အခန်း ( ၂၁၂ )

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တွေဝေနေမှု

စုန့်ကျင်းဝမ်မှာ ပိုင်ရှောင်ချန်းအားကြည့်ကာ ပြောလိုက်လေသည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီကို သံတမန်အနေနဲ့ သွားရတဲ့အခါ မင်းနဲ့ငါနှစ်ဦးတည်းပဲ ခေါင်းဆောင်ကြီး နဲ့ လိုက်ပါရမှာမဟုတ်ပါဘူး။ အခြားသူတွေလဲ ပါကြမှာပါ။ ဒါပေမဲ့ အလယ်တောင်ထိပ်ကတော့ တာဝန်ယူထားရတာပေါ့ ”

” ဒီတာဝန်ကိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခုက အဓိကကျပြီး ဒုတိယတစ်ခုက အရန်အဆင့်ပဲ။ ကဲ..ဒုတိယတစ်ခုအကြောင်းစပြောရအောင်..။ ငါတို့ပိုင်ရှောင်ချန်းကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ကြရမယ်” စုန့်ကျင်းဝမ်က ပိုင်ရှောင်ချန်း၏နာမည်အား ထုတ်ဖော်ပြောပြသည့်အချိန်၌ သူမ၏မျက်လုံးများတွင် ပြင်းထန်သောအေးစက်စက်အလင်းရောင်များ လက်သွားလေသည်။

ပိုင်ရှောင်ချန်းမှာ သူမ၏အေးစက်စက်အကြည့်များကိုမြင်သွားပြီး ရင်တုန်ပန်းတုန်ဖြစ်သွားလေသည်။ သူမကသူ့အား ကြည့်နေစဥ် သူမ၏လူသတ်ချင်စိတ်မှာ အချိန်မရွေးပေါက်ကွဲထွက်နိုင်သည်အထိမြင့်တက်နေသည့်ပုံ ပေါ်နေသည်။

သူကအံကိုကြိတ်လိုက်သည်။ လူသတ်ချင်စိတ်အလွန်ပြင်းထန်နေသည့်ပုံဖြင့် ပြောလိုက်သည်။ “မြေခဓားချောက်မှာတုန်းက ပိုင်ရှောင်ချန်းနဲ့ ကျုပ်ကြားထဲမှာ တော်တော်ကြီးတဲ့ ရန်ငြိုးရှိခဲ့ဖူးတယ်..။ ကျုပ်သူ့အပေါ်မုန်းတဲ့အမုန်းတရားက ပင်လယ်ကြီးလောက် နက်ရှိုင်းတယ်..။ ကျုပ်သူနဲ့ တစ်မိုးအောက်ထဲမှာ အတူမနေချင်ဘူး။ ဘယ်အခြေအနေမှာမဆို အစ်မသာ ကျုပ်ကို သူ့ဆီသွားခွင့်မပြုရင်ကောင်းမယ်။ မဟုတ်လို့ကတော့ သူ့ကိုသတ်ခွင့်ရဖို့ အရိုးကြေကြေအရေခန်းခန်း တိုက်ခိုက်ပစ်လိုက်မှာ ”

သူက သေမင်းနှုတ်ခမ်းဝမှာ လျှောက်နေသည့်အလား ခံစားနေရပြီး စုန့်ကျင်းဝမ်ကို အပြစ်မလုပ်မိစေရန် မျှော်လင့်နေသည်။

စုန့်ကျင်းဝမ်က ခေါင်းညိတ်လိုက်ပြီးသက်ပြင်းချကာ ပြောလေသည်။
” ပိုင်ရှောင်ချန်းက ချွဲအာရဲ့ ကောင်းကင်စီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကို လုယူသွားခဲ့ပြီး စုန့်မျိုးနွယ်စုရဲ့အစီအစဥ်တွေကို ဖျက်စီးပစ်ခဲ့တယ်။ မျိုးနွယ်စုက ဒီအခွင့်အရေးကိုရဖို့ အများကြီးပေးဆပ်ခဲ့ရတာ..။ အစ်မတို့က ခေါင်းဆောင်ကြီးအတုမဲ့ ဆီကနေ ကောင်းကင်တာအိုကျင့်ကြံခြင်းအခြေခံရဲ့ လျှို့ဝှက်ချက်တွေကို ဝယ်ခဲ့ရတယ်။ ဒါတွေအားလုံးက အလယ်တောင်ထိပ်ရဲ့သွေးသခင်ရာထူးကို ချွဲအာ ပိုင်ဆိုင်ဖို့ပဲ။ ”

“ ဒါပေမဲ့ အခုတော့ နောက်ကျလွန်းသွားပြီ။ ချွဲအာက ရှစ်ခုမြောက်ဒီရေစီးကြောင်းအထိပဲရောက်ခဲ့ပြီး ရွှယ်မေ့နဲ့ယှဥ်ပြိုင် တိုက်ခိုက်ဖို့မဖြစ်နိုင်တော့ဘူး။ အခုတော့ အစ်မတစ်ယောက်ပဲ သွေးသခင်နေရာကိုရဖို့အတွက် အခွင့်အရေးရှိတော့တယ် ” ယခုအချိန်တွင် သူမ၏ပုံစံမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ပိုင်ရှောင်ချန်းအား ပိုမိုသတ်ချင်နေသည့်ပုံပေါ်လေသည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ် မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ပြီးနောက် သူမပြောနေသည်ကို သဘောတူဟန် လေးလေးနက်နက်ဖြင့်ခေါင်းညိတ်ပြလိုက်လေသည်။

” ဟုတ်တာပေါ့..ဒါလုပ်ရမယ်လေ ” သူကိုယ်သူလွန်စွာ ဂုဏ်ယူနေမိပြီး သူ ပြောလိုက်လေသည်။
” တကယ်လို့ ပိုင်ရှောင်ချန်းသာမလုပ်ခဲ့ရင် ချွဲအာက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကို ကျိန်းသေရောက်ပြီးသားပဲ ” ပိုင်ရှောင်ချန်းက အကယ်၍စုန့်ချွဲသာ ချွဲအာဟုအခေါ်ခံလိုက်လျှင် သူ့ မျက်နှာကြီး မည်သို့ဖြစ်သွားမည်ကို ပိုင်ရှောင်ချန်းမှာ မထိန်းချုပ်နိုင်ဘဲ တွေးကြည့်နေမိသည်။

စုန့်ကျင်းဝမ်မှာ နူးညံ့ညင်သာစွာ ဆက်ပြောလေသည်။
” သံတမန်ရေးရာတာဝန်ရဲ့ အဓိကအကြောင်းအရင်းကတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း အကြားမှာ စစ်ပွဲတွေ တကယ်ဖြစ်ပေါ်လာ၊မလာကို ကြည့်ဖို့ပဲ…”

နောင်တချိန်တွင် မည်သို့ဖြစ်ပျက်လာမည်ကို မြင်နေရသကဲ့သို့ သူမက ပြောပြနေသည်။

ပိုင်ရှောင်ချန်း၏ ဦးရေပြားမှာ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည်။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအကြား စစ်ပွဲဖြစ်နိုင်ချေရှိသည်ကိုသိနေသော်လည်း သူက ထိုကဲ့သို့မဖြစ်စေချင်ပေ။ စစ်ပွဲမှာ ရက်စက်ကြမ်းကြုတ်သောအရာဖြစ်ပြီး အမှန်တကယ်စစ်ဖြစ်ခဲ့လျှင် လူပေါင်းများစွာသေဆုံးရပေလိမ့်မည်။

” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က အချိန်အကြာကြီးတိုက်ခိုက်ခဲ့ကြပြီးပြီ။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အားနည်းတယ်..ပြီးတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုလည်း အကူအညီပေးဖို့တောင်းဆိုထားသေးတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက မဟာမိတ်ဖွဲ့ပြီး လျှို့ဝှက်ညှိနှိုင်းမှုတွေလုပ်ချင်လုပ်နေကြမှာ..။ တကယ်လို့သူတို့သာ လုပ်နေကြရင်…ငါတို့လဲလုပ်နိုင်တာပဲလေ”

“စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အရင်တုံးက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ငါတို့ကို မဟာမိတ်ဖွဲ့ဖို့နဲ့ပတ်သက်ပြီး အရိပ်အမြွက် ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ဆုံးအချက်က သွေးမြေကျစေရမယ့်အရာတစ်ခု ဖြစ်နေခဲ့တယ်။ အဲဒီကနေ ဘယ်လိုစီစဥ်ပြီး ကြံစည်နေသလဲဆိုတာ ငါတို့ကြည့်ခဲ့ရတယ်။ အဆုံးသတ်ပြောရရင် ဂိုဏ်းတွေက ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်ပြီး အားကိုးရမယ်လေ ”
စုန့်ကျင်းဝမ်၏မျက်လုံးများတွင် အပြစ် မြင်သောအရိပ်အယောင်များ အနည်းငယ်ပေါ်လွင်သော်လည်း မျက်ဝန်းနက်နက်တွေထဲတွင် ရေခဲတမျှအေးစက်သော အငွေ့အသက် တစ်ခုရှိနေလေသည်။

ပိုင်ရှောင်ချန်းက အစတွင် ဘာမျှဝင်မပြောချေ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြား စစ်ပွဲများကို ကြားဖူးနေသည်မှာ ယခုအချိန်မှမဟုတ်ပေ။ သူကဂိုဏ်းအတွင်းပျံ့နှံ့နေသော ကောလာဟလများအရ စစ်ပွဲမှာ နှစ်ဖက်စလုံး မရေမတွက်နိုင်အောင်များပြားလှသောသေဆုံးမှုများနှင့်အတူ အလွန်ရက်စက်ကြမ်းကြုတ်သောအဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင် သိလေသည်။

” စစ်မှန်တဲ့ စစ်မြေပြင်ကိုမြင်ရဖို့ခက်တယ်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းတိုက်ခိုက်နေကြပေမဲ့ ငါတို့အားလုံးသိကြတဲ့အတိုင်း သူတို့လဲနောက်ဆုံးတော့ မဟာမိတ်အဖြစ်အဆုံးသတ်သွားမှာပဲလေ။ မင်းရဲ့စစ်မှန်တဲ့ ရန်သူကဘယ်သူဆိုတာ ပြောဖို့ခက်ခဲတယ်။ မင်းရဲ့ရန်သူအစစ်အမှန်က ဘယ်သူဘယ်ဝါဆိုပြီး ခွဲခြားသတ်မှတ်တာကမှ စစ်ရဲ့အရေးကြီးတဲ့ သော့ချက်ဖြစ်မှာ….။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားကြရင်းနဲ့ နတ်ရေစင်ဂိုဏ်းတွေက အရူးအမူးဖြစ်ကုန်ကြတာလေ..။ ညမုဆိုးလေး… စစ်ပွဲက သိပ်မလိုတော့ဘူး။ အချိန်မရွေး ပေါ်ပေါက်လာနိုင်တယ်.. ”

“ဒါ့အပြင် စစ်တိုက်ဖို့တပ်တွေ မထုတ်ခင်အထိ အချိန်တွေကိုဆိုင်းထားပြီး စစ်ပွဲဖြစ်ပွားတာကို စောင့်ကြည့်နေတာတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူး။ အချိန်တွေကြာသွားရင် အခြားဂိုဏ်းနှစ်ခုက မဟာမိတ်အဖြစ်ပူးပေါင်းသွားနိုင်တယ်လေ။ သုံးဂိုဏ်းလုံးပေါင်းချင် ပေါင်းသွားနိုင်တယ်။ သူတို့အားလုံး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အနိုင်ယူဖို့ အင်အားတွေစုစည်းနေကြလိမ့်မယ်။ ဘာပဲဖြစ်နေနေ ငါတို့ဂိုဏ်းက အသန်မာဆုံးပဲလေ။ စကားပုံတစ်ခုကအတိုင်း မင်းကကျားကိုစီးနေပြီဆိုရင် ကျားပေါ်ကနေ ခုန်ချဖို့ခဲယဥ်းတယ်ဆိုသလိုပဲ။ ဒါကြောင့် တကယ့် စစ်ပွဲကြီးမဖြစ်ခင် ငါတို့က အခွင့်အရေးကို အမိအရယူထားဖို့လိုတယ် ” စုန့်ကျင်းဝမ်က သက်ပြင်းချကာ ပိုင်ရှောင်ချန်းအားကြည့်လိုက်သည်။

ပိုင်ရှောင်ချန်းက ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ရှုထောင့်မှကြည့်လျှင် မှန်ကန်သည်။ အကယ်၍ သူတို့သာမည်သည့်လှုပ်ရှားမှုမှမလုပ်ပဲ ရှည်ရှည်ဝေးဝေးလုပ်နေပါက ကျန်ဂိုဏ်းသုံးခုမှာ မဟာမိတ်ဖွဲ့သွားပေလိမ့်မည်။ ထိုကိစ္စရပ်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၌ ဆိုးကျိုးများရသွားနိုင်ပြီး ခါးသီးဖွယ်အရှုံးကိုပင် ခံစားရသွားနိုင်သည်။

” ဒီတစ်ကြိမ်တော့ စစ်ဖြစ်ရလိမ့်မယ်။ ပြီးတော့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အလယ်ပိုင်း ဂိုဏ်းတစ်ခုအဖြစ် မြှင့်တင်နိုင်ရမယ် ” စုန့်ကျင်းဝမ်မှာ အလယ်ပိုင်းဒေသရှိကုံမြစ်ဂိုဏ်းခွဲ အကြောင်းဆက်လက်ရှင်းပြတော့သည်။ သူမ၏ရှင်းပြချက်များမှ အများဆုံးမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကြီး ကျိန်းယွမ်သုန်၏ ရှင်းပြချက်နှင့် တူညီနေသည်။

ပိုင်ရှောင်ချန်းမှာ ငြိမ်ငြိမ်သက်သက် နားထောင်နေကာ တစ်ခွန်းမှ ပြန်မမေးခဲ့ပေ။

” တကယ်လို့ စစ်ကြီးသာဖြစ်လာခဲ့ရင်…” သူမက ဆက်ပြောလေသည်။
” ငါတို့မှာ ရွေးချယ်စရာတစ်ခုပဲရှိတယ်။ အဲ့တာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ တိုက်ခိုက်ဖို့ပဲ။ ပြီးတော့ ဂိုဏ်းကြီးလေးဂိုဏ်းဟာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း နဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းဆိုပြီး အစဥ်လိုက်အတိုင်း မြစ်လက်တက်ကြီးပေါ်မှာ တည်ရှိနေတာလေ။ ငါတို့နဲ့အနီးကပ်ဆုံးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းပဲ…”

” တကယ်လို့ငါတို့သာ စတိုက်ခိုက်ရင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အနိုင်ရဖို့ ယုံကြည်မှုအပြည့်အဝရှိတယ်။ ဒါပေမဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုလျော့တွက်ရမယ်လို့ မဆိုလိုဘူး။ သူတို့က ရတနာတွေအားလုံးကို ဝှက်ထားပြီး ထူးဆန်းတဲ့ အကာအကွယ်တွေလဲ တည်ဆောက်ထားသေးတယ်။ ငါတို့က ကြီးမားတဲ့ဆုံးရှုံးမှုကိုခံစားရနိုင်ပေမဲ့ အဆုံးသတ်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဖျက်စီးပစ်နိုင်လိမ့်မယ်။ အဲတာတွေပြီးရင် ငါတို့က ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ရင်ဆိုင်ရလိမ့်မယ်”

” ငါတို့တွေသူတို့ကို အနိုင်ရရင် အဲ့မှာ အသက်ရှင်ကျန်သူတွေအများကြီးရှိမှာ မဟုတ်ဘူး။ တကယ်လို့ ဂိုဏ်းတွေအားလုံးသာ အားအင်ချိနဲ့နေရင် ကုံမြစ်ဂိုဏ်းခွဲကို ထုတ်ပယ်နိုင်မယ်ဆိုပြီး မျှော်လင့်နိုင်တော့မှာမဟုတ်ဘူး။
မြင့်မားတဲ့ အဆင့်တစ်ခုကိုရောက်ဖို့ အခွင့်အလမ်းတွေအားလုံး ပျက်စီးသွားလိမ့်မယ် ” စုန့်ကျင်းဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် သူမက သာမန်ဓမ္မစောင့်ရှောက်သူလေးတစ်ယောက်အား လက်လှမ်းမမှီနိုင်သည့်သတင်းအချက်အလက်များအား ထုတ်ဖော်ပြောနေမိနေသည်။ ဤကဲ့သို့ကိစ္စရပ်များက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ထိပ်ပိုင်းခေါင်းဆောင်များသာ တိုင်ပင်ဆွေးနွေးကြသည်။

ပိုင်ရှောင်ချန်း၏ နှလုံးသားလေးမှာ တဒိန်းဒိန်းခုန်လျက်ရှိသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ ရောက်ရှိပြီးနောက် သူတို့မည်မျှအစွမ်းထက်ပြီးရက်စက်ကြမ်းကြုတ်မှုရှိကြောင်း သူ အလွန်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ရာ အကယ်၍ စစ်ဖြစ်ပွားခဲ့လျှင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း မှာ သူတို့အားယှဥ်နိုင်မည်မဟုတ်ပေ။ သူရင်းနှီးကျွမ်းဝင်သူများ၏ မျက်နှာတွေမှာ သွေးအလိမ်းလိမ်းဖြစ်နေပြီး သူတို့၏မျက်လုံးများ နောက်တစ်ကြိမ် မဖွင့်နိုင်တော့သည့်အခါ မည်သို့ဖြစ်နေမည့်အကြောင်းကိုသာ သူ စိတ်ကူးကြည့်နိုင်သည်။

” အဲဒီ စစ်ပွဲက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုဖျက်စီးနိုင်တဲ့ စစ်ပွဲတစ်ပွဲပေမယ့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုလည်း ကြီးမားတဲ့ ဆုံးရှုံးမှုကိုခံစားရစေမှာပဲ။ အမှန်တော့ ငါတို့တွေက ဒီလိုစစ်ပွဲမျိုးကိုမဖြစ်ချင်ကြပါဘူး။ တကယ်လို့ ငါတို့တွေသာ အဲ့တာကို ကြိုတင်တားဆီးနိုင်ခဲ့ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့အားအင်တွေကို ဆက်ထိန်းနိုင်သေးရင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုလည်း လွယ်လင့်တကူဖယ်ရှားဖျက်ဆီးနိုင်မှာပါ…။ ပြီးရင် ငါတို့တွေက ကုံမြစ်ဂိုဏ်းခွဲကို အနိုင်ယူဖို့ ခွန်အားတွေ ချွေတာဖို့အတွက်လည်း ယုံကြည်ချက် ရှိလာလိမ့်မယ် ”
ထိုအချိန်တွင် စုန့်ကျင်းဝမ်၏ မျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်များနှင့် တောက်ပလာသည်။

” ငါတို့စိတ်ပူနေတာက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ကုံမြစ်ဂိုဏ်းခွဲကို ဖယ်ရှားဖို့ခြေလှမ်းပြင်နေတုန်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ကုံမြစ်ဂိုဏ်းခွဲနဲ့ မဟာမိတ်ဖွဲ့လိုက်မှာကိုပဲ။ အဲ့လိုသာဖြစ်သွားခဲ့ရင် ငါတို့ဖယ်ရှားခံရဖို့ သေချာနေပြီ ”

” ဂိုဏ်းတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဆိုရက် ကတိပေးပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့မယ်ဆိုရင်တောင် ယုံကြည်စိတ်ချလို့မရဘူး ”

” ဒါကြောင့် ဆွေးနွေးမှုတွေအများကြီးလုပ်အပြီးမှာ ခေါင်းဆောင်တွေက သံတမန်ရေးရာတာဝန်အဖြစ် စေလွှတ်ဖို့ရွေးချယ်ခဲ့ကြတာ..။ တကယ်လို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကသာ သဘောတူရင် ငါတို့တွေက သူတို့ကို တိုက်ခိုက်မှာမဟုတ်တဲ့အကြောင်း ကတိပေးကြရမယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းလည်း အမြစ်ပြတ်အသုတ်သင်မခံရတော့သလို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလည်း ကြီးကြီးမားမား ဆုံးရှုံးတော့မှာ မဟုတ်တော့ဘူး ” စုန့်ကျင်းဝမ်၏နှုတ်ဖျားမှ ထွက်ပေါ်လာသည့် စကားလုံးများကို ကြားလိုက်တိုင်း ပိုင်ရှောင်ချန်း၏နှလုံးသားမှာ တုန်လှုပ်နေတော့သည်။ သူမျှော်လင့်ထားရသည့် အကောင်းဆုံးရလဒ်မှာ ဂိုဏ်းနှစ်ခုကြားတွင် မည်သည့်စစ်ပွဲမျှ ဖြစ်မလာခြင်းပင်။

” ဒါပေမဲ့ ဒီသဘောတူညီချက်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ကောင်းကင်မြစ်တံတားမှာရှိတဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့နေရာကို ကြီးမားတဲ့ မန္တန်အစီအရင်ကြီးချဖို့ပါတယ်။ အဲ့ဒီ မန္တန်အစီအရင်ကြီးက သူတို့ဂိုဏ်းကို နှစ်ပေါင်းထောင်နဲ့ချီပြီး ပိတ်လှောင်ထားလိမ့်မယ် ”

” အဲဒီ နှစ်ပေါင်းထောင်ချီအတွင်း ဂိုဏ်းထဲကို ဘယ်သူမဆိုဝင်သွားလို့ရပေမဲ့ ဘယ်သူမှပြန်မထွက်နိုင်ဘူး။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ဂိုဏ်းသားတွေက အရှေ့ဘက်သစ်တောဒေသကိုလည်း ထွက်နိုင်တော့မှာမဟုတ်ဘူး။ပြီးတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ကောင်းကင်တံတားမြစ်အပိုင်းကလည်း အတိုင်းအတာတစ်ခုအထိ ဖြုန်းတီးသလိုဖြစ်သွားမှာပဲ။ သူတို့ရဲ့ စိတ်စွမ်းအင်တွေလည်း အားနည်းလာကြလိမ့်မယ်။ ဒါပေမဲ့ နှစ်တစ်ထောင်ကာလတိုအတွင်းသာ ဖြစ်လိမ့်မယ်။ အဲဒီအချိန်မှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက အလယ်ပိုင်းဒေသကို ရောက်နေလောက်ပြီ။ အဲ့အချိန်ကျမှ ပိတ်လှောင်မှုကိုပယ်ဖျက်ပေးရမယ် ”

“အဲ့တာကမှ ငါတို့စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုယုံကြည်စိတ်ချနိုင်တဲ့ တစ်ခုတည်းသောအခြေအနေဖြစ်ပြီး ငါတို့နှစ်ဂိုဏ်းအကြား စစ်ဖြစ်ပွားတာကိုကာကွယ်ဖို့တစ်ခုတည်းသောနည်းလမ်းပဲ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တစ်ဦးမှမသေနိုင်သလို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကလည်း အဆင့်အသစ်တစ်ခုတက်သွားနိုင်မယ်လေ” စုန့်ကျင်းဝမ်က ပိုင်ရှောင်ချန်းအား အားလုံးကို ရှင်းပြပြီးလိုက်ပြီးနောက် မောပန်းလုနီးပါးဖြစ်သွားသည်။

ပိုင်ရှောင်ချန်း၏နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်မှုများနှင့်ပြည့်နှက်သွားလေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ထိုကဲ့သို့စကားလုံးများကို သဘောတူမည်မဟုတ်သည်ကို သူသိသည်။ နှစ်ပေါင်းထောင်ချီအောင် ပိတ်လှောင်ထားခြင်းမှာ အခြေခံအားဖြင့် အကျဥ်းချခံရခြင်းနှင့် တူညီနေသည်။ နှစ်ထောင်ချီကြာသွားပြီးချိန်တွင် အခြေအနေအားလုံးမှာ ပို၍ခက်ခဲသွားလိမ့်မည်။

သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ရှုထောင့်မှကြည့်လျှင် သူတို့ထံ၌ အခြားရွေးချယ်စရာများရှိမနေချေ။ သူတို့က စစ်ပွဲမဖြစ်ချင်ကြပေ။ သို့သော် ရိုးရှင်းသောကတိကဝတ်ပြုခြင်းနှင့် သဘောတူညီချက်များကိုလည်း ယုံကြည်နိုင်မည့် နည်းလမ်းမရှိပေ။ သူတို့က စွမ်းအားကြီးမားသော ချုပ်နှောင်ခြင်းကိုသာ ယုံကြည်လေသည်။

ပိုင်ရှောင်ချန်းမှာ အနည်းငယ်စိတ်ပျက်သွားလေသည်။ ၎င်းမှာ အလွန်ကြီးလေးသောကိစ္စဖြစ်သဖြင့် အသက်ရှူကြပ်နေသကဲ့သို့ သူခံစားလိုက်ရသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်များမှ မည်သို့ရွေးချယ်မည်ကို သူသေချာမသိပေ။ သူတို့ စစ်ကိုပဲ ရွေးချယ်ပါမည်လား။

စုန့်ကျင်းဝမ်က ပြုံးလိုက်လေသည်။
” ကဲပါ…အရမ်းကြီးစဥ်းစားမ ေနနဲ့တော့။ ခေါင်းဆောင်ကြီးတွေက အဲ့အရာတွေအားလုံးကို ကိုင်တွယ်နိုင်မှာပါ။ အဆုံးမှာတော့စစ်ဖြစ်ကိုဖြစ်လိမ့်မယ်။ ငါတို့ဘယ်သူ့ကိုတိုက်ခိုက်ရမှာလဲဆိုတာပဲ ဆုံးဖြတ်ရလိမ့်မယ် ”

အသေးအဖွဲကိစ္စများနှင့်ပတ်သက်၍ နည်းနည်းပါးပါး စကားပြောပြီးနောက်တွင် ပိုင်ရှောင်ချန်းမှာ စိတ်နှင့်လူ မကပ်ကြောင်း သူမ သိလိုက်သည်။ သို့သော် သူမ ဒေါသမထွက်ပေ။အမှန်တကယ်တော့ ထိုကဲ့သို့သတင်းမျိုးကို ကြားလိုက်ရသည့်အတွက် ယခုကဲ့သို့ပြုမူနေသည်မှာ သဘာဝကျသည်။

လွန်ခဲ့သောရက်အနည်းငယ်တုန်းက သတင်းအချက်အလက်များကို သူမ ကြားခဲ့ရပြီး ခါးသီးလှသောစစ်ပွဲ ရောက်လာတော့မည့်အကြောင်းကိုသိသွားပြီးနောက် သူမကိုယ်တိုင်လည်း အချိန်အတန်ကြာတုန်လှုပ်နေခဲ့သည်။

ထို့အတွက်ကြောင့် သူမက သူ့အားလွှတ်ထားပေးလိုက်သည်။

သို့သော်သူက လှည့်၍ထွက်ခွာသွားစဥ် စုန့်ကျင်းဝမ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်တူကာ ကပျာကယာ ပြောလိုက်လေသည်။

” အရင့်နေက ရွှယ်မေ့ လိမ်ပြောတာ…။ တချိန်လုံး ကျင့်ကြံနေတော့ ဘယ်တာအိုလက်တွဲဖော်ကိုမှ ငါ မရွေးချယ်ခဲ့ဖူးဘူး။ တကယ်တော့ တာအိုလက်တွဲဖော်တစ်ယောက်မှတောင် ငါမထားခဲ့ဖူးပါဘူး ”

မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သောအကြောင်းအရာကို ညမုဆိုးအား ရှင်းပြရန်လိုအပ်သည်ဟု သူမ ခံစားနေရကြောင်း သေချာမသိပေ။ သူမ၏နှုတ်မှထိုစကားများထွက်ပေါ်လာပြီးနောက် အလွန်တရာ ရဲတင်းပွင့်လင်းလှချေသည်ဟု တွေးမိကာ သူမ၏မျက်နှာလေးမှာ ချက်ချင်းနီရဲသွားသည်။

“ဟမ်…” ပိုင်ရှောင်ချန်းက နေရာတွင်ရပ်ကာ သူမအားလှည့်ကြည့်လာရင်း ရေရွတ်မိလိုက်သည်။ သူမ၏နီရဲေနသော ပါးပြင်လေးနှင့် ချစ်စရာကောင်းသော ပါးချိုင့်လေးနှစ်ဖက်ကို သူမြင်လိုက်ရသောအခါ စောစောကထက်ပင် သူမက ပိုမိုနှစ်လိုဖွယ်ကောင်းနေပေတော့သည်။

” နောက်ထပ်လှည့်ကွက်တစ်ခုပဲ ”
သူ၏ရင်ထဲမှာ သက်ပြင်းမောကိုကြိတ်၍ရှိုက်လိုက်ရင်း တွေးလိုက်မိသည်။ သူ၏ခေါင်းကို ဆတ်ခနဲလှည့်လိုက်ရင်း အင်မော်တယ်ဂူအတွင်းမှ မြန်မြန်ပြေးထွက်လာခဲ့ေလသည်။ သူမ၏အသွင်က လုံးဝပြောင်းလဲခဲ့ပြီးနောက်ပိုင်း သူမ အသုံးပြုခဲ့သော လှည့်ကွက်နှစ်ခုအကြောင်းကို သူတချိန်လုံးတွေးနေမိသည်။အမှန်တကယ်တော့ ထိုလှည့်ကွက်နှစ်ခုကို ခုခံနိုင်ရန် သူအားအင်ကင်းမဲ့လုနီးပါး ဖြစ်ခဲ့ရသည်။

အချိန်အတန်ကြာပြီးနောက် သူ၏အင်မော်တယ်ဂူထဲသို့ပြန်ရောက်သွားကာ တင်ပျဥ်ခွေထိုင်လျက် စုန့်ကျင်းဝမ် ပြောသမျှအရာအားလုံးကို စဥ်းစားနေသည်။ နောက်ဆုံးတွင်သူ သက်ပြင်းချလိုက်သည်။

” တခြားနည်းလမ်း လုံးဝ မရှိတော့ဘူးလား “


Comment

Leave a Reply

Options

not work with dark mode
Reset