အခန်း ( ၂၁၅ )

လက်ဖျောက်တစ်ချက်နှင့် ဟောကြားခြင်း

ပိုင်ရှောင်ချန်းသည် လုထျန်းလဲ့ကို ထိတ်လန့်တကြား စိုက်ကြည့်နေသော်လည်း စုန့်ကျင်းဝမ်ဆီမှ သူ့နာမည်ကို ခေါ်သံကြားလိုက်ရသောအခါ သူ့နားများပင် ဆတ်ခနဲထောင်သွားသည်။

သူတစ်ယောက်တည်းပင် မက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ တခြားကျင့်ကြံသူများသည် လုံးဝတိတ်ဆိတ်သွားပြီး စုန့်ကျင်းဝမ်ကို လှမ်းကြည့်ကြသည်။ ပိုင်ရှောင်ချန်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် လုံးလုံး မကောင်းသတင်း
ဖြင့် ကျော်ကြားသည်။ စုန့်ချွဲထံမှ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ခိုးယူရုံမက သူ့ပညာသင်ဖက်ညီအစ်ကိုများစွာကို မြေခဓားချောက်ကမ်းပါးမှာ သတ်ပစ်လိုက်သည်။ အဓိကအားဖြင့် ထိုအခြင်းအရာများနှင့် တခြားအကြောင်းများကြောင့် သူက အလွန်လူသိများသူဖြစ်လာသည်။

“မဟာအကြီးအကဲစုန့်… ရှင်ရောက်လာတာ နောက်ကျသွားတယ် ”

ရွှီမေ့ရှန်းသည် စိတ်မကောင်းစွာ ပြောလိုက်သည်။

“ဂိုဏ်းတူမောင်လေးပိုင်က အခု ဂူပိတ်တရားကျင့်ကြံ နေတယ်။”

စုန့်ကျင်းဝမ်က ပြုံးသည်။ ခေါင်းကို ညိတ်လျက် မျှော်လင့်တကြီး သက်ပြင်းချကာ ပြောလိုက်သည်။

” ပိုင်ရှောင်ချန်းက ထူးဆန်းပြီး ခန့်မှန်းရခက်တဲ့ ပြိုင်စံရှားပါရမီရှင်လို့ ကြားတယ်။ သူနဲ့ မတွေ့ရတာ နှမြောစရာပဲ ”

သူမ၏ ကြင်နာသော မျက်နှာထားနှင့် သူမ၏ဟန်ဆောင် ခံစားချက်တို့ပေါင်းစုံသွားသောအခါ သူမကို သာမန်ထက်လွန်ကဲသော ဆွဲဆောင်မှုရှိပုံ ပေါ်စေသည်။ ရွှီမေ့ရှန်းသည် သူမပုံစံအနေဖြင့် အလွန်လှပသော်လည်း စုန့်ကျင်းဝမ်နှင့် နှိုင်းယှဥ်ပါက သာမန်နီးနီးလောက်သာ ဖြစ်သွားသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူများသည် စုန့်ကျင်းဝမ် ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုသည်ကို ကောင်းကောင်း သိထားသည့်အတွက် အလျင်အမြန် ဦးညွတ်ထားကြသည်။ သို့သော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင်ကြံသူများသည် ကြိုတင်ပြင်ဆင်ချိန်မရလိုက်သောကြောင့် စုန့်ကျင်းဝမ်၏ အလှတွင် မြောနေကာ သူမကို အတန်ကြာ ငေးကြည့်နေမိကြသည်။ လုထျန်းလဲ့၏ မျက်လုံးများသည် ထူးထူးခြားခြား လင်းလက် တောက်ပလာသည်။

“မဟာအကြီးအကဲစုန့်…ဂိုဏ်းထဲမှာ အစ်မလိုမျိုး မွေးရာပါ ပုရိသများကို တမ်းညွတ်စေနိုင်သူတစ်ယောက်လုံးရှိနေတာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း အလယ်တောင်ထိပ်က တပည့်တွေအနေနဲ့ ဘယ်လိုလုပ် ကျင့်ကြံတာကို အာရုံစိုက်နိုင်ပါတော့မလဲ ”

ရွှီမေ့ရှန်းက မျက်လုံးများ တဖိတ်ဖိတ်တောက်ပစွာ ပြောလိုက်သည်။

သူမ၏ စကားများသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူများကို ငေးမောနေမှုမှ သတိပြန်လည်လာစေသည်။

ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်သည် ။ သူ့ကိုယ်သူ ယခင်ကထက် ပိုဂုဏ်ယူနေမိပြီး မျက်နှာဖုံးကို ချက်ချင်းဆွဲချွတ်ကာ မြေခွေးမစုန့်ကျင်းဝမ်အား
” ဟန်ဆောင်နေတာတွေ လုံလောက်ပြီ စုန့်ကျင်းဝမ်..။ ကိုယ်တော်ပိုင် ဒီမှာ ရှိတယ် “ဟု ပြောလိုသောစိတ်များ တဖွဖွ ဖြစ်ပေါ်နေသည်။

သူသည် ယခုထိ ငေးမောကြည့်ေနသော လုထျန်းလဲ့ကို အလွန်အထင်သေးစွာ လှမ်းကြည့်လိုက်သည်။ ထို့နောက် စုန့်ကျင်းဝမ်ကို ဝတ်စုံပြောင်းလဲဝတ်ဆင်အောင် ပြုလုပ်နိုင်သော သူ၏ဥာဏ်ပညာကြီးရင့်မှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်နေမိသည်။ သူမသာ ဝတ်နေကျ အလွန်ဆွဲဆောင်မှုရှိသော ဝတ်စုံကို ဝတ်ဆင်ထားမည်ဆိုပါက လုထျန်းလဲ့မှာ သွေးပွက်ပွက်အန်နေမည်ကို မြင်ယောင်နေမိသည်။

ပိုင်ရှောင်ချန်းသည် စိတ်ထဲတွင် ကျိတ်ကာ သက်ပြင်းချလိုက်သော်လည်း စုန့်ကျင်းဝမ်သည် သူမပါးစပ်ကို လက်ကလေးနှင့် အုပ်ကာ လွတ်လပ်ပေါ့ပါးစွာ တခစ်ခစ်ရယ်မောလိုက်သည်။ ရွှီမေ့ရှန်း၏ ထေ့ငေါ့သောစကားလုံးတို့ကို သတိမပြုမိဟန်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ကမ်းပါးကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ပိုင်ရှောင်ချန်းက မွှေးရနံ့တိမ်တောင်ထိပ်က စတင်ခဲ့တာလို့ ကြားတယ်။ တောင်ထိပ်သခင်ရွှီ… ခဏလောက် လှည့်ပတ်ကြည့်ရှုလို့ရမလား ”

ရွှီမေ့ရှန်းတွင် ငြင်းပယ်နိုင်ရန် အကြောင်းမရှိပါ။ တကယ်တော့ သူမ၏တာဝန်သည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လူများကို လိုက်ပြဖို့ပင်။ ခေါင်းတစ်ချက်ညိတ်လျက် သူတို့ကို မွှေးရနံတိမ်တောင်ဆီသို့ ဦးဆောင်၍ ခေါ်သွားသည်။

သူတို့ ချဥ်းကပ်သွားသောအခါ အလင်းတန်းတစ်ခုက သူ့တို့ဆီသို့ ပျံသန်းဝင်ရောက်လာသည်။ ထိုလူမှာ မိန်းမပျိုတစ်ယောက်ဖြစ်ပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ တမူထူးခြားစွာ လှပနေ၏။ ကောင်းကင်ဘုံက နတ်ဘုရားမလေးတစ်ပါး အလား ထင်ရသည်။ ထိုမိန်းမပျိုသည် ကျိုးရှင်းချီမှလွဲပြီး အခြားသူ မဟုတ်ချေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအများစုက သူမကို သိကြသည်ဖြစ်ရာ သူ့တို့၏ မျက်နှာအမူအရာများက အလွန်လေးနက်သွားသည်။

” တောင်ထိပ်သခင်ကို နှုတ်ဆက်ပါတယ် ”

သူမက တည်ငြိမ်စွာနှင့် လေးလေးစားစား လက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို လှမ်းကြည့်လိုက်သည်။

ရွှီမေ့ရှန်းသည် ပြုံးကာ ပြောလိုက်သည်။

“ရှင်းချီ၊ ဒါကတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အလယ်တောင်ထိပ်က မဟာအကြီးအကဲစုန့်လေ။ သူတို့ကို မွှေးရနံ့တိမ်တောင်ကို လိုက်ပြပေးနိုင်မလား ”

ကျိုးရှင်းချီက ခေါင်းညိတ်ပြပြီးနောက် အုပ်စုကို ရှေ့မှ ဦးဆောင်ပြီး ခေါ်သွားသည်။

သူတို့သည် ဂိုဏ်းမှ ကြိုတင်စီစဥ်ထားေသာ လမ်းကြောင်းအတိုင်း တောင်ခြေမှစသွားြကသည်။ အကြောင်းတချို့ကြောင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း မြင်နိုင်မည့်အရာများကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အထူးတလည် စီစဥ်ထားသည်။ လမ်းတစ်လျှောက်တွေ့ရသော တပည့်များပင်လျှင် အထူးအစီအစဥ်ဖြင့် နေရာချထားသည်။

ကျိုးရှင်းချီခေါ်ဆောင်ရာ တစ်လျှောက်လုံး
ပိုင်ရှောင်ချန်းသည် မွှေးရနံ့တိမ်တောင်၊ အပင်ငယ်နှင့် သစ်ပင်ကြီးအားလုံးကို ကြည့်ရှုပြီး စိတ်ထဲမှာ ကျိတ်ကာ သက်ပြင်းချလိုက်သည်။

” ငါ ပိုင်ရှောင်ချန်းက တကယ့်ကို နာမည်ကျော်ကြားလွန်းတာပဲ။ ငါ့အကြောင်းကို လူတိုင်းသိကြတယ်။ စုန့်ကျင်းဝမ်တောင် ငါနဲ့တွေ့ခွင့်ရဖို့ အဝေးကြီးကနေ လာခဲ့ရတယ်။ အီး.. ငါက သိုသိုသိပ်သိပ်နေချင်တာပါကွာ။ နာမည်ကြီးလွန်းတာက တကယ်စိတ်ပျက်စရာပဲ ”

သူသည် တစ်လမ်းလုံး သက်ပြင်းချနေခဲ့သည်။ နောက်ဆုံး ခရီးတစ်ဝက်လောက်တွင် စုန့်ကျင်းဝမ်က အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“တာအိုရောင်းရင်း တောင်ထိပ်သခင်ရွှီ၊ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ပါရမီရှင် ပိုင်ရှောင်ချန်းနေခဲ့တဲ့ မွှေးရနံ့တိမ်တောင်က သူ့ရဲ့ အင်မော်တယ်ဂူအဟောင်းကို တစ်ချက်လောက်
ကြည့်ချင်လို့ ဖြစ်နိုင်ပါ့မလား ”

ကျိုးရှင်းချီသည် ရွှီမေ့ရှန်းကိုမျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရွှီမေ့ရှန်း၏ မျက်လုံးများက တဖိတ်ဖိတ်တောက်လာပြီး စုန့်ကျင်းဝမ်၏ စူးရှသောအကြည့်ကို အပြုံးနှင့် တုံ့ပြန်လိုက်သည်။

“သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အလယ်တောင်ထိပ်က လူတစ်ယောက်အကြောင်းကို ကျမ ကြားဖူးတယ် ”

သူမက ဆက်လက်၍

” ကောင်းကင်ကကြယ်တာရာတွေကို ကြည့်ရှုပြီး ဟောပြောနိုင်တဲ့ နတ်ဆရာလို့ခေါ်တဲ့လူပဲ။ အဲဒီ တာအိုရောင်းရင်းရဲ့ ကျော်ကြားတဲ့ ဂုဏ်သတင်းအရဆိုရင် မောင်လေးပိုင်ရဲ့ အင်မော်တယ်ဂူ နေရာကို ပြောပြခန့်မှန်းေစတာ ပိုကောင်းမလား ”

ရွှီမေ့ရှန်းသည် နတ်ဆရာကို လှမ်းကြည့်လိုက်သည်။

နတ်ဆရာ၏ မျက်နှာထားက ခံစားမှုကင်းမဲ့ကာ ဘဝင်မြင့်နေပြီး စိတ်ထဲတွင်တော့ သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေသည်။

စုန့်ကျင်းဝမ်၏ မျက်လုံးအိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားသော်လည်း အနည်းငယ်တွေးတောပြီးနောက် သူမသည် နတ်ဆရာဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

ဤအခွင့်အရေးက သူ၏ဂုဏ်သတင်း ကျော်ကြားရန်အတွက်ဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ရင်း နတ်ဆရာက လည်ချောင်းရှင်းလိုက်သည်။ သူ့အရည်အချင်းများကို အစွမ်းကုန် ထုတ်ပြရတော့မည်။

“ကျုပ်မှာ အစွမ်းထက်တဲ့သိုင်းပညာကို မတတ်မြောက်ပေမယ့် ကောင်းကင်ကြီးကို ကြည့်ရှုပြီး နိမိတ်ဖတ်တဲ့နေရာမှာ ကျုပ်ကို ယှဥ်နိုင်တဲ့လူမရှိဘူး ”

ပိုင်ရှောင်ချန်းကို ပမာမခန့် ဖျတ်ခနဲ ကြည့်လိုက်ရင်း နတ်ဆရာက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှစ်ခုစလုံးမှ လူတိုင်းက ကြည့်နေကြသည့်အတွက်ကြောင့် သူ့ညာဘက်လက်ကို မြှောက်လိုက်ပြီး ဂါထာမန္တန် ရွတ်ဆိုဟန် လုပ်လိုက်သည်။

တချိန်တည်းမှာပင် မန္တန်များ မန်းမှုတ်နေသောကြောင့်ထင် သူ့မျက်လုံးများ တလက်လက်တောက်ပလာသည်။ တတွတ်တွတ်ရွတ်ဆိုနေရင်း သူ့လက်က ပိုမိုလျင်မြန်လာနေကာ ပုံရိပ်များသည် သူ့မျက်လုံးတွေထဲမှာ တဖျပ်ဖျပ်လင်းလက်နေသည်။ သို့သော် မြူခုးများက သူ့မျက်လုံးများကို ဖုံးကွယ်လာဟန်ရှိြပီး ကောင်းကောင်းမမြင်ရအောင် လုပ်နေသည်။

“မန္တန်အစီအရင်နဲ့ ကာကွယ်ထားတာကိုး!”

နတ်ဆရာက ခံစားမှုကင်းမဲ့စွာ စိတ်ထဲကြိတ်၍ ရယ်မောလိုက်ရင်း ပြောသည်။ ထိုအခြင်းအရာအတွက် ပြင်ဆင်ထားပြီးဟန်တူသည်။ သူကိုင်ထားသော အိတ်ကို ပုတ်လိုက်ပြီး အချိန်စွမ်းအား ဖြာထွက်နေသော မီးခိုးရောင်အရိုးတုံးကြီးကို ထုတ်လိုက်သည်။ အတုံးအပိုင်းအစလေးများ ဖြစ်အောင် အပြင်းအထန် ဖိချေကာ မန္တန်များကို ပိုမိုရွတ်ဆိုလိုက်သည်။

နတ်ဆရာက အရိုးထဲမှ ထွက်လာသော မီးခိုးတန်းကလေးများကို ရှူသွင်းလိုက်သည်။ ဘေးမှာ ရွှီမေ့ရှန်းနှင့်အတူ လူတိုင်းက အသက်ပင်ရဲရဲမရှူနိုင်ဘဲ ကြည့်နေကြသည်။

နတ်ဆရာ၏မျက်နှာက တဖြည်းဖြည်း အရောင်ဖျော့လာပြီး နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်လာသည်။ ခဏအကြာ၌ သူ့ မျက်လုံးများ ပြူးကျယ်သွားသည်။ ယခုချိန်ထိ သူ၏အားထုတ်မှုများ သက်ရောက်မှုမရှိသေးသည်ကို အံ့သြသွားသည်။ သူ၏ ရှေးဟောင်းအရိုးတုံးကြီးတောင်မှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကြောက်စရာ အားကောင်းသော မန္တန်အစီအရင်ကို မထိုးဖောက်နိုင်ပေ။ ထိုအရာက ကျူးကျော်လာသမျှ မှော်ပညာရပ်များကို ခုခံနိုင်သည်အထိ အားကောင်းလွန်းလှသည်။

တကယ်တော့ ဝေဒပညာကို ထပ်မံလုပ်ဆောင်ပါက ပြောလျှင်ပြောနိုင်လောက်သည်။ သို့သော်စိတ်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်စေပြီး သေသည်အထိပင် စွမ်းအားများ ခမ်းခြောက်သွားစေနိုင်သည်။ နောက်ထပ် ဆက်မလုပ်ရဲတော့သဖြင့်လက်လျှော့လိုက်သည်။သူ့ မျက်လုံးများအရောင်လက်လာပြီး သူလုပ်နေသည်ကို သဘောကျစွာကြည့်ရှုနေသာ ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်သည်။

နတ်ဆရာ၏ စိတ်ထဲမှာ သတ်ချင်စိတ်ပေါက်နေသည်။နောက်ဆုတ်လိုက်ပြီး စုန့်ကျင်းဝမ်ဘက်လှည့်ပြီး အရိုအသေပြု နှုတ်ဆက်လိုက်သည်။

” လမ်းမှာတုံးက ဂိုဏ်းတူညီလေး ညမုဆိုး က ဟိုးမိုးကောင်းကင်မှသည် အောက်ခြေငရဲအထိ အလုံးစုံကို သိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ အင်္ကျီလက် တစ်ချက်ဝှေ့လိုက်တာနဲ့ အရာရာတိုင်းကို တွက်ချက်ထုတ်ဖော်နိုင်တယ်တဲ့။ ကျုပ် နတ်ဆရာက မွှေးရနံ့တိမ်တောင်မှာရှိတဲ့ ပိုင်ရှောင်ချန်းရဲ့ အင်မော်တယ်ဂူတည်နေရာကို မဆုံးဖြတ်နိုင်ပေမယ့် ဂိုဏ်းတူညီလေး ညမုဆိုးကတော့ နေရာကို မှန်းဆ သိနိုင်လောက်တယ်။ သူ့ရဲ့အကြားအမြင်ပညာနဲ့ဆို နည်းနည်း အားထုတ်လိုက်ရင် သေချာပေါက် အောင်မြင်နိုင်မှာပါ။ ဟုတ်တယ်မလား ဂိုဏ်းတူညီလေး ညမုဆိုး ”

စကားပြောပြီးသည်နှင့် ပိုင်ရှောင်ချန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

ပိုင်ရှောင်ချန်း အတော်လေး စိတ်ရှုပ်သွားသည်။ သူက ဟောကြားနေသည်အားကြည့်ကာ သဘောကျနေသည်ဖြစ်သော်လည်း အရှက်မဲ့နေသော နတ်ဆရာက သူ့ဘာသာ ရှုံးနိမ့်ပြီးနောက် ယခုကိစ္စထဲ သူ့ပါ ဆွဲသွင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ နတ်ဆရာ၏ ဖျော့တော့ပြီး ချွေးပျံနေသော မျက်နှာက ဤနေရာ၌
ဝေဒပညာကို လုပ်ဆောင်ရန် မည်မျှ ခက်ခဲပြီး အန္တရာယ်များလဲ ဆိုတာ သိသာနေသည်။

ရွှီမေ့ရှန်းသည် ပိုင်ရှောင်ချန်းကို သိလိုစိတ်ပြင်းပြစွာ လှမ်းကြည့်သည်။ ကျိုးရှင်းချီ၏ အကြည့်သည် ရေခဲကဲ့သို့ အေးစက်နေပြီး စိတ်စွမ်းအင် နတ်ရေစင် ဂိုဏ်းမှ တစ်ခြားလူများကလည်း သူတို့မျက်နှာပေါ်တွင် လေးနက်သော အကြည့်များရှိနေသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအုပ်စုအတွက်တော့ သူတို့အားလုံး ရှေ့ဆက် ဘာဖြစ်မလဲ ဆိုသည်ကို အလွန်စိတ်ဝင်စားနေကြသည်။

နတ်ဆရာသည် ခံစားချက်ကင်းမဲ့စွာ ရယ်ပြီး ပြောလိုက်သောအခါ စုန့်ကျင်းဝမ်သည် မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောတော့မည့်ဆဲဆဲ ဖြစ်နေသည်။

“ဂိုဏ်းတူ ညီလေး ညမုဆိုး၊ ဒီကိုလာတဲ့လမ်းတစ်လျှောက်မှာ အကုန်လုံးကို သိနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဘာတွေမှားနေလို့လဲ။ အခု ဝေဒပညာရပ်ကို ထုတ်ဖော်ဖို့ ဘာလို့ တော်တော်ကြောက်နေရတာလဲ။ ဧကန္တ အရင်က ပြောခဲ့တာ အားလုံးက ကြွားဝါရုံ သက်သက်ပဲလား။ မင်းသာ ပိုင်ရှောင်ချန်းရဲ့ အင်မော်တယ်ဂူတည်နေရာကို မှန်းနိုင်ရင် နတ်ဆရာဆိုတဲ့ကျုပ်က အရှုံးကို ဝန်ခံပါ့မယ်။ မင်းလက်အောက်ငယ်သားတစ်ယောက်လိုလည်း မင်းကို ဂါရဝပြုမယ် ”

နတ်ဆရာ၏ စကားများေကြာင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းများသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း ညမုဆိုးနှင့် နတ်ဆရာကဲ့သို့ ကျော်ကြားသော ပုဂ္ဂိုလ်နှစ်ဦးကြား အချင်းချင်း အားပြိုင်နေသည်ကို မြင်ရခြင်းအား ကျေနပ်နေဟန်တူသည်။ ဤအခြင်းအရာက သူတို့အတွက် ကောင်းသောအရာတစ်ခုပင်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဘက်မှာတော့ ညမုဆိုး က သူ့ကိုယ့်သူ အရူးလုပ်သလိုြဖစ်နေမည်ကိုသာ မြင်ချင်နေကြသည်။ မည်သူမှ ကြားဝင် မပြောနိုင်စေရန် သေချာအောင် နတ်ဆရာက အထူးသဖြင့် စကားကို မည်သို့ ရွေးခြယ်ပြောလဲဆိုသည်မှာ စဥ်းစားကြည့်လျှင်ပင် သိနိုင်သည်။

စုန့်ကျင်းဝမ်၏ မျက်လုံးများ ပိုမိုကျဥ်းမြောင်းလာသည်။ သူမသည် နတ်ဆရာ လုပ်နေသောအရာအားလုံးကို မပျော်တော့ဘဲ သူမ၏ မျက်လုံးများမှာ အေးစက်စက်အလင်းများ တောက်ပလာသည်။

လူအားလုံးက သူ့အားကြည့်နေသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းက မျက်တောင် တဖျပ်ဖျပ်ခတ်လိုက်သည်။ သူ၏အင်မော်တယ်ဂူကို သူဘယ်လိုလုပ် မသိဘဲရှိမည်နည်း။ ထို့ပြင် အင်မော်တယ်ဂူကို မြင်တွေ့ခွင့်ရပါကလည်း လူအားလုံး၏အမြင်တွင် ဆိုးဆိုးဝါးဝါးဖြစ်နေလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုရသော် အင်မော်တယ်ဂူပျက်စီးသွားခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

သို့ဖြစ်ရာ သူက မေးကိုပင့်လိုက်ပြီး နတ်ဆရာကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။ လည်ချောင်းရှင်းလိုက်ပြီး ရှေ့သို့အနည်းငယ်လှမ်းသွားကာ အေးစက်စက်ပြောလိုက်သည်။
“ ကောင်းတယ်။ ညမုဆိုးဆိုတဲ့ ကျုပ်က သိုသိုသိပ်သိပ်နေရတာကို အမြဲသဘောကျခဲ့တယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ကျုပ်ရဲ့စစ်မှန်တဲ့အရည်အချင်းတွေနဲ့ပါရမီတွေကို ထုတ်ပြဖို့ တစ်ခါမှ စိတ်မဝင်စားခဲ့ဘူး။ ပြီးတော့ ကျုပ်အရည်အချင်းတွေ ထုတ်ပြမိလိုက်တိုင်း ကျုပ်မှာ မခံမရပ်နိုင်အောင် ခေါင်းအမြဲတမ်းကိုက်ရတယ် ”

“ ဒါပေမဲ့ နတ်ဆရာက အတင်းအကြပ်တောင်းဆိုလာမှတော့ ကျုပ်အနေနဲ့ အနည်းငယ်လောက် နိမိဖတ်ပြမှရတော့မယ် ”
သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရင်း သူ့မျက်လုံးတွေမှာ လေးနက်သောအလင်းတန်းများနှင့် တဖျပ်ဖျက်လာသည်။ သူ့အသွင်က ပေါက်ကွဲတော့မည့် စွမ်းအင်လုံးကြီးတစ်ခုအလား ထင်ရသည်။

သူ့ဆံပင်များက လေထဲမှာ တဖျပ်ဖျပ်လွင့်လာသည်။ သူက မန္တန်လက်ကွက်ကို ထုတ်ဖော်ခြင်း သို့မဟုတ် တီးတိုးရေရွတ်ခြင်းများ ပြုလုပ်ရမည့်အစား သူ့မျက်လုံးများကို မှိတ်ကာ လက်ကို လေပေါ်သို့ မြှောက်လိုက်သည်။ ကောင်းကင်၊ မြေကြီးနှင့် ဆက်သွယ်နေဟန်ရှိပြီး သူ့ပတ်လည်ရှိ ကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်လာသလို ထင်ရသည်။

ထိုမြင်ကွင်းကြောင့် နတ်ဆရာက ပိုင်ရှောင်ချန်းသည် အဓိပ္ပာယ်ကင်းမဲ့သော လှည့်ကွက်များနှင့် လူအားလုံး အထင်ကြီးအောင် လှည့်စားနေခြင်းဖြစ်သည်ဟု ယုံကြည်နေကာ စိတ်ထဲမှာ အေးစက်စက်ကြိတ်ရယ်နေ၏။
“ ငါတောင် နည်းနည်းလေးမှ အငွေ့အသက်တွေမရခဲ့တာ မင်းက ဟောနိုင်မယ်လို့ ထင်နေတာလား ”
သူတွေးနေ၏။

အသက်ရှူချိန်များစွာ ကျော်ဖြတ်လာခဲ့သည်။ အသက်နှစ်ဆယ်ရှူချိန်သို့ ရောက်သောအခါ နတ်ဆရာ၏ အေးစက်စက်အပြုံးမှာ ပိုမိုပီပြင်လာပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ စတင်သံသယဝင်လာသည်။ သို့သော် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ သူ့မျက်လုံးများမှာ ထူးဆန်းသော အလင်းတန်းများနှင့် တဖျပ်ဖျပ်လက်နေသည်။ တွေဝေနေခြင်းမရှိဘဲ သူက အတန်ငယ်ဝေးသောနေရာသို့ ညွှန်ပြလိုက်သည်။
“ အဲဒီနေရာပဲ။ ကျုပ်နောက်ကို လိုက်ခဲ့ကြ ”

ခြေလှမ်းကျဲကျဲနှင့်ရှေ့လျှောက်သွားရင်း မွှေးရနံ့တိမ်တောင်ကို ဖြတ်၍ လူအုပ်ကြီးကို ခေါ်ဆောင်လာကာ ကျောက်ပုံကြီးတစ်ခုကလွဲပြီး ဘာမှမရှိသောနေရာသို့ ရောက်ရှိလာခဲ့သည်။

“ ဒါက ပိုင်ရှောင်ချန်းရဲ့ အင်မော်တယ်ဂူပဲ ”
သူက ဝင့်ကြွားစွာ ပြောလိုက်သည်။ သူ့လေသံက ဓားပါးလေးများ နစ်ဝင်လာသည့်အလား စူးရှပြတ်သားနေသည်။

“ မင်းနောက်နေတာလား ”
နတ်ဆရာက အပြစ်မြင်သောလေသံနှင့် ခပ်ထေ့ထေ့ပြောလိုက်သည်။
“ ဒီကျောက်ပုံကြီးက ပိုင်ရှောင်ချန်းရဲ့ အင်မော်တယ်ဂူလား ” သူက အေးစက်စက်ရယ်မောလိုက်သည့်တိုင် တစ်စုံတစ်ခု လွဲမှားနေသည်ကို ရုတ်ချည်း ခံစားလိုက်ရသည်။ ဘေးပတ်လည်ရှိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို လှည့်ပတ်ကြည့်လိုက်ရင်း သူ၏မျက်လုံးများ ပြူးကျယ်လာ၏။

ကျိုးရှင်းချီမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရွှီမေ့ရှန်းမှာ ဆွံ့အနေသည်။ ဖက်တီးကျန်းကြီးမှာ သိသိသာသာ တုန်ခါနေပြီး တခြားစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည်လည်း အလားတူ အံ့အားသင့်နေကြသည်။ သူတို့အားလုံးက မှန်းဆရန် ခဲယဉ်းသော စူးရှတောက်ပသည့် မျက်လုံးတွေနှင့် ပိုင်ရှောင်ချန်းကို ကြည့်လာကြသည်။ သိသာထင်ရှားစွာပင် ညမုဆိုး၏ မယုံနိုင်စရာကောင်းသော လုပ်ဆောင်မှုကြောင့် သူတို့အံ့သြတုန်လှုပ်နေကြသည်။

အထူးသဖြင့် ကျိုးရှင်းချီနှင့် ရွှီမေ့ရှန်းတို့ကိုပြောလျှင် ပိုမှန်လိမ့်မည်။ သူတို့က မန္တန်အစီအရင်၏အလုပ်လုပ်ပုံများနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ပြီး မည်သည့်မှော်ပညာရပ်မှ ထိုးဖောက်နိုင်ခြင်းမရှိသည်ကို နားလည်ထားသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူများသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏မျက်နှာတွေထက်ရှိ အမူအရာများကို မြင်တွေ့လိုက်ရသောအခါ ညမုဆိုးက ပိုင်ရှောင်ချန်း၏အင်မော်တယ်ဂူတည်နေရာကို မှန်ကန်စွာ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း နားလည်သွားသည်။ ချက်ချင်းပင် သူတို့နှလုံးသားထဲတွင် ကြောက်လန့်တုန်လှုပ်မှုများ ကြီးစိုးလာခဲ့၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအများစုက ဝေဒပညာရပ်ကို အတော်အသင့် တီးမိခေါက်မိကြသော်လည်း အများစုက အတွေ့အကြုံနုနယ်သည်။ နတ်ဆရာကဲ့သို့ ပညာရပ်တွင် ဆရာတစ်ဆူဖြစ်နေသူမှာ ရှားပါးလွန်းသည်။ သို့တိုင် ညမုဆိုးက နတ်ဆရာကို လုံးဝအနိုင်ယူသွားခဲ့သည်။ အံ့သြတုန်လှုပ်စရာကောင်းသော အဖြစ်အပျက်၏ အလှည့်အပြောင်းတစ်ခုပင်။

စုန့်ကျင်းဝမ်သည်လည်း ဆွံ့အနေသည်။ ပိုင်ရှောင်ချန်းကို ကြည့်နေရင်း သူမ၏မျက်နှာအမူအရာက ယခင်ကထက် ပိုမိုရှုပ်ထွေးလာသည်။ သူက ဝေဒပညာရပ်ကို တတ်မြောက်ထားလိမ့်မည်ဟု သူမ တစ်ခါမှ တွေးမထားမိခဲ့ချေ။

နတ်ဆရာမှာ စကားမပြောနိုင်လောက်အောင် အံ့အားသင့်ကာ မယုံမကြည်ဖြစ်လျက် တဆတ်ဆတ်တုန်ခါလာသည်။
“ မဖြစ်နိုင်ဘူး။ ဒါ လုံးဝမဖြစ်နိုင်ဘူး………”


Comment

Leave a Reply

Options

not work with dark mode
Reset