ပိုင်ရှောင်ချန်းသည် နတ်ဆရာကို နောက်ဆုံးအကြိမ် စိန်းစိန်းဝါးဝါးကြည့်လိုက်ရုံမှအပ ဘာမှမတတ်နိုင်ပေ။ ထို့နောက် မထချင်ထချင်နှင့် ရပ်လိုက်ပြီး မဟာအကြီးအကဲဆီသို့ လျှောက်လာသည်။ ထို့ပြင် ရှေ့တည့်တည့်တွင်လည်း စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးထိုင်နေရာ သူ့နောက်ကျောမှ တိရစ္ဆာန်များကဲ့သို့ အင်မတန်ကြမ်းကြုတ်ရက်စက်သည့် အငွေ့အသက်များဖြာထွက်နေသည်။ ပိုင်ရှောင်ချန်းသည် မည်သို့မျှမတတ်နိုင်ပေ။ ချွေးသီးချွေးပေါက်များကျနေပြီး ပိုမို ကြောက်လန့်လာသည်။
“အမကြီးစုန့်…ဒီနေ့တကယ်ကိုလှနေပါလား!”
နှုတ်သွက်လျှာသွက် ပိုင်ရှောင်ချန်းကပြောလိုက်သည်။ ဘေးနားတွင်ထိုင်နေသော သွေးစီးကြောင်းအကြီးအကဲ နှစ်ယောက်က ထူးဆန်းသောမျက်နှာရိပ်မျက်နှာကဲများနှင့် လှမ်းအကဲခတ်နေ၏။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးပင်လျှင် အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
စုန့်ကျင်းဝမ်က အနည်းငယ် ရှက်သွေးဖြာသွားပြီး ပိုင်ရှောင်ချန်းကို မာန်မဲလိုက်သည်။
” မြှောက်ပြောနေတာတွေရပ်ပြီး တိတ်တိတ်လေးထိုင်နေစမ်းပါ”
ပိုင်ရှောင်ချန်းမှာ စုန့်ကျင်းဝမ်၏ အပြုအမူကြောင့် ပို၍ စိတ်ရှုပ်သွားသည်။ လွန်ခဲ့သောသုံးရက်ခန့်က စုန့်ကျင်းဝမ်နှင့်တခြားစီပင် ဖြစ်သွားသည်။ ထိုသို့ပြောင်းလဲသွားခြင်းကို ပိုင်ရှောင်ချန်းက ဉာဏ်မီသလောက် စဥ်းစားကြည့်နေသည်။ နောက်ဆုံးတွင် ဘေးကိုလျှောက်ကြည့်လိုက်၊ တစ်ခါတစ်ရံတွင် မြေပြင်ကို စိုက်ကြည့်လိုက်နှင့်သာ ထိုင်နေလိုက်သည်။
မကြာမီ သူက အောက်တွင် အဆုံးမရှိသော တောင်ခြေကိုမြင်လိုက်သည်။ အပေါ်စီးမှနေ၍ကြည့်လိုက်သောအခါ မိုး မျှော်တောင်ထိပ်များ သည် ဂါထာမန္တန်များသုံး၍ ဖွဲ့စည်းထားသလားဟုထင်ရသည်။
“လောချိန်တောင်တန်းတွေပဲ…”
သူ တွေးနေသည်။ ထိုတောင်သည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကြားတွင် တည်ရှိသည်။ တိတိကျကျပြောရပါလျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်၏ အနားသတ်ဖြစ်၏။
“ဒီကိုတောင်ရောက်သွားပြီပဲ။ သောက်ကျိုးနဲ မြန်တာကြီး ”
ငုံ့ကြည့်လိုက်သောအခါ သွေးတိမ်များကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ တိမ်များက လောချိန်တောင်တန်းများပေါ်တွင် လွင့်မျောနေသည်။ စွမ်းအားမြင့်အငွေ့အသက်များကြောင့် တောင်တန်းများမှာ ရှိရင်းစွဲထက် ပို၍ မြင့်နေသယောင်။ အချို့နေရာများတွင် တောင်များက မြင့်မားလွန်းသည်ဖြစ်ရာ တိမ်များကိုပင် ဖောက်ထွက်လျက်ရှိသည်။
ယခု စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လှုပ်ရှားမှုများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်မှာ ထင်ရှားလှသည်။ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးကမူ တည်တည်ငြိမ်ငြိမ်ပင် တရားထိုင်လျက်ရှိသည်။ ပိုင်ရှောင်ချန်းက ခဏမျှတွေးလိုက်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အရင်ဦးဆုံး ဆက်သွယ်လိုခြင်းအတွက်သာ သံတမန်စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
သွေးတိမ်များလွင့်မြောနေသည့်တစ်လျှောက် ပိုင်ရှောင်ချန်းသည် ရင်းနှီးသော အတိတ်ကို ပြန်လည်အောက်မေ့သတိရသွားသည်။ ဧရာမဘီလူးကြီးတစ်ကောင်၊ ဧရာမငှက်ကြီး နှင့် ကောင်းကင်တံတားမြစ်ထဲတွင် တဝုန်းဝုန်းကူးခတ်နေသည့် တစ်ဝက်တစ်ပျက်သာ ပေါ်နေသော ကြီးမားသည့် မိချောင်းကြီးတစ်ကောင်တို့ဖြစ်သည်။
ဧရာမမိချောင်းကြီးက သွေးမြူများကိုမြင်သောအခါ အဝေးသို့ရှောင်သွားသည်။ သို့သော်ငြားလည်း ၎င်းတွင် ကြောက်ခမန်းလိလိစွမ်းအားများရှိသည်မှာ မျက်မြင်ပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းက အလန့်တကြား စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သူကဘာမှမပြောပေ။ တဝီဝီ သွားနေရင်းက ရင်းနှီးသော မြင်ကွင်းများကို မြင်လာရသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ရောက်တော့မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းတစ်ယောက် ရင်ခုန်စပြုလာသည်။
ပိုင်ရှောင်ချန်းက သူ့အတွေးနှင့်သူ ရင်ခုန်နေစဥ် စုန့်ကျင်းဝမ်၏ အသံက နားထဲဝင်လာသည်။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းထဲမှာ ရည်းစားတွေထားတာတော်တော်များတယ်ဆို ဟုတ်လား”
သူမ၏အသံသည် အေးစက်လွန်းသည်ဖြစ်ရာ ကျောရိုးထဲပင်စိမ့်တက်သွားသည်။ ပိုင်ရှောင်ချန်းတစ်ယောက် တဆတ်ဆတ်ပင်တုန်သွားသည်။ စုန့်ကျင်းဝမ်ကို ကြောင်အမ်းအမ်းကြည့်လိုက်တော့ ဟွန်းခနဲ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းကိုလျစ်လျူရှုလိုက်ပြီး ခြေဆောင့်ကာ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ ဆွေးနွေးရန်လျှောက်သွားလေသည်။
သွေးစီးကြောင်းအကြီးအကဲများ ကလည်း ချက်ချင်းပင်ထိုသို့ပြုလိုက်ကြသည်။ ပိုင်ရှောင်ချန်းက ပိုမိုခေါင်းကိုက်သွားသည်။ တခုခုတော့မှားနေပြီဟုတွေးမိလိုက်ပြီး ယခုမှသာ စုန့်ကျင်းဝမ်က သူ့ကိုဘာကြောင့် အေးတိအေးစက်ဖြစ်သွားကြောင်းကို နားလည်စပြုလာသည်။
” သုံးရက်အတွင်းမှာ ငါ့နောက်ကြောင်းကို အတော် မွှေနှောက်ထားပါလား ”
သက်ပြင်းခိုးချလိုက်ပြီး လူလိမ်ညမုဆိုး ၏ ချစ်ရေးချစ်ရာစွန့်စားခန်းများအကြောင်းကို ပြန်တွေးနေမိသည်။ လူလိမ်ညမုဆိုးမှာ ရည်းစားဘယ်နှစ်ယောက် ထားခဲ့မိမှန်းပင် တိကျရေရာစွာ မသိတော့ချေ။
မကြာခင်မှာပင် သွေးတိမ်က စတင်နိမ့်သွားသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလည်း သူတို့မျက်စိအောက်တွင် ဘွားခနဲပေါ်လာပြီဖြစ်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများသည် မတ်တပ်ရပ်လိုက်ပြီး ကြမ်းတမ်းခက်ထန်မှုနှင့် စွမ်းအားများ လွင့်ပျံ့နေလျက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို အေးတိအေးစက်ကြည့်လိုက်ကြသည်။
တချိန်တည်းမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဋ္ဌမမြောက်တောင်ထိပ်မှ အလင်းတန်းတစ်ခုကျလာပြီး ကောင်းကင်၌ ကြီးမားသော ဝဲတစ်ခုကို ဖန်တီးလိုက်သည်။ ကောင်းကင်ဘုံတုန်ခါသွားပြီး မြေကမ္ဘာအက်ကွဲသွားလုမတတ် စွမ်းအင်များ ထွက်လာသောကြောင့် နားကွဲမတတ် တဂျုံးဂျုံးတော်လဲသံများ မြည်ဟည်းသွားသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ပိုင်းနှင့် မြောက်ပိုင်းနှစ်ခုလုံးမှ စွမ်းအင်များပေါက်ကွဲထွက်လာရာ ကောင်းကင်နှင့် မြေကြီးအကြားတွင် စွမ်းအင်လှိုင်းများ လွှမ်းမိုးသွားသည်။
ဝဲထဲမှ အကန့်အသတ်မဲ့ဖိအားများဖြာထွက်နေသည့် မျက်လုံးတစ်လုံးပေါ်လာပြီး သွေးတိမ်ပေါ်က စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကို စိုက်ကြည့်နေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှလူများသည် မုန်တိုင်းထန်သည့်ပင်လယ်ကြားက လှေငယ်ကလေးကဲ့သို့ဖြစ်နေသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များ တလိပ်လိပ်တက်လာသောကြောင့် ဝဲကန်တော့သည် ပြိုကွဲလုနီးပါးဖြစ်နေသည်။ သူတို့သည် မျက်စိမျက်နှာပျက်နေကြပြီး စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးသာလျှင် တချိန်လုံး တည်တည်ငြိမ်ငြိမ်ရှိနေသည်။
တဖြည်းဖြည်း သူ၏မျက်လုံးများပွင့်လာသောအခါ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ တောင်ပြိုကာ ပင်လယ်ရေခမ်းခြောက်စေလုမတတ် စွမ်းအားများကလည်း လွင့်ပျံလျက်ရှိသည်။
ထို့နောက် ကောင်းကင်ပေါ်ရှိ ရေဝဲ၏ ထိပ်နားတွင် ရပ်လိုက်သည်။ ကြည့်ရသည်မှာ ထိုကဲ့သို့သော ကန့်သတ်မဲ့စွမ်းအားများကို လက်ကလေးတစ်ချက်နှင့်ပင် ဟန့်တားနိုင်စွမ်းရှိပုံပေါ်သည်။
အဖြူရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ဝဲကတော့အလယ်ရှိ နောက်ကျိနေသော မျက်လုံးထဲမှထွက်လာပြီး ပြုံးလျက် လက်ကိုယှက်ကာ နှုတ်ဆက်စကားဆိုသည်။
“တာအိုရောင်းရင်း စုန့်ယွင်ဝမ် ”
ပိုင်ရှောင်ချန်းက ထိုသူကို ချက်ချင်း မှတ်မိသွားသည်။ သူ့ဘဝထဲသို့ ဘရူဇာဝင်ရောက်လာမည့်နေ့က ရောက်လာပြီးကူညီပေးခဲ့သည့် သူပင် ဖြစ်သည်။ သူက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများထဲက တစ်ယောက်လည်းဖြစ်သည်။ မည်မျှစွမ်းအားကြီးသည်ဆိုသောအချက်မှာ ဉာဏ်မမီနိုင်လောက်အောင်ဖြစ်ပြီး စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် အတူတူလောက်ရှိလိမ့်မည်။
“တာအိုရောင်းရင်း လီကျစ်မို!”
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကလည်း လက်ကိုယှက်၍ ပြုံးကာ ပြန်လည်နှုတ်ဆက်သည်။ ခေါင်းဆောင်ကြီး နှစ်ဦး တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် ဝဲထဲသို့ဝင်သွားလေသည်။
ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်သည်။ အစတည်းက စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးကို အံ့သြစရာပဲဟု ထင်ခဲ့သော်လည်း ယခုမူ သူသည် မည်မျှ မယုံနိုင်စရာကောင်းလွန်းသည်ဆိုသည်မှာ ထင်ရှားသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းအားကို သူ ယုံကြည်မှုအပြည့်ရှိ၍ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီသို့ တစ်ဦးတည်းလာခဲ့ခြင်းဖြစ်သည်မဟုတ်ပါလော။
ခေါင်းဆောင်ကြီးများ ဝဲထဲသို့ဝင်သွားသည်နှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ခြမ်းနှင့်မြောက်ခြမ်း နှစ်ခုလုံးဆီမှ အလင်းတန်းများပေါ်ထွက်လာပြီး သွေးတိမ်ရှေ့တွင် ပုံရိပ်များစွာ စုစည်းသွားကြသည်။
ဦးဆောင်လာသူမှာ ကျိန်းယွမ်သုန် မဟုတ်ဘဲ ထူးထူးဆန်းဆန်းပင် ရွှီမေ့ရှန်းဖြစ်နေသည်။ သူမဘေးတွင် ယန်ဝေ့တောင် မှအဘွားအိုဖြစ်ပြီး တစ်ချက်တစ်ချက်တွင် ပေဟန်လဲ့နှင့် ပိုင်ရှောင်ချန်း တစ်ခါမှမမြင်ဖူးသေးသော မိန်းမပျိုတစ်ယောက်က ရံထားသည်။
ရွှီမေ့ရှန်း၏ ကျန်တစ်ဖက်တွင်တော့ ဖက်တီးကျန်းနှင့် လုထျန်းလဲ့ ဖြစ်သည်။
သူတို့၏နောက်တွင်တော့ တောင်ခြမ်းနှင့်မြောက်ခြမ်းမှ ဒါဇင်ပေါင်း များစွာသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့အားလုံးသည် ပိုင်ရှောင်ချန်း၏ မိတ်ဟောင်းဆွေဆောင်းများဖြစ်ကြပြီး အထူးသဖြင့် မြေခဓားကမ္ဘာချောက်ထဲတွင် ပိုင်ရှောင်ချန်း ကယ်လိုက်သူများနှင့်မူ ပို၍ ရင်းနှီးလေသည်။
“အလယ်တောင်ထိပ် မဟာအကြီးအကဲကိုယ်တိုင် အဝေးကြီးကို လာလည်တာပဲ”
ရွှီမေရှန်းက အပြုံးကလေးနှင့်ပြောသည်။
“ဂိုဏ်းခေါင်းဆောင်က ဂူပိတ်တရားကျင့်နေလို့ သူ့အစား ကျွန်မ လာကြိုတာပါ။ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ ”
ရွှီမေ့ရှန်းက လူအုပ်ကို တချက်လှမ်းအကဲခတ်လိုက်သော်လည်း ပိုင်ရှောင်ချန်း အပါအဝင်အချို့သော ဂိုဏ်းသားတွေကို ပိုမိုကာ ခပ်ကြာကြာအကဲခတ်လိုက်သည်။
စုန့်ကျင်းဝမ်က အနည်းငယ်ပြုံးကာ ပြန်ပြောသည်။
“တောင်ထိပ်သခင် ရွှီ… အားနာမနေပါနဲ့ လမ်းကိုသာပြပါ”
ထို့နောက် သူမက သွေးတိမ်ပေါ်မှဆင်းလိုက်သည်။ ပိုင်ရှောင်ချန်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အခြားဂိုဏ်းသားများက နောက်ကလိုက်သွားသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများ၏ အကြည့်များတွင် ကြိုဆိုလိုသည့်အရိပ်အယောင်များ မရှိချေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များလွှမ်းမိုးနေရရာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများကလည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များပြည့်နှက်နေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တိုက်ပွဲအတွေ့အကြုံကောင်းကောင်းရှိသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူမျိုးဆက်များ အများအပြားရှိသည်မှာ အထင်အရှားဖြစ်သည်။ စိတ်စွမ်းအင်ဂိုဏ်းတွင် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူအများအပြားရှိကြောင်း စုန့်ကျင်းဝမ်က သိပြီးဖြစ်သော်လည်း တကယ်တမ်းမြင်လိုက်ရသောအခါ မျက်လုံးပြူးသွားသည်။
ရွှီမေရှန်းက စုန့်ကျင်းဝမ်ကို ဧည့်ခံလျက် ဦးဆောင်ခေါ်သွားသည်။
သို့သော်လည်း တစ်ဦးနှင့်တစ်ဦး မသိမသာ စစ်ဆေးလိုက်ကြသည်။ သွေးစီးကြောင်းအကြီးအကဲ နှစ်ဦးသည် ယန်ဝေ့တောင် မှ အဘွားအိုနှင့် အတူလိုက်ပါလာကြသည်။
အခြားကျင့်ကြံသူများကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အမျိုးမျိုးသော လူများက ၀န်းရံလာသည်ကို ကြည့်ရသည်မှာ အကျဉ်းသားကို ခေါ်လာသည်နှင့်ပင် တူနေသည်။
ပိုင်ရှောင်ချန်းကိုတော့ သာမန်ကျင့်ကြံသူမဟုတ်သည့် မြောက်ပိုင်းလက်ရွေးစင် ပေဟန်လဲ့က ခေါ်ဆောင်လာသည်။ သူ၏ပုံစံက သုန်မှုန်နေပြီး ဖောက်ထွက်မတတ်အကြည့်များနှင့် ကြည့်နေသည်။ ကြည့်ရသည်မှာ ပိုင်ရှောင်ချန်းတစ်ယောက်တည်းအတွက် အစောင့်ချထားခြင်းခံရဟန်တူသည်။
ပိုင်ရှောင်ချန်းသည် သူအလွန်အမင်း ခင်ရသော သူများကို ဖက်လှဲတကင်း နှုတ်ဆက်လို စိတ်များပေါ်လာသဖြင့် သက်ပြင်းချလိုက်သည်။
ထိုအုပ်စုက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တာအိုတောင်ထိပ်သို့ ဦးတည်ပျံသန်းသွားကြသည်။ တောင်ပေါ်သို့ရောက်သောအခါ တောင်ခြမ်းနှင့်မြောက်ခြမ်းနှစ်ခုလုံးက သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းမှ လူများကို ရေခဲတမျှအေးစက်သော အကြည့်များနှင့် ကြည့်လိုက်ကြသည်။ သတ်ဖြတ်တော့မည့် အရိပ်အယောင်များက တငွေ့ငွေ့နှင့် ဖွဲ့တည်လာသည်။
“ အယား..…ဘယ်သူမှ အသိအမှတ်ပြုမခံရဘဲ အိမ်ပြန်လာရတာ ဆိုးလိုက်တာ… ”
ပိုင်ရှောင်ချန်းက ပတ်၀န်းကျင်ကိုလှည့်လည် အကဲခတ်လိုက်သည်။ အထူးသဖြင့် ယန်ဝေ့တောင် မှ အဘွားအိုနှင့် အတူပါလာသော သိပ်မရင်းနှီးသည့် မိန်းမပျိုလေးကို အပြန်ပြန် အလှန်လှန် အကဲခတ်နေသည်။
သူမသည် သိသိသာသာ ထင်ရှားလှပသူဖြစ်ရာ ပိုင်ရှောင်ချန်း အရင်က တစ်ခါမှ မမြင်ဖူးသည်ကို အံ့ဩနေသည်။
“မြောက်ခြမ်းမှာ မျိုးဆက်သစ်လေးပေါ်လာတာပေါ့”
သူကတွေးနေသည်။ အနည်းငယ်ဝါရင့်သော ဂိုဏ်းသားတစ်ယောက်အဖြစ် ခံစားလိုက်ရ၍ ကျေနပ်သွားပြီး ဖက်တီးကျန်းကို အကဲခတ်လိုက်သည်။
“ဖက်တီးကျန်းက ချီစုစည်းမှု အဆင့်တစ်ဆယ်ကိုတောင်ရောက်သွားပြီဟ…ယုံတောင်မယုံနိုင်ဘူး”
ပိုင်ရှောင်ချန်းက ဝေခွဲမရ ဖြစ်သွားသည်။ သို့သော်လည်း သူ၏ အာရုံက ပေဟန်လဲ့ထံရောက်သွားပြီဖြစ်သည်။ ပေဟန်လဲ့သည် အင်မတန် သတိဝီရိယထားနေဟန်ရှိပြီး သွေးဆာနေသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း ညမုဆိုး ၏ ပုံပြင်ပေါင်းများစွာကို ကြားဖူးထားသည်ဖြစ်သောကြောင့် အနည်းငယ် တုန်လှုပ်နေသော်လည်း မည်သို့မျှ မတတ်နိုင်ပေ။
“ကောလာဟလတွေကတော့ ညမုဆိုး က အတော်ရက်စက်တယ်တဲ့”
သူကတွေးနေသည်။
“သူက လူတွေကို ကောက်ရိတ်သလို လိုက်လှီးနေတဲ့ကောင်တဲ့။ မိန်းမလို မိန်းမရ ဆန်ပြီး အဆင့်အတန်းလည်း မရှိဘူးတဲ့။ သူက လူသွေးသောက်ရတာကို ကြိုက်လွန်းလို့ နေ့တိုင်း မသောက်ရ မနေနိုင်ဘူးဆိုပဲ။ နောက်ပြီး သူက အမျိုးသမီးတွေကို ပိုသဘောကျပြီး သွေးမ၀မချင်း မရပ်ဖူးတဲ့။ ဒီကောင်က တကယ့်နတ်ဆိုးပဲ။ သူက ဗလောင်းဗလဲနိုင်ပြီး တော်တော်ရက်စက်တဲ့ကောင်ပဲ။ သေစမ်း…ခုလည်း ညီမလေးဖန်နဲ့ ဖက်တီးကျန်းကို ကြည့်ပြီး ဘာတွေ အကြံထုတ်နေလဲ မသိဘူး ”
စိတ်ရှုပ်ထွေးစွာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်တော့ ပိုင်ရှောင်ချန်းက ပြန်ပြုံးပြလိုက်သည်။
ပေဟန်လဲ့ကမူ ထိုအပြုံးကို ညမုဆိုး၏ ကြမ်းကြုတ်ရက်စက်သည့် အပြုံးအဖြစ် ခံယူလိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက အမှန်တကယ် ပြုံးပြလိုက်မှန်း သတိထားမိသောအခါ မျက်ခုံးများ မြင့်တက်သွားသည်။ ထိုကဲ့သို့ ပိုင်ရှောင်ချန်းက ပရောပရည်လုပ်လိုက်သောအခါ ပေဟန်လဲ့မှာ ဒွိဟဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။
“ဘာမှ စိတ်လှုပ်ရှားစရာမရှိဘူး”
ပိုင်ရှောင်ချန်းက လျင်မြန်စွာ ပြောလိုက်သည်။ သူသာ ဘာမှ မပြောလိုက်ပါက မည်သို့မျှဖြစ်ရန် အကြောင်းမရှိသော်လည်း ယခုမူ ပေဟန်လဲ့က ညာဘက်လက်နှင့် လက်ကွက်ဖော်လိုက်ပြီး အကာအကွယ် မှော်ပစ္စည်းများမှာလည်း အသက်၀င်ပြီး ဖြစ်သည်။
သူတစ်ဦးတည်းသာ ထိုသို့ပြုလိုက်သည် မဟုတ်ဘဲ အခြားသော စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းသားများကလည်း ဘာတွေဖြစ်နေသည်ကို စစ်ဆေးလိုက်ပြီး အန္တရာယ်ပေးတော့မည့်ဟန် ပိုင်ရှောင်ချန်းကို အကဲခတ်လိုက်ကြသည်။
ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ကို စပြီး နှုတ်ဆက်ရုံသာရှိသေးသည်။ သို့သော် စုန့်ကျင်း၀မ်နှင့် ရွှီမေရှန်းတို့ပင်လျှင် ဘာဖြစ်နေလဲ ကြည့်နေသည်။ သူတို့ ဖြစ်ပျက်နေသည်ကို ရွှီမေရှန်းမြင်သောအခါ မျက်လုံးပြူးသွားသည်။ ဖက်တီးကျန်း၊ လုထျန်းလဲ့ တို့အပြင် ယန်ဝေ့တောင် မှ အဘွားအိုတို့က ခက်ထန်သော မျက်၀န်းများနှင့် ကြည့်လိုက်ကြသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ညမုဆိုး သည် သတင်းဆိုးဖြင့် ကျော်ကြားသည်သာမက သူ၏ပုံကိုလည်း မြင်ဖူးကြသည်။ ထို့ကြောင့် သူ့ကို ချက်ချင်းသတိထားမိသွားသည်။ အထူးသဖြင့် လုထျန်းလဲ့က စိန်ခေါ်သည့် အကြည့်များနှင့်ကြည့်ပြီး ေပဟန်လဲ့၏ဘေး ပိုင်ရှောင်ချန်းဆီသို့ ပြေး၀င်သွားသည်။ ညမုဆိုး ၏ရုပ်ပုံလွှာသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ကြမ်းကြုတ်ရက်စက်ခြင်း အတိပြီးသောသူအဖြစ် ရှိနေသည်မှာ ထင်ရှားလှသည်။
ပိုင်ရှောင်ချန်းက လုထျန်းလဲ့ကို စူးရှစွာကြည့်လိုက်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ပိုင်ရှောင်ချန်း အရင်က ရှိစဉ်တုန်းကနှင့်မတူတော့ဘဲ လုထျန်းလဲ့က သူ့အား ပွင့်ပွင့်လင်းလင်းစိန်ခေါ်နေသည်ကို မယုံနိုင်ဖြစ်နေသည်။
“ဘာတွေဖြစ်နေကြတာလဲ”
ရွှီမေရှန်းက မသိဟန်ပြုရင်း မေးလိုက်သည်။
“ဒါက ကျွန်မရဲ့ ဂိုဏ်းတူမောင်လေး ညမုဆိုး လေ”
စုန့်ကျင်း၀မ်က အပြုံးလေးနဲ့ ပြောသည်။ သူမက စကားလွှဲလိုက်ပြီး
“စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းရဲ့ အမွေဆက်ခံသူအဆင့်အတွက်လျာထားြခင်းခံရတဲ့ ပိုင်ရှောင်ချန်းက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ရောက်သွားပြီဆို။ သူနဲ့တွေ့လို့ရနိုင်မလား”