သုံးရက်ကြာပြီးနောက် ဝေလီဝေလင်းအချိန်တွင်…
ပိုင်ရှောင်ချန်းတစ်ယောက် စိတ်မကြည်ပေ။ ဂိုဏ်းနှစ်ဂိုဏ်းကြား ပေါ်ပေါက်လာမည့် စစ်ပွဲအကြောင်း တွေးလေလေ စိတ်ထိခိုက်ရလေဖြစ်သည်။ ထို့အပြင် သံတမန်ရေးရာ ကိစ္စနှင့် သွားရခြင်းမှာ မဟာအကြီးအကဲက ထိုက်တန်သည့် စွမ်းဆောင်ရည်ရှိသည်ဟု သတ်မှတ်ထားခြင်းကြောင့်ဟုသဘောပေါက်လေသည်။
ထို့အတွက်သာ မဟုတ်လျှင် သူမ မရှိသည်ကို အခွင့်ကောင်းယူ၍ အင်မော်တယ်ဂူထဲ ခိုးဝင်ကာ ထာဝရတည်ြမဲခြင်းအမွေအနှစ်ကို ရှာနိုင်သည်။ သို့သော်လည်း တင်းတင်းကြပ်ကြပ်စောင့်ကြည့်ထားလိမ့်မည်ဟု သူ့ကိုယ်သူသတိပေးလိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်၏။
စိတ်ထဲမှာကြိတ်၍ စိတ်ပျက်လက်ပျက် မကျေမနပ်ဖြစ်နေသည့်တိုင် သူ့ကိုကြည့်လိုက်သည့် လူတိုင်းအတွက်မူ ပုံမှန်အတိုင်း သွေးအေးရက်စက်သည့်ပုံပင်။
ထို့နောက် သူ၏အင်မော်တယ်ဂူမှ ထွက်လာပြီး အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအချို့စုဝေးနေသည့် အလယ်တောင်ထိပ်အခြေသို့ ဆင်းလိုက်၏။
ထိုနေရာ၌ ကျင့်ကြံသူတစ်ဒါဇင်ကျော်ရှိပြီး သူ့အားမြင်လိုက်သည်နှင့် သူတို့မျက်နှာများမှာ တင်းမာခက်ထန်သွားကြသော်လည်း တချို့မှာမူ မည်သည့်အမူအရာမှမရှိချေ။
နတ်ဆရာက ထိုအဖွဲ့ထဲတွင် ရှိနေသည်။ ပိုင်ရှောင်ချန်းကို မြင်လျှင်မြင်ချင်း သူမျက်နှာပျက်သွား၏။ ရုတ်တရက် တစ်စုံတရာအား မှတ်မိသွားပုံရပြီး သူ့မျက်လုံးများက အေးစက်သွားကာ မတူမတန်သလို နှာမှုတ်လိုက်သည်။ အရင်က သူ့မှာ ပိုင်ရှောင်ချန်းကို ကြောက်နေခဲ့ရပြီး သခင်မလေး ရွှယ်မေ့ထံ လက်အောက်ငယ်သားအဖြစ် ကျမ်းကျိန်ပြီးသည်ကို တွေးမိလိုက်ပြီး ကြောက်စိတ်အတန်ငယ်လျော့သွား၏။
” အရှိန်အဝါကြီးမားတဲ့ လူတစ်ယောက်က လူတိုင်းနောက်မှာ ရှိသားပဲ ” ဟု ကျောချမ်းဖွယ် ရယ်မောလျက်တွေးလိုက်သည်။
“မင်းငါ့ကို ဒုက္ခပေးနိုင်မလား ကြည့်ကြသေးတာပေါ့ ..ဟားဟား”
ပိုင်ရှောင်ချန်းက အခြားကျင့်ကြံသူများ၏အကြည့်အမျိုးမျိုးအား ဂရုပင်မစိုက်ချေ။ ထိုလူစု၏နောက်ဖက်ရှိ နေရာတစ်နေရာအား ရွေးပြီး တင်ပျဥ်ခွေထိုင်လိုက်သည်။ အနီးအနားတစ်ဝိုက်တွင် ထိုင်နေသည့်သူများရှိသော်လည်း ပိုင်ရှောင်ချန်းရောက်လာလာချင်း လေးစားစွာနှင့် နေရာဖယ်ပေးလိုက်ကြသည်။ ညမုဆိုးနာမည်သည် နီးနီးဝေးဝေးနေရာအားလုံးထံ ပြန့်နေပြီးဖြစ်၏။
မကြာမီ အလင်းတန်းများ ပေါ်ထွက်လာ၏။ ထိုအလင်းတန်းများမှာ အခြေခိုင်မာခြင်းအဆင့်ရှိ လူများပင်ဖြစ်လေသည်။ အမွှေးတိုင်တစ်ဝက်ကုန်သွားသည့်အချိန်မှာပင် သွေးစီးကြောင်း အကြီးအကဲ နှစ်ယောက် ခြံရံလျက် မဟာအကြီးအကဲ စုန့်ကျင်းဝမ်ရောက်လာသောကြောင့် လူတိုင်း လက်ယှက်၍ နှုတ်ဆက်လိုက်ကြသည်။ သို့သော် ဟော့ဟော့ရမ်းရမ်းဝတ်ဆင်တတ်သော မဟာအကြီးအကဲ စုန့်ကျင်းဝမ်က ယခင်နှင့်မတူ တမူထူးခြားစွာ ဝတ်ထားဟန်ကြောင့် လူအားလုံး အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ယခင်ကကဲ့သို့လွန်လွန်ကျူးကျူးဖော်ထားခြင်းမရှိဘဲ ရှေးဆန်သည့်တိုင် သူမ၏အလှတရားမှာ ယုတ်လျော့သွားခြင်းမရှိပေ။ အမှန်မှာ သူမ၏ ပုံစံအသစ်က သူမကို ရှိရင်းစွဲထက် ပိုမိုလှပသွားစေသည်။
ရောက်ရှိနေသည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြကာ အများစုမှာ ပေါက်ထွက်တော့မတတ် မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြ၏။
စုန့်ကျင်းဝမ်၏မျက်လုံးကလေးများမှာ ရွှန်းရွှန်းစိုနေလျက် သူမက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထိုအပြုံးတွင် လူတိုင်းနစ်မြောသွားကြပြီး ပိုင်ရှောင်ချန်းမှာ ရင်ခုန်သံမြန်လာတော့သည်။
ထို့နောက် စုန့်ကျင်းဝမ်က လူထုကို ဝေ့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ရောက်သောအခါ တစ်ခုခုကိုအလိုမကျဟန်နှင့် မျက်မှောင်လေးကြုံ့သွား၏။
” နောက်ထပ်ပရိယာယ်တစ်ခုပဲလား ”
ဟု သူ ပို၍စိုးရိမ်လာကာ တွေးလိုက်မိပြီး ချက်ချင်းပင် သတိကြီးကြီးထားလိုက်သည်။စုန့်ကျင်းဝမ်မှာ ခန့်မှန်းရလွန်စွာခက်သော မိန်းမပျိုတစ်ယောက်ဖြစ်ကြောင်း သူသဘောပေါက်လာခဲ့သည်။သုံးရက်မတိုင်ခင်က ပန်းပွင့်လေးကဲ့သို့ ပြုံးပျော်နေကာ ယခုကျ မျက်မှောင်လေးကြုံ့လျက် စူးစူးဝါးဝါး ကြည့်နေလေသည်။ ဖြစ်ပျက်နေသည့်အခြေအနေကို မဆန်းစစ်နိုင်မီ စုန့်ကျင်းဝမ်၏အသံက လူအများကြားစေရန် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့သံတမန်တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်ကြီးနဲ့အတူ မင်းတို့အားလုံး အတူလိုက်ပါရမယ်။ ကိုယ့်အပြုအမူကိုယ်။ ထိန်းကြ။ သွေးနတ်ရေစင်ဂိုဏ်းကို သိက္ခါမကျစေနဲ့”
သူမမှာ ပြုံးမနေတော့ဘဲ လေးလေးနက်နက်စကားသံကြောင့် လူထုက ခေါင်းညိတ်တုံ့ပြန်လိုက်ကြသည်။
ထိုအချိန်တွင် ဘိုးဘေးတောင်အနီး၌သွေးမြူတိမ်များ ပေါ်ပေါက်လာလေသည်။ တိမ်များက မီတာ၃၀၀အရွယ်အား အလျင်အမြန်ပြောင်းလာကာ မိုးထစ်ချုန်းသံကဲ့သို့တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေပြီး သူတို့ရှိရာသို့ လွင့်လာ၏။ သွေးတိမ်များအလယ်တွင်မူ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် ရပ်နေသည်။ သူ၏ ခေါင်းထက်တွင် ရှည်လျားသောသရဖူကြီးရှိပြီး အသက်ကြီးစေကာမူ ခပ်မတ်မတ်ပင် ရပ်နေ၏။သူက ဒေါသထွက်မနေသော်လည်း ကြောက်လန့်စရာပုံပေါ်နေသည်။ သူ၏ကြောက်မက်ဖွယ်အရှိန်အဝါက လူအားလံုးကို ရူးသိပ်မှုနှင့် ပြည့်နှက်သွားစေသည်။
” စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး ” ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားကာ တွေးလိုက်ြပီး ချက်ချင်း ဦးညွတ်လိုက်လေသည်။ ထိုအဘိုးအိုကို ခန့်မှန်းရန်မှာ လုံးဝမဖြစ်နိုင်ဘဲ သူ့ထံမှ နတ်စွမ်းအင်တစ်စသည်ပင် ကြောက်မက်ဖွယ်ကောင်းသည်။
နေရာရှိတခြားကျင့်ကြံသူများမှာလည်း အံ့သြတုန်လှုပ်ကာ လက်ယှက်၍ နှုတ်ဆက်လိုက်ကြသည်။
“ခေါင်းဆောင်ကြီးကို နှုတ်ဆက်ပါတယ်”
” လူစုံကြပြီပဲ ”
စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက ပြောလိုက်၏။
“သိပ်ကောင်းတယ်…။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို သွားဖို့ အချိန်ကျပြီ”
တိမ်ထဲမှ သူ့အသံထွက်ပေါ်သွားပြီး လူစုအား ငုံ့ကြည့်လိုက်၏။ သာမန်အကြည့်ပင် ဖြစ်လင့်ကစား သူတို့ ခန္ဓာကိုယ်ကို ဆောင်းလေအေးများ တိုးဝှေ့တိုက်ခတ်လိုက်သည့်အလား ရင်ထဲမှာ အေးစိမ့်သွားရသည်။
ပိုင်ရှောင်ချန်းမှာ အတော်လေး တုန်လှုပ်နေ၏။
ဤအဘိုးအိုအပါအဝင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးနှစ်ယောက် ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ပထမဆုံးလူမှာ ခေါင်းဆောင်ကြီး အတုမဲ့ဖြစ်၏။ ထိုအဘိုးအိုနှစ်ယောက်အနက် သူ့အမြင်တွင် ခေါင်းဆောင်ကြီးအတုမဲ့မှာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကဲ့သို့ လန့်စရာမကောင်းချေ။
“ဟာ..ဟုတ်သားပဲ။ ခေါင်းဆောင်ကြီးအတုမဲ့က ခေါင်းဆောင်ဖြစ်တာမှ မကြာသေးတာ.. ဒီစုန့်အဖွဲ့ခေါင်းဆောင်ကြီးထက် ငယ်ပြီး အားလဲမကြီးသေးဘူး။ ဒီအဘိုးကြီးက အတွေ့အကြုံပဲရင့်နေလှပြီ။သူ့ကျင့်ကြံခြင်းအခြေခံဆို ကြောက်စရာကောင်းလောင်အောင် စွမ်းအားကြီးနေရောပေါ့။ နှစ်တွေအကြာကြီး အသက်ရှည်နေတာဖြစ်မယ် ”
ထိုစဥ် ရုတ်တရက် မမြင်နိုင်သော အားတစ်ခုက သူ့ကိုယ်ကို ဆွဲခေါ်သွားကြောင်းသိလိုက်သဖြင့် လန့်ဖြတ်သွားပြီး သတိဝင်လာသောအခါ လေပေါ်မြောနေ၏။ အပေါ်မြောက်သွားပြီး လျှပ်တပြက်အတွင်းမှာပင် သွေးမြူတိမ်ပေါ်သို့ပင် ရောက်နေချေသည်။ အံသြဖွယ်ကောင်းသည်မှာ သွေးမြူများက ခပ်ပွပွပုံစံရှိစေကာမူ ခံနိုင်ရည်ရှိ၏။ထိုပေါ်မှ ငုံ့ကြည့်လိုက်ပါက သွေးနတ်ရေစင်ဂိုဏ်း တစ်ခုလုံးကို မြင်နိုင်လေသည်။ တစ်ခဏကြာပြီးနောက် သွေးမြူတိမ်များက နေရာတစ်ခုသို့ ဦးတည်သွားလေသည်။
မကြာမီ အောက်ဖက်ရှိ မြေကြီးသည်ပင် အရှိန်မြန်လာ၏။ ပိုင်ရှောင်ချန်းက အားကုန်ထုတ်၍ သွားစေကာမူ ထိုအမြန်နှုန်း၏ သုံးပုံတစ်ပုံမျှပင် မီမည် မဟုတ်ပေ။
” ဒါကြောင့်လဲ ခေါင်းဆောင်ကြီးဖြစ်ထိုက်တာပဲ ”
သူက ဂလုခနဲ တံတွေးမြိုချလိုက်ပြီး တွေးလိုက်၏။ ဘေးဘီဝဲယာကြည့်လိုက်သောအခါ သူ့ပတ်ပတ်လည်တွင် နတ်ဆရာအပါအဝင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက ဝန်းရံထားလေသည်။ ပိုင်ရှောင်ချန်းပေါ်လာမည်ဟု မထင်မှတ်ထားသဖြင့် သူတို့ မျက်နှာများမှာ သွေးဆုတ်ကာ ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး အလွန်အမင်းအံ့အားသင့်သွားကြ၏။
စုန့်ကျင်းဝမ်နှင့် သွေးစီးေကြာင်း အကြီးအကဲ နှစ်ယောက်သာလျှင် အေးဆေးတည်ငြိမ်နေသည်။ ရှေ့ဆုံးတွင်မူ ရေဝဲတစ်ခု လည်ပတ်လျက် ထူးဆန်းသော စုန်မျိုးနွယ်စုခေါင်းဆောင်ကြီးက တင်ပျဥ်ခွေထိုင်နေ၏။ အတော်လေးနီးသောကြောင့် ထိုအဘိုးကြီး၏ ပါးလျနေသော ဆံပင်အဖြူများနှင့် ပါးရေများတွန့်နေသည်ကိုပင် မြင်နေရပြီး သူ့မျက်နှာပေါ်တွင် အညိုရောင်အကွက်များပင် ရှိလေသည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးအချိန်တွင် ပိုင်ရှောင်ချန်းက အရှိန်နှင့်ကျင့်သားရသွားပြီး ဘေးပတ်ဝန်းကျင်ကို နီးနီးကပ်ကပ်လေ့လာနေ၏။ တိမ်မျက်နှာပြင်တွင် အကာအကွယ်မန္တာန်တစ်ခု တည်ဆောက်ထားပြီး စမ်းကြည့်လိုက်သောအခါ လေညှင်းတစ်ခုက သူ၏ဆံပင်ကို တိုးဝှေ့သွားကာ ဘာမှဆက်ဖြစ်မလာချေ။
ထို့နောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ညမုဆိုးအဖြစ် နောက်တစ်ခေါက်ပြန်သွားရမည်ဖြစ်သောကြောင့် မဖော်ပြနိုင်သော ခံစားချက်များနှင့်အတူ အလွန်အမင်းစိတ်လှုပ်ရှားလာ၏။ သိသမျှလူအကြောင်းအား ရုတ်တရက်စတင်တွေးမိလာသည်။
“ဖက်တီးကြီးကျန်းကြီးနဲ့တွေ့ရင် ဘယ်လိုဖြစ်မလဲ သိချင်လိုက်တာ ”
ဟုတွေးလိုက်၏။
“ငါ့ကို သတိထားမိလောက်မလား…. ဟား..ဟား… ဟိုရှောင်မေ့လေးကောပဲ.. အိမ်း…ငါသူ့ကို ညမုဆိုးပုံစံနဲ့ ညီမလေးလို့သာ ခေါ်လိုက်လို့ကတော့.. ဘာများဖြစ်မလဲမသိဘူး.။ အင်း…ပြီးတော့.. ကျိုးရှင်းချီ၊ ရွှီပေါက်ချိုင်နဲ့ ဝိညာဥ်စွယ်တို့ကော….”
သူသိခဲ့သည့် လူများအကြောင်းတွေးလေ ပိုမိုပြုံးလာလေ ဖြစ်၏။
ထိုကဲ့သို့ သဘောကျ ပျော်ရွှင်နေသော်လည်း ဟွန့်ခနဲ အေးစက်စက်နှာမှုတ်သံကြောင့် သူ၏ အတွေးစတို့ ပြတ်တောက်သွားခဲ့သည်။ မလှမ်းမကမ်း၌ ထိုင်နေသည့် နတ်ဆရာကို သွေးအေးအေးနှင့် စက်ဆုပ်ရွံရှာစွာ လှမ်းကြည့်လိုက်၏။
“ဘာကြည့်တာလဲ ဟွန့်ဆရာ ”
ဟု အေးစက်စက်ပြောလိုက်၏။
ထိုစကားလုံးများသူ့ပါးစပ်မှ ထွက်သွားသည်နှင့် လူတိုင်းနားစွင့်လိုက်သည်။ ခေါင်းဆောင်ကြီးနှင့် မဟာအကြီးအကဲတို့၏ အာဏာကြောင့် ငြိမ်ငြိမ်လေးထိုင်နေရန်ကလွဲ၍ ဘာမှမလုပ်ရဲကြချေ။ ယခု ညမုဆိုးနှင့် နတ်ဆရာတို့ကြား၌ ပြဿနာတက်တော့မည် ကို တွေး၍ ချက်ချင်းစိတ်လှုပ်ရှားလာကြသည်။
ပိုင်ရှောင်ချန်းက ယခုလေးတင် ပြောလိုက်သည့် ငေါ့တော့တော့စကားမှာ အမှန်ဆင်ခြင်စရာပင်ဖြစ်သည်။ ” ဟွန့်ဆရာ ” ဆိုသည့်စကားလုံးကို ကြားလိုက်ရသည်နှင့် မည်သို့မည်ဖုံ တုံ့ပြန်လိုက်ရမည်ကို မသိ၍ အံအားသင့်တုန်လှုပ်သွားကြသည်။
“မင်း….ဘာပြောလိုက်တာ ”
နတ်ဆရာက ဒေါသမီးများတောက်လောင်လျက် ပိုင်ရှောင်ချန်းကိုစိန်းစိန်းဝါးဝါးကြီးစိုက်ကြည့်လိုက်၏။
“ဟင်..ဒီနာမည်ကို မကြိုက်ဘူးလား”
ပိုင်ရှောင်ချန်းကမူ အမူအရာမပြောင်းလဲပဲအေးအေးလူလူပင် ခွန်းတုံပြန်လိုက်၏။
“အဲ….တောင်းပန်ပါတယ်ဗျာ…ကျုပ်က ခင်ဗျား နှာမှုတ်ရတာကြိုက်တယ်ထင်လို့…. ကျုပ်ကိုကြည့်ပြီး တရစပ်နှာမှုတ်နေတာကိုး… အင်း..
နောက်တစ်ခါထပ်နှာမှုတ်ရင်တော့ဗျာ…ဟွန့်ဟွန့်ဆရာလို့ပဲ ခေါ်တော့မယ်”
သူ၏စကားလုံးမှာ တကယ့်ကိုပင် မခံချိမခံသာ ဖြစ်စေ၏။ နတ်ဆရာက အံတင်းတင်းကြိတ်လိုက်သော်လည်း အခြားကျင့်ကြံသူများမှာ ကျယ်ကျယ်လောင်လောင်ပင် ရယ်မောနေကြသည်။
တခဏကြာပြီးနောက် နတ်ဆရာက အေးစက်စက်လှောင်ရယ်လိုက်၏။
“မင်း…ဟမ်း.. . မင်းမှာ သွေးချီဓားတွေရှိတော့ကော ဘာလုပ်ရမှာလဲ… မင်းအခုလို ပြောင်ချော်ပြက်ချော်လုပ်နေတာမလို့… တခြားသူတွေ ကျင့်ကြံလို့မရတော့ဘူး .. အမှိုက်ကောင်ရဲ့.. . သခင်မလေးရွှယ်မေ့လာသတ်မယ့် အချိန်ကိုသာ လက်ချိုးရေနေလိုက်စမ်းပါကွာ”
ပိုင်ရှောင်ချန်းက ဂုဏ်ယူစွာနှင့် မေးမော့လိုက်၏။
“ခင်ဗျားကိုယ်ခင်ဗျား ရှေ့ဖြစ်အဟောတွေနဲ့ပတ်သက်ပြီး တတ်လှပြီ ထင်နေသလား…လူလိမ်ကောင်။ ခင်ဗျားက ဘာမှမဟုတ်ဘူး… လိမ်ညာပြီးတတ်ချင်ယောင်ဆောင်နေတဲ့သူသာသာပဲ..။ ချီးပဲ ရှေ့ဖြစ်ဟောတာ ။ ကျုပ် ပြောမယ်သိလား…။ ညမုဆိုး ဆိုတဲ့ကောင်က ဟိုးငရဲက စလို့ အထက်ကောင်းကင်အဆုံး တစ်ခုမချန်အကုန်သိတယ်ကွ.. ။ကျုပ်မျက်လုံးလေး တစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ အရာအားလုံးကို သိနိုင်တယ်.. အေး..ကျုပ် အကျီလက်တစ် ချက်ခါလိုက်တာနဲ့ ဟွန့်ဟွန့်ဆရာ ပြာဖြစ်သွားမယ်နော် ”
ခေါင်းဆောင်ကြီး ရှိနေသောကြောင့် မည်သူမျှ မတိုက်ခိုက်ရဲကြချေ။ ထိုကဲ့သို့ စကားပြောခွင့်ပြုထားပြီး မတိုက်ရခြင်းကို ပိုင်ရှောင်ချန်းတစ်ယောက် လွန်စွာ နှစ်ခြိုက်လေသည်။ ယခုအခြေအနေတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကြောက်စရာမလိုချေ။
ထိုရန်စကားများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် အပြင်မှဝိုင်းကြည့်နေကြသူများ မျက်လုံးပြူးသွား၏။ ပိုင်ရှောင်ချန်း လေထုံးထွားပြောနေခြင်းကို အထင်သေးသော်လည်း အပြောပိုင်လှကြောင်း သူတို့နားလည်သည်။ နတ်ဆရာမှာမူ သူအတိုင်းအတာနှင့် ယှဥ်ပါက စကားနာထိုးသည့်အရာတွင် ပိုင်ရှောင်ချန်းနှင့် ပြိိုင်ဖက်မဖြစ်နိုင်ချေ။
“ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ.. ဟမ်”
အံကြိတ်ထားလျက် နတ်ဆရာက အေးစက်စက်နှာမှုတ်လိုက်၏။
“အဲ…ကြည့်… အခုပဲ ခင်ဗျား နှာမှုတ်လိုက်တယ်လေ…မဟုတ်ဘူးလား….နားထောင်.. ကျုပ်တို့ဒီအကြောင်းပြောဖို့ လိုနေပြီ. .. နှာမမှုတ်ပါတော့နဲ့… .. နော်… ခင်ဗျားသာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အဲ့လိုပဲ နှာမှုတ်နေလို့ကတော့ါ. လူယောင်ဆောင်ထားတဲ့ ဝက်ကြီးလို့ ထင်သွားလိမ့်မယ်… အဲ့တာ တော်တော့်ကို မျက်နှာပျက်စရာကြီး ဖြစ်သွားမှာ ဗျ”
သူက ပြောရင်းဆိုရင်း သက်ပြင်းချလိုက်၏။
“မင်း…..”
နတ်ဆရာမှာ ဘာကြောင့်မှန်းမသိပါသော်လည်း သူနှင့် တည့်တိုးတွေ့လိုက်တိုင်း ဒေါသမထိန်းနိုင်တော့ချေ။ စကားမပြောနိုင်လောက်အောင် စိတ်ဆိုးဒေါသထွက်သွားသဖြင့် ခုန်တက်လိုက်သည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ရုတ်ခြည်းရေခဲတမျှ သွေးအေးသွားပြီး လက်ခလယ်ကို ဝှေ့ယမ်းလိုက်သည်နှင့် သွေးချီများ စုစည်းလာ၏။
နတ်ဆရာမှာ ထိုအရာအားမြင်လိုက်သောအခါ နှလုံးရပ်သွားသကဲ့သို့ ခံစားရလိုက်၏။ သူ့မှာ ထရပ်ရုံမျှရှိသေးသော်လည်း သူ့ရန်ဘက်မှာ ထို့ကိစ္စကြောင့် တိုက်ခိုက်လိမ့်မည်ဟု စိတ်ပင် မကူးခဲ့ချေ။
ထိုအခိုက်တွင် မဟာအကြီးအကဲ စုန့်ကျင်းဝမ်၏ ကျောချမ်းဖွယ်အကြည့်က သူတို့နှစ်ယောက်ထံ ရောက်လာ၏။
” တော်လောက်ပြီ ”
သူက ခပ်အေးအေးပြောလိုက်သည်။
“နတ်ဆရာ ဟိုဘက်မှာ သွားထိုင်.. ညမုဆိုး.. ငါ့ဘေးလာထိုင်စမ်း ”
နတ်ဆရာက အခြေအနေကို အခွင့်အကောင်းယူကာ ထိုင်ချလိုက်၏။ နှာမှုတ်ရန်ကြံလိုက်သော်လည်း ပိုင်ရှောင်ချန်း၏ပြောစကားများနားထဲပြန်ကြားယောင်လာသဖြင့် အိုးတို့အန်းတန်းဖြစ်သွားသည်။ထို့ကြောင့် သူ၏မုန်းတီးမှုများမှာ ပို၍ ကြီးထွားလာတော့သည်။
လူအားလုံးက ခပ်မတ်မတ်ထိုင်နေလျက် ပိုင်ရှောင်ချန်းကို မနာလို အားကျနေကြသည်။ သူက မဟာအကြီးအကဲဘေးတွင် ထိုင်ရရုံမက ခေါင်းဆောင်ကြီးနှင့်ပင်လျှင် နီးကပ်နေ၏။ ထိုအချိန်တွင် သူတို့အားလုံးက နောင်တစ်ချိန်၌ အခွင့်အရေးကို မလွှတ်တမ်းဖမ်းဆုပ်သင့်ကြောင်း နားလည်သဘောပေါက်သွားကြသည်။
“မဟာအကြီးအကဲ…ကျုပ် ဒီမှာ အဆင်ပြေပါတယ်”
ပိုင်ရှောင်ချန်းက နောက်သို့ နည်းနည်းဆုတ်လိုက်ပြီး ပြောလိုက်၏။
” ကျုပ်… .ဘာလို့…. “.
သူ့စကားမဆုံးခင်မှာပင် စုန့်ကျင်းဝမ်က အေးစက်တင်းမာစွာ ကြည့်ကာ ဖြတ်ပြောလိုက်သည်။
” ဒီကို လာခဲ့ ”