Switch Mode

အခန်း (၄၂၆)

တစ်ဝက်တစ်ပျက် ဓမ္မလက်နက်

ဝမ်ပေါင်လဲ့မှာ အခြေတည်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီးနောက် စိတ်လှုပ်ရှားစရာဖြစ်ရပ်များနှင့် တစ်ခုပြီးတစ်ခု ကြုံခဲ့ရ၏။ ဥပမာဆိုရလျှင် နောက်နေ့သို့ရောက်သောအခါ လင်းတျန်ဟောက်မှာ သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့၍ ဓမ္မလက်နက်သန့်စင်ခြင်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများနှင့် အဆောင်ဝိညာဉ်များအားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်း အသိပေးလိုက်၏။

ဓမ္မလက်နက်များ သန့်စင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများမှာ အလွန်အင်မတန်မှ‌ ဈေးကြီးပေသည်။ အထူးသဖြင့် အဓိကနေရာ၌ အသုံးပြုရမည့် ပစ္စည်းများဆိုလျှင် ပို၍ပင် ဈေးမြောက်၏။ ထို့အပြင် ၎င်းတို့မှာ အကန့်အသတ်နှင့် ရောင်းချသော ပစ္စည်းများသာဖြစ်သောကြောင့် ဝယ်ယူရန် ခဲယဉ်းလွန်းပေသည်။ ၎င်းတို့အား ဝယ်ယူရန် ဆန္ဒရှိလျှင်တောင် ဝယ်ယူနိုင်မည့်နေရာကို အလွယ်တကူမသိနိုင်ပေ။

ဝမ်ပေါင်လဲ့ သန့်စင်ချင်သည့် အော်လံကြီးမှာ ၎င်း၏ အသံအား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားစေနိုင်ရန် အပိုပစ္စည်းများစွာ လိုအပ်သေးသည်။ ထို့ကြောင့် လင်းတျန်ဟောက်မှာ လိုအပ်သောပစ္စည်းများအားလုံး ရရှိနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ရပြီး ခုန်းတောက်နှင့် ကျင့်သိုမင်တို့ကိုပါ အကူအညီတောင်းခဲ့ရ၏။ သူတို့သုံးယောက်ပေါင်း၍ ရှာဖွေခဲ့သည့်တိုင်အောင် အချိန်အကြာကြီး ပေးခဲ့ရသည်ဖြစ်ရာ ထိုပစ္စည်းများကို ရှာဖွေရသည်မှာ မည်မျှအထိခက်ခဲကြောင်း သိရှိနိုင်ပေသည်။

ထို့အပြင် အဆောင်ဝိညာဉ်များကို ရှာဖွေရသည်မှာလည်း ခဲယဉ်းနေ၏။ ပထမအချက်အနေနှင့် အဆောင်ဝိညာဉ် ဖြစ်လာမည့် သားရဲကြီးများ၏ ဝိညာဉ်များကို သားရဲကြီးများ၏ ခန္ဓာကိုယ်များထဲမှ ထုတ်ယူစဉ် ၎င်းတို့အား အထိခိုက်ခံ၍ မရပေ။ ထိုသို့ ထုတ်ယူရန်မှာ အလွန်အင်မတန်မှ ခက်ခဲပြီး သားရဲကြီးများ၏ အစွမ်းပေါ်လိုက်၍ ပို၍ ခဲယဉ်းလာမည်သာ ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဓမ္မလက်နက်နှင့် လိုက်လျောညီထွေမှု ရှိနိုင်ရန်အတွက် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မလက်နက်၏ အစွမ်းကို လင်းတျန်ဟောက်အား ရှင်းပြခဲ့၏။ သို့မှသာ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အဆောင်ဝိညာဉ်အမျိုးအစားကို ရှာဖွေနိုင်မည် ဖြစ်သည်။ သူ၏ ဓမ္မလက်နက်နှင့် လိုက်လျောညီထွေမှုရှိနိုင်မည့် အဆောင်ဝိညာဉ်မှာ အသံအကျယ်ကြီးတစ်ခုကို ထုတ်လွှတ်ပေးနိုင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် လင်းတျန်ဟောက်မှာ ရက်ပေါင်းများစွာအချိန်ပေး၍ ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် အခြေတည်အဆင့်၌ရှိသော ကျားတစ်ကောင်၏ ဝိညာဉ်အား ရှာတွေ့သွားခဲ့၏။

၎င်းမှာ အဆောင်ဝိညာဉ်အဖြစ် အသုံးပြုနိုင်သည့် အကောင်းဆုံး ဝိညာဉ်တစ်ခု မဟုတ်ပါသော်လည်း သူရှာတွေ့သမျှထဲတွင် အကောင်းဆုံးပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ အလွန်အင်မတန်မှ စိတ်ကျေနပ်နေရပြီဖြစ်သည်။ ထို့ကြောင့် လင်းတျန်ဟောက် သူ့ဆီသို့ ထိုပစ္စည်းများ ပေးပို့လိုက်သောအခါ သူသည် သူ၏ တံခါးပိတ်ကျင့်စဉ်ကို ချက်ချင်းပင်စတင်လိုက်တော့သည်။ သူသည် အဆောင်ဝိညာဉ်ကို ထည့်သွင်းကာ ပြီးပြည့်စုံသော ဓမ္မလက်နက်တစ်ခု မဖန်တီးခင် ဓမ္မလက်နက်သန့်စင်ခြင်း ပညာရပ်၏ ပထမအဆင့်အတွက် ပြင်ဆင်ရမည် ဖြစ်သည်။ ထိုအဆင့်ပြီးမှသာ ထိုဓမ္မလက်နက်ကို အသုံးပြု၍ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြား၌ သက်ရှိထင်ရှားနေထိုင်ခဲ့ဖူးသော နတ်ဘုရားများ၏ စိတ်ဆန္ဒ အကြွင်းအကျန် အပိုင်းအစများကို ဆွဲငင်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။ ထိုအခါမှသာ ဟိုကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများ ရိုက်ခတ်မှုကြောင့် ၎င်းမှာ သတ္တမ‌အဆင့် ဓမ္မလက်နက်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပါသော်လည်း စမ်းကြည့်ရန် ဆုံးဖြတ်ထား၏။ ထို့အပြင် သူသည် ထိုအဆင့်အတွက် ပြင်ဆင်နေရင်း အချက်အလက်အားလုံးကို စိတ်ထဲ၌ ထပ်ခါတလဲလဲ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ထာပြီးသား ဖြစ်သည်။ သူသည် အဆင့်တိုင်း အဆင့်တိုင်းတွင် လိုက်နာရမည့် စည်းကမ်းများကို ခေါင်းထဲ၌ စဉ်ဆက်မပြတ် တွေးတောနေ၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ မိုးကောင်ကင်လှုံ့ဆော်ခြင်းအပိုင်းကို ပို၍နားလည်နိုင်ရန် လေ့လာရေးစက်ရုံမှ ပြန်ရောက်လာစဉ်ကတည်းက ဖြတ်ကျော်ခြင်းအဆင့်ထဲသို့ ကြိမ်ဖန်များစွာဝင်ရောက်ခဲ့ပြီးသား ဖြစ်သည်။

ယခုတွင် လိုအပ်သည်များအားလုံးကို ပြင်ဆင်ပြီးသွားပြီဖြစ်သောကြောင့် လျှို့ဝှက်အခန်းထဲ၌ ရှိနေသော ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာ၏။ သို့သော် ဓမ္မလက်နက်အား သန့်စင်နေစဉ် စိတ်တည်ငြိမ်မှုများ ပျက်ပြားသွား၍မရကြောင်း သူက သိထား၏။ အမှားလေးတစ်ခု လုပ်လိုက်မိသည်နှင့် သန့်စင်ခြင်းလုပ်ငန်းစဥ်ကြီးတစ်ခုလုံးမှာ ကျရှုံးသွားနိုင်သည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ချက်ချင်း မစတင်သေးဘဲ မျက်လုံးများမှိတ်ကာ တရားထိုင်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် နေဝင်သွားသော အခါမှသာ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပြန်ပွင့်လာ၏။ ထို့နောက် သူသည် မျက်နှာတစ်ခုလုံး ဝင်းလက်သွားပြီး ကိုယ်ရောစိတ်ပါ တည်ငြိမ်အေးချမ်းသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို တည်ငြိမ်အေးချမ်းမှုထဲသို့ ရောက်နေတုန်း လင်းတျန်ဟောက် ပေးပို့ထားသည့်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်အား စတင်လိုက်တော့သည်။ သူသည် ကုန်ကြမ်းပစ္စည်း တစ်ခုချင်းစီတိုင်းကို ဂရုတစိုက် ကိုင်တွယ်နေ၏။ ထိုလုပ်ငန်းစဉ်ထဲတွင် သူ၏ ကျင့်ကြံချင်စွမ်းအားများနှင့် အတွေးများကို ထိုပစ္စည်းများထဲသို့ ထည့်သွင်းရသည် ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများ၏ အကြောင်းကို ရင်းရင်းနှီးနှီး သိရှိနားလည်လာတော့သည်။ ထို့ကြောင့် သူ၏ ယုံကြည်မှုများမှာ မြင့်တက်လာပြီး သူသည် ဝိညာဉ်အမြုတေကို စတင်ဖန်တီးလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြုတေအား ဖန်တီးရသည့် အဆင့်ကို သူ၏ စိတ်ကူးဖြင့် ကြိမ်ဖန်များစွာ ပုံဖော်ထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအား သန့်စင်ရာ၌ အလွန်အင်မတန်မှ ကျွမ်းကျင်လျင်မြန်နေ၏။ ဝမ်ပေါင်လဲ့၏ လက်များမှာ တည်ငြိမ်မှုအပြည့်ရှိနေပြီး သူသည် တစ်ဆင့်ပြီးတစ်ဆင့် အထစ်အငေါ့မရှိအောင် ဆောင်ရွက်နိုင်စွမ်း ရှိနေသောကြောင့် သူ့အား မြင်လိုက်ရသည့် လူတိုင်းမှာ သဘာဝတရားကြီး လည်ပတ်နေသည်ကို ကြည့်ရှုနေရသကဲ့သို့ ခံစားလိုက်ရမည်သာ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများမှတစ်ဆင့် ဖန်တီးထားသော ဝိညာဉ်အမြုတေမှာ တဖြည်းဖြည်းနှင့် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ ပေါ်ပေါက်လာ၏။ ဝိညာဉ်အမြုတေ ပြီးစီးသွားပြီးနောက် နောက်ထပ်တစ်ဆင့်မှာ ကမ္ဗည်းစာလုံးများ ရေးထိုးရန်ဖြစ်သည်။ ၎င်းမှာ ခက်ခဲသောအဆင့်တစ်ဆင့်ဖြစ်ပါသော်လည်း ပုံသေနည်းကို နားလည်ထားသော ဝမ်ပေါင်လဲ့မှာ ထိုအဆင့်အား လျင်မြန်စွာ ဆောင်ရွက်နိုင်ဆဲပင်။ သူသည် ထိုအဆင့်တစ်ဆင့်လုံးကို သူ၏စိတ်ကူးထဲ၌ ပုံဖော်ထားခဲ့ပြီးဖြစ်သောကြောင့် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိနေ၏။

ထို့ကြောင့် ခဏအကြာတွင် ဝိညာဉ်အမြုတေပေါ်၌ ကမ္ဗည်းစာလုံးများ တစ်လုံးပြီးတစ်လုံး ပေါ်ပေါက်လာ၏။ ထို ကမ္ဗည်းစာလုံးများမှာ တဖြည်းဖြည်းနှင့် အရေအတွက်များပြားလာပြီး တစ်လုံးနှင့်တစ်လုံး ပေါင်းစည်းသွားကာ ဝိညာဉ်အမြုတေ၏ အတွင်းပိုင်းထဲသို့ပင် စိမ့်ဝင်သွားကြ၏။ ထို ဝိညာဉ်အမြုတေပေါ်၌ ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေပြီဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ လုံလောက်မှုမရှိသေးဟု ခံစားနေရဆဲပင်။

ဓမ္မလက်နက်တစ်ခုမှာ ဓမ္မအဆောင်များနှင့် လုံးဝမတူသောကြောင့် လိုအပ်သည့် ကမ္ဗည်းစာလုံးအရေအတွက်မှာလည်း တူညီနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်အမြုတေပေါ်၌ ကမ္ဗည်းစာလုံးများ ပြည့်နှက်နေပြီဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ရှိပြီးသား ကမ္ဗည်းစာလုံးများပေါ်၌ နောက်ထပ် ကမ္ဗည်းစာလုံးအသစ်များကို ထပ်၍ရေးထိုးလိုက်ပြန်သည်။

ထိုသို့ဖြင့် အချိန်များလျင်မြန်စွာ ကုန်ဆုံးသွား၏။ သူသည် ဝိညာဉ်အမြုတေအား ဖန်တီးရန် လေးနာရီအချိန်ပေးခဲ့သည်ဖြစ်ပြီး ကမ္ဗည်းစာလုံးများ ရေးထိုးရန် လေးရက်တိတိ အချိန်ပေးခဲ့သည်ဖြစ်သည်။ ကမ္ဗည်းစာလုံး ရေးထိုးခြင်းအဆင့် ပြီးဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်မှာ မြင့်မားနေသည့်တိုင်အောင် လေးရက်တိတိ အာရုံအပြည့်စိုက်ကာ အမှားမခံဘဲ မရပ်မနား ကြိုးစားခဲ့ပြီးနောက် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။

ဓမ္မလက်နက်တစ်ခုအား သန့်စင်ရာတွင် ကမ္ဗည်းစာလုံး ရေးထိုးခြင်းအဆင့်အား ရပ်နားခြင်းမရှိဘဲ တစ်ကြိမ်တည်းနှင့်ပြီးအောင် ဆောင်ရွက်သင့်ပေသည်။ ‌စာလုံးရေးထိုးသည့်အရှိန်ကို တသမတ်တည်း ထိန်းသိမ်းထားပြီး ကမ္ဗည်းစာလုံးအားလုံးကို တစ်ကြိမ်ထဲနှင့်အပြီး ရေးထိုးနိုင်မှသာ လိုအပ်ချက်များနှင့် ပြည့်စုံမည်ဖြစ်သည်။ ၎င်းမှာ သန့်စင်သူအများစုအတွက် အလွန်အင်မတန်မှ ခက်ခဲသော အဆင့်တစ်ခုပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသောအခါ မျက်လုံးများကို မှိတ်လိုက်ရပြီး တစ်ညတာ အနားယူလိုက်ရ၏။ ပဉ္စမမြောက်နေ့၏ မနက်ခင်းသို့ ရောက်သောအခါ သူသည် မျက်လုံးများပြန်ပွင့်လာပြီး ကုန်ကြမ်းပစ္စည်းများအား အားဖြည့်ရသည့်အဆင့်ကို စတင်လိုက်တော့သည်။ ထိုအဆင့်တစ်ဆင့်လုံးမှာ သုံးရက်တိတိ ကြာမြင့်သွား၏။ ထို အဖိုးတန်ကုန်ကြမ်းပစ္စည်းများကို ဝိညာဉ်အမြုတေထဲသို့ ပေါင်းစည်းထည့်သွင်းလိုက်ပြီးနောက် ဓမ္မလက်နက်ကြီးမှာ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာပြီး သိသာထင်ရှားလာတော့သည်။

သူ၏ တံခါးပိတ်ကျင့်စဉ်၏ ကိုးရက်မြောက်နေ့ ညနေခင်းတွင် အနီရောင် အော်လံကြီးတစ်လုံးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ရဲရဲနီနေသောကြောင့် ချော်ရည်ပူများထဲမှ ထုတ်ယူထားသကဲ့သို့ပင်။ ထို့အပြင် ၎င်းမှာ လက်ဖြင့်မထိနိုင်လောက်အောင် အလွန်အင်မတန်မှ ပူနေပြီး အထင်ကြီးအံ့ဖွယ်ရာ အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။

၎င်း၏ အငွေ့အသက် တစ်ခုတည်းနှင့်တင် ဆဋ္ဌမအဆင့် ဓမ္မအဆောင်တစ်ခုထက် အများကြီးပို၍ သာလွန်နေပြီဖြစ်သည်။ သို့သော် ကုန်ကြမ်းပစ္စည်းအမျိုးမျိုး အသုံးပြုထားသောကြောင့်သာ ၎င်းမှာ ဆဋ္ဌမအဆင့် ဓမ္မအဆောင်တစ်ခုထက် ပို၍သာလွန်နေရခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ယခုတွင် ထိုအော်လံကြီးအား သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအဖြစ် သတ်မှတ်၍မရသေးဘဲ ဆဋ္ဌမအဆင့် အထွတ်အထိပ် ဓမ္မအဆောင်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်ဦးမည် ဖြစ်သည်။

” နောက်ထပ်အဆင့်က အဆောင်ဝိညာဉ်… ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားပြီး သူသည် သူ၏ဘေးတွင်ရှိသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ကောက်ယူလိုက်၏။ ထိုကျောက်စိမ်းသေတ္တာမှာ အပြာရောင်ရှိပြီး အေးစက်နေ၏။ ၎င်းအား သိုလှောင်ခြင်းလုပ်ငန်းများအတွက် အသုံးပြုရန် ဖန်တီးထားခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။

အခြေတည်အဆင့် ကျားကြီး၏ ဝိညာဉ်အား ထိုကျောက်စိမ်းသေတ္တာထဲ၌ ပိတ်လှောင်ထား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို ထိုသေတ္တာထဲသို့ ထည့်လိုက်သောအခါ ကျားတစ်ကောင်၏ ဟိန်းဟောက်သံကြီးမှာ သူ၏ နားထဲ၌ ချက်ချင်းဆိုသလိုပင် ပေါ်ထွက်လာ၏။ ထိုဟိန်းဟောက်သံကြီးထဲ၌ မကျေနပ်ချက်များနှင့် ထွက်ပြေးလွတ်မြောက်လိုသော ဆန္ဒများ ကိန်းအောင်းနေ၏။

အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထို သားရဲဝိညာဉ်ကြီး၏ ဟိန်းဟောက်သံကို ကြားလိုက်လျှင် တုန်လှုပ်ချောက်ချားသွားရမည်သာ ဖြစ်သည်။ အကယ်၍ သတိကြီးကြီးမထားပါက သူတို့၏ ဝိညာဉ်များပင်လျှင် တစ်စစီ ကြေမွပျက်စီးသွားရမည် ဖြစ်သည်။

သို့သော် အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေသည့် ဝမ်ပေါင်လဲ့မှာမူ သူ၏ ကျင့်ကြံခြင်းစွမ်းအားတစ်ခုတည်းနှင့် ထိုဝိညာဉ်အား ချုပ်တည်းပစ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ဖြင့် ထို ကျောက်စိမ်းသေတ္တာအား သူ၏ညာဘက်လက်ဖြင့် ဆုပ်ကိုင်ကာ ဖွင့်လိုက်၏။ ထိုအခါ ထိုကျားကြီး၏ ဟိန်းဟောက်သံကြီးမှာ ပို၍ပင်ကျယ်လောင်လာသလို ထိုသေတ္တာထဲမှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အနက်ရောင်ကျားကြီးတစ်ကောင်အသွင် ပြောင်းလဲသွား၏။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်သည်ပုံ ပေါက်နေပြီး ဝမ်ပေါင်လဲ့၏ မျက်နှာအား လှမ်း၍ ခုံအုပ်လိုက်၏။

သို့သော် ၎င်းမှာ အနားသို့မရောက်လာခင်မှာပင် တင်ပျဉ်ခွေထိုင်နေသော ဝမ်ပေါင်လဲ့မှာ အေးစက်စက် နှာမှုတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်မိုးကြိုးသွားမှာ လည်ပတ်သွားပြီး သူ၏မျက်ဝန်းများထဲ၌ လျှပ်စီးတန်းများ ပေါ်ပေါက်လာတော့သည်။ ထိုအခါ ထို ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် ကျားကြီးမှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံးတုန်ရီသွားပြီး ကြောက်ရွံ့တုန်လှုပ်နေသည့်ပုံစံ ပေါက်သွား၏။ ၎င်းမှာ နောက်သို့ထွက်ပြေးချင်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကိုမြှောက်ကာ ထိုကျားဝိညာဉ်ကြီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်ပြီးနောက် ၎င်းအား အော်လံကြီးထဲသို့ ဖိသွင်းလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကျားဝိညာဉ်ကြီးအား အော်လံထဲသို့ ဖိသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် မန္တန်လက်ကွက်များကို ချက်ချင်းဖော်လိုက်ပြီး အော်လံကြီးပေါ်ရှိ ကမ္ဗည်းစာလုံးများကို အသက်ဝင်အောင် လုပ်လိုက်၏။ တစ်ချိန်ထဲမှာပင် ဝိညာဉ်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အတိုင်း သူသည် ကမ္ဗည်းစာလုံးများကို အဆက်မပြတ် အသက်သွင်းနေရင်း အော်လံကြီးထဲသို့ မထည့်ရသေးသော ပစ္စည်းများကို ထည့်သွင်းကာ ထိုဓမ္မလက်နက်အား ဆက်လက် သန့်စင်နေလိုက်တော့သည်။

ယခုအကြိမ်တွင်မူ သူသည် ၎င်းအား ကျားဝိညာဉ်ကြီးနှင့်အတူ သန့်စင်နေခြင်းဖြစ်သည်။ ထိုကျားဝိညာဉ်ကြီး၏ ဟိန်းဟောက်သံကြီးမှာ အဆက်မပြတ် ပဲ့တင်ထပ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ တည်ငြိမ်မှုအပြည့်နှင့် ဆက်လက်သန့်စင်နေဆဲပင်။ ထိုသို့ဖြင့် ကျားဝိညာဉ်ကြီးမှာ တဖြည်းဖြည်းနှင့် အားအင်းဆုတ်ယုတ်လာတော့သည်။ သုံးရက်တိတိကုန်ဆုံးသွားပြီးနောက် ထိုကျားဝိညာဉ်ကြီးမှာ ဓမ္မလက်နက်နှင့် တစ်သားတည်း ပေါင်းစည်းသွား၏။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ရှေ့၌ ရှိနေသော အော်လံကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အသွင်းပြောင်းသွားသည့်ပုံပင်။ ၎င်းမှာ နီမြန်းနေဆဲဖြစ်ပါသော်လည်း ၎င်း၏ ပတ်ပတ်လည်တွင် အလင်းတန်းတစ်ခု ဝန်းရံနေ၏။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုအလင်းတန်းမှာ ကျားဝိညာဉ်ကြီး၏ မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခု ဖြစ်နေသည်ကို မြင်နိုင်မည် ဖြစ်သည်။

ထို ဓမ္မလက်နက်၏ အငွေ့အသက်မှာ ယခင်တုန်းကထက် အများကြီးပို၍ သာလွန်နေပြီဖြစ်သည်။ ၎င်းမှာ ဓမ္မလက်နက်တစ်ခု ဖြစ်မလာသေးပါသော်လည်း အတိုင်းအတာတစ်ခုအထိ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုအဖြစ်သို့ ရောက်နေပြီဟု ဆိုနိုင်ပေသည်။

” နောက်အဆင့်က နတ်ဘုရားတစ်ပါးရဲ့ စိတ်ဆန္ဒကို ဆွဲငင်ဖို့ပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်တော့သဖြင့် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ရ၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ဓမ္မလက်နက်နှစ်ခု ပေါ်ပေါက်လာသည်။ ထိုအခါ သူသည် ၎င်းတို့အား တို့ထိလိုက်ပြီး ဖြတ်ကျော်ခြင်းအဆင့်ထဲသို့ ဝင်ရောက်သွားတော့သည်။

သူဖြတ်ကျော်ခြင်းအဆင့်ထဲ၌ ရှိနေစဉ် နှစ်ပတ်တိတိ ကုန်လွန်သွား၏။ မြို့တော်အသစ်ကြီးမှာ ပုံမှန်အတိုင်းရှိနေဆဲ ဖြစ်ပါသော်လည်း ချန်းမုတစ်ယောက် ထုတ်လွှတ်လိုက်သည့် ဒုဓလီပန်းပွင့်များအားလုံးမှာ ပိုင်ရှင်ကိုယ်စီ ရှာတွေ့သွားကြပြီဖြစ်သည်။ အထူးသဖြင့် မြည်းလေးမှာဆိုလျှင် ချန်းမု၏ အထူးဂရုစိုက်ခြင်းကို ခံထားရပြီး အလွန်အင်မတန်မှ အစားကြီးနေခဲ့သောကြောင့် ဒုဓလီပန်းပွင့်အားလုံး၏ သုံးဆယ်ရာခိုင်နှုန်းတိတိမှာ ၎င်း၏ခန္ဓာကိုယ်ထဲသို့ ရောက်နေပြီဖြစ်သည်။

ထို့ကြောင့် ချန်းမုပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။ သို့သော် သူသည် သိပ်မကြာခင်တွင် ထိုမြည်းလေးခံစားရမည့် ဝေဒနာများကို တွေးမိသွားသောအခါ သူ၏အပြုံးမှာ ပို၍ပင် ရက်စက်သွားတော့သည်။ ထို့နောက် သူ၏မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းသွားသည်ကို အထင်အရှားမြင်နိုင်ပေသည်။

” သိပ်မကြာခင်မှာ အကုန်ပြီးပါပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset