ ဘယ်မှာလဲ… သူတို့ဘာဖြစ်ခဲ့လဲ နင်သိလား…” သူမအား ထိန်းကိုင်လိုက်ရင်း ရီဖူရှင်းက သူမအား မေးလိုက်သည်။ ဖန်းရှင်းဇွီက မျက်ရည်များအား သုတ်လိုက်သည်။ သူမက ရှက်ရွံ့သောကြောင့် မျက်နှာမှာ နီရဲသွားကာ ခေါင်းငုံ့လိုက်သည်… “နင့်အဖေနဲ့ အခြားလူတွေ အကုန်လုံး အဆင်ပြေကြတယ်… အဖေကပြောတာတော့ သူတို့က ချင်းကျူ မြို့က ပြောင်းသွားတဲ့အကြောင်းနင့်ကို ပြောခဲ့တယ်တဲ့…နင့်ကို စိတ်မပူဖို့ သူတို့က ပြောသွားတယ်…”

“သူတို့ဘယ်သွားလဲ မပြောခဲ့ဘူးလား…”ရီဖူရှင်းက စိတ်အေးသွားပြီး မေးလိုက်သည်။

ဖန်းရှင်းဇွီက ခေါင်းခါလျက် ပြန်ပြောလိုက်သည်… “အဖေပြောတာကတော့ ဘယ်သူ့ကိုမှ မပြောရဘူးတဲ့… နင့်မိသားစုက လျှို့ဝှက်ပြီး ထွက်သွားကြတာတဲ့… ဒါပေမဲ့ နင့်ကို စိတ်မပူစေချင်တဲ့အတွက် သူတို့က အဖေကတစ်ဆင့် နင့်ကို အသိပေးခိုင်းခဲ့ကြတာ…”

ရီဖူရှင်း အံ့အားသင့်သွားသည်။ ထို့နောက် သူက ကောင်းကင်အား မော်ကြည့်လိုက်ပြီး ဆဲလိုက်သည်… “ရီဘေချွန်… အရူး…”

သူကား ငိုကြွေးထားသောကြောင့် မျက်လုံးများပင် နီရဲနေပြီ။ သူကား မူလကတည်းက ညဏ်ကောင်းသူဖြစ်ရာ သူ၏နောက်ခံနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း ရိပ်မိနေပြီဖြစ်သည်။ သူနှင့် သူ၏မွေးစားအဖေတို့ နှစ်ယောက်လုံးမှာ အတိတ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိခဲ့ပေသည်။ ယခုမူကား သူ၏မိသားစုက သားရဲအုပ်များ မြို့ကို ဝင်စီးသည်ကို အခွင့်ကောင်းယူကာ ထိုလျှို့ဝှက်ချက်အား ဖုံးကွယ်ရန် လျှို့ဝှက် ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့က မည်သူမျှ မသိအောင် ထိုလျှို့ဝှက်ချက်အား ဖုံးကွယ်လိုခြင်းကြောင့် ဖြစ်သည်ကို နားလည်လိုက်သည်။

ယနေ့မှစ၍ ရီမိသားစုကား ချင်းကျူမြို့တွင် ရှိတော့မည် မဟုတ်ပေ။

အရှေ့ပင်လယ်ကား ကျယ်ပြောလှသည်။ မည်သည့်နေရာတွင် သူက သူ၏မိသားစုအား ရှာဖွေရမည်နည်း။ သူတို့က ရီဖူရှင်းအား သူတို့ကို မရှာဖွေစေလိုသည်မှာ ထင်ရှားသည်။

“ဖန်းရှင်းဇွီ… မြို့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ… အရှေ့ပင်လယ်ဒေသက လူတွေ ထွက်သွားကြပြီလား…” ရီဖူရှင်းက မေးလိုက်သည်။ အကယ်၍ ရှာဖန်သာ ချင်းကျူမြို့တွင် ရှိနေသေးလျှင် သူကား ပို၍ သတိထားရန် လိုအပ်ပေသည်။

“သူတို့နဲ့ ဟိုင်ရန်ကျောင်းတော်က လူတွေရော ထွက်သွားကြပြီ… ချင်းကျူမြို့က တော်တော် ထိသွားတယ်… ဗိုလ်ချုပ်ချင်က ရာထူးက ဖယ်ခံလိုက်ရတယ်… မဟူရာမြင်းစစ်တပ်လည်း အားနည်းသွားတယ်… ရှာဖန်နဲ့ မြို့တော်ဝန်ရုံးတို့ကြောင့် မူရွန်မိသားစုက မြို့တော်ဝန်ရာထူးကို ရသွားတယ်… အခုတလော အရှေ့ပင်လယ်ဒေသက လူတွေ အတော်များများက ဧကရာဇ်ရီချင်ရဲ့ ရတနာတွေကို ရှာဖို့ ရောက်လာကြပေမဲ့ သူတို့အားလုံး လက်ဗလာနဲ့ ပြန်သွားကြရတယ်…” ဖန်းရှင်းဇွီက ရှင်းပြလိုက်သည်။

“ဗိုလ်ချုပ်ချင်က ရာထူးက ထုတ်ပယ်ခံရတယ်…” ရီဖူရှင်း အံ့အားသင့် ထိတ်လန့်သွားသည်။

“အင်း…” သူမက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း တောင့်တင်းသွားသည်။ ချင်းကျူ မြို့၏ကာကွယ်သူ။ မဟူရာမြင်းစစ်တပ်၏ဗိုလ်ချုပ် ဖြစ်သူမှာ အရှေ့ပင်လယ်ဒေသ စီရင်စု ဒုခေါင်းဆောင်၏ အာဏာအောက်တွင် ရာထူးမှ ပြုတ်သွားသည်။ မည်သူက ထင်မှတ်ပါမည်နည်း။

ထိုအာဏာရှိ ပုဂ္ဂိုလ်များကား တခြားလူများ၏ အသက်ဝိညာဉ်နှင့် ပတ်သက်၍ မည်သို့မျှ စိတ်ဝင်စားဟန်မရှိဘဲ သူတို့၏အလိုအတိုင်း ဆော့ကစားခဲ့ကြသည်။ အကယ်၍ သူက ကံမကောင်းခဲ့လျှင် တီအန်ယွာတောင်ပေါ်တွင် သေဆုံးခဲ့မည်သာ ဖြစ်သည်။

“အနာဂတ်မှာ နင် ဘာလုပ်မယ် စိတ်ကူးထားလဲ… ငါတို့နဲ့ ဘာလို့ လိုက်မနေတာလဲ…” ဖန်းရှင်းဇွီက ပြောလိုက်သည်။

ရီဖူရှင်းက အံ့အားသင့်သွားက ဖန်းရှင်းဇွီအား ကြည့်လိုက်သည်။ သူ၏အကြည့်က ဖန်းရှင်းဇွီအား ရှက်ရွံ့စေကာ သူမ၏မျက်နှာများပင် နီရဲသွားသည်။

“ဒါက အဆင်ပြေပါတယ်… ငါလည်း ချင်းကျူမြို့က ထွက်သွားတော့မယ်…” ရီဖူရှင်းက ဖြေလိုက်သည်။ ဖန်းရှင်းဇွီ ထိတ်လန့်သွားသည်။ သူမကား စိတ်လှုပ်ရှားသောကြောင့် နှလုံးခုန်သံများပင် ကြားနေရသည်။ သူမက မေးလိုက်သည်… “နင် ဘယ်ကို သွားမလို့လဲ…”

“ငါလုပ်စရာရှိတာတွေ လုပ်မလို့…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်…” ဖန်းရှင်းဇွီ… ငါသွားရတော့မယ်… နင်လည်း အိမ်ပြန်တော့… နင့်အဖေကို နှုတ်ဆက်တယ်ပြောပေး… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်…”

ရီဖူရှင်းက ဟွာဖန်းလူ ဘေးနားသို့ ပြန်ရောက်လာသည်။ သူက ဟွာဖန်းလူအား ကျောပေါ်တွင် ပိုးလိုက်ပြီး ယူချင်းနှင့်အတူ အပြင်ဘက်သို့ ထွက်သွားသည်။

ဖန်းရှင်းဇွီကား ထိုနေရာတွင် ရပ်လျက် ကျန်နေခဲ့သည်။ သူမက ရီဖူရှင်း ထွက်သွားသည်ကို မြင်လျှင် သူ့အား အော်ခေါ်လိုက်သည်… “ရီဖူရှင်း…”

သူက သူမအား လှည့်ကြည့်လိုက်သည်။

“ငါနင့်ကို ကြိုက်တယ်…” သူမက အတန်ကြာ အားယူကာ အရဲစွန့်လျက် အော်ပြောလိုက်သည်။

သူက သူမအား ကြည့်လိုက်သည်။ ထို့နောက် မချိပြုံးပြုံးလျက် … “ငါသိတယ်… ငါ့လိုလူကို မကြိုက်တဲ့သူ ဘယ်သူရှိလဲ… ငါ့ကို အရမ်း သတိရမနေနဲ့…”

သူက ထိုသို့ပြောပြီးသည်နှင့် နောက်သို့လှည့်ကာ တစ်ဖန် ထွက်ခွာသွားသည်။ ဖန်းရှင်းဇွီကား မျက်ရည်များကျလာကာ မြေပြင်သို့ ပြိုလဲကျသွားသည်။

ရီဖူရှင်းကား မရပ်ပေ။ အကယ်၍ သူက နောက်လှည့်ခဲ့လျှင် သူထွက်သွားနိုင်တော့မည် မဟုတ်သည်ကို သူသိသည်။ ဖန်းရှင်းဇွီမှာလည်း မိန်းမလှလေးတစ်ဦးပင် မဟုတ်ပါလား။

“ငါသာ ဒီမှာ မရှိရင် မင်းက သူမနဲ့လိုက်သွားမလား…” သူ၏ကျောပေါ်မှ ဟွာဖန်းလူက မေးလိုက်သည်။

“ကျွန်တော်က ဘာလို့လဲ… ကျွန်တော်က ပင်လယ်ထဲက ငါးတစ်ကောင်ပဲလိုတယ်… အဲဒီငါးက မြေခွေးမပဲ…” ရီဖူရှင်းက အေးအေးလူလူပင် ဖြေလိုက်သည်။ ဟွာဖန်းလူက ပြုံးလိုက်သည်… “မင်းလို မျက်နှာပြောင်တဲ့ကောင်ကို ငါ့သမီးက ဘယ်လို ကြိုက်သွားရတာလဲ…”

“ရုပ်ရည်လေ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

ဟွာဖန်းလူက မည်သို့မျှ ပြန်မပြောတော့ပေ။

“ဆရာ… ဘယ်တော့ သက်သာလာမလဲ… ဆရာ့ကို ဒီလို သယ်ပြီးသွားနေရင် လူတွေက အထင်လွဲတော့မယ်…” ရီဖူရှင်းက အသံနှိမ့်၍ မေးလိုက်သည်။

“မင်းက ငါ့ကို မသယ်ချင်ရင် ထောင့်တစ်နေရာမှာသာ ပစ်ထားခဲ့…” ဟွာဖန်းလူက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ တီအန်ယွာတောင် တိုက်ပွဲတွင် သူ၏ ဒဏ်ရာရနေသော မူလဝိညာဉ်အား ထုတ်လွှတ်ခဲ့ခြင်းက သူ့အခြေအနေအား ပို၍ ဆိုးရွှားစေခဲ့သည်။ ယခင်က မူလဝိညာဉ် မရှိသော်လည်း သူ၏စွမ်းအင်များအား အသုံးပြုနိုင်သေးသော်လည်း လက်ရှိမှာကား မတ်တတ်ရပ်ရန်ပင် အနိုင်နိုင်။ သူ၏ဒဏ်ရာများ ပြန်လည် ကောင်းမွန်ရန်ကား မျှော်လင့်ချက် မရှိပေ။

“တောင်းပန်ပါတယ်… ယောက္ခမကြီး…” ရီဖူရှင်းက လျင်မြန်စွာ တောင်းပန်လိုက်သည်။ ထိုမှသာလျှင် ဟွာဖန်းလူက တစ်ဖန် ပြုံးလိုက်တော့သည်။

“ငါတို့ အခု ဘယ်ကို သွားနေတာလဲ…” ဟွာဖန်းလူက မေးလိုက်သည်။

“လူတစ်ယောက်ကို သတ်မလို့…” ရီဖူရှင်းက ဖြေလိုက်သည်။

***

ချင်းကျူ ကျောင်းတော်၏အပေါ် ကောင်းကင်တွင် အနက်ရောင် သိမ်းငှက်ကြီးတစ်ကောင် ပျံဝဲနေသည်။ သူ၏စူးရှသော မျက်လုံးများက မြေဓာတ်ကျောင်းဆောင်အား စူးစိုက်ကြည့်ကာ တစ်စုံတစ်ခုအား ရှာဖွေနေသည်။

သူကား သူ၏ပစ်မှတ်အား မတွေ့သရွေ့ ကောင်းကင်တွင် လှည့်ပတ် ပျံဝဲနေပုံရသည်။ မကြာမီ ကျောင်းဆောင်ထဲမှ လူတစ်စု ထွက်ခွာလာပြီး ကျောင်းဝင်းထဲမှ စားသောက်ဆိုင် အချို့ရှိရာသို့ ထွက်ခွာလာကြသည်။ သိမ်းငှက်နက်ကြီးက သူတို့၏နောက်သို့ ပျံဝဲ၍ လိုက်ပါလာသော်လည်း လူအတော်များများက သတိမထားမိကြပေ။

နောက်ပိုင်းတွင် မူရွန်ချူအတွက် အရာအားလုံး အဆင်ချောမွေ့နေသည်။ တီအန်ယွာတောင် ခရီးစဉ်မှ ကျရှုံးခဲ့သည်ဟု ပြောနိုင်သော်လည်း သူကား အရှေ့ပင်လယ် စီရင်စု ဒုခေါင်းဆောင်နှင့် ကောင်းမွန်သော ဆက်ဆံရေးအား တည်ဆောက်နိုင်ခဲ့ပေသည်။ သူတို့က မူရွန်မိသားစုအား အဆင့်မြင့်စေခဲ့ပြီး သူကား ယခုဆိုလျှင် မိသားစုဆက်ခံသူအဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်သည်။ ထို့အပြင် သူ၏အဖေမှာ မြို့တော်ဝန် ဖြစ်သွားပြီဖြစ်ရာ တစ်မြို့လုံးမှာ သူတို့၏လက်ထဲတွင် ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

လူအတော်များများက သူ့အား သဘောမကျသည်ကို သူ နားလည်သော်လည်း သူဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ ထိုလူများက သူ့အား တလေးတစား ဆက်ဆံရမည်ဖြစ်သည်။

စားသောက်ဆိုင်၏ အတွင်းပိုင်းတွင်ကား လူအတော်များများ ရှိနေပြီး သူတို့အားလုံးမှာ ချင်းကျူ ကျောင်းတော်သားများ ဖြစ်ကြသည်။ မူရွန်ချူနှင့်သူ၏လူများ ရောက်လာသောအခါ စားသောက်ဆိုင်အတွင်းမှ လူများအားလုံးက ဦးညွှတ်၍ နှုတ်ဆက်ကြရသည်။ သူကား ထိုသို့ဆက်ဆံပုံအား အလွန်သဘောကျသည်။ သူက ထိုလူများအား ကျော်ဖြတ်လျက် ထိုင်ခုံတစ်နေရာတွင် ပြုံးလျက် ထိုင်လိုက်သည်။

အစားအစာများက စားပွဲပေါ်သို့ ရောက်သောအခါ သူတို့အုပ်စုတစ်ခုလုံး စကား စတင်ပြောနေကြပြီ ဖြစ်သည်။

“ဂျူနီယာလေး မူရွန်ချူက ဒီလိုရှားပါးတဲ့ ပါရမီကို ပိုင်ဆိုင်ထားတာပဲ… မင်းက ဒီလောက်မြန်မြန် ကောင်းကင်အဆင့်ကို ရောက်ခဲ့တယ်… မကြာခင် မင်းက ဓမ္မအဆင့်ကို ရောက်လိမ့်မယ်… ပြီးတော့ အကာနာအဆင့်…” မြေဓာတ်ကျောင်းဆောင် ကျောင်းသား တစ်ယောက်က မြှောက်လိုက်သည်။

တန်ခိုးကျင့်ခြင်း၏ ပထမလေးဆင့်မှာကား နိုးထခြင်း။ ကောင်းကင်။ ဓမ္မ။ အကာနာတို့ ဖြစ်ကြသည်။

ဓမ္မအဆင့်ကို ရောက်ရှိခြင်းက သူ့အား အကြီးအကဲဖြစ်ရန် လုံလောက်ပေသည်။ အကယ်၍ သူက သည်ထက်ပို၍ အနည်းငယ် စွမ်းအားကောင်းခဲ့ပါက ကျောင်းအုပ်ပင် ဖြစ်နိုင်ချေ ရှိပေသည်။ ချင်းကျူမြို့တွင် ရှိသော သူတိုင်း၏အမြင့်ဆုံး တန်ခိုးအဆင့်မှာကား ဓမ္မအဆင့်သာ ဖြစ်သည်။ အတိတ်က ဟွာဖန်းလူမှာ အကာနာအဆင့်အထိ ရောက်ခဲ့သောကြောင့် သူ့အား ချင်းကျူ တစ်မြို့လုံး၏ နံပါတ်တစ် မှော်ဆရာအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူကား အရှေ့ပင်လယ်ဒေသ၏ ထိပ်သီးပညာရှင်ဟု သတ်မှတ်နိုင်သည်။

“ဒါပေါ့… ဒါပေါ့… အနာဂတ်မှာ မူရွန်ချူက ချင်းကျူမြို့ကို ထိန်းချုပ်မှာ… ပုံမှန်ဆိုရင်ပဲ သူက တစ်မြို့လုံးရဲ့ စွမ်းအားအမြင့်ဆုံး တန်ခိုးရှင် ဖြစ်လာလိမ့်မယ်…” မူရွန်ရှန်းက သူမ၏ဝမ်းကွဲအစ်ကို အား မြှောက်ပြောလိုက် ပြန်သည်။

“ဒါမှန်တယ်… မင်းက တစ်မြို့လုံးကို မင်းလက်ဝါးထဲ ထည့်ထားပြီးတဲ့ အချိန်ကျရင် ငါတို့ကို မမေ့နဲ့… ဂျူနီယာလေး…” တစ်ယောက်က သူ၏ခွက်အား မြှောက်လျက် ပြောလိုက်သည်။ မူရွန်ချူ ကလည်း သိမ်မွေ့စွာပြုံးလျက် သူ၏ခွက်အား မြှောက်လိုက်သည်။ သူကား အတွေးနက်နေသောပုံကို ဖမ်းထားသေးသည်။

“ကြည့်ရတာ ငါက မိန်းကလေးတွေနဲ့ ပတ်သက်ရင် နည်းနည်း အသုံးမကျသလိုပဲ…” သူက ပြောလိုက်သည်။ သူ၏စကားက တစ်ဝိုင်းလုံးအား အနည်းငယ် တိတ်ဆိတ်သွားစေသည်။

မူရွန်ချူက ဟွာဂျီယူအား တိတ်တခိုး ကြိုက်နေသည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ သို့သော် သူမက ရီဖူရှင်းထံသို့ ရောက်သွားသည်။ ထို့နောက် မူရွန်ရှန်းက ဖန်းရှင်းဇွီနှင့် မိတ်ဆက်ပေးသည်။ လူတိုင်းက ဖန်းရှင်းဇွီမှာ သူ၏အိတ်ထဲသို့ ရောက်ပြီဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ဖန်းရှင်းဇွီမှာ ရီဖူရှင်းနှင့် ပတ်သက်၍ အမှန်တကယ် ပြတ်သားနိုင်ခြင်း မရှိခဲ့ချေ။

“အဲဒီခွေးမ… ဖန်းရှင်းဇွီက ကျေးဇူးမသိတတ်တာ… သူမက မင်းအတွက် မသင့်တော်ဘူး… ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်စရာမလိုဘူး…” နောက်တစ်ယောက်က ပြောလိုက်သည်။

“ဒါမှန်တယ်… ဂျူနီယာလေး… မင်းသာ လိုချင်တယ်ဆိုရင် မင်းကိုကြိုက်မည့် မိန်းကလေးတွေ အများကြီးပဲ…” သူ၏စီနီယာအစ်ကို တစ်ယောက်က နှစ်သိမ့်လိုက်သည်။

“ဖန်းရှင်းဇွီက ကန်းနေတာပဲ… ငါက သူ့ကို ရီဖူရှင်းနဲ့ ဝေးဝေးနေဖို့ ပြောခဲ့တယ်… ဒါပေမဲ့… နောက်ဆုံးမှာ သူမက ရီဖူရှင်းဆီ ရောက်သွားတာပဲ… အခုတော့ ဒီကောင်လည်း တီအန်ယွာတောင်မှာ သားရဲတွေ သတ်လို့သေပြီ… ဖန်းရှင်းဇွီတော့ နောင်တရနေမှာပဲ…” မူရွန်ချူက ပြောလိုက်သည်။

“သူမသေပါစေနဲ့လို့ ငါတကယ် မျှော်လင့်တယ်… ဒီလိုဆို အရာအားလုံးက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလိမ့်မယ်…” မူရွန်ချူက အေးစက်သောပုံစံဖြင့် ပြောလိုက်သည်။

“နင်မှန်တယ်… သူသာ မသေဘူးဆိုရင် နင့်ကိုမြင်တာနဲ့ ဒူးတွေတုန်နေမှာပဲ…” မူရွန်ရှန်းက ရယ်မောလိုက်သည်။ ရုတ်တရက် စားသောက်ဆိုင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သူမ သတိထားမိလိုက်သည်။ မျက်လုံးပေါင်းများစွာက သူတို့အုပ်စုအား ကြည့်နေကြသည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး စားသောက်ဆိုင် အဝင်ဝအား လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင်ကား အလွန် ချောမော ခန့်ညားသော လူငယ်တစ်ယောက်က ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“မင်းတို့ပြောတာတွေ အကုန်လုံးမှန်တယ်…” ရီဖူရှင်၏အသံ ထွက်ပေါ်လာသည် သူ၏ မျက်နှာတွင်ကား သရော်သော အပြုံးကို တွေ့ရသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset