Switch Mode

အခန်း (၄၂၅)

အခြေတည်ထိပ်ဆုံးအဆင့်

အနက်ရောင်ဝတ်ရုံနှင့် လူကြီးနှင့် ချန်းမုတို့ ပူးပေါင်းလိုက်ကြချိန်တွင် ဝမ်ပေါင်လဲ့မှာလည်း သူ၏ကျင့်ကြံခြင်းလုပ်ငန်းစဉ်ထဲ၌ အရေးကြီးသော အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်သည်။ ယခုတွင် သူသည် သူ၏ လျှို့ဝှက်အခန်းထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ အသံကျယ်လောင်စွာ မြည်ဟည်းသွားပြီး အဆက်မပြတ် လည်ပတ်လာတော့သည်။ စတုတ္ထမြောက် ကောင်းကင်မိုးကြိုးသွားတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

လျှပ်စီးတာအို အတွဲတစ်ကြောင့် သူသည် အစောပိုင်း အခြေတည်အဆင့်တွင် ရှိခဲ့စဉ်တုန်းက ပထမမြောက် ကောင်းကင်မိုးကြိုးသွားကို ဖန်တီးနိုင်ခဲ့ပြီး အလယ်ပိုင်းအဆင့်တွင် ရှိခဲ့စဉ်တုန်းက ဒုတိယမြောက် ကောင်းကင်မိုးကြိုးသွားကို ဖန်တီးနိုင်ခဲ့သည်။ ထို့နောက် နှောင်းပိုင်းအဆင့်သို့ ရောက်လာသောအခါ တတိယမြောက် ကောင်းကင်မိုးကြိုးသွားကို ဖန်တီးနိုင်ခဲ့၏။ ယခုတွင် စတုတ္ထမြောက် ကောင်းကင်မိုးကြိုးသွား ပေါ်ပေါက်လာသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။

အကယ်၍ သူသည် လျှပ်စီးတာအိုအတွဲတစ်အား ဆက်လက်ကျင့်ကြံနေရင်း အခြေတည်ထိပ်ဆုံးအဆင့်မှ ဖောက်ထွက်ကာ အမြုတေအဆင့်သို့ ရောက်ရှိသွားနိုင်မည်ဆိုပါက လျှပ်စီးအမြုတေတစ်ခုကို ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။

ထို လျှပ်စီးအမြုတေ၏ စွမ်းအားမှာ အလွန်အင်မတန်မှကြီးမား၏။ ထိုကဲ့သို့သော အစွမ်းများကို ပိုင်ဆိုင်နိုင်မည့်အပြင် ကောင်းကင်တာအိုကျောင်းမှာ သူ့အား နောက်ထပ် လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုကို ပေးအပ်ဦးမည်ဖြစ်သည်။ ၎င်းမှာ လျှပ်စီးတာအို အတွဲနှစ်ပင် ဖြစ်သည်။ ထို ပညာရပ်အား ယွမ်ယင်အဆင့်သို့ ရောက်ရှိမှသာ လေ့ကျင့်နိုင်မည်ဖြစ်၏။ သို့သော် ရှေးဦးဝိညာဉ်ခေတ်အတွင်း ကုန်ဆုံးသွားခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် မည်သူကမှ ထိုအဆင့်အထိ မရောက်ရှိနိုင်ခဲ့ကြပေ။

သို့သော် ကောင်းကင်တာအိုကျောင်းထဲတွင်မူ လျှပ်စီးတာအို အတွဲတစ်မှာ လေ့ကျင့်ရန် အသင့်တော်ဆုံးနှင့် အကောင်းဆုံးဖြစ်သော လျှို့ဝှက်ဆန်းကြယ် ပညာရပ်များထဲမှ တစ်ခုဖြစ်သည်။ ထိုပညာရပ်အား လူတိုင်း ကျင့်ကြံခွင့်ရှိသည်တော့ မဟုတ်ပေ။ အရည်အချင်း ပြည့်မှီသူများသာ လေ့ကျင့်နိုင်ကြသည်ဖြစ်သည်။ ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ပြီးပြည့်စုံမှုရှိသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုဟု သတ်မှတ်နိုင်၏။ ၎င်းအား လေ့ကျင့်ပါက ယွမ်ယင်အဆင့်အထိ ရောက်ရှိသွားနိုင်ပေသည်။

ထို့ကြောင့်လည်း ကောင်းကင်တာအိုကျောင်းမှာ ဝမ်ပေါင်လဲ့အတွက် ဤ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ သူတို့မှာ အတိုင်းအတာတစ်ခုအထိ ဝမ်ပေါင်လဲ့ကို အများကြီး မျှော်လင့်ထားသည်ဟု ဆိုနိုင်ပေသည်။ သူသည် ထိုတာအိုလမ်းစဉ်ပေါ်၌ အဝေးကြီး လျှောက်လှမ်းနိုင်လိမ့်မည်ဟု သူတို့က မျှော်လင့်ထားကြ၏။ ထို့အပြင် သူသည် လျှပ်စီးအမြုတေတစ်ခုကိုသာမက လျှပ်စီးဝိညာဉ်တစ်ခုကိုပါ ဖန်တီးနိုင်လိမ့်မည်ဟုလည်း သူတို့က မျှော်လင့်ထားကြသေးသည်။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအမြန်နှုန်းကြောင့် သူသည် အချိန်တိုလေးအတွင်းတွင် အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်သည်။ ထိုကိစ္စမှာ လူတချို့၏ အာရုံကို ဖမ်းစားနိုင်ပါသော်လည်း ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်ကြီးတစ်ခုတော့ မဟုတ်ပေ။ သူတို့မှာ အစောပိုင်းရှေးဦးဝိညာဥ်ခေတ်ထဲ၌သာ ရှိနေသေးသည်ဖြစ်ပါသော်လည်း အခွင့်အရေးများ အပြည့်ရှိနေသည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ထက်ပင် ပို၍မြန်ဆန်သော ကျင့်ကြံခြင်းအမြန်နှုန်းများကို ပိုင်ဆိုင်ထားသည့် အခြားသူများ ရှိကြပေသည်။

သို့သော် ဆယ်စုနှစ်အနည်းငယ်အတွင်း ယွမ်ယင်အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက်ဆိုလျှင် အလွန်အင်မတန်မှ ကံကောင်းနေရန် လိုအပ်ရုံသာမက ပါရမီရှိနေရန်လည်း လိုအပ်သေးသည်။ ဤကမ္ဘာကြီးထဲတွင် ယွမ်ယင်အဆင့် ကျင့်ကြံသူများ ရှိနေနိုင်သည်ဆိုသော ကောလာဟလပေါင်း မြောက်မြားစွာ ပျံ့နှံ့နေကြပါသော်လည်း တရားဝင်ထုတ်ပြန်ထားသော စာရင်းအရဆိုလျှင် ပြည်ထောင်စုကြီးထဲ၌ တစ်ယောက်မှ မရှိပေ။

” ပြည်ထောင်စုကြီးထဲမှာ ယွမ်ယင်အဆင့်ကျင့်ကြံသူတွေ ရှိကိုရှိရမယ် ” ဝမ်ပေါင်လဲ့မှာ ရုတ်ခြည်းဆိုသလို မျက်လုံးများပွင့်လာ၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် ထွက်ပေါ်လာနေသည့် ကျင့်ကြံခြင်းစွမ်းအားများကို အာရုံခံမိနေသည်။ ထိုအချိန်တွင် သူ၏အသိစိတ်ထဲ၌ မှုန်ဝါးဝါးပုံရိပ်တစ်ခု စတင်ပေါ်ပေါက်လာ၏။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအဆင့်အတန်းများ တိုးတက်လာခဲ့သည့်အပြင် အင်္ဂါဂြိုဟ်ပေါ်ရှိ လေ့လာရေးစက်ရုံဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ပြည်ထောင်စုကြီး၏ အကြောင်းကို ပို၍နားလည်လာခဲ့သဖြင့် ပြည်ထောင်စုကြီးထဲ၌ ယွမ်ယင်အဆင့် ကျင့်ကြံသူများ ရှိနေရမည်ဆိုသော သူ၏ယုံကြည်ချက်မှာ ပို၍ခိုင်မာလာတော့သည်။

သို့ရာတွင် ထိုကိစ္စကြီးမှာ သူနှင့် မသက်ဆိုင်သေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန်အတွက်သာ အာရုံအပြည့် စိုက်ထားလိုက်၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အဆက်မပြတ် လည်ပတ်နေဆဲဖြစ်ပြီး သူသည် စတုတ္ထမြောက် ကောင်းကင်မိုးကြိုးသွား အလျင်အမြန် ပေါ်ပေါက်လာနေသည်ကို အာရုံခံမိနေပြီဖြစ်သည်။

” လျှပ်စီးတာအိုလမ်းကို လျှောက်ကိုလျှောက်မှဖြစ်မယ်…. ဒါပေမဲ့ တခြားဘယ်သူမှ မသိသေးတဲ့ ငါကိုယ်တိုင် လျှောက်ရမယ့် နောက်ထပ်လမ်းစဉ်တစ်ခုလည်း ရှိနေသေးတယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအခါ သူ၏မျက်ဝန်းများထဲ၌ အမှောင်မီးတောက် ပေါ်ပေါက်လာတော့သည်။

အခြားမည်သူမှမသိသော လမ်းစဉ်မှာ… အမှောင်ပညာရပ်ပင် ဖြစ်သည်။

ယခုတွင် သူ့ဆီ၌ အမှောင်မီးတောက် သုံးခုရှိနေပြီဖြစ်သည်။ နောက်ထပ်တစ်ဆင့်မှာ ထိုမီးတောက်သုံးခုကို ပေါင်းစည်း၍ အမှောင်အမြုတေတစ်ခု ဖန်တီးရန်ဖြစ်သည်။ ၎င်းမှာ…. အမှောင်ပညာရပ်၏ အမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းဖြစ်၏။

ဝမ်ပေါင်လဲ့မှာ အမြုတေအဆင့်သို့ တက်လမ်းနိုင်မည့် လမ်းကြောင်းကို ရှင်းလင်းပြတ်သားစွာ မြင်နေရပြီဖြစ်သည်။ သူသည် အမြုတေတစ်ခုတည်း မဟုတ်ဘဲ လျှပ်စီးတာအိုနှင့် အမှောင်ပညာရပ် နှစ်ခုစလုံးကို အသုံးပြုကာ အမွှာအမြုတေနှစ်ခုကို ဖန်တီးချင်နေ၏။

သူ၏ အမွှာအမြုတေနှစ်ခုကြောင့် သူသည် အမြုတေအဆင့်ရှိ အခြားသူများထက် အများကြီးပို၍ အစွမ်းထက်နေမည်ဖြစ်သည်။ သူ အခြေတည်အဆင့်တွင် ရှိခဲ့စဉ်တုန်းကအတိုင်း သူ၏ စွမ်းအားများမှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိသော အခြားသူများထက် အများကြီးပို၍ သာလွန်နေမည်သာ ဖြစ်သည်။

အခြားသူများအတွက်ဆိုလျှင် ထိုအဖြစ်သို့ ရောက်ရှိနိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲနေမည် ဖြစ်ပါသော်လည်း မြို့တော်အသစ်၏ အောက်ဘက်ရှိ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးမှာ သူ၏ အောင်မြင်မှုအတွက် အထောက်အကူ ပြုပေးနိုင်မည့် အကောင်းဆုံးအရာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွကာ ပျော်ရွှင်မြူးထူးနေပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို သူ၏ ခန္ဓာကိုယ်ထဲ၌ ကိုးရက်တိတိ ဆက်တိုက် လည်ပတ်ခွင့် ပေးထားလိုက်တော့သည်။ နောက်ဆုံးတွင် သူ၏ခေါင်းထဲ၌ အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွား၏။ ထိုအခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဖောက်ထွက်သွားတော့သည်။

ထိုအချိန်တွင် သူ၏ အငွေ့အသက်၊ စွမ်းအင်၊ ကျင့်ကြံခြင်းစွမ်းအားတို့ အားလုံးမှာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားကြ၏။ ကိုယ်ကျပ်ဝတ်စုံတစ်ခုအား ဆင်မြန်းထားသည့်လူတစ်ယောက်မှာ အင်အားစိုက်ထုတ်ကာ သူ၏ခန္ဓာကိုယ် ဝဖြီးလာသည်အထိ အဆက်မပြတ် အစာစားနေသောကြောင့် နောက်ဆုံးတွင် ထိုအဝတ်အစားများမှာ တောင့်မခံနိုင်တော့ပဲ ကွဲထွက်သွားသကဲ့သို့ပင်။

ထို အဝတ်အစားများမှာ ကွဲထွက်သွားပြီး ပို၍ ချောင်ချောင်ချိချိရှိသော ဝတ်ရုံရှည်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ အဆုံးမရှိနိုင်လောက်အောင် များပြားနေသော ကြာခြင်းစွမ်းအားများ အပြင်ဘက်သို့ ပြန့်ထွက်လာကြသည်ကို ခံစားလိုက်ရသဖြင့် အလွန်အင်မတန်မှ သက်တောင့်သက်သာ ရှိသွားရတော့သည်။

သူ၏ ဖောက်ထွက်ခြင်းမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်းအခြေတည်အဆင့်အား ကျော်ဖြတ်သွားပြီး အခြေတည်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏ခန္ဓာကိုယ်ထဲမှာ အစိမ်းရောင်ကြာပွင့်လေးမှာလည်း အပြင်းအထန် တုန်ရီသွား၏။ ၎င်းဆီမှ ထွက်ပေါ်လာသော သက်စောင့်စွမ်းအင်လှိုင်းများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြည့်နှက်သွား၏။ ထို့ကြောင့် သူ၏အပြင်ခန္ဓာကိုယ်မှာ ပို၍ပင် သန်မာလာရတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ကြွက်သားများ၊ အရိုးများနှင့် စွမ်းအင်စီးဆင်မှုလမ်းကြောင်းများ အားလုံးမှာ ပို၍သန်စွမ်းလာသောကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရ၏။ ထိုကဲ့သို့ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာမှုကြောင့် သူ၏ သက်စောင့်စွမ်းအင်များမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသွားရတော့သည်။

၎င်းမှာ သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

ထို သက်စောင့်စွမ်းအားများမှာ ယခုလို အားကောင်းလွန်းနေပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာလည်း အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေမည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အခြေတည်အဆင့်ထဲရှိ အသေးစား ဖောက်ထွက်မှုတစ်ခုသာ ဖြစ်သေးသည် မဟုတ်ပါလော။ ထို့ကြောင့် အကယ်၍ သူသာ ယခုအတိုင်း ဆက်လက်လေ့ကျင့်ကာ အမြုတေအဆင့်သို့ ရောက်ရှိသွားမည်ဆိုပါက သူ၏ စွမ်းအားများမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်နေတော့မည် ဖြစ်သည်။

” အခြေတည်ထိပ်ဆုံးအဆင့်ကွ ” ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူသည် စတုတ္ထမြောက် ကောင်းကင်မိုးကြိုးသွား၏ ပေါ်ပေါက်လာမှုနှင့် သူ၏ခန္ဓာကိုယ်ထဲရှိ လျှပ်စီးတန်းပေါင်း မြောက်မြားစွာကို အာရုံခံမိနေပြီဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားမှုနှင့်အတူ သူ၏ အမှောင်မီးတောက်သုံးခု တဟုန်းဟုန်းတောက်ပလာပြီး ပေါင်းစည်းသွားတော့မည့် အရိပ်အ‌ယောင်များ ပြနေသည်ကိုလည်း ခံစားနေရပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ကျေနပ်သွားရ၏။ သူသည် သူ၏စွမ်းအားများကို စမ်းသပ်ကာ ယခင်တုန်းက စွမ်းအားများနှင့် နှိုင်းယှဉ်ကြည့်ရန် ပြင်လိုက်ပါသော်လည်း မတ်တတ်မထနိုင်ခင်မှာပင် မျက်နှာအမူအရာ ပြောင်းလဲသွားရတော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ခေါင်းငုံ့ကြည့်မိလိုက်သောအခါ ခပ်လှမ်းလှမ်းရှိ ဗလုံးဗထွေးဖြစ်နေသော ရေရွတ်သံများကို ကြားလိုက်ရ၏။ ထိုအသံများမှာ သူ၏အောက်ဘက်ရှိ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲရှိ နက်ရှိုင်းသောနေရာတစ်နေရာမှ ထွက်ပေါ်လာသည့်ပုံပင်။

” အမှောင်ကလေးငယ်…. အမှောင်ကလေးငယ်… ”

ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းလေ့ကျင့်နေတုန်း နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲမှ အသံများကိုကြားဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် သူ၏ ပတ်ပတ်လည်ရှိ မည်သည့်အရာကမှ ပြောင်းလဲသွားခြင်း မရှိသောကြောင့် သူတစ်ယောက်တည်းသာ ထိုအသံများကို ကြားနေရသည်ဖြစ်ကြောင်း အထင်အရှားသိမြင်နိုင်ပေးသည်။ မြို့တော်အသစ်ကြီးတစ်ခုလုံးမှာ ယခင်တုန်းကအတိုင်း မပြောင်းမလဲ တည်ရှိနေဆဲပင်။

ဝမ်ပေါင်လဲ့အား သူတစ်ယောက်တည်း ထိုအသံကို ကြားနေရခြင်းဖြစ်ကြောင်း ပို၍သေချာသွားစေသည့်အချက်မှာ မြေအောက်ထဲမှနေ၍ ထွက်ပေါ်လာသည့် အသံကြီးနှင့်အတူ လိုက်ပါလာသော သူ့အား လက်ယပ်ခေါ်နေသလို ခံစားနေရသည့် ခံစားချက်ကြီးပင် ဖြစ်သည်။

နတ်ဘုရားလှိုဏ်ခေါင်းကြီးထဲ၌ ဝမ်ပေါင်လဲ့အား သူ့ဆီသို့ ချဉ်းကပ်လာရန် လက်ယပ်ခေါ်နေသည့် သတ္တဝါကြီးတစ်ကောင် ရှိနေသကဲ့သို့ပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံလာရ၏။ သူသည် ယခင်တုန်းက ထို လှိုဏ်ခေါင်းကြီးထဲသို့ သွားခဲ့ဖူးသည်ဖြစ်ပြီး အလားတူ ခံစားချက်မျိုးကို ခပ်ရေးရေးခန့် ခံစားခဲ့ဖူးပါသော်လည်း ၎င်းမှာ ယခုလက်ရှိ သူခံစားနေရသည့် အရာကြီးနှင့် လုံးဝ မယှဉ်နိုင်ပေ။ ထိုအသံကြီးမှာ သူ၏ ခေါင်းထဲ၌ ပဲ့တင်ထပ်နေပြီး သူ့အား ဆင့်ခေါ်နေသည့်အသံများကို ရှင်းလင်းပြတ်သားစွာ ကြားနေရတော့သည်။

ထို စကားသံကြီးနှင့် ဆင့်ခေါ်သံများမှာ အချိန်အကြာကြီး ရှိမနေခဲ့ပေ။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ‌၌ လည်ပတ်နေခဲ့သော ကျင့်ကြံခြင်းစွမ်းအားများ ငြိမ်သက်သွားပြီး အမှောင်မီးတောက်များ အဆင့်တစ်ခုအထိ ပေါင်းစည်းသွားပြီးနောက် ရပ်တန့်သွားကြသည့် အချိန်တွင် ထိုအသံကြီးမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။

သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အတွက် အရေးကြီးသော ကိစ္စတစ်ခုဖြစ်၏။

” ဆရာကျောက်နဲ့ ငါ့ရဲ့ ဝမ်းတွင်းအသိတွေအရဆိုရင် အောက်မှာရှိနေတဲ့ နတ်ဘုရားလက်နက်ကြီးက အမှောင်အဆောင်တစ်ခု ဖြစ်နေလောက်တယ်။ ပြီးတော့ မမလေးကလည်း အဲဒီပစ္စည်းကို အရင်တုန်းက သူပိုင်ခဲ့တာဆိုပြီးတော့ ပြောထားသေးတာ။ အဲ့တာဆိုရင် အဲဒီ အမှောင်အဆောင်ကို ငါပိုင်တဲ့ ပစ္စည်းတစ်ခုလို့လည်း သတ်မှတ်လို့ရတယ်မလား …. ” ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ ထို့နောက် သူသည် သူ၏ သုံးသပ်မှုများမှာ မှန်ကန်နေပြီး တွန့်ပြီးကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမှာ အမှားအယွင်း လုံးဝမရှိကြောင်း မှတ်ယူလိုက်၏။

ထိုပစ္စည်းမှာ မမလေး၏ ပစ္စည်းဖြစ်ပြီး မမလေးကို သူက ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုအမှောင်အဆောင်မှာလည်း အလိုလိုနေရင်း သူ၏အပိုင်ပစ္စည်းတစ်ခု ဖြစ်သွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအတွေးကြောင့် ချက်ချင်းဆိုသလိုပင် လောဘတက်သွားရပါသော်လည်း နတ်ဘုရားလှိုဏ်ခေါင်းကြီးထဲ၌ အန္တရာယ်မျိုးစုံ ရှိနေသည်ဖြစ်ကြောင်း ပြန်၍ တွေးမိလိုက်ရ၏။ သူသည် အမှောင်ပညာရပ်အား ကျွမ်းကျင်တတ်မြောက်ထားလျှင်တောင် ထိုလှိုဏ်ခေါင်းကြီးထဲသို့ လက်လွတ်စပယ် မဝင်သင့်ပေ။ ထို့ကြောင့် သူသည် နံရံကြီးအား အပြီးအထိတိုက်စားပြီးမှ ပြည်ထောင်စုကြီး၏ အစွမ်းထက်ကျင့်ကြံသူများ ထိုလှိုဏ်ခေါင်းကြီးထဲသို့ ဝင်သွားကြမည့်အချိန်ကို စောင့်ဆိုင်းပြီးမှ သူတို့နှင့်အတူ လိုက်သွားမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ထိုအချိန်သို့ရောက်လျှင် သူ၏ကျင့်ကြံခြင်းအဆင့်မှာလည်း အဆင့်တစ်ခုအထိ ရောက်နေလောက်ပြီဖြစ်သည်။ ထို့အပြင် မမလေး၏ အကူအညီကိုလည်း ရရှိဦးမည်ဖြစ်ရာ သူသည် ရှေ့ဆုံးမှသွား၍ အခြားမည်သူမှ သတိမထားမိအောင် ထို အမှောင်အဆောင်အား အလစ်သုတ်နိုင်ခြေ အများကြီး ရှိပေသည်။

” ငါကတော့ အသားစားမယ်ကွာ။ သူတို့ကတော့ စွတ်ပြုပ်သောက်ကြပေါ့။ ငါ့အတွက် အဆင်ပြေပါတယ် ” ဝမ်ပေါင်လဲ့မှာ သူသည် အပေးအကမ်းရက်ရောသည့် လူတစ်ယောက်ဖြစ်သည်ဟု သူ့ကိုယ်သူ မှတ်ယူလိုက်၏။ သူသည် အရာအားလုံးကို တစ်ယောက်တည်း မောင်ပိုင်မစီးတတ်ပေ။

သူသည် သူ၏ လေးစားဖွယ်ရာ အကျင့်စရိုက်အကြောင်း တွေးတောရင်း အတွေးများထဲ၌ နစ်မျောနေပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ထလာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်အား အသာအယာ လှုပ်ရှားလိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားလိုက်၏။ ထိုအခါ တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်မလာသေးပါသော်လည်း သူသည် နံရံနားသို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ အမြန်နှုန်းကို တွက်ချက်လိုက်ပြီးနောက် စိတ်လှုပ်တရှားဖြစ်သွားရ၏။

” အရင်တုန်းကထက် နှစ်ဆကျော်တောင် ပိုမြန်သွားပြီ ” သူသည် လက်သီးများဆုပ်လိုက်ပြီး သူ၏ ခွန်အားများ မည်မျှအထိ တိုးတက်လာကြောင်း စမ်းသပ်ရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် သူ၏အိမ်ထဲ၌ ရှိနေသည်ဖြစ်ကြောင်း ပြန်၌ အမှတ်ရသွား၏။ ထို့ကြောင့် သူသည် လျှို့ဝှက်အခန်းထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ထွက်သွားလိုက်၏။ ထို့နောက် သူသည် ထိုနယ်မြေထဲရှိ ချန်းမု တစ်ခါမှ ရောက်မလာဖူးသည့် သူ၏ အိမ်ရာဆီသို့သွားကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။

ထိုအခါ ကောင်းကင်ယံထဲ၌ မိုးခြိမ်းသံကြီးတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာ၏။ မန္တန်အစီအရင်များမှာ ချန်းမု၏ အိမ်ရာကြီးကို ကာကွယ်ပေးထားပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်သီးချက်တစ်ချက်ကြောင့် ၎င်းတို့ အများစုမှာ ပြိုလဲပျက်စီးသွားရ၏။ ထိုလက်သီးချက်၏ အသံကြီးကြောင့် ထိုနယ်မြေထဲ၌ တာဝန်ကျနေကြသည့် အစောင့်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရ၏။ သူတို့မှာ အပြေးအလွှား ရောက်ရှိလာကြပြီး အော်ဟစ်ဆဲဆိုရန် ပြင်လိုက်ကျချိန်တွင် တရားခံမှာ သူတို့၏ မြို့တော်သခင် ဝမ်ပေါင်လဲ့ ဖြစ်နေသည်ကို မြင်လိုက်ရ၏။

ထို့ကြောင့် သူတို့အားလုံးမှာ အသက်ပြင်းပြင်းရှုလိုက်ကြပြီး အဝေးသို့ထွက်ခွာသွားကြတော့သည်။ သူတို့မှာ မည်သည့်အရာကိုမှ မမြင်ခဲ့သည့်ပုံစံ ဟန်ဆောင်လိုက်ကြပြီး သူတို့၏ နောက်မှ ထွက်ပေါ်လာသော ဝမ်ပေါင်လဲ့၏ ရယ်မောသံကြီးကိုလည်း လျစ်လျူရှုထားလိုက်ကြတော့သည်။

Comment

  1. Lamin says:

    👋👋👋👋

Leave a Reply

Options

not work with dark mode
Reset