Switch Mode

အခန်း ( ၂၁၀ )

မဟာအကြီးအကဲ...ကိုယ့်ကိုယ်ကိုယ်ထိန်းပါ

ပိုင်ရှောင်ချန်းမှာ သက်ပြင်းချကာ သူ၏အင်မော်တယ်ဂူလေးကို ငုံ့ကြည့်ပြီး လောကကြီးတွင် အသက်ရှင်နေထိုင်ရသည်ကို စိတ်ကုန်နေတော့သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ သူရောက်လာသည့်အချိန်မှစ၍ သူ၏အင်မော်တယ်ဂူနှစ်လုံးတိတိမှာ ပျက်စီးသွားပြီဖြစ်သည်။

” ဒီလူတွေက အရိုင်းအစိုင်းတွေပဲ။ စကားလေးတစ်ခွန်းမှားပြောမိတာနဲ့ အင်မော်တယ်ဂူကို ဖျက်စီးလိုက်ကြတယ်။” သူက ခေါင်းယမ်းကာ သွေးသစ်ပင်များကို ဒေါသတကြီး ကြည့်လိုက်တော့သည်။

ထိုသွေးသစ်ပင်များမှာ လုံးဝကို အသုံးမဝင်ပေ။ သူတို့မှာ ကြောက်ရွံ့နေကြသည့်အတွက် သတိလေးပင် မပေးခဲ့ကြချေ။ ယခု ပိုင်ရှောင်ချန်းက သူတို့ကို စိုက်ကြည့်နေသောအခါ သူတို့မှာ တဆတ်ဆတ်တုန်ရီနေကြပြီး မျက်နှာချိုသွေးရန် ပြင်နေကြတော့သည်။

ပိုင်ရှောင်ချန်းကမူ စိတ်ကြည်နေသည်မဟုတ်ပေ။ ထိုသစ်ပင်များကို ကောင်းကောင်းကြီးစိုက်ကြည့်ပြီးနောက် ဤသို့နောက်တစ်ခေါက်ထပ်ဖြစ်ပါက သူတို့ကို အမြစ်မှဆွဲနှုတ်ပစ်မည်ဖြစ်ကြောင်း သတိပေးလိုက်လေသည်။ ထိုသစ်ပင်များကမူ ကတုန်ကရီနှင့် နောင်တွင် ပို၍ကောင်းအောင်ကြိုးစားပါ့မည်ဟု ကတိပေးလိုက်သောအခါ ပိုင်ရှောင်ချန်းက ခွင့်လွှတ်ပေးလိုက်တော့သည်။

သူ့အင်မော်တယ်ဂူ၏ အပျက်အစီးများကို ရှင်းလင်းလိုက်ရသည်မှာ တစ်ညလုံးကုန်သွားတော့သည်။ အရုဏ်ချိန်ရောက်သော် သူက သူ၏ စိတ်စွမ်းအင်အချို့ကိုသုံးကာ ပြန်လည်ပြင်ဆင်မှုများပြုလုပ်လိုက်ပြီး တစ်နေကုန် အနားယူလိုက်တော့သည်။

သူ၏ အင်မော်တယ်ဂူထဲတွင် တင်ပျဥ်ခွေထိုင်နေရင်း ထိုအကြောင်းကိုပြန်တွေးမိလိုက်သောအခါ ရွှယ်မေ့မှာ သူ့ဆီသို့ ချက်ချင်းပြန်လာမည်မဟုတ်ကြောင်း ယူဆလိုက်လေသည်။ သူသာ တောင်ပေါ်တွင်ဆက်နေပါက အန္တရာယ်ရှိမည်မဟုတ်ချေ။

” ငါ အဲဒီ ထာဝရတည်မြဲခြင်းအမွေအနှစ်ကို ယူပြီးတဲ့အချိန်ထိပဲစောင့်။ အဲ့ကျမှ အဲ့ကလေးမ ရွှယ်မေ့ကို ကိုယ်ေတာ်ပိုင်ရဲ့အစွမ်းတွေထုတ်ပြအုံးမယ်။”
ပိုင်ရှောင်ချန်းမှာ အေးစက်စက် နှာမှုတ်နေတော့သည်။ ထို့နောက် သူကြားမိခဲ့သည့် လျှို့ဝှက်ချက်များစွာကို ပြန်တွေးမိသွားသဖြင့် ရုတ်တရက် စိတ်ပူသွားတော့သည်။

” ဘာမှတော့မဖြစ်လောက်ပါဘူး…” သူ့ကိုယ်သူ ဖြေသိမ့်နေတော့သည်။ သို့သော်လည်း သုံးရက်အကြာတွင် မဟာ အကြီးအကဲက ဂိုဏ်းသားတစ်ယောက်ကို ဆင့်ခေါ်ကာ အကြောင်းပြချက်မရှိပဲ ပြင်းထန်စွာ အပြစ်ပေးလိုက်သည့်သတင်းကို သူ ကြားလိုက်ရတော့သည်။ ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် တုန်လှုပ်ကာ စိုးရိမ်သွားတော့သည်။

သူသိသည်မှာ ထိုဂိုဏ်းသားသည် လျှို့ဝှက်ချက်အကုန်လုံးကို ကြားမိသွားသည့် အုပ်စုထဲတွင် ပါဝင်သည်ဆိုသော အချက်ပင်။

နောက်တစ်ရက်ကုန်သွားပြီးနောက် ရွှယ်မေ့ကို အမျက်တော်ရှစေမိသည့် ဂိုဏ်းသားတစ်ယောက်အကြောင်းကိုပါ ကြားလိုက်ရတော့သည်။ သူမက ထိုဂိုဏ်းသားကို သွေးအကျဥ်းထောင်သို့ ပစ်ထည့်ကာ အပြစ်ပေးလိုက်ကြောင်းကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အံ့အားသင့်နေပြီး အသက်ရှူသံများပင် မြန်လာတော့သည်။

” ငါတော့ ကိစ္စတုံးပြီပဲဟေ့။ သွားပါပြီကွာ။ အဲ့ဘွားတော်နှစ်ယောက်က လိုက်ပြီး နှုတ်ပိတ်နေကြတာပဲဟ။” ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည့် အကြောင်းများကို စိုးရိမ်တကြီးနှင့် စုံစမ်းနေတော့သည်။ ထိုအချိန်အတွင်း ရွှယ်မေ့၏ထောင်ချသည့်ပြစ်ဒဏ်ကိုခံလိုက်ရသည့် ဂိုဏ်းသားများနှင့် မဟာအကြီးအကဲ၏ အမိန့်အရ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသို့ သူလျှိုတာဝန် သွားရောက်ထမ်းဆောင်လိုက်ရသည့် ဂိုဏ်းသားများအကြောင်းကို သူက သိလိုက်ရတော့သည်။

မယုံကြည်နိုင်စရာ အကောင်းဆုံးမှာ မဟာအကြီးအကဲနှင့်တွေ့ဆုံရန် လက်ချောင်းအထက်ပိုင်းသို့ ဆင့်ခေါ်ခံလိုက်ရသည့် ဂိုဏ်းသားတစ်ယောက်မှာ ရုတ်တရက် အသတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။

” အဲ့ကောင်က တကယ့် ငကြောင်ပဲနေမှာ။”
ပိုင်ရှောင်ချန်းက ရင်တထိတ်ထိတ်နှင့် တွေးနေတော့သည်။ လျှို့ဝှက်ချက်များကို ကြားမိသွားသည့် ကျင့်ကြံသူများ၏ အဖြစ်ဆိုးများအကုန်လုံးကို ကြားသိပြီးနောက် ပိုင်ရှောင်ချန်းမှာ ကြောက်ကြောက်နှင့် တုန်လှုပ်နေတော့သည်။ သူက ထွက်ပြေးရန်ပင်ကြံလိုက်သေးသော်လည်း သတ္တိမရှိခဲ့ပေ။

” အဲ့အကြောင်းတွေကို ငါကြားလိုက်တာ ငါ့အပြစ်မှ မဟုတ်တာပဲကို။ အီး….” သူက ရွှယ်မေ့၏ အတိတ်ကို မသိချင်သလို စုန့်ကျင်းဝမ် တွဲခဲ့ဖူးသည့် လူအရေအတွက်ကိုလည်း စိတ်မဝင်စားပေ။

ရက်အနည်းငယ်ကုန်ဆုံးသွားပြီးနောက် အပြစ်ပေးခံရသူများအကြောင်းမှာ ထပ်မပေါ်လာတော့သဖြင့် ပိုင်ရှောင်ချန်းမှာ ရင်အေးသွားတော့သည်။

နောက်တစ်နေ့ သူက ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံနေစဥ် သူ၏အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ခေါင်းလှည့်ကြည့်လိုက်လေသည်။ သူ၏အင်မော်တယ်ဂူ၏ အပြင်ဘက်တွင် အေးစက်စက် အသံတစ်သံမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

” ညမုဆိုး ရေ။ မဟာအကြီးအကဲကြီးက မင်းနဲ့ တွေ့ချင်လို့တဲ့။”

ထိုစကားကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ နှလုံးခုန်ပင် ခဏမျှရပ်သွားတော့သည်။ သူက ကြောက်ကြောက်လန့်လန့် ကတုန်ကရီနှင့် တံခါးကို အနည်းငယ်မျှဖွင့်ကာ အပြင်ကလူကို ချောင်းကြည့်လိုက်လေသည်။

တဆတ်ဆတ်တုန်နေကြသည့် သွေးသစ်ပင်များ၏ အလွန်တွင် ရှုပ်ထွေးသော ရွှေရောင် အဆင်တန်ဆာများဖြင့် အလှဆင်ထားသော သွေးရောင်ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက်ရပ်နေသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားလေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ အငွေ့အသက်များအရ အခြေခိုင်မာခြင်း နောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်ကြောင်း သိနိုင်သည်။

သွေးရောင်ခြုံထည်ကြီးနှင့် ရွှေရောင်အဆင်တန်ဆာများကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းသည် ထိုသူမှာ မည်သူဖြစ်ကြောင်းကို တန်းသိသွားသည်။ သူက မဟာအကြီးအကဲပြီးလျှင် ရာထူးအကြီးဆုံးဖြစ်ပြီး ဓမ္မ စောင့်ရှောက်သူများနှင့် ပုံမှန်အကြီးအကဲများထက်ပင် လွန်စွာအဆင့်မြင့်လေသည်။ သူက သွေးစီးကြောင်းအကြီးအကဲတစ်ယောက်ဖြစ်လေသည်။

” သူ…သူ… ငါ့ကို နှုတ်ပိတ်ဖို့ရောက်လာတာများလား။”

တောင်ထိပ်တိုင်းမှာ ပုံမှန်အားဖြင့် သွေးစီးကြောင်းအကြီးအကဲ ဆယ်ယောက်ဝန်းကျင်ရှိကြပြီး သူတို့က မဟာအကြီးအကဲများနှင့် ပူးပေါင်းကာ ဂိုဏ်းတိုးတက်ရေးကို ဆောင်ရွက်ကြသည်။

ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ ဖြစ်နေတော့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များက အပြစ်ပေးခံခဲ့ရသည့် ဂိုဏ်းသားများအကြောင်းကိုပြန်တွေးမိသွားသဖြင့် စိုးရိမ်နေပြီး သူ၏မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖတ်ဖြူရော် ဖြစ်နေတော့သည်။

” ဘာလုပ်ရပါ့။ ငါဘာလုပ်ရမလဲကွာ။”

သွေးစီးကြောင်းအကြီးအကဲကြီးမှာ စိတ်မရှည်တော့၍ အော်ခေါ်လိုက်လေသည်။

” ညမုဆိုး ရေ။ ဘာတွေ အချိန်ဖြုန်းနေတာလဲကွ။ အသက်ရှူကြိမ် သုံးကြိမ်အတွင်း အပြင်ထွက်ခဲ့စမ်းကွာ။”

ပိုင်ရှောင်ချန်းကမူ ရှုံ့မဲ့မဲ့ မျက်နှာဖြင့် ခေတ္တမျှ တွန့်ဆုတ်သော်လည်း တခြားမည်သည့်အရာမှ သူ လုပ်၍ မရတော့ကြောင်း သိသွားတော့သည်။ အံကြိတ်ကာ သူက အင်မော်တယ်ဂူအပြင်ဘက်သို့ ထွက်လာလေသည်။ သွေးစီးကြောင်းအကြီးအကဲကြီးကမူ ပိုင်ရှောင်ချန်း၏ နှေးကွေးနေမှုကို သဘောမကျသည့်အလား သူ့ကို စိုက်ကြည့်နေတော့သည်။ ထို့နောက် သူက အေးစက်စက်နှာမှုတ်လိုက်ပြီး လက်ချောင်းအထက်ပိုင်းဆီသို့ ခေါ်သွားတော့သည်။

ပိုင်ရှောင်ချန်းကမူ ခေါင်းထဲတွင် ပြဿနာကို မည်သို့ဖြေရှင်းရမည်နည်းဟု အလောတကြီး တွေးတောကာ နောက်ကလိုက်သွားသည်။ သွေးစီးကြောင်းအကြီးအကဲနောက်သို့လိုက်ရင်း စုန့်ကျင်းဝမ်၏ အင်မော်တယ်ဂူနှင့် နီးနီးလာသောအခါ သူ၏ စိုးရိမ်မှုများက ပို၍ပင် ကြီးထွားလာတော့သည်။

မြေပြင်ကြီးမှာ ကျယ်ပြန့်လှပြီး သွေးရောင်နှင်းဆီပန်းများက ဖုံးလွှမ်းထားသဖြင့် လေထုထဲတွင် မွှေးရနံ့များမှာ သင်းကြိုင်နေတော့သည်။ ဤတစ်ဝိုက်တွင် သွေးရေတံခွန်ကိုးခုရှိပြီး သွေးကန်ကြီးတစ်ခုထဲသို့ စီးဝင်သွားကြသည်။ ကျောက်လမ်းလေးတစ်စင်းက ရေကန်ကြီးကိုဖြတ်၍ ရေတံခွန်များ၏ နောက်ဖက်ရှိနေရာများသို့ ပေါက်ရောက်လေသည်။ ထိုနေရာတွင် ထူးဆန်းသော အင်မော်တယ်ဂူကြီးတစ်လုံး ရှိသည်။

ရေတံခွန်များကို ဖြတ်ပြီးခါမှသာ နက်မှောင်နေသည့် အင်မော်တယ်ဂူ၏ တံခါးဝကိုမြင်တွေ့နိုင်မည်ဖြစ်သည်။ အစောင့်လေးယောက်မှာ တိတ်ဆိတ်စွာရပ်ရင်း တံခါးစောင့်နေသည်။ သွေးကန်ထဲရှိ ရေများထဲတွင် ထူးဆန်းသောငါးများစွာ ကူးခတ်နေသည်ကို မြင်နိုင်သည်။ ၎င်းတို့က ရေပေါ်သို့ ခုန်တက်လာပြီး ရေထဲပြန်ကျသွားသောအခါ ကြောက်မက်ဖွယ်သွားကြီးများနှင့် ဆူးချွန်များစွာပါသည့် ရေယက်များကို မြင်တွေ့ရမည်ဖြစ်သည်။

” အထဲဝင်။ မဟာ အကြီးအကဲက မင်းကို စောင့်နေတယ်။” သွေးစီးကြောင်းအကြီးအကဲကြီးက တည်ကြည်စွာ ပြောလိုက်ပြီး ဘေးနားတွင် တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။

ပိုင်ရှောင်ချန်းကမူ ဘေးဘီဝဲယာကို ရင်တထိတ်ထိတ်နှင့် ကြည့်နေတော့သည်။ ဤနေရာက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူ၏ နောက်ဆုံးပန်းတိုင်ဖြစ်ကြောင်းကိုတော့ သူက မမေ့သေးပေ။ ဤ အင်မော်တယ်ဂူ၏ အောက်တည့်တည့်တွင် ထာဝရတည်မြဲခြင်းအမွေအနှစ်ရှိသည် မဟုတ်ပါလော။

တဒိန်းဒိန်းခုန်နေသောရင်ဘတ်ကြီးဖြင့် သက်ပြင်းများအခါခါချကာ သူက လမ်းအတိုင်းလျှောက်သွားတော့သည်။ အဆုံးတွင် သူက ရေတံခွန်များကိုကျော်ဖြတ်ကာ တံခါးရှေ့သို့ ရောက်သွားတော့သည်။

အစောင့်လေးယောက်ကမူ သူ့ကို အေးတိအေးစက်ကြည့်လိုက်ကြသော်လည်း စကားတစ်ခွန်းမှ မပြောပေ။

ပိုင်ရှောင်ချန်းက အံကြိတ်လိုက်ပြီး ခေါင်းဆောင်ကြီးများက သူ့ကိုသိသည်ဖြစ်၍ စုန့်ကျင်းဝမ်သာ သူ့ကို တစ်ခုခုလုပ်ပါက သူတို့မှာ ဝင်တားမည်ဖြစ်ကြောင်း တွေးကာ အားတင်းလိုက်တော့သည်။ သူက သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းပညာရပ်ကို တတ်မြောက်ထားသည် မဟုတ်ပါလော။

သူက ချောင်းတစ်ချက်ဟန့်ကာ လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်လေသည်။

” ကျုပ်.. ညမုဆိုး အစ်မတော်စုန့်ကို နှုတ်ဆက်ပါတယ်။ ”

ထိုအခါ စုန့်ကျင်းဝမ်၏ အသံမှာ အင်မော်တယ်ဂူထဲမှ ထွက်လာသည်။

” ဝင်ခဲ့ ”

သူမ၏ အသံမှာ ယခင်ကလို နှစ်လိုဖွယ်ကောင်းပါသော်လည်း တစ်မျိုးတစ်ဖုံပင် ကြောက်စရာကောင်းနေပြန်သည်။ အခြားရွေးချယ်စရာမရှိတော့သဖြင့် သူက မာန်တင်းကာ တံခါးကိုတွန်းဖွင့်လိုက်ပြီး ဝင်သွားတော့သည်။

ထည်ဝါစွာ အလှဆင်ထားသည့် အင်မော်တယ်ဂူကြီးထဲသို့ ဝင်လိုက်သောအခါ မွှေးရနံ့သင်းသင်းလေးတစ်ခုကို သူ ရလိုက်လေသည်။ မျက်နှာကျက်တွင် တောက်ပနေသည့် ပုလဲလုံးလေးများကို ထည့်သွင်းထားပြီး ကြမ်းပြင်ကမူ ကျောက်မျက်ရတနာတစ်ခုအလား စိမ်းမြမြနှင့် တလက်လက်တောက်ပနေသည်။ သွေးချီများမှာလည်း အားကောင်းလှပြီး စိတ်စွမ်းအင်များလည်း ပေါကြွယ်ဝလွန်းလှသဖြင့် အရာရာတိုင်းမှာ မှုန်ဝါးဝါးဖြစ်နေတော့သည်။

အခန်းငယ်များမည်မျှပင်ရှိကြောင်းကို ရေတွက်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း အလယ်ရှိ ပင်မခန်းမကြီးတွင်မူ ရေပူစမ်းတစ်ခုရှိပြီး ရေနွေးငွေ့များက တထောင်းထောင်းထနေသည်။ ထိုရေပူစမ်းထဲတွင် မိန်းမတစ်ဦးမှာ လွင့်မျောနေပြီး ရေမျက်နှာပြင်အောက်ရှိ သူမ၏ ခန္ဓာကိုယ်ကို ခပ်ရေးရေးပင် မြင်နိုင်ပေသည်။ သူမက ရှေ့နှင့်နောက်သို့ ကူးခတ်နေသဖြင့် ရေသူမလေးတစ်ကောင်နှင့်ပင်တူနေပြီး သူမ၏ မို့မောက်ဖုထစ်နေသော ကောက်ကြောင်းအလှများမှာ အထင်းသားပေါ်လွင်နေရာ ပိုင်ရှောင်ချန်းမှာ ဘာပြောရမှန်း မသိလောက်အောင် ဖြစ်နေတော့သည်။

” မာယာများလိုက်တဲ့ မိန်းမ… ပိုင်ရှောင်ချန်းကို ဒီလို လာစမ်းလို့ရမလားကွ။ ငါ့ကို အရူးလုပ်ချင်တယ်ပေါ့။ ဒါထောင်ချောက်တစ်ခုဆိုတာ အသိသာကြီး။ ငါ မင်းကိုကြည့်မိရင် မင်းက အပြစ်လုပ်တယ်ဆိုပြီး စွပ်စွဲမှာ မသိဘူးများ မှတ်နေလား ” ပိုင်ရှောင်ချန်းသည် အံကိုတင်းတင်းကြိတ်ကာ ခေါင်းငုံ့နေပြီး သူမကို မကြည့်မိအောင် နေလိုက်တော့သည်။

” အထဲထိဝင်ခဲ့လေ။” စုန့်ကျင်းဝမ်က လှမ်းခေါ်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ ခေါင်းငုံ့လျက် ရေစပ်သို့ရောက်သည်အထိ လမ်းလျှောက်သွားလိုက်တော့သည်။ ထိုအချိန်တွင်မူ အောက်သို့ငုံ့ကြည့်လျှင် မသင့်တော်တော့သဖြင့် အပေါ်သို့မော့ကြည့်ကာ ခေါင်းပေါ်ရှိ တောက်ပနေသည့် ပုလဲလုံးများကို စိုက်ကြည့်နေလိုက်တော့သည်။ သူ၏မျက်စိထောင့်တွင်မူ သူမ၏ဖွံ ့ထွားသော ခန္ဓာကိုယ်ကို ခပ်ရေးရေး မြင်နေရသေးသည်။ သူ၏နှလံုးသားမှာ တဆတ်ဆတ်တုန်ခါနေပြီး ပရိယာယ်များလှသော မိန်းမကို ထပ်၍ ကျိန်ဆဲလိုက်ပြန်သည်။

စုန့်ကျင်းဝမ်ကမူ သူ၏အပြုအမူများကိုကြည့်ကာ နှစ်လိုဖွယ်ကောင်းစွာ တခစ်ခစ် ရယ်မောလိုက်လေသည်။ ထို့နောက် သူမက ရေစပ်သို့ကူးခတ်လာပြီး ကန်အပေါ်တက်လာသဖြင့် ရေစက်သံများကိုကြားလိုက်ရလေသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင် ရေချိုးဝတ်ရုံကို လွှမ်းခြုံလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ လျှောက်လှမ်းလာကာ သူမ၏ ကျောက်စိမ်းအလား ဖြူဖွေးေနသော လက်ချောင်းသွယ်သွယ်လေးများဖြင့် သူ၏မေးစေ့ကို ကိုင်လိုက်တော့သည်။

” ဘာလို့လဲ မောင်လေး ညမုဆိုး ရဲ့။ ဒီနေ့တော့ မမကို တပ်မက်တဲ့အကြည့်တွေနဲ့ မကြည့်တော့ပါလား။ ”
သူမ၏အသက်ရှူထုတ်လိုက်သည့်အငွေ့အသက်လေးက သစ်ခွပန်းရနံ့ကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်ချင်းမှာ နီးကပ်လွန်းလှသည့်အတွက် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးနေသည့် သူမ၏ အသားအရည်ကို အထင်းသားမြင်နေရတော့သည်။ ထိုမြင်ကွင်းမှာ ယစ်မူးဖွယ်ကောင်းလွန်းလှ၍ စကားလုံးများနှင့် ဖော်ပြရန်ပင် မဖြစ်နိုင်ချေ။ ဤအချိန်တွင် သူမကို ကြည့်မိလိုက်သူတိုင်းမှာ စကားမပြောနိုင်လောက်အောင် ဆွံ့အနေလိမ့်မည် ဖြစ်ပေသည်။

သူမ၏မျက်လုံးလေးတွေက နွေဦးမှာ ရွာသွန်းသည့် မိုးရေစက်များသဖွယ် ကြည်လင်တောက်ပနေပြီး အကြည့်များမှာ စူးရှကာ နှစ်လိုဖွယ်ကောင်းလှသည်။ ထိုမျက်ဝန်းထဲသို့ ကြည့်မိလိုက်သည့် ပုရိသတိုင်း စဥ်းစားဆင်ခြင်နိုင်စွမ်းများပျောက်ဆုံးကာ မျက်ဝန်းများထဲတွင်သာ တဝဲဝဲလည်လည်နှင့် လမ်းပျောက်နေမည့်အလား ထင်ရသည်။

စုန့်ကျင်းဝမ်က ရှေ့သို့ငုံ့လိုက်ပြီး ပိုင်ရှောင်ချန်း၏ နားရွက်ကို ညင်သာစွာ လေမှုတ်လိုက်သဖြင့် သူမ၏ အာငွေ့နွေးနွေးလေးများကြောင့် သူ့မှာ ရိုးတွင်းချဥ်ဆီအထိပင် စိမ့်တက်သွားရချေသည်။

သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့လုနီးပါး ဖြစ်လာ၏။ ထိုသို့ပြင်းထန်လှသည့် စေ့ဆော်မှုကြောင့် သူ့ အသက်ရှူသံများပင် မြန်လာတော့သည်။ ယခုတွင်မူ သူ၏မျက်လုံးများက လုံးဝကို နီမြန်းနေပြီဖြစ်သည်။ စုန့်ကျင်းဝမ်ကမူ ပြုံးနေပုံရသော်လည်း သူမ၏မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာဖွယ် အေးစက်စက်အရိပ်အယောင်တစ်ခု ကို မြင်နိုင်ပေသည်။ သူမက နောက်ထပ်စကားတစ်ခွန်းပြောရန် ပြင်လိုက်စဥ်မှာပဲ…

ပိုင်ရှောင်ချန်းက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး မျက်နှာကျက်ကိုမော့မကြည့်တော့ပဲ သူက သူမ၏ မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများမှာ နီမြန်းနေပြီး နာကျင်နေသည့်အလား မျက်နှာမှာ ရှုံ့မဲ့နေတော့သည်။

” မဟာအကြီးအကဲခင်ဗျား…ကိုယ့်သိက္ခာကိုယ် ထိန်းပါအုံး။ ”
သူ၏နှလုံးသားတစ်ခုလုံး ကွဲကြေသွားသည့်အလား သူ့မျက်လုံးတွေထဲမှာ စိတ်ပျက်နေဟန်များ အထင်းသားေပါ်လွင်လာ၏။ သူမြင်နေရသည်ကို လက်မခံနိုင်လုနီးပါး ဖြစ်နေသည်။ စကားပြောရန်ပြင်နေသည့် စုန့်ကျင်းဝမ်မှာ သူ့ကို ကြောင်ကြည့်နေပြီး သူမ၏မျက်ဝန်းထဲရှိ အေးစက်မှုများမှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

” မဟာအကြီးအကဲ…။ အစ်မသိလား…။ ကျုပ် နှလုံးသားထဲမှာ အစ်မက ကောင်းကင်ယံမှာ ထိန်ထိန်သာနေတဲ့ သော်တာလမင်းကြီးလို သန့်ရှင်းကြည်လင်ပြီး အင်မတန်မှ ချောမောလှပလွန်းလို့ မိန်းမပျိုတွေက အဝေးကြီးကနေ လှမ်းမြင်ရရင်တာတောင် မနာလိုနေရတဲ့ လူတစ်ယောက်ပါဗျာ ”
သူက လွန်စွာနာကျည်းနေသည့် ပုံစံဖြင့်ဆိုလိုက်လေသည်။ သူ၏ လေသံမှာ ပျော့ပြောင်းသော်လည်း အင်မော်တယ်ဂူတစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset