Switch Mode

အခန်း ( ၂၁၁ )

တတ်လည်းတတ်နိုင်တဲ့ မြေခွေးမ

” အစ်မတော်… ရွှယ်မေ့ပြောတဲ့ကိစ္စကို ကျုပ် လက်မခံပါရစေနဲ့ဗျာ။ နည်းနည်းတောင် လက်မခံလိုက်ပါရစေနဲ့။ ကျုပ်နှလုံးသားထဲမှာ အစ်မက အင်မတန် သန့်ရှင်းစင်ကြယ်တဲ့ ကြာပန်းလေးတစ်ပွင့်ပါ။ ညစ်ညစ်ပတ်ပတ်ကိစ္စတွေက ယောင်လို့တောင်မှ မဖြစ်နိုင်တာပဲလေဗျာ။ အစ်မတော်က နတ်သက်ကြွေကျလာသလား ထင်မှားရတဲ့လူပါ။ ရွံစရာတွေနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး”

ပိုင်ရှောင်ချန်း၏ခံစားချက်များ ပြင်းထန်လာခြင်းနှင့်အတူ သူ့မျက်လုံးတွေထဲရှိ နာကျင်မှုအရိပ်အယောင်များက ပိုမိုကြီးထွားလာသည်။

” အစ်မတော်…ကျုပ်ရင်ဘတ်ကြီးထဲမှာ အစ်မကဘယ်လိုလူမျိုးလဲဆိုတာ ကျုပ်ကို ပြောခွင့်ပြုပါဗျာ။ အစ်မက ကျုပ် နေ့နေ့ညည အိပ်မက်ထဲထည့်မက်ရတဲ့သူမျိုးဗျ။ ကျုပ် ဝိညာဉ်နားခိုရာ၊ လုံခြုံမှု အရှိဆုံး အရိပ်အာဝါသ။ ပျောက်ကွယ်သွားမှာစိုးလို့ ကျုပ်တစ်ဘလုံးပုံအပ်ပြီး ကာကွယ်ပေးချင်နေရအောင် သန့်စင်မွန်မြတ်တဲ့ နတ်ဘုရားမလေးပါဗျာ ”

ပိုင်ရှောင်ချန်းသည် ဝမ်းနည်းယူကြုံးမရဖြစ်ကာ မျှော်လင့်ချက်များ ရိုက်ချိုးခံရခြင်းကြောင့် တဆတ်ဆတ် တုန်ခါနေသည်။ ရင်ထဲကပင်စူးစူးနစ်နစ်ခံစားမိနေသည်မှာ အရူးတစ်ယောက်အလား ဖြစ်နေပြီး အချိန်အကြာကြီးသာ ဖိနှိပ်ထားရပါက တကယ်ပင်ပေါက်ကွဲထွက်သွားလိမ့်မည်။

သူ ဝတ်ရုံကိုခါထုတ်ပစ်လိုက်သည်။ နောက်ထပ် သည်းမခံနိုင်တော့သည့်အလား ရက်စက် ကြမ်းကြုတ်ဟန် အငွေ့အသက်များ အနည်းငယ်မျှ ပေါ်ထွက်လာ၏။ သူ့အဖြစ်သည် အလောင်းတောင်ကြီး ကိုတက်ပြီး သွေးပင်လယ်ကိုဖြတ်ကျော်ထားရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသည်။ သူ၏ သံမဏိသွေးကြောများပင် ထောင်ထနေသည်။

“ကျုပ်…ညမုဆိုးရဲ့ဘဝမှာ လူဘယ်နှစ်ယောက်သတ်ပြီးပြီလဲဆိုတာ ရေတွက်လို့တောင် မရတော့ဘူး။ ကျုပ်က သူတို့ ဖြစ်စေချင်သလို ရက်စက်ကြမ်းကြုတ်နေပြီလေ။ လူသားဆန်မှုဆိုတာတွေ၊ ကျုပ်ရဲ့ ခံစားချက်တွေ၊ ကျုပ်ရဲ့ စိတ်အားထက်သန်ပြင်းပြမှုတွေ အကုန်လုံး ပျောက်ဆုံးနေခဲ့တယ်။ ကျုပ်က သွေးအေးအေးနဲ့ ရက်စက်ကြမ်းကြုတ်တာကလွဲပြီး ဘာမှမရှိတဲ့ အခွံသက်သက်ပဲ။ ဒါပေမဲ့ အဲဒီ မှောင်မည်းနေတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ အလင်းလေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ အဲဒီအလင်းလေးက မဟာအကြီးအကဲဆိုတဲ့ အစ်မကို စတွေ့လိုက်တဲ့အချိန်မှာပဲ ဖြစ်တည်လာခဲ့တာပါ ”

စုန့်ကျင်းဝမ်၏လှပေသာခန္ဓာကိုယ်လေးမှာ တုန်ခါသွားသည်။ သူမသည် ပိုင်ရှောင်ချန်း၏မျက်ဝန်းထဲမှ စိတ်ဓာတ်ကျမှုကို ငေးကြည့်ကာ ကြက်သေသေနေသည်။ သူအမြဲတမ်း တပ်မက်နေခဲ့ရသော သန့်ရှင်းစင်ကြယ်သည့် မိန်းမလှလေးက လုံးဝမထင်မှတ်ထားအောင် ပြောင်းလဲနေသည်ကို မြင်တွေ့လိုက်ရသည့်အလား နာကျင်ဝမ်းနည်းနေဟန်များ အထင်းသားပေါ်လွင်ကာ လျဲကျလုနီးပါးဖြစ်နေသည်။ သူ့ကမ္ဘာတစ်ခုလုံး ပြိုလဲသွားသည့်အလား ပိုင်ရှောင်ချန်း၏ စိတ်အစဉ်မှာ ကစဉ့်ကလျားဖြစ်နေချေသည်။

” ကျုပ်ရွေးခဲ့တာ အလယ်တောင်ထိပ်မဟုတ်ဘူးမဟာအကြီးအကဲ။ ကျုပ်က…. အစ်မကိုပဲ ရွေးခဲ့တာ ”

” အစ်မက ကျုပ်ကို တဏှာမျက်လုံးတွေနဲ့ပဲ ကြည့်နေတယ်လို့ပြောတယ်။ အဲ့တာ လုံးဝမှားတယ် အစ်မ။ ကျုပ်ဘယ်တုန်းကမှ အစ်မကို အဲ့လိုမကြည့်ဖူးဘူး။ အစ်မကို ကြည့်လိုက်တဲ့အချိန်တိုင်း ကျုပ် အမြဲတမ်းပဲ ကာကွယ်ပေးချင်နေခဲ့တာ……”

ထိုအခိုက်တွင် နီရဲနေသောသူ့မျက်ဝန်းများတွင် နာကျင်မှုတွေနှင့် ပြည့်လျှံလာသောကြောင့် ချုပ်တည်းမထားနိုင်တော့ဘဲ အော်ဟစ်ပစ်လိုက်သည်။

” မဟာအကြီးအကဲ…အခုကျုပ်ရှေ့မှာရပ်နေတဲ့လူက ကျုပ်သိတဲ့ မဟာအကြီးအကဲမဟုတ်ဘူးဗျ ”

” အဝတ်တွေ ပြန်ဝတ်လိုက်ပါဗျာ။ အစ်မရဲ့မျက်နှာထားကိုလည်းပြင်လိုက်ပါ။ ကျီစယ်နောက်ပြောင်တာတွေရပ်သင့်ပါပြီ။ ကျုပ်နှလုံးသားထဲမှာ နေရာယူထားတဲ့ အင်မတန် ဖြူစင်ပြီး ခြောက်ပစ်ကင်းသဲလဲစင်၊ ပြစ်မျိုးမှဲ့မထင် စုန့်ကျင်းဝမ်ကိုပဲ ကျုပ်မြင်ပါရစေ။ ကျုပ် ညမုဆိုး ဘဝနဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ချင်တဲ့ ကျုပ်ဘဝရဲ့ အလင်းရောင်လေးကို ပြန်ပေးပါလားဗျာ…”

ပိုင်ရှောင်ချန်း၏မျက်နှာမှာ ရှုံ့မဲ့နေပြီး ရူးသွပ်သွားတော့မည့်ဟန်ရှိသည်။ သူ၏ အော်ဟစ်ပြောြကားသံကတွေက အင်မော်တယ်ဂူတစ်ခုလုံး ပဲ့တင်ထပ်ကာ ရေပူစမ်းထဲရှိရေများပင် လှုပ်ခတ်ကုန်သည်။ ကြည့်ရသည်မှာ ခံစားချုပ်တည်းထားရသမျှကို စိတ်ထွက်ပေါက်ပေးလိုက်ဟန် ရှိသည်။

ပိုင်ရှောင်ချန်း၏အပြုအမူတွေကို ကြည့်ရှုကာ လူလိမ်ညမုဆိုးမှာ တုန်ခါနေသည်။ သူ၏စကားလုံးများက အင်မတန် လက်တွေ့ကျပြီး ခံစားချက်များမှာလည်း အလွန်တရာ စစ်မှန်ပီပြင်နေရာ သူမှင်တက်နေသည်။

ခဏကြာသည်အထိ အင်မော်တယ်ဂူတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ သို့သော် ထို့နောက် ပိုင်ရှောင်ချန်းက အက်ကွဲသောလေသံနှင့် တဟားဟားရယ်မောလိုက်သည်။ သူ၏ ရယ်သံတွင် စိတ်ပျက်နေဟန်များ၊ ဝမ်းနည်းယူကြုံးမရဖြစ်ဟန်များ ပါဝင်နေပြီး စုန့်ကျင်းဝမ်ကို မကြည့်တော့ဘဲ တစ်ဖက်သို့ လှည့်သွားသည်။

ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ခါနေသည်။
အမှန်တော့ ကြောက်၍ တုန်နေခြင်းဖြစ်၏။ အင်မော်တယ်ဂူအတွင်းထဲသို့ ခြေချလိုက်စဥ်ထဲက အေးစက်စက်အငွေ့အသက်များကို သူ ခံစားမိနေခဲ့ပြီး သူစီစဥ်ထားသမျှအရာအားလုံး ဖြစ်မြောက်လိမ့်မည်မဟုတ်ဟု နားလည်ထားခဲ့သည်။

ဖြစ်ပျက်လာသမျှကို ကြုံရာကျပန်း လက်တန်းဖြေရှင်းနေခြင်းဖြစ်၏။ ရေထဲမှ စုန့်ကျင်းဝမ် တက်လာသည့်အချိန်တည်းက အရာအားလုံး ပြီးဆုံးသွားစေခြင်းမရှိဘဲ သတိကြီးကြီးထားကာ ပြုမူရမည်ဖြစ်ကြောင်း သူသိထားခဲ့သည်။

” ဒီ ရွံစရာကောင်းတဲ့ ကြွက်စုတ်မက တော်တော်ကောက်ကျစ်တာပဲ ”

ပိုင်ရှောင်ချန်းသည် သေမင်း၏နှုတ်ခမ်းဝတွင် လျှောက်နေသည့်အလား ခံစားနေရသည်။ စုန့်ကျင်းဝမ်က ဤမျှ ရက်စက်ပြီးကြောက်စရာကောင်းလိမ့်မည်ဟု သူဘယ်လိုလုပ်တွေးဖူးလိမ့်မည်နည်း။ ပိုင်ရှောင်ချန်းသည် ခေါင်းဆောင်ကြီးများကပင် နှစ်သက်သဘောကျပြီး ဂိုဏ်းထဲတွင်ထင်ရှားကျော်ကြားသောသူ ဖြစ်သောကြောင့် ဤကဲ့သို့ နည်းဗျူဟာများကို သုံးရမည်ဖြစ်ကြောင်း သူမ သိထားခဲ့သည်။

” ပိုင်ရှောင်ချန်းဆိုတာက အရူးမှမဟုတ်တာ… ”
ပိုင်ရှောင်ချန်း တွေးနေသည်။
“ကြည့်ကြသေးတာပေါ့…ဒီမိန်းမ ဘာအကွက်တွေ ထုတ်သုံးဦးမလဲ ”

သတိကြီးကြီးထားလျက် ပိုင်ရှောင်ချန်းက စုန့်ကျင်းဝမ်၏ နောက်ရွှေ့မည့်အကွက်ကို စောင့်နေလိုက်သည်။

စုန့်ကျင်းဝမ်၏ခေါင်းတစ်ခုလုံး ချာချာလည်လျက်ရှိပြီး တဆတ်ဆတ်တုန်နေသည်ကိုပင် မြင်နေရသည်။ ပိုင်ရှောင်ချန်း၏ စကားလုံးများသည် သူမ၏ နှလုံးသားထဲသို့ ဓားပါးလေးများ လှီးဖြတ်နေသည့်အလား တဆစ်ဆစ် နာကျင်နေရသည်။ ယခုအခါ သူမက ပိုင်ရှောင်ချန်း၏ကျောပြင်ကို ရပ်ကြည့်နေရင်း သူက ပိုမိုအရပ်အရှည်လာကာ သူ့ ပုခုံးနှစ်ဖက်က ကောင်းကင်နှင့်မြေကြီးကို ထမ်းထားနိုင်သည့်အလား ထင်နေမိသည်။

သူမသည် ပြောစရာစကား ရှာမရအောင် ဖြစ်နေသည်။ ညမုဆိုးက သူမ၏နှလုံးသည်းပွတ်ကို ကိုင်လှုပ်လိုက်ပြီဖြစ်သည်။ တောင်တစ်လုံးလုံးပြိုကျပြီး သူမပေါ်တွင် ပိနေသည့်အလားခံစားနေရသည်။ စိတ်ထဲရှိအတားအဆီးများအားလုံး ပျက်စီးသွားပြီး သူမ၏ စိတ်အစဉ်က ဟာလာဟင်းလင်းဖြစ်သွားသည်။

သူမ၏လှိုက်ဖိုနိမ့်ဆင်းေနသော တလှပ်လှပ်ဖြစ်နေသည့်ရင်ဘတ်ကို ငြိမ်သက်သွားစေရန်အလို့ငှာ တိတ်ဆိတ်စွာသာ ရပ်နေမိသည်။ သူမ၏ မူလရည်ရွယ်ချက်မှာ ညမုဆိုး ကို အပြစ်ပေးရန် အကြောင်းပြချက်တစ်ခုရှာဖို့ဖြစ်သည်။ ပိုင်ရှောင်ချန်းကိုသာ သွေးအကျဉ်းထောင်ထဲတွင် ပိတ်ထားလိုက်နိုင်ပါက သတင်းများပေါက်ကြားခြင်းကို ရပ်တန့်နိုင်လိမ့်မည်ဟု တွက်ထားခြင်းဖြစ်သည်။ ထို့ပြင် ရွှယ်မေ့ကလည်း ပိုင်ရှောင်ချန်းကို သတ်နိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ယာက်စလုံးကို အနိုင်ရလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

မည်သူမဆို အကြည့် ရိုင်းသော ညမုဆိုးက သူမ၏ အပြုအမူများနှင့် ဝတ်ပုံစားပုံများအောက်တွင် ကျရှုံးလိမ့်မည်ဟု တွေးကြမည်သာ။ ပိုင်ရှောင်ချန်း၏ နောက်ဆုံးစကားလုံးဖြစ်သော စုန့်ကျင်းဝမ်အစစ်ကို ပြန်လာပေးပါ ဟူသည့်စကားလုံးက အထူးသဖြင့် သူမ၏စိတ်ကကို ယိမ်းယိုင်သွားစေသည်။ ထိုစကားလုံးေကြာင့် သူမ၏စိတ်ထဲ နင့်ခနဲခံစားသွားရပြီး သူ့ကိုကြည့်နေသော သူမ၏မျက်လုံးတွေက ရုတ်ချည်းပြောင်းလဲလာခဲ့သည်။

စုန့်ကျင်းဝမ် သက်ပြင်းရှည်ကြီးချလိုက်၏။ သူမ၏မျက်နှာထက်ရှိ သွေးဆောင်ဖျားယောင်းသော အပြုအမူများတဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပိုမိုလုံခြုံသော အဝတ်အထည်များကို ဆင်မြန်းလိုက်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။ ဆံပင်များကိုလည်း ပြုပြင်လိုက်ပြီး အနည်းငယ် ဆန့်ဆန့်ရံ့ရံ့ဖြစ်အောင်လုပ်လိုက်သည်။ ချက်ချင်းပင် သူမက လုံးဝပြောင်းလဲသွား၏။ ညှို့မြူကျီစယ်နေသော အသွင်မှ သိက္ခာရှိတည်ငြိမ်သောအသွင်အပြင်သို့ပြောင်းလဲသွားသောအခါ သူမက အလွန်အမင်း လှပတင့်တယ်သွားသည်။

အရင်တည်းက သူမသည် လွန်စွာအသက်ကြီးနေဟန်မရှိသော်လည်း သူမ၏ပုံစံမှာ အရင်တုံးကနှင့်နှိုင်းစာလျှင် လုံးဝကွဲပြားသွားခဲ့သည်။ သူမ၏ပင်ကိုယ်အလှတရားများ ထွက်ပေါ်လာရာ သူမကို ပိုမိုလှပအောင် ပြုလုပ်ပေးနေသကဲ့သို့ ဖြစ်နေတော့သည်။

သူမ၏အသားအရည်က နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေပြီး အမွှေးနံ့သာများ လိမ်းကျံထားခြင်းမရှိသည့်တိုင် နှင်းမှုန်များထက်ဝယ် တိမ် များရောင်ပြန်ဟပ်နေသကဲ့သို့ ဖြစ်သည်။ ဆံပင်များကိုခွေလိပ်ပြီး လှပသောနောက်တွဲဆံထုံးကိုထုံးလိုက်ကာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ သူမ၏အကြည့်က နက်ရှိုင်းသောပင်လယ်ရှိကြည်လင်နေသောရေပြင်ကဲ့သို့ တည်ကြည်လှသည်။

သူမ၏သွားလေးများက ပုလဲလုံးများသီထားသည့်အလား ဖြူဖွေးကာ ညီညာနေသည်။ နှုတ်ခမ်းလေးများက နှင်းဆီပန်းဖူးလေး ပွင့်အာလာသည့်အလား ဖူးဖူးလေးနှင့် နီမြန်းနေသည်။ သူမကိုကြည့်လိုက်မိသည့်မည်သူမဆို အလှနတ်ဘုရားမလေးအလား တွေးထင်သွားကြလိမ့်မည်။

” အခု မင်းလှည့်ကြည့်လို့ရပါပြီ ”
သူမက တိုးညင်းစွာပြောလိုက်၏။

သတိကြီးကြီးထားလျက် ပိုင်ရှောင်ချန်းက စိတ်ပျက်နေဟန်များ မျက်နှာတွင်ပေါ်လွင်စေကာ ဖြည်းညင်းစွာလှည့်လာသည်။ တချိန်တည်းမှာပင် စုန့်ကျင်းဝမ်ကိုမြင်လိုက်ရသည်နှင့် သူ၏ သံမဏိအကြောကြီးများထောင်ထလာသည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ သူ၏နှလုံးသည်းပွတ်ကို ကိုင်လှုပ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အရင်က ဟိုရှောင်မေ့၊ ကျိုးရှင်းကျီနှင့် သူလွမ်းနေခဲ့ရသော တုလင်ဖေးတို့ကဲ့သို့ မိန်းမလှလေးများကို တွေ့ ဖူးပါ၏။ သူတို့အားလုံးတွင် အလွန်သိမ်မွေ့လှပသောအလှတရားများရှိေသာ်လည်း စုန့်ကျင်းဝမ်ကဲ့သို့ ကျက်သရေရှိသည့် အလှမျိုးကား လွန်စွာရှားပါးလိမ့်မည်။

အရင်က ကလက်တက်တက် အသွင်မှ ယခု ခန့်ညားထည်ဝါသောအသွင်သို့ ပြောင်းလဲသွားခြင်းသည် ပိုင်ရှောင်ချန်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

သူမ၏အလှက အာရုဏ်ဦးတွင် အစွမ်းကုန်ပွင့်လန်းနေသော နှင်းဆီပန်းလေးအလား သန့်ရှင်းကြည်လင်သောအလှမျိုးဖြစ်သည်။ လုံးဝအံ့အားသင့်စရာ ကောင်းလှသည်။

ပိုင်ရှောင်ချန်းမှာ လုံးဝ အာစေးထည့်ခံထားရသည့်အလား ဖြစ်နေသော်လည်း သတိလျော့မသွားဘဲ ဆန့်ကျင်ဘက်အားဖြင့် သူက ပိုမိုသတိထားလာပြီး
” ဒီစုန့်ကျင်းဝမ်… သူ…သူက…တတ်လည်းတတ်နိုင်တဲ့မြေခွေးမပဲ ”

ပိုင်ရှောင်ချန်း၏ တုံပြန်မှုကိုမြင်ရသောအခါ စုန့်ကျင်းဝမ်က လက်နှင့်အုပ်ကာ ပြုံးလိုက်သည်။ သူ့ကို ကလူကျီစယ်သည့်အပြုအမူမျိုးမဟုတ်ဘဲ အင်မတန်ပင် ကျက်သရေရှိလှသည်။ သူမ၏အကြည့်ကြောင့် ပိုင်ရှောင်ချန်း၏ ရင်ခုန်သံမြန်လာရသည်။

” ဒီမိန်းမ ဘာတွေလုပ်နေတာတုန်း ”

သူတွေးလိုက်သည်။ သူ၏နှလံုးသားမှာမူ မြင်းဆယ်ကောင်ပြေးလွှားနေသည့်အလား တဒိန်းဒိန်းခုန်နေကော သူ၏ရင်ဘတ်ထဲမှ ပေါက်ထွက်သွားမည်ကိုပင် စိုးရိမ်နေမိသည်။ သူမက အဖွင့်နည်းဗျူဟာထက် ပိုမိုအစွမ်းထက်ဟန်ရှိသော နောက်ဆုံးနည်းဗျူဟာကို အသုံးချတာ ဖြစ်လိမ့်မည်။ သူမ၏တန်ပြန်လှည့်ကွက်ကို အချိန်မီအသုံးပြုနေတာ ဖြစ်လိမ့်မည်။ သူ့ကိုသတ်တော့မှာြဖစ်သည့်အတွက် ဤလှည့်ကွက်ကို ရွှေ့လိုက်ခြင်းများလား။

သူမက ကျက်သရေရှိစွာ ပြုံးလိုက်ရင်း သူ ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် လွန်စွာ လေးနက်သောလေသံဖြင့် ဆက်လက်ပြောကြားလိုက်သည်။

” ကဲ …မင်းနှလုံးသားထဲက စုန့်ကျင်းဝမ်ကို ပြန်ပေးလိုက်ပြီနော်…အခုပျော်ပြီလား ”

“ တကယ်တော့ မင်းကိုပြောစရာရှိလို့ခေါ်လိုက်တာ။ ပြန်ရင် အထုပ်ပြင်ထားလိုက်။ နက်ဖြန်ဝေလီဝေလင်းအချိန်ကျ အလယ်တောင်ခြေမှာတွေ့မယ်။ အစ်မနဲ့ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးတစ်ယောက်လိုက်လိမ့်မယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို သွားတဲ့အခါ မင်းကိုပါခေါ်သွားမယ်။ အဲဒီခေါင်းဆောင်ကြီးက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးရှစ်ယောက်ထဲက တစ်ယောက်ပဲ”

ပိုင်ရှောင်ချန်းသည် သူမထံမှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဟု ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးသွားကာ ရင်မှာလည်း ဗလောင်ဆူသွားသည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို သံတမန်တာဝန်နဲ့သွားရမှာလား ”

ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားသည်။ ညမုဆိုး အနေနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကိုပြန်သွားရမည်ဆိုသည်ကတော့ ပြောရလျှင် အနည်းငယ် ထူးဆန်းသည့်ကိစ္စတစ်ခုဖြစ်သည်။

စုန့်ကျင်းဝမ်က သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။

“ဘာလဲ… မလိုက်ချင်ဘူးလား။ အစကတော့ ခေါ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် မင်းကို
ကို ထားခဲ့ရင် အဲဒီမိန်းမပျက် ရွှယ်မေ့ကပြဿနာရှာလိမ့်မယ်။ အစ်မ မရှိရင် ကာကွယ်ပေးနိုင်မယ့်သူ ရှိမှာ မဟုတ်ဘူး။ အဲ့တာကြောင့် မင်းကို တစ်ခါထဲ ခေါ်သွားတာ ပိုကောင်းမယ် ”

” အဲ့မိန်းမပျက်ကိုတွေ့ရင် မောင်လေး သတိကြီးကြီးထားနော်။ အဲ့ကောင်မက ရက်စက်တယ်။ ပြီးတော့ မြေစီးကြောင်းဒီရေကိုးခုအထိလည်းရောက်ထားတယ်။ သူ့အဖေကလည်း ခေါင်းဆောင်ကြီးအတုမဲ့လေ။ သူကိုယ်တိုင်ကလည်း ခေါင်းဆောင်ကြီးနေရာကို ဆက်ခံဖို့ လျာထားခံရတာဆိုတော့ သူဖြစ်ချင်ပြီဆိုရင် မဖြစ်နိုင်တာမရှိဘူး ”

“အစ်မနဲ့ အဲ့မိန်းမက ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး။ သူ့ဂုဏ်ပုဒ်လောက်နဲ့ အလယ်တောင်ထိပ်ရဲ့ သွေးသခင်နေရာကိုခိုးနိုင်လိမ့်မယ်လို့ထင်နေတာ ”

“မျိုးဆက်တစ်ခုပြီးတစ်ခု သွေးသခင်လေးဦးကို ရွေးကြတယ်လေ။ အခုက
တခြားတောင်သုံးလုံးမှာ သွေးသခင်သုံးဦးကိုရွေးခြယ်ပြီးသွားပြီ။ အလယ်တောင်ထိပ်မှာသာ မရွေးရသေးတာ။ သွေးသခင်ဆိုတဲ့ဂုဏ်ပုဒ်က ဂိုဏ်းစောင့်အကြီးအကဲတွေ လိုပဲ တော်တော်လေးမြင့်တဲ့ အဆင့်အတန်းမျိုးလေ။ အမြုတေအဆင့်ကိုအောင်မြင်ပြီးသွားရင်တော့ သွေးအေးလူသတ်သမားဖြစ်သွားမယ်။ အဲ့နေရာက ခေါင်းဆောင်ကြီးတွေပြီးရင် ဒုတိယ အကြီးဆုံးနေရာပဲ။ အဲ့တာကြောင့် သွေးအေးလူသတ်သမားနေရာရောက်ဖို့ သွေးသခင်အရင်ဖြစ်ဖို့လိုတယ် ”

“အလယ်တောင်ထိပ်ရဲ့သွေးသခင်နေရာကို စုန့်မျိုးနွယ်စုကပဲ ရခဲ့တာ နှစ်ပေါင်းကို မနည်းတော့ဘူး။ ခုတော့ရွှယ်မေ့က ဒီရေကိုးခုအထိရောက်ခဲ့တာကို အကြောင်းပြပြီး အဲ့နေရာကို လုယူဖို့ကြံစည်နေတာလေ”

“တကယ်လို့ အစ်မသာ အဲဒီနေရာကိုမရခဲ့ရင်တော့ စုန့်မျိုးနွယ်စုက တော်တော်အင်အားနည်းသွားမှာ။ အဲ့လိုမျိုး လုံးဝအဖြစ်မခံနိုင်ဘူး”

စုန့်ကျင်းဝမ်က ရှင်းပြ၍ ပြီးသွားသောအခါ ပိုင်ရှောင်ချန်းကိုကြည့်လိုက်သည်။

ပိုင်ရှောင်ချန်း သက်ပြင်းချလိုက်သည်။ ထို့နောက် ခဏကြာ တွေးတောလိုက်ပြီးမေးလိုက်သည်။
“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဘာလို့မဖြစ်မနေသွားဖို့လိုတာလဲ ”

စုန့်ကျင်းဝမ်သည် ခဏမျှ ချီတုံချတုံဖြစ်သွားသည်။ ကိစ္စကိုအောင်မြင်ပြီးမြောက်မှု မရှိမချင်း သူမဆီက လျှို့ဝှက်ချက်ကို ပေါက်ကြားသွားသည်ဆိုသည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ သို့သော် ခဏကြာတွေးတောပြီးနောက် လက်ကိုဝှေ့ရမ်းလိုက်ပြီး ဂူ၏အကာအကွယ်မန္တန်ကို နှိုးဆွလိုက်သည်။ နှစ်ဦးတည်းသာ ကြားနိုင်ကြောင်း သေချာသွားသောအခါ သူမကစတင်ရှင်းပြလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset